လင်မယားတွေ၊ သမီးရည်းစားတွေမြဲမမြဲ လေ့လာတဲ့ စမ်းသပ်မှုတစ်ခုရှိခဲ့ပါတယ်။ တော်တော်များများက ၂၀ ကျော်အရွယ်တွေပါ။ စမ်းသပ်တဲ့သူက သူတို့တစ်တွဲစီကို အခန်းတစ်ခုထဲ ခေါ်ပြီးထိုင်ခိုင်းထားပါတယ်။
သူတို့ရဲ့ လက်တွေ၊ နားတွေမှာ နှလုံးခုန်နှုန်း၊ ချွေးထွက်နှုန်း၊ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတဲ့ Sensor တွေတပ်ပေးထားပါတယ်။ သူတို့ထိုင်တဲ့ထိုင်ခုံအောက်မှာလည်း ခန္ဓာကိုယ်ဘယ်လောက် လှုပ်ရှားမှုရှိသလဲဆိုတာကို တိုင်းတာတဲ့ Sensor တစ်ခုကိုလည်း တပ်ထားပါတယ်။ ဒါ့အပြင် တစ်ယောက်စီကို ကင်မရာတစ်လုံးစီနဲ့ ချိန်ထားပြီး ပြောသမျှကို မှတ်တမ်းတင်ထားပါတယ်။

သူတို့ရဲ့ ပြဿနာတွေကို ၁၅ မိနစ်လောက် ဆွေးနွေးပါဆိုပြီးတော့ ၂ယောက်ထဲထားခဲ့ပါတယ်။ ပညာရှင်က သူတို့ပြောတဲ့စကားတွေကို ၁၅ မိနစ်ပဲ နားထောင်ကြည့်ပြီး နောက် ၁၅ နှစ်နေရင် ဒီအတွဲဟာ ဆက်ပြီးတွဲနေဦးမလား… ကွဲသွားမလား… ဆိုတာ ပြောနိုင်ပါတယ်။

စဉ်းစားကြည့်ရင် မဖြစ်နိုင်သလိုပါပဲ။ အိမ်ထောင်ရေး၊ အချစ်ရေးက ရှုပ်ထွေးပါတယ်။ Factor တွေအများကြီးကို ထည့်စဉ်းစားရပါတယ်။
အဲ့တော့ ၁၅ မိနစ် Video ကြည့်ပီး ကွဲမလား၊ တွဲမလား ဆုံးဖြတ်တာဟာ တော်တော်ကို မဖြစ်နိုင်တာပါ။ စမ်းသပ်သူက စုံတွဲပေါင်း ၁၀၀၀ ကျော်ကို ခေါ်ပြီးစမ်းသပ်ခဲ့ပါတယ်။
သူ့ရဲ့ခန့်မှန်းမှုက ၉၀% ထိမှန်ကန်ပါတယ်။ ၁နာရီတိတိနားထောင်ခွင့်ရရင် သူ့ရဲ့မှန်ကန်မှုက ၉၅% ရှိပါတယ်။ ဒီတော့ သူ ရမ်းတုတ်နေတာ မဟုတ်နိုင်တော့ပါဘူး။
သူ့သုံးတဲ့နည်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အတွဲတွေကို Category အမျိုး ၂၀ လောက်ခွဲလိုက်တာပါ။ ဥပမာ အခန့်လေးစားလုပ်ခြင်း (Contempt) ၊ ဒေါသထွက်ခြင်း (Anger) ၊ အထိမခံခြင်း (Defensiveness) ၊ ငြီးတွားခြင်း (Whining) ၊ ဝမ်းနည်းခြင်း (Sadness) စသဖြင့် အမျိုး ၂၀ လောက်ခွဲထားလိုက်တာပါ။ ပညာရှင်က လူတွေရဲ့ Expression တွေကို ဖတ်ပြီးတော့ ဆုံးဖြတ်ပါတယ်။ (လူတွေရဲ့ Body Language ကိုဖတ်လို့ရတဲ့ အကြောင်း နောက်တော့ရေးပါဦးမယ်)

အဲ့တော့ ၁၅ မိနစ်စာ Video ကိုကြည့်ပြီးတာနဲ့ ဖြစ်ပေါ်ခဲ့တဲ့ Expression တွေအကုန်လုံးကို ချရေးထားလိုက်ပါတယ်။ အဲ့လိုဖတ်ရုံတင်မကဘဲ နှလုံးခုန်နှုန်း၊ ချွေးထွက်နှုန်းတွေနဲ့ ပေါင်းလိုက်တဲ့အခါ တော်တော်တိကျတဲ့ Data တွေရလာပါတယ်။
သူတို့ Analyze လုပ်တဲ့ Conversation တစ်ခုကို ဥပမာအနေနဲ့ ပြောပြချင်ပါတယ်။
ကောင်လေးက ခွေးမမွေးချင်ပါဘူး။ ကောင်မလေးက ခွေးမွေးချင်ပါတယ်။ ဒါပေမယ့် ကောင်လေးက ဒေါသမပါဘဲ စကားကို စလိုက်ပါတယ်။
“ခွေးမွေးရတာ အလုပ်ရှုပ်တယ်ကွာ… သူ့ကိုလိုက်ပြီးဂရုစိုက်နေရမှာ”
“အလုပ်ရှုပ်ပေမယ့် ချစ်စရာကောင်းတယ်လေ”
“ဟုတ်ပါတယ်… ဒါပေမယ့် ဂရုစိုက်ရမှာ အလုပ်မပိုဘူးလား”

ဒီတော့ ကောင်လေးက “ဟုတ်ပါတယ်… ဒါပေမယ့်” လို့ပြောတာဟာ ကောင်မလေးရဲ့ အမြင်ကို လက်ခံတယ်လို့ ပညာရှင်က မယူဆပါဘူး။ ဒါဟာ ကြည့်ကောင်းအောင် စကားအလှဆင်နေတာလို့ပဲ ယူဆပါတယ်။ ဒီတော့ Defensive ဖြစ်တဲ့ Category ထဲကိုထည့်လိုက်ပါတယ်။
အဲ့လိုနဲ့ စကားဆက်ပြောကြရင်း ကောင်မလေးက ကောင်လေးကို မျက်လုံးလှန်ကြည့်ပါတယ်။ အောက်ကပုံလိုမျိုးလုပ်တာကို ပြောချင်တာပါ။

ဒါဟာ စက္ကန့်ပိုင်းလေးပါပဲ။ ဒါပေမယ့် ဒီလိုလုပ်တာဟာ မထီလေးစားလုပ်ခြင်း (Contempt) ကိုပြတယ်လို့ ပညာရှင်က သတ်မှတ်ပါတယ်။
အခုပြောနေတာတွေ အကုန်လုံးက ၁မိနစ်စာလောက်ပဲရှိပါသေးတယ်။ ဒီအတွဲက အပေါ်ယံကြည့်ရင် ရန်ဖြစ်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် ပညာရှင်ကတော့ မသိမသာ ရန်ဖြစ်နေတယ်လို့ သတ်မှတ်ပါတယ်။
လက်ထပ်ထားတာ မကြာသေးတဲ့အတွဲတွေမှာ ခုလိုမျိုး ငြင်းခုန်နေရပြီဆိုကတည်းက ရေရှည်မှာမမြဲဘူးလို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။ အထူးသဖြင့် မထီလေးစားလုပ်ခြင်း (Contempt) ကိုပြတဲ့ အမူအယာကို မြင်နေရတာဟာ Red Flag ပါပဲ။ ဒီ Case မှာတော့ ကောင်မလေးက လိုက်လျောညီထွေမနေတတ်တာဟာ အပြစ်ပဲလို့ ဆိုပါတယ်။
အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုရင် Positive Emotion တွေက Negative Emotion တွေထက် ၅ဆလောက် ပိုများနေရမယ်လို့ သူ့ရဲ့လေ့လာမှုအရ ဆိုပါတယ်။

ဒါကို Thin-Slicing လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ရှည်ရှည်ဝေးဝေး ရှုပ်ရှုပ်ထွေးထွေးတွေ မစဉ်းစားဘဲ ရှိတဲ့ Data နဲ့ Interpret လုပ်လိုက်တာမျိုးပေါ့။ ဒါတွေကို မသိစိတ်ကလုပ်နေတာပါ။ လူတိုင်းဟာ ဒီလိုမျိုး မလုပ်နိုင်ပေမယ့် မသိစိတ်ကို ပျိုးထောင်ကြည့်လို့ရပါတယ်။

ပညာရပ်တစ်ခုကို ကာလကြာရှည် လေ့လာခဲ့တဲ့အခါ ကိုယ့်ရဲ့စိတ်ထဲမှာ ထင်တဲ့အရာတွေဟာ မှန်ကန်နေတတ်တာမျိုးပေါ့။ ဥပမာ ဆရာဝန်ကြီးတွေဆို အတွေ့အကြုံများတဲ့အတွက် ရောဂါလက္ခဏာ မထင်မရှားတစ်ခုနဲ့ လာရင်တောင် ဘာရောဂါဖြစ်နိုင်မလဲဆိုတာ သိနေသလိုပေ့ါ။
World War 2 တုန်းကလည်း ဂျာမန်တွေအချင်းချင်းပို့တဲ့ Morse Code ကို British တွေက ကြားဖြတ်နားထောင်ခဲ့ဖူးပါတယ်။ သူတို့အချင်းချင်းဘဲသိတဲ့ Code ကို Morse Code နဲ့ကြားခံပြီး ပို့ကြတာပါ။ ဒီတော့ Morse Code ကိုနားလည်ပေမယ့် အစပိုင်းမှာ ဘာမှနားမလည်ပါဘူး။

ဒါပေမယ့် နားထောင်ပါများလာတဲ့အခါ ဘယ်သူက ပို့နေလဲဆိုတာ သိလာရပါတယ်။ ပြောချင်တာက သူတို့ရဲ့ Unit မှာ Morse Code ပို့တဲ့သူ ဘယ်နှယောက်ရှိလဲဆိုတာ သိလာတာမျိုးပါ။
ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် အဖြတ်အတောက်၊ လက်ဆလက်န ကွာလို့ပါ။ အဲ့တော့ Code ကိုမဖော်နိုင်ပေမယ့် ဘယ်အဖွဲ့ကပို့နေတာလဲ၊ ပို့တဲ့သူရဲ့ Personality ဘယ်လိုရှိလဲဆိုတာကို မှတ်တမ်းတင်ထားပါတယ်။ (တော်တော်ကို စည်းစနစ်ကျတဲ့ British တွေပါ)

ဘယ်သူကပို့လဲဆိုတာ ရုပ်မြင်ပြီး သိတာမဟုတ်ပါဘူး။ သူတို့ရဲ့ လက်အသုံးပြုတဲ့အသံ၊ အဖြတ်အတောက်ပေါ်မူတည်ပြီး ကိုယ့်ဘာသာပဲ မောင်မြ၊ မောင်လှ စသဖြင့် ခွဲထားလိုက်တာပါ။ အဲ့ဒီတော့ ပို့တဲ့လူ ဘယ်ဒေသရောက်ရောက် သူ့ကို နားထောင်နေကြလူက အခြားလူတွေရဲ့ အသံတွေကြားထဲကနေ မှန်မှန်ကန်ကန် ခွဲခြားနိုင်ပါတယ်။
ဒါကို သွယ်ဝိုက်တဲ့နည်းနဲ့ British တွေက အသုံးချခဲ့ပါတယ်။ ဥပမာ Morse Code ပို့တဲ့ မောင်မြဟာ နေ့တိုင်း ၁၂ နာရီမှာ ပို့တယ်ဆိုပါစို့။ တိုက်ပွဲကြီးကြီးတစ်ခု ဖြစ်ပြီးတဲ့အခါ သူက ၁၂ နာရီမှာတစ်ခါ၊ ၃နာရီမှာ တစ်ခါ၊ ည ၁၀ နာရီမှာတစ်ခါ ပို့နေပြီဆိုရင် သူတို့ Unit က အလုပ်တော်တော်ရှုပ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါဆိုရင် စစ်ပြင်နေတာများလားဆိုပြီး အဲ့ဒီ Unit နားမှာရှိတဲ့ ကိုယ့်ရဲ့တပ်တွေကို သတင်းပေးထားလို့ရပါတယ်။
အသံကြားရုံနဲ့ ဘယ်သူပို့နေလဲဆိုပြီး ခွဲခြားနိုင်တာဟာ တော်တော်ထူးဆန်းပါတယ်။

ဒါတွေဟာ မသိစိတ်ရဲ့ စွမ်းဆောင်မှုတွေပါပဲ။
အပေါ်မှာပြောခဲ့တဲ့ အတွဲတွေရဲ့စမ်းသပ်ချက်မှာဆိုရင် ပညာရှင်က တစ်ဆင့်တက်ပြီး နောက်တစ်ခုကို ခန့်မှန်းပြပါတယ်။ မထီလေးစားခြင်းတွေ ပါလာရင် တစ်ဖက်လူမှာ ဘယ်လောက်အအေးမိမလဲ ဆိုတာကို ခန့်မှန်းလိုက်တာပါ။ ပြောချင်တာက Stress များလွန်းလို့ ကိုယ်ခံအားကျပြီး အအေးခဏခဏမိတာပါ။ ဒါလည်း မှန်နေတာပါပဲ။

အဲ့ဒီတော့ ကိုယ့်ရဲ့ အထင်တစ်ခုနဲ့ ဆုံးဖြတ်ချက်တွေချတာဟာလည်း တခါတခါမှန်နေတတ်ပါတယ်။ ပညာရပ်တစ်ခုမှာ ကျွမ်းကျင်လာလေလေ အထင်နဲ့ဆုံးဖြတ်တာဟာ မှန်တတ်လေလေပါပဲ။ ကိုယ်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာများလာလို့ တစ်ဖက်လူရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တာဟာလည်း ဒီသဘောပါပဲ။
ဒီတော့ ကိုယ့်စိတ်ကို အထင်တော့မသေးစေလိုပါဘူး။ ခုလို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုတာ ခက်ခဲပေမယ့် စိတ်က လုပ်နိုင်ပါတယ်။ ကားမမောင်းတတ်ခင်မှာ အရာရာကို သိစိတ်နဲ့ထိန်းချုပ်ရပေမယ့် ကျွမ်းကျင်သွားတဲ့အခါ မသိစိတ်နဲ့ပဲ လွှတ်ထားလို့ရသွားပါတယ်။
ဒါကြောင့် ပညာရပ်တစ်ခုကို ဒီလိုမျိုး ကျွမ်းကျင်လာတဲ့အထိ Second Nature လို ဖြစ်လာအောင် ကြိုးစားလေ့လာသင့်ပါတယ်ခင်ဗျာ။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။