အရင်တစ်ခါက မျှော်လင့်ခြင်းတွေအကြောင်းရေးခဲ့ဖူးပါတယ်။ အဲ့မှာရေးခဲ့တဲ့အမြင်က Negative ဆန်ပါတယ်။ အခု ကောင်းကျိုးလေးတွေကို ပြောပြချင်ပါတယ်။
မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?
https://ouo.io/YIf8RRZ
ကိုယ့်တက္ကသိုလ်မှာ ကန်ကြတဲ့ ဘော်လုံးပွဲတွေ ကြည့်ဖူးကြမှာပါ။ တစ်နှစ်တစ်ခါကန်တဲ့ ကျောင်းပေါင်းစုံ ဘော်လုံးပြိုင်ပွဲတွေကိုလည်း သွားပြီးအားပေးဖူးကြမှာပါ။
နှစ်ဖက်ပရိသတ်အချင်းချင်း ရန်ဖြစ်တာတွေ၊ အော်ကြဟစ်ကြတာတွေကို ခဏခဏမြင်နေရလို့ ရိုးတောင်နေပါပြီ။
ဒါ့အပြင် ပွဲတိုင်းလိုလိုမှာ ဒိုင်လူကြီးက ဘက်လိုက်တယ်ဆိုပြီး တစ်ဖက်ပရိသတ်ကဖြစ်ဖြစ်၊ ကိုယ့်ကျောင်းကလူတွေကပဲဖြစ်ဖြစ် ပြောတတ်ပါတယ်။

အဲ့ဒီတုန်းကတော့ ဒိုင်ကတကယ်ပဲ ဘက်လိုက်နေတာလို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်ပရိသတ်တွေကတော့ ဘက်လိုက်တယ်လို့ မမြင်ပါဘူး။
ပွဲတစ်ခုကို တူတူကြည့်နေကြပေမယ့် နှစ်ဖက်ပရိသတ်ရဲ့အမြင်ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဖြစ်ရပ်တစ်ခုကို လူ ၂ယောက်က တူတူမြင်လိုက်ပေမယ့် Interpret လုပ်တဲ့အခါ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။
အဲ့ဒီတော့ ဘက်တစ်ခုခုကိုရွေးလိုက်ရင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှာ မြူတွေဆိုင်းသွားလား သိဖို့လိုလာပါတယ်။ မျှော်လင့်ချက်တွေဟာ နေ့စဉ်ဘဝမှာ ဘယ်လောက်အရေးပါလဲ မေးခွန်းထုတ်သင့်ပါတယ်။

ဒါကို စမ်းသပ်ထားတာရှိပါတယ်။ တက္ကသိုလ် ကျောင်းသားတွေကို ဘီယာတိုက်ပြီး စမ်းတာပါ။ တစ်ခုက သာမန်ဘီယာပေမယ့် နောက်တစ်ခုကတော့ ဘီယာထဲကို ရှာလကာရည်ရောထားတာပါ။
ပထမ တစ်အုပ်စုကို ဘယ်ဘီယာက ဘယ်လိုဆိုတာ မရှင်းပြဘဲ သောက်ခိုင်းကြည့်ပြီး ဘယ်ဟာကို ပိုကြိုက်လဲ မေးကြည့်ပါတယ်။ တော်တော်များများက ရှာလကာရည်ရောထားကို ပိုသဘောကျကြပါတယ်။
နောက်တစ်အုပ်စုကိုတော့ ဒီဘီယာမှာ ရှာလကာရည်ရောထားကြောင်း ပြောတဲ့အခါ တော်တော်များများက ရှာလကာရည်မပါတဲ့ ရိုးရိုးဘီယာကိုရွေးသွားကြပါတယ်။

အဲ့ဒီတော့ ကြိုသိထားရင် Feel ကျဲကုန်ကြတဲ့သဘောပေါ့။ သူတို့ကြုံရမယ့်ကိစ္စတစ်ခုဟာ မကောင်းဘူးလို့ လူတွေကိုကြိုပြောထားရင် တကယ်ကြုံလာတဲ့အခါမှာလည်း မကောင်းဘူးလို့ ထင်သွားတတ်ကြတယ်။
အဲ့ဒါကြောင့် ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ဂုဏ်သတင်းကောင်းနေဖို့ အရေးကြီးတာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုမသိသေးပေမယ့် ကိုယ့်သတင်းတွေဟာ ကောင်းမနေဘူးဆိုရင် ကိုယ်နဲ့ဆက်ဆံတဲ့အခါမှာ ကောင်းတယ်လို့ မြင်ဖို့ခက်သွားပါတယ်။
ကောင်းမယ်လို့ ကြိုတွေးထားရင် ကောင်းတယ်လို့ခံစားရပြီး ဆိုးမယ်လို့ကြိုတွေးထားရင် ဆိုးတယ်လို့ ခံစားရတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အမြင်တွေ (Perspectives) ပြောင်းလဲသွားတာလား? ဒါမှမဟုတ် အတွေ့အကြုံတွေ (Experience) အမှန်တကယ်ပဲ ပြောင်းလဲသွားတာလား?

ဒါကိုစမ်းသပ်ဖို့အတွက် ဘီယာစမ်းသပ်ချက်ကို ထပ်ပြီးကွန့်လိုက်ပါတယ်။ ရှာလကာရည်ထည့်ထားကြောင်း ကြိုမပြောဘဲ သောက်ပြီးတဲ့အခါမှ ပြောလိုက်ပါတယ်။ ပြီးတော့မှ သူတို့ကြိုက်လား၊ မကြိုက်ဘူးလားဆိုတာကို မေးကြည့်ပါတယ်။
ဒီလိုမေးတာက သတင်းအချက်အလက်တစ်ခုဟာ လူတွေကို Inform လုပ်ရုံပဲလားဆိုတာ သိချင်တာပါ။ တကယ်သာ Inform လုပ်ရုံပဲဆိုရင် ရှာလကာရည်ခပ်ထားတယ်လို့ မသောက်ခင်ပြောပြော၊ သောက်ပြီးမှ ပြောပြော မပြောင်းလဲသင့်ပါဘူး။ သောက်ပြီးမှပြောလည်း မကြိုက်ဘူးလို့ ဖြေသင့်တာပေါ့။ ဟုတ်တယ်မလား?
အဲ့လိုမဟုတ်ဘဲ သတင်းအချက်အလက်တစ်ခုဟာ လူတစ်ယောက်ရဲ့ Sensory Perception တွေကို သူတို့ရဲ့အသိဉာဏ်နဲ့ ကိုက်ညီအောင် လိုက်ပြောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါဆိုရင် သောက်ပြီးမှ ရှာလကာရည်ပါကြောင်းပြောပြတဲ့အခါ မကြိုက်ဘူးလို့ ဖြေမှာမဟုတ်တော့ပါဘူး။

ကျောင်းသားတွေကတော့ သောက်ပြီးမှ ဒီအကြောင်းကိုသိတဲ့အခါ သူတို့ရဲ့အမြင်တွေပြောင်းမသွားတော့ပါဘူး။ “ကောင်းသားပဲ” လို့သိတဲ့ Sensory Perception ကို ရှာလကာရည်ခပ်ထားတယ်လို့ ပြောတဲ့ Knowledge က မလွှမ်းမိုးနိုင်တော့တာပါ။
ဒါကြောင့် Expectation တွေဟာ လူတွေအတွက်အရေးကြီးပါတယ်။ ကိုယ်ခံစားရတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ကိုယ့်ရဲ့ကြိုတင်မျှော်လင့်ချက်တွေနဲ့ သက်ဆိုင်နေပါတယ်။
ပန်းချီကားတစ်ချပ်ကို လူတစ်ယောက်က ကြည့်ပြီးသဘောကျနေတဲ့အခါ အဲ့ဒီပန်းချီကားကို သူများဆီက Copy ကူးထားတာဖြစ်ကြောင်း ပြောမလား? ရိုးရိုးသားသားနဲ့ လုပ်စားချင်တဲ့သူဆိုရင်တော့ ပြောလိုက်မှာပါ။ ဒါက ကိုယ့်ရဲ့ Original Idea မဟုတ်ဘူးဆိုတာကို အသိပေးမိမှာပါပဲ။

ဒါပေမယ့် သူအာရုံဝင်စားပြီး လေ့လာနေတဲ့အချိန်မှာ သွားမပြောသင့်ပါဘူး။ အဲ့ဒါဆိုရင် ရှာလကာရည်ခပ်ထားတာကို မသောက်ခင် ပြောလိုက်သလို ဖြစ်သွားမှာပါ။
သူကြည့်ပြီးသွားတဲ့အခါမှ သွားပြောသင့်ပါတယ်။ ဒါဆိုရင် ငွေပိုရဖို့ Chance များပါတယ်။ သူ့ရဲ့အကြိုက်က Establish ဖြစ်သွားပါပြီ။ ဒီ Information ကိုသိလိုက်ရလို့ ဘာမှသိပ်မထူးတော့ပါဘူး။
တစ်ဖက်လူကို Manipulate လုပ်တယ်လို့ ပြောရင်လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါဟာ ပြဿနာသိပ်မရှိဘူးလို့တော့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။
စီးပွားရေးလုပ်တဲ့အခါမှာလည်း Expectation ကိုတည်ဆောက်ရပါတယ်။ Brand တွေခေတ်စားတာလည်း ဒီသဘောပါပဲ။ တကယ်တော့ Brand တွေဟာ Branded ဖြစ်တဲ့လူတွေ ထင်သလိုမျိုး ထူးထူးခြားခြားကောင်းနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းမယ်လို့ထင်တဲ့ Expectation ကြောင့်သာ စျေးကြီးပေးပြီး ဝယ်နေကြတာပါ။

စျေးကြီးတဲ့စားသောက်ဆိုင်တွေမှာ စားရင် သူတို့ဟင်းပွဲတွေရဲ့ အပြင်အဆင်က တော်တော်ထူးခြားပါတယ်။ အသီးအနှံတွေကို ပုံစံမျိုးစုံရအောင် လှီးဖြတ်ထားသလို၊ ကြက်ဥကိုတောင်မှ လှပအောင် တန်ဆာဆင်ထားတတ်ပါတယ်။ ဒါ့အပြင် ဝိုင်သောက်တဲ့ ဖန်ခွက်တွေဆိုရင်လည်း အိမ်မှာ ရေနွေးကြမ်းသောက်တဲ့ ခွက်တွေနဲ့ မတူပါဘူး။

အရင်ကတော့ ဘာလို့များ အလုပ်ရှုပ်ခံနေကြတာလဲ… အချိန်တန်တော့လည်း ပါးစပ်ထဲရောက်သွားပြီး ပုံပျက်သွားမှာပဲ… နောက်ရက်ဆို ချီးဖြစ်သွားပြီ… ဆိုပြီး တွေးခဲ့မိပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းမယ်လို့ထင်တဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာအောင် ပြင်ဆင်ထားတာပါ။ စျေးများများယူချင်ရင် ဒီလိုပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ဇာတ်လမ်းကြည့်တဲ့အခါမှာလည်း ကျွန်တော်ဆိုရင် Review တွေဖတ်ပြီး IMDb Rating ကို အရင်ကြည့်တတ်ပါတယ်။ လူတိုင်းလည်း ဒီလိုပဲဖြစ်မယ်လို့ ထင်ပါတယ်။ လူပြောများလို့ မဟုတ်ဘဲ Rating မြင့်နေမှ ကြည့်ပါတယ်။
ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် Rating သဘောကို နားမလည်ခဲ့စဉ်က ကြည့်ခဲ့တဲ့ Rating နိမ့်ကားတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် မကောင်းဘူးလို့ စိတ်ထဲမှာ မဖြစ်ခဲ့မိပါဘူး။ အခုလို Rating ကိုလေ့လာပြီး ကြည့်တဲ့အခါ ဇာတ်လမ်းက ဘယ်လောက်ပဲ ပျင်းစရာကောင်းကောင်း “ကောင်းသားပဲ” ဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။

ဒီသဘောတွေကြောင့် စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးတဲ့အခါ အဖြေတစ်ခုရလာမယ်လို့ ထင်တာဟာ ရာနှုန်းပြည့်မှန်မနေတာပါ။ လူတိုင်းက ဘောလုံးပွဲကြည့်တဲ့ ၂ဖက်ပရိသတ်လိုပဲ ကိုယ့်အမြင်ကနေ မဖယ်ခွာနိုင်ကြပါဘူး။ တစ်ဖက်လူ ကိုယ့်အမြင်ကို နားလည်လက်ခံလာအောင် ပြောနိုင်ဖို့က တော်တော်ကြီးကို မလွယ်တာပါ။
စိတ်ပညာမှာ Priming လုပ်တယ်ဆိုတာရှိပါတယ်။ ဘာလဲဆိုတော့ ကိုယ်လိုချင်တဲ့ခံစားချက်မျိုးဖြစ်လာအောင် တစ်ဖက်လူကို Manipulate လုပ်တာပါ။

လူတွေကို ယဉ်ကျေးခြင်း၊ ရိုင်းဆိုင်းခြင်းနဲ့ ဆိုင်တဲ့စကားလုံးတွေကို ပြကြည့်ပြီး စမ်းထားတာကို ပြောပြချင်ပါတယ်။ သူတို့ကို အဲ့လို Priming လုပ်ပြီး ဘာဆက်လုပ်ရမလဲ Instruction ယူဖို့ အခန်းတစ်ခုဆီကို လွှတ်လိုက်ပါတယ်။ အဲ့ဒီအခန်းထဲမှာ သရုပ်ဆောင်နှစ်ယောက်က စကားများနေကြပါတယ်။ သူတို့ပြောတာ ပြီးအောင်စောင့်မလား… စကားဖြတ်ပြောမလား… ပညာရှင်တွေက သိချင်ကြတာပါ။ အဲ့ဒီအခါမှာ ယဉ်ကျေးတဲ့စကားလုံးတွေနဲ့ Priming လုပ်ခံထားရတဲ့သူတွေက စကားဖြတ်ပြောဖို့ ၉မိနစ်ကျော်ကျော် စောင့်ပြီးတော့ ရိုင်းဆိုင်းတဲ့စကားလုံးတွေနဲ့ Priming လုပ်ခံထားရတဲ့သူတွေဟာ ၅မိနစ်ကျော်ပဲစောင့်ကြပါတယ်။
နောက်တစ်ခုက ကျောင်းသားတွေကို အသက်ကြီးတာ၊ အိုမင်းတာနဲ့ဆိုင်တဲ့ စကားတွေနဲ့ Priming လုပ်လိုက်ပါတယ်။ အဲ့ဒီအခါမှာ သူတို့လမ်းလျှောက်တာဟာ အဘိုးကြီးတွေလိုပဲ သိသိသာသာနှေးသွားတယ်လို့ ဆိုပါတယ်။
ဒီတော့ လူတွေရဲ့ စိတ်ဟာ Priming လုပ်ခံရဖို့အတွက် အခွင့်အလမ်းများပါတယ်။ ကိုယ်ကသိနေရင်တော့ ပြဿနာမရှိပေမယ့် အမြဲတမ်း Alert ဖြစ်နေပြီး တန်ပြန်နိုင်ဖို့က သိပ်မလွယ်ပါဘူး။
ဒီတော့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေဟာလည်း ဒါကိုနားလည်တဲ့သူတွေ Manipulate လုပ်တာကို ခံရဖို့ Chance များပါတယ်။ မျှော်လင့်ခြင်းဟာ လူတွေမှာ ဘယ်လောက်အရေးပါလဲဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။