“An apple a day keeps the doctor away” ဆိုတဲ့ slogan လေးကို ကြားဖူးကြမှာပါ။ စားကြည့်တော့ သိပ်မထူးခြားဘူးဖြစ်နေလား??
.
.
ငှက်ပျောသီးပြောင်းစားကြည့်ပါလား!
လေ့ကျင့်ခန်းလုပ်တာတို့ အချိန်မှန်မှန်အိပ်တာတို့က နှလုံးရောဂါ၊ လေဖြတ်တာတွေကို ကာကွယ်ဖို့နည်းလမ်းကောင်းတွေပါ။
ဒါပေမယ့် သင်စားတဲ့အစားအစာတွေကိုလဲ လျှော့မတွက်ပါနဲ့။ အမေရိကန်နိုင်ငံ အလာဘားမားတက္ကသိုလ်က သုတေသနသမားတွေလေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ နေ့တိုင်းငှက်ပျောသီးစားပေးရင် နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်တဲ့။
သုတေသနကတော့ သွေးထဲမှာရှိတဲ့ ပိုတက်စီယမ်တွေက သွေးလွှတ်ကြောတွေနဲ့ သွေးလှည်ပတ်မှုအပေါ်ဘယ်လိုအကျိုးသက်ရောက်လဲ လေ့လာတာဖြစ်ပါတယ်။
သူတို့ရဲ့စစ်တမ်းအရ ‘ပိုတက်စီယမ်ဓာတ်’ နည်းနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေက များနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေထက် ပို မာနေတာကိုတွေ့ရပါတယ်တဲ့။ ပိုတက်စီယမ် များတဲ့ကြွက်တွေရဲ့ သွေးလွှတ်ကြောမကြီးကလဲ ပိုပြီးပျော့ပြောင်းပါတယ်တဲ့။
၂၀၁၁ခုနှစ်က “Journal of American College of Cardiology” မှာ ဖော်ပြခဲ့တဲ့ စာတမ်းတစ်ခုကလဲ ဒီအချက်ကို ထောက်ခံပေးနေပါတယ်။ အဲ့ဒီစာတမ်းမှာ လေ့လာမှုပေါင်း ၁၁ ခုပါဝင်ပြီးတော့ လူပေါင်း ၂သိန်းခွဲကိုလေ့လာခဲ့တာပါ။
အလာဘားမားတက္ကသိုလ်ကလေ့လာမှုဟာ နောက်ထပ်လုပ်သွားဖို့ရှိတဲ့လေ့လာမှုတွေထဲက ပထမဆုံးတစ်ခုပါ။ အခုလောလောဆယ်တော့ သုတေသနသမားတွေက ဒီလေ့လာမှုကို လူတွေမှာပြုလုပ်ဖို့ ကျန်နေသေးတာကြောင့် ကံသေကံမတော့ ကောက်ချက်ချလို့မရသေးပါဘူး။ ဒါပေမယ့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့တိုင်းစားပေးခြင်းက (မစားဖို့ဆရာဝန်ညွှန်ကြားထားတဲ့လူနာတွေအတွက်ကလွဲလို့) ဘေးတော့မဖြစ်စေပါဘူး။
ငှက်ပျောသီးကတော့ ပိုတက်စီယမ်ကြွယ်ဝတဲ့အသီးဖြစ်ပြီးတော့ ငှက်ပျောသီးမကြိုက်ရင်လဲ တခြား ပိုတက်စီယမ်ပါတဲ့ ကန်စွန်းဥ၊ ပဲအမျိုးမျိုး၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် စတဲ့အစားအစာတွေကိုလဲစားပေးလို့ရပါတယ်။
Django
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
