အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ

စာဖတ်သူ ကြောက်တတ်ပါသလား။
လူဆိုရင် အကြောက်တရားဆိုတာ ရှိရမှာပေါ့။
ရောဂါကြောင့် အကြောက်တရားမရှိတော့တဲ့ လူတွေလည်းရှိပါတယ်။ သူတို့ကတော့ ခုပြောမယ့် Topic နဲ့အကျုံးမဝင်ပါဘူး။

လူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲကြုံရကြုံရ ကိုယ်ထိန်းချုပ်နိုင်တယ် (သို့) ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ တွက်ရင် ကြောက်ရွံ့မှုဆိုတာဖြစ်မလာပါဘူး။
ဥပမာ ကားမောင်းကျွမ်းကျင်တဲ့သူက ကားအရမ်းရှုတ်လည်း စိုးရိမ်စိတ်မဝင်ပါဘူး။
ဒါပေမယ့် အမောင်းသင်ခါစလူတစ်ယောက် ကားရှုတ်တဲ့လမ်းပေါ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့မှာအကြောက်တရားပေါ်လာပါတယ်။

ခွဲစိတ်ခန်းဝင်ရမယ့်လူနာဟာ ကြောက်ရွံ့မှာအသေအချာပါပဲ။
ခွဲစိတ်မယ့်ဆရာဝန်အတွက်တော့ ထမင်းစား၊ ရေသောက်ကိစ္စပဲမို့ ခွဲစိတ်မှုအတွက် အကြောက်တရားရှိမှာမဟုတ်ပါ။

အကြောက်တရားဟာ လူတွေအသက်ရှင်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုခဲ့တဲ့တယ်။ ဒါကြောင့် ခုချိန်ထိ ကျွန်တော်တို့မှာ အကြောက်တရားရှိနေသေးတာပေါ့။

ကြောက်သွားတဲ့လူတစ်ယောက်ဟာ မလှုပ်မယှက်ဖြစ်သွားတတ်ပါတယ်။
ဒါက Evolution အရဖြစ်တဲ့သဘောပါ။
လူက ဉာဏ်ရည်မြင့်ပေမယ့် ခွန်အားအရာမှာတော့ အချို့တိရစ္ဆာန်တွေကို မရှင်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ရပ်တည်ဖို့အတွက် အန္တရာယ်ကိုထိပ်တိုက်မတိုးဘဲ ရှောင်ကြရပါတယ်။

ပြေးမလားဆိုတော့… လူကအမြန်ဆုံးသတ္တဝါထဲမှာ မပါပါဘူး။
ဒါဆို ခံချမလားဆိုတော့လည်း… အားက မကြီးပြန်ပါဘူး။
အဲ့တော့ တိတ်တိတ်ကလေးနေလိုက်ကြတာပါပဲ။
ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး အသက်တောင်ပြင်းပြင်းမရှုရဲဘူးဆိုတာမျိုးပေါ့။
(မြင်အောင်ပြောရရင် စာသင်နေတုန်း အာရုံထွေပြားနေတဲ့အချိန် သင်နေတဲ့ဆရာက လက်ညှိုးထိုးပြီး စာမေးလိုက်တဲ့အခါမှာ အသေကောင်ကြီးလို ခဏတာဖြစ်သွားတာမျိုးပါ)

အကြောက်တရားကတန်ဖိုးကြီးပါတယ်။
ဒါကိုအသုံးချပြီး လူတွေကိုလှည့်စားနေကြတာလည်း မနည်းတော့ပါဘူး။
ဒီတော့ တချို့လူတွေ ကိုယ်လိုချင်တာရအောင် အကြောက်တရားကို ဘယ်လိုအသုံးချနေကြလဲဆိုတာ သိထားသင့်ပါတယ်။
အကြောက်တရားကို ဘယ်အချိန်မှာအသုံးပြုတတ်ကြလဲဆိုရင် တစ်ဖက်လူကို ဘာမှမလုပ်စေချင်တဲ့အခါ (သို့) တစ်ဖက်လူမှာ စိုးရိမ်စိတ်တစ်ခုရှိနေတဲ့အခါ မိမိလိုချင်တဲ့အတိုင်းဖြစ်အောင် အသုံးပြုကြတယ်။

ဥပမာအနေနဲ့ အကြောက်တရားရဲ့သားကောင်အဖြစ် Anti-Vax တွေကိုပြချင်ပါတယ်။ ကိုယ့်ရဲ့ကလေးကို ကာကွယ်ဆေးမထိုးဘူးဆိုပြီး ငါတကောကောတဲ့ မိဘတွေပေါ့။
ကာကွယ်ဆေးထိုးရင် အချို့ကာကွယ်ဆေးတွေက ပိုးအရှင်ကိုသုံးထားတော့ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ Case အနေနဲ့ သူကကာကွယ်ရမယ့်ရောဂါကို ဖြစ်သွားစေပါတယ်။
ဒါကြောင့်ပဲ ပိုလီယိုကာကွယ်ဆေးထိုးတာ ပိုလီယိုဖြစ်သွားတယ်၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးတာ ကလေးက ဦးနှောက်ရောင်သွားတယ်တို့ကြားရတတ်တာဖြစ်တယ်။

ဒါဆို ကာကွယ်ဆေးမထိုးကြတော့ဘူးလား? ဒီလိုရောဂါတွေဖြစ်တတ်တယ်ဆို မထိုးသင့်ဘူးမဟုတ်လားလို့ မေးစရာရှိပါတယ်။
အဲ့လိုမေးရင် ဆရာဝန်တွေဆီက ဖြစ်တယ်ဆိုတာ ရှားရှားပါးပါးပါ၊ လေ့လာမှုကရတဲ့ Data တွေအရဆို လူဘယ်နှသိန်းထိုးမှ တစ်ယောက်မှာဖြစ်တတ်တာပါ ဆိုတာနဲ့ ခပ်ဆင်ဆင်စကားမျိုးကြားရလိမ့်မယ်။

သာမန်လူတစ်ယောက်ဆိုရင်တော့ လက်ခံသွားလောက်တယ်။
ရှင်းပြတာကို သေချာနားမလည်ရင်တောင် ဆရာဝန်ကတော့ မဟုတ်ဘဲမပြောလောက်ပါဘူးဆိုပြီး ပညာရှင်မို့ယုံကြည်သွားနိုင်တယ်။

Anti-Vax တွေကတော့ အဲ့လိုမဟုတ်ဘူး။ ပညာရှင်တွေကို မေးခွန်းပြန်ထုတ်တယ်။ (ဒါဟာကောင်းတဲ့အချက်ပါ)
ဒါပေမယ့် အကျိုးနဲ့အကြောင်း၊ Facts & Data နဲ့ရှင်းပြလည်းလက်မခံနိုင်ကြဘူး။ သူတို့ကို ဖြစ်တန်စွမ်းဘယ်လောက်ပဲ နည်းပါတယ်လို့ပြောပြော အကြောက်တရားကတော့လွှမ်းမိုးနေတယ်။
ဘာနဲ့တူလဲဆို ကားတိုက်ခံရမှာကြောက်လို့ လမ်းမမှာလမ်းမလျှောက်ရဲတဲ့လူလိုပဲ။

Internet ခေတ်ရဲ့ကောင်းကျိုးက သတင်းအချက်အလက်စီးဆင်းမှုအားကောင်းခြင်း၊ မြန်ဆန်ခြင်းဆိုလျှင် ဆိုးကျိုးဆိုလည်း ဒီအချက်ကိုပဲ လက်ညှိုးထိုးပြရမှာပါ။
ကလေးကိုကာကွယ်ဆေးမထိုးခင် မိဘတစ်ယောက်အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ကြိုပြီးသိချင်ကြမှာပဲ။
ကာကွယ်ဆေးထိုးလို့ ရောဂါရသွားတဲ့ကလေးတွေအကြောင်းလည်း ရိပ်ဖမ်းသံဖမ်းကြားဖူးတော့ စိုးရိမ်စိတ်နဲ့ Internet ပေါ်မှာရှာဖွေတယ်ဆိုပါတော့။

Personal Blog တွေ (မြန်မာပြည်အနေနဲ့ဆို Facebook) မှာ ကြည့်တော့လည်း ကာကွယ်ဆေးထိုးပြီး ဒုက္ခရောက်ရတာတွေရှိနေတယ်၊ ကာကွယ်ဆေးကိုမထိုးသင့်ဘူးလို့ ရေးတာတွေ သူတွေ့နေရတယ်။
ပိုဆိုးတာက ဦးနှောက်ရောင်လို့ ဉာဏ်ရည်မမီ၊ မသန်စွမ်းတော့တဲ့ ကလေးလေးတစ်ယောက်ရဲ့ပုံကိုပါ ထည့်ထားတယ်ဆိုကြပါစို့။
ဆရာဝန်ရဲ့ ဖြစ်တန်စွမ်းတော်တော်နည်းပါတယ်ဆိုတဲ့စကားကို သူလက်ခံနိုင်ဦးမလား။

ဒါဟာ လူတစ်ယောက်ရဲ့ Visceral Reaction ကို manipulate လုပ်လိုက်ခြင်းပါပဲ။ (လူရဲ့ စဉ်းစားချင့်ချိန်မှုတွေကို ပျောက်ဆုံးသွားစေနိုင်ပါတယ်)
ဥပမာပြရရင် လူသေအလောင်းမှာ လောက်တွေတက်နေတာကိုမြင်ရင် နှုတ်ခေါင်းရှုံ့တဲ့သူရှုံ့မယ်၊ ထိုးအန်တဲ့သူအန်မယ်။
ဒါဟာ သူ့အလိုလိုဖြစ်လာတဲ့တုံ့ပြန်မှုပါ၊ လုပ်သင့်လို့လုပ်တာမျိုးမဟုတ်ပါ။

ဆရာဝန်ပြောတဲ့ ဖြစ်ဖို့ရာနှုန်းတော်တော်နည်းပါတယ်ဆိုတာ လူရဲ့ Cerebral Reaction ကိုဦးတည်ပြီးပြောခြင်းဖြစ်တယ်။ (ခေါင်းသုံးပြီး ဆုံးဖြတ်ခိုင်းတာပါ)
ကာကွယ်ဆေးထိုးသင့်လို့ ထိုးပေးပါဆိုပြီး ချင့်ချိန်ဆုံးဖြတ်နိုင်အောင် ပြောခြင်းဖြစ်တယ်။

ဆိုတော့…
Visceral Reaction နဲ့ Cerebral Reaction ၂ခုကြားမှာလူတွေ ဗျာများနေတာပေါ့။အကြောက်တရားပေးလိုက်ရင် လူတွေက Visceral Reaction ဘက်ကို ငေါက်ကနဲပါသွားကြတော့တာပဲ။

ကျွန်တော်တို့ ဒါတွေကို နွေဦးတော်လှန်ရေးအစပိုင်းမှာတွေ့ခဲ့ကြရတယ်။
ဦးခေါင်းပွင့်ပြီး သေဆုံးနေတဲ့သူရဲကောင်းတွေရဲ့ အလောင်းပုံတွေဟာ Facebook ပေါ်မှာ မမြင်ချင်မှအဆုံးပါ။
ဒီပုံတွေကို မြင်ရတဲ့သူတွေအဖို့ Visceral Reaction ရကုန်ကြတာပေါ့။ နောက်ဆုံးပိတ်ကတော့ အကြောက်တရားဆီကို ဦးတည်သွားတာပဲ။
လူတွေကို ဘာမှမလုပ်စေချင်ရင် အကြောက်တရားကိုသုံးပါလို့ဆိုတယ်။ အဲ့ဒီအချိန်မှာတော့ အကြောက်တရားက လက်နက်တစ်ခုပေါ့။

Thanks for reading.

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ

Leave a reply to Crimson Cancel reply

Design a site like this with WordPress.com
Get started