Control (Part 1)

အကြောက်တရားကို ဖြေဖျောက်ဖို့အတွက် အချက်အလက်တွေ ပြောပြရုံနဲ့မရဘူးဆိုတာ ရှေ့မှာရေးခဲ့ပြီးပါပြီ။
မဖတ်ခဲ့ရသေးရင် ဥပမာတစ်ခုပေးပြီး ခပ်တိုတို ပြောပြချင်ပါတယ်။
လေယာဉ်စီးရမှာကြောက်တဲ့လူတစ်ယောက်ကို လေယာဉ်ပျက်ကျဖို့ ဖြစ်တန်စွမ်းသည် လမ်းဘေးမှာ လမ်းလျှောက်နေရင်း ကားတိုက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းထက် နည်းတယ်လို့ ပြောလိုက်ရုံနဲ့ သူ့အကြောက်တရားက ပျောက်သွားမှာဟုတ်ပါဘူး။

ဒီလူအဆိုးမြင်တတ်ရန်ကော… လို့ဆိုစရာရှိပါတယ်။
လေယာဉ်စီးတိုင်း ပျက်ကျနိုင်တယ် တွေးနေမိလို့ ကြောက်နေတယ်ထင်ရင်တော့ အဲ့ဒီတစ်ခုတည်းတော့ မဟုတ်နိုင်ပါဘူးလို့ ငြင်းရမှာပါ။
လေယာဉ်ပေါ်တက်လိုက်တာနဲ့ ကိုယ်ထိန်းချုပ်လို့ရတာ ဘာမှမရှိတော့ပါဘူး။
ကိုယ့်အသက်ကို လေယာဉ်မှူးတွေလက်ထဲအပ်လိုက်ရတာပါ။
လေယာဉ်ကြီး တုန်ခါသွားရင်တောင် လေ (turbulence) ကြောင့်လား၊ စက်တစ်ခုခုချွတ်ယွင်းလို့လားဆိုတာ မသိနိုင်ပါဘူး။
ကိုယ့်ရဲ့ထိန်းချုပ်မှုမရှိတော့တာကို လူမှန်ရင် မကြိုက်ကြတာများပါတယ်။

ဒီပြဿနာကို စိတ်ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ကြောင်းပြချင်တဲ့အခါ အစာမစားဘဲနေတာ၊ စားသမျှအစာတွေကို လက်ထိုးအန်တာ စသဖြင့်ဖြစ်လာတတ်ပါတယ်။
ကုန်ကုန်ပြောရရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း (Suicide) ဆိုတာလည်း လောကကြီးမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့အထဲက တစ်မျိုးကို ရွေးချယ်သွားတာဖြစ်တယ်လို့ မြင်ကြည့်လို့ရပါတယ်။

ဆိုတော့… လူတိုင်းက ကိုယ်တိုင်ကိုယ်ကျ အခြေအနေတွေပေါ်မှာ ထိန်းချုပ်နိုင်မှု (Control) ရှိခြင်း ကိုသဘောကျပါတယ်။

အဲ့ဒီအတွက် စမ်းသပ်ထားတာရှိပါတယ်။ (စမ်းသပ်ထားတဲ့ Experiment တွေကများလွန်းတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုကို ပြန်ပြောပြချင်ပါတယ်)

စမ်းသပ်ခံရတာကတော့ ကျောင်းသားတွေပါပဲ။ ကျောင်းက Lab တစ်ခုမှာ သူတို့ကိုခေါ်ထားပါတယ်။
သူတို့ကို 10 dollars ဆီပေးထားတယ်။ စမ်းသပ်ခန်းထဲဝင်တဲ့အတွက် သူတို့အပြင်ပြန်မထွက်ခင် စမ်းသပ်ခန်းသုံးခအခွန် (Lab Tax) 3 dollars ပေးရမယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီအတွက် စာအိတ်တွေလည်း ချပေးထားတယ်။

သူတို့နေရာက ကိုယ်ဝင်ကြည့်လိုက်ရင် စမ်းသပ်ခံဖို့ ခေါ်လို့လာတာကို ကိုယ်ရထားတဲ့ပိုက်ဆံထဲက 3 dollars ပြန်ပေးရဦးမယ်ဆိုတော့ နည်းနည်းတော့ တင်းသွားကြမှာပါ။
အဲ့ဒီတော့ စာအိတ်တွေကို စစ်ကြည့်တဲ့အခါမှာ ပိုက်ဆံလုံးဝမပေးသွားတဲ့သူနဲ့၊ ပိုက်ဆံကိုအပြည့်မပေးသွားတဲ့သူနဲ့ တစ်ဝက်လောက်ဖြစ်နေတယ်။
ကျန်တစ်ဝက်ကတော့ 3 dollars အပြည့်ထည့်ပေးသွားတယ်။

နောက်တစ်ဖွဲ့ကိုကျတော့ တစ်မျိုးပြောင်းပြီးစမ်းသပ်တယ်။
သူတို့အနေနဲ့ 3 dollars ကိုပြန်ပေးရမယ်၊ ဒါပေမယ့် ဒီပိုက်ဆံကို Lab တိုးတက်ဖို့ ဘယ်နေရာတွေမှာသုံးချင်လဲဆိုတာကိုပါ ပြောရမယ်လို့ လုပ်လိုက်တယ်။
ပြီးတော့ စာအိတ်တွေကို စစ်ကြည့်တဲ့အခါမှာ တော်တော်များများက ပိုက်ဆံတွေ အပြည့်ထည့်ပေးထားတာကို တွေ့ရတယ်။

ပိုသေချာအောင် လူတန်းစားပေါင်းစုံနဲ့ထပ်စမ်းကြည့်ပါတယ်။
မစမ်းသပ်ခင် အခွန်တွေကိုဘယ်နေရာမှာ သုံးစေချင်သလဲဆိုတာကို ပြောခိုင်းပါတယ်။
လူတိုင်းပြောပြီးတဲ့အခါ မေးခွန်းတစ်ခုမေးပါတယ်။
အခွန်ဥပဒေမှာ ဟာကွက်တစ်ခု (Loophole) ရှိနေတယ်။
(ဆိုလိုတာက အခွန်လျော့ပြီး ဆောင်ချင်ရင် ဆောင်လို့ရတယ်၊ ဥပဒေအရလည်း အရေးယူလို့မရဘူး)
အဲ့ဒီ ဟာကွက်ကို အသုံးချမလားပေါ့။
ထူးခြားတာက ကိုယ့်ရဲ့ထင်မြင်ချက်ကိုအမေးခံခဲ့ရတဲ့လူတွေရဲ့ ၃ပုံ၂ပုံက အခွန်ကိုအပြည့်ဆောင်မယ်လို့ ပြောကြတာပါ။

ဒါကို တိုင်းပြည်တစ်ခုလုံးအနေနဲ့ မြင်ကြည့်ပါ။
အခွန်ဆိုတာ ပေးသင့်မှန်းသိပေမယ့် ဘယ်သူမှမပေးချင်ကြပါဘူး။ (ခုကာလကတော့ ခြွင်းချက်ဖြစ်လို့ ထည့်မစဉ်းစားပါနဲ့)

လူတွေကို မင်းတို့ကတော့ 20% မဆောင်မနေရ ဆောင်ကိုဆောင်ရမယ်လို့ ပြောခြင်းထက် ဆောင်တဲ့ငွေကို ဘယ်နေရာတွေမှာ သုံးစေချင်သလဲ Feedback ပြန်တောင်းတာမျိုးကို လူတွေက ပိုသဘောကျပါတယ်။
သေချာစဉ်းစားကြည့်ရင် 20% ပေးတာက ပေးရမှာပဲ၊ ကိုယ့်ရဲ့ထင်မြင်ချက်တောင်းတာလေးပဲ ပိုသွားတာပါ။
ဒါပေမယ့် ဒီလိုလုပ်လိုက်ခြင်းအားဖြင့် လူတွေက အခွန်ဆောင်ခြင်းအပေါ်မှာ သူတို့ထိန်းချုပ်နိုင်စွမ်း (Control) ရှိတယ်လို့ထင်သွားစေတယ်။
အမိန့်ဆိုတာ လူတွေရဲ့ထိန်းချုပ်နိုင်စွမ်းကို ဖယ်ပစ်တာဖြစ်တဲ့အတွက် လူတော်တော်များများက မကြိုက်ကြပါဘူး။

အဆုံးသတ်မှာ ရလာမယ့် အဖြေကတူတူပဲဆိုရင်တောင် ကိုယ်တိုင် ရွေးချယ်ရခြင်းကို လူတွေကပိုနှစ်သက်ပါတယ်။ လူတွေတင်မဟုတ်ပါဘူး။
တိရစ္တာန်တွေလည်း တူတူပါပဲ။ (စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါ)

ဒါဟာ အကြောင်းရှိပါတယ်။
ဘာမှမလုပ်တတ်တဲ့ လူတစ်ယောက်ကို ငွေ ၁သိန်း ဒီအတိုင်းလာပေးသွားတယ် ဆိုကြပါစို့။
သူပျော်သွားမှာပါ။ ဒါပေမယ့် နောက်တစ်ခေါက် ဒီလိုထပ်ရဖို့ ဘာလုပ်ရမလဲဆိုတာ သူမသိပါဘူး။
ကိုယ်စုဆောင်းထားတဲ့ ရှားပါးစာအုပ်တွေကို ၁သိန်းနဲ့ထုတ်ရောင်းတယ်ဆိုပါစို့။
အပေးအယူသဘောနဲ့ဖြစ်ပေမယ့် ဦးနှောက်က ဒါကိုပိုသဘောကျပါတယ်။
ဘာလို့လဲဆို ငွေလိုရင် စာအုပ်ရောင်းစားလို့ရပါလားဆိုတဲ့ အသိမျိုးဝင်သွားလို့ပါ။
ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာစာအုပ်ရောင်းပြီး ထိန်းချုပ်နိုင်တယ်ဆိုတဲ့အသိမျိုးပေါ့။

ဒီအချက်ကို စီးပွားရေးလုပ်ငန်းကြီးတွေက သေချာနားလည်ကြပါတယ်။
ဥပမာပြရရင် Self-service လုပ်ရတဲ့နေရာတွေပါ။ (Makro, City Mart)
ကိုယ်ကြိုက်တာကိုယ်ယူခွင့်ရှိသလို ကိုယ်ကြိုက်သလောက်လည်း နေလို့ရပါတယ်။ ဘာမှမဝယ်ဘဲနဲ့လည်း တစ်ပတ်ပတ်လို့ရပါတယ်။
ဒါဟာ နောက်ကအရောင်းစာရေးမတစ်ယောက် တကောက်ကောက်လိုက်ပြီး ကိုယ်လိုချင်တာကို လိုက်လုပ်ပေးနေတဲ့ စတိုးဆိုင်တွေနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။
စဉ်းစားကြည့်ရင် တကောက်ကောက်လိုက်ပြီး ဝန်ဆောင်မှုပေးတာကို သဘောကျမယ်လို့ထင်စရာရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျွန်တော်တို့ ဘယ်ဟာကို ပိုသဘောကျသလဲဆိုတာ မေးနေစရာတောင် မလိုပါဘူး။

Hotpot, BBQ Buffet ရောင်းတဲ့ဆိုင်တွေလည်း ဒီနည်းကိုအသုံးပြုကြတာပါပဲ။

Part 2 မှာ ဆက်ရေးပါဦးမယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “Control (Part 1)

Leave a reply to Yoko Cancel reply

Design a site like this with WordPress.com
Get started