ကျွန်တော့အတွက် ကြိုးတန်းလမ်းလျှောက်ရတဲ့ နောက်ထပ်ခေါင်းစဉ်တစ်ခုပါပဲ။
ဒါကိုရေးတဲ့အတွက် ဘာသာမဲ့တွေရော ဗုဒ္ဓဘာသာဝင်တွေရော ဆဲတာခံရဖို့များပါတယ်။
ဒါပေမယ့် စိတ်ဝင်စားစရာကောင်းပါတယ်။
စိတ်ရှင်းရှင်းနဲ့ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်။
ဗုဒ္ဓရဲ့ဝါဒမှာ “ရုပ်” ဆိုတဲ့ အနှစ်သာရသဘောမရှိပါဘူး။
ရုပ်ဆိုတာ ထင်ယောင်ထင်မှားသာ ဖြစ်တယ်လို့ ဆိုတယ်။
ဒါကြောင့် ရုပ်နာမ်ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုရောက်အောင် ဉာဏ်နဲ့ရှုလို့ဟောကြားခဲ့တာဖြစ်တယ်။
ဗုဒ္ဓရဲ့ဟောကြားချက်အရ ရုပ်ဆိုတာ ဓာတ်ကြီး ၄ပါးနဲ့ဖွဲ့စည်းထားတယ်လို့ဆိုတယ်။
ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောတို့ပဲဖြစ်တယ်။
(ရုပ်ဖြစ်ဖို့ နောက် ၄ခုထပ်လိုသေးပေမယ့် ဘုရားဟောတာကို ဦးတည် ပြောမှာမဟုတ်လို့ ထားခဲ့ပါပြီ)

ရုပ် တကယ်မရှိဘူးဆိုတာ သာမန်လူတွေအတွက်တော့ တော်တော်နားလည်ရခက်တဲ့စကားပါ။
ခု မြင်နေရတာ ရုပ်မဟုတ်ဘူးလား၊ ကိုင်ကြည့်လို့ရနေတာ ရုပ်မဟုတ်ဘူးလား စသဖြင့် စောဒဂ တက်စရာရှိပါတယ်။
ရူပဗေဒမှာလည်း အဲ့ဒီသဘောရှိပါတယ်။
ကျွန်တော်တို့တွေ Fundamental Particles တွေအကြောင်းကို သင်ခဲ့ရဖူးပါတယ်။
ဒါပေမယ့် ကျွန်တော်ဆယ်တန်းအောင်တဲ့အထိ Fundamental Particles (ထပ်မံခွဲစိတ်ကြည့်လို့မရတော့သော အမှုန်များ) ဆိုတာ Proton, Neutron, Electron ဆိုပြီး သင်ခဲ့ရပါတယ်။
(တကယ်တော့ အဲ့ဒီလိုမဟုတ်ခဲ့တာ ကြာခဲ့ပါပြီ၊ သင်ရိုးက မပြောင်းတာပါ)
တကယ်တော့ Proton, Neutron တွေထဲမှာ Quarks တွေနဲ့ဖွဲ့စည်းထားပါသေးတယ်။


Particles တွေ၊ Quarks တွေကို မမြင်ရပါဘူး။
မမြင်ရဘဲနဲ့ဘယ်လိုသိလဲဆို လွယ်လွယ်ပြောရရင် လေရှိမှန်း ကျွန်တော်တို့ သိသလိုပါပဲ။
မမြင်ရတဲ့အတွက်ကြောင့် ဘာပုံစံရှိလဲမသိပါဘူး။
မြင်ရအောင်ကြိုးစားကြည့်တဲ့အခါ တိမ်တွေလိုပဲတွေ့နေရပြီး ကျွန်တော်တို့ထင်သလို အမှတ်ကလေးတစ်ခု၊ အစက်ကလေးတစ်ခုလို မမြင်ရပါ။

ဒါဆိုရင် သူတို့ကို သေချာမမြင်ရဘဲ ဘယ်လိုအလုပ်ဆက်လုပ်ကြမလဲ။
ပညာရှင်တွေကတော့ တိမ်တွေလိုဖြစ်နေတာကိုမယူဘဲနဲ့ သူတို့ကို အမှတ်ကလေးတစ်ခုအနေနဲ့ပဲ ယူဆလိုက်ကြပါတယ်။
ဥပမာ Electron ဆိုရင် လျှပ်စစ်အမဓာတ်ဆောင်သော၊ အလေးချိန် 9.109×10−31 kg နီးပါး ရှိသော (သေးလွန်းလို့ အတိအကျမတိုင်းနိုင်ပါ) အစက်ကလေးတစ်ခုလို့ ယူဆလိုက်တာမျိုးပါ။
Electron တစ်လုံးကိုသိရင် ကျန်တဲ့ Electron တွေကိုပါသိတယ်လို့ သတ်မှတ်လိုက်ပါတယ်။
ဒီလို သတ်မှတ်လိုက်မှပဲ တွက်ချက်လို့ အဆင်ပြေသွားတာပါ။
ဒါကို Quantum Field Theory လို့ခေါ်ပါတယ်။
အမှုန်တွေအကြောင်းလေ့လာတဲ့ Particle Physics က ဒီနည်းကို အခြေခံပြီးဖြစ်လာတာပါ။
ဆိုတော့… မေးစရာရှိတာက ကိုယ့်ဘာသာလျောက်သတ်မှတ်ပြီး တွက်နေတော့ မှန်ရောမှန်ရဲ့လားဆိုတာပါပဲ။
သီအိုရီနဲ့တွက်ချက်ပြီး ရလာတဲ့ ဂဏန်းနဲ့ လက်တွေ့မှာ တိုင်းတာပြီး ရတဲ့ ဂဏန်းတွေက တော်တော်နီးစပ်တဲ့အတွက် မှန်တယ်လို့ဆိုရမှာပါ။
အစက်ကလေးတစ်ခုလို့ သတ်မှတ်ပြီး တွက်ချက်ကြည့်တာ အဆင်ပြေနေပြီ။
ဒါပေမယ့် Gravity ရဲ့ပြဿနာကို မရှင်းနိုင်သေးပါဘူး။ (ဒီပြဿနာအကြောင်း ပြောရင် နောက် Article တစ်ခုလိုဦးမှာမို့ မပြောတော့ပါ)
အဲ့တော့ အစက်ကလေးအနေနဲ့ မယူဆတော့ဘဲ Gravity ပြဿနာကိုဖြေရှင်းဖို့အတွက် ကြိုးမျှင်လေးတွေအဖြစ်ပြောင်းလဲ ယူဆလိုက်ပါတယ်။
String Theory လို့ သိကြပါတယ်။ (ဒီစာမှာတော့ ဒီအကြောင်းကို အသေးစိတ်ဆက်ပြောမှာမဟုတ်ပါ)
သီအိုရီအရတော့ သူက Gravity ပြဿနာကိုပါ ဖြေရှင်းနိုင်ပါတယ်။

တကယ် ပြောချင်တာက ခုမှလာမှာပါ။
Fundamental Particles လေးတွေကို ဘယ်လိုမြင်ရမှန်းမသိလို့ အစက်ကလေးအဖြစ်မြင်ခဲ့ရာကနေ ခု ကြိုးမျှင်အဖြစ်မြင်လိုက်တာပါ။
ကြိုးမျှင်ဆိုလို့ ကြိုးတစ်ချောင်းအနေနဲ့ မြင်စေချင်တာမဟုတ်ပါ၊ တုန်ခါခြင်းလို့ပဲယူဆစေချင်တာပါ။ (Structure ကိုမမြင်ဘဲ Function ကိုပဲမြင်စေချင်တာပါ၊ ခေါင်းမရှုတ်သွားဘူးလို့တော့ ထင်ပါတယ်)
မြင်အောင်ပြောရရင် ဂစ်တာတီးသလိုမြင်ကြည့်ပါ။
ကြိုးတစ်ချောင်းတည်းကိုပဲ နေရာပြောင်းပြီး တီးရုံနဲ့ အသံ (Notes) အမျိုးမျိုးထွက်လာသလိုပေါ့။

String Theory ကလည်း အဲ့ဒီသဘောပါပဲ။ Frequency ပေါင်းစုံနဲ့တုန်ခါနေတဲ့ကြိုးမျှင်လေးတွေကြောင့် ရုပ် (Particles) တွေဖြစ်လာတဲ့ သဘောပါ။
ဒါဟာသေချာစဉ်းစားကြည့်ရင် ရုပ်ဆိုတာ တကယ်မရှိဘဲ တုန်ခါခြင်းဆိုတာသာရှိတဲ့ ကြိုးမျှင်လေးတွေကြောင့် ရုပ်တွေဖြစ်လာတာပါ။
Particles တွေပေါင်းပြီး Atoms တွေဖြစ်လာတယ်။
Atoms တွေပေါင်းပြီး Molecules တွေဖြစ်လာတယ်။
ဒီလိုနဲ့အဆင့်ဆင့်ပေါင်းလာလိုက်တာ နောက်ဆုံးကျတော့ ကိုယ်အင်္ဂါအစိတ်အပိုင်း (Organ) တွေဖြစ်လာတယ်။
အဲ့ဒီကနေ သက်ရှိ (Organisms) တွေဖြစ်လာတယ်။
အရင်းစစ်လိုက်တော့ တုန်ခါခြင်းဆိုတာသာရှိတဲ့ ကြိုးမျှင်လေးတွေပါပဲ။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
အစက်ကလေးအဖြစ်သတ်မှတ်ပြီးရင် Gravity ပြသနာကိုမဖြေရှင်းနိုင်တာနဲ့ပတ်သက်တဲ့ နောက် article လေးဆက်ရေးပေးပါလားဗျ။
စိတ်၀င်စားလို့ပါ Please 🤒 Thank You for these knowledge blogs. Fighting!
LikeLike
ဟုတ်ကဲ့ ဆက်ရေးဖို့ရှိပါတယ်။ ဖတ်ပေးပါဦးခင်ဗျာ။
LikeLike
ဒါဆိုရင် စိတ်ခံစားချက်တွေကကြတော့ တုန်ခါမှုတွေကို ဘယ်လို တုန့်ပြန်လည်းဆိုတာအပေါ်မူတည်ပြီးတော့ မတူညီတယ့် တုန့်ပြန်ခြင်းတွေဖြစ်လာတာလား။
LikeLike
ခုချိန်ထိတော့ စိတ်ဆိုတာ ဘယ်ကဖြစ်လာသလဲ ငြင်းနေရဆဲပါ။
အတိအကျပြောဖို့ ခက်ပါတယ်။
LikeLike