အချိန်ခရီးသွားဖို့ ဖြစ်နိုင်လား?

ဇာတ်လမ်းတွေ၊ စာအုပ်တွေထဲမှာတော့ အချိန်ခရီးသွားခြင်း (Time Travel) ဆိုတာ မမြင်ချင်မှအဆုံးပါပဲ။
Science ကိုစိတ်မဝင်စားတဲ့သူတွေတောင် အချိန်ခရီးသွားတယ်ဆိုတာ ဘာလဲ သိနေကြပါပြီ။
ဒါပေမယ့် ဇာတ်လမ်းတွေတော်တော်များများရဲ့ အချိန်ခရီးသွားတာကိုပြပုံဟာ Physics မှာလက်ခံထားတာနဲ့ တော်တော်ကြီးကို ကွဲလွဲနေတာတွေ ရှိပါတယ်။
Physics မှာ အချိန်ခရီးသွားတာကို ဘယ်လိုပြောလဲ ဆက်ပြီးဖတ်ပေးပါဦး။

အနာဂတ်ကို အချိန်ခရီးသွားတာနဲ့ အရင်စဖွင့်လိုက်ချင်ပါတယ်။
ဒါက တကယ်ဖြစ်နိုင်ပါတယ်။ သက်သေလည်း အခါခါပြပြီးပါပြီ။
ဥပမာကိုတော့ Interstellar ဇာတ်လမ်းနဲ့ပဲပြရမှာပါ။

Satellite, Planet & Supermassive Black Hole (Left to Right)

သူတို့အဖွဲ့ Satellite ပေါ်ကနေ Planet တစ်ခုပေါ်ရောက်သွားတဲ့အခါ အဲ့ဒီ Planet ရဲ့ Gravity က ကမ္ဘာထက် 30% ပိုများပါတယ်။
ဒီ Planet က အလင်းအလျှင်ရဲ့ 55% နဲ့ Supermassive Black Hole (အလွန်ကြီးမားသော တွင်းနက်) တစ်ခုကို ပတ်နေပါတယ်။
အဲ့ဒီတွင်းနက်ကြီးက ဘယ်လောက်တောင်ကြီးလဲဆို နေအလုံးပေါင်း သန်း ၁၀၀ စာရှိပါတယ်။ ပြီးတော့ သူက အလင်းအလျှင်ရဲ့ 99.8% နဲ့သူ့ဘာသာလည်ပတ်နေပါတယ်။
(ဒီနေရာမှာ ပြောချင်တာက Supermassive Black Hole တွေသည် Galaxy တွေရဲ့အလယ်ဗဟိုမှာနေပြီး Galaxy တွေလည်ပတ်နေအောင် လုပ်ပေးထားတယ်လို့ဆိုတယ်။
ကျွန်တော်တို့ Milky Way Galaxy ရဲ့ဗဟိုချက်မမှာလည်း Supermassive Black Hole တစ်ခုရှိနေပါတယ်)

Supermassive Black Hole at the center of our Milky Way Galaxy Illustration

ဒါတွေကို တွက်ချက်လိုက်တဲ့အခါမှာတော့ Planet ထဲကိုသွားကြတဲ့ သူတွေက Satellite ပေါ်မှာကျန်ခဲ့တဲ့သူတွေထက် အချိန်နှေးသွားတာပါပဲ။ ဘယ်လောက်တောင်နှေးသွားလဲဆို အဆပေါင်း ၆၁၀၀၀ နှေးသွားပါတယ်။
ဒါဟာဘယ်လောက်နဲ့ညီသွားသလဲဆိုရင် Planet ပေါ်မှာ ၁နာရီနေလိုက်ခြင်းက Satellite ပေါ်မှာ ၇နှစ်ကြာတာနဲ့သွားတူပါတယ်

ဒါဟာ ဇာတ်လမ်းထဲက မဟုတ်မဟတ် လုပ်ဇာတ်တွေလို့ ခပ်လွယ်လွယ် ပြောလို့မရပြန်ပါဘူး။
ဘာလို့လဲဆို တွက်ချက်မှုတွေအရ ဒါဟာမှန်ကန်နေလို့ပါ။
ဒါကို အနာဂတ်သို့အချိန်ခရီးသွားခြင်းဆိုပြီး ပြောလို့ရပါတယ်။
ဘာလို့လဲဆိုရင် ကိုယ်သိတဲ့လူတွေအကုန်လုံးက အသက်တွေကြီးကုန်ကြပြီလေ။
(ဗုဒ္ဓက Einstein ရဲ့ Special Theory of Relativity ကိုဟောကြားခဲ့သလား? ဆိုပြီး ကျွန်တော်ရေးထားတာရှိပါတယ်၊ အဲ့ဒီမှာ Time Dilation အကြောင်းရှင်းပြထားပါတယ်)

https://ouo.io/iX0NBO

နောက်တစ်နည်းနဲ့အနာဂတ်ကို သွားလို့ရပါသေးတယ်။
ဒါကတော့ Cryopreservation ပါ။ လွယ်လွယ်ပြောရရင် ရေခဲရိုက်တာပေါ့။
ဒါဘယ်လိုစဖြစ်လာသလဲဆိုတော့ လူတစ်ယောက်ကို မသေခင်လေးမှာ သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို Degree တစ်ခုထိအေးခဲထားလိုက်ရင် ဆဲလ်တွေ ပျက်စီးသွားဖို့နှေးကွေးတယ်လို့ သိခဲ့ရာကစတယ်။

Illustration of Oocyte Cryopreservation

ဒီနည်းနဲ့ သုတ်ကောင်တွေ၊ မမျိုးဥတွေကို အေးခဲထားတတ်ကြတယ်။
တစ်ကိုယ်လုံးကိုအေးခဲပြီး အနာဂတ်မှာ နည်းပညာတွေမြင့်လာရင် အသက်ပြန်သွင်းမယ်လို့ ကြံစည်ခဲ့တဲ့သူလည်းရှိပါတယ်။
၁၉၆၇ ခုနှစ်ကတည်းက ခုချိန်ထိ အေးခဲထားတဲ့လူတစ်ယောက်ရှိနေပါတယ်။
တစ်ချိန်မှာသူ့ကို အသက်ပြန်သွင်းနိုင်ရင်တော့ သူက Time Traveler တစ်ယောက်ဖြစ်လာမှာပေါ့။

ဒီနည်းကို Sci-fi ဝတ္ထုတွေထဲမှာတွေ့ရတတ်ပါတယ်။
(Cixin Liu ရဲ့ The Dark Forest မှာ Cryopreservation နည်းနဲ့ အရေးပါတဲ့လူတွေကို အနာဂတ်မှာပြန်အသက်သွင်းကြပါတယ်)

အနာဂတ်ကိုသွားလို့ရတာတော့ ဟုတ်ပါပြီ။
အတိတ်ကိုရော သွားလို့မရဘူးလား။ ဟစ်တလာကို သွားသတ်ပြီး ဒုတိယကမ္ဘာစစ်ကြီးမဖြစ်အောင်တားချင်တယ်၊ ဒိုင်နိုဆောတွေကျက်စားတဲ့ ခေတ်ကို ပြန်သွားချင်တယ် ဆိုပါတော့…။

Physics မှာ အတိတ်ကို အချိန်ခရီးသွားတဲ့အခါ ဝိရောဓိ (Paradox) တွေ ဖြစ်လာပါတယ်။
အဲ့ဒီထဲက တစ်ခုကတော့ Grandfather Paradox ပါ။ (Time Travel အကြောင်းအနည်းအကျဉ်းဖတ်ဖူးရင်တောင် ဒါကိုသိနေလောက်ပါပြီ)

ကိုယ်က အချိန်နောက်ပြန်သွားပြီးတော့ ကိုယ့်အဖိုးကို သွားသတ်မယ်ဆိုရင် ကိုယ့်ရဲ့မိဘတစ်ပါး မွေးဖွားလာမှာမဟုတ်တဲ့အတွက် ကိုယ်လဲမွေးလာနိုင်တော့မှာ မဟုတ်ဘူး။
ကိုယ်မမွေးလာနိုင်တော့တဲ့အတွက် အချိန်နောက်ပြန်သွားပြီး အဖိုးကိုသတ်လို့မရတော့ ကိုယ့်ရဲ့မိဘတစ်ပါးမွေးလာနိုင်ပြီး ကိုယ်လဲမွေးလာပါတယ်။
Paradox က ဒါပါပဲ။ (အဖိုးကို တော်တော်မုန်းနေပုံရတယ်…)
ဒီအမြင်က “Classical Point of View” ပါ။

Quantum Mechanics မှာတော့ ဒီလို Paradox ဖြစ်မလာပါဘူး။
ကိုယ်က အဖိုးကိုသွားသတ်တဲ့အခါ သေတာရော၊ မသေတာရော ဖြစ်တန်စွမ်း နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ Superposition လို့ခေါ်ပါတယ်။
ဆိုတော့… အဖိုးသေသွားတဲ့ကမ္ဘာရှိသလို အဖိုးမသေတဲ့ကမ္ဘာလည်းရှိနေမှာပါ။ အဖိုးသေသွားတဲ့ကမ္ဘာမှာတော့ ကိုယ်ကမွေးလာတော့မှာမဟုတ်ပါဘူး။
ဒီလိုဖြစ်သွားတယ်ဆိုတာ ပညာရှင်တွေက သင်္ချာအရတွက်ချက်ပြီး ပြောခြင်းဖြစ်ပါတယ်။
စိတ်ရူးပေါက်ပြီး ထင်တာပြောနေခြင်းမျိုးမဟုတ်ပါ။
(အသေးစိတ်မရှင်းတော့ပါဘူး။ Quantum Mechanics Part 1 to 4 မှာပြောပြထားပြီးပါပြီ၊ မရှင်းရင် သွားဖတ်ပေးပါ)

https://ouo.io/inZo3XG (Part 1)

https://ouo.io/pcdheT (Part 2)

https://ouo.io/DwBfot2 (Part 3)

https://ouo.io/UNkgaM (Part 4)

နောက်တစ်နည်းနဲ့ အချိန်နောက်ပြန်သွားလို့ရပါသေးတယ်။ Wormhole ကိုအသုံးပြုပြီးတော့ပါ။
Wormhole အမျိုးအစားတွေ များစွာရှိတဲ့အထဲက ဖြတ်သန်းသွားလို့ရတဲ့ Wormhole (Transversable wormhole) ကိုအသုံးပြုမှာဖြစ်တယ်။

Wormhole တွေဟာ ဟင်းလင်းပြင်အချိန် (Space-Time) ၂ခုကို ဖြတ်လမ်းနည်းနဲ့ဆက်ပေးထားတဲ့ တံခါးပေါက်တွေပါပဲ။
Sci-fi ဇာတ်လမ်းတွေမှာတော့ စာရွက်တစ်ရွက်ကို Space-Time လို့ယူဆခိုင်းပြီး စာရွက်ကို ၂ထပ်ဖြစ်အောင် ခေါက်လိုက်တယ်။ ပြီးတော့ ချွန်တဲ့အရာတစ်ခုခုနဲ့ ထိုးဖောက်ပြတယ်။ အဲ့ဒီအခါမှာအပေါက် ၂ ပေါက်ဖြစ်သွားတာပေါ့။
တော်တော်မြင်လွယ်တဲ့ ဥပမာ တစ်ခုဖြစ်တယ်။

Pencil is the wornhole & Paper is the space-time.

Wormhole ဆိုတာ ဘာလဲသိရင် ခုစပြီး ရှုပ်မယ့်အပိုင်းရောက်လာပါပြီ။
သေချာဖတ်ပေးပါ။ နည်း ၂မျိုးရှိပါတယ်။
ပထမနည်းကတော့ Wormhole ရဲ့အပေါက် ၁ပေါက်ကို အလင်းအရှိန်နီးပါးထိမြန်အောင်လုပ်ပြီး မူလနေရာကိုလာပြန်ထားလိုက်တာပါ
အဲ့တော့ ဘာဖြစ်သလဲလို့မေးစရာရှိပါတယ်။

သူက အလင်းအရှိန်နီးပါးမြန်သွားတဲ့အတွက် သူ့ရဲ့အချိန်ဟာ အခြားပေါက်တစ်ခုထက် နှေးသွားပါတယ်။
ဥပမာ ပထမအပေါက်မှာ အချိန်က 2030 ဖြစ်နေတဲ့အချိန်မှာ သူက 2020 ပဲဖြစ်နေတယ်။
ဒါဆိုရင် လူတစ်ယောက်က ပထမအပေါက် (2030) ကနေဖြတ်လာပြီး ဒုတိယအပေါက်က ပြန်ထွက်လာတဲ့အခါ 2020 ကိုပြန်ရောက်နေမှာဖြစ်တယ်။
(ရှုတ်သွားရင် ပြန်ဖတ်ပေးပါ)

နောက်တစ်နည်းကတော့ အပေါက် ၁ပေါက်ကို Interstellar ကားထဲကလို Supermassive Black Hole နားသွားထားလိုက်တာပါ
သူ့ရဲ့အချိန်က အရမ်းနှေးသွားတဲ့အတွက် ပထမအပေါက်ကနေဝင်လာပြီး သူ့ဆီရောက်လာတဲ့အခါ နောက်ကျနေတဲ့အချိန်ကာလတစ်ခုကို ရောက်လာမှာပါ။

ဒီနည်းရဲ့ မကောင်းတဲ့အချက်ကတော့ Wormhole အပေါက်တစ်ခုကို စတင်ပြောင်းလဲလိုက်တဲ့ကာလအထိပဲ နောက်ပြန်သွားလို့ရတာပါ။
ဒိုင်နိုဆောခေတ်ကိုလည်း မရောက်နိုင်သလို၊ ဟစ်တလာဆီလည်း သွားလို့မရပါဘူး။

ဒါကြောင့် Time Machine ကို ဒီနည်းအသုံးပြုပြီး တီထွင်နိုင်ခဲ့ရင်တောင် Time Machine ကိုစထွင်ခဲ့တဲ့အချိန်ထိပဲ ပြန်သွားလို့ရနေမှာပါ။ ဒီအတိုင်ခင်အချိန်ကို ပြန်မသွားနိုင်ပါ။

ဇာတ်လမ်းတွေမှာ လွယ်လွယ်နဲ့လုပ်ပြနေတော့ ဒီနည်းလမ်းတွေက လွယ်ကူတယ်လို့ထင်စရာရှိပါတယ်။ ဒါပေမယ့် ခုလက်ရှိနည်းပညာနဲ့ အတိတ်ကိုရော၊ အနာဂတ်ကိုရော သိသိသာသာအချိန်ခရီးသွားဖို့ မဖြစ်နိုင်သေးပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “အချိန်ခရီးသွားဖို့ ဖြစ်နိုင်လား?

Leave a reply to Crimson Cancel reply

Design a site like this with WordPress.com
Get started