သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 2)

ပထမတပိုင်းမှာ Porphyria cutanea tarda နဲ့ Vampire နဲ့ ဆင်တူကြောင်းပြောခဲ့ပြီးပါပြီ။

နောက်ပိုင်းဆေးပညာမှာတော့ ဒီအယူအဆကို လက်မခံကြပြန်ပါဘူး။

ဥပမာ – Porphyria က တော်တော်လေး ရှားပါးတဲ့ရောဂါတခုမို့ Vampire တွေလို အုပ်စုလိုက်ဖြစ်ရအောင် မပေါများလှပါဘူး။

Porphyria က တံတွေးကနေ မကူးစက်တာမို့
သူများကို ကိုက်လိုက်ရင် အကိုက်ခံရတဲ့သူက vampire ဘဝပြောင်းသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

နောက်တချက်က သွေးသောက်ရင် ပိုသက်သာတယ်ဆိုတဲ့အချက်က ဆေးပညာအရ နဲနဲလွဲနေပါတယ်။

သွေးထဲမှာ Heme ပါလို့ Heme က လက္ခဏာတွေကိုသက်သာစေတာက အမှန်ပါ။

ဒါပေမယ့် ပါးစပ်ကသောက်လိုက်ရင် အူထဲရောက်သွားတဲ့ အခါ Heme ကို သွေးထဲအလုံးလိုက်မပို့ပေးပါဘူး။

Heme ကို Iron (သံဓာတ်) အဖြစ် ချေဖျက်ပြီး body က သုံးတာမို့ သွေးစုပ်ရင် Heme မရနိုင်ပါဘူး။

ဒီရောဂါကို ကုသဖို့ Heme (ဆေးကတော့ Hemin ပါ) ကို ဆေးအနေနဲ့ပေးရင်တောင် Intravenous injection/ infusion ပဲပေးမှ Heme ကို body ကရတာပါ။

ဆိုတော့ ဒီအချက်တွေက Porphyria ဟာ Vampire မှာတွေ့ရတယ်ဆိုတာကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြန်ပါတယ်။

နောက်ထပ် ဖြစ်နိုင်တဲ့ ဆက်စပ်မှုတခုကတော့ Vampire တွေကို လင်းနို့တွေနဲ့ တွဲတွေ့ရလို့ Vampire ဆိုတာ တကယ်တော့ Rabies ရောဂါ (ခွေးရူးရောဂါ) ဖြစ်တာလဲဖြစ်နိုင်တယ်လို့ ယူဆကြပြန်ပါတယ်။

Rabies ဆိုတဲ့ ခွေးရူးရောဂါက လင်းနို့ကနေလဲ ကူးစက်နိုင်ပြီး လူ့စိတ်ကို ရိုင်းစိုင်းစေတတ် aggressive ဖြစ်တတ်ပါတယ်။

Rabies ရောဂါပိုးက တံတွေးကနေကူးပါတယ်။

ဒါကြောင့် Vampire အကိုက်ခံရရင် Vampire ပြောင်းသွားတယ်ဆိုတာ ခွေးရူးရောဂါပိုးကူးခံလိုက်ရတာလို့လဲ ယူဆကြပါတယ်။

Vampire မှာနောက်ထပ်ထူးခြားတာတခုက ကြက်သွန်ဖြူကြောက်တာပါ။

ကြက်သွန်ဖြူကြောက်တဲ့ရောဂါကို Alliumphobia လို့ခေါ်ပြီး Vampire တွေကြောက်တယ်လို့ လူသိများပါတယ်။

တချို့ကလဲ Porphyria ရောဂါသမားတွေက sulphur ပါတဲ့ဆေးတွေသောက်ရင် ရောဂါပိုဆိုးတတ်တာတွေ့ရပြီး ကြက်သွန်ဖြူက sulphur တွေပါလို့ vampire တွေကြောက်တာလို့ ယူဆကြပါတယ်။

ဒါတွေက ယူဆချက်အဆင့်သာရှိပြီး Vampire ဆိုတာ တကယ့်လက်တွေ့မှာလဲ တကယ်ရှိချင်မှရှိမှာပါ။

Vampire တွေက တခုခုဆို မြင်သမျှ တွေ့သမျှကိုရေတွက်နေတတ်ပါတယ်တဲ့…ဒါကို ဆေးပညာမှာ Arithmomania လို့ခေါ်ပါတယ်။

Vampire အလိုက်ခံရရင် သဲဖြစ်ဖြစ် ဆန်ဖြစ်ဖြစ် အစေ့အဆန်တွေကို ကျဲချလိုက်တဲ့အခါ ဆက်မလိုက်နိုင်တော့ဘဲ Vampire တွေက တစေ့စီ ရေတွက်နေပါတယ်တဲ့။

ဒါကလဲ ဒဏ္ဍာရီဆန်ဆန် ပြောကြတာတွေပါ။

တကယ့် Arithmomania ဝေဒနာရှင်တွေကတော့ OCD လို့ခေါ်တဲ့ Obsessive compulsive disorder သမားတွေဖြစ်ကြပါတယ်။

သူတို့ကတော့ လှေကားထစ်တွေရေတွက်တာ ၊ ဖြတ်သွားတဲ့လူတွေကို တယောက်စီရေတွက်တာ စသဖြင့် မရေတွက်ရရင် မနေနိုင်ကြသူတွေဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Vampire နဲ့ လက်တွေ့ဘဝထဲက ရောဂါတွေနဲ့ ချိတ်ဆက်မိလောက်ပြီလို့ထင်ပါတယ်။

ဆေးပညာမထွန်းကားသေးတဲ့ ကာလမှာ ရောဂါဖြစ်လာတဲ့အခါ ထူးဆန်းနေကြပြီး ဘီလူးတို့ ၊ သွေးစုပ်ဖုတ်ကောင်တို့ ၊စုန်းမတို့ စသဖြင့် လူတွေက နာမည်ပေးလိုက်ကြ ပယ်ထားတတ်ကြပါတယ်။

ယနေ့ခေတ်မှာတော့ တချို့တွေက ထင်သလို ကြောက်စရာမဟုတ်ဘဲ သနားစရာ ရောဂါသည်များစိတ်ဝေဒနာရှင်များ ဖြစ်နေကြတာကို သိလာရပါပြီ။

Thanks for your time!

လင်းမူ

Leave a comment

Design a site like this with WordPress.com
Get started