ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?

မဟုတ်တာတွေ လျောက်ရေးပြန်ပြီကွာလို့ အထင်မစောကြပါနဲ့ဦး။
လူတွေက နှလုံးသားနဲ့ ဦးနှောက်ကို နှိုင်းယှဉ်ပြီး ပြောတတ်ကြတယ်။ ကိစ္စတစ်ခုကို ဆုံးဖြတ်တာတဲ့အခါ နှလုံးသားရဲ့ခေါ်ဆောင်ရာနောက် လိုက်မလား၊ ဦးနှောက်နဲ့ ချင့်ချိန်ပြီး သွားမလားပေါ့လေ။ (နှလုံးသားဆိုလို့ အချစ်ရေးကိုပဲ ပြောချင်တာမဟုတ်ပါ၊ Gut Feeling သဘောကို ပြောချင်တာပါ)
နှလုံးသား အရသွားရင်တော့ အထောက်အထားမရှိဘဲနဲ့ စမ်းတဝါးဝါးမို့ အမှားတွေများနိုင်တယ်လို့ ပြောကြတာပေါ့။
ဦးနှောက်နဲ့ဆို အထောက်အထားတွေအရ ချင့်ချိန်ပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်နိုင်တော့ အမှားနည်းတယ်ပေါ့လေ။

ဒီတော့ ဦးနှောက်ကို ယုံလို့ရလားဆိုတာ တစ်ချက်ပြန် စဉ်းစားစရာဖြစ်လာတယ်။
တွေးနေ၊ ရေးနေနိုင်တာ ဦးနှောက်ကြောင့်လေ၊ ဦးနှောက်ကို မယုံရင် ခုရေးတဲ့စာကိုရော မယုံဘူးလားလို့ မေးစရာရှိလာတာပေါ့။
ဒီကိစ္စက ခပ်ရှုပ်ရှုပ်ပါပဲ။ သဘောပေါက်ဖို့ ဆက်ဖတ်ပေးပါဦး။

ကျွန်တော်တို့တွေ ပတ်ဝန်းကျင်နဲ့ အာရုံငါးပါးအရ ဆက်သွယ်ကြတာပေါ့လေ။ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ၅ခုပေါ့။

လူတွေမကြားနိုင်တဲ့ အသံတွေရှိနေတယ်။ လူတွေက 20 Hz to 20 kHz ကြားပဲကြားနိုင်တယ်။ အဲ့ဒီအပေါ်နဲ့အောက်က အသံတွေဆို မကြားနိုင်ဘူး။ မကြားရလို့ မရှိဘူးလို့ပြောမရဘူး၊ ခွေးတွေ လင်းနို့တွေဆို လူတွေထက်ပိုကြားနိုင်တယ်။

အမြင်ကို ပြောမယ်ဆိုလည်း လူတွေက 2 Dimension ပဲမြင်ရတာ၊ ဒါကို ဦးနှောက်က လံကြုတ်လုပ်ပြီး 3D ရုပ်လုံးကြွလိုပေါ်အောင် လုပ်ပေးထားတာလို့ ဆိုတယ်။
(မဟုတ်ရင် အရာရာကို ပြားပြားကြီးပဲ မြင်နေရမှာပါ၊ အဲ့ဒီအခါမှာ ငါကတော့ စပျစ်သီးဟဲ့၊ ငါကတော့ ပန်းသီးဟဲ့၊ ငါကတော့ ကျွဲကောသီးဟဲ့ ဆိုပြီး နှိုင်းယှဉ်ဖို့ မလွယ်ကူတော့ပါဘူး…)

ဒါ့အပြင် လူတွေရဲ့ မြင်လွှာမှာ Blindspot ဆိုတာ ရှိနေတယ်။ (အလင်းအဲ့ဒီအပေါ်ကျလည်း ရုပ်ပုံမပေါ်ဘူး)
အဲ့ဒီနေရာက ဘယ်လောက်ကြီးလဲဆို ကျွန်တော်တို့ မြင်ကွင်းရဲ့ 2% လောက်ရှိတယ်။
ခုဒီစာကို ဖတ်နေတာပဲ၊ အမြင်က အပြည့်ပဲလေလို့ ထင်စရာ ရှိတယ်။

စမ်းသပ်လို့ရမယ့် နည်းတစ်ခုရှိပါတယ်။
လက်နှစ်ဖက်စလုံးကို လက်မထောင်ပြီး ဆန့်လိုက်ပါ။ လက်မနှစ်ခုကို ပူးထားလိုက်ပါ။ ဘယ်မျက်စိကို ပိတ်လိုက်ပါ။ ညာမျက်စိနဲ့ ဘယ်လက်မထိပ်ကို ကြည့်ထားပါ။ အဲ့ဒီအချိန်မှာ ညာလက်မကို ရေပြင်ညီမျဉ်းအတိုင်း ညာဘက်ကို ဖြေးဖြေးချင်း ရွှေ့လိုက်ပါ။ (ဘယ်လက်မကိုပဲ စိုက်ကြည့်နေဖို့လိုပါတယ်၊ မဟုတ်ရင် စမ်းသပ်မှုလွဲသွားပါပြီ)
တစ်နေရာရောက်တဲ့အခါမှာ ညာလက်မထိပ်ကို မမြင်ရတော့ဘဲ ရုတ်တရက် ကိုယ်ပျောက်သွားသလိုဖြစ်တာကို တွေ့ရမှာပါ။ အဲ့လိုနဲ့ ညာဘက်ကို ဆက်ရွေ့တဲ့အခါမှာ လက်မထိပ်ကို ပြန်မြင်ရပါတယ်။ (လင်းတဲ့နေရာကို နောက်ခံထားရင် ပိုသိသာပါတယ်)
ဘယ်ဘက်ကိုလည်း ဒီလိုပဲ စမ်းလို့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ Blindspot ပါပဲ။ (မရလည်း မရဘူးလို့ မပြောခင် စာကို သေချာဖတ်ပြီးစမ်းပါ၊ ကျွန်တော် ၃ယောက်ကို စမ်းပြီးပါပြီ)

တကယ်ဆိုရင် အဲ့ဒီနေရာမှာ ရုပ်ပုံမပေါ်ဘဲ မဲမဲကြီးဖြစ်နေသင့်တာပါ။ ဒါပေမယ့် ဦးနှောက်က အဲ့ဒီလိုအဖြစ်မခံဘဲ ပုံရိပ်ကို လိုက်ဖြည့်ပေးပါတယ်
ပြီးတော့ လူတွေမြင်နိုင်တဲ့ လှိုင်းအလျားဟာ အကြမ်းအားဖြင့် 380nm ကနေ 750nm ထိပဲရှိပါတယ်။ ဒါရဲ့အပေါ်တွေ၊ အောက်တွေဆို မမြင်ရပါဘူး။

ဒီတော့ ဦးနှောက်က အရှိကိုအရှိအတိုင်းမပြဘဲ လူကို တစ်ပတ်ရိုက်နေတာပေါ့။
လူတစ်ကိုယ် စိတ်တစ်မျိုးလို့ပြောလေ့ရှိကြတယ်။ ဒါပေမယ့် လူမှာ ဦးနှောက်က ၂ခြမ်း ရှိပါတယ်။ ဒီ ၂ခြမ်းက လုပ်တဲ့ လုပ်ငန်းတွေက မတူကြပါဘူး။
ဥပမာ ဘာသာစကားဆိုရင် ဘယ်ဘက်ဦးနှောက်က ကိုင်တွယ်တာများပါတယ်။ ဂီတဆိုရင် ညာဘက်ဦးနှောက်နဲ့ပိုဆိုင်တယ်။

Left & RIght Brain Comparison

သူတို့ကို တံတားထိုး ဆက်သွယ်ပေးထားတဲ့ ပစ္စည်းကို Corpus Callosum လို့ခေါ်တယ်။
အဲ့ဒီကောင်ကို ဖြတ်လိုက်ရင် ဦးနှောက် ၂ခုကြားဆက်သွယ်မှုမရှိတော့ပါဘူး။

အဲ့ဒီလို လူတွေကို Split Brain လို့ခေါ်တယ်။
ဦးနှောက်ထဲက ပစ္စည်းကို ဖြတ်တောက်လိုက်တဲ့အတွက် သေပြီလို့ မထင်ပါနဲ့၊ အဲ့လိုနဲ့ အသက်ရှင်နေတဲ့သူတွေ အများကြီးပါ။ အပြင်ပန်းကြည့်ရင် သာမန်လူလိုပါပဲ။
ဦးနှောက်က ဘယ်လောက်လံကြုတ်လုပ်တတ်သလဲဆိုတာ ဒီလူတွေမှာတော့ ကွက်ကွက်ကွင်းကွင်းကို ပေါ်လာတာပါပဲ။

Psychologist တွေကတော့ အမျိုးမျိုး စမ်းသပ်ကြတာပေါ့။
ဘယ်ဘက်မျက်စိအတွက် “သော့” ဆိုတဲ့စာကို ပြတယ်၊ ညာဘက်အတွက် “လက်စွပ်” ဆိုတဲ့စာကို ပြတယ်။
ပြီးတော့ ညာလက်နဲ့ သော့၊ လက်စွပ်၊ နာရီ၊ ခွက် စတာတွေကို ရွေးခိုင်းတယ်။
(ညာလက်ကို ဘယ်ဦးနှောက်က ထိန်းချုပ်လို့ ဒီလိုရွေးခိုင်းရတာပါ)
Split Brain သမားက သော့ကိုပဲရွေးသွားတယ်။
(ဘယ်မျက်စိနဲ့မြင်တဲ့သော့ကို ဘယ်ဦးနှောက်က ထိန်းချုပ်တဲ့ ညာလက်နဲ့ရွေးလိုက်တာပါ)
သာမန်လူတွေဆို ၂ခုလုံးကိုမြင်ပြီး ၂ခုလုံးကို ရွေးနိုင်ပါတယ်။

Split Brain တွေကို ဘာလို့ဒီလိုရွေးရတာလဲလို့ မေးတဲ့အခါမှာ ဦးနှောက်ရဲ့ လံကြုတ်ဇာတ်လမ်းတွေ ပေါ်လာပါတယ်။

ဘာမြင်လဲလို့မေးတဲ့အခါမှာ မြင်နေရပါလျက်နဲ့ မမြင်ဘူးဖြေတယ် (လိမ်တာမဟုတ်ပါ)၊ ဒါပေမယ့် မြင်ရတာကို ကိုင်ပြလို့ပြောတဲ့အခါ ကိုင်ပြနိုင်တယ်။
တတိယပုံမှာတော့ စကားပြောတဲ့ ဘယ်ဦးနှောက်နဲ့ အမြင်နဲ့ တစ်ထပ်တည်းကျလို့ မှန်အောင်ပြောနိုင်တယ်။

မရှင်းသေးရင် နောက်တစ်ခုထပ်ပြောပါမယ်။
Split Brain သမားကို ညာဘက်မျက်စိရှေ့မှာ “လမ်းလျှောက်ပါ” ဆိုတဲ့ စာပြလိုက်တယ်။ ဒီလူက မတ်တပ်ထရပ်တယ်။
ဒါပေမယ့် စမ်းသပ်သူက ဘာလို့ရပ်တာလဲလို့ မေးတဲ့အခါမှာ အအေးသောက်ချင်လို့၊ အိမ်သာသွားချင်လို့ဆိုပြီး လံကြုတ်အဖြေတွေရတယ်။
သူ့ရဲ့ညာဦးနှောက်က မြင်တဲ့ဟာကို ဘယ်ဦးနှောက်က မသိပေမယ့် ကြည့်ကောင်းမယ့် အဖြေ ၁ခုရှာပေးလိုက်တယ်။ (လိမ်တာမဟုတ်ပါဘူး၊ တကယ်ကို ပြောတဲ့အတိုင်းယုံနေတာပါ)

Split Brain တစ်ယောက်ဆိုရင် သူ့ရဲ့ ဘယ်ဦးနှောက်က ဘုရားသခင်ကို ယုံကြည်ပြီး ညာဦးနှောက်က ဘာသာမဲ့ဖြစ်နေတယ်လို့ဆိုတယ်။

Split Brain သမားတွေမှာတော့ ဟုတ်ပါပြီ။ သာမန်လူတွေမှာရော လို့မေးစရာရှိမှာပါ။
သာမန်လူတွေက သူတို့လောက် မသိသာပေမယ့် နေ့စဉ်ဒီလိုကိစ္စတွေ ဖြစ်နေတာပါပဲ။
ဘယ်ဦးနှောက်နဲ့ ညာဦးနှောက်ကြားမှာ ဆက်သွယ်မှုတစ်ခုရှိနေလို့သာ ခုလို သိသိသာသာမဖြစ်တာပါ။

လူတွေက ကိစ္စတစ်ခုကို လုပ်တဲ့အခါ ဘာလို့ဒီလိုလုပ်ရလဲလို့ မေးလိုက်ရင် အကြောင်းပြချက် ၁ခု ပေးတတ်ကြတယ်။
အဲ့ဒီအကြောင်းပြချက်တွေကရော Split Brain သမားတွေလို ဦးနှောက်ကလံကြုတ်နေတာ မဖြစ်နိုင်ဘူးလား။

ကျွန်တော်တို့မှတ်မိတဲ့ အတိတ်တွေက တကယ်ဖြစ်ခဲ့တဲ့အတိုင်း မဟုတ်ဘူးလို့ဆိုကြတယ်။ အချိန်ကာလကြာလာတာနဲ့အမျှ ကိုယ့်ရဲ့လက်ရှိအမြင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဦးနှောက်က လိုက်ပြောင်းလဲပေးနေတာလို့ ဆိုတယ်

ကျွန်တော်တို့တွေ အရောင်တွေ၊ အရသာတွေကို ပြောတဲ့အခါ အတိအကျမပြောနိုင်ကြဘူး။
အနီရောင်ကို တစ်ခါမှ မမြင်ဖူးတဲ့လူကို အနီရောင်ဆိုတာဘာလဲ ဘယ်လိုပြောမလဲ။ အနီရောင်ဆိုတာကို Visual Aid တွေမပါဘဲ ထပ်ပြီး ရှင်းပြလို့မရနိုင်တော့ဘူး။
ဒါတွေကို Qualia လို့ခေါ်တယ်။

Physics မှာ ထပ်မံခွဲစိတ်လို့မရတော့ဘူးဆိုတဲ့ Fundamental Particles တွေရှိသလို အာရုံငါးပါးမှာလည်း Qualia တွေရှိတယ်။
အနီရောင်ဟာ အနီမို့ နီတယ်လို့ ပြောတာပေါ့သိနေလို့ သိတယ်လို့ ပြောတာပေါ့
ဒီထက်ရှင်းအောင် ထပ်ပြောလို့မရတော့ဘူး။

ကျွန်တော်တို့ရဲ့ အာရုံသိက အဲ့ဒီအောက်ကို ဆက်ပြီးမဆင်းတော့ဘူး။
ဒါကြောင့် တချို့ Psychologist တွေက ကိုယ့်စိတ်ထဲမှာ ငါဒါကိုဘာလို့လုပ်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ကိုယ့်ဘာသာပြန်ရှင်းပြနေရင် ဆားခတ်ပြီးယုံပါလို့ပြောကြတယ်
ဘာလို့လဲဆိုတော့ ဦးနှောက်က လံကြုတ်လုပ်တဲ့နေရာမှာ ဆရာကြိးမို့ပါ

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?

Leave a reply to Thiha Cancel reply

Design a site like this with WordPress.com
Get started