(ဒီအကြောင်းကို မဖတ်ခင် Quantum Mechanics အကြောင်းနည်းနည်းတော့သိသင့်ပါတယ်။
ဒါပေမယ့် မသိသေးတဲ့သူတွေပါ နားလည်နိုင်အောင် အတတ်နိုင်ဆုံးရေးသွားပါမယ်။ နားမလည်လို့ ဆက်ပြီးဖတ်ချင်ရင် ဖတ်လို့ရအောင်လည်း အရင်ကရေးထားခဲ့ဖူးတဲ့ Link တွေထည့်ပေးထားပါမယ်)
Quantum Computer တွေကိုနားလည်ဖို့ သာမန်ကွန်ပြူတာတွေဘယ်လို အလုပ်လုပ်လဲဆိုတာ အရင်သိသင့်ပါတယ်။
ကွန်ပြူတာတွေက ကိုယ်ကိုချင်တာကို မြန်မြန်ဆန်ဆန်နဲ့လုပ်ပေးနိုင်တဲ့အတွက် သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာ မသိကြရင် ထူးဆန်းတယ်လို့ ထင်ချင်ထင်ကြမှာပါ။
ဒါပေမယ့် သာမန်ကွန်ပြူတာတွေက အဲ့လောက်မထူးဆန်းပါဘူး။
ကွန်ပြူတာမှာ အခြေခံကျတဲ့ပစ္စည်းကတော့ Transistor ပါပဲ။ သူက လျှပ်စစ်အဝင်အထွက်ကိုပဲ သိပါတယ်။ သူက 0, 1 နှစ်မျိုးပဲနားလည်ပါတယ်။
(လျှပ်စစ်ဝင်လာရင် 1, မဝင်လာရင် 0 ဆိုပါတော့)
ဒါကို Bits လို့ခေါ်ပါတယ်။ ကွန်ပြူတာရဲ့ အခြေခံ Unit ပါ။ (1 လား၊ 0 လား မှတ်တမ်းတင်ထားတာပေါ့)

နည်းပညာတွေ တိုးတက်လာတော့ Transistor တွေက တော်တော်သေးလာကြပါပြီ။ Transistor တစ်ခုဟာ Atom အရွယ်အစားလောက်ထိကို သေးငယ်လာပြီလို့ ဆိုပါတယ်။ 2021 မှာတော့ Transistor တစ်ခုရဲ့အရွယ်အစားဟာ 10nm အောက်ကိုရောက်နေပါပြီ။ (Virus တွေရဲ့အရွယ်အစားလောက် ဖြစ်နေပါပြီ)

Transistor တွေပေါင်းလိုက်တဲ့အခါ Logic Gates တွေရလာပါတယ်။ (ငယ်ငယ်က ဘာမှန်းမသိဘဲ အလွတ်ကျက်ခဲ့ရတဲ့ AND, OR, NAND, NOR Gates တွေကိုပြောချင်တာပါ)
သူတို့က Transistors တွေရဲ့ Input တွေအပေါ်မူတည်ပြီး Output တစ်ခုကို ထုတ်ပေးတာပါ။
ဥပမာ AND Gate ဆိုရင် သူ့ထဲဝင်တဲ့ Input တွေအကုန် 1 ဖြစ်မှ Output က 1 ဖြစ်တာပါ။ အဲ့လိုမဟုတ်ဘဲအဝင်မှာ တစ်ခုခုက 0 ဖြစ်မယ်ဆိုရင် Output က 0 ဖြစ်သွားပါတယ်။
Transistor တွေထက် တစ်ဆင့်မြင့်သွားပြီး နည်းနည်း ပိုရှုပ်ထွေးလာတာပေါ့။

Logic Gates တွေပေါင်းလိုက်ရင် Modules တွေရလာပါတယ်။ ဒီအခါမှာ Basic Math တွေလုပ်လို့ရလာပါပြီ။ ပေါင်းခြင်း၊ မြှောက်ခြင်းတွေကို လုပ်နိုင်လာပါပြီ။
ဒါ ကျွန်တော်တို့သုံးနေတဲ့ ကွန်ပြူတာတွေရဲ့ အခြေခံပါပဲ။
လူတစ်ယောက်ချင်းဆီက ပေါင်းခြင်း၊ မြှောက်ခြင်းကို လုပ်ပေးနေတာနဲ့ တူတူပါပဲ။ ဒါတွေပေါင်းလိုက်ရင်တော့ ကျွန်တော်တို့သိတဲ့ Computer Chips လေးတွေရလာပါပြီ။

ပြဿနာတစ်ခုရှိတာက Transistor တွေက Atom တွေအဆင့်လောက်ထိသေးလာပြီဆိုတော့ Transistor တွေဖွင့်ခြင်း၊ ပိတ်ခြင်းက Effective သိပ်မဖြစ်တော့ပါဘူး။
ဒါကိုနားလည်ဖို့ Quantum Mechanics နည်းနည်းတော့သိရပါမယ်။
Atom အဆင့်လောက်ထိ သေးသွားတဲ့အခါ ကျွန်တော်တို့နေ့စဉ်မြင်သလို တွေးသလို မဟုတ်တော့ပါဘူး။ ပါဝါတွေ၊ စွမ်းအားတွေဆိုပြီး ရှေးလူကြီးတွေယူဆကြတဲ့သဘောတွေ ရောက်လာပါပြီ။
Transistor တွေက ဖွင့်လိုက်ပိတ်လိုက်လုပ်ခြင်းအားဖြင့် လျှပ်စစ်စီးဆင်းမှု (Electron Flow) ကို တားတယ်လို့ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် အရမ်းသေးငယ်လာတဲ့အခါမှာ Electron က သူ့ရှေ့မှာ အတားအဆီးရှိနေပေမယ့် တဖက်ကိုဖောက်ထွင်းပြီး ရောက်သွားနိုင်ပါတယ်။ (ဒီတော့ တားထားတာ ဘာထူးတော့မလဲ) ဒါကို Quantum Tunneling လို့ခေါ်ပါတယ်။

(သေချာသိချင်ရင် ဒီမှာဖတ်ပါ)
Quantum Tunneling (Quantum Mechanics Part 8)
https://ouo.io/diUlx1
စာဖတ်သူ အခုကိုင်ထားတဲ့ ဖုန်းတစ်လုံး၊ Laptop တစ်လုံးနဲ့ အရင်ခေတ်က ကွန်ပြူတာနဲ့ယှဉ်ကြည့်လိုက်ပါ။ တော်တော်သေးလာပါတယ်။ ဒါဟာ Transistor တွေကို ပိုပိုသေးငယ်အောင်လုပ်လာနိုင်လို့ပါ။ အခု Transistor တွေက သေးလွန်းမက သေးပြီး Atom အရွယ်အစားရောက်လာတော့ Quantum Tunneling သဘောတရားအရ သိပ်ပြီး Effective မဖြစ်တော့ပါဘူး။ ဒီလိုသာဆက်သွားကြရင် 2040 ခုနှစ်ရောက်တဲ့အခါ တစ်ကမ္ဘာလုံးအတွက်လိုအပ်တဲ့ Computing Power ကို မရနိုင်တော့ဘူးလို့ဆိုတယ်။

အဲ့ဒီတော့ Quantum Computers တွေကို တီထွင်ဖို့ကြံစည်လာကြတယ်။
(Quantum Tunneling လုပ်ချင်တဲ့ Electron ကို မင်း… လုပ်ချင်သလောက် လုပ်စမ်းကွာဆိုပြီး ပြန်အသုံးချလိုက်တဲ့သဘောပါ)
သာမန် Computer မှာ Bits ကိုသုံးပေမယ့် Quantum Computer တွေမှာတော့ Qubits ကိုသုံးပါတယ်။ ဘာကွာလဲဆိုတော့ Qubits က 1 ရယ်၊ 0 ရယ် ဖြစ်နိုင်တဲ့အပြင် 1 ရော 0 ရော ဖြစ်နိုင်ပါတယ်။ ဒါကို Superposition လို့ခေါ်ပါတယ်။
(ပိုသိချင်ရင် ဒီမှာဖတ်နိုင်ပါတယ်)
ဖောက်ပြန်သောအလင်းနှင့် Double Slit Experiment (Quantum Mechanics Part 1)
https://ouo.io/inZo3XG
Schrodinger’s cat (Quantum Mechanics Part 2)
https://ouo.io/pcdheT
မြင်အောင်ပြောရရင် ကမ္ဘာလုံးကြီးကို မြင်ကြည့်ပါ။ သာမန်ကွန်ပြူတာရဲ့ Bits ဆိုတာ 1 or 0 တစ်ခုခုပဲမို့ ဝန်ရိုးစွန်း ၁ခုမှာပဲရှိနေနိုင်ပါတယ်။ (တောင် or မြောက်ပေါ့)
Qubits တွေကျတော့ ကမ္ဘာတစ်ခုလုံးကြိုက်တဲ့နေရာမှာ ရှိနေနိုင်ပါတယ်။

ဒီတော့ Qubits တစ်ခုတိုးလိုက်တိုင်း Information သိမ်းနိုင်စွမ်းက ဆတိုးတက်သွားပါတယ်။
Qubits တွေရဲ့ထူးခြားချက်က သူ့အချင်းချင်းကြားမှာ Quantum Entanglement ရှိနေတာပါ။

(ပိုပြီးသိလိုပါက ဒီမှာဖတ်ပါ)
Ping မရှိသော Game နှင့် Quantum Entanglement (Quantum Mechanics Part 6)
https://ouo.io/jYIRPW
ရှင်းအောင်ပြောရရင် တစ်ခုကို တိုင်းတာလိုက်တာနဲ့ သူနဲ့ဆက်နွယ်နေတဲ့အခြားတစ်ခုကပါ လိုက်ပြောင်းလို့ အဲ့ဒီ Qubit ကိုသွားတိုင်းစရာမလိုဘဲ ဘာဖြစ်မလဲဆိုတာ ပြောနိုင်တာပါ။
ဒီသဘောတရားနဲ့ Logic Gates တွေနည်းတူ Quantum Gates တွေကို တည်ဆောက်လိုက်ပါတယ်။ (ဒါတွေက မသိလည်းရတာမို့ ကျွန်တော်လိုက်ဖတ် မနေတော့ပါဘူး)
ခုချိန်မှာတော့ Quantum Computers တွေကို ပေါပေါများများမသုံးနိုင်သေးပါဘူး။
တွက်ချက်မှုတွေ အများကြီးလိုအပ်တဲ့ Research ပိုင်းမှာတော့ ဒါကို သုံးဖိို့လိုအပ်ပေမယ့် သာမန်အိမ်သုံး ဂိမ်းဆော့ဖို့၊ Video Edit ဖို့ အတွက်တော့ ဒီလောက်မလိုအပ်သေးပါဘူး။ (အနာဂတ်မှာ ဒီကွန်ပြူတာတွေ စျေးပေါလာရင်တော့ ပြောင်းသုံးရမှာပေါ့)
သူ့ကိုသုံးရင်တော့ အချိန်ကုန်သက်သာမှာ သေချာပါတယ်။

ခုချိန်မှာတော့ Research ပိုင်းမှာပဲ သုံးနိုင်ပါသေးတယ်။ ပြီးတော့ သူက နေရာတော်တော်ယူပါတယ်။ စျေးကလည်း $15 million လောက်ရှိတယ်လို့ဆိုတယ်။

ဒါပေမယ့် ရွှေတရုတ်ကတော့ $5000 တန် ၁၂၁ ပေါင်လေးတဲ့ Quantum Computer ကိုထွင်ထားပါတယ်။ ရောင်းလည်းရောင်းနေပါတယ်။ သူက 2 Qubits ပဲတွက်ချက်နိုင်ပါတယ်။ ဒါပေမယ့် သာမန်ကွန်ပြူတာနဲ့ချိတ်ဆက်လိုက်တဲ့အခါ ပိုမိုမြန်ဆန်စေတယ်လို့ ဆိုပါတယ်။

ဘာမှသိပ်နားမလည်လိုက်ဘူးဆိုရင်တောင် ဒါလေးတွေကိုတော့ သိစေချင်ပါတယ်။
အရမ်းမြန်လို့ အချိန်ကုန်သက်သာစေပါတယ်။ နှစ်ပေါင်းရာနဲ့ချီပြီး ကြာမယ့်တွက်ချက်မှုတွေကို အချိန်ကာလတစ်ခုအတွင်းပြီးအောင် လုပ်ဆောင်ပေးနိုင်မှာပါ။
ဒါကိုသာတွင်တွင်ကျယ်ကျယ်သုံးလာနိုင်ရင် လူတွေရဲ့လူနေမှုအဆင့်အတန်းက နောက်တစ်ဆင့်ကို ရောက်လာမှာပါ။
ဒီလောက်ဆိုရင် Quantum Computer အကြောင်းကို အကြမ်းဖျင်းလောက်တော့သိသွားမယ်လို့ ထင်ပါတယ်။
ခုထိဖတ်လာပေးတာ ကျေးဇူးတင်ပါတယ်။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။