ခေါင်းစဉ်အကြောင်းကို တန်းမပြောခင် ကြိုသိထားသင့်တဲ့အရာတွေ ရှိပါတယ်။ စီးပွားရေးတော့ ဆန်ပါမယ်။ လူတွေရဲ့စိတ်အခံကို အရင်သိဖို့အတွက်တော့ ပြောရမှာပါ။
ပုလဲကုန်သည်တစ်ယောက်ကို တစ်နေ့မှာ လူတစ်ယောက်က စျေးကွက်မဝင်တဲ့ ပုလဲနက် (Black Pearl) တွေကို ရောင်းဖို့သူ့ကို လာကမ်းလှမ်းတယ်။ သူလည်း အဆွယ်ကောင်းလို့ လက်ခံလိုက်တယ်။ ဒါပေမယ့် ဝယ်လိုအားကမရှိတော့ ဘယ်လိုရောင်းရောင်းမထွက်သွားဘူး။ ပုလဲတွေက ခပ်ညိုညို၊ ခပ်ကြီးကြီးဆိုတော့ လူတွေက မကြိုက်ကြဘူး။

နောက်ဆုံးမှာတော့ သူနဲ့ခင်တဲ့ရတနာအရောင်းဆိုင်ဆီသွားပြီး ဒီပုလဲတွေကို စျေးကြီးကြီးနဲ့ တင်ရောင်းခိုင်းတယ်။ သတင်းစာတွေမှာလည်း ဘယ်လောက်လှကြောင်း ကြော်ငြာတာပေါ့။ ဒီလိုနဲ့ အစပိုင်းမှာ ဝယ်လိုအားမရှိတဲ့ ပုလဲနက်တွေက စျေးကွက်ဝင်သွားတယ်။
Mark Twain ကတော့ “လူတွေပစ္စည်းတစ်ခုကို တန်ဖိုးထားစေချင်ရင် ရှားပါးအောင်လုပ်လိုက်ပါ” လို့ ပြောခဲ့ဖူးတယ်။

ငန်းဘဲပေါက်လေးတွေဟာ သူတို့ဥကထွက်လာပြီး ပထမဦးဆုံးမြင်တဲ့လှုပ်ရှားတဲ့အရာကို သူတို့အမေလို့ထင်ကြတယ်။ အဲ့ဒီအခါမှာ လူကို မြင်ရင် အမေထင်ပြီး အမြဲနောက်ကနေလိုက်ကြတော့တာပါပဲ။ ဒါကို Imprinting လို့ခေါ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချပြီးရင် မပြောင်းတော့ဘဲ အဲ့ဒီအတိုင်းလိုက်လုပ်တာကို ခေါ်တာပါ။

လူတွေက ဒီလောက်တော့ မအကြပေမယ့် ဒီသဘောတရားတွေရှိနေပါတယ်။ စျေးနှုန်းတစ်ခုကို ပထမဆုံး သိလိုက်ရရင် အရာရာကို အဲ့ဒီစျေးနှုန်းနဲ့ကိုင်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဥပမာ တီဗွီဝယ်ဖို့ လေ့လာတဲ့အခါ ကိုယ်ပထမဆုံးကြားရတဲ့ TV စျေးနှုန်း၊ Specs တွေပေါ်မူတည်ပြီး နောက်ဟာတွေကို နှိုင်းယှဉ်တတ်ကြပါတယ်။
Ex တွေကို မမေ့နိုင်တာလည်း ဒီသဘောပါပဲ။ အချစ်ဦးကို မမေ့နိုင်ဘူးဆိုတာ Imprinting ကြောင့်ဖြစ်တာပါ။ အရာရာကို သူနဲ့ပဲနှိုင်းယှဉ်ပြီး စဉ်းစားမိတော့တာပေါ့။ ဒါကို လက်မခံနိုင်သေးရင် စမ်းသပ်ချက်တစ်ခုကို ပြောပြချင်ပါတယ်။

ကျောင်းသားတွေကို ခေါ်ပြီး သူတို့ရဲ့ Social Security Number ရဲ့နောက်ဆုံးဂဏန်း ၂လုံးကို ချရေးခိုင်းလိုက်ပါတယ်။ ဥပမာ ၉၅ ဆိုပါတော့။ ဒါကို Dollar အနေနဲ့သတ်မှတ်ခိုင်းတယ်။ (၉၅ ဒေါ်လာပေါ့) ပြီးတော့ Wine ပုလင်း၊ Keyboard & Mouse ၊ ဒီဇိုင်းစာအုပ်၊ ချောကလက်တစ်ဗူး စတာတွေကို ပြတယ်။ ကျောင်းသားတွေကို သူတို့ရေးထားတဲ့ Dollar နဲ့ဒီပစ္စည်းတစ်ခုချင်းစီကို ဝယ်မလားလို့ မေးတယ်။ Yes or No ရေးခိုင်းလိုက်တယ်။
ပြီးတော့ ဘယ်လောက်နဲ့ ဒီပစ္စည်းတစ်ခုစီကို Bid လုပ်မလဲလို့ မေးတယ်။ Data တွေစုပြီးတဲ့အခါ အများဆုံး Bid လုပ်တဲ့သူကို ရောင်းလိုက်တယ်။ ထူးခြားတာက Social Security Number အမြင့် (90-99) မှာရှိတဲ့သူတွေက သူ့အောက်ကလူတွေထက် စျေးပိုပေးပြီး 0-19 သမားတွေက အနိမ့်ဆုံး Bid လုပ်ကြတယ်ဆိုတာပါ။ ဒါဆို ငန်းဘဲတွေလိုပဲ Imprinting Effect က လူတွေမှာ ရှိနေတာပေါ့။

နောက်ပြီးတော့ ပုံမှာကြည့်ရင် Keyboard နဲ့ Mouse ၊ Wine ၂ပုလင်းစျေးနှုန်းတွေဟာ ချိတ်ဆက်မှုရှိနေတယ်။ Mouse ဟာ Keyboard ထက်စျေးချိုရမယ်၊ 1996 ခုနှစ်က Wine က 1998 က ဝိုင်ထက်စျေးကြီးရမယ်ဆိုတာမျိုးကို သူတို့ရဲ့ပကတိတန်ဖိုးကို မသိပေမယ့် လူတွေက နှိုင်းယှဉ်ပြီး ချိန်ဆတတ်တယ်။ ဒါကို Anchoring လို့ခေါ်ပါတယ်။ သင်္ဘောတွေကျောက်ဆူးချတာနဲ့ တင်စားလိုက်တာပါ။

ဒီတော့ အချစ်ဦးရဲ့တန်ဖိုးနဲ့ နောက်လူတွေကို နှိုင်းယှဉ်တဲ့အခါ အချစ်ဦးဟာကိုယ့်ရဲ့ Anchor ဖြစ်လာပါတယ်။ သူက တေလေဂျပိုးဖြစ်နေရင် အပြင်လူအနေနဲ့ ကြည့်တဲ့အခါ ဘာတန်ကြေးမှမရှိတဲ့ကောင်ပဲ။ ကိုယ့်ရဲ့အချစ်ဦးဖြစ်တဲ့အခါမှာတော့ ကိုယ့်စိတ်က တန်ကြေးတစ်ခု သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီတန်ဖိုးက သူ့ရဲ့ပကတိတန်ဖိုးနဲ့ မဆိုင်ဘဲ ကိုယ်က သတ်မှတ်လိုက်တာပါ။
ဒီအခါမှာ နောက်လူရဲ့ပကတိတန်ဖိုးဟာ ပထမလူထက်များနေရင်တောင် ကိုယ့်အနေနဲ့ ဒါကို အရှိအတိုင်းမြင်ချင်မှ မြင်နိုင်ပါလိမ့်မယ်။ (ပထမလူကို ကိုယ်သတ်မှတ်ထားတဲ့ တန်ဖိုးက မြင့်နေလို့ပါ)
ဒီတော့ ၂မျိုးဖြစ်လာပါတယ်။ ပထမတစ်မျိုးက နောက်လူကို ပထမလူလောက် သဘောမတွေ့တော့တာပါ။ အထူးသဖြင့် ပထမလူနဲ့ သူမသာ၊ ကိုယ်မသာလိုမျိုးဆို ဒီသဘောက ပိုဖြစ်နိုင်ပါတယ်။
ဒုတိယတစ်မျိုးက ပထမလူဟာ မကောင်းတဲ့လူဖြစ်ခဲ့ရင် ဒုတိယလူဟာလည်း မကောင်းတဲ့သူဖြစ်ဖို့ Chance များသွားတာပါ။ ကိုယ့်ရဲ့ Anchor ဟာ မကောင်းတဲ့သူအပေါ်မှာ မီတည်ခဲ့တဲ့အခါ အခြားမကောင်းတဲ့လူတွေဟာလည်း ကိုယ့်အတွက် Available ဖြစ်တယ်လို့ ထင်သွားတတ်ပါတယ်။ ဒါကြောင့် တချို့တွေဟာ “မကောင်းဘူး…” လို့ Society က သတ်မှတ်ထားတဲ့လူတွေနဲ့ပဲ ထည်လဲတွဲနေတတ်တာပါ။

ရှင်းအောင်ပြောရရင် ပထမ Experience မှာ Anchor တန်ဖိုးတစ်ခု (30% ပဲထားပါတော့) ရှိတဲ့အခါ ဒုတိယအခါမှာလည်း ဒီတန်ဖိုးနဲ့ချိန်ပြီးပဲ ဆုံးဖြတ်တတ်တော့တယ်။ ပထမ Anchor ကတန်ဖိုးမြင့်ခဲ့ရင်တော့ (80%) ဒုတိယအခါမှာ ခပ်မြင့်မြင့်ကိုပဲ လိုချင်တော့တယ်။
ဒီတော့ မေးစရာရှိတာက နေ့တိုင်း City Mart သွားရင် စျေးနှုန်းတွေတွေ့နေရတာပဲ၊ ကြော်ငြာတွေမှာ မြင်နေရတာပဲ။ ဒီတော့ စျေးကြီးတာတွေပဲ ကြော်ငြာပြီး လူတွေကို Anchor ဖြစ်အောင် လုပ်လို့မရဘူးလား ဆိုတာပါ။ ဒါပေမယ့် သာမန်အချိန်မှာ ဒီလိုလာလုပ်လို့မရပါဘူး။ ကိုယ်က TV လိုချင်လို့ရှာတဲ့အချိန်မှာသာ TV Anchor ကို Susceptible ဖြစ်ပြီး လင်လိုချင်လို့ရှာတဲ့အချိန်မှာသာ လင် Anchor ကို ယုံမိတတ်တာပါ။

ဒီလိုတွေပြောတော့ စောဒဂ တက်ချင်တဲ့သူတွေရှိမှာပါ။ “အချစ်ဦးကို မေ့သွားတာပဲ… အခု နောက်လူနဲ့ ပျော်နေတာပါပဲ…” ဆိုပြီးတော့ပေါ့။ လူတွေဟာ Anchor တစ်ခုက တစ်ခုကို ခုန်ကူးတတ်ကြပါတယ်။ အမြဲတမ်းကြီး ဒီတစ်နေရာထဲမှာ ကျောက်ချထားမျိုးတော့ ဘယ်ရှိပါ့မလဲ။
ဒါပေမယ့် တဖက်လူမှာ ဒီလို Second Anchor ဖြစ်လာစေမယ့် အရည်အချင်းတွေလိုပါတယ်။
ရှင်းအောင်ပြောရရင်တော့ ပထမလူနဲ့ လုံးဝမတူတဲ့လူတစ်ယောက်ဟာ Second Anchor ဖြစ်လာနိုင်ပါတယ်။

ပထမလူဟာ တေလေကြမ်းပိုးဆိုရင် တေလေကြမ်းပိုး Anchor ဖြစ်နေပေမယ့် ဒုတိယလူဟာ လူရည်မွန်ဆိုရင်တော့ သူနှိုင်းယှဉ်ဖို့ မလွယ်တော့ပါဘူး။ အရာရာက ပထမလူနဲ့မတူတဲ့အခါ “ဒီလူက ငါ့အတွက် ပိုသင့်တော်တယ်” ဆိုပြီး Second Anchor ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် စီးပွားရေးလုပ်ငန်းအသစ်တွေဟာ သူတို့ပြိုင်ဘက်နဲ့မတူအောင် လုပ်ကြတာပါ။ လူတွေရဲ့ First Anchor ဖြစ်တဲ့စျေးကွက်ထဲမှာ အထိုင်ကျနေတဲ့ Product တစ်ခုကနေ သူတို့ဆီကိုလာဖို့အတွက် အုတ်ရောရော ကျောက်ရောရောလုပ်နေလို့ မရပါဘူး။ ဖောက်ထွက်ရပါတယ်။ First Anchor နဲ့လုံးဝမတူတဲ့ Experience မျိုး ဖောက်သည်ကို ပေးနိုင်ရင် ကိုယ်က သူတို့ရဲ့ Second Anchor ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကြေးအိုးဆို ဒီဆိုင်၊ Hotpot ဆို ဒီဆိုင်၊ BBQ ဆို ဟိုဆိုင်လို့ တွေးမိရင်တော့ ဒီဆိုင်တွေဟာ ကိုယ့်ရဲ့ Anchor တွေဖြစ်နေပါပြီ။

ဒီတော့ တွေးကြည့်လို့ရတာက ကျွန်တော်တို့ဘဝတလျှောက်လုံး ပြုလုပ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေမှာ Anchor တွေရဲ့လွှမ်းမိုးမှုဘယ်လောက်ပါလဲ? ပြောချင်တာက ဘာမှသိပ်မသိခင် တချိန်ကတွေ့ခဲ့တဲ့ First Anchor ဟာ ကိုယ့်ဘဝပေါ်မှာ ဘယ်လောက်တောင်လွှမ်းမိုးမှုရှိနေမလဲ?
ရည်းစားရွေးတာ၊ အိမ်ထောင်ပြုတာ၊ ကိုယ်ရဲ့အကြိုက် (Favourite) ဝါသနာတွေ၊ အစားအစာတွေ…
ဒါလိုမဖြစ်ချင်ဘူးဆို သတိလေးကပ်ပြီး ပြန်တွေးကြည့်လို့ရပါတယ်။ Hotpot ကို ဒီဆိုင်မှာပဲ စားမှ စိတ်ကျေနပ်မှာလား? တခြားဆိုင်တွေကရော ဒီလောက်မကောင်းဘူးဆိုတာ သေချာပြီလား? ဒီဆိုင်ကို အစကတည်းက ဘာလို့ရွေးချယ်မိပါလိမ့်? ဒီလောက်စျေးမကြီးဘဲ ဒီလောက်နီးနီးကောင်းတဲ့ဆိုင်မျိုးရော မရှိတော့ဘူးလား?
ကိုယ်ခဏခဏလုပ်နေမိတဲ့ ကိစ္စတစ်ခုကို မလုပ်ခင် “ငါဒီလိုတွေ လုပ်မိနေတာ Anchor သဘောတရားတွေ ပါနေသလား?” ဆိုတာ ကိုယ့်ဘာသာပြန်မေးကြည့်သင့်ပါတယ်။ ရည်းစားတွေထည်လဲတွဲမိနေတယ် ဆိုရင်လည်း နောက်တစ်ယောက်နဲ့ မကြိုက်ခင် ပြတ်တုန်းလပ်တုန်းမှာ အကြောင်းရင်းက ဘာလဲဆိုတာ ရှာသင့်ပါတယ်။

First Anchor ဟာ ဆုံးဖြတ်ချက် သေးသေးလေးတစ်ခုကနေပဲ နောက်ဆက်တွဲအကြီးကြီးတွေ ဖြစ်ကုန်တာပါ။ ဒါကြောင့် တစ်ခုခုကို Favourite အဖြစ်မသတ်မှတ်ခင် အချိန်ပေးစဉ်းစားပါ။
နောက်ဆုံးအနေနဲ့ ဒီအမြင်ကို နိုင်ငံစီးပွားရေးနဲ့ သုံးသပ်ပြီးနိဂုံးချုပ်ချင်ပါတယ်။ စီးပွားရေးမှာ ရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (Demand) ပေါ်မူတည်ပြီး စျေးတွေပြောင်းလဲတတ်တာသိကြမှာပါ။ ဝယ်လိုအား (Customer) ကို Manipulate လုပ်လို့ရတာကို အပေါ်မှာပြောခဲ့ပြီးပါပြီ။ စီးပွားရေးလုပ်ငန်းရှင်တွေက Product တွေကိုထိန်းချုပ်ပြီး ရောင်းလိုအားကို ကစားတတ်ကြပါတယ်။ ဒီတော့ လူတွေလက်ခံတဲ့ စီးပွားရေး Framework ကြီးမှာ ပြစ်ချက်တွေရှိနေပါတယ်။

ဒါကြောင့် Free Market ဆိုပြီး အစိုးရက ဝင်မစွက်ဖက်ဘဲ စီးပွားရေးသမားတွေ ပြိုင်ဆိုင်ရောင်းဝယ်ဖို့ ခွင့်ပြုထားတာဟာ Optimal မဖြစ်ပါဘူး။ ထို့အတူပဲ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးကို အစိုးရကချုပ်ကိုင်ထားပြီး လူတွေအကုန်လုံး Equally Contribute လုပ်ရမယ်… ဆိုတာကလည်း Optimal မဖြစ်ပါဘူး။
(ဘာကြောင့်ဘဲဆိုတာသိချင်ရင် အောက်မှာဖတ်ပေးပါ)
Cheater တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ?
https://ouo.io/SZ7ceG
နောက်ဆုံးကြားချလိုက်တဲ့အခါမှာ ကျန်းမာရေး၊ ဆေးဝါး၊ လျှပ်စစ်၊ ရေ စတဲ့ မရှိမဖြစ်လိုအပ်တဲ့ နေရာတွေမှာ အစိုးရကဝင်ပါပြီး အခြားစီးပွားရေးတွေကို လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးတဲ့ စနစ်က ကောင်းတယ်ဆိုပြီး ပြောလို့ရပါတယ်။
Ex အကြောင်းသိချင်လို့ ဖတ်ရင်း စီးပွားရေးတွေ ရောက်ကုန်တာ Sorry ပါ။ အတွေးတစ်ခုတော့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။