အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာ မှန်လား?

ပင်လယ်ဂဏန်းတွေက အချင်းချင်းချပြီး ရှုံးသွားရင် တစ်သက်လုံးအရှုံးသမားဘဝနဲ့ နေသွားကြတယ်ဆိုတာ အရင်ကရေးဖူးပါတယ်။
အခုပြောချင်တာက အဲ့ဒါနဲ့ ဆက်စပ်မှုရှိပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်း
https://ouo.io/DkMqWo

ခေါင်းလောင်းထိုးပြီး ခွေးကိုအစာကျွေးတဲ့စမ်းသပ်မှုကို သိကြမှာပါ။ ခုတစ်ခါတော့ ခွေးကို အစာမကျွေးပဲ ဓာတ်လိုက်အောင်လုပ်ပါတယ်။ ခေါင်းလောင်းထိုးတာနဲ့ ဓာတ်လိုက်တော့မယ်ဆိုတာ သိအောင် Train လုပ်လိုက်တာပေါ့။

ပြီးတော့ ခွေးကို ခြံသေးသေးလေး ၂ခုထဲထည့်လိုက်ပါတယ်။ ဒီတော့ ခေါင်းလောင်းထိုးတာနဲ့ သူပြေးချင်ရင် ခြံကျော်ပြီးပြေးလို့ရပါတယ်။ ဒါပေမယ့် ခွေးတွေက မပြေးကြဘူးလို့ ဆိုတယ်။ ဒီလို Train မလုပ်ထားတဲ့ ခွေးကိုထည့်တဲ့အခါမှာ ဓာတ်လိုက်အောင်လုပ်တော့မယ်ဆိုတာနဲ့ ခြံကျော်ပြီးပြေးတော့တာပေါ့။

လူတွေကလည်း ခွေးတွေလိုပါပဲ။ ခဲမှန်ဖူးတဲ့ စာသူငယ်ဟာ ခဲမြင်ရုံနဲ့ လန့်တတ်ပါတယ်။ ကိုယ့်မှာ ထွက်ပေါက်မရှိတော့ဘူးဆိုတာ သေချာသွားရင် ဘာမှကို မယုံတော့တဲ့ Nihilist တွေဖြစ်လာတော့တာပါပဲ။

စိတ်ကျရောဂါရှိတယ်လို့ Diagnose လုပ်ခံရတဲ့သူတွေကို စမ်းသပ်တဲ့အခါ သူတို့ရဲ့ကျရှုံးခြင်းတွေအတွက် ကိုယ့်ကိုကိုယ်အပြစ်တင်တတ်တယ်လို့ ဆိုပါတယ်။ သာမန်လူတွေဆိုရင် ပြင်ပ Factor တစ်ခုခုကို လွှဲချတတ်ပါတယ်။ ဥပမာ စာမေးပွဲကျတာ မေးခွန်းခက်လို့၊ အခန်းစောင့်ဆရာမတွေက ကိုယ့်ရှေ့မှာစကားလာများနေလို့ စသဖြင့်ပေါ့။ Depression သမားတွေကျတော့ စာမေးပွဲကျတာ ငါသောက်သုံးမကျလို့ ဆိုပြီး ကိုယ့်ဘာသာ အပြစ်တင်တတ်ပါတယ်။

ဒီအမြင်ဟာ လက်တွေ့ပိုကျတယ်လို့ မြင်စရာရှိပေမယ့် အဆိုးမြင်လိုက်တာလို့လည်း ပြောလို့ရပါတယ်။ စဉ်းစားကြည့်ရင် စာမေးပွဲအခါခါ ကျနေရခြင်းအကြောင်းရင်းတွေမှာ ကိုယ်အသုံးမကျတာက နံပါတ်တစ်ဖြစ်ဖို့များပါတယ်။ ဒါကို လက်တွေ့ကျကျမြင်တတ်ရင် ပြောင်းလဲအောင်လုပ်လို့ရပါတယ်။

Depression သမားတွေကျတော့ ဒီလိုမြင်ပေမယ့် “ငါတော်တော်အသုံးမကျတာပဲ” ဆိုတဲ့ စိတ်ခံစားချက်ကနေ နောက်တစ်ဆင့် မတက်လာတော့ပါဘူး။ ဒီတော့ ပြင်ဆင်ဖို့ဆိုတာဝေးရော…။ အဆိုးမြင်သမားတွေဟာ Depression ဖြစ်ဖို့ပိုပြီး Chance များပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက No Vote တစ်ခေတ်ထလိုက်ပါသေးတယ်။ ဒါဟာ တစ်ဖက်အဖွဲ့က အနီတောင်ပြိုကမ်းပြို မနိုင်အောင်လို့ သုံးတဲ့လှည့်ကွက်တစ်ခု ဖြစ်နိုင်ပေမယ့် ပညာတတ်တချို့ကတော့ No Vote ကို စိတ်ဝင်စားကြပါတယ်။ တချို့ဆို တကယ် မဲသွားမထည့်ကြပါဘူး။

ဒီတော့ No Vote ဟာ တစ်ဖက်အဖွဲ့ရဲ့ လှည့်ကွက်ထဲ ဝင်တာမဟုတ်ဘူးလို့ ယူဆပြီး စဉ်းစားကြည့်ရအောင်။ No Vote ရခြင်းဟာ လွန်ခဲ့တဲ့ ၅နှစ်တုန်းက အနီရဲ့လုပ်ဆောင်ချက်တွေကို အမှန်တကယ်ခံတွင်းမတွေ့တာ ဖြစ်နိုင်သလို နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပါဘူးကွာ ဆိုပြီး တွေးမိတာလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးသမားတွေ အကုန်လုံး “ဒီပုတ်ထဲက ဒီပဲ” ပဲလို့ တွေးမိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ သူတို့ထိန်းချုပ်လို့မရတဲ့ ကိစ္စတစ်ခုအတွက် သူတို့ရဲ့တုံ့ပြန်မှုက No Vote ပါပဲ။

ရုန်းထွက်ဖို့ခက်တာမှာလည်း ဒီသဘောရှိနေပါတယ်။ ယောက်ျားကမကောင်းပေမယ့် သည်းခံပြီးပေါင်းနေတာ၊ ရည်းစားက မကောင်းပေမယ့် ဆက်တွဲနေတာတွေပေါ့။ မကောင်းတဲ့ခံစားချက်ကို အချိန်တစ်ခုအထိ ခံစားလာရတဲ့အခါ ရုန်းထွက်ဖို့ မစဉ်းစားတော့ဘဲ စမ်းသပ်ခန်းထဲက ခွေးလို လျှပ်စစ်ဓာတ်ကို ပေပြီး ခံလိုက်တော့တာပါပဲ။
ကိုယ့်ရဲ့ ထိန်းချုပ်မှုမရှိတော့တဲ့အခါ ဒီအခြေအနေကို ရောက်လာတာပေ့ါ။

ဒါကို စမ်းထားတွေအများကြီးရှိပေမယ့် အတိုချုပ်ပဲပြောပါတော့မယ်။ ကြွက်တွေကို ကင်ဆာဖြစ်အောင်လုပ်ပြီးစမ်းတဲ့အခါ ရွေးချယ်ခွင့်မရှိတဲ့ကြွက်တွေဟာ ရှိတဲ့ကြွက်တွေထက် ပိုပြီး များများသေကြတယ်။
ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေကို Daily Activity တွေမှာ သူတို့ဘာလုပ်ချင်လဲ ရွေးချယ်ခွင့်ပေးတဲ့အခါ အသက်ပိုရှည်ကြတာကို တွေ့ရပါတယ်။

ဒီသဘောအကြောင်း ကျောင်းသားတွေကို စကားလုံးတွေ ပြန်စီခိုင်းပြီး စမ်းသပ်ထားတာရှိပါတယ်။ ကိုယ့်ကို စကားလုံး တစ်လုံးပေးထားတယ်။ ဒါကို ရှေ့နောက်ပြောင်းစီပြီး နောက်အဓိပ္ပါယ်တစ်ခုရအောင် လုပ်ခိုင်းတာပါ။ ဥပမာ Lemon ဆိုရင် Melon ဆိုပြီး ပြောင်းစီလို့ရသလိုပေါ့။ ဒါပေမယ့် ကိုယ်ရတဲ့စကားလုံးတွေက အခက်တွေချည်းပဲ။

စမ်းသပ်သူက ကိုယ်စဉ်းစားလို့မရသေးတဲ့အချိန်မှာ “ကဲ… အားလုံးပြီးပြီလား…” လို့ မေးတယ်။ တစ်ဝက်လောက်က လက်ထောင်ကြတယ်။ ဒီလိုနဲ့ နောက်စကားလုံးတစ်လုံးကို ဆက်ပြီး ဖြေကြတယ်။ ကိုယ်က ပထမစာလုံးက မတက်ဘူး။ သူတို့မသိတာက တခြားလူတွေဟာ စကားလုံး အလွယ်လေးတွေရနေပြီး ကိုယ်က ခက်တာတွေရနေတာပါ။
ဒီလိုနဲ့ ၃ ခါမြောက်လောက်ရောက်တဲ့အခါမှာတော့ ကျောင်းသားဟာ ဆက်ပြီး မကြိုးစားတော့ပါဘူး။

ဒါက သိပ်တော့ မထူးခြားပါဘူး။ ကိုယ့်အနေနဲ့ ဘာမှမလုပ်နိုင်ဘူးလို့ တွေးမိတဲ့အခါ မကြိုးစားဘဲ စွမ်းအားကိုခြွေတာ အကောင်းဆုံးပဲဆိုပြီး ဦးနှောက်က တွက်လိုက်ပါတယ်။ ရုန်းထွက်ဖို့ကြိုးစားလေလေ Stress များလေလေ၊ Stress တွေများလာလေလေ Anxiety တွေတိုးလာလေလေ ဖြစ်မှာပါ။ ဒီတော့ မကြိုးစားတော့ပါဘူး။

ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးက ပြန်ကိုက်တတ်တယ်ဆိုပေမယ့် ချောင်ပိတ် အရိုက်ခံရပါများလာတဲ့ ခွေးကတော့ ပြန်ကိုက်တော့မှာ မဟုတ်ပါဘူး။

နေ့စဉ်ဘဝမှာ လူတွေထိန်းချုပ်လို့ရတာတွေ ရှိပေမယ့် မရတာတွေလည်း အများကြီးပါပဲ။ ခွေးတွေ သောက်ကျင့်ယုတ်နေပေမယ့် ဘာမှမလုပ်နိုင်ဘူး၊ Oxygen စက်ရုံတွေကို လိုက်ပိတ်နေပေမယ့် ထိုင်ကြည့်နေရုံပဲတတ်နိုင်တယ်၊ စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေပေမယ့် ထိထိရောက်ရောက် မကူညီပေးနိုင်ဘူး၊ ကြက်ဥတွေ စျေးတက်နေတာ… ဆေးတွေပြတ်လပ်ကုန်တာ… မကြာခင် လူတွေငတ်ပြတ်ကုန်တော့မှာ… ဒါတွေကို ဘာမှမလုပ်နိုင်ပါဘူး။ ဒီလိုတွေးလိုက်ရင်တော့ လောကကြီးက နေပျော်တော့မှာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ်လုပ်နိုင်တာလုပ်မယ်ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ “တစ်နေရာရာကနေ ရအောင်ကူညီကြတာပေါ့…” ဆိုတာ Respond လုပ်သေးတဲ့အခြေအနေပါ။ အဲ့လိုမဟုတ်ဘဲ “မထူးတော့ပါဘူး… ဖြစ်လာတဲ့အကြောင်း အကောင်းချည်းပဲ… နိုင်ချင်နိုင် ရှုံးချင်ရှုံးကွာ…” ဆိုတဲ့ အတွေးမျိုးဝင်သွားရင်တော့ လျှပ်စစ်နဲ့အတို့ခံရပေမယ့် မပြေးတော့တဲ့ခွေးလို ဖြစ်သွားမှာပါ။

ဒီတော့ ကိုယ်လုပ်နိုင်တာတစ်ခုဟာ ဘယ်လောက်ပဲ သေးနုပ်နေပါစေ လုပ်နေဖို့အရေးကြီးပါတယ်။ ဒါဟာ အောင်မြင်ခြင်း၊ ကျရှုံးခြင်းကို အဆုံးအဖြတ် မပေးနိုင်ရင်တောင် ကိုယ့်စိတ်အခြေအနေအတွက် အထောက်အပံ့တစ်ခု ဖြစ်စေမှာပါ။ လွယ်လွယ်နဲ့ အရှုံးမပေးကြပါနဲ့ဦး… လို့ ပြောချင်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာ မှန်လား?

Leave a reply to Anonymous Cancel reply

Design a site like this with WordPress.com
Get started