ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk science

တလောကပဲ စာဖတ်သူတယောက်က Facebook က post တခုကိုလာပြပြီး ဒီစမ်းသပ်ချက်ဖြစ်နိုင်သလား ဆိုတာကို လာမေးထားပါတယ်။ အဲ့အကြောင်းလေးကို ဒီ post မှာရှင်းပြသွားပါမယ်။

အဲ့ post လေးရဲ့ အကျဥ်းချုပ်ကတော့ ပန်းသီးကို ခြမ်းပြီး ပုလင်း ၂လုံးထဲခွဲထည့်ထားမယ်။ တပုလင်းမှာ Good apple ဆိုပြီးရေးတယ်။ နောက်တပုလင်းမှာ Bad apple ဆိုပြီးရေးတယ်။

ပြီးရင် Good apple ပုလင်းကို နေ့တိုင်း ချီးကျူးစကားတို့ ချိုသာတဲ့စကားတို့ ပြောမယ်။ သီချင်းသံချိုချိုလေးတွေ နေ့တိုင်း ဖွင့်ပြမယ်။ Bad apple ပုလင်းကိုကျတော့ ဆဲဆိုစကားတွေ၊ အပြစ်တင်စကားတွေ၊ ကဲ့ရဲ့စကားတွေပြောမယ်။ တဖြေးဖြေးနဲ့ ပန်းသီး ၂လုံးက ပြောင်းလဲလာမယ်။ ရိုင်းစိုင်းတဲ့စကားသံတွေကြားရတဲ့ Bad apple က တဖြေးဖြေး ပုပ်လာပြီး ညိုမည်းလာမယ်။ ကောင်းတဲ့စကားတွေပဲကြားရတဲ့ Good apple ကတော့ တော်ရုံနဲ့ အရောင်မပြောင်းဘူးဘာညာပေါ့။

အဲ့တာလေးကို သာဓကယူပြီး စကားလုံးတွေက အလွန်စွမ်းအားကြီးတယ်ပေါ့… မကောင်းတဲ့စကားတွေ မပြောသင့်ပါဘူးပေါ့… ပန်းသီးတောင်မခံနိုင်ရင် လူတွေဆိုလဲ စိတ်ကိုထိခိုက်စေတယ်ပေါ့။ Power of words ဘာညာဆိုပြီး ပြန်တင်ကြတာတွေ တပုံကြီးပါပဲ။

ဒီ idea ကကျနော်တို့ဆီမှာစတာမဟုတ်ပါဘူး။ Google မှာခေါက်ကြည့်ရင် နိုင်ငံခြားကလူတွေကစပြီး ဒီလိုဟာတွေလုပ်ကြ စမ်းကြနဲ့ အဟုတ်ကြီးဟုတ်နေကြတာပါ။
Youtube မှာလဲလုပ်နည်းတွေရှိကြသလို လိုက်လုပ်ကြည့်ပြီး ပြန်တင်ထားတဲ့ ပို့စ်တွေလဲမနည်းလှပါဘူး။

Version တော့အမျိုးမျိုးကွဲပါတယ်။
ဥပမာ ဒီမှာလုပ်တာက ပီယဝါစာ နဲ့ ဖရုဿဝါစာဆိုပြီး စာလေးကပ်ကာ လုပ်ကြတာပါ။

နိုင်ငံခြားမှာကျတော့ Happiness နဲ့ Sadness ဆိုပြီး ခွဲစမ်းကြတာလဲရှိသလို Love ရယ် Hate ရယ်ဆိုပြီး ပြောင်းစမ်းတာလဲရှိပါတယ်။

တချို့ကကျ စကားပြောပေးတယ်။ တချို့က စာကပ်ထားရုံနဲ့ အလုပ်ဖြစ်ပြီတဲ့။ (ပန်းသီးကစာဖတ်တတ်လို့လားတော့ မေးလဲမေးချင်တယ် မေးလဲမမေးရဲဘူး)

ဒီလိုစမ်းတာက ဟုတ်သလိုလိုရှိပေမယ့် တကယ်တမ်းတော့ ကိုယ်လိုရာဆွဲပြီးစမ်းသပ်ထားတာပါပဲ။ ပေးချင်တဲ့ message လေးကတော့
ကောင်းမွန်တဲ့စကားကိုပဲပြောဖို့
မရိုင်းပျဖို့ မှာကြားတာမို့လို့ ကောင်းတယ်လို့ထင်ရပေမယ့် Science ကိုဘန်းပြပြီး လိုရာဆွဲတွေးကြတာပါပဲ။

ဒါမျိုးကို Junk science လို့ခေါ်ပါတယ်။ စမ်းချင်ရာစမ်းပြီး ထွက်လာတဲ့အဖြေတလွဲကြီးကို သိပ္ပံနည်းကျဆိုကာ ပြည်သူတွေကို ဂျင်းထည့်ခြင်းတမျိုးပါပဲ။

အဓိကကစမ်းသပ်ချက်က အယူအဆမှားယွင်းချက်တွေ၊ ဘက်လိုက်မှုတွေရှိနေတာပါ။ ပထမဆုံးထောက်ပြစရာရှိတာက ပန်းသီးအရေအတွက်ကိစ္စပါ။ ပန်းသီးတလုံးထဲကိုပဲသုံးတာရှိသလို ပန်းသီး၂လုံးကိုခွဲပြီးစမ်းတာလဲရှိပါတယ်။

ပန်းသီးတလုံးထဲကိုပဲ ခြမ်းပြီးစမ်းတယ်ဆိုရင်တောင် ပန်းသီးစိတ် တစိတ်ဆီမှာ သကြားပါဝင်မှုချင်းမတူပါဘူး။ သကြားပိုများတဲ့အခြမ်းက chemical reaction ပိုဖြစ်နိုင်ချေများပါတယ်။

ပန်းသီးတခြမ်းနဲ့တခြမ်းတောင် ပုပ်တဲ့နှုန်းမတူကြပါဘူး။ နောက်ပြီး ဒီစမ်းသပ်ချက်က sample size ကသေးလွန်းပါတယ်။ ပန်းသီးပေါင်း ရာနဲ့ချီပြီးစမ်းသပ်ပြီးရလာတဲ့ အဖြေနဲ့ ပန်းသီးတလုံးကိုစမ်းပြီးရလာတဲ့အဖြေက ယုံကြည်ရမှု (reliability) မတူနိုင်ပါဘူး။

နောက်တချက်ကကျ ဒီစမ်းသပ်ချက်မှာ ပုံစံတူပုလင်း ၂လုံးကိစ္စပါ။ ပုလင်း ၂လုံးက သာမန်အမြင်နဲ့ကြည့်ရင်တော့ တူသယောင်ရှိပေမယ့် ပုလင်းထဲက စိုထိုင်းဆတွေ၊ မမြင်ရတဲ့ fungus (မှို)တွေ ဘက်တီးရီးယားအမျိုးအစားတွေက ပုလင်းတလုံးနဲ့တလုံးမတူနိုင်ပါဘူး။

တချို့သော fungus အမျိုးအစားတွေက ပုပ်သိုးနှုန်းပိုမြန်စေပါတယ်။ ဥပမာ မှိုအမျိုးအစားထဲမှာမှ Sclerotinia fructigena ဆိုတဲ့အမျိုးအစားက
ပန်းသီးကို ပိုမြန်မြန်ပုပ်စေပါတယ်။ တချို့မှိုတွေကကျ အရောင်ပြောင်းတာပိုမြန်စေလို့ ပန်းသီးက ပိုပြီးပုပ်သလိုဖြစ်စေပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ပုလင်း၂လုံးကို ပွက်ပွက်ဆူတဲ့ရေပူပူနဲ့ ပိုးသတ်ပြီးမှ (or) ဆေးရုံသုံး ပေါင်းအိုး autoclave စက်နဲ့ ပိုးသတ်ပြီးမှ စမ်းရင် ပိုပြီးတိကျမှုရှိလာပါလိမ့်မယ်။ ဒါမှသာ တကယ်တူညီတဲ့ ပိုးသန့်စင်သော ပုလင်းကိုရမှာပါ။

ဒါတင်မကသေးပါဘူး။ ဒီစမ်းသပ်ချက်မှာ တခြားသော variables တွေကို standard conditions ဖြစ်အောင်ထားရပါမယ်။ ပန်းသီးပုလင်းရဲ့ စိုထိုင်းဆ၊ နေရောင်နဲ့ထိတွေ့မှူ၊ အခန်း အပူချိန်၊ အလင်းအမှောင် စတာတွေကို ပါထည့်သွင်းစဥ်းစားရပါမယ်။

နောက်ပြီးတော့ control လို့ခေါ်တဲ့ (စံအုပ်စု) ထားရပါမယ်။ သဘောကတော့ ပန်းသီးပုလင်း ၃ အုပ်စုခွဲထားသင့်တာပါ။ တစ်ပုလင်းကို ချိုသာစွာပြောမယ်။
နောက်တပုလင်းကိုကျ ဆဲဆိုမယ်။
နောက်ဆုံး control ပုလင်းကိုကျ ပုံမှန်ပဲပြောမယ်။ ဒါမှမဟုတ် ဘာစကားမှမပြောဘူး။ Neutral ပုလင်းလို့ဆိုချင်တာပါ။

နိုင်ငံခြားမှာတော့ အဲ့သလို တိတိကျကျနဲ့ တကယ်လိုက်စမ်းသပ်ထားတာရှိပါတယ်။ အဲ့လိုစမ်းသပ်ချက်အရတော့ ဒီအဖြေက မမှန်ဘူး။ တနည်းအားဖြင့် ရလာတဲ့အဖြေက တိုက်ဆိုင်မှုကြောင့်ဖြစ်လာနိုင်ခြေ probability by chance ကိုမကျော်ပါဘူး။

တိုက်ဆိုင်မှုသက်သက်တခုပါပဲလို့ ဆိုချင်တာပါ။ နောက်ထပ်ဖြစ်နိုင်ချေရှိတာတခုက သင်္ချာနည်းအရစဥ်းစားရင် တပုလင်းက နောက်တပုလင်းထက်
ပိုပြီးပုပ်နိုင်ခြေက 50% ရှိပါတယ်။

အဲ့တော့ လူတွေက လိုက်စမ်းတဲ့အခါ ကံကောင်းတဲ့လူတဝက်မှာတော့ ကိုယ်ဆဲတဲ့ပန်းသီးက အရောင်ပိုရင့်လာရင် ဟုတ်တယ်ဟ ဆိုပြီး လိုင်းပေါ်မှာတင်ကြ share ကြလုပ်ကြပါတယ်။

ကံမကောင်းတဲ့ လူတဝက်ကတော့ ကိုယ်ချီးကျူးတဲ့ပန်းသီးက အရင်ပုပ်လာတာမြင်ရင် တခုခုလွဲနေပြီ။ ပြန်စမ်းကြည့်ဦးမှဆိုပြီး မဖြစ်မခြင်းစမ်းမိနေတာဖြစ်တတ်ပါတယ်။

လူတွေက သူတို့ထင်သလိုဖြစ်လာတဲ့အခေါက်ကျတော့မှပဲ တကယ်ဟုတ်တယ်ဆိုပြီး လိုင်းပေါ်တင်ကြလို့ စမ်းတဲ့သူတိုင်း တကယ်လက်တွေ့ဖြစ်သလိုထင်နေတာပါ။ အဖြေမမှန်တဲ့လူတွေက သူတို့အဖြေကို လိုင်းပေါ်မတင်တတ်ကြပါဘူး။

တကယ့် research အစစ်ဆိုရင် observer က ဘယ်ပန်းသီးက good apple လဲ bad apple လဲဆိုတာ မသိအောင် blind လုပ်ထားရပါတယ်။
ဒါမှပဲ observer bias တွေမပါတော့မှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ပန်းသီးစမ်းသပ်ချက်ဟာ ဘက်လိုက်မှုတွေ မတိကျမှုတွေအများကြီးရှိနေတယ်ဆိုတာ မြင်မိမှာပါ။ ဒီစမ်းသပ်ချက်က ပေးချင်တဲ့ message ကတော့ကောင်းပေမယ့် တကယ်တမ်းတော့ research အစစ်မဟုတ်ဘဲ လိုရာဆွဲတွေးထားတဲ့ ကိစ္စတခုပဲဖြစ်ကြောင်း ပြောပါရစေ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started