ဘဝမှာ အကောင်းမြင်စိတ်ရှိဖို့လိုလား?

အောက်က မေးခွန်းကိုဖြေပြီး ကိုယ်က တော်၊ သင့်၊ ညံ့ဘယ်အထဲမှာ ဝင်မလဲ စဉ်းစားပေးပါ။

၁။ သူများတွေနဲ့ သင့်သင့်မြတ်မြတ်နေနိုင်တယ်။
၂။ ခေါင်းဆောင်မှုစွမ်းရည်
၃။ Logic ကျကျစဉ်းစားနိုင်စွမ်း
၄။ ကားမောင်းစွမ်းရည် (မမောင်းတတ်ရင် မဖြေပါနဲ့)
၅။ ရိုးသားမှု
၆။ ပျော်ရွှင်မှု
၇။ စိတ်ဝင်စားစရာကောင်းမှု
၈။ ဆွဲဆောင်မှု

ဖြေပြီးမှ ဆက်ဖတ်ပေးပါ။

ညံ့တယ်လို့ ဖြေထားတဲ့အဖြေပါပါသလား? မပါဖို့များပါတယ်။
လူတွေက သူတို့ကိုယ်သူတို့ အခြားသူတွေထက် ပိုတော်တယ်လို့ ထင်ကြတာ သဘာဝပါပဲ။ ကိုယ့်ကိုကိုယ် Unique ဖြစ်တယ်လို့ ထင်တတ်ကြတယ်။ “တော်” ဆိုပြီး မဖြေထားရင်တောင်မှ “သင့်” လောက်တော့ဖြေထားဖို့များပါတယ်။ ဒါပေမယ့် လူတိုင်းက “သင့်” (သို့) “တော်” ဖြစ်နေလို့တော့ မရပါဘူး။ “ညံ့” သမားတွေလည်း လိုပါတယ်။

ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့လူ ၈၅% က “သင့်” (သို့) “တော်” ထဲမှာ သူတို့ကိုယ်သူတို့ ထည့်ထားတတ်ပါတယ်။ နောက်ထပ်စမ်းသပ်မှုတစ်ခုအရ ၉၃% က အဲ့လိုထင်ကြတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်လို့မရတာ အထွေအထူးရှင်းပြနေစရာ မလိုတော့ဘူးထင်ပါတယ်။
ဥပမာ အကုန်လုံးခေါင်းဆောင်တွေပဲ ဖြစ်နေပြီး နောက်လိုက်မရှိသလိုဖြစ်နေမှာပါ။

တော်တော်များများကတော့ အခြားလူတော်တော်များများထက် ပိုတော်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါကို Superiority Bias လို့ခေါ်ပါတယ်။
ဒီလိုတွေပြောနေလို့ တကယ်တော်တဲ့သူမရှိဘူး… တော်တယ်လို့ ထင်နေကြသူတွေပဲ ရှိတယ်… လို့ မထင်စေချင်ပါဘူး။ တကယ်တော်တဲ့သူတွေ ရှိပေမယ့် ညံ့တဲ့သူတွေကလည်း သူတို့ကိုယ်သူတို့ တော်တဲ့အထဲပဲ ထည့်ထားတတ်ပါတယ်။

ကိုယ့်မျက်ချေးကိုယ် မမြင်ဘူးလို့ ပြောတာ ဒီသဘောပါပဲ။ သူများတွေမှာ ဘယ်လို Bias တွေရှိနေမလဲ မြင်ကြပေမယ့် ကိုယ့်မှာတော့ ဒါတွေမရှိဘူးလို့ ထင်ကြပါတယ်။
ပြောချင်တာက သူများတွေရဲ့အလွဲတွေကို ကိုယ်ကမြင်နိုင်တယ်၊ သိနေတယ်ဆိုတော့ ကိုယ်ကိုယ်တိုင်ဖြစ်လာတဲ့အခါ သိမယ်လို့ တွေးတတ်ကြပါတယ်။

ဥပမာတစ်ခုနဲ့ ပြောပြချင်ပါတယ်။ တရားသူကြီးတစ်ယောက်နဲ့ ဒုတိယသမ္မတတစ်ယောက် အကြောင်းပါ။ သူတို့နှစ်ယောက်ဟာ တောထဲကို အမဲလိုက်ထွက်ကြပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ဒုသမ္မတဟာ အမှုတစ်ခုဖြစ်နေပါတယ်။ ဒါကိုဆုံးဖြတ်ရမယ့်အထဲမှာ တရားသူကြီးက ပါဝင်နေတယ်။ ဒီတော့ တရားသူကြီးအတွက် Rational အဖြစ်ဆုံးရွေးချယ်မှုက ဒုသမ္မတနဲ့ အမဲပစ်မထွက်တာပါ။

မီဒီယာတွေမှာ အော်ကြပေမယ့် တရားသူကြီးကတော့ “ဘက်လိုက်ခြင်း၊ မလိုက်ခြင်းဟာ အမဲလိုက်တာနဲ့ မဆိုင်ပါဘူး… သူ့ရဲ့စိတ်ကို သူယုံကြည်တယ်…” ဆိုပြီး ပြန်ပြောပါတယ်။ အမိန့်ချတဲ့နေ့မှာ သူက ဒုသမ္မတကို Favor ပေးတဲ့နေရာက Vote ပါတယ်။ ဒီတော့ လူအများရဲ့အမြင်မှာ ဘက်လိုက်တယ်လို့ ထင်သွားပါတယ်။ (ဒါပေမယ့် တရားသူကြီးတော်တော်များများကလည်း Favor ပေးတဲ့နေရာက နေကြပါတယ်)

အရင်ကတည်းက ခင်တာမဟုတ်ဘဲ အမှုဖြစ်မှ ခင်ကြတာမို့ သူတို့နှစ်ယောက် အမဲလိုက်တာဟာ ပြောစရာကြီးဖြစ်နေပါတယ်။ ခုလိုမျိုး Favor ပေးတဲ့ဘက်ကလည်း နေလိုက်ရော အပြောခံရတော့တာပေါ့။

ဒီတော့ သူဘက်လိုက်တယ်၊ မလိုက်ဘူး အတိအကျပြောဖို့ခက်သွားပါတယ်။ ပညာရှင်တွေကတော့ Superiority Bias ကြောင့်လို့ ပြောကြပါတယ်။
သူများတွေ ဘက်လိုက်ချင်လိုက်မယ်… ငါကတော့ အလုပ်နဲ့ အပျော်အပါးနဲ့ ခွဲခြားနိုင်တယ်ဆိုပြီး တွေးမိလိုက်တာမျိုးပါ။ ဒါပေမယ့် ပညာရှင်တွေကတော့ သူဘက်လိုက်တာ ဖြစ်ဖို့များတယ်ဆိုပြီး ပြောကြပါတယ်။

ဒီလောက်ဝိုင်းပြောနေတာတောင် မမြင်နိုင်ဘဲ ကမ်းမမြင်၊ လမ်းမမြင်ဖြစ်နေတာကို Introspection Illusion လို့ခေါ်ပါတယ်။ ကိုယ့်အကြောင်းကိုယ် အကုန်သိတယ်လို့ ထင်တာမျိုးပါ။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပျက်နေတာ၊ တွေးတောနေတာတွေ အကုန်လုံးကို ကိုယ်ကသိနေတယ်လို့ တွေးမိတာပေါ့။ ဒါပေမယ့် လေ့လာမှုတွေအရ စိတ်ထဲက အတွေးတော်တော်များများကို သိစိတ်က မသိပါဘူး။ ဒါတွေက မသိစိတ်ထဲမှာ ဖြစ်ပျက်နေတာပါ။
ဒီတော့ လူတွေက သူတို့အကြောင်းသူတို့ သေချာမသိဘူးဆိုတာကို မသိကြပါဘူး။

စမ်းသပ်ချက်တစ်ခုနဲ့ ပြောပြချင်ပါတယ်။ လူ ၁၂၀ ကို အမျိုးသမီး ၂ယောက်ပုံပြလိုက်ပါတယ်။ ဘယ်တစ်ယောက်က ပိုပြီးဆွဲဆောင်မှု ရှိသလဲလို့ မေးပါတယ်။ ဒီတော့ ဖြေတဲ့သူတွေက တစ်ယောက်ကို ရွေးလိုက်တာပေါ့။
ဒါပေမယ့် သူတို့မရွေးတဲ့ အမျိုးသမီးပုံကို လက်ပြောင်းလက်လွှဲလုပ်ပြီး သူတို့ရွေးလိုက်တဲ့ပုံအလား ပြန်ပြလိုက်ပါတယ်။ ထူးခြားတာက ၇၅% ဟာ ဒါကို သတိလုံးဝမထားမိပါဘူး။

ဘာလို့ ဒီတစ်ယောက်ကို ရွေးလိုက်တာလဲလို့ စမ်းသပ်သူက မရွေးတဲ့ပုံကို ပြပြီး ပြန်မေးပါတယ်။ သူတို့ မရွေးခဲ့ပေမယ့် တော်တော်များများကတော့ ခေါင်းထဲကပေါ်သမျှ အဖြေတွေကို လျှောက်ဖြေသွားကြပါတယ်။
သူတို့ပယ်ခဲ့တဲ့ပုံကို ဘာလို့ရွေးရကြောင်း၊ ဘာလို့ပိုပြီး ဆွဲဆောင်မှုရှိတယ် ထင်ကြောင်း ဖြေကြပါတယ်။

နောက်ဆုံးမှာ စမ်းသပ်သူက Hypothetical Question တစ်ခုမေးပါတယ်။ လက်ပြောင်းလက်လွှဲလုပ်ပြီး သူတို့ရွေးတဲ့ပုံကို မရွေးတဲ့ပုံနဲ့ လဲလိုက်ရင် သိမလားလို့ မေးလိုက်ပါတယ်။ ၈၄% က ဘာလို့မသိရမှာလဲလို့ ပြန်ဖြေသွားကြပါတယ်။

ဒီတော့ လူတွေက ဆုံးဖြတ်ချက်အကြီးကြီး မချခင် သေချာစဉ်းစားကြပါတယ်။ ကောင်းတာ၊ ဆိုးတာတွေကို ချိန်ဆကြပါတယ်။ ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ဘာလို့ဒီလိုဆုံးဖြတ်ရကြောင်းကို ချက်ကျလက်ကျပြန်ရှင်းပြနိုင်ကြပါတယ်။ ဒါပေမယ့် အပေါ်က စမ်းသပ်ချက်အရဆိုရင် ကိုယ်ဆုံးဖြတ်လိုက်တဲ့ဟာက မှားနေရင်တောင် မသိကြပါဘူး။ အမှားကြီးကိုပဲ ကာကွယ်ပြီး ရှင်းပြနေကြဦးမှာပါ။

ပိုစတာတစ်ခုကို ရွေးချယ်ခိုင်းပြီး စမ်းသပ်ထားတာလည်း ရှိပါတယ်။ တစ်ဖွဲ့ကို ဘာလို့ ရွေးရလဲဆိုတာ ပြန်မေးပြီး ကျန်တစ်ဖွဲ့ကိုတော့ မမေးပါဘူး။ ဒီတော့ ပြန်အမေးခံရမယ့် သူတွေက ဘာလို့ရွေးရတာလဲဆိုတာကို ပြောဖို့ စဉ်းစားရပါတော့တယ်။ ဒီအခါမှာ Fancy ဖြစ်တဲ့ ပိုစတာမျိုးထက် အတွေးအခေါ်ပါတဲ့ ပိုစတာမျိုးကို ပိုရွေးချယ်တတ်ကြပါတယ်။

ဒါပေမယ့် နောက် ၂ပတ်လည်းနေရော သူတို့ကို Interview ပြန်လုပ်ပါတယ်။ သူတို့ရွေးခဲ့တဲ့ ပိုစတာကို သဘောကျသေးလားဆိုတာပါ။ အကြောင်းပြချက်မပေးရတဲ့ အဖွဲ့က ပိုပြီး သဘောကျတယ်လို့ တွေ့ရပါတယ်။

ဒီတော့ တွေးခေါ်လိုက်ရင် ရွေးချယ်မှုတွေ မှားသွားတတ်တယ်ဆိုတဲ့ သဘောဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီလိုပြောလို့ တွေးခေါ်တာ မကောင်းဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဒါတွေက အနုပညာမှာပဲ အကျုံးဝင်ပါတယ်။
ဒီဇာတ်လမ်းကို ဘာလို့ကြိုက်လဲ… ဒီသီချင်းကို ဘာလို့ကြိုက်လဲ… ပညာရှင်မဟုတ်ရင်၊ သီအိုရီနားမလည်ရင် တိတိကျကျပြောနိုင်ဖို့ ခက်ခဲပါတယ်။
ဒါပေမယ့် “ပြောကြည့်ပါလား” ဆိုပြီး တောင်းဆိုတဲ့အခါ ပိုလေးနက်တဲ့ ဇာတ်လမ်းတွေ၊ သီချင်းတွေဆီကို စိတ်က ရောက်သွားမှာပါ။ အဲ့ဒီဟာတွေကို ရွေးမှ ပြောစရာစကား များများစားစား ရှိမှာပါ။

ကိုယ့်ကို လာလိမ်လို့မရဘူး၊ တော်ရုံနဲ့ အရူးလုပ်လို့မရဘူး တွေးမိရင် ဒါဟာ ပုံမှန်ပါပဲ။ ကိုယ့်အကြောင်းကိုယ် သိတယ်လို့ ထင်ရင်လည်း ပုံမှန်ပါပဲ။ ဒီလိုထင်နေမှလည်း “အရာရာအဆင်ပြေသွားမှာပါ…” ဆိုပြီး တွေးလို့ရမှာပါ။ လောကကြီးမှာ ရှင်သန်နိုင်ဖို့ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အကောင်းမြင်စိတ်ကလေး တစ်ခုတော့ လိုပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started