Genetic Engineering နဲ့ ကမ္ဘာကြီးရဲ့အနာဂတ် (Super-soldier တွေဖြစ်လာနိုင်မလား?)

လူတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက သဘာဝကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြပါတယ်။ သိလို့၊ နားလည်လို့တော့ မဟုတ်ပါဘူး။ မတော်တဆပါ။
ဥပမာ ဝံပုလွေတွေကို ယဉ်ကျေးအောင်လုပ်ရင်းကနေ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ခွေးတွေဖြစ်လာသလိုပါပဲ။ အပင်တွေ၊ အသီးတွေကိုလည်း ဒီလိုနည်းနဲ့ စားလို့ရတဲ့အဆင့်ရောက်အောင် ပြောင်းလဲခဲ့ကြပါတယ်။

ဒါပေမယ့် ၂၁ ရာစုကို ရောက်လာတဲ့အထိ သေချာနားလည်တယ် လို့တော့ မဟုတ်ပါဘူး။ ဒါတွေဟာ DNA ထဲမှာရှိတယ်ဆိုတာလောက်ပဲ သိကြတာပါ။
DNA ထဲမှာ ဒီ သတင်းအချက်အလက်တွေကို သိမ်းထားတယ်ဆိုတာတော့ နားလည်ခဲ့ကြပါတယ်။ လူတွေလုပ်သမျှအရာရာဟာ DNA ထဲမှာသိမ်းထားတဲ့ Information တွေကြောင့် တကယ်ဖြစ်လာနိုင်တာပါ။ မျိုးပွားခြင်း၊ အစာစားခြင်း၊ တွေးခေါ်ခြင်း၊ အသက်ရှုခြင်း အစုံပါပဲ။

DNA ကိုစတွေ့တဲ့ ၁၉၆၀ ခုနှစ်လောက်မှာ ပညာရှင်တွေဟာ အပင်တွေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ဓာတ်ရောင်ခြည်ပေးရင် DNA တွေပုံပြောင်း (Mutation) သွားတာကို သိတဲ့အတွက် အပင်တွေကို ဓာတ်ရောင်ခြည်ပေးခဲ့ပါတယ်။ DNA ပြောင်းလဲသွားတဲ့အခါ ပိုပြီးအသုံးဝင်တဲ့ အပင်မျိုးစိတ်တစ်ခု ဖြစ်လာကောင်းပါရဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။ (ပျက်စီးသွားတဲ့အပင်တွေကိုတော့ လွှင့်ပစ်လိုက်မှာပေါ့…)

၁၉၇၀ လောက်ရောက်လာတော့ DNA အပိုင်းအစလေးတွေကို ဘက်တီးရီးယားတွေ၊ အပင်ဆဲလ်တွေ၊ တိရစ္ဆာန်ဆဲလ်တွေထဲ ထိုးပြီး စမ်းကြည့်ပါတယ်။ Genetically modified လုပ်ထားတဲ့ ကြွက်တစ်ကောင်ကိုလည်း မွေးဖွားနိုင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Lab ထဲမှာ စမ်းသပ်ဖို့ပါ။

၁၉၈၀ လောက်ရောက်လာတော့ ရေနံစိမ်းထဲက အညစ်အကြေးတွေကို စားသောက်ဖြိုခွဲနိုင်တဲ့ ဘက်တီးရီးယားတစ်မျိူး (Pseudomonas အမျိုးအစားကွဲ) ကိုတီထွင်နိုင်ခဲ့ပါတယ်။

ခုနောက်ပိုင်းမှာတော့ ဆီးချိုသမားတွေသုံးတဲ့ Insulin ကိုပါ ဒီနည်းနဲ့ထုတ်လုပ်နိုင်ပါပြီ။ အရင်ကဆိုရင် ဝက်တွေဆီကနေ ယူခဲ့ရတာပါ။
ဒါ့အပြင် သွေးခဲဖို့အတွက်လိုအပ်တဲ့ Clotting Factor တွေကိုလည်း ဒီနည်းနဲ့ပဲ ထုတ်လုပ်နေပါတယ်။ သွေးရောဂါရှိတဲ့သူတွေအတွက် အဆင်ပြေသွားတာပေါ့။
ကျွန်တော်တို့ အခုစားနေကြတဲ့ ခရမ်းချဉ်သီး Sauce (Tomato Ketchup) ကိုလည်း ဒီနည်းနဲ့ ထုတ်လုပ်ထားတဲ့ ခရမ်းချဉ်သီးမျိုးကွဲကနေ ပြုလုပ်ထားတာပါ။
ခုခေတ်မှာတော့ အသားပေါတဲ့ဝက်တွေ၊ အသားတိုးပြီး အမွှေးမပါတဲ့ကြက်တွေ ညဘက်မှာ အလင်းရောင်ထွက်တဲ့ ငါးတွေကို ဒီနည်းနဲ့ထုတ်လုပ်နေပါတယ်။

Genetically Modified Muscular Pigs
Flourescent Zebrafishes

ဘာလို့ ဒီလောက်တောင် ပြောနေရလဲဆိုရင် Genetically Modified လုပ်ထားတဲ့ ပစ္စည်းတွေ ပတ်ဝန်းကျင်မှာ ဘယ်လောက်များလဲ သိစေချင်လို့ပါ။

DNA ထဲမှာ Nucleotide ၄စုံကို ပုံစံမျိုစုံနဲ့ ပတ်တွဲပြီး Information တွေကို Code လုပ်ထားပါတယ်။ အဲ့ဒီ Information တွေကို ပြောင်းလဲနိုင်မယ်ဆိုရင် လူတွေကို အတောင်တပ်ပေးလို့ရသလို ဝက်ဝံတစ်ကောင်လို ခွန်အားကြီးလာအောင်လည်း လုပ်လို့ရပါတယ်။ ဒါပေမယ့် ပညာရှင်တွေဟာ Genetic Code ကို ကိုယ်လိုသလို ပြောင်းလဲအောင်လုပ်ဖို့ အချိန်ကုန်သက်သာပြီး စျေးပေါတဲ့နည်းလမ်းတစ်ခုကို ရှာမတွေ့ခဲ့ပါဘူး။

ဒါပေမယ့် CRISPR ဆိုတဲ့ နည်းပေါ်လာတဲ့အခါမှာတော့ ကုန်ကြစရိတ်တွေဟာ ၉၉% လောက်လျော့သွားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နှစ်ချီပြီး မစောင့်ရတော့ဘဲ ရက်သတ္တပတ်အနည်းငယ်စောင့်ရုံနဲ့ အဆင်ပြေသွားပါတယ်။ လွယ်လည်း လွယ်ကူတယ်။

CRISPR ဆိုတာ Clustered Regularly Interspaced Short Palindrome Repeats ပါ။ Technical Term တွေပါလို့ ဘာသာမပြန်တော့ပါဘူး။

သူဘယ်လိုဖြစ်လာလဲဆိုတာ ပြောချင်ပါတယ်။ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေဟာ မတည့်ကျပါဘူး။ ဗိုင်းရပ်စ်တွေက လူကိုတင်ဒုက္ခပေးတာ မဟုတ်ဘဲ ဘက်တီးရီးယားတွေကိုပါ ဒုက္ခပေးပါတယ်။ Virus တစ်မျိုးဖြစ်တဲ့ Bacteriophage ဟာ သူ့ရဲ့ DNA ကို ဘက်တီးရီးယားထဲ ထိုးထည့်လိုက်ပါတယ်။

Bacteriophages Infecting Bacteria Illustration

အဲ့ဒီ DNA ဟာ အုတ်ရောရော ကျောက်ရောရောနဲ့ပဲ ဘက်တီးရီးယားရဲ့ DNA နဲ့သွားပေါင်းပါတယ်။ (DNA ကို Code လုပ်ထားတာက Nucleotide ၄စုံပဲရှိတာဆိုတော့ တိရစ္ဆာန်တိုင်းမှာ တူတူပါပဲ။ အစီအစဉ်ပဲ ကွဲပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ ပေါင်းလို့ရတာပါ)
နောက်ဆုံးမှာတော့ ဘက်တီးရီးယားရဲ့ ပစ္စည်းတွေကိုသုံးပြီး DNA ကနေ သူလိုအပ်တဲ့ Protein တွေထုတ်ပါတယ်။ (Oxygen စက်ရုံတွေကို လိုက်သိမ်းပြီး သူတို့အတွက်လိုအပ်တဲ့ Oxygen တွေကို အတင်းထုတ်ခိုင်းနေသလိုပါပဲ…)

ဘက်တီးရီးယားရဲ့ ကိုယ်ခံအားက ဒါကို မတွန်းလှန်နိုင်ပါဘူး။ ဒီတော့ သေကြတာပေါ့။ (ဒါဟာ လူတွေမှာ HIV ပိုးဝင်တာနဲ့ သွားတူပါတယ်…)
ဒါပေမယ့် တခါတလေမှာ ဘက်တီးရီးယားက အသက်ရှင်ကျန်ခဲ့ပါတယ်။ Virus ရဲ့ DNA ကို ဘက်တီးရီးယားရဲ့ CRISPR လို့ခေါ်တဲ့ နေရာမှာသိမ်းထားလိုက်တာပါ။ အမာရွတ်တွေဟာ အတိတ်ကို ပြန်သတိရနေစေလို့လည်း ဖြစ်နိုင်ပါတယ်။

Virus နောက်တစ်ခေါက် ပြန်ဝင်လာတဲ့အခါ DNA ကနေ RNA ပြောင်းထုတ်ပြီး Protein တစ်ခုဆီပေးလိုက်ပါတယ်။ သူက ဆရာကြီးပါ။ နာမည်က Cas9 လို့ခေါ်ပါတယ်။ သူက သူ့ဆီရောက်လာတဲ့ RNA ကို Reference ထားပြီး ဝင်လာတဲ့ Virus ရဲ့ DNA ကိုလိုက်ရှာပါတယ်။ ၁၀၀% တူတာတွေ့ရင် ဖြတ်ပစ်လိုက်ပါတယ်။
ဒီတော့ Virus DNA က ဘက်တီးရီးယား DNA နဲ့ အုတ်ရောရော ကျောက်ရောရော သွားပေါင်းနေလို့မရတော့ပါဘူး။ ဆရာကြီးက ဒါတွေမြင်ပါတယ်။

ဒါကို သိလာကြတဲ့ ပညာရှင်တွေဟာ Cas9 ထဲကို သူတို့ပြောင်းလဲချင်တဲ့ DNA တွေပေးလိုက်ပါတယ်။ ဆရာကြီးကတော့ စစ်ဆေးပြီး တူရင်ဖြတ်ချလိုက်ပါတယ်။
ဘယ်လိုတင်စားကြလဲဆိုတော့ အရင်ခေတ်က Genetically Modified လုပ်တာတွေဟာ မြေပုံတစ်ခုဆိုရင် Cas9 က GPS လိုပါပဲတဲ့။ ပြောချင်တာက အရမ်းတိကျပါတယ်။

ဒီတော့ Genetic Code ကို လူတွေလိုသလို တိတိကျကျပြောင်းလဲဖို့ နည်းလမ်းရှိလာပါပြီ။ ၂၀၁၆ ခုနှစ်တုန်းက ပညာရှင်တွေဟာ CRISPR နည်းပညာကို သုံးပြီး လူတွေဆီမှာ ဝင်နေတဲ့ HIV DNA တွေကို ဖြတ်ထုတ်ခိုင်းခဲ့ဖူးပါတယ်။ HIV ပိုးဝင်ထားတဲ့ ကြွက်တွေနဲ့စမ်းတဲ့အခါမှာလည်း CRISPR ကြောင့် HIV DNA ၄၈% ပျောက်သွားတယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ HIV ဆိုတာ ကုလို့ရတဲ့ရောဂါတစ်ခု ဖြစ်ဖို့ အလားအလာကောင်းနေပါတယ်။
အလားတူပဲ ကင်ဆာဟာလည်း လွယ်လွယ်ကူကူနဲ့ ကုသလို့ ရလာနိုင်မယ်လို့ ယူဆထားကြပါတယ်။ ကုသလို့မရနိုင်တဲ့ မျိုးရိုးဗီဇရောဂါတွေကိုလည်း ဒီနည်းနဲ့ အမြစ်ပြတ်အောင် ကုသနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

တစ်ချိန်မှာ ဒီလိုတွေဖြစ်လာနိုင်တာ ကောင်းတာပေါ့လို့ တွေးကြမှာပါ။ ကလေးဘဝထဲက မျိုးရိုးဗီဇ မူမမှန်လို့ ရောဂါပေါင်းစုံမခံစားရအောင် CRISPR နဲ့ပြုပြင်တာဟာ ကောင်းတာပေါ့။
ဒါပေမယ့် လူတွေအကြောင်းစဉ်းစားကြည့်ပါ။ ပထမဆုံး ဒီလိုနည်းနဲ့ ပြုပြင်ထားတဲ့ ကလေးတစ်ယောက်ဖြစ်လာပြီဆိုရင် နောက်လူတွေကလည်း လိုချင်ကြမှာပါ။
ရုပ်ချောတဲ့ Gene ၊ ဗလတောင့်တဲ့ Gene ၊ ဉာဏ်ကောင်းတဲ့ Gene စတာတွေနဲ့ ကိုယ့်ကလေးကို အကောင်းဆုံးဖြစ်အောင် တောင်းဆိုကြတော့မှာပါ။ ဒီရောဂါမဖြစ်အောင်လုပ်ပေးတယ်ဆိုရင် ဟိုရောဂါမဖြစ်အောင်ပါ တခါတည်း Modified လုပ်ချင်ကြတော့မှာပါ။
ဒီတော့ နောက်ဆိုရင် Genetically Modified လုပ်ထားတဲ့ လူဆိုတာ New Normal ဖြစ်လာနိုင်ပါတယ်။ ခုခေတ် အနောက်နိုင်ငံတွေမှာ အသက်ကြီးလာရင် မိန်းမတော်တော်များများ Botox ထိုးကြသလိုပါပဲ။

ဒါ့အပြင် ဒီနည်းနဲ့ အသက်ကြီးတာကို ကာကွယ်ဖို့ ဖြစ်နိုင်ပါတယ်။ အနည်းဆုံးတော့ အသက်ကြီးတာကို နှေးအောင်လုပ်လို့ရပါတယ်။ အချို့တိရစ္ဆာန်တွေဟာ အသက်မကြီးကြပါဘူး။ ဥပမာ Jellyfish တွေဟာ Immortal ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။
ဒီအကောင်တွေဆီက အသက်မကြီးစေတဲ့ DNA ကိုယူပြီး လူနဲ့ပေါင်းလိုက်ရင်…

ပညာရှင်အချို့ကတော့ လူတွေ နှစ်ထောင်ချီအသက်ရှည်မှာကို Skeptical ဖြစ်ကြပါတယ်။ ဖြစ်လည်းဖြစ်ထိုက်ပါတယ်။ ကျော်လွှားရမယ့် အခက်အခဲတွေက အများကြီးပါ။

အနာဂတ်မှာ Immortal မဖြစ်နိုင်ရင်တောင်မှ လူတွေမှာ ဖြစ်နေတဲ့ရောဂါတော်တော်များများကို ဒီနည်းနဲ့ ရှောင်လွှဲနိုင်မယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ Infection တွေ၊ ကင်ဆာတွေကို မြန်မြန်သတ်နိုင်မယ့် ကိုယ်ခံအားဖြစ်လာအောင် Modified လုပ်မယ်… Junk Food တွေကြိုက်သလောက်စားပြီး ဝမလာတဲ့ Metabolism မျိုးရအောင် ပြောင်းလဲမယ်… အခြားဂြိုလ်တွေပေါ်မှာ အသက်ရှင်နိုင်မယ့် လူသားတွေဖြစ်လာအောင် လုပ်ပေးမယ်… Possibilities တွေအများကြီးပါ။

ဒါပေမယ့် Ethical ပြဿနာတွေရှိပါတယ်။ ဒါတွေကို စာရှည်မှာ ကြောက်လို့ဆက်မပြောတော့ပါဘူး။

Supersoldier တွေဖြစ်လာဖို့ကလည်း သီအိုရီအရဖြစ်နိုင်ပါတယ်။ Captain America လို Super-soldier Serum ထိုးပြီး သန်မာလာတာမျိုးဟာ တကယ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာဟာ မကောင်းတဲ့သူတွေ လက်ထဲရောက်သွားရင်… ဆိုတဲ့မေးခွန်းကို မေးလာရပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ CRISPR ဟာ Perfect မဖြစ်သေးပါဘူး။ ပညာရှင်တွေက ဆက်ပြီးလေ့လာနေကြပါတယ်။ သူတို့သိတာဟာ Tip of the iceberg ပဲရှိသေးတာပါ။ ဒီတော့ အရမ်းစွတ်တိုးပြီး လုပ်ချင်တာတွေ မလုပ်ရဲကြသေးပါဘူး။
အခုအချိန်မှာတော့ ရောဂါပိုးမွှားတွေကင်းစင်တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာဖို့ကိုပဲ မျှော်လင့်မိပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “Genetic Engineering နဲ့ ကမ္ဘာကြီးရဲ့အနာဂတ် (Super-soldier တွေဖြစ်လာနိုင်မလား?)

    1. ထိန်းမနိုင် သိမ်းမရဖြစ်သွားရင် ကမ္ဘာကြီးပျက်သွားနိုင်လို့ပါ။ ဒီနည်းပညာကို သေချာနားလည်ပြီး ထိန်းချုပ်နိုင်မှ ရှေ့ဆက်မယ့်သဘောရှိပါတယ်။

      Like

Leave a reply to Todoroki Kun Cancel reply

Design a site like this with WordPress.com
Get started