အရင့်အရင် post တွေတုန်းက OCD အကြောင်းကို အနည်းငယ်ဖော်ပြဖူးပါတယ်။
အခုတော့ တောင်းဆိုတဲ့သူတွေများလာလို့ OCD သီးသန့်ရေးပေးလိုက်ပါတယ်။
OCD ဆိုတာ စိတ်ဝေဒနာတမျိုးဖြစ်ပြီး Obsessive Compulsive Disorder လို့ခေါ်ပါတယ်။ သူ့အကြောင်းကို ၂ပိုင်းခွဲမြင်လို့ရပါတယ်။
သူ့နာမည်အတိုင်းပဲ Obsessive အပိုင်းနဲ့ Compulsive အပိုင်းတို့ဖြစ်ပါတယ်။
Obsessive ဖြစ်တယ်ဆိုတာ အစွဲအလမ်းစိတ်တခုဖြစ်တာကိုဆိုလိုတာပါ။
တနည်းအားဖြင့် အတွေးတခု ကိစ္စတခုကို စိတ်အာရုံထဲမှာဖျောက်လို့မရဘဲ ထပ်တလဲလဲတွေးမိနေတာမျိုးပါ။
ဥပမာ ညအိပ်ခါနီး ငါတံခါးတွေပိတ်ပြီးပြီလား… သူခိုးတွေဝင်လာရင်ဘယ်လိုလုပ်မလဲလို့ တွေးမိတာပါ။ ပုံမှန်လူဆိုရင် တခါတွေးမိမယ်။ တံခါးသွားပိတ်မယ်။ ပြီးရင် စိတ်ချလက်ချအိပ်မယ်ပေါ့။

OCD သမားကကျတော့ တွေးမိပြီး တံခါးသွားပိတ်လိုက်ပေမယ့် အိပ်ရာထဲရောက်ရင် ထပ်တွေးမိပြန်ပါတယ်။ ငါတံခါးပိတ်တာ သေချာရော သော့ခတ်မိရဲ့လားလို့ တွေးကာ နောက်တခါသွားစစ်ပြန်ပါတယ်။
တခါအိပ်ရာထဲရောက်ရင် တံခါးပိတ်ပြီးသလားကိုပဲထပ်တွေးမိပြန်ပါတယ်။ “ငါကိုယ်တိုင်သေချာပိတ်ခဲ့တာပဲလေ” လို့ဖြေတွေးတွေးလို့မရအောင်ကို ဖြစ်နေတာပါ။
“နင်ကအမြဲ နမော်နမဲ့နိုင်တာပဲ… ဘာလုပ်လုပ်ရှပ်ပြာရှပ်ပြာနဲ့ သေချာမပိတ်မိရင်ဘယ်လိုလုပ်မှာလဲ” ဆိုပြီး ထပ်တလဲလဲတွေးနေလိုက် တံခါးကိုထကြည့်လိုက်နဲ့ အဲ့တစ်ညလုံးကောင်းကောင်းကို အိပ်လို့မရတော့ပါဘူး။

ဒီဥပမာမှာ တံခါးမပိတ်မိမှာစိုးတဲ့အတွေးကို Obsession လို့ခေါ်ပါတယ်။
အဲ့အတွေးကြောင့် လိုက်လုပ်မိနေတဲ့လုပ်ရပ်ကို Compulsion လို့ခေါ်တာပါ။ တံခါးပိတ်ပြီးမပြီး သွားစစ်ဆေးတာက Compulsion ဖြစ်ပါတယ်။
စွဲလမ်းတဲ့အတွေးကြောင့် လိုက်လုပ်မိနေတယ်။
Obsession ကြောင့် Compulsion ဖြစ်နေတဲ့သဘောပါ။
အဲ့အစွဲတွေက မကောင်းမှန်း မတွေးသင့်မှန်းသိနေပေမယ့် စိတ်ကိုက မတွေးရမနေနိုင်ဖြစ်နေတာမို့ အတော်စိတ်ညစ်စရာကောင်းပါတယ်။

တချို့OCD တွေဆိုရင် နေ့စဥ်ဘဝကိုပါဒုက္ခပေးလာပါတယ်။
အပေါ်ကလို တံခါးမပိတ်မိမှာစိုးတဲ့ OCD သမားက အလုပ်သွားဖို့ အပြင်ထွက်မယ်ဆိုရင် တံခါးကိုစိတ်မချလို့ ပြန်စစ်နေရတာနဲ့ အချိန်ကုန်ပြီး အလုပ်နောက်ကျ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရပါတယ်။
OCD အမျိုးအစားတွေကတော့ အစုံရှိပါတယ်။
ပထမတခုက Contamination OCD ပါ။
သူစိတ်စွဲနေတာက သူခန္ဓာကိုယ်မှာ ပိုးမွှားတွေအမြဲရှိနေတယ် ညစ်ပတ်နေတယ်ဆိုပြီးတွေးနေတာပါ။
အဲ့ဒီပိုးတွေမရှိအောင် ၅မိနစ်တခါ ထပ်တလဲလဲလက်ဆေးတာတို့၊ ရေခဏခဏချိုးတာတို့လုပ်တတ်ကြပါတယ်။

နောက်တမျိုးက Checking OCD သမားပါ။
သူက Ever စစ်ဆေးနေတတ်တဲ့သူပါ။
စိတ်မချတဲ့အရာတွေက တံခါးမပိတ်မိမှာတို့၊ Gas အိုးမပိတ်မိဘဲ Gas တွေထွက်လာမှာတို့၊ မီးဖိုချောင်က မီးဖိုမပိတ်မိမှာတို့ စတာတွေကို စိုးရိမ်နေတတ်ပါတယ်။ သာမန်လူတွေလဲ တခါတခါစိတ်မချဘဲ ပြန်စစ်ဆေးတတ်ပေမယ့် OCD သမားတွေလိုတော့ ထပ်တလဲလဲ အကြိမ်ကြိမ်ဘယ်သူမှမစစ်နေပါဘူး။

သူတို့က လုပ်ပြီးသားကို မေ့သွားကြတာလားလို့မေးရင်လဲ အဲ့လိုမှတ်ဉာဏ်မကောင်းတာမျိုးမဟုတ်ပါဘူး။
စိတ်ကိုက လုပ်ပြီးမှန်းသိပေမယ့် ပိုသေချာအောင်လုပ်ချင်ကြတာပါ။ အနည်းဆုံးတရက်ကို အချိန် ၁နာရီကျော်ကြာအောင် အဲ့လို အလုပ်တွေထပ်တလဲလဲလုပ်နေတတ်ပါသတဲ့။
တတိယတမျိုးကကျ Counting/Repeating OCD သမားပါ။
တခုခုကို အမြဲတမ်းရေတွက်နေတတ်တဲ့ လူတွေပါ။
Arithmomania လို့လဲခေါ်ပါတယ်။
ဖြတ်သွားဖြတ်လာလူတွေကို ရေတွက်နေတတ်သလို လှေကားထစ်တွေ၊ အဆောက်အဆုံအထပ်တွေ၊ နံရံကကြွေပြားအရေအတွက် စသဖြင့် မြင်သမျှရေတွက်နေကြသူတွေဖြစ်ပါတယ်။

နောက်တမျိုးကတော့ Symmetry or Orderly OCD သမားတွေပါ။
တခုခုဆိုရင် တိတိကျကျနဲ့ အံဝင်ခွင်ကျ စီစီရီရီလိုချင်ကြသူတွေပါ။ စာအုပ်တွေစောင်းနေတာမြင်ရင် မနေတတ်သူ၊ ကောဇောတွေ စောင်တွေ မညီရင်မနေတတ်ဘဲ လိုက်ပြုပြင်ပေးနေသူတွေပါ။

ပိုဆိုးတာက တချို့ဆိုရင် မြက်ပင်တွေမညီမညာဖြစ်နေတာကို မြင်ရင်မနေနိုင်ဘဲ ကတ်ကြေးတလက်နဲ့ ညီအောင်ညှိပေးနေတာမျိုးအထိရှိကြပါတယ်။

ဒါတင်မကသေးပါဘူး။ Hoarding OCD ဆိုတာလဲရှိပါသေးတယ်။ သူကကျတော့ အရေးကြီးတာတွေ မှားပြီးလွှင့်ပစ်မိတာစိုးတဲ့သူတွေပါ။ ဘာကိုမှမလွှင့်ပစ်ရဲတော့ဘဲ တွေ့သမျှအကုန်သိမ်းထားတတ်သူတွေပါ။ တချို့ကျတော့လဲ မလိုတဲ့ပစ္စည်းတွေကို ကြိုစုထားတတ်ကြပါတယ်။ အရေးကြီးရင် ဝယ်မရမှာစိုးလို့ လိုလိုမလိုလို ကြိုစုထားတာကလဲ Hoarding OCD ပါပါတယ်။
စုတတ်တဲ့ပစ္စည်းတွေကဘေးလူကြည့်ရင် ရယ်စရာကောင်းနေတတ်ပြီး သူ့အတွက်တော့ မဝယ်ရရင်မနေနိုင်တာပါ။ ဥပမာ အရေးအကြောင်းဆိုရင် စီးစရာဖိနပ်မရှိမှာစိုးပြီး ဖိနပ်မြင်တိုင်းဝယ်စုတာမျိုးပါ။
တချို့ကလဲ စာအုပ်စုပါတယ်။ သူများတွေစုတာနဲ့မတူတာက ဒီဝယ်ပြီးသားစာအုပ်ကိုပဲ ဆိုင်အမျိုးမျိုးရောက်တိုင်း ထပ်တလဲလဲဝယ်စုတာမျိုးပါ။ ရည်ရွယ်ချက်ကတော့ တအုပ်ပျောက်သွားရင် ဖတ်စရာမရှိတော့မှာစိုးလို့တဲ့။ တကယ်က သူ့အိမ်မှာအမျိုးအစားတူစာအုပ်ချည်းပဲ အထပ်လိုက်ရှိနေပါပြီ။
နောက်ထပ် OCD အမျိုးအစားတွေကျန်ပါသေးတယ်။ အလျဥ်းသင့်တဲ့အခါ သပ်သပ်တပုဒ်အနေနဲ့ထုတ်ပြီးရေးပါဦးမယ်။

OCD တွေဘဝက သနားစရာကောင်းပါတယ်။
ခက်ခဲပင်ပန်းပြီး စိတ်ညစ်ညူးစရာကောင်းလှတာမို့ သူတို့က ဒီဝေဒနာကနေ အမြန်ဆုံးလွတ်မြောက်ချင်ကြပါတယ်။ ကုသတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပြီး မကုဘဲထားရင် တော်ရုံနဲ့ပျောက်ကင်းလေ့မရှိပါဘူး။
ဆေးကုသမှုခံယူသူထဲမှာတောင် ၇၀% လောက်ပဲ သက်သာပျောက်ကင်းကြပြီး ၁၅% ကကောင်းလဲမကောင်းဆိုးလဲမဆိုးလာပါဘူး။
ကျန်တဲ့ ၁၅% လောက်ကတော့ ကုနေရင်းကို ပိုဆိုးလာတတ်ပါတယ်။
ဆေးဝါးနဲ့ကုသလို့ရသလို စိတ်ကိုကုတာမျိုးလဲရှိပါတယ်။
ဆေးပညာအရ ဒီရောဂါက ဦးနှောက်ရဲ့ serotonin ဆိုတဲ့ chemical အလုပ်လုပ်မှုမမှန်ကန်လို့ဆိုတာ တွေ့ရလို့ serotonin ပြန်တက်စေတဲ့ဆေးတွေပေးကြပါတယ်။
Cognitive Behavior Therapy (CBT) ဆိုတဲ့ စိတ်နဲ့အပြုအမူကို နှစ်သိမ့်ပြုပြင်ပေးတဲ့ကုထုံးကိုလဲသုံးကြသလို Exposure and Response prevention ဆိုတဲ့နည်းနဲ့လဲ ကုသပေးကြပါတယ်။

မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ ဖေးမနားလည်ပေးမှုကလဲအရေးကြီးသလို မိမိကိုယ်တိုင်ရဲ့ စိတ်ခွန်အားပေါ်လဲမူတည်ပါတယ်။ OCD သမားတွေက ဒီအပြုအမူတွေကြောင့် ရှက်ဖို့ကြောက်ဖို့မလိုဘဲ နည်းမှန်လမ်းမှန်နဲ့ ကုသမှုခံယူဖို့သာလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
Thanks for your time!
လင်းမူ
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
ကိုယ်ကကျ ဂဏန်းတွေနဲ့ပတ်သတ်ပီးအဲ့လိုဖြစ်တာ ငွေလွှဲဖို့ဘဏ်အကောင့်ရိုက်ထည့်တာမျိုးဆို ဖင်ပြန်ခေါင်းပြန်ကိုစစ်နေမိတာ မနေနိုင်ဘူး
LikeLike
This is so me
LikeLike