ဘုရင့်နောင်ဖောက်ဖျက် ဆိုတဲ့သဘောကို နားလည်ကြမှာပါ။ နောင်ရိုးတိုက်ပွဲမှာ ဖောင်တွေအကုန်လုံးကို ဖျက်လိုက်တဲ့အတွက် သူ့လူတွေက နိုင်အောင်တိုက်ဖို့ Moti ရသွားတာပေါ့။ ဒီလိုအဖြစ်အပျက်တွေက သမိုင်းတစ်လျှောက်မှာ အများကြီးပါပဲ။
လူတွေက Options တွေများများရှိတာကို သဘောကျပါတယ်။ All or none သွားရတာကို သိပ်သဘောမကျတတ်ပါဘူး။ ဘုရင့်နောင် ဥပမာအရပြောရရင် သူ့လူတွေက နိုင်အောင်တိုက်မှရတော့မယ်… မနိုင်ရင် သေဖို့ပဲရှိတော့တယ်ဆိုတဲ့ အသိမျိူးဝင်သွားတဲ့အခါ နိုင်အောင်တိုက်ကြတာပေါ့။

ကျွန်တော်တို့ ဖုန်းအကောင်းစားတွေ ကိုင်ချင်ကြတယ်။ ကွန်ပြူတာကောင်းတာတွေကို လိုချင်ကြတယ်။ တီဗွီကောင်းကောင်းလိုချင်ကြတယ်။ ဒါပေမယ့် ကိုယ်ဘာအသုံးလိုလဲဆိုတာကို သေချာမသိတဲ့အခါ စျေးကြီးပေးပြီး Function များများပါတဲ့ ဖုန်း၊ ကွန်ပြူတာကို ဝယ်မိတတ်တယ်။
ကျွန်တော်ကိုင်တဲ့ဖုန်းဆို စျေးအလယ်အလတ်ပါပဲ… ဒါပေမယ့် သူ့မှာ ပါသမျှ Function တွေအကုန်လုံးကို ကျွန်တော့အနေနဲ့ မသုံးပါဘူး။ သေချာလည်းမသိဘူး။ ဒါပေမယ့် ဒီ Function တွေပါတာ ပိုကောင်းတာပေါ့။ လိုရမယ်ရဆိုတဲ့ စိတ်နဲ့ပဲ သူ့လောက်စျေးမကြီးတဲ့ဖုန်းတွေကို ပစ်ပယ်ခဲ့တယ်။
“လိုရမယ်ရ” ဆိုတဲ့ စိတ်က လူတော်တော်များများစိတ်မှာ ရှိကြပါတယ်။ Panic Buying လုပ်ကြတယ်… လိုရမယ်ရဆိုတဲ့ စိတ်ကြောင့်ပါ။ ကလေးတွေကို ကျူရှင်ကနေ ကျောင်း၊ ကျောင်းကနေ ကျူရှင်၊ ဒါ့အပြင် ပိတ်ရက်တွေမှာ သင်တန်းတစ်ခုခုတက်ခိုင်းတာဟာလည်း ဒီစိတ်ကြောင့်ပါပဲ။

ကောင်မလေးတစ်ယောက်ဟာ ကောင်လေးနှစ်ယောက် ဘယ်သူ့ကို ကြိုက်ရမလဲ မသေချာတာဟာလည်း လိုရမယ်ရ စိတ်ကြောင့်ပါ။ ဥပမာ သူနဲ့တွဲနေတာက တစ်ယောက်… ဒါပေမယ့် စိတ်ကုန်နေပြီ… နောက်ကောင်လေးတစ်ယောက်က ပိုကောင်းတယ်လို့ သူ့စံနှုန်းတွေအရ သူသိနေတယ်။ အဲ့ဒီတော့ ရှင်းရှင်းလေးပဲ။ နောက်ကောင်လေးနဲ့ ပြောင်းကြိုက်လိုက်ပေါ့… လို့ ပြောချင်ကြမှာပါ။
ဒါပေမယ့် တချို့တွေမှာ အဲ့လိုအတွေးမျိုး မဖြစ်လာပါဘူး။ Option ၂ခုကြား လွန်ဆွဲနေရင်းနဲ့ပဲ အချိန်တွေကုန်သွားတတ်တယ်။ (ဘာကို ရွေးသွားလဲဆိုတာကို ပြောချင်တာ မဟုတ်ပါဘူး… အချိန်ကုန်တာကို ပြောတာပါ)

ဒီသဘောကို စမ်းသပ်ထားတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ Volunteer တွေကို ကွန်ပြူတာတစ်လုံးရှေ့မှာ ထိုင်ခိုင်းပြီး Screen ပေါ်မှာ တံခါး ၃ပေါက် ပြထားတယ်။ တံခါးပေါက်တွေကို အနီ၊ အပြာ၊ အစိမ်းဆိုပြီး အရောင်နဲ့ခွဲထားတယ်။ တံခါးတစ်ပေါက်ချင်းဆီကို နှိပ်လိုက်ရင် ပိုက်ဆံရပါတယ်။
ဥပမာ အနီကို နှိပ်ရင် ရတဲ့ဆုကြေးက Range တစ်ခုရှိမယ်။ ၁၀၀ ကနေ ၃၀၀ ကြားဆိုပါတော့။ အပြာနဲ့ အစိမ်းလည်း အဲ့လိုပဲ။ တံခါး ၃ပေါက်မှာ ဘယ်တံခါးက ပိုက်ဆံပိုရလဲဆိုတာ လူတွေက မသိကြဘူး။

Volunteer တစ်ယောက်ကို Click အခါ ၁၀၀ နှိပ်လို့ရတယ်။ အဲ့တော့ တံခါး ၃ပေါက်လုံးကို မြေစမ်းခရမ်းပျိုးပြီး ဘယ်တံခါးက ပိုက်ဆံပိုပေးလဲဆိုတာ စမ်းသပ်လို့ရတာပေါ့။
တကယ်အဖြစ်သင့်ဆုံး Strategy ကတော့ တံခါး တစ်ခုကို Click ၃ခါလောက်နှိပ်ပြီး ငွေဘယ်လောက်ရလဲ စမ်းကြည့်သင့်တာပေါ့။ ဒါဆိုရင် Click ၉ ခါဆို တံခါး ၃ပေါက်အကြောင်း နားလည်သွားပြီ။ ကျန်တဲ့ Click ၉၁ ခါမှာ စျေးအများဆုံးပေးတဲ့ တံခါးကိုပဲ နှိပ်နေတော့မှာပေါ့။ ဟုတ်တယ်မလား?
ဒါကို ဖွန်ကြောင်တဲ့နေရာမှာ လူတိုင်းအသုံးချကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။ ကိုယ့်ကို လာကြိုက်တဲ့လူ ၃ယောက်ရှိရင် ၃ယောက်လုံးထဲက အကောင်းဆုံးလို့ ထင်ရတဲ့သူကို ရွေးမှာပါပဲ။ (တစ်ယောက်ကိုမှ မရွေးတာလည်း ဖြစ်နိုင်ပါတယ်…)
အဲ့လို ကောင်းခြင်း၊ ဆိုးခြင်း Information ကို ရအောင် ၃ယောက်လုံးနဲ့ အဆက်အဆံလုပ်မှာပါပဲ။ ကိုယ့်ကို စကားပြန်ပြောတိုင်း သဘောကျလို့ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။

ဒါက ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒါပေမယ့် တဖက်လူက ကိုယ်ကြိုးရှည်ရှည်နဲ့ လှန်ထားတာကို မစောင့်နိုင်တဲ့အခါ နောက်တစ်ယောက် ပြောင်းသွားတတ်ပါတယ်။ အဲ့ဒီအခါမှာ ကိုယ့်စိတ်ထဲ ဘယ်လိုဖြစ်လာလဲ တော်တော်များများ ခံစားဖူးကြမှာပါ။
အဲ့အကြောင်း ဖတ်ချင်ရင် အောက်မှာဖတ်ပေးပါ။
လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ
https://ouo.io/vfxxYLr
တံခါး ၃ပေါက်စမ်းသပ်ချက်ကိုပဲ ဒီတခါမှာ အဆင့်မြှင့်လိုက်ပါတယ်။ လူတိုင်း Click ၁၀၀ နှိပ်ခွင့်ရှိတာက မပြောင်းလဲပါဘူး။ ပြောင်းလဲသွားတာက တံခါးတစ်ပေါက်ကို ၁၂ ကြိမ်တိတိလာမနှိပ်ဘူးဆိုရင် အဲ့ဒီတံခါးကို ဘယ်တော့မှ ပြန်နှိပ်လို့မရတော့ပါဘူး။ အဲ့လိုပြောင်းလိုက်တဲ့အခါမှာ တော်တော်များများက တံခါးပေါက်တစ်ခုဟာ ပိုက်ဆံပိုရမှန်းသိပေမယ့် အခြားတံခါးပေါက်တွေကို မပျောက်သွားအောင် ၁၂ ကြိမ်မပြည့်ခင် သွားသွားနှိပ်နေတတ်တယ်။

ဒါကဘာကို ပြလဲဆိုတော့ တံခါး ၂ပေါက်ဟာ ငွေအဲ့လောက်မရမှန်းသိပေမယ့် သံယောစဉ်မပြတ်တဲ့သဘောပါ။
နေ့စဉ်ဘဝမှာလည်း ဒါတွေကို တွေ့နေရတာပါပဲ။ ဒီတစ်ယောက်ကို ကြိုက်လိုက်လို့ ဟိုတစ်ယောက်ကို လွတ်သွားမှာ ကြောက်ကြသလိုပေါ့။ အထူးသဖြင့် ပြိုင်ဘက်နှစ်ယောက်ဟာ မတိမ်းမယိမ်းဆိုရင် မိန်းကလေးအနေနဲ့ ရွေးရခက်တာပေါ့။
ကိုယ့်စိတ်ထဲက တစ်ယောက်ယောက်ကို ပိုအလေးသာရင်တောင်မှ တစ်ယောက်ကို ဆုံးရှုံးသွားမှာကြောက်တဲ့အတွက် မလည်ရှုတ်လုပ်နေတတ်တယ်။

စမ်းသပ်ချက်ကို နောက်တစ်ဆင့် ထပ်ပြီး ကွန့်လိုက်ပါသေးတယ်။ ၁၂ ခါမနှိပ်ရင် တံခါးတစ်ပေါက်ပျောက်သွားမှာ မှန်ပေမယ့် Click ၁ခါနှိပ်လိုက်တာနဲ့ ပြန်ပြီး အစဖော်လို့ရပါတယ်။ အဲ့ဒါဆိုရင် တံခါးပေါက်လုံးဝပျောက်သွားမှာ ပူစရာမလိုတော့ဘူးပေါ့။ ဟုတ်တယ်မလား? အချိန်မရွေး Click ၁ချက်နှိပ်ပြီး ပြန်ဖော်လို့ရနေတာပဲ။
ဒါပေမယ့် တော်တော်များများကတော့ တံခါးပေါက်ကို အပျောက်မခံကြပါဘူး။ တံခါးပေါက် ၃ပေါက်လုံးကို ပတ်နှိပ်နေရင်းနဲ့ ဗျာများနေကြပါတယ်။

လူတွေဟာလည်း Option တွေအများကြီးကြားထဲမှာ ဗျာများနေတတ်တယ်။ စမ်းသပ်ထားတာဟာ တံခါးပေါက် ၃ပေါက်တည်းပါ။ ၁ပတ် ၁ခါလောက်သာ တံခါးပေါက် ၂ပေါက်ထပ်တိုးနေမယ်ဆို တော်တော်စိတ်ဖိစီးမှုများလာမှာပါ။
လူတွေကလည်း မသိလိုက်မသိဘာသာနဲ့ ဘဝမှာ တံခါးပေါက်တွေ ထပ်တိုးအောင် လုပ်နေကြတယ်။ ဂစ်တာတီးတာ ဝါသနာပါတယ်… Body Builder ကြီးလည်းဖြစ်ချင်တယ်… စာအုပ်တွေလည်း အများကြီးဖတ်ချင်တယ်… ကိုယ့်ရဲ့ ကောင်မလေးကိုလည်း ပျော်အောင်ထားချင်တယ်… မိဘကိုလည်း ရှာကျွေးချင်တယ်… ကိုယ့်ရဲ့ Career မှာလည်း အောင်မြင်အောင်လုပ်ချင်တယ်… ဂိမ်းကိုလည်း Pro တစ်ယောက်လို ဆော့တတ်ချင်တယ်… ဆိုရင် ဖြစ်နိုင်ဖို့ တော်တော်မလွယ်ပါဘူး။ Stress တွေပဲ ပိုပိုများလာဖို့ ရှိပါတယ်။

ဒါကြောင့် အခုခေတ်မှာ တော်တော်များများက Minimalism ကို သဘောကျလာကြတဲ့ပုံပါပဲ။ ဒါပေမယ့် အရာရာကို ဒီလိုမြင်ကြည့်နိုင်ဖို့ ခက်ခဲပါတယ်။
ကိုယ့်သိပ်သဘောမကျတဲ့သူတွေကို အချိန်မပေးဘဲ ကိုယ့်အတွက် တကယ်အသုံးလိုတဲ့ လူတွေကို အလေးပေးဆက်ဆံတာဟာ သိပ်မခက်ပါဘူး။
အလုပ်နှစ်ခုရွေးလာရတဲ့အခါမျိုး၊ ဘဝတစ်ဆစ်ချိူး အလှည့်အပြောင်းဖြစ်လာနိုင်တဲ့ ရွေးချယ်မှုမျိုးတွေကို စိတ်ရှင်းရှင်းထားပြီး ဆုံးဖြတ်နိုင်ဖို့ကတော့ ခက်ခဲပါတယ်။ တံခါးပေါက်တွေပျောက်သွားတာကို မလိုချင်ကြပါဘူး။

အဲ့လိုဆုံးဖြတ်ရကြပ်နေတဲ့အချိန်ကာလဟာ အနည်းငယ်ကြာလာပြီဆိုရင် ကိုယ်ပဲ ထိခိုက်ပါတယ်။ ကိုယ့်ရဲ့အလုပ်ထိခိုက်နိုင်တယ်၊ Stress တွေများနေနိုင်တယ်၊ ဘယ် Option ကိုရွေးရမလဲ Research တွေလုပ်နေရတဲ့အတွက် အချိန်ကုန်တယ်။
တချို့တွေဟာ ရွေးချယ်ရခက်လာတဲ့အခါ ဘာကိုမှမရွေးချယ်တော့ဘဲ ဒီအတိုင်းနေလိုက်ကြတာတွေလည်း ရှိပါတယ်။
အသိတစ်ယောက်ဆိုရင် စက်ဘီးစီးနေရင်း ဘယ်လား ညာလား… ဘယ်သွားရမလဲသေချာမသိလို့ ရှည့်တည့်တည့်က ကျောက်တုန်းကြီးကို ဝင်တိုက်ဖူးပါတယ်။

ဒါကြောင့် Option တွေများလာရင် တစ်ခုခုကို ရွေးချယ်မှာလားဆိုတာ သေချာဆုံးဖြတ်ပါ။ မရွေးချယ်ဘူးဆိုရင်လည်း စိတ်ပိုင်းဖြတ်လိုက်ပါ။ ကြိုးရှည်ရှည်နဲ့လှန်ခြင်းဟာ တစ်ဖက်လူအတွက်တင်မဟုတ်ဘဲ ကိုယ့်အတွက်ပါ စိတ်ဒုက္ခများစေပါတယ်။
လောကကြီးမှာ ကိုယ့်အတွက် ဘယ်အရာတွေက အရေးကြီးလဲဆိုတာ Priority လေးတွေထားပါ။ ကျန်တာတွေအတွက် အချိန်များများစားစား မပေးသင့်ပါဘူး။
ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ အရာတွေကို သံယောစဉ်ပြတ်နိုင်ကြပါစေခင်ဗျာ။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။