Gut Feeling တွေဟာ လက်တွေ့မှာ မှန်ကန်နေနိုင်လား?

တစ်ခါတုန်းက ပြတိုက်တစ်ခုကို လူတစ်ယောက်ဟာ သူပိုင်တဲ့ ရုပ်ထုတစ်ခုကိုရောင်းဖို့ ချဉ်းကပ်ခဲ့တယ်။ ရုက်ထုက ဘီစီ ၆၀၀ ကျော်လောက်ကဆိုတော့ တော်တော်ကြာပြီဆိုပါတော့။ တောင်းစျေးက ဒေါ်လာ ၁၀ သန်းလောက်ရှိတယ်။

ပြတိုက်က အသေးစားဆိုတော့ ဒီလူဟာ လူလိမ်ဖြစ်နေမှာကြောက်တယ်။ အဲ့တော့ စုံစမ်းရေးအရင်စလိုက်တယ်။ ပြတိုက်က မေးတဲ့မေးခွန်းတွေမေးတာပေါ့။ ဒါ့အပြင် တကယ်ပဲ ဘီစီ ၆၀၀ က ရုပ်ထုလားဆိုတာ သိဖို့ သိပ္ပံနည်းပညာကို သုံးပြီးစစ်ဆေးတယ်။ အဖြေကတော့ ရုပ်ထုက သက်တမ်း တော်တော်ကြာနေပြီဆိုတာပါ။

စုံစမ်းစစ်ဆေးမှု ၁၄လ ပြုလုပ်ပြီးတဲ့အခါမှာ ပြတိုက်က ရုပ်ထုကိုဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ ပြတိုက်တွေရဲ့ထုံးစံအတိုင်း ပြစားတာပေါ့။ သတင်းစာတွေထဲတောင် သတင်းတွေပါလိုက်သေးတယ်။

ဒါပေမယ့် ပြတိုက်က ပညာရှင်တစ်ယောက်ဟာ ဒီရုပ်ထုအစစ်ဆိုတာကို မယုံဘူး။ ရုပ်ထုရဲ့လက်သည်းကိုကြည့်ပြီး သူ့စိတ်ထဲမှာ တမျိုးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတာ သူမပြောနိုင်ဘူး။
ဒီအတိုင်း လာလေ့လာတဲ့ ရုပ်ထုပညာရှင်တစ်ယောက်ကလည်း “တခုခုလွဲနေတယ်လို့ ခံစားရတယ်။ ရုပ်ထုကို မဝယ်ရသေးဘူးမလား” လို့ မေးသွားတယ်။
နောက်ထပ်လာလေ့လာတဲ့ ပညာရှင်တစ်ယောက်ဆိုရင် ရုပ်ထုကို ကြည့်လိုက်တာနဲ့ “ရုပ်ထုက သစ်နေတယ်” လို့ချက်ချင်း ထပြောတယ်။ ဘီစီ ၆၀၀ ကျော်က ရုပ်ထုက သစ်စရာ အကြောင်းမရှိဘူးလေ။
နောက်တစ်ယောက်ကလည်း ဒီရုပ်ထုက မြေကြီးထဲနေတူးလာတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ခိုင်ခိုင်မာမာပြောပါတယ်။

ဒီလိုနဲ့ ပညာရှင်တွေ ဝိုင်းပြောကြတော့ စုံစမ်းစစ်ဆေးမှုကို ပြန်စရတာပေါ့။ တော်တော်များများက မြင်တာနဲ့ တစ်ခုခုလွဲနေတယ်လို့ အာရုံသိနဲ့ သိကြတယ်။ နောက်တော့ သိလာရတာက သူတို့ကို ပေးထားတဲ့ Information တွေအကုန်လုံး အလွဲတွေဆိုတာပါ။

ဒီတော့ သိပ္ပံနည်းပညာနဲ့ စမ်းသပ်ထားတာမှာ အရုပ်က အိုဟောင်းနေပြီလို့ ပြတာရော… လို့ မေးစရာရှိပါတယ်။ ဒါကိုလှည့်ပတ်လို့ရတဲ့ နည်းလမ်းတစ်ခုရှိကြောင်း ပညာရှင်တွေက ပြောကြပါတယ်။
အဲ့တော့ ၁ဝသန်းအလိမ်ခံလိုက်ရတာပေါ့။

ပြောချင်တာက ပညာရှင်တွေ ၂စက္ကန့်လောက်ကြည့်လိုက်တာနဲ့ ဒီအရုပ်တစ်ခုခုလွဲနေတာကို သိသွားတယ်ဆိုတာပါ။ ပြတိုက်ကလေ့လာတာ ၁၄ လကြာပေမယ့် အစစ်မဟုတ်မှန်း မသိကြပါဘူး။
ကျွန်တော်အမြဲရေးနေတာတွေက စိတ်ကိုမယုံဖို့၊ ဦးနှောက်ကို မယုံဖို့တွေများပါတယ်။ ဒါပေမယ့် အခုရေးမယ့်စာက ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ရဲ့ Hunch တစ်ခုဟာ မှန်ကန်နေမလားဆိုတာကို ပြောချင်တာပါ။

စိတ်ပညာစမ်းသပ်ချက်တွေကလည်း ဒီအဆိုကို ထောက်ပံ့ပေးထားတာတွေ ရှိနေပါတယ်။ စမ်းသပ်မှုတစ်ခုကို ပြောချင်ပါတယ်။
လူတစ်ယောက်ကို လောင်းကစားလုပ်ခိုင်းတာပါ။ သူ့ရှေ့မှာ ဖဲ ၄ပုံပုံထားပါတယ်။ အဲ့ဒီထဲက ၂ခုက အနီဖြစ်ပြီး ကျန် ၂ခုက အပြာပါ။ ၄ပုံထဲက ကဒ်တွေကို ဆွဲထုတ်တဲ့အခါ ပိုက်ဆံရ (သို့) ပိုက်ဆံရှုံးတာ တစ်ခုခုဖြစ်မှာပါ။
တကယ်တော့ အနီကိုရွေးရင် ရှုံးအောင် လုပ်ထားတာပါ။

စမ်းသပ်ချက်တွေအရ အခါ ၅၀ လောက်ရောက်လာရင် လူတွေက ဘယ်အပုံကိုရွေးရင် ငွေရလဲဆိုတာ သဘောပေါက်လာကြတယ်။ အကြောင်းပြချက် ရှာမရဘဲ အပြာကဒ်တွေကို ပိုသဘောကျနေတယ်။ အခါ ၈၀ လောက်ရောက်တဲ့အခါမှာတော့ အထာနပ်သွားကြပါပြီ။ သင်ယူခြင်းဆိုတာ ဒါပါပဲ။ ကိုယ်ထင်တဲ့ Hunch တစ်ခုကို စမ်းသပ်ကြည့်ပြီး အဖြေတစ်ခုရအောင် လုပ်လိုက်တာပါ။

နောက်စမ်းသပ်မှုတစ်ခုက ဒါကို တစ်ဆင့်မြှင့်လိုက်ပါတယ်။ လူတွေရဲ့ချွေးထွက်နှုန်းကို တိုင်းဖို့ လက်ဖဝါးမှာ Sensor တွေတပ်ပေးထားပါတယ်။ အကြောင်းကတော့ Stress များရင် လက်မှာ ချွေးထွက်တတ်လို့ပါ။

သူတို့စမ်းသပ်တဲ့အခါ ထူးခြားတာကို သိလာရပါတယ်။ စကစားတာ ၁၀ ခါလောက်ပဲ ရှိသေးပေမယ့် အနီကဒ်တွေကို ရွေးမယ်ဆိုရင် လက်ကချွေးထွက်လာပါတယ်။ ပြောချင်တာက မသိစိတ်က သိနေပါပြီ။ ဒါကြောင့် Stress တက်နေတာပါ။ အဲ့ဒီအခါမှာ အပြာကဒ်တွေကို မသိစိတ်က ပိုယူပါတော့တယ်။
အခါ ၄၀ လောက်ရောက်လာရင်တော့ လူတွေမှာ Hunch တစ်ခုရလာပါပြီ။ သေချာမသိသေးပေမယ့် အနီက သိပ်မကောင်းဘူးထင်တယ်လို့ တွေးမိလာတာပါ။ (ပညာရှင်တွေ ပထမ ၂စက္ကန့်လောက်ကြည့်လိုက်တာနဲ့ ရုပ်ထုမှာ တစ်ခုခုလွဲနေမှန်း ခံစားမိသလိုပေါ့)

ဒီစမ်းသပ်မှုက ခပ်သေးသေးပါပဲ။ ဒါပေမယ့် ဒီကနေ ထူးခြားတာတွေ သိလိုက်ရပါတယ်။
ပထမတစ်ခုက Conscious Strategy ပါ။ ကိုယ်သင်ယူခဲ့တာကို ပြန်တွေးပြီး အဖြေတစ်ခုထုတ်လိုက်တာမျိုးပေါ့။ ဒါဟာ Logical ဖြစ်ပြီးတော့ သေချာပါတယ်။ ဒါပေမယ့် အဲ့ဒီအဆင့်ထိရောက်ဖို့ ဖဲကဒ်ပေါင်း ၇၀၊ ၈၀ ကြာပါတယ်။ ဒါ့အပြင် မြေစမ်းခရမ်းပျိုးနေရလို့ အချိန်လည်း ကုန်ပါတယ်။

ဒုတိယတစ်ခုကတော့ Adaptive Unconscious ပါ။ သူက မြန်ပါတယ်။ ၁၀ ကဒ်လောက်ရောက်တာနဲ့ သိနေပါပြီ။ သိနေပါပြီပြောလို့ သိစိတ်မှာ သိနေတာမဟုတ်ပါဘူး။ မသိစိတ်က သိနေတာပါ။ ဒါပေမယ့် ဦးနှောက်က သူသိတာကို ကိုယ့်ကိုပေးမသိသေးပါဘူး။ ဒီနည်းဟာ Information တွေအကုန်လုံးကို ထည့်မတွက်ပါဘူး။ ဒါကြောင့် မြန်တာပါ။

အရင်က ရေးခဲ့တဲ့ First Impression နဲ့ လူတွေကို ဆုံးဖြတ်တာလည်း ဒီသဘောပါပဲ။ မှားတာတွေရှိပေမယ့် မှန်တာများပါတယ်။ ဒါဟာ ပေါင်းသင်းဆက်ဆံတဲ့ အသိုင်းအဝိုင်းကျယ်လေလေ၊ လူတွေနဲ့ဆက်ဆံတာ များလေလေ ပိုပြီးမှန်ကန်လေလေပါပဲ။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ Expert ဖြစ်လာတာမျိုးပေါ့။

တက္ကသိုလ်ကျောင်းသားတွေကို ဆရာတွေစာသင်ကောင်း၊ မကောင်း ဒီနည်းနဲ့ Judge လုပ်ခိုင်းပြီး စမ်းသပ်ခဲ့ဖူးပါတယ်။ ဆရာတွေစာသင်နေတဲ့ ဆယ်စက္ကန့်စာ Video Clip ကို အသံဖျောက်ပြီး ကျောင်းသားတွေကို ပြပါတယ်။ အဲ့ဒီမှာ ကျောင်းသားတွေက ဘယ်ဆရာကတော့ ကောင်းလောက်တယ်ဆိုတာ ရွေးချယ်ကြပါတယ်။

ပြီးတော့ နောက်အဖွဲ့ကို ငါးစက္ကန့်စာ ပြကြည့်ပါတယ်။ သူတို့အဖွဲ့ကလည်း ကောင်းမယ်ထင်တဲ့ ဆရာကို ရွေးသွားကြပါတယ်။
နောက်ဆုံးအဖွဲ့ကိုတော့ ၂စက္ကန့်စာပဲ ပြပါတော့တယ်။ သူတို့လည်း ထင်ရာမြင်ရာ ရွေးသွားကြတာပေါ့။

ဒါနဲ့ပဲ Semester တစ်ခုကို ဒီဆရာတွေနဲ့ သင်လိုက်ပါတယ်။ (စမ်းသပ်ခဲ့တဲ့ ကျောင်းသားတွေနဲ့ သင်တာမဟုတ်ပါဘူး) Semester တစ်ခုကို သင်အပြီးမှာ ကျောင်းသားတွေရဲ့ ထင်မြင်ချက်ကို တောင်းပါတယ်။
ဒီအခါမှာ ကျောင်းသားတွေ ပေးတဲ့ Feedback နဲ့ ၁၀ စက္ကန့်၊ ၅ စက္ကန့်၊ ၂ စက္ကန့် Video ကြည့်ထားတဲ့ ကျောင်းသားတွေရဲ့ ထင်မြင်ချက်နဲ့ သွားတူနေပါတယ်။
ဒါဟာ Adaptive Unconscious ရဲ့သဘောပါပဲ။

လူတော်တော်များများက “မလုပ်ခင်စဉ်းစားပါ” ဆိုပြီး ပြောတတ်ကြတယ်။ ဒါပေမယ့် ခုလိုဆိုရင် ရုတ်တရက်ဖြစ်လာတဲ့ခံစားချက်အတိုင်း ဆုံးဖြတ်လိုက်တာက ပိုမှန်နေတဲ့သဘောဖြစ်နေတာပေါ့။
ဒီလိုပြောလိုက်လို့ စိတ်ခံစားချက်အတိုင်းလုပ်တာ မှန်တယ်လို့ မျက်စိမှိတ်ပြီး မတွေးစေချင်ပါဘူး။

အခုပြောနေတာတွေက ပညာရှင်တွေပါ။ သူတို့နယ်ပယ်မှာ ကျွမ်းကျင်အဆင့်တွေ ဖြစ်နေတဲ့သူတွေပါ။ အနှစ်နှစ်အလလ ဒီပညာရပ်ကို လေ့လာထားတဲ့သူတွေပါ။

ရုပ်ထုကို မြင်လိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာလည်း တမျိုးကြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က အဲ့ဒီပညာရပ်ကို လေ့လာဖူးတဲ့သူမဟုတ်ပါဘူး။ ဒီတော့ ကိုယ်ထင်တာက လွဲဖို့များပါတယ်။ မှန်သွားခဲ့ရင်တောင် ကိုယ်အရင်က လွဲခဲ့တဲ့အကြိမ်ရေတွေကို မမှတ်မိတာဖြစ်ဖို့ များပါတယ်။ (၂ရက် ၁ခါလောက် ငလျင်လှုပ်မယ်ဆိုပြီး တင်နေတဲ့ ဗေဒင်ဆရာလိုပေါ့… တချီမဟုတ် တချီတော့ မှန်မှာပဲလေ…)

ကျောင်းသားတွေနဲ့ စမ်းသပ်တာမှာလည်း သူတို့ဟာ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေကြပါပြီ။ ဆရာပါးဝနေကြတဲ့ အရွယ်တွေပါ။ ဒီတော့ မှန်မှန်ကန်ကန်ခန့်မှန်းနိုင်တာ မဆန်းပါဘူး။

ကိုယ်သေချာ မလေ့လာထားတဲ့ကိစ္စတွေမှာ “ငါ့စိတ်ထဲက ဒီလို ထင်နေတယ်…” လို့တွေးမိရင် မဟုတ်ဖို့များပါတယ်။ ဒါပေမယ့် ကျွမ်းကျင်အဆင့် ရောက်သွားရင်တော့ မသိစိတ်ရဲ့ကဏ္ဍက အရေးပါလာတယ်ဆိုတာ သိစေချင်တာပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started