သင်ထင်သလိုမဟုတ်တဲ့ကျန်းမာရေးဗဟုသုတအလွဲများ (Part 4)

၈။ နှာခေါင်းသွေးထွက်ရင် ခေါင်းမော့ထားဆိုတာဟုတ်သလား?

နှာခေါင်းသွေးထွက်တာက လူအတော်များများမှာဖြစ်တတ်တဲ့ ကိစ္စတခုပါ။ နှာခေါင်းမှာကလဲသွေးကြောတွေက အများကြီးရှိနေတာမို့လို့ အလွယ်တကူထိခိုက်မိပြီး သွေးထွက်နိုင်ပါတယ်။

အထူးသဖြင့် လေခြောက်ကပ်ကပ်ကြီးကို ရှူတာကြာလာရင် နှာခေါင်းအမြှေးပါးနံရံတွေ ခြောက်ကပ်လာပြီး သွေးကြောလေးတွေပေါက်တတ်ပါတယ်။

တအားပူပြင်းတဲ့နေအောက်မှာအလုပ်လုပ်တာကြာလာရင်လဲ လေပူတွေကြောင့် ဖြစ်တတ်ပါတယ်။
နှာခေါင်းခြောက်လာရင် ယားသလိုဖြစ်လာတဲ့အတွက် နှာခေါင်းနှိုက်မိပြီးလဲ သွေးကြောပေါက်တတ်ပါတယ်။

တခါတခါမှာတော့ နှာစေးပျောက်ဆေးတွေ၊ နှာခြောက်ဆေးတွေ ထည့်ရင်လဲ နှာခေါင်းခြောက်ကာ သွေးထွက်တတ်ပါသေးတယ်။

နှာခေါင်းသွေးထွက်စေတဲ့တခြားအကြောင်းတွေကတော့ နှာခေါင်းကို ထိခိုက်မိတာ၊ နှာရိုးကျိုးသွားတာ၊ နှာခေါင်းထဲကို ပြင်ပကပစ္စည်းတွေဝင်သွားတာ၊ ဆက်တိုက်နှာချေမိတာ၊
သွေးမတိတ်တဲ့ရောဂါတခုခုရှိတာ စတာတွေကြောင့်လဲ နှာခေါင်းသွေးလျှံတတ်ပါသေးတယ်။

ဘာကြောင့်ပဲ နှာခေါင်းသွေးလျှံလျှံ ခေါင်းကိုမော့မထားရပါဘူး။
ခေါင်းကိုမော့ထားရင် သွေးတွေက နှာခေါင်းအနောက်ကိုပြန်စီးသွားပြီး အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်းထဲဝင်သွားတတ်လို့ အန္တရာယ်ရှိနိုင်ပါတယ်။

တကယ်လုပ်သင့်တဲ့ပုံစံက နှာခေါင်းကို လက်ညိုးနဲ့လက်မကိုသုံးပြီး ၅မိနစ်ကနေ ၁၀မိနစ်လောက်အထိဖိထားပေးပါ။
ခေါင်းကိုမော့မထားရဘဲ
မတ်မတ်ထားပေးလို့ရသလို (သို့) အရှေ့ကိုအနည်းငယ်ကိုင်းထားပေးရမှာဖြစ်ပါတယ်။

ဒီလိုအနေအထားနဲ့ ခဏလောက်ထိန်းပေးထားရင် အနာကို ပတ်တီးစည်းထားသလို pressure effect ကြောင့် သွေးတိတ်သွားပါလိမ့်မယ်။

တချို့လူတွေက သွေးအပြင်ထွက်မှာစိုးလို့ ခေါင်းကိုမော့ထားခိုင်းပါတယ်။ ဒါကမမှန်တဲ့အပြင် အန္တရာယ်ပိုရှိတတ်ကြောင်း ပြောပါရစေ။

နှာခေါင်းကို လက်နဲ့ညှစ်ထားပြီး စောင့်တာတောင်သွေးထွက်တာက တော်ရုံနဲ့မတိတ်ဘဲ မိနစ် ၂၀ကျော်ကြာလာရင်တော့ ဆရာဝန်ဆီသွားပြပြီး ရောဂါရှာဖွေဖို့လိုပါလိမ့်မယ်။

(တချို့စာဖတ်သူတွေက အထောက်အထားမပြနိုင်ဘဲ လာလာငြင်းကြလို့ အောက်မှာ နှားနှာခေါင်းလည်ချောင်းဆရာဝန်ကြီးတွေရဲ့ ရှင်းပြချက်ကိုထည့်ပေးထားပါတယ်။ ငြင်းချင်သူများ အောက်က video ရဲ့ 4:28 မိနစ် နားမှာတချက်ကြည့်ပြီးမှလာငြင်းကြပါ)

https://www.facebook.com/BusinessInsiderScience/videos/1058947347973619/

၉။ နားကြပ်တံနဲ့ နားကိုခဏခဏကြပ်ပေးဖို့လိုသလား?

ဒီကိစ္စကလဲ မလုပ်သင့်တဲ့ကိစ္စတခုပါပဲ။ နားဖာချေး ဆိုတဲ့ earwax တွေက အပြင်ကအမှိုက်သရိုက်တွေစုနေတာမဟုတ်ပါဘူး။ နားထဲက အဆီဂလင်းန် (sebaceous glands) တွေကနေ နားမျက်နှာပြင်ကို ချောမွတ်အောင်ထုတ်ပေးတဲ့အရာပါပဲ။

နားဖာချေးတွေစုလာရင် နားထဲမှာရှိတဲ့ cilia လို့ခေါ်တဲ့အမွှေးနုနုလေးတွေက သူ့အလိုလို အပြင်ကိုယက်ထုတ်ပေးပါတယ်။ အဲ့နည်းနဲ့ နားကိုနားဖာချေးမပိတ်အောင်လုပ်ပေးထားပါတယ်။

အပြင်ကနေ ဂွမ်းတံနဲ့နားထဲကိုထိုးထည့်တဲ့အခါ နားဖာချေးကို ထုတ်မပေးတဲ့အပြင် အထဲကိုပါပိုရောက်အောင် ထိုးသွင်းသလိုဖြစ်နေပါတယ်။

ဒါ့အပြင် ပိုဆိုးတာက နားထဲကအမွှေးနုလေးတွေကိုပါထိခိုက်စေလို့ ပိုးဝင်တာ နားကိုက်တာ နားပြည်တည်တာတွေကိုဖြစ်စေပါတယ်။

ဒါကြောင့် နားကြပ်တံတွေကိုနားထဲထည့်မသုံးသင့်ပါဘူး။ နားရွက်အပြင်ပိုင်းကိုပဲ သန့်ရှင်းရေးလုပ်သင့်ပါတယ်။

နားအထဲကို နားကြပ်တံနဲ့ထိုးတာက နားဖာချေးကို ကလော်သလိုမဖြစ်ဘဲ အခန့်မသင့်ရင် နားစည်ကိုပါထိုးမိပြီး ဒဏ်ရာရတတ်ပါတယ်။

အပေါ်က video ထဲမှာတော့ နားသန့်ရှင်းရေးလုပ်နည်းကိုပါပြောပြပေးထားပါတယ်။ ဝင်ကြည့်ကြည့်လို့ရပါတယ်။

မှန်ကန်တဲ့ကျန်းမာရေးအသိနဲ့ ဘဝကိုကျန်းမာစွာဖြတ်သန်းနိုင်ကြပါစေ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

8 thoughts on “သင်ထင်သလိုမဟုတ်တဲ့ကျန်းမာရေးဗဟုသုတအလွဲများ (Part 4)

  1. Our link တွေက တစ်ခုမှာ viewer တွေ အရမ်းများနေရင် နောက်၁ခုကို လျှော့တတ်တယ်တဲ့ ဖတ်ရင်းလျှူက ပြောတယ်
    ဒီရက်ပိုင် click 2 donate မှာ များနေလို့ ဒီဘက် viewer နည်းတာ မဟုတ်ဘူးလားဟင်😭😭
    ကျွန်တော်တော့ ‌‌‌‌‌‌‌‌channel မှန်သမျှ clickတာပါ Science Nuts ကိုတော့ အကြိုက်ဆုံးပါ နှမြောလွန်းလို့ မရပ်ပါနဲ့လား admin ရယ် ပြန်လာခဲ့ပါနော်😭❤️❤️

    Like

    1. view နည်းလို့ရပ်လိုက်တာ မဟုတ်ပါဘူး။ view က ခုနောက်ပိုင်း ပိုများလာပါတယ်။ အကြောင်းကိစ္စလေးတွေ ရှိလို့ပါခင်ဗျာ။

      Liked by 1 person

  2. ပြန်မလာမချင်း စောင့်နေမှာပါ အရင်စာတွေလည်း ပြန်ဖတ်နေမှာပါ🙁

    Like

  3. Science nutsကိုသဘောအကျဆုံးပါ
    ဖက်ရတာ‌‌ဗဟုသုတရသလို လူငယ်တွေနဲ့နီးစပ်တဲ့စာတွေ‌ဖြစ်လို့ ဖက်လို့အတော်ကောင်းပါတယ် ဖြစ်နိုင်ရင် မရပ်စေချင်ဘူးဗျာ…

    Like

  4. ပျောက်သွားလို့ စိတ်မကောင်းဖြစ်နေတာ။
    ဆက်မတင်ရင်တောင် telegram link တွေ ချန်ထားခဲ့သင့်တယ်။

    Like

Leave a reply to Hei Thura Htay Cancel reply

Design a site like this with WordPress.com
Get started