တည်ငြိမ်လွန်းတာလား၊ အကြောက်လွန်သွားတာလား?

ဒါမျိုးခပ်ဆင်ဆင် တစ်ပုဒ်တော့ အရင်ကရေးဖူးပါတယ်။ ဒါပေမယ့် အခုရေးမှာက ဒီအကြောင်းတစ်ခုတည်းကို ရည်ရွယ်ပြီးရေးမှာပါ။
လူတွေဟာ ကိုယ့်ကိုကိုယ် ပြဿနာတွေကြားမှာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ ထင်တတ်ကြတယ်။ ဒါဟာ တကယ်ပဲလား… ဆိုတာ သေချာသိအောင် ပြောချင်ပါတယ်။
စကားသိပ်မရှည်တော့ပါဘူး။ စလိုက်ပါတော့မယ်။

လူတွေက ပြဿနာကြီးကြီးမားမားတစ်ခုကို ကြုံလာတဲ့အခါ ဒီပြဿနာကို ပုံမှန်ဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝထဲက အမြင်နဲ့ပဲ ရှုမြင်တတ်ကြပါတယ်။
ဘယ်လောက်ပဲ မကြုံဖူးတဲ့ကိစ္စ၊ ထူးဆန်းတဲ့ကိစ္စပဲဖြစ်ဖြစ် ပုံမှန်အတိုင်းပဲမြင်ပြီး တုံ့ပြန်တတ်ပါတယ်။

တစ်ခုပဲ စဉ်းစားကြည့်ပါ။ ကိုယ်စီးလာတဲ့ လေယာဉ်က လေယာဉ်ကွင်းထဲဆင်းတဲ့အချိန်မှာ ဘီးချော်ပြီး မှောက်သွားတယ်၊ မီးထလောင်တယ်ဆိုရင် ဘာလုပ်မလဲ?
ကိုယ်နဲ့ ပါလာတဲ့သူကို ဆွဲပြီး လွတ်ရာအပေါက်ကနေ ပြေးမှာပေါ့ဟ… လို့ ဖြေကြမှာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ လူတော်တော်များများက အဲ့လိုမတုံ့ပြန်နိုင်ဘူးဆိုရင် ယုံနိုင်မလား။

၁၉၇၇ ခုနှစ်တုန်းက ကနေရီကျွန်းက လေယာဉ်ကွင်းတစ်ခုမှာ လေယာဉ်နှစ်စင်းတိုက်မိဖူးတယ်။ မြူတွေဆိုင်းနေတော့ ဘာမှသေချာမမြင်ရတဲ့အချိန်မှာ လေယာဉ်နှစ်စင်းက ပျံတက်ဖို့လုပ်ရင်း ခေါင်းချင်းဆိုင်ပြီး တိုက်မိကြတာပါ။
လေယာဉ်တစ်စင်းက လုံးဝမီးလောင်ပျက်စီးသွားတယ်။ ပါသမျှလူအကုန်သေကုန်တာပေါ့။
ကျန်တစ်စီးကတော့ မီးမလောင်သေးဘဲ အမိုးပွင့်ထွက်သွားတယ်။ ဒါပေမယ့် အချိန် ၁ မိနစ်၊ ၂မိနစ် အတွင်းမှာ မီးလောင်တော့မယ့်အနေအထားရှိတယ်။
အဲ့ဒီလေယာဉ်မပေါက်ကွဲခင် ထပြေးတဲ့ လူ ၇၀ ပဲ အသက်ရှင်တယ်။

နောက်ပိုင်းမှာ အသက်ရှင်တဲ့လူတွေကို Interview တော့ ထူးဆန်းတာတစ်ခုကို သိလိုက်ရတယ်။ လူတော်တော်များများက ကြက်သေသေပြီး ဘာမှမလုပ်ကြဘူးတဲ့။
အင်တာဗျူးခံတဲ့ မိန်းမက ဘာပြောလဲဆိုတော့ သူအသက်ရှင်တာ သူ့ယောက်ျားက သူဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ခါးပတ်ဖြုတ်ဖို့၊ ပြေးဖို့အော်ပြောလို့ အသိဝင်လာတာလို့ ဆိုတယ်။ သူတို့နဲ့အတူပါလာတဲ့ သူငယ်ချင်းကိုတော့ ခုလို ပြောဖို့သတိမရတဲ့အတွက် အဲ့ဒီတစ်ယောက်က မီးထဲပါပြီး သေသွားတယ်။

ပညာရှင်တွေရဲ့ အဆိုအရ လူတွေရဲ့ ၇၀% လောက်က ဘေးအန္တရာယ်တစ်ခုခုဖြစ်လာပြီဆိုရင် ဘာလုပ်ရမှန်းမသိဘဲ တုံ့ဆိုင်းနေတတ်တယ် လို့ဆိုတယ်။ ၁၅% က အကြောက်လွန်ပြီး ကြက်သေသေသွားကြတယ်။ ကျန်တဲ့ ၁၅% ကပဲ လွတ်အောင်ပြေးနိုင်တယ်လို့ ဆိုတယ်။

ပြေးနိုင်တဲ့သူတွေက ကြိုပြီးပြင်ဆင်ထားတဲ့သူတွေများပါတယ်။ ဥပမာ လေယာဉ်မပျံတက်ခင် Safety Protocols ပြောတာကို သေချာနားထောင်တယ်။ ပြီးရင်သူတို့စိတ်ထဲမှာ တစ်ခုခုဖြစ်လာခဲ့ရင် ဘာလုပ်မလဲဆိုတာ ကြိုတွေးထားတတ်ကြတယ်လို့ဆိုတယ်။ ဥပမာ ဘယ်အပေါက်ကပြေးမယ်၊ ဘယ်လိုပြေးမယ်၊ မှန်ကို ဘယ်လိုခွဲလိုက်မယ် စသဖြင့်ပေါ့။

ဒီလိုကြိုတွေးလိုက်တာ အကျိုးအများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က အလုပ်တစ်ခုမလုပ်ခင် သူ့ရဲ့ခေါင်းထဲမှာ ဖြတ်သန်းရတဲ့ အဆင့်တွေရှိပါတယ်။
အန္တရာယ်ရှိတာ တကယ်ဟုတ်မဟုတ် အရင်သိရပါတယ်၊ အဲ့ဒီအခါ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရပါတယ်၊ ပြီးရင်ဆုံးဖြတ်ချက်ချရပါတယ်၊ ပြေးမယ်လို့ဆုံးဖြတ်မိရင် ပြေးဖို့လုပ်ရပါတယ်။
ဆိုတော့… တကယ့်အရေးကြုံလာရင် ချက်ချင်းထပြီး ပြေးဖို့က ဒီအဆင့်တွေကို ကျော်ပြီးမှ ဖြစ်လာမှာပါ။
ကြိုပြီး စိတ်ထဲမှာ လေ့ကျင့်ထားတဲ့သူတွေကတော့ ဘာလုပ်ရမလဲမစဉ်းစားရတော့လို့ အန္တရာယ်ရှိတယ်ဆိုတာ သိတာနဲ့ ချက်ချင်း ပြေးရုံပါပဲ

စိတ်ပညာစာအုပ်တွေထဲမှာတော့ ဒါကို ဂစ်တာတီးတာနဲ့ ဥပမာပေးတတ်ပါတယ်။ ဂစ်တာတီးသင်ဖူးတဲ့သူတွေဆို သိပါတယ်။ C Chord ကိုတစ်ခါမှ မကိုင်ဘူးတဲ့အခါမှာ C major ကဒီလိုရှိတယ်လို့ပြပြီး ကိုင်ခိုင်းရင် ကိုင်လို့ရနိုင်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါကိုင်ကြည့်ဦးဆို နည်းနည်းလွဲနေနိုင်ပါတယ်။
လေ့ကျင့်ပါများလာတဲ့အခါ C လို့ပြောလိုက်တာနဲ့ လက်က ရောက်နှင့်နေပြီးသားဖြစ်နေပါပြီ။ မကျွမ်းကျင်ခင်ကလို C major chord ဆိုတာ ဘယ်လိုပုံရှိသလဲ၊ ဘယ်လက်ချောင်းက ဘယ်ကြိုးကိုဖိရမှာလဲတွေ မစဉ်းစားရတော့ပါဘူး။
ဒါက ကြက်သေသေနေတဲ့အထဲမပါအောင် ဖြေရှင်းတဲ့နည်းပေါ့။

နောက်တစ်ခါ လေယာဉ်စီးမယ်၊ ကားစီးမယ်ဆိုရင် အလွှတ်မဲ့မနေဘဲ အန္တရာယ်ကြုံလာရင် ဘာလုပ်မယ်ဆိုတာ ခေါင်းထဲမှာ ကြိုတွေးထားစေချင်ပါတယ်။ ဒါက ကိုယ့်အသက်မသေဖို့ အထောက်အကူတစ်ခုဖြစ်လာမှာပါ။ အခုလို ကာလမျိုးမှာ ပိုလို့တောင် ဂရုစိုက်သင့်ပါတယ်။

ဒီလိုဖြစ်တာကို Fear Bradycardia လို့ခေါ်ပါတယ်။ Fear ဆိုတာ ကြောက်တာပေါ့၊ Bradycardia ဆိုတာ ဆေးပညာအရ နှလုံးခုန်နှေးသွားတာကို ခေါ်တာပါ။ သာမန်လူတွေမှာ ဒီလိုဖြစ်အောင် ပညာရှင်တွေကတော့ ဒဏ်ရာရနေတဲ့လူတွေရဲ့ ပုံကို ပြပြီး စမ်းသပ်ခဲ့ဖူးပါတယ်။
လူတွေမှာ ကြောက်စိတ်ဝင်လာရင် နှလုံးခုန်နှေးပြီး လှုပ်ရှားမှုတွေပါ နှေးကွေးလေးလံသွားကြတာပါ။

ဒါနဲ့ခပ်ဆင်ဆင် Normalcy Bias ဆိုတာရှိပါသေးတယ်။
ကိုယ်ကြုံလာတဲ့ကိစ္စက အရမ်းကြီးမားလွန်းတော့ ဦးနှောက်က ဒါကို Process လုပ်နိုင်ဖို့ “ပုံမှန်ပဲ” ဆိုပြီး ဂျင်းထည့်လိုက်တာကို ပြောတာပါ။
ဒါက လူတိုင်းမှာရှိပါတယ်။ “Everything will be alright” တို့၊ “Everthing will be ok in the end, if it’s not, it’s not the end” တို့ ဆိုတာလည်း Normalcy Bias တွေပါပဲ။
ကိုယ်ကြုံတွေ့နေရတဲ့ Anxiety ကိုလျော့ချဖို့အတွက် ဦးနှောက်က အတတ်နိုင်ဆုံးကြိုးပမ်းမှာပါပဲ။ ဒီလိုမှမလုပ်ရင်လည်း Information Overload ဖြစ်ပြီး စိတ်ချမ်းသာရတဲ့အချိန်ဆိုတာ ရှိမှာမဟုတ်တော့ပါဘူး။

ခုလို ကိုယ့်ကိုကိုယ် လိမ်လိုက်တဲ့အတွက် စိတ်ချမ်းသာသွားတာ မှန်ပေမယ့် တကယ့်သေဘေးနဲ့ နဖူးတွေဒူးတွေကြုံတဲ့အခါ အဆင်ပြေသွားမှာပါဆိုတဲ့အမြင်က ဘေးဖြစ်ဖို့များပါတယ်။

ခုချိန်မှာ အုပ်ကြီးတွေအစုလိုက်အပြုံလိုက် နှုတ်ထွက်တာကို မမြင်ရသေးတာဟာလည်း “ငါ့မှာဒီလိုတွေဖြစ်မလာနိုင်ပါဘူး” ဆိုတဲ့ Normalcy Bias တစ်ခုရှိနေနိုင်တာဖြစ်နေနိုင်ပါတယ်။

ဒီ Normalcy Bias က Global Warming တို့၊ အဝလွန်တာတို့တွေ အထိတွေ့နေရပါတယ်။ ကမ္ဘာကြီးပူနွေးလာတာအမှန်ဖြစ်ပေမယ့် ဒါကို လက်မခံနိုင်တဲ့သူတွေရှိပါတယ်။ (အထူးသဖြင့် စွမ်းအင်သုံးတာများတဲ့နိုင်ငံတွေပါ)
လူတွေ အဝလွန်တာ ပိုပိုများလာပါတယ်။ ဒါပေမယ့် ဒါကိုထိန်းချုပ်ရမယ့်အစား ဆရာဝန်တွေဟာ Fat Phobic ဖြစ်တယ်ဆိုပြီး ပြန်စွတ်စွဲလာကြပါတယ်။
ဆရာဝန်က သူ့ရဲ့ဝတ္တရားအရ ဝရင်ဝတယ်ပြောရမှာပါ၊ ဝိတ်လျော့ဖို့လည်း ပြောရမှာပါ။ ဒါကို မကြိုက်ကြတာဟာလည်း Normalcy Bias ပါပဲ။
မကောင်းသတင်းတွေမကြားချင်တာ၊ COVID-19 အမှန်တကယ် အခြေအနေဆိုးနေမှန်း လက်မခံနိုင်တာဟာလည်း ဒီသဘောပါပဲ။

ဒီသဘောတွေကို သိသွားရင်တော့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို တွေးမိနိုင်မယ်ထင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started