“ဖူးးး”လို့ မှုတ်တဲ့လေကအေးပြီး “ဟာာ” လို့မှုတ်တဲ့လေက ဘာလို့ပူရတာလဲ?

မနေ့က Science nuts page cb မှာ စာဖတ်သူတယောက်က အပေါ်ကခေါင်းစဥ်ရဲ့ အဖြေသိချင်လို့ဆိုပြီး လာမေးပါတယ်။

ကျနော်တို့လဲ အထင်တလုံးနဲ့ ထင်တာဖြေပေးမိလိုက်ပါတယ်။

ညကျအဲ့ကိစ္စရဲ့ အဖြေကို မကျေနပ်နိုင်သေးပဲ ထပ်ရှာကြည့်မိပါတော့တယ်။

ဟိုက်ရှားပါး… တခြားတိုင်းပြည်ကလူတွေကလဲ အဲ့လို ကြံကြံဖန်ဖန် မေးထားကြတာပဲ။

ဖြေတဲ့သူတွေကလဲ အများကြီးနဲ့ အဖြေတွေကလဲ အစုံပါပဲ။ ဘယ်သူ့အဖြေမှန်လဲဆိုတာကို ကျနော်တို့လိုက်ရှာကြတဲ့အခါ လက်ခံနိုင်ဖွယ်ရှိတဲ့ အဖြေတချို့ကိုတွေ့လာပါတယ်။ အဲ့အဖြေလေးတွေကို ဒီနေ့စုပြီး ပြန်ပြောပြသွားပါမယ်။

ပထမဆုံးဖြစ်နိုင်တဲ့ အဖြေက ပါးစပ်အကျဥ်းအကျယ်ကွာတဲ့ ကိစ္စကြောင့်ပါ။

ဖူးးး လို့မှုတ်ရင် နှုတ်ခမ်းကိုစူပြီး ပါးစပ်ကျဥ်းထားရပါတယ်။ ဟာာ လို့မှုတ်ရင်ကျ ပါးစပ်ကျယ်ကျယ်ဖွင့်ထားရပါတယ်။

Physics သဘောအရ ကျဥ်းတဲ့နေရာကို လေကဖြတ်တဲ့အခါ pressure ကျပြီး အရှိန်မြန် (velocity) လာပါတယ်။

ဖူးးး လို့မှုတ်ရင် ထွက်လာတဲ့လေလုံးက ပိုမြန်ပြီး ပိုသေးပါတယ်။ ဟာာ လို့မှုတ်ရင် ထွက်တဲ့လေလုံးက ပိုနှေးပြီး ပိုကြီးပါတယ်။

Bernoulli’s principle အရ မြန်ရင် pressure ကျပါတယ်။ ဖူးလို့မှုတ်ရင် လေလုံး မြန်တဲ့အတွက် pressure ကျပြီး ဘေးပတ်ဝန်းကျင်ကလေကို စုပ်ယူလိုက်တယ်။ ဘေးကလေကို စုပ်လိုက်တော့ ပါးစပ်ထဲကလေပူ နဲ့ အပြင်ကလေ (mixed) ရောသွားပြီး လေကမြန်မြန်အေးသွားပါတယ်။

ဟာာ လို့ မှုတ်ရင်ကျ လေလုံးကကြီးလဲကြီး နှေးလဲနှေးတော့ လေလုံးရဲ့ဘေးနားလောက်ပဲ အပြင်ကလေနဲ့ရောပါတယ်။ လေလုံးရဲ့အလယ်မှာတော့ ပူမြဲပူနေလို့ ပိုပူတယ် ခံစားရတာ ဖြစ်နိုင်ပါတယ်။

တချို့က ဒီလိုဖြစ်တာကို Bernoulli’s principle လို့မခေါ်ဘဲ Air entrainment လို့ခေါ်ပါတယ်။

ဖူးးးလို့မှုတ်ရင် လေကမြန်မြန်စီးဆင်းတော့ friction ကြောင့် ပတ်ဝန်းကျင်က ငြိမ်နေတဲ့လေကို ပိုဆွဲခေါ်သွားတဲ့အတွက် လေအေးနဲ့ရောကုန်တယ်။
(More air entrained)

ဟာာလို့မှုတ်ရင်ကျ
လေကရောနှောတာနည်းတယ်ပေါ့။
မအေးသွားဘူးပေါ့။
အောက်ကပုံမှာပြထားပါတယ်။

နောက်ထပ်အဖြေတခုကကျ မြန်မြန်မှုတ်ရင် အရေပြားပေါ်က အပူတွေကို အရှိန်နဲ့ သယ်ဆောင်သွားတော့ အဲ့နေရာမှာ အေးပြီးကျန်ခဲ့တာပါတဲ့။ Heat ကို convection နည်းနဲ့သယ်သွားသလိုပေါ့။

ပန်ကာကိုပဲသတိထားကြည့်ပါ။ ပန်ကာကို ဖြည်းဖြည်းလေးဖွင့်ရင် မအေးပါဘူး။ တအားမြန်အောင်ဖွင့်လိုက်ရင် ကိုယ်ပေါ်ကအပူတွေကို လေအားက သယ်ဆောင်သွားလို့ ပိုအေးတယ်ခံစားရတာပါ။

တကယ်က လေက အပူချိန်တူတူပါပဲ။ လူကသာခံစားမှုပြောင်းနေတာပါ။ ကော်ဖီခွက်ပူပူကို လေနဲ့တအားမှုတ်ရင် အပူတွေနည်းသွားသလိုပေါ့။ လေကအပူကိုသယ်ဆောင်သွားတာပါ။

နောက်ထပ် ဖြစ်နိုင်တာတခုက ဖူးလို့မှုတ်ရင် လက်ကပါးစပ်နဲ့ နဲနဲပိုဝေးပါတယ်။ ဟာလို့မှုတ်တာကျ ပါးစပ်နဲ့လက်ကပိုနီးတော့ ပူတာ အေးတာ ပိုကွာတာဖြစ်နိုင်ပါတယ်တဲ့။

ဒီလိုစမ်းကြည့်လို့ရပါတယ်။ ဟာာ လို့မှုတ်တာကို ခပ်ဝေးဝေးက လက်နဲ့ခံစားရင် ပူတာနည်းသွားမယ်။ ဘာလို့ဆို အပြင်ကလေထုနဲ့ရောဖို့ အချိန်ပိုရလို့ပါ။ ဖူးးး လို့မှုတ်တာကို ပါးစပ်နဲ့တော်တော်လေးကပ်ထားရင် ပိုနွေးတာကို သတိထားမိပါလိမ့်မယ်။

ဒါကလဲ သိပ်တော့ တိကျတဲ့အဖြေတော့ မဟုတ်လှပြန်ပါဘူး။

တချို့လူတွေက speed of air နဲ့မဆိုင်ဘူးလို့ငြင်းကြပြန်တယ်။ မယုံရင် ဖူးလို့မှုတ်တာကို ထိန်းပြီး ဖြေးဖြေးချင်းမှုတ်ကြည့်ပါလားတဲ့… အေးတာပဲတဲ့။ ဟာာာ လို့မှုတ်တာကို အမြန် အားနဲ့မှုတ်ချပါလားတဲ့၊ ပူနေတုန်းပဲတဲ့။

ကျနော်လဲ အိမ်မှာ ဖူးးးးတလှည့်… ဟာတလှည့်နဲ့ တချိန်လုံးစမ်းကြည့်နေရပါတယ်။ စာဖတ်သူတို့လဲ ဒီစာဖတ်နေရင်းကို လိုက်လုပ်ကြည့်မိနေပြီမဟုတ်လား။

နောက်ဆုံးဖြစ်နိုင်တဲ့အဖြေကကျ thermodynamic ဖက်ကပြန်ရှင်းတာပါ။ လေဖြစ်ဖြစ် fluid ဖြစ်ဖြစ် ကျဥ်းတဲ့နေရာကိုဖြတ်ရရင် pressure တက်လာပါတယ်။
(thermal knietic pressure ကိုဆိုလိုတာပါ။)

ကျဥ်းတဲ့နေရာကိုဖြတ်ဖို့ လေက compressed (ချုံ့လိုက်ရပါတယ်) ဖြစ်သွားပါတယ်။ တံခါးကျဥ်းကျဥ်းကိုဝင်ရင် ကိုယ်လုံးကိုရို့ပြီး ကျုံ့လိုက်သလိုပေါ့။

ကျဥ်းတဲ့ ပါးစပ်ပေါက်ကနေ အပြင်လဲပြန်ရောက်တော့ လေက ပြန်ကျယ်ရပါတယ်။
(expand ပြန်လုပ်ရပါတယ်။) အဲ့လို လေပြန်ကျယ်ဖို့အတွက် ပတ်ဝန်းကျင်က အပူကိုစုပ်ယူပြီး ပြန်ကျယ်ရပါတယ်။

ဖူးးလို့မှုတ်ရင် ထွက်လာတဲ့လေက လက်ကအပူကိုစုပ်ပြီး expand ဖြစ်ရလို့
အေးတယ်ခံစားရတာလို့ ရှင်းကြပြန်တယ်။

တချို့ကလဲ adiabatic expansion / throttling effect စသဖြင့် နာမည်တပ်ပြောကြပါတယ်။

(ဒီနေရာမှာ thermodynamic ရဲ့ equation တွေ formula တွေကို ထည့်မပြောတော့ဘဲ အတတ်နိုင်ဆုံးနားလည်လွယ်အောင် ပြောထားတာမို့ တတ်ကျွမ်းတဲ့စာဖတ်သူများ သည်းခံဖတ်ရှုပေးကြပါခင်ဗျ)

ဟာာ လို့မှုတ်ရင် လေက expand စရာမလိုလို့ အပူကိုလဲမစုပ်ဘဲ ဒီတိုင်း အဆုတ်ထဲကလေဖြစ်နေတာပါတဲ့။

ဒီ throttling effect ကိုအခြေခံပြီး အိမ်ကပန်ကာကိုပိုအေးအောင် လုပ်လို့ရပါတယ်။

အောက်ကပုံမှာကြည့်လိုက်ပါ။

အထွက်ပေါက်ကို ကျဥ်းထားရင် လေ expand ဖြစ်ပြီး အပူကိုပိုစုပ်ယူလို့ ပန်ကာပိုအေးပါတယ်။ အဝကျဥ်းတော့ အရှိန်လဲပိုမြန်ပြီး ကိုယ်ပေါ်က အပူကို မြန်မြန်သယ်ဆောင်သွားတာပေါ့ဗျာ။

ဒီလောက်ဆို ဖူးးး အကြောင်းနဲ့ ဟာာာ အကြောင်းကို နားလည်လောက်ပြီထင်ပါတယ်။ အေးတဲ့အခါ လက်ကိုနွေးအောင် ဟာာ လို့မှုတ်ကြတဲ့အခါ ပူတဲ့အရာသောက်ရင် ဖူးးလို့မှုတ်သောက်တဲ့အခါ ဒီစာလေးကို သတိရလိုက်ပါ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started