Existentialism ဆိုရင် လူတွေ သိပ်သိကြမှာ မဟုတ်ပေမယ့် Existential Crisis ဆိုရင် လူတွေ သိကြမှာပါ။ ဖြစ်တည်မှု အကြပ်အတည်းလို့ခေါ်တယ်။ လူတွေက ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်ပြီး ရှာဖွေကြ မေးခွန်းထုတ်မိကြတဲ့ အခိုက်အတံ့ပေါ့နော်။
Existentialism ဆိုတာ Existential Crisis ဖြစ်လာဖို့ အစပြုစေတဲ့ ဝါဒပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ ဖြစ်တည်မှု၊ ပုဂ္ဂလဘဝကို ဗဟိုပြုပြီး စဥ်းစားတွေးခေါ်ကြတာပေါ့။

ဒီဝါဒဟာ ဒဿနကို လေ့လာသူတွေနဲ့ မစိမ်းလှပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ထင်လင်း ဘာသာပြန် စည်းအပြင်ကလူ၊ ပလိပ် စတဲ့ ဝတ္ထုတွေဟာ ဒီဝါဒကို အခြေခံပြီး ရေးသားထားတာတွေ ဖြစ်လို့ပါပဲ။
Existentialism ဟာ Kiergegard ဆိုတဲ့ Philosopher ကနေ အစပြုခဲ့တာ ဖြစ်ပေမယ့် နာမည်မကြီးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Philosopher တွေဟာ တွေးခေါ်သူတွေပဲ ဖြစ်ကြလို့ သူတို့ရဲ့ ဝါဒတွေ အယူအဆတွေဟာ တွေးခေါ်ခြင်း၊ ကြံဆခြင်း၊ ဆင်ခြင်ခြင်း၊ သိမြင်ခြင်း စတာတွေပေါ်မှာပဲ အလေးထားလေ့ရှိကြပါတယ်။ ဒီတွေးခေါ်ခြင်း ဖြစ်စဥ်တစ်ခုလုံးက လူသားတွေပေါ်မှာ မှီပြီး ဖြစ်လာရတာကို မေ့လျော့နေခဲ့ကြပါတယ်။
ဆိုခဲ့ပါ philosopher က လူတွေကို ဗဟိုပြု တွေးခေါ်တဲ့ အယူဝါဒကို မိတ်ဆက်ခဲ့ပေမယ့် ဒဿန အသိုင်းအဝိုင်းမှာ မထင်ရှားခဲ့ပါဘူး။ စိတ်ရဲ့ သဘာဝကို အားကောင်းကောင်းနဲ့ သုံးသပ်ဆွေးနွေးနေဆဲမို့လို့ပါပဲ။
ဒါပေမယ့် ဒုတိယကမ္ဘာစစ်အပြီးမှာ Existentialism ဟာ ပြန်ပြီး ထင်ရှားလာပါတယ်။ အထူးသဖြင့် ကမ္ဘာစစ် ၂ခုဟာ ၁၀စုနှစ် ၂ခုပဲခြားပြီး ထပ်ဖြစ်တာမို့လို့ လူတွေရဲ့ ဘဝအပေါ် အမြင်ဟာ ပြောင်းလဲသွားပါတယ်။
ဘဝရဲ့ ရှင်သန်ခြင်း အဓိပ္ပာယ်တွေ၊ လူသားရဲ့ ဒီကမ္ဘာပေါ်မှာ အသက်ရှင်မှုတွေ စတာတွေကို Philosopher တွေ စပြီးတွေးခဲ့ကြပါတယ်။ အဲ့ဒီမှာ Albert Camus နဲ့ Jean Paul sarte တို့ဟာ ထင်ရှားပါတယ်။ သူတို့ရဲ့ ဝတ္ထုတွေမှာ လူသားတစ်ဦးရဲ့ ခံစားချက်တွေ ပြုလုပ်ချက်တွေကို ဘေးပတ်ဝန်းကျင်ရဲ့ ပြဌာန်းချက်ကနေ ကင်းလွတ်စွာ ရေးသားခဲ့ကြပါတယ်။
မြန်မာစာပေလောကကိုလည်း Existentialism ဟာ 1980 ဝန်းကျင်လောက် ဝင်ရောက်လာတယ်လို့ မှတ်သားရဖူးတယ်။ ဒီက စာရေးဆရာတွေကလည်း ဖြစ်တည်မှုပဓာနဝါဒလို့ ဘာသာပြန်ပြီး အဲ့ဒီဝါဒကို ဆွေးနွေးတာတွေ လေ့လာတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ စာရေးဆရာ မလိခရဲ့ မြန်မာ့ဝတ္ထုအညွှန်းမှာ ဆရာမကြည်အေးရဲ့ နွမ်းလျအိမ်ပြန်ကို ဖြစ်တည်မှုပဓာနဝါဒရဲ့ အစောဆုံးဝတ္ထုလို့ ပြောခဲ့တာတွေရှိပါတယ်။ ဟုတ်မဟုတ်က စာဖတ်သူတွေကပဲ ဆုံးဖြတ်ရမှာပေါ့။

ဒီနေရာမှာ ဒဿနပညာရပ်ဟာ သိပ္ပံပညာရပ်တွေနဲ့ မတူတဲ့နေရာတွေ ရှိပါတယ်။ သိပ္ပံပညာရပ်ဟာ လက်တွေ့ စမ်းသပ်မှုတွေကနေ ယူဆချက်တွေကို သက်သေပြရတာမို့လို့ မှားတယ် မှန်တယ်ဆိုတာ ရှိပါတယ်။ ဒဿနပညာမှာက အဲ့လို မဟုတ်ပါဘူး။ အယူအဆတစ်ခုကိုပဲ ဒီလူက ဒီလိုပြောပေမယ့် နောက်လူက နောက်တစ်မျိုး ပြောတတ်ပါတယ်။ ဒါဟာ ရှေ့လူက မှားလို့ နောက်လူက မှန်တာ မဟုတ်ဘဲ အယူအဆ မတူတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် philosopher တွေက open minded ဖြစ်ရပါတယ်။ ဒါမှ ဒဿနကို လေ့လာလို့ရမှာပါ။ မဟုတ်ရင် အမှားအမှန်ဆိုတဲ့ ဝဲထဲမှာပဲ ပိတ်မိနေရင် ဒဿနမှာ လုံးဝပျော်မှာ မဟုတ်ပါဘူး။
Part 2 မှာ Existentialism အကြောင်း အကျယ် ရေးသွားပါဦးမယ်။
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။