ဖြစ်တည်မှု ပဓာနဝါဒ (Part 2)

ဖြစ်တည်မှုဆိုတာ လူသားတစ်ယောက်ရဲ့ ပင်ကိုယ်ဟန်နဲ့ ပတ်ဝန်းကျင်က ပြဌာန်းချက်တို့ကြားက ပဋိပက္ခ ဖြစ်ပါတယ်။ ထိုပဋိပက္ခဟာ အမြဲတန်း လူတစ်ယောက်ဆီမှာ ရှိနေပြီး ပတ်ဝန်းကျင်ရဲ့ ပြဌာန်းချက်က အမြဲလွှမ်းမိုးထားပါတယ်။

ဥပမာ – ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

ငါဘယ်သူလဲ။
မောင်ဘလာဘလာ (မိဘက ပေးထားသောနာမည်)

ငါဘာလဲ။
ကျောင်းသား (society ရဲ့ စံအရ ကျောင်းတက်နေရ)

ငါဘာလုပ်မှာလဲ။
ငွေရှာမယ်၊ လှူတန်းမယ်၊ အိမ်ထောင်ပြုမယ် စသဖြင့်။ (society က သတ်မှတ်ပြဌာန်း)
ဒီနေရာမှာ ငါလုပ်ချင်လို့ လုပ်တာလို့ စောဒက တက်နိုင်ပါတယ်။ နောက်ပိုင်းသေချာ ရှင်းပြပါ့မယ်။

Jean Paul Sarte ဟာ Existentialism နဲ့ ပတ်သက်ပြီး စာအုပ်တွေ ရေးသားခဲ့တာတွေ ရှိပါတယ်။ အဲ့စာအုပ်တွေထဲက နာမည်ကျော် စကားတစ်ခွန်း ရှိပါတယ်။

Humans are condemned to be free” တဲ့။

လူသားဟာ လွတ်လပ်လွန်းလို့ ငရဲကျနေရတယ်လို့ ဘာသာပြန်လို့ရပါတယ်။

ဆိုကြပါစို့။ သင့်ကို ပြုံးပြတဲ့ မိန်းကလေးတစ်ယောက်ကို သင်ဆဲဆိုပစ်လို့ရပါတယ်။ ဒါပေမယ့် သင်မဆဲပါဘူး။ ဘာဖြစ်လို့လဲ။

သင့်မိဘက သူစိမ်းကို မရိုင်းဖို့ သင်ထားဖူးမယ်။ သင့် society က အဲ့လို လုပ်တာကို လက်မခံတာ ဖြစ်နိုင်ပါတယ်။ သင်လုပ်ချင်တာ လုပ်လို့ရပေမယ့် သင်က ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်မယူဝံ့ပါဘူး။ ဒါကြောင့် သင်ဟာ ဆဲချင်နေလည်း မဆဲဘဲ ပြန်ပြုံးပြပါတယ်။ ဒါဟာ လူဖြစ်နေတဲ့အတွက် သင်ကျခံရတဲ့ အပြစ်ဒဏ်လို့ကို ပြောကြပါတယ်။

ဒီနေ့ ပြုံးပြတဲ့သူက မိန်းကလေးလှလှ ဟုတ်မနေဘဲ ​ယိမ်းထိုးနေတဲ့ အရက်မူးသူ ဖြစ်နေရင်တော့ သင်ဆဲရုံမက ထိုးချင်ထိုးနေမှာပါ။ ဘာဖြစ်လို့လဲ။ သင်နေနေတဲ့ society က ဒါဆို အပြစ်မဆိုလို့ပါပဲ။

ဒါကြောင့် Existentialism ဟာ လူတစ်ယောက်ရဲ့ လွတ်လပ်မှုကို လွတ်လပ်ခွင့် မရှိကြောင်း ပြောပြထားတဲ့ ဝါဒတစ်ခုလို ဖြစ်နေပါတယ်။ တချို့ကလည်း Existentialism ကို ဝါဒလို့ မသတ်မှတ်ကြဘဲ အတွေးအခေါ် လှုပ်ရှားမှုလို့ပဲ ယူဆကြတာတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ်းစာပေစာရယ်လို့ ထွက်မလာဘဲ Philosopher တစ်ပိုင်း စာရေးဆရာ တစ်ပိုင်းတွေရဲ့ အရေးအသားတွေကို လေ့လာပြီး သုံးသပ်နေရတာ ဖြစ်နေလို့ပါပဲ။

Existentialist တွေက ပုဂ္ဂလ လူသားဘဝကို အလေးထားကြသူမို့ လူရဲ့ဖြစ်တည်မှုကို လူရဲ့ ကန့်သတ်ချက်ထဲမှာပဲ ထားချင်ကြတာပါ။ ယဥ်ကျေးသော လူအဖွဲ့အစည်းဆိုတဲ့ ကျွန်တော်တို့ ပြောပြောနေတဲ့ society ထဲမှာကို မထားချင်ကြတာပါ။ တစ်နည်းအားဖြင့် လွတ်လပ်မှုကို ရှာဖွေကြသူများလည်း ဖြစ်ပါတယ်။

Albert Camus ရေးပြီး ထင်လင်းဘာသာပြန်တဲ့ စည်းအပြင်ကလူ စာအုပ်ဆိုရင် ဇာတ်ကောင် မားဆိုးဟာ အမေနဲ့ အတူမနေပါဘူး။ အမေသေတော့လည်း မငိုခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မငိုချင်ဘူးဆိုတဲ့ အဖြေနဲ့ ငိုလည်း အမေက ပြန်ရှင်လာမှာ မဟုတ်ဘူးဆိုတဲ့ အဖြေပဲ ပြန်ပေးတတ်တဲ့သူပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ဇာတ်ကောင်ဟာ သူ့ရဲ့ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ဆွေမျိုးမိဘသေရင် ဝမ်းနည်း ပူဆွေးရမယ်ဆိုတာကို ဆန့်ကျင်ပြထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ အရှေ့တိုင်း အယူအဆနဲ့ ကြည့်ရင် အင်မတန် လက်မခံနိုင်ဖွယ် ရိုင်းစိုင်းဖွယ် ဖြစ်နေတာကို တွေ့ရပါမယ်။ လူပဲ မိဘကို သိတတ်ရမယ်၊ သေရင် ကောင်းစွာ မြုပ်နှံပေးရမယ်၊ ဝမ်းနည်းပူဆွေးရမယ်ဆိုတဲ့ ဓလေ့တွေ ရှိနေပါတယ်။ ဒါကြောင့် ဖြစ်တည်မှု ပဓာနဝါဒီကို လေ့လာတဲ့အခါ နဂို ရှိရင်းစွဲ အတွေးအခေါ်နဲ့ ပြင်းထန်စွာ ပွတ်တိုက်မှု ဖြစ်ပါတော့တယ်။ အများအားဖြင့် မြန်မာလူငယ်တွေက ဒီဝါဒကို နှာခေါင်းရှုံ့ကြပါတယ်။

Jean Paul Sarte ဆိုရင် Existentialist ဖြစ်တယ်လို့ ယူဆပြီး ချစ်သူရည်းစား ထားခဲ့ပေမယ့် သေသည်အထိ လက်မထပ်ခဲ့ပါဘူး။ Living Together အနေနဲ့ပဲ နေသွားခဲ့ပါတယ်။ သူ့ ချစ်သူကလည်း အဲ့တာကို လက်ခံပါတယ်။ သူ့ချစ်သူ Simone de Beauvoir ကလည်း Existentialist ပဲမို့ ကလေးလည်း မယူခဲ့ပါဘူး။ ဘဝကို ဘဝလိုပဲ နေသွားခဲ့တယ် ပြောရမှာပဲ။

ဒါကြောင့် Existentialism ဆိုတာ လူတစ်ယောက်ရဲ့ ပုဂ္ဂလဘဝမှာ လုပ်ချင်တာ လုပ်တာကို ဗဟိုပြုတွေးခေါ်တယ်လို့ပဲ ပြောရမှာပါ။ လူတစ်ယောက်ဟာ သူ့ကို ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေအတိုင်း မနေချင်တဲ့သူက မနေဘဲ ကိုယ့်ဘဝကို ကိုယ့်ပုံစံအတိုင်း အဓိပ္ပာယ်ရှိရှိ နေသွားတဲ့ ပုံစံလို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့ လွတ်လပ်မှုကို မြတ်နိုးသကဲ့သို့ တစ်ဖက်သားဘဝကိုလည်း လွတ်လပ်စွာ ခွင့်ပြုထားတာမို့ စည်းမရှိကမ်းမရှိလို့ ပြောချင်လည်း ရပါတယ်။

Existentialism ကို သိသွားရင် ဆရာမကြည်အေးရဲ့ မီ ဝတ္ထုကိုလည်း ဖတ်ကြည့်စေချင်ပါသေးတယ်။ မီရဲ့ ဇာတ်ကောင်စရိုက်ကို သေချာ လေ့လာစေချင်ပါသေးတယ်။ ပြီးရင် ရုပ်ရှင်ကိုလည်း ကြည့်ကြည့်ပါဦး။ မီရဲ့ ဘဝကို လွတ်လပ်စွာ စိတ်ထင်တိုင်း နေပုံတွေ၊ သေခါနီး ရောဂါကျွမ်းတော့မှ အသိတရားဝင်လာပုံတွေ အားလုံးက မီရဲ့စိတ်အတိုင်း လုပ်ခဲ့တာမို့လို့ပါ။ မီဟာ မွေးဖွားလာဖို့ မရွေးချယ်ခဲ့ပေမယ့် အသက်ရှင်ဖို့၊ နေချင်သလို နေဖို့၊ သေဖို့ အားလုံးကို ကိုယ်ပိုင်အတိုင်း ရွေးခဲ့တာကို တွေ့ရမှာပါ။

ဒီနေရာမှာ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းက ပြဌာန်းတဲ့အတိုင်း နေရင်လည်း ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ရွေးချယ်မှု ဖြစ်နေရင် Existentialism ဖြစ်နေပြီ ဆိုရမှာပါ။ ဥပမာ တစ်ခုပေးရင်း စာကို အဆုံးသတ်ပါမယ်။

“ဘာလို့ ရည်းစားမထားသေးတာလဲ”
“အမေဆူမှာစိုးလို့” နဲ့ “မထားချင်လို့” မှာ “အမေဆူမှာစိုးတာ” က ကိုယ့်ရွေးချယ်မှု မရှိနေတာကို ပြတာဖြစ်ပါတယ်။ အမေမဆူရင် ထားမယ့် သဘောပဲ ဖြစ်ပါတယ်။

ဖြစ်တည်မှုပဓာနဝါဒကို လေ့လာရင်း လွတ်မြောက်သော ကိုယ့်ဘဝကိုယ် ပြဌာန်းသော လူသားများအဖြစ် ရောက်ချင်သူများ ရောက်ရှိနိုင်ကြစေ . . .

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started