လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း

အရင်တစ်ခေါက်က လူတစ်ယောက်ကို First Impression နဲ့ အပေါ်ယံဆုံးဖြတ်လို့ရလား ရေးခဲ့ဖူးပါတယ်။ အခုပြောချင်တာက အဲ့ဒီအကြောင်းကို အနည်းငယ်ထပ်ချဲ့ကားထားတာပါ။

First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?
https://ouo.io/SVLH75L

လူတော်တော်များများဟာ အခြားလူတစ်ယောက်ရဲ့ နောက်ကြောင်းကိုကြည့်ပြီး ဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်မယ်လို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဟုတ်နေပါဘူး။
ဥပမာ ကိုယ့်သူငယ်ချင်းက ကိုယ့်ကို သူနဲ့ Date ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောပြနေတယ်ဆိုကြပါစို့။ ကောင်မလေးက ဖော်ဖော်ရွေရွေရှိတယ်၊ သွက်လက်ချက်ချာတယ်၊ ပွင့်လင်းတယ်၊ ကိုယ့်အားကို ကိုးချင်စိတ်ရှိတယ် စသဖြင့်ပြန်ပြောပြရင် ကိုယ့်အနေနဲ့ သူ့ကို ဘယ်လိုမိန်းကလေးလို့ သတ်မှတ်မလဲ။
ဒီဘက်ခေတ် မိန်းကလေးတစ်ယောက်လို့ မြင်မိမှာပါ။

ကောင်မလေးက ရိုးရိုးအေးအေးပဲ၊ စကားသိပ်မပြောဘူး၊ ရှက်တတ်တယ် ဆိုရင်တော့ ကိုယ့်စိတ်ထဲမှာ ခေတ်သိပ်မဆန်တဲ့မိန်းကလေးအဖြစ် မြင်မိမှာပါ။
ဒီတော့ ဒီ ၂ယောက်ထဲမှာ ဘယ်သူက ကွက်ကျော်ပိုရိုက်တတ်မလဲ၊ အချူဇယားခင်းတတ်မလဲဆိုရင် စာဖတ်သူတို့ အနေနဲ့ ဘယ်လိုတွေးမိမလဲ?

ပထမကောင်မလေးကိုပဲ မျက်စိထဲမြင်နေကြမှာပါ။ ဒါကို Representativeness Heuristic လို့ခေါ်ပါတယ်။ ကိုယ်သိတဲ့ Limited Information တစ်ခုကနေ တဖက်လူရဲ့ Character ကို ကောက်ချက်ဆွဲလိုက်တာပါ။

ပထမကောင်မလေးဟာ အချူဇယားဖြစ်နေနိုင်တယ်လို့ ကောက်ချက်ဆွဲမိတာက ကိုယ်ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့အတွေ့အကြုံအရလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကုတ်ကမြင်းတွေလည်း လောကကြီးမှာ ရှိပါတယ်။ ဒီတော့ ကြိုတင်ကောက်ချက်ဆွဲထားတာတွေဟာ မမှန်ကန်တတ်ပါဘူး။ အထူးသဖြင့် ကိုယ်က လူပေါင်းစုံနဲ့ ဆက်ဆံနေရတဲ့သူ မဟုတ်ရင် ပိုလို့တောင် မမှန်တတ်ပါဘူး။

ဒီလို Character တစ်ခုကို ကြိုတင်သတ်မှတ်လိုက်ခြင်းအားဖြင့် အာရုံသိပ်မနောက်ရတော့ပါဘူး။ ပွင့်လင်းတယ်… အချူဇယားဖြစ်နိုင်တယ်…၊ အနေအေးတယ်… ရိုးသားတဲ့သူဖြစ်နိုင်တယ်… စသဖြင့် မသိစိတ်ထဲကနေ Category လေးတွေ ခွဲထားလိုက်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဆုံးဖြတ်ချက်ချတဲ့အခါ သိပ်တွေးနေစရာမလိုတော့ပါဘူး။
သူစိမ်းတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အခါ Category တစ်ခုခုထဲထည့်လိုက်ခြင်းအားဖြင့် ဒီလူဟာဆက်ဆံသင့်တဲ့လူ (သို့) ရှောင်သင့်တဲ့လူအဖြစ် အကြမ်းဖျင်းနိုင်ကြပါတယ်။

အောက်က စာကိုဖတ်ပြီး စဉ်းစားကြည့်ပေးပါ။
မောင်မောင်က အရမ်းတော်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။ အတန်းတိုင်းမှာလည်း အမှတ်တွေကောင်းတယ်။ ဒါပေမယ့် သူ့မှာ ဖန်တီးမှုစွမ်းအား မရှိဘူး။ အမြဲတမ်း သပ်သပ်ရပ်ရပ်နေထိုင်တတ်တယ်။ အရာရာကို အစီအစဉ်ကျနေမှ သဘောကျတယ်။ သူစာရေးတဲ့အခါ ခံစားချက်မပါဘဲ Science Fiction အကြောင်းတွေကို ကိုးကားတတ်တယ်။ သူက လူတွေကို သဘောမကျဘူး။ ဒါပေမယ့် စိတ်ဓာတ်တော့ ကောင်းတယ်။

ဒါဟာ အင်ဂျင်နီယာ အယောက် ၃၀ နဲ့ ရှေ့နေ အယောက် ၇၀ ရဲ့ Interview ထဲက ထုတ်နှုတ်ထားတာပါ။ မောင်မောင်ဟာ ရှေ့နေဖြစ်မလား၊ အင်ဂျင်နီယာဖြစ်မလား ဆက်မဖတ်ခင် စဉ်းစားပေးပါ။

ကိုယ့်ရဲ့ Representativeness heuristic က ဒီနေရာမှာ အလုပ်စလုပ်ပါပြီ။ တော်တော်များများက မောင်မောင်ဟာ အင်ဂျင်နီယာတစ်ယောက် ဖြစ်နိုင်တယ်လို့ ဖြေကြပါတယ်။

ဒီတော့ သေချာစဉ်းစားကြည့်ရအောင်…။ အင်ဂျင်နီယာလို့ ဘာလို့ပြောကြတာလဲ? သူတို့နိုင်ငံတွေမှာ MIT တို့၊ Caltech တို့ဆီ ဝင်ခွင့်ရဖို့က တော်တော်ကိုတော်မှ ရတာပါ။
တော်တယ်၊ သပ်ရပ်တယ်၊ ခံစားချက်မဲ့တယ်ဆိုတာ သိပ္ပံနဲ့သွားပြီး ချိတ်ဆက်လို့ရပါတယ်။ Sci-fi ကြိုက်တာကတော့ အထူးပြောနေစရာတောင် မလိုပါဘူး။ စာအုပ်ကြီးအတိုင်းသွားတဲ့လူဖြစ်တဲ့အတွက် လူတွေကို သဘောမကျတာလည်း မဆန်းပါဘူး။ ဖန်တီးနိုင်မှုစွမ်းအားနည်းတယ်ဆိုတာ Art နဲ့ Science ကိုခွဲခြားပြလိုက်တာပါ။

ဒီတော့ ရှေ့နေလို့ပြောလို့ရော မရဘူးလား? ရှေ့နေတွေဆိုတာလည်း တော်ဖို့၊ သပ်ရပ်ဖို့ လိုအပ်တာပါပဲ။ ဇာတ်လမ်းတွေကြည့်ရင် ရှေ့နေတွေက ကွက်ကျော်ရိုက်တတ်တာမို့ ခံစားချက်မဲ့တယ်ဆိုတာကိုလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် Sci-fi ကြိုက်တယ်ဆိုတာက ရှေ့နေနဲ့ဆက်စပ်ကြည့်လို့မရပါဘူး။ ဒါကြောင့်တော်တော်များများကတော့ အင်ဂျင်နီယာကိုရွေးသွားပါတယ်။ (စဉ်းစားပြတာပါ… Gut Feeling အရရွေးကြတာမို့ ခုလောက်တောင် လိုက်တွေးမိနေမယ် မထင်ပါဘူး)

ဒါပေမယ့် Statistic အရကြည့်ရင် မောင်မောင်ဟာ ရှေ့နေတစ်ယောက်ပိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အင်ဂျင်နီယာ အယောက် ၃၀ နဲ့ ရှေ့နေ အယောက် ၇၀ လို့ပြောခဲ့တာမို့ပါ။ မောင်မောင် ရှေ့နေတစ်ယောက်ဖြစ်ဖို့ဆိုတာ ၇၀% ရှိပါတယ်။
တော်တော်များများကတော့ ဒါကိုလျစ်လျူရှုထားတတ်ကြပါတယ်။

Australia လို့ပြောလိုက်ရင် ပင့်ကူအကြီးကြီးတွေ၊ လင်းနို့အကြီးကြီးတွေ၊ တခါမှမမြင်ဖူးတဲ့ ကြောက်စရာ ရုပ်ဆိုးဆိုးအကောင်တွေ နေထိုင်ရာအဖြစ်မြင်တတ်ကြပါတယ်။ Meme တွေမှာလည်း Australia ကို ကြောက်စရာကောင်းတဲ့ နေရာတစ်ခုအဖြစ် ပြောကြတော့ သေချာမသိတဲ့သူရဲ့ စိတ်ထဲမှာ အော်ဇီဆိုရင် ကြောက်စရာလို့ မြင်နေတတ်ပါတယ်။

ဘုန်းကြီးဆိုရင် သင်္ကန်းဝတ်ပြီး သံဃာလိုကျင့်ကြံအားထုတ်လိမ့်မယ်လို့ ကြိုတင်ထင်မြင်ထားတာလည်း Representativeness Heuristic ပါပဲ။
ဒါပေမယ့် အဲ့လိုအတွေးတွေဟာ အန္တရာယ်များပါတယ်။ ဘုန်းကြီးဝတ်ထားတိုင်း မယုံရဘူးဆိုတာ ဒီဘက်ခေတ်မှာ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ကလေးတွေကို Sexual Abuse လုပ်တဲ့ဘုန်းကြီး၊ မာတုကာမတွေနဲ့ အရောဝင်တဲ့ဘုန်းကြီး၊ အရက်သောက်တဲ့ဘုန်းကြီး၊ ဆေးလိပ်သောက်တဲ့ဘုန်းကြီး အစုံရှိပါတယ်။

ကိုယ့်မှာ ဒီ Heuristic ရှိနေတဲ့အခါ သူက ဘယ်လိုဘုန်းကြီးလဲဆိုတာ မတွေးမိတော့ပါဘူး။ သင်္ကန်းဝတ်ထားတာနဲ့ ကိုးကွယ်ရမယ်၊ သူကတော့ လူကောင်းဖြစ်မှာပဲဆိုတဲ့ အတွေးမျိုးတွေဝင်လာပါတယ်။ လူလိမ်တွေက ဒါတွေကိုသုံးပြီး အမြတ်ထုတ်ကြတာပေါ့ဗျာ။
သံဃာကျင့်ဝတ်နဲ့ ညီတဲ့ဘုန်းကြီးတွေကတော့ သံဃာတွေကို မပြစ်မှားရဘူး ဆိုပြီးဟောတတ်ကြတယ်။ ဒါပေမယ့် သံဃာတုတွေ မှိုလိုပေါက်နေတာကိုတော့ ထိရောက်အောင် မဖြေရှင်းပေးကြဘူး။ (ဒီလောက်ပဲပြောပါတော့မယ်… ဘာသာတိုင်းမှာ ဒီလိုလူတွေရှိနေတာပါပဲ)

နောက်ဥပမာ တစ်ခုကိုကြည့်ပါ။
ချောစုဟာ အသက် ၃ဝအရွယ် Single တစ်ယောက်ဖြစ်တယ်။ သူက အရမ်းတော်တယ်။ ဒဿနိကဗေဒနဲ့ ဘွဲ့ရထားတယ်။ ကျောင်းသူဘဝတုန်းက လူအချင်းချင်းခွဲခြားတာတွေ၊ လူမှုရေးအရခွဲခြားဆက်ဆံတာတွေကို လေ့လာချင်တယ်။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံသင့်တယ်လို့ ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲ အသေးလေးတွေမှာလည်း အမြဲတမ်းဝင်ပါတတ်တယ်။

ဒါဆိုရင် သူက စာရေးဆရာမတစ်ယောက်ဖြစ်နိုင်လား… ဒါမှမဟုတ် Feminist စာရေးဆရာမတစ်ယောက်ဖြစ်နိုင်လား?
စိတ်ထဲထင်တဲ့အတိုင်းသာပြောမယ်ဆို Feminist စာရေးဆရာမ ပိုဖြစ်နိုင်တာပေါ့။
စာထဲက Description အရ သူဟာ စာရေးဆရာမနဲ့တူတယ်… ၁မှတ်ပေးလိုက်၊ Feminist နဲ့တူတယ်… နောက် ၁မှတ်ပေးလိုက်… စုစုပေါင်း ၂မှတ်ပေါ့။ ဒါကြောင့် Feminist စာရေးဆရာမကို ရွေးတယ်။
ဒါပေမယ့် Statistic အရပြောမယ်ဆို စာရေးဆရာမဖြစ်နေတာက Feminist စာရေးဆရာမဖြစ်နေတာထက် ပိုဖြစ်နိုင်ပါတယ်။

စိတ်ပညာရှင်တွေက အနာဂတ်ကိုဟောနိုင်တယ်ဆိုတဲ့ လူ ၁၁၅ ယောက်ကို ခေါ်ပြီး စမ်းသပ်ဖူးပါတယ်။
အမေရိကန်နဲ့ ဆိုဗီယက်ယူနီယမ်ကြား သံတမန်ဆက်ဆံရေးတွေ အကုန်ရပ်ဆဲမယ်ဆိုတာက ပထမအချက်ပါ။ (Soviet Union မပြိုကွဲခင်က စမ်းသပ်ထားတာပါ)
ဒုတိယအချက်က အပေါ်ကပြောသလို သူတို့နှစ်နိုင်ငံအကြား အဆက်အဆံမလုပ်တော့တဲ့အပြင် ရုရှားက ပိုလန်ကိုကျူးကျော်စစ်ဆင်နွှဲမယ်လို့ ပြောပါတယ်။ ဒီ ၂ချက်ထဲက ဘယ်ဟာက ပိုဖြစ်နိုင်မလဲလို့ ခန့်မှန်းခိုင်းတာပါ။ (ရှေ့ဖြစ်ဟောနိုင်တယ်လို့ ပြောတဲ့သူတွေကို ခေါ်ပြီး ရှေ့ဖြစ်ဟောခိုင်းတာ တရားပါတယ်…)

ဒီတော့ အပေါ်ကပြောခဲ့တိုင်းအတိုင်းပါပဲ။ ဒုတိယအချက်ကို စိတ်ထဲက ၂မှတ်ပေးထားလို့ ရှေ့ဖြစ်ဟောတဲ့သူတွေ တော်တော်များများက ဒါကိုရွေးသွားကြပါတယ်။

ကိုယ်သိသလောက်လေးနဲ့ လောကကြီးကို ဘောင်တွေခတ်ပြီး မြင်ရတာ အန္တရာယ်များပါတယ်။ ဒါပမေယ့် ကျောက်ခေတ်ကို ပြန်စဉ်းစားကြည့်ရင် ချုံပုတ်တစ်ခုလှုပ်သွားတယ်လို့ မြင်တာနဲ့ ပြေးဖို့ပြင်ပြီးသားဖြစ်နေသင့်ပါပြီ။ ဒါဟာ ကိုယ့်ကို စားမယ့် သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အသက်ရှင်ဖို့အတွက် “ချုံပုတ်လှုပ်ရင် ပြေးဖို့ပြင်” ဆိုတာမျိုး ဦးနှောက်က ကြိုတွေးထားတတ်ပါတယ်။

လူတွေကို Judge လုပ်တဲ့အခါမှာလည်း ကျောက်ခေတ်က အကျင့်မပျောက်သေးတဲ့အတွက် ဘောင်တွေခတ်ပြီး Category တွေ ခွဲထားတတ်ပါတယ်။

ဒါပေမယ့် လူတစ်ကိုယ် စိတ်တစ်မျိုးစီရှိပါတယ်။ လူတိုင်းက ကိုယ်သတ်မှတ်ထားတဲ့ Category တစ်ခုထဲမှာ လုံးလုံးလျားလျား ၁၀၀% ဝင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ မအံ့သြကြပါနဲ့။ ကိုယ့်ကိုကိုယ် Unique ဖြစ်တယ်ထင်ရင် လူတိုင်းမှာလည်း ဒီအတွေးရှိနေနိုင်တယ်ဆိုတာ မမေ့စေချင်ပါဘူး ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started