“ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)

ကျွန်တော်ငယ်ငယ်က ခရီးရှည်တစ်ခုသွားတော့ ညလယ်ခေါင်မှာ ကားခဏနားတယ်။ အဲ့ဒီကာလက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလည်း မပေါ်သေးတော့ လမ်းတွေက ဆိုးချက်ပဲ။
ခုခေတ်လိုမျိုး ၁၁၅ မိုင်မှာနားမယ်ဟေ့ ဆိုပြီး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနေရာတစ်ခုလည်း မရှိသေးဘူး။ ကားသမားတွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ဆိုင်တွေမှာပဲ နားကြတာများတယ်။

အဲ့ဒီတုန်းက ကားခဏရပ်တော့ အထက်တန်းကျောင်းကြီး တစ်ကျောင်းနားမှာ ဖြစ်နေတယ်။ လှမ်းကြည့်နေရင်းနဲ့ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။

ဒီကျောင်းကြီးကို ငါ့အိပ်မက်ထဲမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေတယ်။ ဒါတွေက ကြုံဖူးပြီးသား ကိစ္စကြီးတစ်ခုလိုပဲ။ ကိုယ်နောက်တစ်စက္ကန့်နေရင် ဘာပြောတော့မယ်ဆိုတာကိုပါ တွေးလို့ရနေတယ်။
အဲ့ဒီတုန်းကတော့ ငါ့မှာ Superpower တွေရှိနေတာလားမသိဘူးဆိုပြီး ကလေးပီပီ တွေးမိပါသေးတယ်။
အသက်ကြီးလာတော့ သိလာရတာက ဒါဟာ Déjà vu ပါ။

Déjà vu ဆိုတာ ပြင်သစ်စကားပါ။ သူ့ရဲ့အဓိပ္ပါယ်က “Already Seen” လို့ Wiki မှာရေးထားတယ်။ ငါမြင်ပြီးသားကြီးပါကွာ… ဆိုပါတော့။
ဒီအချက်ကို သေချာမသိတဲ့ လူတွေကတော့ ဒီလိုဖြစ်တာဟာ သဘာဝလွန်ပဲ၊ အနာဂတ်ကို ကြိုမြင်တာပဲဆိုပြီး ထင်တတ်ကြတယ်။
အမှန်တကယ်တော့ ဦးနှောက်က တချက်တချက်မှာ ဂေါက်သီးထတာပါ

Déjà vu ဟာ အသက် ၈နှစ်၊ ၉နှစ်လောက်မှာမှ စဖြစ်တတ်တယ်လို့ဆိုတယ်။ (ကျွန်တော့တုန်းကတော့ မှတ်မှတ်ရရ ၁၀ နှစ်သားတုန်းက ဖြစ်တာပါ)
လူပျို၊ အပျိုဖြစ်လာတဲ့အချိန်နဲ့ အသက် ၂၀ လောက်မှာ ဒါတွေအဖြစ်များတတ်ပါတယ်။ အသက်ကြီးလာရင်တော့ ဒီလိုဖြစ်တာ တဖြည်းဖြည်းနည်းသွားပါတယ်။
ဒီတော့ ဦးနှောက်ဖွံ့ဖြိုးတာနဲ့ ဆက်စပ်မှုရှိရမယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။

Déjà vu ကို ရောဂါတွေမှာတွေ့ရသလို သာမန်လူတွေမှာလည်း တွေ့ရပါတယ်။
Temporal Lobe Epilepsy (အတက်ရောဂါတစ်မျိုး) မှာဆို ဒီလိုဖြစ်တတ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ (Migraine with aura) ရှိတဲ့သူတွေဟာ သူတို့ခေါင်းမကိုက်ခင် ကြိုသိတတ်ကြပါတယ်။ ခြေတွေလက်တွေကျဉ်လာတာ၊ အမြင်တွေဝါးလာတာ၊ မျက်စိထဲမှာ အလင်းတွေမြင်လာတာ စတာတွေ ဖြစ်တတ်ပါတယ်။

Migraine with Aura Illustration

ဒါပေမယ့် ခုပြောမယ့် Déjà vu က ရောဂါသမားတွေမဟုတ်တဲ့ သာမန်လူတွေမှာ တွေ့ရတဲ့ကိစ္စကို ပြောချင်တာပါ။
ခုချိန်ထိတော့ ဘာကြောင့်လဲဆိုတာ သေချာမသိကြသေးပါဘူး။ ဒါပေမယ့် ဆရာကြီးတွေကတော့ Hypothesis တွေထုတ်ထားကြပါတယ်။

ပထမတစ်ခုကတော့ အမြင်မှာ ပြဿနာတက်နေတာပါ။ မျက်စိကမြင်ဖို့အတွက် အာရုံကြောတွေလိုပါတယ်။ အဲ့ဒီအာရုံကြောတွေက ဦးနှောက်ရဲ့နောက်ဘက်ပိုင်း (Occipital Lobe) အထိ ရှည်ပါတယ်။ အဲ့ဒီမှာ မြင်တာကို မြင်တယ်လို့သိစေတဲ့ နေရာ (Visual Cortex) ရှိပါတယ်။

မျက်လုံးက မြင်တဲ့အခါ အာရုံကြောတွေကတစ်ဆင့် လျှပ်စီးကြောင်းနဲ့ ဦးနှောက်ကို သတင်းပို့ပါတယ်။ ပုံမှန်ဆိုရင် ဘယ်ဘက်မျက်စိနဲ့ ညာဘက်မျက်စိက တူတူသတင်းပို့ပါတယ်။
ဒါပေမယ့် တခါတလေမှာ တဖက်ဖက်က နည်းနည်းပိုနှေးသွားတာရှိပါတယ်။ အဲ့ဒီအခါမှာ Visual Cortex ဆီကို သတင်းက အတူတူမရောက်တော့ဘူးပေါ့။

Visual Pathway

အရင်ရောက်နှင့်တဲ့ကောင်ကို မှတ်ဉာဏ်အဖြစ်သိမ်းလိုက်ပေမယ့် နောက်မှရောက်လာတဲ့ကောင်ကို အဲ့လိုမသိမ်းရသေးပါဘူး။
အရင်ရောက်တာနဲ့ နောက်မှရောက်တာဆိုပြီးပြောလို့ အကြာကြီး မထင်ပါနဲ့။ ဒါက ၁စက္ကန့်တောင်မပြည့်တဲ့အချိန်မှာ ကွဲလွဲနေတာပါ။
ဆိုတော့… နည်းနည်းနောက်ကျမှရောက်လာတဲ့ကောင်ကို အသစ်ဆက်ဆက် Information လို့ဦးနှောက်က ယူဆလိုက်ပါတယ်။ သူ့ထက်အရင်လာခဲ့တဲ့ကောင်ကို မှတ်ဉာဏ်အနေနဲ့ထားလိုက်တယ်။
ဒီတော့ ငါကြုံဖူးနေတယ်… ဆိုပြီး ဖြစ်လာတာပါ။ တကယ်တော့ ဦးနှောက်ကို သတင်းပို့တဲ့ အာရုံကြော ၂ခု အနှေးအမြန်မတူတာကြောင့် ရှုပ်ထွေးကုန်တာပါ။

Just a meme. This is not true.

ဒုတိယတစ်ခုဖြစ်နိုင်တာကတော့ ကြုံဖူးတယ်လို့ထင်ရခြင်းဟာ ကိုယ်နဲ့ရင်းနှီးနေတဲ့မှတ်ဉာဏ်တစ်ခုကို သွားပြီး သတိရလိုက်တာကြောင့်လို့ ဆိုတယ်။
ကျွန်တော်အပေါ်ကပြောခဲ့တဲ့ ဥပမာနဲ့ပြန်ပြောချင်ပါတယ်။ ခရီးဝေးသွားဖူးတာ Déjà vu မဖြစ်ခင်ကတည်းက အခါခါသွားဖူးပါတယ်။ ဒီတော့ ဒီနေရာမှာလည်း နားခဲ့ဖူးနိုင်တယ်၊ ဒါမှမဟုတ် ဒီနေရာနဲ့ခပ်ဆင်ဆင်နေရာတစ်ခုမှာလည်း နားခဲ့ဖူးနိုင်တယ်။
Déjà vu ဖြစ်လာတဲ့အခါမှာ အဲ့ဒီလို ရင်းနှီးမှုတစ်ခုခုကိုမြင်လိုက်လို့ ဖြစ်နိုင်တယ်ဆိုပြီး ပညာရှင်တွေက ဆိုတယ်။ ဒါကို သိစိတ်က သိနေစရာမလိုပါဘူး။ မသိစိတ်က သိနေရင် ဖြစ်တတ်ပါတယ်။

နောက် ဘူး တွေဆက်ရဦးမှာမို့ Déjà vu ကို ဒီလောက်နဲ့ ရပ်ထားလိုက်ပါမယ်။ အမှန်တကယ်တော့ ဒီထက်ရှုပ်ထွေးတာတွေ ကျန်ပါသေးတယ်။

Jamais vu ဆိုတာ Déjà vu နဲ့ဆန့်ကျင်ဘက်ပါ။ သူ့အဓိပ္ပါယ်က “Never Seen” လို့ဆိုပါတယ်။ တစ်ခါမှမမြင်ဖူးပါဘူးကွာ… ဆိုတာမျိုးပေါ့။
သူက ကိုယ်အမြဲတွေ့နေကြလူတွေ၊ နေရာတွေ၊ စကားလုံးတွေကို မမှတ်မိတာပါ။

ဒါလည်း ကျွန်တော်ဆိုအမြဲဖြစ်ပါတယ်။ မြန်မာစာရိုက်နေရင်းနဲ့ အမြဲသုံးနေကြ စာလုံးတစ်ခုကို ဟုတ်မှဟုတ်ရဲ့လား၊ ငါမြင်ဖူးတာဒီလိုပုံစံ မဟုတ်ဘူးထင်တယ်ဆိုပြီး အတွေးပေါက်လာတတ်တာပါ။
သူက ဘယ်လိုကြောင့်ဖြစ်သလဲဆိုရင် စာလုံးတစ်လုံးကို ထပ်ခါထပ်ခါရွတ်စေတဲ့အခါ အဲ့ဒီစာလုံးရဲ့အဓိပ္ပါယ်ပျောက်ဆုံးလာပါတယ်။

စမ်းသပ်ထားတာတော့ တံခါး ဆိုတဲ့စကားလုံးကို ၁မိနစ်အတွင်း အခါ ၃၀ ရေးခိုင်းလိုက်တဲ့အခါ လူတွေရဲ့ 65% မှာ Jamais vu ဖြစ်လာတယ်လို့ဆိုတယ်။ ဒီစကားလုံးကြီးက ငါရေးနေတာ ဟုတ်မှဟုတ်ရဲ့လား၊ တခါမှမမြင်ဖူးသလိုပဲဆိုပြီး ဖြစ်လာတာပါ။

Presque vu ဆိုတာလည်း ရှိပါသေးတယ်။ သူ့အဓိပ္ပါယ်ကတော့ “Almost Seen” ဖြစ်ပါတယ်။ လျှာဖျားလေးတင်ကွာ… ဆိုတာမျိုးပေါ့။
ဒါလည်း လူတိုင်းကြုံဖူးကြမှာပါ။

ဒီသီချင်းကို နားထောင်လာတာ ကြာခဲ့ပြီ၊ ဘယ် Band လဲဆိုတာ မေ့နေတယ်၊ လျှာဖျားလေးတင်ကွာ… ဒီ Band မှာ ၄ယောက်ပါတယ်၊ သီချင်းဆိုတဲ့ကောင်က ကတုံးပြောင်ပြောင်နဲ့၊ ဂစ်တာတီးတဲ့ကောင်က ဆေးမှုနဲ့ထောင်ကျဖူးတယ်၊ ဒီသီချင်းက ဘယ် Album ထဲမှာပါဖူးတယ်ကွာ စသဖြင့် မဆိုင်တဲ့အကြောင်းတွေ အကုန်မှတ်မိနေပြီး တကယ်သိချင်တဲ့အချက်ကွက်မေ့နေတာပါ။

စာမေးပွဲခန်းထဲမှာ ဒီသဘောတွေအမြဲကြုံနေရတော့ စိတ်ထဲမှာ အရမ်းဝေးကွာလွန်းတဲ့ Concept တစ်ခုလို့တောင် မမြင်မိတော့ပါဘူး။
ကျွန်တော်ဆိုရင် သိချင်တာကို မသိလိုက်ရဘဲ အင်တင်တင်ကြီးဖြစ်နေရင် အိပ်မပျော်တော့ပါဘူး။ အဲ့တော့ အိပ်ရေးပျက်တာပေါ့ဗျာ။

ဒီလောက်ဆိုရင် လူတိုင်းကြုံဖူးကြတဲ့ “ဘူး” တွေအကြောင်း သိသွားမယ်ထင်ပါတယ်။ ဒါက ရှေ့ဘဝက အမြင်တွေမဟုတ်သလို Parallel Universe က အမြင်တွေ လာပူးတာလည်း မဟုတ်ပါဘူး။
ဦးနှောက်က တခါတခါ ကြောင်တောင်တောင် ထဖြစ်တာလို့ သိရင်ကျေနပ်ပါပြီ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on ““ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)

  1. Deja vu ဖြစ်စဉ်က ကျွန်တော့်အတွက်တော့ အိပ်မက်ထဲမှာ ကြိုမြင်တာမျိုးလို့ ယူဆထားပါတယ်။ အခုထိလည်း အိပ်မက်ထဲမှာဖျတ်ကနဲမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ချို့က အပြင်အချိန်ကာလတစ်ခုရောက်ရင် ( ၁ပတ်ကနေ ၃လလောက်အထိကြာတတ်ပါတယ် ပိုကြာတတ်တာမျိုးရှိပေမဲ့ ဖြစ်ခဲပါတယ် ) ပြန်ကိုဖြစ်ပါတယ်။ ရောက်ဖူးတယ်မြင်ဖူးတယ်ဆိုတာမက အိပ်မက်ထဲမှာပြောတဲ့စကား အင်္ကျီ(အရောင်တော့မမှတ်မိတတ်ပါ) ပတ်ဝန်းကျင်မှာသွားလိုက်တဲ့ကားသံ ယာဉ်သံအထိတိကျပါတယ်။ ကျွန်တော်ကဖြစ်နေကျမို့ အိပ်မက်တစ်ခုကနိုးလာတိုင်း မှတ်မိအောင်စဉ်းစားတဲ့အကျင့်လုပ်ထားတာလည်းပါနိုင်ပါတယ်။

    Like

    1. ဒါလည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်ရဲ့ မသိစိတ်က ရင်းနှီးနေတဲ့ ကိစ္စတစ်ခုကို ပြန်မှတ်မိသွားတဲ့အခါ Deja vu ဖြစ်တာမျိုးပေါ့။

      Like

Leave a reply to Science Nuts Cancel reply

Design a site like this with WordPress.com
Get started