သရဲကြောက်တာကို CBT နဲ့ကုသလို့ရသလား?

Psychology အကြောင်းရေးတဲ့စာတွေမှာ တခုခုဆိုရင် CBT နဲ့ကုသလို့ရတယ်ဆိုပြီး ခဏခဏပါတာတွေ့ဖူးမှာပါ။ CBT ဆိုတာဘာလဲဆိုတာ ဒီ post မှာရေးပေးသွားပါ့မယ်။

CBT ရဲ့အရှည်ကောက်က Cognitive Behavioural Therapy ဖြစ်ပါတယ်။ ဗမာလို ရှင်းရှင်းပြောရရင် နှစ်သိမ့်ဆွေးနွေးအဖြေရှာတဲ့သဘောပါပဲ။ (အတိအကျဘာသာပြန်ထားတာကိုတော့ မတွေ့ဖူးသေးလို့ပါ။)

ဒါလေးများ သိသားပဲဆိုပြီးမထင်ပါနဲ့ဦး။ ထင်သလောက်မရိုးရှင်းသလို ထိရောက်မှုလဲတကယ်ရှိတာမို့ ယနေ့ စိတ်ရောဂါအတော်များများကို ဒီနည်းနဲ့လက်ခံကုသနေကြပါတယ်။

ဒီကုထုံးက ကုပေးနိုင်တဲ့ရောဂါတွေက

  • စိတ်ကျရောဂါ (Depression ကောင်ဇိုးလေးများ)
  • ကြောက်စိတ်မျိုးစုံ (phobia သမားများ)
  • စိုးရိမ်သောကများခြင်း (Anxiety ရောဂါသမားများ)
  • စွဲလမ်းမှုပြဿနာများ (Addiction သမားများ)
  • အတိတ်ဖြစ်ရပ်ဆိုးကရုန်းမထွက်နိုင်ခြင်း (Post traumatic stress disorder)
  • အစွဲကြီးသော OCD ရောဂါသမားများ စတဲ့ စိတ်ရောဂါအတော်များများကို ကုသပေးနိုင်လို့ သွားရှုပ်လို့တဲ့မရတဲ့ ကုထုံးတခုပါ။

ဒီကုထုံးရဲ့ အနှစ်သာရက
“မကောင်းတဲ့အတွေးတွေကြောင့် မကောင်းတဲ့လုပ်ရပ်ကိုလုပ်မိနေတာဖြစ်တယ်။
အတွေးကိုကောင်းအောင်ပြင်နိုင်ရင်
လုပ်ရပ်ကောင်းတွေဖြစ်လာမယ်” လို့ ယုံကြည်တဲ့ကုသနည်းပါ။

ဥပမာ သင် သရဲကြောက်လို့ အမှောင်ထဲမသွားရဲတာ၊ ညဖက် ညောင်ပင်အောက်ကဖြတ်မလျှောက်ရဲတာဖြစ်ပါတယ်။ သရဲကြောက်တဲ့အတွေးကိုသာ ပြောင်းလဲနိုင်ရင် သင်က အမှောင်ထဲလဲသွားရဲသွားမယ်။ ညောင်ပင်အောက်ကလဲဖြတ်လျှောက်ရဲမယ် လို့ဒီကုထုံးကဆိုပါတယ်။

ဒါကြောင့် သင့်ကြောက်စိတ်ကို တဖြေးဖြေးနဲ့ ဆွေးနွေးနှစ်သိမ့်အကြံပြုရင်း မကြောက်အောင် (တနည်း) ကြောက်သေးပေမယ့် လုပ်ရဲလာအောင် လေ့ကျင့်ပေးတာမျိုးပါ။

ဒီကုထုံးမှာ ကုနည်းအထွေထွေရှိပါတယ်။

ဥပမာ တခုပြောရရင် သရဲကြောက်တဲ့သူကို CBT နဲ့ကုတယ်ဆိုပါတော့။ သရဲကြောက်တဲ့သူကို ဘာလို့ကြောက်တာလဲဆိုပြီး သူကြောက်တာကိုမေးမြန်းရပါတယ်။ သရဲကြောက်လို့ တယောက်တည်းမအိပ်ရဲဘူး။ သရဲက အိပ်နေတုန်း ခြေထောက်ကိုလာဆွဲမှာကြောက်တယ်။

သရဲကအမှောင်ထဲမှာ ပြုတင်းပေါက်ကနေဝင်လာမှာစိုးတယ် စသဖြင့် သူဘာလို့ကြောက်တာလဲ ဘာကိုကြောက်တာလဲဆိုတာ တိတိကျကျမေးမြန်းရပါတယ်။ ဒီအဆင့်ကို functional analysis လို့ခေါ်ပါတယ်။

သူကြောက်တာကိုသိတော့မှ စိတ်ရောဂါကုဆရာဝန်က မေးခွန်းတွေအမေးအဖြေလုပ်ရပါတယ်။ အရင်ကရော တယောက်တည်းအိပ်ဖူးသလား။
အရင်ကအိပ်တုန်းကရော သရဲကရောက်လာသလား။
အရင်ကအိပ်တုန်းကရော တကယ်သရဲမြင်ရသလား။ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် အခုတခါလဲ သရဲကဘာကိစ္စရှိလို့ လာရမှာလဲ စသဖြင့် မေးမြန်းပါတယ်။

နေ့လယ်နေ့ခင်းရော အခန်းထဲမှာတယောက်တည်းနေဖူးသလား။ နေ့လယ်ကျတော့ ဘာမှမကြောက်ဘဲ ညရောက်မှ ဒီအခန်းကိုပဲ ကြောက်မိနေတာလား။

နေ့နဲ့ညဆိုတာ ကမ္ဘာလည်ပတ်နေလို့ဖြစ်တာပါပဲ။ သရဲလာဖို့ မီးခဏပိတ်ပေးလိုက်တဲ့ အချိန်မဟုတ်ပါဘူး။ စသဖြင့် သိပ္ပံနည်းကျအချက်အလက်တွေနဲ့
တဖြေးဖြေးရှင်းပြရပါတယ်။

မိသားစုထဲမှာရော သရဲအခြောက်ခံရဖူးလား။ ခြောက်ခံရဖူးရင် ဘယ်သူလဲ။ ဘယ်တုန်းကလဲ။ သေချာသလား။ သရဲခြောက်တော့ ဘာဖြစ်သွားသေးလဲ စသဖြင့် မေးခွန်းမေးလိုက် ရှင်းပြလိုက်နဲ့ စိတ်ကိုပြောင်းလဲရတာပါ။

ဒီကမ္ဘာမှာ လူဦးရေ ၇ ဘီလီယံကျော်ရှိတာ သရဲခြောက်ပြီးသေတဲ့သူကဘယ်လောက်ရှိသလဲ။ လူမသေဖူးတဲ့နေရာဆိုတာရှိသေးလို့လား။ ရှိသမျှနေရာတိုင်းမှာ လူသေဖူးရင် နေရာတိုင်းသရဲတွေရှိနေမှာပေါ့။ သရဲကြောင့်လား စိတ်ထင်တာကြောင့်လား စသဖြင့် စိတ်ကိုကုစားပေးရပါတယ်။

လူတွေရဲ့အစွဲက အလွန်ကြီးပါတယ်။ တော်ရုံနဲ့ ပျောက်အောင်လုပ်ဖို့ခက်လို့ အချိန်ကာလတခုယူကာ လေ့ကျင့်ပေးရပါတယ်။
အပေါ်ကနည်းလမ်းကို Guided discovery and questioning နည်းလို့ခေါ်ပါတယ်။

တခြားနည်းလမ်းတွေလဲရှိပါသေးတယ်။

Situation exposure ဆိုတဲ့နည်းလမ်းဆိုရင် ကိုယ်ကမကြိုက်တဲ့ကိစ္စတခုကို ဖြေးဖြေးချင်းစမ်းလုပ်ခိုင်းကြည့်တာပါ။

ကိုယ်က ပင့်ကူကြောက်တဲ့သူဆိုရင် အရင်ဆုံးပင့်ကူကာတွန်းပုံတွေရှာလေ့လာခိုင်းတာ၊ နောက်တဆင့် Spiderman ကားကြည့်ခိုင်းတာ၊ နောက်တဆင့်အနေနဲ့ ပင့်ကူအကြောင်း သူတို့ဓလေ့ကိုလေ့လာခိုင်းတာ ၊ ပင့်ကူပုံကြည့်ခိုင်းတာ နောက်ဆုံးပင့်ကူအစစ်နဲ့ပေးတွေ့တာ စသဖြင့် တဆင့်စီစိတ်ကိုလေ့ကျင့်ပေးတာမျိုးပါ။

ဒီလိုလေ့ကျင့်ရင်းနဲ့ တဆင့်အောင်မြင်တိုင်း Positive activities အနေနဲ့ ကိုယ့်ကိုယ်ကို ဆုချတာ၊ မုန့်ဝယ်စားတာစတဲ့ reward တခုခုပြန်ချီးမြှင့်တာမျိုးလုပ်လို့ရပါတယ်။

နောက်ပြီး စိုးရိမ်စိတ်များလာရင် ဘယ်လိုရင်ဆိုင်မလဲ ကြောက်လာရင် ဘယ်လိုစိတ်ထိန်းမလဲဆိုတာကိုလဲသင်ပေးရပါတယ်။

ဥပမာ CBT လေ့ကျင့်နေရင်းနဲ့ ပင့်ကူကိုမြင်ပြီးကြောက်လာတယ်ဆိုရင် အသက်ရှူလေ့ကျင့်ခန်းလေးပြောင်းလုပ်ပြီး စိတ်တည်ငြိမ်အောင်လုပ်တာမျိုးပါ။

နောက်ပြီး အာရုံလွှဲတဲ့အနေနဲ့ ရေခွက်ထားထားပြီး ကြောက်လာရင် ရေခွက်ထဲလက်ထည့်ကာ ရေအေးသလား နွေးသလားဆိုတဲ့ ဖက်ကို အာရုံလွှဲလိုက်တာ။
ရေခဲကို ဆုပ်ကိုင်တာ တွေလုပ်ပြီး စိတ်ကိုမကြောက်အောင်အာရုံလွှဲနိုင်ပါတယ်။

5-4-3-2-1 ဆိုတဲ့နည်းလမ်းကိုလဲသုံးလို့ရပါတယ်။ ကိုယ်ကကြောက်စိတ်ဝင်လာပြီဆိုရင် မျက်စိအာရုံထဲမှာ မြင်ရတဲ့ ကိုယ့်အနားကပစ္စည်း ၅မျိုးကို စိတ်ကနေရွတ်ကြည့်လိုက်ပါ။ သင်ကြားရတဲ့ ပတ်ဝန်းကျင်က အသံ၄ မျိုးကို နားစွင့်ကြည့်လိုက်ပါ။ သင့်ဘေးနားက အရာဝတ္ထု ၃ မျိုးကိုကိုင်တွယ်ကြည့်လိုက်ပါ။ သင်နှာခေါင်းထဲကရနေတဲ့ အနံ့၂ မျိုးကို စဥ်းစားလိုက်ပါ။ နောက်ဆုံး သင့်လျှာကနေ ခံစားရတဲ့အရသာတမျိုးကို အာရုံပြုကြည့်ပါ။

ဒီလို 5-4-3-2-1 ဆိုတဲ့နည်းလေးက သင့်စိတ်ကိုအာရုံပြောင်းပြီး ကြောက်စိတ်နည်းသွားအောင်ကူညီပေးပါလိမ့်မယ်။

CBT ဆိုတဲ့ကုထုံးမှာ အပေါ်ကပြောခဲ့သလို နည်းလမ်းတွေနဲ့ စိတ်ကိုအကြံပေးကုစားအားပေးကြတာဖြစ်ပါတယ်။

ပညာရှင်တွေနဲ့ တွေ့ဆုံစကားပြောရတဲ့အပြင် ကိုယ်နဲ့သက်ဆိုင်တဲ့အိမ်စာတွေ assignment တွေကိုပါလုပ်ပြီး စိတ်ခံစားချက်ကိုပြောင်းလဲရတာမို့
တကယ်လိုက်လုပ်နိုင်ရင် ထိရောက်မှုရှိတဲ့ ကုသနည်းတခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင်ထင်သလိုမဟုတ်တဲ့ကျန်းမာရေးဗဟုသုတအလွဲများ (Part 4)

၈။ နှာခေါင်းသွေးထွက်ရင် ခေါင်းမော့ထားဆိုတာဟုတ်သလား?

နှာခေါင်းသွေးထွက်တာက လူအတော်များများမှာဖြစ်တတ်တဲ့ ကိစ္စတခုပါ။ နှာခေါင်းမှာကလဲသွေးကြောတွေက အများကြီးရှိနေတာမို့လို့ အလွယ်တကူထိခိုက်မိပြီး သွေးထွက်နိုင်ပါတယ်။

အထူးသဖြင့် လေခြောက်ကပ်ကပ်ကြီးကို ရှူတာကြာလာရင် နှာခေါင်းအမြှေးပါးနံရံတွေ ခြောက်ကပ်လာပြီး သွေးကြောလေးတွေပေါက်တတ်ပါတယ်။

တအားပူပြင်းတဲ့နေအောက်မှာအလုပ်လုပ်တာကြာလာရင်လဲ လေပူတွေကြောင့် ဖြစ်တတ်ပါတယ်။
နှာခေါင်းခြောက်လာရင် ယားသလိုဖြစ်လာတဲ့အတွက် နှာခေါင်းနှိုက်မိပြီးလဲ သွေးကြောပေါက်တတ်ပါတယ်။

တခါတခါမှာတော့ နှာစေးပျောက်ဆေးတွေ၊ နှာခြောက်ဆေးတွေ ထည့်ရင်လဲ နှာခေါင်းခြောက်ကာ သွေးထွက်တတ်ပါသေးတယ်။

နှာခေါင်းသွေးထွက်စေတဲ့တခြားအကြောင်းတွေကတော့ နှာခေါင်းကို ထိခိုက်မိတာ၊ နှာရိုးကျိုးသွားတာ၊ နှာခေါင်းထဲကို ပြင်ပကပစ္စည်းတွေဝင်သွားတာ၊ ဆက်တိုက်နှာချေမိတာ၊
သွေးမတိတ်တဲ့ရောဂါတခုခုရှိတာ စတာတွေကြောင့်လဲ နှာခေါင်းသွေးလျှံတတ်ပါသေးတယ်။

ဘာကြောင့်ပဲ နှာခေါင်းသွေးလျှံလျှံ ခေါင်းကိုမော့မထားရပါဘူး။
ခေါင်းကိုမော့ထားရင် သွေးတွေက နှာခေါင်းအနောက်ကိုပြန်စီးသွားပြီး အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်းထဲဝင်သွားတတ်လို့ အန္တရာယ်ရှိနိုင်ပါတယ်။

တကယ်လုပ်သင့်တဲ့ပုံစံက နှာခေါင်းကို လက်ညိုးနဲ့လက်မကိုသုံးပြီး ၅မိနစ်ကနေ ၁၀မိနစ်လောက်အထိဖိထားပေးပါ။
ခေါင်းကိုမော့မထားရဘဲ
မတ်မတ်ထားပေးလို့ရသလို (သို့) အရှေ့ကိုအနည်းငယ်ကိုင်းထားပေးရမှာဖြစ်ပါတယ်။

ဒီလိုအနေအထားနဲ့ ခဏလောက်ထိန်းပေးထားရင် အနာကို ပတ်တီးစည်းထားသလို pressure effect ကြောင့် သွေးတိတ်သွားပါလိမ့်မယ်။

တချို့လူတွေက သွေးအပြင်ထွက်မှာစိုးလို့ ခေါင်းကိုမော့ထားခိုင်းပါတယ်။ ဒါကမမှန်တဲ့အပြင် အန္တရာယ်ပိုရှိတတ်ကြောင်း ပြောပါရစေ။

နှာခေါင်းကို လက်နဲ့ညှစ်ထားပြီး စောင့်တာတောင်သွေးထွက်တာက တော်ရုံနဲ့မတိတ်ဘဲ မိနစ် ၂၀ကျော်ကြာလာရင်တော့ ဆရာဝန်ဆီသွားပြပြီး ရောဂါရှာဖွေဖို့လိုပါလိမ့်မယ်။

(တချို့စာဖတ်သူတွေက အထောက်အထားမပြနိုင်ဘဲ လာလာငြင်းကြလို့ အောက်မှာ နှားနှာခေါင်းလည်ချောင်းဆရာဝန်ကြီးတွေရဲ့ ရှင်းပြချက်ကိုထည့်ပေးထားပါတယ်။ ငြင်းချင်သူများ အောက်က video ရဲ့ 4:28 မိနစ် နားမှာတချက်ကြည့်ပြီးမှလာငြင်းကြပါ)

https://www.facebook.com/BusinessInsiderScience/videos/1058947347973619/

၉။ နားကြပ်တံနဲ့ နားကိုခဏခဏကြပ်ပေးဖို့လိုသလား?

ဒီကိစ္စကလဲ မလုပ်သင့်တဲ့ကိစ္စတခုပါပဲ။ နားဖာချေး ဆိုတဲ့ earwax တွေက အပြင်ကအမှိုက်သရိုက်တွေစုနေတာမဟုတ်ပါဘူး။ နားထဲက အဆီဂလင်းန် (sebaceous glands) တွေကနေ နားမျက်နှာပြင်ကို ချောမွတ်အောင်ထုတ်ပေးတဲ့အရာပါပဲ။

နားဖာချေးတွေစုလာရင် နားထဲမှာရှိတဲ့ cilia လို့ခေါ်တဲ့အမွှေးနုနုလေးတွေက သူ့အလိုလို အပြင်ကိုယက်ထုတ်ပေးပါတယ်။ အဲ့နည်းနဲ့ နားကိုနားဖာချေးမပိတ်အောင်လုပ်ပေးထားပါတယ်။

အပြင်ကနေ ဂွမ်းတံနဲ့နားထဲကိုထိုးထည့်တဲ့အခါ နားဖာချေးကို ထုတ်မပေးတဲ့အပြင် အထဲကိုပါပိုရောက်အောင် ထိုးသွင်းသလိုဖြစ်နေပါတယ်။

ဒါ့အပြင် ပိုဆိုးတာက နားထဲကအမွှေးနုလေးတွေကိုပါထိခိုက်စေလို့ ပိုးဝင်တာ နားကိုက်တာ နားပြည်တည်တာတွေကိုဖြစ်စေပါတယ်။

ဒါကြောင့် နားကြပ်တံတွေကိုနားထဲထည့်မသုံးသင့်ပါဘူး။ နားရွက်အပြင်ပိုင်းကိုပဲ သန့်ရှင်းရေးလုပ်သင့်ပါတယ်။

နားအထဲကို နားကြပ်တံနဲ့ထိုးတာက နားဖာချေးကို ကလော်သလိုမဖြစ်ဘဲ အခန့်မသင့်ရင် နားစည်ကိုပါထိုးမိပြီး ဒဏ်ရာရတတ်ပါတယ်။

အပေါ်က video ထဲမှာတော့ နားသန့်ရှင်းရေးလုပ်နည်းကိုပါပြောပြပေးထားပါတယ်။ ဝင်ကြည့်ကြည့်လို့ရပါတယ်။

မှန်ကန်တဲ့ကျန်းမာရေးအသိနဲ့ ဘဝကိုကျန်းမာစွာဖြတ်သန်းနိုင်ကြပါစေ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သမိုင်းတလျှောက်က ဆေးပညာအလွဲများနှင့် Placebo Effect (စျေးကြီးတဲ့ဆေးတွေက ပိုကောင်းသလား?)

(ပြောချင်တာများပြီး ခေါင်းစဉ်က တော်တော်ရှည်သွားပါတယ်)
အရင်ခေတ်က ဆေးပညာမတိုးတက်သေးတော့ ဆရာဝန်တွေအနေနဲ့ ထင်သလိုကုခဲ့ကြတယ်။ သူတို့ခေတ် ဆေးပညာကို ခုခေတ် Standard နဲ့ယှဉ်ကြည့်တဲ့အခါ “ဆေးကုတာထက် လူသတ်နေသလိုပဲ” လို့ တွေးလို့ရလောက်တဲ့ Management တွေအများကြီးပါ။

၁၉၅၀ ခုနှစ်လောက်က ရင်ဘတ်အောင့်တဲ့လူနာတွေကို နှလုံးအထူးကုတွေက ရင်ခွဲပြီးကုခဲ့ပါတယ်။ လူနာကို ခွဲခန်းထဲထည့်ပြီး မေ့ဆေးပေးလိုက်ပါတယ်။ Major Operation တစ်ခုလိုခွဲရတာပါ။
ရင်ညွန့်ရိုး (Sternum) ကိုချိုးပစ်ရပါတယ်။ ဒါမှအောက်က နှလုံးရယ် သွေးကြောတွေရယ်ကို မြင်ရမှာပါ။

ဆရာဝန်တွေရည်ရွယ်တာက သွေးကြောတစ်ခု (Internal Mammary Artery) ကို ချည်ပစ်ဖို့ပါ။ အဲ့လိုလုပ်လိုက်ခြင်းအားဖြင့် နှလုံးရဲ့သွေးကြောတွေဆီ သွေးပိုရောက်လာပြီး နှလုံးကြွက်သား Oxygen များများရတဲ့အတွက် နှလုံးမအောင့်တော့ဘူးလို့ တွေးခဲ့ကြပါတယ်။

အဲ့လိုမျိုး အနှစ် ၂ဝလောက် လုပ်ခဲ့ကြတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ Skeptical ဖြစ်တဲ့ဆရာဝန်တွေက ဒီလိုလုပ်တာကို သံသယဝင်လာပါတယ်။ သူတို့က ဒီလိုလုပ်တာဟာ မမှန်ကြောင်း သက်သေပြခဲ့ပါတယ်။ လူနာတွေကို ၂ဖွဲ့ခွဲလိုက်ပြီး ၁ဖွဲ့ကို အမှန်တကယ်ခွဲစိတ်ပါတယ်။ ကျန်တစ်ဖွဲ့ကို တကယ်မခွဲစိတ်ဘဲ ခွဲခန်းထဲထည့်၊ မေ့ဆေးပေး၊ ဓားဒဏ်ရာတစ်ခုရအောင်လုပ်ပြီး ပြန်လွှတ်ပါတယ်။ (Ethical Point of View က ကြည့်ရင်တော့ မေးခွန်းထုတ်စရာပါ…)

ဒါပေမယ့် ထူးဆန်းတာက ၂ဖွဲ့လုံးမှာပါတဲ့လူတွေဟာ ခွဲစိတ်ပြီးချက်ချင်းပဲ ရောဂါပျောက်သွားတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် ၂ဖွဲ့လုံးရဲ့ ရောဂါလက္ခဏာတွေက ၃လလောက်ထိ ပျောက်သွားပါတယ်။ ၃လကျော်သွားတဲ့အခါ နှလုံးအောင့်တာက ပြန်စလာပါတယ်။ ဒီတော့ ခွဲခွဲ၊ မခွဲခွဲတူတူပါပဲ။

Osteoarthritis (အဆစ်အမြစ်နာရောဂါ) လူနာတွေကိုလည်း အရင်က ဒူးဆစ်ထဲမှာရှိတဲ့ အရိုးနုကိုထုတ်ပြီး ခွဲစိတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာလည်း မလိုဘဲလုပ်ခဲ့ကြတဲ့ Operation တွေပါ။

ဒီလိုမျိုးလုပ်တာတွေဟာ လွဲမှားကြောင်း ဆေးပညာဂျာနယ်တွေမှာ ဖော်ပြတဲ့အခါ ဒါတွေကို တကယ်လုပ်နေတဲ့ ဆရာဝန်တွေက လုံးဝလက်မခံကြပါဘူး။ သူတို့ရဲ့ကျွမ်းကျင်မှုကြောင့် လူတွေကောင်းနေတာ… Placebo Effect မဟုတ်ဘူးလို့ ယူဆကြပါတယ်။ အဲ့ဒီအတွက်ကြောင့် Study တွေကို အမျိုးမျိုးတိုက်ခိုက်ကြပါတယ်။ ဒါဟာ Confirmation Bias သဘောပါပဲ။ (အရင်ကရေးပြီးပြီမို့ မရှင်းပြတော့ပါဘူး)

ဒါဟာ ၂ဝရာစုပါ။ သိပ္ပံပညာတိုးတက်သင့်သလောက် တိုးတက်နေတဲ့ကာလပါ။ သူ့အရင် ဆေးပညာအကြောင်း ဘာမှသေချာမသိသေးတဲ့ခေတ်တွေမှာ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး Management တွေလုပ်ခဲ့ကြမလဲ စဉ်းစားတာနဲ့တင် ကြောက်ဖို့ကောင်းပါတယ်။

တီကောင်ကို ပွတ်ချေလိုက်ပြီး ထွက်လာတဲ့ အရည်ကို သွားနာတဲ့လူနာတွေမှာ လိမ်းခဲ့တဲ့အဖြစ်တွေလည်း ရှိခဲ့ဖူးပါတယ်။ လင်းနို့တောင်ပံစားပါတို့၊ Mineral Water တို့ကိုလည်း ရောဂါပျောက်တယ်ဆိုပြီး သောက်ခဲ့ စားခဲ့ကြပါတယ်။

မံမီတွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့ အရာတွေကိုလည်း ဆေးအဖြစ်သုံးခဲ့ဖူးပါတယ်။ ဆေးနည်းက ထူးခြားလို့ ပြောပြချင်ပါတယ်။ “လောလောလတ်လတ်သေထားတဲ့ (၁ရက်အတွင်းဆိုပိုကောင်း) ဆံနီီယောက်ျားတစ်ယောက်ကို ရှာပါ။ သူက ဒဏ်ရာနဲ့သေတာမဖြစ်ရဘူး။ (ကြိုးဆွဲချအသတ်ခံရတဲ့သူဆို ပိုအဆင်ပြေတယ်) သူ့အလောင်းကို တစ်ရက်နဲ့တစ်ညတိတိ နေရောင်၊ လရောင်ပြရမယ်။ ပြီးရင် အပိုင်းပိုင်းလှီးပစ်လိုက်ပါ။ အမှုန့်ဖြစ်အောင် ကြိတ်ပါ။ အမှုန့်ကို မခါးအောင် ရှားစောင့်လပတ်လေးထည့်ပြီး စားပေးပါ”

ဘာနဲ့တူတယ်လို့ ထင်သလဲ? အရင်ခေတ်က လူတွေလုပ်လေ့လုပ်ထရှိကြတဲ့ Rituals တွေလိုပါပဲ။ ရလဒ်တစ်ခုကို ရဖို့ အလွန်တိကျပြီး အဓိပ္ပါယ်မရှိတဲ့ Instruction တွေပေးထားတာမျိုးပေါ့။
ဒီလိုအရာတွေဟာ အဓိပ္ပါယ်ရှိ၊ မရှိသိချင်ရင် “ဘာလို့လဲ” ဆိုတဲ့ မေးခွန်းတွေကို မေးကြည့်သင့်ပါတယ်။ ဒါတွေအတွက် Logic ကျကျဖြေနိုင်တဲ့ အဖြေတွေရှိရင် ဖြစ်နိုင်တယ်ဆိုပြီး လက်ခံပေးလို့ရပါတယ်။

အပေါ်က ဥပမာကို ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။ တကယ်ဆိုရင် ဘာလို့ ဆံနီကိုရှာရတာလဲ? ဆံနီမ ကိုရော ရှာလို့မရဘူးလား? ယောက်ျားကို ရှာရတယ်ဆိုတော့ Penis ကိုစားချင်လို့လား? အဲ့ဒါဆို ဘာလို့ Penis ကိုဖြတ်မလှန်းဘဲ တစ်ကိုယ်လုံးကို နေလှန်းတာလဲ? ခွေးဆွဲသွားမှာကြောက်လို့လား? နေရောင်နဲ့ လရောင်အောက်မှာ ဘာလို့ပြရတာလဲ? ခြောက်စေချင်ရုံပဲဆို နေရောင်နဲ့တင် မလုံလောက်ဘူးလား? စတဲ့ မေးခွန်းတွေကို Logic ကျကျဖြေနိုင်ရင် မံမီတွေကို အမှုန့်လုပ်စားတာ လက်ခံနိုင်ဖွယ်ရှိပါတယ်။

ဒါဟာ သိပ္ပံနည်းကျရှုပ်ထွေးတဲ့ Instruction တွေနဲ့ စိတ်ထင်ရာလျှောက်ပြောတဲ့ Instruction တွေရဲ့ ခြားနားချက်ပါပဲ။ သိပ္ပံနည်းကျတာက ရှုပ်ထွေးပေမယ့် “Why, How” စတဲ့မေးခွန်းတွေကို စိတ်ကျေနပ်အောင် ဖြေပေးနိုင်ပါတယ်။

ဒီလိုတွေပြောနေလို့ ၂၁ရာစု ဆေးပညာကြီးက တိုးတက်နေပြီလို့ တစ်ထစ်ချမယူဆ စေချင်ပါဘူး။ တိုးတက်တာမှန်ပေမယ့် Placebo Effect က နေရာတိုင်းမှာ ရှိနေပါသေးတယ်။ အရင် ဘူမသိ ကိုးမသိခေတ်တွေကလောက် မသိသာတော့တာပဲ ရှိတာပါ။

Sweeping Under Rug

ခွဲစိတ်ပြီးတဲ့အခါ အမာရွတ်ကျန်တာ သဘာဝပါ။ ခွဲစိတ်ဆရာဝန်တွေက အမာရွတ်ကျန်ရင် နာတာရှည်ဗိုက်အောင့် ဗိုက်နာ (Chronic Abdominal Pain) ဖြစ်မယ်လို့ ယူဆပြီး အမာရွတ်တွေကို ဖယ်ထုတ်တတ်ပါတယ်။ ဒါပေမယ့် လူနာတွေကို မခွဲဘဲ ခွဲတယ်လို့ ပြောလိုက်တဲ့အခါမှာလည်း သက်သာသွားကြပါတယ်။

သွက်ချာပါဒရောဂါ (Parkinson’s Disease) ခံစားနေရတဲ့လူနာတွေကိုလည်း ဦးနှောက်ခွဲစိတ်မှုတွေ လုပ်ခဲ့ဖူးပါတယ်။ ဦးခေါင်းခွံကို Drill နဲ့ဖောက်ပြီး တကယ်မခွဲစိတ်ဘဲ ပြန်ပိတ်ပေးလိုက်တဲ့အခါ သက်သာတယ်ဆိုတာ ဖြစ်လာပါတယ်။

အဲ့ဒီတော့ မသိလို့ ဒီလိုတွေလုပ်ခဲ့တာက ကိစ္စမရှိပေမယ့် သိသိကြီးနဲ့ရော ဆက်ပြီးလုပ်သင့်လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ခုခေတ်မှာ Placebo Effect အကြောင်း ဆေးပညာမှာ တော်တော်များများ သိနေကြပါပြီ။
ဒါပေမယ့် ဒါကို ဆက်ပြီး သုံးနေကြဆဲပါ။ အရင်ခေတ်ကလို ဦးခေါင်းခွံကို Drill နဲ့ဖောက်တာ၊ ရင်ဘတ်ကို ဓားနဲ့လှီးတာမျိုးတွေတော့ မဟုတ်တော့ပါဘူး။

ဥပမာ ပြရရင် ကားမူးတဲ့အခါ Vitamin B6 သောက်တတ်ကြပါတယ်။ ဒါပေမယ့် B6 မှာ အမူးပြေစေတဲ့အာနိသင်မရှိပါဘူး။ ဒီတော့ Placebo Effect ကြောင့် သက်သာသွားတယ်လို့ ထင်ကြတာပါ။

ဆေးတွေရဲ့ စျေးနှုန်းနဲ့ Effective ဖြစ်တာနဲ့ဆိုင်သလားဆိုတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ပြောချင်တာက ဆေးတစ်ခုဟာ စျေးကြီးရင် ပိုကောင်းတယ်ဆိုတာ ဟုတ်သလား?
Paracetamol ဆိုတာ Generic Name ပါ။ ဒါပေမယ့် Paracetamol ကိုပဲ ကုမ္ပဏီပေါင်းစုံက လိုက်ထုတ်ကြရင် သူတို့နာမည်တပ်ပြီး Brand Name တွေဖြစ်ကုန်ပါတယ်။ ဥပမာ လန်းဆန်းတို့၊ Paracap တို့ပေါ့။

Brand Name တွေဖြစ်လာတဲ့အခါ Paracetamol ချင်းတူတူပဲဆိုတာတောင် စျေးက မတူတော့ပါဘူး။ တချို့ဆေးတွေက သိသိသာသာကြီးကိုပဲ စျေးကြီးပါတယ်။ ဘာပါလဲကြည့်လိုက်တော့ Paracetamol 500mg ပါပဲ။

ဒါဟာ Brand ကြိုက်တာနဲ့ သွားတူပါတယ်။ Brand ကြိုက်တာက ထိန်းချုပ်လို့ရပါသေးတယ်။ ဆေးကကျတော့ ကျန်းမာရေးနဲ့ သက်ဆိုင်လာပါပြီ။
ကိုယ့်မိဘဖျားနေရင် ကိုယ်တတ်နိုင်သလောက် စျေးကြီးကြီးဆေးတစ်ခုကို တိုက်ချင်ကြမှာပါ။ ဘာလို့လဲဆိုတော့ စျေးကြီးရင် ပိုကောင်းတယ်လို့ ယုံကြည်တာကြောင့်ပါ။

ဒါကို စိတ်ပညာအရစမ်းသပ်ထားတာတွေ အများကြီးရှိပါတယ်။ စာရှည်မှာကြောက်လို့ ထည့်မရေးတော့ပါဘူး။ စမ်းသပ်မှုကို အနှစ်ချုပ်ပြောရရင် စျေးကြီးတဲ့ဆေးက စျေးချိုတဲ့ဆေးထက် ပိုသက်သာတယ်လို့ လူနာတွေက ပြောကြပါတယ်။ ဒါပေမယ့် ဆေးက တူတူပါပဲ။ စျေးကြီးတယ်… စျေးပေါတယ်… ဆိုတာ လူနာတွေကို လိမ်ပြောထားတာပါ။

ဒါဆိုရင် ဒီစာကိုဖတ်ပြီးတဲ့ လူတွေအနေနဲ့ စျေးကြီးတဲ့ဆေးကို သောက်တဲ့အခါ Effective ဖြစ်ပါဦးမလား? ခေါင်းမူးလို့ B6 သောက်ရင်ရော ထိရောက်ပါဦးမလား? စိတ်က အဲ့ဒါကို တွေးမိနေရင်တော့ မထိရောက်တော့ဘူးလို့ လေ့လာမှုတွေက ဆိုပါတယ်။ (ကားမူးတတ်တဲ့သူတွေပါရင် အမှန်တကယ်ပျောက်စေတဲ့ တခြားဆေးတစ်ခုကို ပြောင်းသောက်ကြပါတော့…)

ဒါ့အပြင် စျေးပေါတဲ့၊ Discount ချနေတဲ့ပစ္စည်းတစ်ခုကို မြင်လိုက်ရင်လည်း အပေါစားကြီးလို့ တွေးမိနေတော့မှာပါ။ အဲ့လိုမဖြစ်ချင်ရင် စျေးကြီးတိုင်း ကောင်းတယ်လို့ မတွေးမိအောင် ကြိုးစားရပါလိမ့်မယ်။

ဆရာဝန်တွေအနေနဲ့ ရောဂါနဲ့မဆိုင်တဲ့ ဆေးတွေကိုပေးပြီး သိသိကြီးနဲ့ ကုနေတာ စိတ်ထဲဘယ်လိုမှမနေကြဘူးလား?
တကယ်တော့ မံမီအလောင်းတွေကို အမှုန့်ကြိတ်ပြီး ဆေးလုပ်သောက်နေတာနဲ့ ကားမူးတာကို B6 တိုက်တာနဲ့ သဘောတရားချင်းက တူတူပါပဲ။ ဒါပေမယ့် ဒီဘက်ခေတ် Placebo Effect တွေကတော့ လူတွေထိခိုက်ဖို့ အခွင့်အလမ်းတော်တော်နည်းပါတယ်။

အခုနောက်ပိုင်းမှာ Research လုပ်ကြတဲ့အခါ Placebo ပေးတဲ့ Group က အမြဲပါတတ်ပါတယ်။ အဲ့ဒါဆို ကင်ဆာဖြစ်နေတဲ့လူနာတစ်ယောက်ကို မြင်ကြည့်ပါ။ သူ့ရောဂါက ပျံ့သွားပြီဆိုတော့ သေဖို့ Chance တော်တော်များသွားပြီ။ အဲ့ဒီအခါမှာ တိတိကျကျ Establish မဖြစ်သေးတဲ့ Trials တွေမှာပါဖို့ သူ့ကိုမေးကြည့်တယ်ဆိုပါတော့။

သူ့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လို့ သူကတော့ ပါမှာပါပဲ။ ဒါပေမယ့် တကယ်စမ်းချင်တဲ့ဆေးကို ပေးတဲ့ Group နဲ့ Placebo Group ဆိုပြီး စမ်းကြတော့ သူဘယ် Group မှာပါမလဲမသိပါဘူး။ ကံပါပဲ။

ဒါဆိုရင် ဆေးကတကယ် Effective ဖြစ်နေတယ်… ဆေးအစစ်နဲ့စမ်းတဲ့ Group က လူတွေမှာ ကင်ဆာပျောက်သွားတယ်ဆိုရင် Placebo Group ကလူတွေအတွက် တရားမျှတမှုရှိသလား?
ဒီမေးခွန်းတွေကို ကျွန်တော့အနေနဲ့ မဖြေတတ်ပါဘူး။

နောင်လာနောက်သားတွေကောင်းဖို့အတွက် အခုလူတွေကို Placebo ပေးပြီး စမ်းတာဟာ ဘာမှမဖြစ်ဘူးလို့ Survival သဘောတရားအရယူဆလို့ရပါတယ်။ ဒါပေမယ့် Ethic အရရော ဒီလိုလုပ်တာကောင်းသလား ကိုယ့်ဘာသာစဉ်းစားကြည့်ကြပါခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ်ယုံကြည်တာကို တဖက်လူလက်ခံဖို့ ဘာကြောင့်ခက်ခဲတာလဲ?

အရင်က လူတွေနဲ့ငြင်းခုန်ခြင်းအကြောင်းတွေကို ရေးခဲ့ဖူးပါတယ်။ အခုပြောချင်တာက ကိုယ့်ရဲ့အတွေးအမြင်တွေ၊ အယူအဆတွေအပေါ်မှာ Bias တွေများပြီး အရှိကိုအရှိအတိုင်း လက်မခံနိုင်တဲ့အကြောင်းပါ။

“အချို့ Information တွေ၊ Idea တွေဟာ ကျွန်တော်တို့ရဲ့ ဘက်တော်သားတွေလိုပါပဲ။ ငြင်းခုန်တဲ့အခါ သူတို့ကို နိုင်စေချင်တာပေါ့။ အဲ့ဒါကြောင့် လူတွေက ကာကွယ်ပြောဆိုတတ်ကြတယ်။ တချို့ Idea တွေကြတော့ ကျွန်တော်တို့ရဲ့ရန်သူလိုပဲ။ အဲ့ဒီတော့ သူတို့ကို လက်မခံဘဲ ငြင်းရတာပေါ့” ဆိုပြီး ပညာရှင်တစ်ယောက်က ပြောခဲ့ဖူးပါတယ်။

နေ့စဉ်ဘဝမှာလည်း ဒါတွေကိုအမြဲတွေ့ရပါတယ်။ အငြင်းအခုန်လုပ်တဲ့အခါ ကိုယ့်အမြင်ကို တစ်ဖက်လူ လက်ခံလာအောင် ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲ့လောက် မလွယ်ကူနေပါဘူး။

လူတွေဟာ သူတို့ရဲ့ယုံကြည်မှုတွေကို အမြဲ Update လုပ်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါကို Bayesian Approach လို့ခေါ်တယ်။ Information အသစ်တစ်ခုကို သိတဲ့အခါ ကိုယ့်ရဲ့လက်ရှိ Information ထဲမှာ သွားပေါင်းလိုက်တာမျိုးပေါ့။

ဥပမာ ဆယ်တန်းတုန်းက Calculus သင်္ချာကို သင်ခဲ့ရပေမယ့် ဘာမှအသုံးမကျပါဘူးလို့ ကိုယ်ကထင်တယ်ဆိုပါတော့။ ဒါပေမယ့် သင်္ချာကိုနားလည်တဲ့သူတစ်ယောက်က အဲ့လိုမဟုတ်ကြောင်း၊ ဒီနေ့ခေတ်သိပ္ပံပညာနယ်ပယ်အစုံမှာ Calculus သင်္ချာကိုသုံးကြောင်း ရှင်းပြတဲ့အခါ ကိုယ့်အနေနဲ့ လက်ခံလိုက်ဖို့များပါတယ်။
ဒီလိုလုပ်တာဟာ သိပ္ပံနည်းကျတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် ခေတ်ပညာတတ်တစ်ယောက်ရဲ့ “နေကိုဦးတည်ပြီး ဂြိုလ်တွေက လှည့်ပတ်နေတယ်” ဆိုတဲ့အမြင်ကို ပြောင်းလဲအောင် လုပ်ဖို့တော့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါကိုထောက်ခံတဲ့ အထောက်အထားတွေ အများကြီးရှိနေတာကြောင့်ပါ။ သိပ္ပံအထောက်အထားတွေကို ဆန့်ကျင်ဖို့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီအမြင်ကို လက်မခံကြတဲ့သူတွေ အများကြီးပါပဲ။

အဲ့ဒီတော့ ကိုယ်နှစ်နှစ်ကာကာယုံကြည်တဲ့ ကိစ္စတွေဟာ ကိုယ့်အမြင်နဲ့ ဆန့်ကျင်ဘက်ဖြစ်လာရင် တစ်ဖက်လူပြောချင်တဲ့ စကားကို နားလည်ဖို့ မလွယ်တော့ပါဘူး။ အဲ့ဒီအခါမှာ ကိုယ့်အတွေးတွေဟာ Rational မဖြစ်တော့ပါဘူး။

ကိုယ့်ရဲ့ယုံကြည်မှုကို ကာကွယ်ပြောဆိုဖို့ ဖြစ်လာပါတယ်။ တစ်ဖက်ကပြောတဲ့ Facts တွေကို လွယ်လွယ်နဲ့ပဲ Dismiss လုပ်လိုက်ကြပါတယ်။ ကိုယ့်စိတ်ကသိကအောက် ဖြစ်မှာကို ရှောင်ရှားလိုက်တဲ့သဘောပါ။

လူတွေက တကယ်သာ Consistent ဖြစ်ကြတယ်ဆိုရင် Information အသစ်တိုင်းကို အတူတူတုံ့ပြန်ကြမှာပါ။ ဒါပေမယ့် လူတစ်ယောက်တည်းမှာပဲ လွယ်လွယ်နဲ့ယုံလိုက်တဲ့ အချက်အလက်တွေရှိသလို ဘယ်လောက်ပဲ အထောက်အထားတွေရှိနေပါစေ လုံးဝလက်မခံတာလည်း ရှိပါတယ်။ Bias တွေဟာ ဒီသဘောပါပဲ။

အချက်အလက်တစ်ခုကို မယုံချင်တဲ့အခါ လွယ်လွယ်ကူကူ Dismiss လုပ်လို့ရပါတယ်။ သူ့ရဲ့ Source ကိုမေးခွန်းပြန်ထုတ်လို့လည်း လွယ်ပါတယ်။ ဥပမာ Evolution ကိုလက်မခံချင်တဲ့အတွက် သတင်းအမှားတွေ၊ အတွေးအမှားတွေနဲ့ ကြားချနေကြတဲ့ သူတွေအများကြီးပါ။
ဒါ့အပြင် Global Warming ဖြစ်နေတယ်ဆိုတာကိုလည်း လက်မခံသေးတဲ့သူတွေ ရှိပါသေးတယ်။

Source ကိုမေးခွန်းထုတ်ရတာ ဘာလို့လွယ်လဲဆိုတော့ Scientific Research တွေအကုန်လုံးဟာ မပြည့်စုံပါဘူး။ ဒါပေမယ့် အဲ့ဒီလိုမပြည့်မစုံ Research တွေကြောင့်ပဲ နည်းပညာတွေ တိုးတက်လာတယ်ဆိုတာ မမေ့စေချင်ပါဘူး။
Research တစ်ခုက ကိုယ့်အမြင်နဲ့ မကိုက်ညီတဲ့အခါ သူ့ရဲ့အပြစ်အနာအဆာကို ရအောင် ရှာတတ်ကြပါတယ်။ မပြည့်စုံတဲ့အတွက် ရှာရင်တော့ တွေ့မှာပါပဲ။ ဒါက ပညာတတ်အသိုင်းအဝိုင်းမှာ တွေ့ရများပါတယ်။

Cognitive Dissonance အကြောင်းအရင်က ရေးခဲ့ဖူးပါတယ်။ ကိုယ့်အမြင်နဲ့ လက်တွေ့ဘဝ ကွဲပြားနေတဲ့အခါမှာ စိတ်မသက်မသာဖြစ်လာတာကို ပြောချင်တာပါ။ ကိုယ်က Global Warming ဟာ အတုကြီးလို့ လက်ခံထားတယ်ဆိုရင် သူ့ကိုထောက်ပံ့တဲ့ Research တွေကို ဖတ်မိတဲ့အခါ Cognitive Dissonance ရလာပါတယ်။
ဒါပေမယ့် စိတ်က ခပ်မြန်မြန်ပဲ ဆန့်ကျင်ဘက် အမြင်ကို Dismiss လုပ်လိုက်ပါတယ်။ ဒီတော့ စိတ်သက်သာရာရသွားတာပေါ့။ ဒါပေမယ့် လက်တွေ့အမှန်တရားနဲ့တော့ ဝေးကွာသွားပါတယ်။

စိတ်ပညာမှာ Backfire Effect ဆိုတာ ရှိပါတယ်။ ကိုယ့်ရဲ့ အမြင်တွေ၊ ခံယူချက်တွေနဲ့ ဆန့်ကျင်တဲ့ Information တစ်ခုကိုမြင်လိုက်ရတဲ့အခါ အမြင်မှန်ရသွားရမယ့်အစား ကိုယ့်အမြင်ပေါ်မှာ ပိုပြီးယုံကြည်သွားတာပါ။ ဒါက တခြား စိတ်ပညာ Effect တွေထက်စာရင် နည်းနည်းတော့ ဖြစ်ခဲပေမယ့် ဒီလိုဖြစ်သွားတဲ့ သာဓကတွေအများကြီးရှိပါတယ်။

လူတွေကို fMRI (Functional Magnetic Resonance Imaging) ထဲထည့်ပြီး စမ်းသပ်ထားတာ ရှိပါတယ်။ သူတို့ရဲ့ အတွေးအမြင်တွေနဲ့ မဆိုင်တဲ့ Information တစ်ခုကို ပြောတဲ့အခါ ဦးနှောက်ရဲ့ Rational ဖြစ်တဲ့အပိုင်းက အလုပ်လုပ်ပါတယ်။ ဥပမာ Calculus သင်္ချာအပေါ်မြင်တဲ့ ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲသွားအောင် တစ်ဖက်လူက ရှင်းပြနေတဲ့အခါမျိုးပေါ့။

ဒါပေမယ့် Ideologically Challenged လုပ်တဲ့ Information တစ်ခုကို ပြောတဲ့အခါ Rational ပိုင်းက အလုပ်မလုပ်တော့ဘဲ ခံစားချက် (Emotion) ၊ ကိုယ့်ရဲ့ Identity စတာတွေကို သိတဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းတွေက ပိုအလုပ်လုပ်ကြပါတယ်။ ပြောချင်တာက ခံစားချက်နဲ့ပဲ ဆုံးဖြတ်ကြတော့မှာပါ။

ထူးခြားတာက ဆန့်ကျင်ဘက်အမြင်ကို ပစ်ပယ်လိုက်တဲ့အခါ ဦးနှောက်ရဲ့ Reward Center က အလုပ်လုပ်လာပါတယ်။ အဲ့ဒီတော့ Dopamine ထွက်လာတယ်။
ဒါကြောင့် တစ်ဖက်လူရဲ့အမြင်ကို ဆန့်ကျင်လိုက်တဲ့အခါ ကိုယ်စိတ်သက်သာရာရတာတင်မကဘဲ Reward တစ်ခုဖြစ်တဲ့ Dopamine ကိုပါရလိုက်ပါတယ်။
Dopamine က Habit တွေကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုငြင်းရတာကို သဘောကျလာရင် နောက်တစ်ခါ ဘယ်လိုလာပြောပြော ဆက်ငြင်းနေတော့မှာပါ။

အဲ့ဒီတော့ ကိုယ့်ရဲ့ယုံကြည်မှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒါတွေဟာ ကိုယ့်ကို Define လုပ်တယ်လို့ မတွေးထားသင့်ပါဘူး။ ဒါတွေနဲ့ တတ်နိုင်သလောက် ခပ်လှမ်းလှမ်းက နေသင့်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မှန်ကန်တဲ့လမ်းပေါ်ကို ရောက်ဖို့အခွင့်အရေးများသွားပါတယ်။

ပြောချင်တာက “ငါ့အမြင်ကတော့ ဒီလိုရှိတယ်… ဒီအမြင်ပေါ်မှာ ယုံကြည်မှု ၉၀% လောက်ရှိတယ်… ဒါပေမယ့် တခြားအမြင်တွေအတွက်လည်း တံခါးဖွင့်ပေးထားတယ်” ဆိုတာမျိုးပေါ့။

ပြောတော့ လွယ်တာပေါ့။ လက်တွေ့မှာ အဲ့လောက်မလွယ်ပါဘူး။ ဒါပေမယ့် ကြိုးစားကြည့်သင့်ပါတယ်။
နောက်ပြီးတော့ ကိုယ့်အမြင်နဲ့ဆန့်ကျင်တဲ့သူတွေဟာလည်း လူတွေပါပဲ။ သူတို့မှာလည်း ကိုယ့်လိုပဲ သူတို့ယုံကြည်ချက်နဲ့ သူတို့ရှိကြပါတယ်။ အတော်များများကို ကိုယ်နဲ့မတူတဲ့အတွက် မကောင်းတဲ့သူတွေဆိုပြီး မသတ်မှတ်သင့်ပါဘူး။

ဒါပေမယ့်… Flat Earther တွေ၊ ကာကွယ်ဆေးထိုးတာကိုဆန့်ကျင်တဲ့ Anti-Vax တွေအတွက်တော့ ဒီအမြင်က မကိုက်ညီပါဘူး။ အမြင်တိုင်းကို ဆတူ အလေးပေးတာဟာလည်း လက်တွေ့မှာ မကောင်းပါဘူး။ အချိန်ကုန်စေပါတယ်။

ဒါကြောင့် လောကကြီးမှာ အမြင်မတူတာတွေဆက်ရှိနေဦးမှာပါ။ သိပ္ပံကမထောက်ခံတဲ့ အမြင်တွေ၊ အယူအဆတွေဟာလည်း ဆက်လက်ရှင်သန်နေဦးမှာပါ။
ကျောင်းတွေမှာကတည်းက ကလေးတွေကို Skeptical ဖြစ်အောင် သင်ပေးနိုင်ရင် တော်တော်ကောင်းမှာပါ။ ဒါပေမယ့် သင်ရိုးတွေဆွဲတဲ့ သူတွေကိုယ်တိုင်ကိုက Bias တွေရှိနေကြတော့ ရွှေပြည်တော် မျှောတိုင်းဝေး ဖြစ်နေဦးမှာပါပဲခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မြင်မြင်သမျှစားချင်တဲ့ အထန်ဂေါင်းကြီးတို့ရောဂါ

1937 ခုနှစ်တုန်းက သိပ္ပံပညာရှင် ၂ဦးက တောထဲက မျောက်တွေကိုဖမ်းလာပြီး စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ မျောက်ရဲ့ ဦးနှောက်အစိတ်အပိုင်းတချို့ကဖယ်ထုတ်ပြီး လေ့လာတာပါ။(ကြားရတာ ရက်စက်လိုက်တာလို့ထင်စရာရှိပေမယ့် လူသားတွေကို ဆေးကုသဖို့ဆိုတာ အဲ့လိုစမ်းသပ်မှုတွေလုပ်မှပဲသိလာတာပါ)

စမ်းသပ်ချက်မှာ မျောက်ဦးနှောက်ရဲ့ temporal lobe ဆိုတဲ့အပိုင်းကို ဘယ်ရောညာရောဖြတ်တောက်လိုက်ပါတယ်။ ပြီးတဲ့အခါ မျောက်ကိုခေါင်းပြန်ချုပ်ပေးလိုက်ပြီး ဘာတွေပြောင်းလဲသွားလဲဆိုတာစမ်းသပ်ပါတယ်။

မျောက်တွေမှာ စသတိထားမိတာက Visual agnosia စရလာတာပါ။ သူတို့မြင်နေကျအရာတွေကို မမြင်ဖူးမတွေ့ဖူးသလို ကြည့်နေတာမျိုးပါ။
မျက်လုံးကန်းသွားတာတော့မဟုတ်ပါဘူး။

ဥပမာ မျောက်ဆိုရင် ငှက်ပျောသီးမြင်ရင် ဘာလဲဆိုတာ ကောင်းကောင်းသိနေရမယ်။ ဒီမျောက်တွေကတော့ ငှက်ပျောသီးကိုမြင်ပေမယ့် ငှက်ပျောသီးလို့မထင်ကြတော့တာပါ။ ငှက်ပျောသီးကိုမြင်ပြီး ဘောလုံးလား တုတ်ချောင်းလားစသဖြင့် ရောထွေးကုန်ပါတယ်။

နောက်ပြီး မျောက်တွေက အရာရာစူးစမ်းကိုင်တွယ်ချင်စိတ်များလာပါတယ်။ သူတို့မျက်လုံးထဲမြင်သမျှကို အထူးအဆန်းလိုကြည့်ပြီး စူးစမ်းတယ် လိုက်ကိုင်ကြည့်တယ်။ အဲ့တာကို Hypermetamorphosis လို့ခေါ်ပါတယ်။

သူတို့က မြင်တာမှန်သမျှလိုက်ကိုင်တာပါ။ မီးမြင်လဲကိုင်တယ်။ စူးချွန်တွေလဲကိုင်တယ်။ အကြောက်အလန့်မရှိတော့ဘဲ မြွေပြထားရင်တောင် မြွေကိုကိုင်ပါတယ်။

နောက်ပြီး ကိုင်ကြည့်ပြီးရင် ဘာဖြစ်ဖြစ်ပါးစပ်ထဲထည့်ပစ်ပါတယ်။ ပစ္စည်းတခုမြင်ရင် လက်နဲ့ကိုင်စမ်းတာထက် ပါးစပ်ထဲထည့်ပြီး ပစ္စည်းကိုကိုက်ကြည့်တယ်။ ဝါးကြည့်တယ်။ လျှာနဲ့ယှက်ကြည့်တယ် စသဖြင့် ပါးစပ်နဲ့ပဲ အရာရာကို စူးစမ်းတာမျိုးပါ။
Hyperorality or Oral manipulation လို့ခေါ်ပါတယ်။

အရာရာပါးစပ်ထဲထည့်ချင်လာတဲ့ ဒီမျောက်တွေက အစာစားတဲ့ပုံလဲပြောင်းလာပါတယ်။
အစားကို အငမ်းမရစားပြီး ကျွေးသမျှ တဖြဲနှဖြဲထိုင်စားနိုင်လာတာပါ။ ဘာကျွေးကျွေးဗိုက်မဝဘဲ ထပ်ထပ်စားနိုင်လာတာမို့ အစားသောင်းကျန်းလာပါတယ်။

နောက်ပြီး အကြောက်တရားဆိုတာမရှိတော့တာကိုလဲတွေ့ရပါတယ်။ အရင်ကဆို လူတွေကိုကြောက်တဲ့ပုံစံပြပေမယ့် ဦးနှောက်ကိုဖြတ်ပြီးတဲ့အခါ လူတွေကိုကြောက်ပုံမပြတော့တာကိုတွေ့ရပါတယ်။

အဆိုးဆုံးကတော့ ထန်လာကြတာပါ။
ပုံမှန်ထက်ကို ကာမစိတ်တွေကြွလာပြီး လူရှေ့မှာ masturbate လုပ်ပြတာတွေ ၊ အထီးအမ ဗရုတ်သုတ်ခ သောင်းကျန်းကြတာတွေအထိ အထန်တလိုင်းဖြစ်လာကြပါတယ်။ အဲ့တာကို Hypersexuality လို့ခေါ်ပါတယ်။

ခေါင်းထိပြီးအထန်ကြောင်ဖြစ်လာပုံ

အဲ့လိုတွေ့ရှိချက်ကို သိပ္ပံပညာရှင်နာမည်အစွဲပြုကာ
Klüver Bucy syndrome လို့နာမည်ပေးခဲ့ကြပါတယ်။

ဒီရောဂါက မျောက်မှာစမ်းသပ်ခဲ့ပေမယ့် လူတွေမှာလဲ ဖြစ်တတ်တဲ့အထန်ရောဂါတမျိုးပါပဲ။ အထူးသဖြင့် လူ့ဦးနှောက်ရဲ့ temporal lobe ၂ ဖက်စလုံးကိုထိသွားတဲ့ ရောဂါတွေမှာ ဒီလိုပုံစံဖြစ်လာတတ်ပါတယ်။

ဖြစ်တတ်တဲ့ရောဂါတွေကတော့
၁။ ရေယုန်ရောဂါပိုးခေါင်းထဲရောက်သွားတဲ့ Herpes simplex encephalitis ရောဂါ

၂။ ရှားရှားပါးပါး brain ၂ဖက်လုံးကိုထိတဲ့ လေဖြတ်ခြင်း (stroke)

၃။ brain ၂ဖက်ကို ထိခိုက်မိခြင်း (brain injury)

၄။ အယ်လ်ဇိုင်းမားရောဂါ

၅။ ဦးနှောက်အကြိတ်ခွဲစိတ်ကုသခြင်း (brain tumor removing surgery)

၆။ Temporal lobe epilepsy (အတက်ရောဂါ) စတဲ့ရောဂါတွေမှာလဲ တွေ့ရတတ်ပါတယ်။

ကုသဖို့အတွက် စိတ်ငြိမ်ဆေးတွေ စိတ်ရောဂါကုသဆေးတွေ အတက်ကျဆေးတွေသုံးကြတာရှိသလို အလွန်အကျွံစားသောက်တဲ့အခါ အဝလွန်လာတတ်လို့ အဝလွန်ရောဂါကိုလဲကုသပေးရပါတယ်။

ထန်လာတဲ့စိတ်ကိုလဲ စိတ်ရောဂါကုပညာရှင်များနဲ့ ဆွေးနွေးကုသပေးရပါတယ်။ ရှားပါးတဲ့ရောဂါတခုဆိုပေမယ့် ပတ်ဝန်းကျင်မှာ အယူသည်းကြတဲ့အခါ ဒါကို ဖုတ်ဝင်တဲ့ရောဂါ၊ အောက်လမ်းကပြုစားထားတာလို့
ထင်ကြတတ်ပါတယ်။

တကယ်တမ်းတော့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပညာတို့ရဲ့ ရောဂါတခုဖြစ်ကြောင်း ဗဟုသုတအနေနဲ့ ရေးသားလိုက်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started