သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 3)

Part 1, 2 ကိုအောက်က link တွေမှာပြန်ဖတ်လို့ရပါတယ်။

သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)
https://ouo.io/T2uFrk

သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)
https://ouo.io/r2xvHh

၆။ နေမကောင်းရင် ရေချိုးလို့မရဘူးဆိုတာဟုတ်လား?

ဒီကိစ္စကလဲ အတော်ကို ဒွိဟဖြစ်စရာကိစ္စပါ။
ဆရာဝန်တွေအချင်းချင်းမှာလဲ တယောက်တပေါက်ပြောနေကြတာ ကြုံဖူးမှာပါ။

လူတွေက သွေးနွေးသတ္တဝါတွေဖြစ်ကြပါတယ်။ ဆိုလိုတာက ပတ်ဝန်းကျင်က ပူပဲပူပူ အေးပဲအေးအေး body ထဲက အပူချိန်ကိုအများကြီးလိုက်မပြောင်းအောင် ထိန်းပေးထားပါတယ်။

အဲ့လိုထိန်းပေးတာက brain ကလုပ်ပေးတာပါ။ Brain က ကိုယ်အပူချိန်ကို 37°C (သို့) 98.6°F လောက်နားကိုပဲ အမြဲဖြစ်နေအောင်ထိန်းပေးထားပါတယ်။

ဖျားလာပြီ ကိုယ်ပူတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ယောင်ယမ်းမှုကိုဖြစ်စေတဲ့ chemical တွေထွက်လာလို့ပါ။ ဆေးပညာမှာတော့ proinflammatory cytokines လို့ခေါ်ပါတယ်။ အဲ့ဒီ chemical တွေက brain ကိုရောက်လာပြီး အပူချိန်သတ်မှတ်ချက် set point ကို မြှင့်ပေးလိုက်ပါတယ်။ အရင်က 98 ဆို ပုံမှန်လို့သိထားတဲ့ဦးနှောက်က အခုတော့ 102 ဆိုပြီး ခလုတ်အမြှင့်ခံလိုက်ရပါတယ်။

ဘာနဲ့တူလဲဆိုတော့ အပူထုတ်စက်မှာ ခလုတ်ကို အပေါ်တင်လိုက်သလိုပါပဲ။
ခလုတ်ကို မြှင့်လိုက်တော့ ခန္ဓာကိုယ်ရဲ့ပုံမှန် 98 ကိုနည်းတယ်လို့ထင်သွားပြီး 102 ကမှပုံမှန်လို့ မှားထင်သွားပါတယ်။

အဲ့တော့ ပုံမှန်ခန္ဓာကိုယ်ကို ချမ်းနေတယ်… အပူချိန်ကျနေတယ်… ထင်ပြီး ပူနွေးအောင်စလုပ်ပါတော့တယ်။ အဲ့လိုပူအောင်လုပ်ဖို့ ကြွက်သားတွေကိုလှုပ်ရှားရပါတယ်။ လှုပ်ရှားလေ အပူထွက်လေပါပဲ။
အဲ့လို ကြွက်သားတွေလှုပ်ရှားတာကို ချမ်းတုန်လာတယ်… အေးလိုက်တာချမ်းစိမ့်စိမ့်ဖြစ်လာတယ်ဆိုပြီး မဖျားခင် စခံစားရတာပါ။ တကိုယ်လုံးချမ်းတုန်လာပြီး အပူတွေထွက်လာကာ မကြာခင်မှာပဲ ဖျားသွားပါတော့တယ်။

အဖျားပြန်ကျအောင် ဆေးသောက်လိုက်ရင် ခုနက chemical တွေကိုပိတ်လိုက်ပါတယ်။ အဲ့ထိအခါ brain က 102 ကနေ 98 နေရာကို ခလုတ်ပြန်ချလိုက်သလိုဖြစ်သွားပါတယ်။

အဲ့တော့မှ brain က ဟာ… ဒီကောင်ကိုယ်တွေပူနေတာ အခုမှငါသိတာပဲ… မြန်မြန်အပူချမယ်ဆိုပြီး ချွေးတွေထုတ်ပေးလိုက်ပါတယ်။ ချွေးထွက်တော့ ချွေးက အပူကို evaporation နည်းနဲ့သယ်သွားပြီး အပူကျသွားပါတယ်။ အဲ့တာကြောင့် အဖျားကျသွားတာ ချွေးထွက်သွားလို့ ပေါ့သွားတာပဲဆိုပြီး ပြောတတ်ကြပါတယ်။

ဒီသဘောတရားကိုမသိတဲ့သူတွေကတော့ ချွေးထွက်လို့ အဖျားကျတယ်ဆိုတာကို တရားသေမှတ်ပြီး ဖျားနေတဲ့သူကို ချွေးမထွက်ထွက်အောင် ဂျင်းကြက်သွန်တွေ အပူအစပ်တွေအတင်းစားခိုင်းပါတော့တယ်။ စောင်တွေအထပ်ထပ်ပတ်ပြီး ပြတင်းပေါက်တွေပိတ်ထား လေစိမ်းအဝင်မခံနဲ့ဆိုတာတွေ လုပ်တတ်ပါတယ်။

တကယ်က brain မှာရှိနေတဲ့ အပူချိန်ကိုချမှပဲ ခန္ဓာကိုယ်ကအဖျားကျမှာပါ။ ဒါဆိုရင် ရေချိုးတာကရော လုပ်သင့်သလားဆိုတော့ ဖျားရင် ရေမချိုးရဘူးဆိုတာတော့ မရှိပါဘူး။
တကိုယ်ရည်သန့်ရှင်းမှုပုံမှန်လုပ်လို့ရပါတယ်။

ဒါပေမယ့် ရေချိုးတာတော့ နည်းလမ်းမှန်သင့်ပါတယ်။ ရေခဲရေနဲ့တော့ မချိုးသင့်ပါဘူး။ ရေအေးဖြစ်ဖြစ် ရေခပ်နွေးနွေးကိုသုံးကာ အချိန်မဆွဲဘဲ ခပ်သွက်သွက်ချိုးပေးလို့ရပါတယ်။

ရေမချိုးချင်လဲ ရေနွေးလေးနဲ့ ရေပတ်တိုက်လို့ရပါတယ်။ အဖျားကြီးရင်လဲ ရေစိုအဝတ်ကလေးကိုသုံးပြီး ချိူင်း၊ ပေါင်ကြား၊ လည်ပင်း၊ နဖူး စတဲ့ အပူချိန်တက်တဲ့နေရာတွေကို ရေပတ်တိုက်လို့ရပါတယ်။
အပူနည်းနည်းကျသွားအောင် လုပ်တဲ့သဘောပါပဲ။

ဒါပေမယ့် သတိထားရမှာက ကလေးပေါက်စနလေးတွေကိုတော့ ဖျားနေစဥ် ရေမချိုးပေးသင့်ပါဘူး။
ကလေးတွေက ကိုယ်အပူချိန်အပြောင်းအလဲမြန်လို့
Hypothermia လို့ခေါ်တဲ့ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းခြင်းဖြစ်တတ်ပါတယ်။

အချုပ်ပြန်ပြောရရင် ဖျားလို့ ရေမချိုးရဘူးတို့၊ ရေချိုးလို့ပြန်ဖျားတယ်ဆိုတာ မမှန်ပါဘူး။
ရေချိုးချင်ရင် အချိန်မကြာဘဲ ခပ်သွက်သွက်ချိုးလို့ရပါတယ်။ ကြောက်လို့ ရေမချိုးချင်လဲ ရပါတယ်။
မိမိဆန္ဒပါပဲ။

၇။ အမျိုးသမီးများ ဓမ္မတာလာနေစဥ် ရေမချိုးရ ခေါင်းမလျှော်ရ ဆိုတာ တကယ်လား?

ဒါကလဲ အများစိတ်ထဲစွဲနေတဲ့ ရှေးရိုးစွဲကိစ္စကြီးပါ။
ဒီဟာက လုံးဝမမှန်ပါဘူး။
မမှန်ကြောင်းကိုလဲ လေးစားရတဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဆရာဒေါက်တာစိုးလွင် ကိုယ်တိုင် တခါရှင်းပြထားဖူးပါတယ်။ အောက်က video မှာဝင်ကြည့်ကြည့်ပါ။ video မပြီးခင် ၃မိနစ်လောက်မှာပါလာပါလိမ့်မယ်။

https://fb.watch/77J78claeH/

ရာသီလာတုန်း ခေါင်းလျှော်ရင် သွေးခဲတွေပိတ်ကုန်တယ်တို့… သွေးပုပ်တွေရပ်သွားတယ်တို့… သွေးကြောပိတ်တယ်တို့ဆိုတာ လုံးဝမဟုတ်ပါဘူးခင်ဗျ။ အယူအဆမှားတခုပါပဲ။ ဆရာစိုးလွင်ရှင်းပြထားသလို မှားတာကြီးကိုယုံနေရင် ယုံကြည်စိတ်ကြောင့်ပဲ တကယ်ဖြစ်လာတယ်လို့ထင်နေမိတတ်ပါတယ်။

ဆေးပညာအရ ရာသီလာခြင်းဟာ သွေးပုပ်လဲမဟုတ်ပါဘူး။ ရာသီသွေးဟာ artery (သွေးလွှတ်ကြော) ကလာတဲ့သွေးဖြစ်လို့ အလွန်သန့်ပါတယ်။ ဓားရှလို့ထွက်လာတဲ့သွေးတောင်မှ သူ့လောက်သန့်ချင်မှသန့်မှာပါ။ ရာသီသွေးက သွေးပုပ်တွေရွံစရာကြီးဆိုတာ ရှေးခေတ်ကအယူအဆတွေပါ။

တချို့အိမ်တွေမှာဆို ရာသီသွေးကို ယောကျာ်းလေးကမမြင်ရဘူးတို့…ဘုန်းနိမ့်တယ်တို့ဆိုပြီး ရှက်စရာတခုအနေနဲ့ ခိုးကြောင်ခိုးဝှက်လုပ်ခိုင်းတတ်ပါတယ်။ ဒါတွေက မိန်းကလေးတွေကို စာနာမှုမရှိတဲ့ကိစ္စပါပဲ။
ရာသီသွေးဟာ သန့်စင်တဲ့သွေးပါပဲ။ ရွံစရာပစ္စည်းမဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်ထဲကသွေးနဲ့ အတူတူပါပဲ။

ရာသီလာရင် တကိုယ်ရေသန့်ရှင်းဖို့အတွက် ရေလဲချိုးလို့ရပါတယ်။ ခေါင်းလဲ လျှော်လို့ရပါတယ်။
သန့်သန့်ရှင်းရှင်း လန်းလန်းဆန်းဆန်း မွှေးကြိုင်ကြော့မော့စွာနဲ့ ခက်ခဲပင်ပန်းတဲ့ဓမ္မတာကာလကို ဖြတ်သန်းကြပါလို့ စေတနာနဲ့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သံယောစဉ်မပြတ်ခြင်း၊ ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းနောက်ကွယ်က စိတ်ပညာ

ဘုရင့်နောင်ဖောက်ဖျက် ဆိုတဲ့သဘောကို နားလည်ကြမှာပါ။ နောင်ရိုးတိုက်ပွဲမှာ ဖောင်တွေအကုန်လုံးကို ဖျက်လိုက်တဲ့အတွက် သူ့လူတွေက နိုင်အောင်တိုက်ဖို့ Moti ရသွားတာပေါ့။ ဒီလိုအဖြစ်အပျက်တွေက သမိုင်းတစ်လျှောက်မှာ အများကြီးပါပဲ။

လူတွေက Options တွေများများရှိတာကို သဘောကျပါတယ်။ All or none သွားရတာကို သိပ်သဘောမကျတတ်ပါဘူး။ ဘုရင့်နောင် ဥပမာအရပြောရရင် သူ့လူတွေက နိုင်အောင်တိုက်မှရတော့မယ်… မနိုင်ရင် သေဖို့ပဲရှိတော့တယ်ဆိုတဲ့ အသိမျိူးဝင်သွားတဲ့အခါ နိုင်အောင်တိုက်ကြတာပေါ့။

ကျွန်တော်တို့ ဖုန်းအကောင်းစားတွေ ကိုင်ချင်ကြတယ်။ ကွန်ပြူတာကောင်းတာတွေကို လိုချင်ကြတယ်။ တီဗွီကောင်းကောင်းလိုချင်ကြတယ်။ ဒါပေမယ့် ကိုယ်ဘာအသုံးလိုလဲဆိုတာကို သေချာမသိတဲ့အခါ စျေးကြီးပေးပြီး Function များများပါတဲ့ ဖုန်း၊ ကွန်ပြူတာကို ဝယ်မိတတ်တယ်။

ကျွန်တော်ကိုင်တဲ့ဖုန်းဆို စျေးအလယ်အလတ်ပါပဲ… ဒါပေမယ့် သူ့မှာ ပါသမျှ Function တွေအကုန်လုံးကို ကျွန်တော့အနေနဲ့ မသုံးပါဘူး။ သေချာလည်းမသိဘူး။ ဒါပေမယ့် ဒီ Function တွေပါတာ ပိုကောင်းတာပေါ့။ လိုရမယ်ရဆိုတဲ့ စိတ်နဲ့ပဲ သူ့လောက်စျေးမကြီးတဲ့ဖုန်းတွေကို ပစ်ပယ်ခဲ့တယ်။

“လိုရမယ်ရ” ဆိုတဲ့ စိတ်က လူတော်တော်များများစိတ်မှာ ရှိကြပါတယ်။ Panic Buying လုပ်ကြတယ်… လိုရမယ်ရဆိုတဲ့ စိတ်ကြောင့်ပါ။ ကလေးတွေကို ကျူရှင်ကနေ ကျောင်း၊ ကျောင်းကနေ ကျူရှင်၊ ဒါ့အပြင် ပိတ်ရက်တွေမှာ သင်တန်းတစ်ခုခုတက်ခိုင်းတာဟာလည်း ဒီစိတ်ကြောင့်ပါပဲ။

ကောင်မလေးတစ်ယောက်ဟာ ကောင်လေးနှစ်ယောက် ဘယ်သူ့ကို ကြိုက်ရမလဲ မသေချာတာဟာလည်း လိုရမယ်ရ စိတ်ကြောင့်ပါ။ ဥပမာ သူနဲ့တွဲနေတာက တစ်ယောက်… ဒါပေမယ့် စိတ်ကုန်နေပြီ… နောက်ကောင်လေးတစ်ယောက်က ပိုကောင်းတယ်လို့ သူ့စံနှုန်းတွေအရ သူသိနေတယ်။ အဲ့ဒီတော့ ရှင်းရှင်းလေးပဲ။ နောက်ကောင်လေးနဲ့ ပြောင်းကြိုက်လိုက်ပေါ့… လို့ ပြောချင်ကြမှာပါ။

ဒါပေမယ့် တချို့တွေမှာ အဲ့လိုအတွေးမျိုး မဖြစ်လာပါဘူး။ Option ၂ခုကြား လွန်ဆွဲနေရင်းနဲ့ပဲ အချိန်တွေကုန်သွားတတ်တယ်။ (ဘာကို ရွေးသွားလဲဆိုတာကို ပြောချင်တာ မဟုတ်ပါဘူး… အချိန်ကုန်တာကို ပြောတာပါ)

ဒီသဘောကို စမ်းသပ်ထားတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ Volunteer တွေကို ကွန်ပြူတာတစ်လုံးရှေ့မှာ ထိုင်ခိုင်းပြီး Screen ပေါ်မှာ တံခါး ၃ပေါက် ပြထားတယ်။ တံခါးပေါက်တွေကို အနီ၊ အပြာ၊ အစိမ်းဆိုပြီး အရောင်နဲ့ခွဲထားတယ်။ တံခါးတစ်ပေါက်ချင်းဆီကို နှိပ်လိုက်ရင် ပိုက်ဆံရပါတယ်။

ဥပမာ အနီကို နှိပ်ရင် ရတဲ့ဆုကြေးက Range တစ်ခုရှိမယ်။ ၁၀၀ ကနေ ၃၀၀ ကြားဆိုပါတော့။ အပြာနဲ့ အစိမ်းလည်း အဲ့လိုပဲ။ တံခါး ၃ပေါက်မှာ ဘယ်တံခါးက ပိုက်ဆံပိုရလဲဆိုတာ လူတွေက မသိကြဘူး။

Volunteer တစ်ယောက်ကို Click အခါ ၁၀၀ နှိပ်လို့ရတယ်။ အဲ့တော့ တံခါး ၃ပေါက်လုံးကို မြေစမ်းခရမ်းပျိုးပြီး ဘယ်တံခါးက ပိုက်ဆံပိုပေးလဲဆိုတာ စမ်းသပ်လို့ရတာပေါ့။
တကယ်အဖြစ်သင့်ဆုံး Strategy ကတော့ တံခါး တစ်ခုကို Click ၃ခါလောက်နှိပ်ပြီး ငွေဘယ်လောက်ရလဲ စမ်းကြည့်သင့်တာပေါ့။ ဒါဆိုရင် Click ၉ ခါဆို တံခါး ၃ပေါက်အကြောင်း နားလည်သွားပြီ။ ကျန်တဲ့ Click ၉၁ ခါမှာ စျေးအများဆုံးပေးတဲ့ တံခါးကိုပဲ နှိပ်နေတော့မှာပေါ့။ ဟုတ်တယ်မလား?

ဒါကို ဖွန်ကြောင်တဲ့နေရာမှာ လူတိုင်းအသုံးချကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။ ကိုယ့်ကို လာကြိုက်တဲ့လူ ၃ယောက်ရှိရင် ၃ယောက်လုံးထဲက အကောင်းဆုံးလို့ ထင်ရတဲ့သူကို ရွေးမှာပါပဲ။ (တစ်ယောက်ကိုမှ မရွေးတာလည်း ဖြစ်နိုင်ပါတယ်…)
အဲ့လို ကောင်းခြင်း၊ ဆိုးခြင်း Information ကို ရအောင် ၃ယောက်လုံးနဲ့ အဆက်အဆံလုပ်မှာပါပဲ။ ကိုယ့်ကို စကားပြန်ပြောတိုင်း သဘောကျလို့ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။

ဒါက ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒါပေမယ့် တဖက်လူက ကိုယ်ကြိုးရှည်ရှည်နဲ့ လှန်ထားတာကို မစောင့်နိုင်တဲ့အခါ နောက်တစ်ယောက် ပြောင်းသွားတတ်ပါတယ်။ အဲ့ဒီအခါမှာ ကိုယ့်စိတ်ထဲ ဘယ်လိုဖြစ်လာလဲ တော်တော်များများ ခံစားဖူးကြမှာပါ။
အဲ့အကြောင်း ဖတ်ချင်ရင် အောက်မှာဖတ်ပေးပါ။

လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ
https://ouo.io/vfxxYLr

တံခါး ၃ပေါက်စမ်းသပ်ချက်ကိုပဲ ဒီတခါမှာ အဆင့်မြှင့်လိုက်ပါတယ်။ လူတိုင်း Click ၁၀၀ နှိပ်ခွင့်ရှိတာက မပြောင်းလဲပါဘူး။ ပြောင်းလဲသွားတာက တံခါးတစ်ပေါက်ကို ၁၂ ကြိမ်တိတိလာမနှိပ်ဘူးဆိုရင် အဲ့ဒီတံခါးကို ဘယ်တော့မှ ပြန်နှိပ်လို့မရတော့ပါဘူး။ အဲ့လိုပြောင်းလိုက်တဲ့အခါမှာ တော်တော်များများက တံခါးပေါက်တစ်ခုဟာ ပိုက်ဆံပိုရမှန်းသိပေမယ့် အခြားတံခါးပေါက်တွေကို မပျောက်သွားအောင် ၁၂ ကြိမ်မပြည့်ခင် သွားသွားနှိပ်နေတတ်တယ်။

ဒါကဘာကို ပြလဲဆိုတော့ တံခါး ၂ပေါက်ဟာ ငွေအဲ့လောက်မရမှန်းသိပေမယ့် သံယောစဉ်မပြတ်တဲ့သဘောပါ။

နေ့စဉ်ဘဝမှာလည်း ဒါတွေကို တွေ့နေရတာပါပဲ။ ဒီတစ်ယောက်ကို ကြိုက်လိုက်လို့ ဟိုတစ်ယောက်ကို လွတ်သွားမှာ ကြောက်ကြသလိုပေါ့။ အထူးသဖြင့် ပြိုင်ဘက်နှစ်ယောက်ဟာ မတိမ်းမယိမ်းဆိုရင် မိန်းကလေးအနေနဲ့ ရွေးရခက်တာပေါ့။
ကိုယ့်စိတ်ထဲက တစ်ယောက်ယောက်ကို ပိုအလေးသာရင်တောင်မှ တစ်ယောက်ကို ဆုံးရှုံးသွားမှာကြောက်တဲ့အတွက် မလည်ရှုတ်လုပ်နေတတ်တယ်။

စမ်းသပ်ချက်ကို နောက်တစ်ဆင့် ထပ်ပြီး ကွန့်လိုက်ပါသေးတယ်။ ၁၂ ခါမနှိပ်ရင် တံခါးတစ်ပေါက်ပျောက်သွားမှာ မှန်ပေမယ့် Click ၁ခါနှိပ်လိုက်တာနဲ့ ပြန်ပြီး အစဖော်လို့ရပါတယ်။ အဲ့ဒါဆိုရင် တံခါးပေါက်လုံးဝပျောက်သွားမှာ ပူစရာမလိုတော့ဘူးပေါ့။ ဟုတ်တယ်မလား? အချိန်မရွေး Click ၁ချက်နှိပ်ပြီး ပြန်ဖော်လို့ရနေတာပဲ။

ဒါပေမယ့် တော်တော်များများကတော့ တံခါးပေါက်ကို အပျောက်မခံကြပါဘူး။ တံခါးပေါက် ၃ပေါက်လုံးကို ပတ်နှိပ်နေရင်းနဲ့ ဗျာများနေကြပါတယ်။

လူတွေဟာလည်း Option တွေအများကြီးကြားထဲမှာ ဗျာများနေတတ်တယ်။ စမ်းသပ်ထားတာဟာ တံခါးပေါက် ၃ပေါက်တည်းပါ။ ၁ပတ် ၁ခါလောက်သာ တံခါးပေါက် ၂ပေါက်ထပ်တိုးနေမယ်ဆို တော်တော်စိတ်ဖိစီးမှုများလာမှာပါ။

လူတွေကလည်း မသိလိုက်မသိဘာသာနဲ့ ဘဝမှာ တံခါးပေါက်တွေ ထပ်တိုးအောင် လုပ်နေကြတယ်။ ဂစ်တာတီးတာ ဝါသနာပါတယ်… Body Builder ကြီးလည်းဖြစ်ချင်တယ်… စာအုပ်တွေလည်း အများကြီးဖတ်ချင်တယ်… ကိုယ့်ရဲ့ ကောင်မလေးကိုလည်း ပျော်အောင်ထားချင်တယ်… မိဘကိုလည်း ရှာကျွေးချင်တယ်… ကိုယ့်ရဲ့ Career မှာလည်း အောင်မြင်အောင်လုပ်ချင်တယ်… ဂိမ်းကိုလည်း Pro တစ်ယောက်လို ဆော့တတ်ချင်တယ်… ဆိုရင် ဖြစ်နိုင်ဖို့ တော်တော်မလွယ်ပါဘူး။ Stress တွေပဲ ပိုပိုများလာဖို့ ရှိပါတယ်။

ဒါကြောင့် အခုခေတ်မှာ တော်တော်များများက Minimalism ကို သဘောကျလာကြတဲ့ပုံပါပဲ။ ဒါပေမယ့် အရာရာကို ဒီလိုမြင်ကြည့်နိုင်ဖို့ ခက်ခဲပါတယ်။
ကိုယ့်သိပ်သဘောမကျတဲ့သူတွေကို အချိန်မပေးဘဲ ကိုယ့်အတွက် တကယ်အသုံးလိုတဲ့ လူတွေကို အလေးပေးဆက်ဆံတာဟာ သိပ်မခက်ပါဘူး။
အလုပ်နှစ်ခုရွေးလာရတဲ့အခါမျိုး၊ ဘဝတစ်ဆစ်ချိူး အလှည့်အပြောင်းဖြစ်လာနိုင်တဲ့ ရွေးချယ်မှုမျိုးတွေကို စိတ်ရှင်းရှင်းထားပြီး ဆုံးဖြတ်နိုင်ဖို့ကတော့ ခက်ခဲပါတယ်။ တံခါးပေါက်တွေပျောက်သွားတာကို မလိုချင်ကြပါဘူး။

Minimalism

အဲ့လိုဆုံးဖြတ်ရကြပ်နေတဲ့အချိန်ကာလဟာ အနည်းငယ်ကြာလာပြီဆိုရင် ကိုယ်ပဲ ထိခိုက်ပါတယ်။ ကိုယ့်ရဲ့အလုပ်ထိခိုက်နိုင်တယ်၊ Stress တွေများနေနိုင်တယ်၊ ဘယ် Option ကိုရွေးရမလဲ Research တွေလုပ်နေရတဲ့အတွက် အချိန်ကုန်တယ်။

တချို့တွေဟာ ရွေးချယ်ရခက်လာတဲ့အခါ ဘာကိုမှမရွေးချယ်တော့ဘဲ ဒီအတိုင်းနေလိုက်ကြတာတွေလည်း ရှိပါတယ်။
အသိတစ်ယောက်ဆိုရင် စက်ဘီးစီးနေရင်း ဘယ်လား ညာလား… ဘယ်သွားရမလဲသေချာမသိလို့ ရှည့်တည့်တည့်က ကျောက်တုန်းကြီးကို ဝင်တိုက်ဖူးပါတယ်။

ဒါကြောင့် Option တွေများလာရင် တစ်ခုခုကို ရွေးချယ်မှာလားဆိုတာ သေချာဆုံးဖြတ်ပါ။ မရွေးချယ်ဘူးဆိုရင်လည်း စိတ်ပိုင်းဖြတ်လိုက်ပါ။ ကြိုးရှည်ရှည်နဲ့လှန်ခြင်းဟာ တစ်ဖက်လူအတွက်တင်မဟုတ်ဘဲ ကိုယ့်အတွက်ပါ စိတ်ဒုက္ခများစေပါတယ်။

လောကကြီးမှာ ကိုယ့်အတွက် ဘယ်အရာတွေက အရေးကြီးလဲဆိုတာ Priority လေးတွေထားပါ။ ကျန်တာတွေအတွက် အချိန်များများစားစား မပေးသင့်ပါဘူး။
ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ အရာတွေကို သံယောစဉ်ပြတ်နိုင်ကြပါစေခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း

အိပ်နေရင်း တစ်ယောက်ယောက်က ကိုယ့်ကိုလာဖိပြီး လုံးဝ လှုပ်မရတာ၊ အော်နေလဲ အသံထွက်မလာတာ မျိုးကြုံဖူးကြမှာပါ။
ဘီလူးစီးတယ်လို့ ခေါ်လေ့ရှိကြပါတယ်။

ကံနိမ့်လို့၊ မကောင်းဆိုးဝါးတွေ ရှိနေလို ကိုယ့်ကိုယ် လာဒုက္ခပေးတယ်လို့ ထင်လေ့ရှိကြတယ်။ ဒါပေမယ့် တကယ်က အဲ့လိုမဟုတ်ပါဘူး။
ဆေးပညာမှာတော့ sleep paralysis လို့ခေါ်ပါတယ်။
Sleep paralysis က sleep disorders ထဲမှာပါပါတယ်။ တော်တော်များများဖြစ်လေ့ဖြစ်ထရှိပြီး စိုးရိမ်စရာလဲ မလိုပါဘူး။
ဘီလူးစီးတယ်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်မနိုးခင် ဦးနှောက်က အရင်နိုးလာတဲ့သဘောပါ။

လူတွေ လှုပ်ရှားသွားလာဖို့ ခန္ဓာကိုယ်က ကြွက်သားတွေက ကျုံခြင်း၊ ဆန့်ခြင်းတွေ ပြုလုပ်ပေးရပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာတော့ အသက်ရှုဖို့လိုတဲ့ ကြွက်သားတွေကလွဲလို့ ကျန်တဲ့ကြွက်သားတွေက ပြေလျော့
(relaxed state) နေပါတယ်။ ဦးနှောက်ကလဲ သိစိတ်မှာ မရှိတော့ပါဘူး။
ခန္ဓာကိုယ်က ပြေလျော့နေပေမယ့် ဦးနှောက်က သိစိတ်ရှိလာတဲ့ အခါမှာတော့ ဘီလူးစီးခြင်းကို ခံစားရပါတယ်။

အဲ့ဒါကြောင့်မို့လို့ ဘီလူးစီးရင် ခန္ဓာကိုယ်က ကြွက်သားတွေ လှုပ်မရတာ အော်ပေမယ့် အသံထွက်မလာတာ ဖြစ်နေတာပါ။
ဘယ်ဘီလူး သရဲကမှ ချုပ်ထားတာ မဟုတ်ပါဘူး။

ဘီလူးစီးတာက စက္ကန့် အနည်းငယ် ကနေ မိနစ် အနည်းငယ်လောက်ထိ ကြာတတ်ပါတယ်။
တစ်ချို့တွေမှာ ကိုယ့်ဟာကိုယ်ပဲ လန့်နိုးလာသလို တစ်ချို့တွေကျတော့လဲ ဘေးကလူက လှုပ်နိုးပေးမှ နိုးလာပြီး ပျောက်သွားတတ်ပါတယ်။

ဘီလူးစီးတာက စအိပ်ပျော်တဲ့ အချိန် (သို့) အိပ်ပျော်ပြီး နိုးခါနီး အချိန်တွေမှာ ဖြစ်တတ်ပါတယ်။
စအိပ်ပျော်ခါကမှ ဖြစ်တာကို hypnagogic sleep paralysis လို့ခေါ်ပြီး နိုးခါနီးမှာ ဖြစ်တာကတော့ hypnopompic sleep paralysis လို့ခေါ်ပါတယ်။

Hypnagogia ဆိုတာက နိုးခြင်းနဲ့ စအိပ်ပျော်ခြင်း ကြားကာလကို ခေါ်ပြီး hypnopompia ကတော့ အိပ်ခြင်းနဲ့ နိုးခြင်း ကြားကာလကိုခေါ်တာပါ။
အဲ့အချိန်တွေမှ ဘာလို့ဖြစ်လဲ ဆိုတော့ အပေါ်က ပြောခဲ့ သလိုပါပဲ။ အိပ်ပျော်ခါနီး (သို့) အိပ်ရာနိုးခါနီးတွေမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်က စည်းချက်ညီမနေဘဲ ဦးနှောက်က နောက်မှ အိပ်တာမျိုး (သို့) အရင်နိုးတာမျိုးကြောင့် ဘီလူးစီးခြင်း ကို ခံစားရတာပါ။

တစ်ချို့တွေမှာ ဘီလူးစီးတာအပြင် ထင်ယောင်ထင်မှား ဖြစ်တာတွေနဲ့ပါတွဲနေတတ်ပါတယ်။
အခန်းထဲမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ခံစားမိတာမျိုး၊ အသံ တစ်ခုခုကြားတာမျိုး၊ အသက်ရှုကြပ်နေသလိုမျိုး၊ လေမှာလွှင့်နေသလိုမျိုး စတာတွေနဲ့ပါတွဲ ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ဒီလိုထင်ယောင်ထင်မှား တွေနဲ့ တွဲဖြစ်နေရင်လဲ စိတ်မပူပါနဲ့ ပုံမှန်ပါပဲ။

Sleep paralysis က ဘာကြောင့်ဖြစ်လဲ ဆိုတာတော့ တိတိကျကျ မသိသေးပါဘူး။
ဒါပေမယ့် အိပ်ချိန်မမှန်တဲ့ သူတွေ၊ ညဘက်အိပ်မပျော်တဲ့သူ stress များတဲ့သူတွေ၊ နေ့ နဲ့ ည မှားတဲ့သူတွေဆို ပိုဖြစ်တတ်ပါတယ်။

Narcolepsy လို့ခေါ်တဲ့အလုပ်လုပ်နေရင်းအိပ်ပျော်ပျော်သွားတတ်တဲ့ ရောဂါမျိုး စိတ်ကျရောဂါ anxiety disorders စတဲ့ ရောဂါတွေမှာလဲ sleep paralysis ကိုတွေ့ရတတ်ပါတယ်။
ဒီလို လှုပ်မရအော်မရ ခန္ဓာကိုယ်ကြီးမှာ ပိတ်မိနေရင် အများစုကတော့ ကြောက်မိကြမှာပါ။
ဒါပေမယ့် တစ်ချို့တွေက ကျတော့ လေမှာလွှင့်နေသမျိုးခံစားရလို့ သဘောကျကြပါတယ်။

ဘီလူးမစီးအောင် ဘာတွေ လုပ်လို့ရမလဲ?

Stress လျှော့ပါ
လူကြီးတွေတော်တော်များများ က တော့ မအိပ်ခင်ဘုရားရှိခိုး ကံနိမ့်လို့ ဖြစ်တာလို့ ပြောတတ်ကြပါတယ်။
ဘုရားရှိခိုးလို့ စိတ်ငြိမ်းချမ်းသွားတယ်ဆိုရင်တော့ သက်သာသွားနိုင်ပါတယ်။
အဲ့လိုမဟုတ်ဘဲ ဘုရားတော့ ရှိခိုးလိုက်ပေမယ့် စိတ်က အိပ်ရမှာကိုကြောက်နေသေးတယ်၊ စိုးရိမ်နေတာတွေရှိတယ် ဆိုရင်တော့ ပိုဖြစ်နိုင်ပါတယ်။

အဓိကကတော့ stress တွေနည်းသွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နည်းလမ်းနဲ့မဆို stress နည်းသွားရင် ဘီလူးစီးတာကို ကြုံရတာနည်းသွားပါလိမ့်မယ်။
အများစုကတော့ တစ်ခါတစ်လေ မှ ကြုံရတတ်ဆိုတော့ သိပ်ပြီး စိတ်အနှောင့်အယှက်မဖြစ်ကြပါဘူး။
တစ်ချို့တွေကတော့ ခဏခဏ ကြုံရတယ်။ စိုးရိမ်လာလေပို ဖြစ်လေနဲ့လုံးလည်ချာလည် လိုက်နေတတ်ပါတယ်။ အဲ့လိုဖြစ်လာပြီ ဆိုရင်တော့ ဆရာဝန် နဲ့သွားပြလိုက်တာ ကောင်းပါတယ်။

အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။
တစ်နေ့ကို ၆ ထက်မနည်း အိပ်ပါ။ ညဘယ်ချိန်အိပ်မယ် မနက်ဘယ်ချိန်ထမယ် ဆိုတာ သတ်သတ်မှတ်မှတ်ထားပြီး အိပ်ကြည့်ပါ။ ညဘက် အိပ်ခါနီး ဖုန်းသုံးတာ ကော်ဖီတွေ အရက်သောက်တာတွေ ရှောင်ပါ။

ပက်လက်မအိပ်ဘဲ စောင်းအိပ်ပါ
ပက်လက်အိပ်ရင် sleep paralysis ပိုဖြစ်နိုင်တယ်လို့ ရေးကြပါတယ်။

များသောအားဖြင့် sleep paralysis တွေဟာ ဆေးကုဖို့မလိုပါဘူး။ ဒါပေမယ့် အပေါ်မှာပြောခဲ့တဲ့ ရောဂါတွေနဲ့ တွဲနေပြီဆိုရင်တော့ ရောဂါသက်သာအောင် ကုသမှု ခံယူဖို့လိုအပ်ပါတယ်။

Thank for reading
Stay safe and stay strong

Wally

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Gut Feeling တွေဟာ လက်တွေ့မှာ မှန်ကန်နေနိုင်လား?

တစ်ခါတုန်းက ပြတိုက်တစ်ခုကို လူတစ်ယောက်ဟာ သူပိုင်တဲ့ ရုပ်ထုတစ်ခုကိုရောင်းဖို့ ချဉ်းကပ်ခဲ့တယ်။ ရုက်ထုက ဘီစီ ၆၀၀ ကျော်လောက်ကဆိုတော့ တော်တော်ကြာပြီဆိုပါတော့။ တောင်းစျေးက ဒေါ်လာ ၁၀ သန်းလောက်ရှိတယ်။

ပြတိုက်က အသေးစားဆိုတော့ ဒီလူဟာ လူလိမ်ဖြစ်နေမှာကြောက်တယ်။ အဲ့တော့ စုံစမ်းရေးအရင်စလိုက်တယ်။ ပြတိုက်က မေးတဲ့မေးခွန်းတွေမေးတာပေါ့။ ဒါ့အပြင် တကယ်ပဲ ဘီစီ ၆၀၀ က ရုပ်ထုလားဆိုတာ သိဖို့ သိပ္ပံနည်းပညာကို သုံးပြီးစစ်ဆေးတယ်။ အဖြေကတော့ ရုပ်ထုက သက်တမ်း တော်တော်ကြာနေပြီဆိုတာပါ။

စုံစမ်းစစ်ဆေးမှု ၁၄လ ပြုလုပ်ပြီးတဲ့အခါမှာ ပြတိုက်က ရုပ်ထုကိုဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ ပြတိုက်တွေရဲ့ထုံးစံအတိုင်း ပြစားတာပေါ့။ သတင်းစာတွေထဲတောင် သတင်းတွေပါလိုက်သေးတယ်။

ဒါပေမယ့် ပြတိုက်က ပညာရှင်တစ်ယောက်ဟာ ဒီရုပ်ထုအစစ်ဆိုတာကို မယုံဘူး။ ရုပ်ထုရဲ့လက်သည်းကိုကြည့်ပြီး သူ့စိတ်ထဲမှာ တမျိုးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတာ သူမပြောနိုင်ဘူး။
ဒီအတိုင်း လာလေ့လာတဲ့ ရုပ်ထုပညာရှင်တစ်ယောက်ကလည်း “တခုခုလွဲနေတယ်လို့ ခံစားရတယ်။ ရုပ်ထုကို မဝယ်ရသေးဘူးမလား” လို့ မေးသွားတယ်။
နောက်ထပ်လာလေ့လာတဲ့ ပညာရှင်တစ်ယောက်ဆိုရင် ရုပ်ထုကို ကြည့်လိုက်တာနဲ့ “ရုပ်ထုက သစ်နေတယ်” လို့ချက်ချင်း ထပြောတယ်။ ဘီစီ ၆၀၀ ကျော်က ရုပ်ထုက သစ်စရာ အကြောင်းမရှိဘူးလေ။
နောက်တစ်ယောက်ကလည်း ဒီရုပ်ထုက မြေကြီးထဲနေတူးလာတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ခိုင်ခိုင်မာမာပြောပါတယ်။

ဒီလိုနဲ့ ပညာရှင်တွေ ဝိုင်းပြောကြတော့ စုံစမ်းစစ်ဆေးမှုကို ပြန်စရတာပေါ့။ တော်တော်များများက မြင်တာနဲ့ တစ်ခုခုလွဲနေတယ်လို့ အာရုံသိနဲ့ သိကြတယ်။ နောက်တော့ သိလာရတာက သူတို့ကို ပေးထားတဲ့ Information တွေအကုန်လုံး အလွဲတွေဆိုတာပါ။

ဒီတော့ သိပ္ပံနည်းပညာနဲ့ စမ်းသပ်ထားတာမှာ အရုပ်က အိုဟောင်းနေပြီလို့ ပြတာရော… လို့ မေးစရာရှိပါတယ်။ ဒါကိုလှည့်ပတ်လို့ရတဲ့ နည်းလမ်းတစ်ခုရှိကြောင်း ပညာရှင်တွေက ပြောကြပါတယ်။
အဲ့တော့ ၁ဝသန်းအလိမ်ခံလိုက်ရတာပေါ့။

ပြောချင်တာက ပညာရှင်တွေ ၂စက္ကန့်လောက်ကြည့်လိုက်တာနဲ့ ဒီအရုပ်တစ်ခုခုလွဲနေတာကို သိသွားတယ်ဆိုတာပါ။ ပြတိုက်ကလေ့လာတာ ၁၄ လကြာပေမယ့် အစစ်မဟုတ်မှန်း မသိကြပါဘူး။
ကျွန်တော်အမြဲရေးနေတာတွေက စိတ်ကိုမယုံဖို့၊ ဦးနှောက်ကို မယုံဖို့တွေများပါတယ်။ ဒါပေမယ့် အခုရေးမယ့်စာက ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ရဲ့ Hunch တစ်ခုဟာ မှန်ကန်နေမလားဆိုတာကို ပြောချင်တာပါ။

စိတ်ပညာစမ်းသပ်ချက်တွေကလည်း ဒီအဆိုကို ထောက်ပံ့ပေးထားတာတွေ ရှိနေပါတယ်။ စမ်းသပ်မှုတစ်ခုကို ပြောချင်ပါတယ်။
လူတစ်ယောက်ကို လောင်းကစားလုပ်ခိုင်းတာပါ။ သူ့ရှေ့မှာ ဖဲ ၄ပုံပုံထားပါတယ်။ အဲ့ဒီထဲက ၂ခုက အနီဖြစ်ပြီး ကျန် ၂ခုက အပြာပါ။ ၄ပုံထဲက ကဒ်တွေကို ဆွဲထုတ်တဲ့အခါ ပိုက်ဆံရ (သို့) ပိုက်ဆံရှုံးတာ တစ်ခုခုဖြစ်မှာပါ။
တကယ်တော့ အနီကိုရွေးရင် ရှုံးအောင် လုပ်ထားတာပါ။

စမ်းသပ်ချက်တွေအရ အခါ ၅၀ လောက်ရောက်လာရင် လူတွေက ဘယ်အပုံကိုရွေးရင် ငွေရလဲဆိုတာ သဘောပေါက်လာကြတယ်။ အကြောင်းပြချက် ရှာမရဘဲ အပြာကဒ်တွေကို ပိုသဘောကျနေတယ်။ အခါ ၈၀ လောက်ရောက်တဲ့အခါမှာတော့ အထာနပ်သွားကြပါပြီ။ သင်ယူခြင်းဆိုတာ ဒါပါပဲ။ ကိုယ်ထင်တဲ့ Hunch တစ်ခုကို စမ်းသပ်ကြည့်ပြီး အဖြေတစ်ခုရအောင် လုပ်လိုက်တာပါ။

နောက်စမ်းသပ်မှုတစ်ခုက ဒါကို တစ်ဆင့်မြှင့်လိုက်ပါတယ်။ လူတွေရဲ့ချွေးထွက်နှုန်းကို တိုင်းဖို့ လက်ဖဝါးမှာ Sensor တွေတပ်ပေးထားပါတယ်။ အကြောင်းကတော့ Stress များရင် လက်မှာ ချွေးထွက်တတ်လို့ပါ။

သူတို့စမ်းသပ်တဲ့အခါ ထူးခြားတာကို သိလာရပါတယ်။ စကစားတာ ၁၀ ခါလောက်ပဲ ရှိသေးပေမယ့် အနီကဒ်တွေကို ရွေးမယ်ဆိုရင် လက်ကချွေးထွက်လာပါတယ်။ ပြောချင်တာက မသိစိတ်က သိနေပါပြီ။ ဒါကြောင့် Stress တက်နေတာပါ။ အဲ့ဒီအခါမှာ အပြာကဒ်တွေကို မသိစိတ်က ပိုယူပါတော့တယ်။
အခါ ၄၀ လောက်ရောက်လာရင်တော့ လူတွေမှာ Hunch တစ်ခုရလာပါပြီ။ သေချာမသိသေးပေမယ့် အနီက သိပ်မကောင်းဘူးထင်တယ်လို့ တွေးမိလာတာပါ။ (ပညာရှင်တွေ ပထမ ၂စက္ကန့်လောက်ကြည့်လိုက်တာနဲ့ ရုပ်ထုမှာ တစ်ခုခုလွဲနေမှန်း ခံစားမိသလိုပေါ့)

ဒီစမ်းသပ်မှုက ခပ်သေးသေးပါပဲ။ ဒါပေမယ့် ဒီကနေ ထူးခြားတာတွေ သိလိုက်ရပါတယ်။
ပထမတစ်ခုက Conscious Strategy ပါ။ ကိုယ်သင်ယူခဲ့တာကို ပြန်တွေးပြီး အဖြေတစ်ခုထုတ်လိုက်တာမျိုးပေါ့။ ဒါဟာ Logical ဖြစ်ပြီးတော့ သေချာပါတယ်။ ဒါပေမယ့် အဲ့ဒီအဆင့်ထိရောက်ဖို့ ဖဲကဒ်ပေါင်း ၇၀၊ ၈၀ ကြာပါတယ်။ ဒါ့အပြင် မြေစမ်းခရမ်းပျိုးနေရလို့ အချိန်လည်း ကုန်ပါတယ်။

ဒုတိယတစ်ခုကတော့ Adaptive Unconscious ပါ။ သူက မြန်ပါတယ်။ ၁၀ ကဒ်လောက်ရောက်တာနဲ့ သိနေပါပြီ။ သိနေပါပြီပြောလို့ သိစိတ်မှာ သိနေတာမဟုတ်ပါဘူး။ မသိစိတ်က သိနေတာပါ။ ဒါပေမယ့် ဦးနှောက်က သူသိတာကို ကိုယ့်ကိုပေးမသိသေးပါဘူး။ ဒီနည်းဟာ Information တွေအကုန်လုံးကို ထည့်မတွက်ပါဘူး။ ဒါကြောင့် မြန်တာပါ။

အရင်က ရေးခဲ့တဲ့ First Impression နဲ့ လူတွေကို ဆုံးဖြတ်တာလည်း ဒီသဘောပါပဲ။ မှားတာတွေရှိပေမယ့် မှန်တာများပါတယ်။ ဒါဟာ ပေါင်းသင်းဆက်ဆံတဲ့ အသိုင်းအဝိုင်းကျယ်လေလေ၊ လူတွေနဲ့ဆက်ဆံတာ များလေလေ ပိုပြီးမှန်ကန်လေလေပါပဲ။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ Expert ဖြစ်လာတာမျိုးပေါ့။

တက္ကသိုလ်ကျောင်းသားတွေကို ဆရာတွေစာသင်ကောင်း၊ မကောင်း ဒီနည်းနဲ့ Judge လုပ်ခိုင်းပြီး စမ်းသပ်ခဲ့ဖူးပါတယ်။ ဆရာတွေစာသင်နေတဲ့ ဆယ်စက္ကန့်စာ Video Clip ကို အသံဖျောက်ပြီး ကျောင်းသားတွေကို ပြပါတယ်။ အဲ့ဒီမှာ ကျောင်းသားတွေက ဘယ်ဆရာကတော့ ကောင်းလောက်တယ်ဆိုတာ ရွေးချယ်ကြပါတယ်။

ပြီးတော့ နောက်အဖွဲ့ကို ငါးစက္ကန့်စာ ပြကြည့်ပါတယ်။ သူတို့အဖွဲ့ကလည်း ကောင်းမယ်ထင်တဲ့ ဆရာကို ရွေးသွားကြပါတယ်။
နောက်ဆုံးအဖွဲ့ကိုတော့ ၂စက္ကန့်စာပဲ ပြပါတော့တယ်။ သူတို့လည်း ထင်ရာမြင်ရာ ရွေးသွားကြတာပေါ့။

ဒါနဲ့ပဲ Semester တစ်ခုကို ဒီဆရာတွေနဲ့ သင်လိုက်ပါတယ်။ (စမ်းသပ်ခဲ့တဲ့ ကျောင်းသားတွေနဲ့ သင်တာမဟုတ်ပါဘူး) Semester တစ်ခုကို သင်အပြီးမှာ ကျောင်းသားတွေရဲ့ ထင်မြင်ချက်ကို တောင်းပါတယ်။
ဒီအခါမှာ ကျောင်းသားတွေ ပေးတဲ့ Feedback နဲ့ ၁၀ စက္ကန့်၊ ၅ စက္ကန့်၊ ၂ စက္ကန့် Video ကြည့်ထားတဲ့ ကျောင်းသားတွေရဲ့ ထင်မြင်ချက်နဲ့ သွားတူနေပါတယ်။
ဒါဟာ Adaptive Unconscious ရဲ့သဘောပါပဲ။

လူတော်တော်များများက “မလုပ်ခင်စဉ်းစားပါ” ဆိုပြီး ပြောတတ်ကြတယ်။ ဒါပေမယ့် ခုလိုဆိုရင် ရုတ်တရက်ဖြစ်လာတဲ့ခံစားချက်အတိုင်း ဆုံးဖြတ်လိုက်တာက ပိုမှန်နေတဲ့သဘောဖြစ်နေတာပေါ့။
ဒီလိုပြောလိုက်လို့ စိတ်ခံစားချက်အတိုင်းလုပ်တာ မှန်တယ်လို့ မျက်စိမှိတ်ပြီး မတွေးစေချင်ပါဘူး။

အခုပြောနေတာတွေက ပညာရှင်တွေပါ။ သူတို့နယ်ပယ်မှာ ကျွမ်းကျင်အဆင့်တွေ ဖြစ်နေတဲ့သူတွေပါ။ အနှစ်နှစ်အလလ ဒီပညာရပ်ကို လေ့လာထားတဲ့သူတွေပါ။

ရုပ်ထုကို မြင်လိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာလည်း တမျိုးကြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က အဲ့ဒီပညာရပ်ကို လေ့လာဖူးတဲ့သူမဟုတ်ပါဘူး။ ဒီတော့ ကိုယ်ထင်တာက လွဲဖို့များပါတယ်။ မှန်သွားခဲ့ရင်တောင် ကိုယ်အရင်က လွဲခဲ့တဲ့အကြိမ်ရေတွေကို မမှတ်မိတာဖြစ်ဖို့ များပါတယ်။ (၂ရက် ၁ခါလောက် ငလျင်လှုပ်မယ်ဆိုပြီး တင်နေတဲ့ ဗေဒင်ဆရာလိုပေါ့… တချီမဟုတ် တချီတော့ မှန်မှာပဲလေ…)

ကျောင်းသားတွေနဲ့ စမ်းသပ်တာမှာလည်း သူတို့ဟာ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေကြပါပြီ။ ဆရာပါးဝနေကြတဲ့ အရွယ်တွေပါ။ ဒီတော့ မှန်မှန်ကန်ကန်ခန့်မှန်းနိုင်တာ မဆန်းပါဘူး။

ကိုယ်သေချာ မလေ့လာထားတဲ့ကိစ္စတွေမှာ “ငါ့စိတ်ထဲက ဒီလို ထင်နေတယ်…” လို့တွေးမိရင် မဟုတ်ဖို့များပါတယ်။ ဒါပေမယ့် ကျွမ်းကျင်အဆင့် ရောက်သွားရင်တော့ မသိစိတ်ရဲ့ကဏ္ဍက အရေးပါလာတယ်ဆိုတာ သိစေချင်တာပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင်မသိလောက်သေးတဲ့ ဘယ်သန်ညာသန်မျိုးစုံများ

တလောကပဲ စာဖတ်သူတယောက်က ဘယ်ညာကိစ္စတွေရေးပေးဖို့လာပြောပါတယ်။
ဘယ်သန်ညာသန်ကိစ္စက လူတိုင်းကြားဖူးနေကျဆိုတော့ သိပ်ထူးဆန်းတဲ့အရာမဟုတ်လို့ ဖတ်ကြပါ့မလားပေါ့။ ဒါပေမယ့် လူသိပ်မသိကြသေးတဲ့ကိစ္စတွေပါ ထည့်ရေးပေးမှာမို့လို့ ဆက်ဖတ်ကြည့်ရအောင်။

ဘယ်သန်ညာသန်ဖြစ်ရတဲ့ကိစ္စကို ဆေးပညာမှာ Lateralization (or) Laterality လို့ခေါ်ပါတယ်။

လူအများက ဘယ်သန်ညာသန်ဆိုရင် လက်ကိုပဲပြေးမြင်ကြပါတယ်။ တကယ်က လက်တခုတည်း ဘယ်သန်ညာသန်ရှိတာမဟုတ်ပါဘူး။ခြေထောက်မှာလဲ ဘယ်ခြေသန်တာ ညာခြေသန်တာ ရှိသလို မျက်လုံးမှာလဲ Dominant eye ဆိုတာရှိပါတယ်။

နောက်ပြီး Language centre (ဘာသာစကားကို ဦးနှောက်ကတုံ့ပြန်တဲ့နေရာ) ကလဲ ဘယ်ညာမတူပါဘူး။ အများသိထားတဲ့အတိုင်း ညာလက်ကို ဘယ်ဖက်ဦးနှောက်အခြမ်းကထိန်းချုပ်ပြီး ဘယ်လက်ကိုတော့ ညာဖက်ဦးနှောက်အခြမ်းက ထိန်းချုပ်ပါတယ်။ ညာသန်သမားတွေမှာ ဘယ်ဖက်ဦးနှောက်က ညာလက်ကိုထိန်းချုပ်ပါတယ်။
ဘယ်သန်တွေကတော့ ညာဦးနှောက်က ထိန်းပါတယ်။

စကားပြောတဲ့ language centre ကကျတော့ လူတိုင်းလိုလိုရဲ့ left brain မှာရှိပါတယ်။ Right brain ကတော့ language ရဲ့ အတိမ်အနက်နဲ့ လေယူလေသိမ်းကို ထိန်းချုပ်ပါတယ်။

ဥပမာ မောင်မောင် ဘယ်မှာလဲ ဆိုတဲ့စကားကိုကြားရင် left brain က အဲ့စကားလုံးတခုစီကို နားလည်ပြီး အဖြေကိုပြန်ပြောနိုင်ပါတယ်။ Right brain ကကျတော့ “မောင်မောင်ဘယ်မှာလဲ” ဆိုတဲ့စကားကို ကြားရင် လေယူလေသိမ်းက
မကျေနပ်တဲ့လေသံနဲ့ ပြောနေတာလား၊ စိတ်မရှည်တဲ့လေသံနဲ့ ပြောနေတာလား၊ ကညုတုတု လေသံနဲ့ပြောနေတာလားဆိုတာကို ဆန်းစစ်ပေးပါတယ်။

ပြောတဲ့စကားအဓိပ္ပာယ်ကို နားလည်တာက left brain ဖြစ်ပြီး စကားလုံးရဲ့အတိမ်အနက် လေယူလေသိမ်းအပါအဝင်… ရွဲ့ပြောနေတာလား အတည်ပြောတာလား… စောင်းပြောတာလား… တမင်ပြောတာလား… ခနဲ့ချင်လို့ပြောတာလား စတာတွေကိုတော့ right brain ကလေ့လာပေးပါတယ်။

ဒါကိုမူတည်ပြီး တချို့ကဖုန်းနားထောင်ရင် ဘယ်ဖက်နားနဲ့နားထောင်မှ left brain ကိုရောက်လို့ emotion တွေမပါဘဲ စကားလုံးကိုသိရမယ်တို့ ညာဖက်နားနဲ့ ဖုန်းနားထောင်ရင် ခံစားချက်တွေပါကူးစက်တယ်ဆိုပြီး ပြောကြတာရှိပါတယ်။
(စကားချပ်။ ဘယ်ဖက် နားနဲ့ phone ပြောသင့်သလဲဆိုတာ ရှာဖတ်ကြည့်ဖူးပေမယ့် အဖြေရေရေရာရာမရှာတွေ့သေးလို့ အတည်မပြုနိုင်သေးပါဘူးခင်ဗျ)

Language centre က တချို့လူတွေမှာတော့ ဘယ်ညာမတူတဲ့ exception အနည်းငယ်ရှိပေမယ့် အများစုကတော့ left brain right brain ကအပေါ်ကပြောထားတဲ့အတိုင်းပါပဲ။

ခြေထောက်မှာလဲ ညာသန်ဘယ်သန်ရှိပေမယ့် သိပ်သတိမထားမိကြပါဘူး။ သင့်ကိုယ်သင် ဘယ်ခြေထောက်အားသန်လဲမသိသေးရင် အောက်ကမေးခွန်းတွေဖြေကြည့်ပါ။

၁။ ဘောလုံးကိုပြေးကန်ရင် ဘယ်ခြေထောက်နဲ့ကန်မိသလဲ။

၂။ ပုရွက်ဆိတ်တကောင် ကြမ်းမှာပြေးနေလို့ ခြေထောက်နဲ့ဖိသတ်လိုက်ပါဆိုပြီး ခိုင်းရင် ဘယ်ခြေကိုသုံးမိသလဲ။

၃။ ခဲဖျက်တတုံးကြမ်းပြင်ပေါ်ပြုတ်ကျသွားလို့ အပျင်းကြီးပြီး ထိုင်ရာမထ ခြေထောက်နဲ့ကောက်ကြမယ်ဆို ဘယ်ခြေထောက်နဲ့ကောက်သလဲ။

အပေါ်ကမေးခွန်း ၃ခုလုံးကို ညာဖက်ခြေနဲ့လုပ်ဖြစ်ရင် သင်က ညာခြေသန်သူပါပဲ။ အများအားဖြင့်တော့ ညာလက်သန်တဲ့သူက ညာခြေလဲသန်ကြပါတယ်။
ဒါပေမယ့် ညာလက်သန်တာနဲ့ ဘယ်ခြေသန်တာမျိုးလဲ မရှားလှပါဘူး။

လေ့လာချက်တွေအရ ဘယ်ခြေထောက်က ခန္ဓာကိုယ်ကို ထောက်ကန်ပေးထားတဲ့ support ပေးထားတဲ့ ခြေထောက်လို့ဆိုပါတယ်။ ခြေတပေါင်ကျိုးရပ်ကြည့်ရင် ဘယ်ခြေပေါ်ကိုရပ်တာက ပိုငြိမ်ပြီး balance ပိုဖြစ်ပါတယ်။
(လူအများစုအတွက်ပဲဖြစ်ပါတယ်။)

ညာဖက်ခြေထောက်ကတော့ အလုပ်လုပ်တဲ့အခါပိုသုံးပါတယ်။ ဘောလုံးကန်တာတို့ ၊ ခြေထောက်နဲ့ပစ္စည်းကောက်တာတို့အတွက် ညာခြေကိုသုံးတတ်ပါတယ်။

နောက်ဆုံး ထူးခြားတာက သင့်မျက်လုံးမှာလဲ ညာသန် ဘယ်သန်ရှိပါသေးတယ်။ ဒါကိုသိချင်ရင် စမ်းကြည့်လို့ရပါတယ်။

ခပ်လှမ်းလှမ်းက အရာတခုကို အောက်ကပုံအတိုင်း လက်နဲ့တြိဂံပုံ လုပ်ပြီးဘောင်ခတ်ထားကြည့်ပါ။ ပြီးရင် ဘယ်ဖက်မျက်လုံးကိုမှိတ်လိုက်ပါ။

မြင်နေတဲ့ပစ္စည်းက နေရာရွေ့သွားရင် သင်ကဘယ်မျက်စိ dominant ဖြစ်သူပါ။ မြင်နေတဲ့ပစ္စည်းက ဒီအတိုင်းပဲဆိုရင် သင်က ညာမျက်စိ dominant ဖြစ်တဲ့သူပါ။

နောက်တနည်းစမ်းလို့ရပါသေးတယ်။ လက်ကိုဆန့်ထုတ်ပြီး လက်မထောင်ထားပါ။
အဝေးက အရာတခုခုကို လက်မနဲ့တည့်အောင် ချိန်ထားပါ။

ပြီးရင် ဘယ်ဖက်မျက်လုံးကိုမှိတ်ကြည့်ပါ။
လက်မနဲ့ချိန်ထားတဲ့အရာက လွဲသွားရင် left eye dominant ပါ။ လက်မနဲ့ ချိန်ထားတာ နေရာတည့်နေသေးရင် right eye dominant လို့ဆိုပါတယ်။

ဘယ်မျက်စိပိုသန်တယ် ညာမျက်စိပိုသန်တယ် ဆိုတာ ကျန်တဖက်က ကန်းနေပြီ သုံးမရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ မျက်လုံး ၂ ဖက်မှာ တဖက်က depth sensor အနေနဲ့ အလုပ်လုပ်တဲ့အတွက် အခုလို ဖြစ်ရတာပါ။

ကိုယ်အားသန်တဲ့ မျက်စိကိုသိထားခြင်းဖြင့် အားကစားမှာအသုံးဝင်ပါတယ်။ မြားပစ်တာတို့ ၊ သေနတ်ချိန်တာတို့ ၊သားရေကွင်းပစ်တာတို့ဆိုရင် ကိုယ်ကမျက်စိတဖက်ကိုပိတ်ပြီး အားယူလေ့ရှိပါတယ်။

ကိုယ်မသန်တဲ့မျက်လုံးနဲ့ အားယူပြီး ချိန်ပစ်နေလို့ကတော့ မရှောင်ရင်လွတ်တယ် ရှောင်မှထိတဲ့ ဆရာတွပ်ပီ ဖြစ်နေပါလိမ့်မယ်။

ဒီလောက်ဆိုရင် ဘယ်သန်ညာသန်ဆိုတာ လက်မှာပဲရှိတာမဟုတ်ကြောင်းသိသွားပြီမို့လို့ ဒီအကြောင်းတွေကို သူများတွေရှေ့မှာ ဆရာကြီးပြန်လုပ်လို့ရပါပြီခင်ဗျ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started