ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?

စာဖတ်သူတချို့ကလာမေးကြလို့ နည်းနည်းရှင်းပြရင်း စာတပုဒ်ရေးပေးလိုက်ပါတယ်။

လူ့ခန္ဓာကိုယ်ကို ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်က အခြေခံအစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်တွေစုပေါင်းပြီးရင် ပိုကြီးတဲ့ တစ်ရှူး (tissues) ဆိုတာဖြစ်လာပါတယ်။ တစ်ရှူးတွေစုပေါင်းပြီးရင် ကိုယ်အင်္ဂါအစိတ်အပိုင်း (organ) ဆိုတာဖြစ်လာပါတယ်။

Organ ဆိုတာ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ ခြေလက် စသဖြင့် မျက်လုံးနဲ့မြင်ရတဲ့အရာတွေဖြစ်ပါတယ်။ Organs တွေအချင်းချင်းချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့အခါ စနစ်ဆိုတဲ့ system ဖြစ်လာပါတော့တယ်။
ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း၊ သွေးလှည့်အဖွဲ့အစည်း၊ အစာအိမ်နဲ့အစာခြေအဖွဲ့အစည်း စသဖြင့်ဖြစ်လာပါတယ်။

ကျနော်တို့ရဲ့ ဆဲလ်တွေက ပြန်ပွားနိုင်တဲ့အရည်အချင်းပေါ်မူတည်ပြီး အမျိုးအစား ၃ မျိုးခွဲလို့ရပါတယ်။

  1. Labile cells (ကြိုက်သလိုပြန်ပွားနိုင်သော အချိန်မှန်အသစ်လဲနေသောဆဲလ်များ)
  2. Stable cells (လိုအပ်တဲ့အချိန်ရောက်မှပွားပြီး မလိုရင် အေးဆေးငြိမ်နေသောဆဲလ်များ)
  3. Permanent cells (မွေးကတည်းက မပြောင်းလဲပဲ အသစ်ထပ်မဖြစ်တော့သော ဆဲလ်များ) ဆိုပြီး ၃ မျိုးခွဲထားပါတယ်။

ဆံပင်တို့ အရေပြားတို့မှာရှိတဲ့ cell တွေက labile cells တွေဖြစ်လို့ အမြဲတမ်းပြန်ပြန် ပွားနိုင်ပြီး အသစ်လဲနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါကြောင့် ဆံပင်ကပြန်ပေါက်ပြီး လက်သည်းကပြန်ရှည်ကြသလို အရေပြားကလဲ ပေါက်ပြဲတိုင်း အသစ်ပြန်ဖြစ်ကြပါတယ်။

အရပ်ရှည်ခြင်းကတော့ အရိုးနဲ့ဆိုင်ပါတယ်။

အရိုးတချောင်းမှာဆိုရင် အဖျားပိုင်းမှာ growth plate လို့ခေါ်တဲ့ နေရာရှိပါတယ်။ အဲ့ growth plate က အရိုးနုလေးတွေနဲ့ ဖွဲ့စည်းထားပြီး လိုအပ်တဲ့အရွယ်ရောက်ရင် ရှည်လာပါတယ်။

အရိုးနုအပြားရှည်လာရင် အရိုးလဲရှည်လာလို့ အရပ်ထွက်လာပါတယ်။ အထူးသဖြင့် လူပျိုအပျိုဖော်ဝင်ချိန် puberty အရွယ်မှာ ဟော်မုန်းတွေရဲ့လှုံ့ဆော်မှုကြောင့် အရိုးနုအပြားလေးက ရှည်လာပါတယ်။

ဒါကြောင့် အရပ်က အသက် ၁၂နှစ်ကနေ ၁၆နှစ်အတွင်းမှာ မတရားရှည်ထွက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ အရပ်ရှည်နှုန်းကတဖြေးဖြေးကျလာပြီး အသက် ၁၈နှစ်နဲ့ ၂၁နှစ်ကြားဆိုရင် အဲ့ဒီအရိုးနုပြားက ပိတ်သွားပါတယ်။

ဒီလိုပိတ်သွားတဲ့အတွက် အရပ်ကဆက်မရှည်တော့ပါဘူး။ အရိုးနုဆဲလ်တွေက stable cells တွေဖြစ်လို့ လိုတဲ့အချိန်မှာပဲ ပွားပြီး မလိုရင် ဆက်မပွားတော့တဲ့အတွက် အရပ်က တသက်လုံးမရှည်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ အရပ်ရှည်ဖို့အဓိကကျတာက ပေါင်ရိုး (femur) နဲ့ ခြေသလုံးရိုး (tibia and fibula) ဖြစ်ပါတယ်။

မိမိအရပ်ကဘယ်လောက်ထိထွက်နေမှာလဲဆိုတာ အဖြေအတိအကျမရှိပါဘူး။ အကြမ်းဖျင်းပြောရရင် အသက် ၂၀အထိ အရပ်ကနည်းနည်းရှည်နိုင်သေးပါတယ်။ ဒါကလဲ လူတိုင်းအတွက်မဟုတ်ပါဘူး။

မိဘမျိုးရိုး၊ အစားအသောက်၊ အိပ်စက်ခြင်း၊ ကိုယ်ဟန်အနေအထား၊ အားကစား စတာတွေပေါ်မူတည်နေပါတယ်။ မျိုးရိုးဗီဇက ၈၀% လောက်အထိအရေးပါပြီး ကျန်တဲ့အရာတွေက ၂၀% ပဲ အရေးပါပါတယ်။

မိမိဖြစ်လာနိုင်တဲ့ အရပ်အမြင့် အကြမ်းဖျင်းကို တွက်ကြည့်လို့ရပါတယ်။ အဖေရဲ့အရပ်နဲ့ အမေရဲ့အရပ်ကို လက်မနဲ့တိုင်းပြီး ပေါင်းလိုက်ပါ။ ပြီးရင် ၂ နဲ့စားလိုက်ပါ။ ရလာတဲ့အဖြေကို ယောကျ်ားလေးဆိုရင် 2.5 လက်မပေါင်းထည့်ပေးပါ။
မိန်းကလေးဆိုရင် 2.5 လက်မပြန်နုတ်ပေးပါ။

ဒါကအကြမ်းဖျင်းတွက်ကြည့်တာဖြစ်ပြီး ပျမ်းမျှအရပ်ကိုသိနိုင်ပါတယ်။ အတိအကျကတော့ မိမိရဲ့ခန္ဓာကိုယ်ပေါ်မူတည်ပါသေးတယ်။

ကိုယ်လုံးအနေအထားကို မတ်မတ်ရပ်ခြင်း၊ ရင်အုပ်ဖွင့်ပြီး ခါးမတ်မတ်ထိုင်ခြင်း၊ ကုန်းကုန်းကွကွ မနေခြင်း စတာတွေနဲ့လဲ အရပ်ပိုရှည်တယ်လို့ ခံစားရအောင် လေ့ကျင့်လို့ရပါတယ်။

အရပ်ရှည်အောင်ခွဲစိတ်မှုတွေ၊ ဆေးသောက်တာတွေကို တချို့လုပ်ကြပေမယ့် ဒီနည်းလမ်းတွေကိုတော့ အားမပေးပါဘူး။ အန္တရာယ်လဲများသလို ငွေကုန်ကြေးကျလဲများလွန်းပါတယ်။ အာဟာရပြည့်အောင်စားသောက်ပြီး အိပ်ရေးဝအောင်အိပ်ပေးခြင်းကသာ ကျန်းမာသောအရပ်ကိုပိုင်ဆိုင်ရမှာပါ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မျှော်လင့်ခြင်း (Expectation) ရဲ့ ကောင်းကျိုးများ

အရင်တစ်ခါက မျှော်လင့်ခြင်းတွေအကြောင်းရေးခဲ့ဖူးပါတယ်။ အဲ့မှာရေးခဲ့တဲ့အမြင်က Negative ဆန်ပါတယ်။ အခု ကောင်းကျိုးလေးတွေကို ပြောပြချင်ပါတယ်။

မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?
https://ouo.io/YIf8RRZ

ကိုယ့်တက္ကသိုလ်မှာ ကန်ကြတဲ့ ဘော်လုံးပွဲတွေ ကြည့်ဖူးကြမှာပါ။ တစ်နှစ်တစ်ခါကန်တဲ့ ကျောင်းပေါင်းစုံ ဘော်လုံးပြိုင်ပွဲတွေကိုလည်း သွားပြီးအားပေးဖူးကြမှာပါ။
နှစ်ဖက်ပရိသတ်အချင်းချင်း ရန်ဖြစ်တာတွေ၊ အော်ကြဟစ်ကြတာတွေကို ခဏခဏမြင်နေရလို့ ရိုးတောင်နေပါပြီ။
ဒါ့အပြင် ပွဲတိုင်းလိုလိုမှာ ဒိုင်လူကြီးက ဘက်လိုက်တယ်ဆိုပြီး တစ်ဖက်ပရိသတ်ကဖြစ်ဖြစ်၊ ကိုယ့်ကျောင်းကလူတွေကပဲဖြစ်ဖြစ် ပြောတတ်ပါတယ်။

အဲ့ဒီတုန်းကတော့ ဒိုင်ကတကယ်ပဲ ဘက်လိုက်နေတာလို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်ပရိသတ်တွေကတော့ ဘက်လိုက်တယ်လို့ မမြင်ပါဘူး။
ပွဲတစ်ခုကို တူတူကြည့်နေကြပေမယ့် နှစ်ဖက်ပရိသတ်ရဲ့အမြင်ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဖြစ်ရပ်တစ်ခုကို လူ ၂ယောက်က တူတူမြင်လိုက်ပေမယ့် Interpret လုပ်တဲ့အခါ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။

အဲ့ဒီတော့ ဘက်တစ်ခုခုကိုရွေးလိုက်ရင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှာ မြူတွေဆိုင်းသွားလား သိဖို့လိုလာပါတယ်။ မျှော်လင့်ချက်တွေဟာ နေ့စဉ်ဘဝမှာ ဘယ်လောက်အရေးပါလဲ မေးခွန်းထုတ်သင့်ပါတယ်။

ဒါကို စမ်းသပ်ထားတာရှိပါတယ်။ တက္ကသိုလ် ကျောင်းသားတွေကို ဘီယာတိုက်ပြီး စမ်းတာပါ။ တစ်ခုက သာမန်ဘီယာပေမယ့် နောက်တစ်ခုကတော့ ဘီယာထဲကို ရှာလကာရည်ရောထားတာပါ။
ပထမ တစ်အုပ်စုကို ဘယ်ဘီယာက ဘယ်လိုဆိုတာ မရှင်းပြဘဲ သောက်ခိုင်းကြည့်ပြီး ဘယ်ဟာကို ပိုကြိုက်လဲ မေးကြည့်ပါတယ်။ တော်တော်များများက ရှာလကာရည်ရောထားကို ပိုသဘောကျကြပါတယ်။

နောက်တစ်အုပ်စုကိုတော့ ဒီဘီယာမှာ ရှာလကာရည်ရောထားကြောင်း ပြောတဲ့အခါ တော်တော်များများက ရှာလကာရည်မပါတဲ့ ရိုးရိုးဘီယာကိုရွေးသွားကြပါတယ်။

အဲ့ဒီတော့ ကြိုသိထားရင် Feel ကျဲကုန်ကြတဲ့သဘောပေါ့။ သူတို့ကြုံရမယ့်ကိစ္စတစ်ခုဟာ မကောင်းဘူးလို့ လူတွေကိုကြိုပြောထားရင် တကယ်ကြုံလာတဲ့အခါမှာလည်း မကောင်းဘူးလို့ ထင်သွားတတ်ကြတယ်။
အဲ့ဒါကြောင့် ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ဂုဏ်သတင်းကောင်းနေဖို့ အရေးကြီးတာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုမသိသေးပေမယ့် ကိုယ့်သတင်းတွေဟာ ကောင်းမနေဘူးဆိုရင် ကိုယ်နဲ့ဆက်ဆံတဲ့အခါမှာ ကောင်းတယ်လို့ မြင်ဖို့ခက်သွားပါတယ်။

ကောင်းမယ်လို့ ကြိုတွေးထားရင် ကောင်းတယ်လို့ခံစားရပြီး ဆိုးမယ်လို့ကြိုတွေးထားရင် ဆိုးတယ်လို့ ခံစားရတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အမြင်တွေ (Perspectives) ပြောင်းလဲသွားတာလား? ဒါမှမဟုတ် အတွေ့အကြုံတွေ (Experience) အမှန်တကယ်ပဲ ပြောင်းလဲသွားတာလား?

ဒါကိုစမ်းသပ်ဖို့အတွက် ဘီယာစမ်းသပ်ချက်ကို ထပ်ပြီးကွန့်လိုက်ပါတယ်။ ရှာလကာရည်ထည့်ထားကြောင်း ကြိုမပြောဘဲ သောက်ပြီးတဲ့အခါမှ ပြောလိုက်ပါတယ်။ ပြီးတော့မှ သူတို့ကြိုက်လား၊ မကြိုက်ဘူးလားဆိုတာကို မေးကြည့်ပါတယ်။

ဒီလိုမေးတာက သတင်းအချက်အလက်တစ်ခုဟာ လူတွေကို Inform လုပ်ရုံပဲလားဆိုတာ သိချင်တာပါ။ တကယ်သာ Inform လုပ်ရုံပဲဆိုရင် ရှာလကာရည်ခပ်ထားတယ်လို့ မသောက်ခင်ပြောပြော၊ သောက်ပြီးမှ ပြောပြော မပြောင်းလဲသင့်ပါဘူး။ သောက်ပြီးမှပြောလည်း မကြိုက်ဘူးလို့ ဖြေသင့်တာပေါ့။ ဟုတ်တယ်မလား?

အဲ့လိုမဟုတ်ဘဲ သတင်းအချက်အလက်တစ်ခုဟာ လူတစ်ယောက်ရဲ့ Sensory Perception တွေကို သူတို့ရဲ့အသိဉာဏ်နဲ့ ကိုက်ညီအောင် လိုက်ပြောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါဆိုရင် သောက်ပြီးမှ ရှာလကာရည်ပါကြောင်းပြောပြတဲ့အခါ မကြိုက်ဘူးလို့ ဖြေမှာမဟုတ်တော့ပါဘူး။

ကျောင်းသားတွေကတော့ သောက်ပြီးမှ ဒီအကြောင်းကိုသိတဲ့အခါ သူတို့ရဲ့အမြင်တွေပြောင်းမသွားတော့ပါဘူး။ “ကောင်းသားပဲ” လို့သိတဲ့ Sensory Perception ကို ရှာလကာရည်ခပ်ထားတယ်လို့ ပြောတဲ့ Knowledge က မလွှမ်းမိုးနိုင်တော့တာပါ။

ဒါကြောင့် Expectation တွေဟာ လူတွေအတွက်အရေးကြီးပါတယ်။ ကိုယ်ခံစားရတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ကိုယ့်ရဲ့ကြိုတင်မျှော်လင့်ချက်တွေနဲ့ သက်ဆိုင်နေပါတယ်။

ပန်းချီကားတစ်ချပ်ကို လူတစ်ယောက်က ကြည့်ပြီးသဘောကျနေတဲ့အခါ အဲ့ဒီပန်းချီကားကို သူများဆီက Copy ကူးထားတာဖြစ်ကြောင်း ပြောမလား? ရိုးရိုးသားသားနဲ့ လုပ်စားချင်တဲ့သူဆိုရင်တော့ ပြောလိုက်မှာပါ။ ဒါက ကိုယ့်ရဲ့ Original Idea မဟုတ်ဘူးဆိုတာကို အသိပေးမိမှာပါပဲ။

ဒါပေမယ့် သူအာရုံဝင်စားပြီး လေ့လာနေတဲ့အချိန်မှာ သွားမပြောသင့်ပါဘူး။ အဲ့ဒါဆိုရင် ရှာလကာရည်ခပ်ထားတာကို မသောက်ခင် ပြောလိုက်သလို ဖြစ်သွားမှာပါ။
သူကြည့်ပြီးသွားတဲ့အခါမှ သွားပြောသင့်ပါတယ်။ ဒါဆိုရင် ငွေပိုရဖို့ Chance များပါတယ်။ သူ့ရဲ့အကြိုက်က Establish ဖြစ်သွားပါပြီ။ ဒီ Information ကိုသိလိုက်ရလို့ ဘာမှသိပ်မထူးတော့ပါဘူး။

တစ်ဖက်လူကို Manipulate လုပ်တယ်လို့ ပြောရင်လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါဟာ ပြဿနာသိပ်မရှိဘူးလို့တော့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

စီးပွားရေးလုပ်တဲ့အခါမှာလည်း Expectation ကိုတည်ဆောက်ရပါတယ်။ Brand တွေခေတ်စားတာလည်း ဒီသဘောပါပဲ။ တကယ်တော့ Brand တွေဟာ Branded ဖြစ်တဲ့လူတွေ ထင်သလိုမျိုး ထူးထူးခြားခြားကောင်းနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းမယ်လို့ထင်တဲ့ Expectation ကြောင့်သာ စျေးကြီးပေးပြီး ဝယ်နေကြတာပါ။

စျေးကြီးတဲ့စားသောက်ဆိုင်တွေမှာ စားရင် သူတို့ဟင်းပွဲတွေရဲ့ အပြင်အဆင်က တော်တော်ထူးခြားပါတယ်။ အသီးအနှံတွေကို ပုံစံမျိုးစုံရအောင် လှီးဖြတ်ထားသလို၊ ကြက်ဥကိုတောင်မှ လှပအောင် တန်ဆာဆင်ထားတတ်ပါတယ်။ ဒါ့အပြင် ဝိုင်သောက်တဲ့ ဖန်ခွက်တွေဆိုရင်လည်း အိမ်မှာ ရေနွေးကြမ်းသောက်တဲ့ ခွက်တွေနဲ့ မတူပါဘူး။

အရင်ကတော့ ဘာလို့များ အလုပ်ရှုပ်ခံနေကြတာလဲ… အချိန်တန်တော့လည်း ပါးစပ်ထဲရောက်သွားပြီး ပုံပျက်သွားမှာပဲ… နောက်ရက်ဆို ချီးဖြစ်သွားပြီ… ဆိုပြီး တွေးခဲ့မိပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းမယ်လို့ထင်တဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာအောင် ပြင်ဆင်ထားတာပါ။ စျေးများများယူချင်ရင် ဒီလိုပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ဇာတ်လမ်းကြည့်တဲ့အခါမှာလည်း ကျွန်တော်ဆိုရင် Review တွေဖတ်ပြီး IMDb Rating ကို အရင်ကြည့်တတ်ပါတယ်။ လူတိုင်းလည်း ဒီလိုပဲဖြစ်မယ်လို့ ထင်ပါတယ်။ လူပြောများလို့ မဟုတ်ဘဲ Rating မြင့်နေမှ ကြည့်ပါတယ်။
ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် Rating သဘောကို နားမလည်ခဲ့စဉ်က ကြည့်ခဲ့တဲ့ Rating နိမ့်ကားတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် မကောင်းဘူးလို့ စိတ်ထဲမှာ မဖြစ်ခဲ့မိပါဘူး။ အခုလို Rating ကိုလေ့လာပြီး ကြည့်တဲ့အခါ ဇာတ်လမ်းက ဘယ်လောက်ပဲ ပျင်းစရာကောင်းကောင်း “ကောင်းသားပဲ” ဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။

ဒီသဘောတွေကြောင့် စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးတဲ့အခါ အဖြေတစ်ခုရလာမယ်လို့ ထင်တာဟာ ရာနှုန်းပြည့်မှန်မနေတာပါ။ လူတိုင်းက ဘောလုံးပွဲကြည့်တဲ့ ၂ဖက်ပရိသတ်လိုပဲ ကိုယ့်အမြင်ကနေ မဖယ်ခွာနိုင်ကြပါဘူး။ တစ်ဖက်လူ ကိုယ့်အမြင်ကို နားလည်လက်ခံလာအောင် ပြောနိုင်ဖို့က တော်တော်ကြီးကို မလွယ်တာပါ။

စိတ်ပညာမှာ Priming လုပ်တယ်ဆိုတာရှိပါတယ်။ ဘာလဲဆိုတော့ ကိုယ်လိုချင်တဲ့ခံစားချက်မျိုးဖြစ်လာအောင် တစ်ဖက်လူကို Manipulate လုပ်တာပါ။

လူတွေကို ယဉ်ကျေးခြင်း၊ ရိုင်းဆိုင်းခြင်းနဲ့ ဆိုင်တဲ့စကားလုံးတွေကို ပြကြည့်ပြီး စမ်းထားတာကို ပြောပြချင်ပါတယ်။ သူတို့ကို အဲ့လို Priming လုပ်ပြီး ဘာဆက်လုပ်ရမလဲ Instruction ယူဖို့ အခန်းတစ်ခုဆီကို လွှတ်လိုက်ပါတယ်။ အဲ့ဒီအခန်းထဲမှာ သရုပ်ဆောင်နှစ်ယောက်က စကားများနေကြပါတယ်။ သူတို့ပြောတာ ပြီးအောင်စောင့်မလား… စကားဖြတ်ပြောမလား… ပညာရှင်တွေက သိချင်ကြတာပါ။ အဲ့ဒီအခါမှာ ယဉ်ကျေးတဲ့စကားလုံးတွေနဲ့ Priming လုပ်ခံထားရတဲ့သူတွေက စကားဖြတ်ပြောဖို့ ၉မိနစ်ကျော်ကျော် စောင့်ပြီးတော့ ရိုင်းဆိုင်းတဲ့စကားလုံးတွေနဲ့ Priming လုပ်ခံထားရတဲ့သူတွေဟာ ၅မိနစ်ကျော်ပဲစောင့်ကြပါတယ်။

နောက်တစ်ခုက ကျောင်းသားတွေကို အသက်ကြီးတာ၊ အိုမင်းတာနဲ့ဆိုင်တဲ့ စကားတွေနဲ့ Priming လုပ်လိုက်ပါတယ်။ အဲ့ဒီအခါမှာ သူတို့လမ်းလျှောက်တာဟာ အဘိုးကြီးတွေလိုပဲ သိသိသာသာနှေးသွားတယ်လို့ ဆိုပါတယ်။

ဒီတော့ လူတွေရဲ့ စိတ်ဟာ Priming လုပ်ခံရဖို့အတွက် အခွင့်အလမ်းများပါတယ်။ ကိုယ်ကသိနေရင်တော့ ပြဿနာမရှိပေမယ့် အမြဲတမ်း Alert ဖြစ်နေပြီး တန်ပြန်နိုင်ဖို့က သိပ်မလွယ်ပါဘူး။

ဒီတော့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေဟာလည်း ဒါကိုနားလည်တဲ့သူတွေ Manipulate လုပ်တာကို ခံရဖို့ Chance များပါတယ်။ မျှော်လင့်ခြင်းဟာ လူတွေမှာ ဘယ်လောက်အရေးပါလဲဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မသိစိတ်ရဲ့ စွမ်းဆောင်ရည်နှင့် အနာဂတ်ကို ခန့်မှန်းနိုင်ခြင်းများ

လင်မယားတွေ၊ သမီးရည်းစားတွေမြဲမမြဲ လေ့လာတဲ့ စမ်းသပ်မှုတစ်ခုရှိခဲ့ပါတယ်။ တော်တော်များများက ၂၀ ကျော်အရွယ်တွေပါ။ စမ်းသပ်တဲ့သူက သူတို့တစ်တွဲစီကို အခန်းတစ်ခုထဲ ခေါ်ပြီးထိုင်ခိုင်းထားပါတယ်။

သူတို့ရဲ့ လက်တွေ၊ နားတွေမှာ နှလုံးခုန်နှုန်း၊ ချွေးထွက်နှုန်း၊ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတဲ့ Sensor တွေတပ်ပေးထားပါတယ်။ သူတို့ထိုင်တဲ့ထိုင်ခုံအောက်မှာလည်း ခန္ဓာကိုယ်ဘယ်လောက် လှုပ်ရှားမှုရှိသလဲဆိုတာကို တိုင်းတာတဲ့ Sensor တစ်ခုကိုလည်း တပ်ထားပါတယ်။ ဒါ့အပြင် တစ်ယောက်စီကို ကင်မရာတစ်လုံးစီနဲ့ ချိန်ထားပြီး ပြောသမျှကို မှတ်တမ်းတင်ထားပါတယ်။

သူတို့ရဲ့ ပြဿနာတွေကို ၁၅ မိနစ်လောက် ဆွေးနွေးပါဆိုပြီးတော့ ၂ယောက်ထဲထားခဲ့ပါတယ်။ ပညာရှင်က သူတို့ပြောတဲ့စကားတွေကို ၁၅ မိနစ်ပဲ နားထောင်ကြည့်ပြီး နောက် ၁၅ နှစ်နေရင် ဒီအတွဲဟာ ဆက်ပြီးတွဲနေဦးမလား… ကွဲသွားမလား… ဆိုတာ ပြောနိုင်ပါတယ်။

စဉ်းစားကြည့်ရင် မဖြစ်နိုင်သလိုပါပဲ။ အိမ်ထောင်ရေး၊ အချစ်ရေးက ရှုပ်ထွေးပါတယ်။ Factor တွေအများကြီးကို ထည့်စဉ်းစားရပါတယ်။
အဲ့တော့ ၁၅ မိနစ် Video ကြည့်ပီး ကွဲမလား၊ တွဲမလား ဆုံးဖြတ်တာဟာ တော်တော်ကို မဖြစ်နိုင်တာပါ။ စမ်းသပ်သူက စုံတွဲပေါင်း ၁၀၀၀ ကျော်ကို ခေါ်ပြီးစမ်းသပ်ခဲ့ပါတယ်။
သူ့ရဲ့ခန့်မှန်းမှုက ၉၀% ထိမှန်ကန်ပါတယ်။ ၁နာရီတိတိနားထောင်ခွင့်ရရင် သူ့ရဲ့မှန်ကန်မှုက ၉၅% ရှိပါတယ်။ ဒီတော့ သူ ရမ်းတုတ်နေတာ မဟုတ်နိုင်တော့ပါဘူး။

သူ့သုံးတဲ့နည်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အတွဲတွေကို Category အမျိုး ၂၀ လောက်ခွဲလိုက်တာပါ။ ဥပမာ အခန့်လေးစားလုပ်ခြင်း (Contempt) ၊ ဒေါသထွက်ခြင်း (Anger) ၊ အထိမခံခြင်း (Defensiveness) ၊ ငြီးတွားခြင်း (Whining) ၊ ဝမ်းနည်းခြင်း (Sadness) စသဖြင့် အမျိုး ၂၀ လောက်ခွဲထားလိုက်တာပါ။ ပညာရှင်က လူတွေရဲ့ Expression တွေကို ဖတ်ပြီးတော့ ဆုံးဖြတ်ပါတယ်။ (လူတွေရဲ့ Body Language ကိုဖတ်လို့ရတဲ့ အကြောင်း နောက်တော့ရေးပါဦးမယ်)

အဲ့တော့ ၁၅ မိနစ်စာ Video ကိုကြည့်ပြီးတာနဲ့ ဖြစ်ပေါ်ခဲ့တဲ့ Expression တွေအကုန်လုံးကို ချရေးထားလိုက်ပါတယ်။ အဲ့လိုဖတ်ရုံတင်မကဘဲ နှလုံးခုန်နှုန်း၊ ချွေးထွက်နှုန်းတွေနဲ့ ပေါင်းလိုက်တဲ့အခါ တော်တော်တိကျတဲ့ Data တွေရလာပါတယ်။

သူတို့ Analyze လုပ်တဲ့ Conversation တစ်ခုကို ဥပမာအနေနဲ့ ပြောပြချင်ပါတယ်။
ကောင်လေးက ခွေးမမွေးချင်ပါဘူး။ ကောင်မလေးက ခွေးမွေးချင်ပါတယ်။ ဒါပေမယ့် ကောင်လေးက ဒေါသမပါဘဲ စကားကို စလိုက်ပါတယ်။
“ခွေးမွေးရတာ အလုပ်ရှုပ်တယ်ကွာ… သူ့ကိုလိုက်ပြီးဂရုစိုက်နေရမှာ”
“အလုပ်ရှုပ်ပေမယ့် ချစ်စရာကောင်းတယ်လေ”
“ဟုတ်ပါတယ်… ဒါပေမယ့် ဂရုစိုက်ရမှာ အလုပ်မပိုဘူးလား”

ဒီတော့ ကောင်လေးက “ဟုတ်ပါတယ်… ဒါပေမယ့်” လို့ပြောတာဟာ ကောင်မလေးရဲ့ အမြင်ကို လက်ခံတယ်လို့ ပညာရှင်က မယူဆပါဘူး။ ဒါဟာ ကြည့်ကောင်းအောင် စကားအလှဆင်နေတာလို့ပဲ ယူဆပါတယ်။ ဒီတော့ Defensive ဖြစ်တဲ့ Category ထဲကိုထည့်လိုက်ပါတယ်။

အဲ့လိုနဲ့ စကားဆက်ပြောကြရင်း ကောင်မလေးက ကောင်လေးကို မျက်လုံးလှန်ကြည့်ပါတယ်။ အောက်ကပုံလိုမျိုးလုပ်တာကို ပြောချင်တာပါ။

ဒါဟာ စက္ကန့်ပိုင်းလေးပါပဲ။ ဒါပေမယ့် ဒီလိုလုပ်တာဟာ မထီလေးစားလုပ်ခြင်း (Contempt) ကိုပြတယ်လို့ ပညာရှင်က သတ်မှတ်ပါတယ်။

အခုပြောနေတာတွေ အကုန်လုံးက ၁မိနစ်စာလောက်ပဲရှိပါသေးတယ်။ ဒီအတွဲက အပေါ်ယံကြည့်ရင် ရန်ဖြစ်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် ပညာရှင်ကတော့ မသိမသာ ရန်ဖြစ်နေတယ်လို့ သတ်မှတ်ပါတယ်။

လက်ထပ်ထားတာ မကြာသေးတဲ့အတွဲတွေမှာ ခုလိုမျိုး ငြင်းခုန်နေရပြီဆိုကတည်းက ရေရှည်မှာမမြဲဘူးလို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။ အထူးသဖြင့် မထီလေးစားလုပ်ခြင်း (Contempt) ကိုပြတဲ့ အမူအယာကို မြင်နေရတာဟာ Red Flag ပါပဲ။ ဒီ Case မှာတော့ ကောင်မလေးက လိုက်လျောညီထွေမနေတတ်တာဟာ အပြစ်ပဲလို့ ဆိုပါတယ်။
အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုရင် Positive Emotion တွေက Negative Emotion တွေထက် ၅ဆလောက် ပိုများနေရမယ်လို့ သူ့ရဲ့လေ့လာမှုအရ ဆိုပါတယ်။

ဒါကို Thin-Slicing လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ ရှည်ရှည်ဝေးဝေး ရှုပ်ရှုပ်ထွေးထွေးတွေ မစဉ်းစားဘဲ ရှိတဲ့ Data နဲ့ Interpret လုပ်လိုက်တာမျိုးပေါ့။ ဒါတွေကို မသိစိတ်ကလုပ်နေတာပါ။ လူတိုင်းဟာ ဒီလိုမျိုး မလုပ်နိုင်ပေမယ့် မသိစိတ်ကို ပျိုးထောင်ကြည့်လို့ရပါတယ်။

ပညာရပ်တစ်ခုကို ကာလကြာရှည် လေ့လာခဲ့တဲ့အခါ ကိုယ့်ရဲ့စိတ်ထဲမှာ ထင်တဲ့အရာတွေဟာ မှန်ကန်နေတတ်တာမျိုးပေါ့။ ဥပမာ ဆရာဝန်ကြီးတွေဆို အတွေ့အကြုံများတဲ့အတွက် ရောဂါလက္ခဏာ မထင်မရှားတစ်ခုနဲ့ လာရင်တောင် ဘာရောဂါဖြစ်နိုင်မလဲဆိုတာ သိနေသလိုပေ့ါ။

World War 2 တုန်းကလည်း ဂျာမန်တွေအချင်းချင်းပို့တဲ့ Morse Code ကို British တွေက ကြားဖြတ်နားထောင်ခဲ့ဖူးပါတယ်။ သူတို့အချင်းချင်းဘဲသိတဲ့ Code ကို Morse Code နဲ့ကြားခံပြီး ပို့ကြတာပါ။ ဒီတော့ Morse Code ကိုနားလည်ပေမယ့် အစပိုင်းမှာ ဘာမှနားမလည်ပါဘူး။

Morse Code (English)

ဒါပေမယ့် နားထောင်ပါများလာတဲ့အခါ ဘယ်သူက ပို့နေလဲဆိုတာ သိလာရပါတယ်။ ပြောချင်တာက သူတို့ရဲ့ Unit မှာ Morse Code ပို့တဲ့သူ ဘယ်နှယောက်ရှိလဲဆိုတာ သိလာတာမျိုးပါ။

ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် အဖြတ်အတောက်၊ လက်ဆလက်န ကွာလို့ပါ။ အဲ့တော့ Code ကိုမဖော်နိုင်ပေမယ့် ဘယ်အဖွဲ့ကပို့နေတာလဲ၊ ပို့တဲ့သူရဲ့ Personality ဘယ်လိုရှိလဲဆိုတာကို မှတ်တမ်းတင်ထားပါတယ်။ (တော်တော်ကို စည်းစနစ်ကျတဲ့ British တွေပါ)

A person sending morse code

ဘယ်သူကပို့လဲဆိုတာ ရုပ်မြင်ပြီး သိတာမဟုတ်ပါဘူး။ သူတို့ရဲ့ လက်အသုံးပြုတဲ့အသံ၊ အဖြတ်အတောက်ပေါ်မူတည်ပြီး ကိုယ့်ဘာသာပဲ မောင်မြ၊ မောင်လှ စသဖြင့် ခွဲထားလိုက်တာပါ။ အဲ့ဒီတော့ ပို့တဲ့လူ ဘယ်ဒေသရောက်ရောက် သူ့ကို နားထောင်နေကြလူက အခြားလူတွေရဲ့ အသံတွေကြားထဲကနေ မှန်မှန်ကန်ကန် ခွဲခြားနိုင်ပါတယ်။

ဒါကို သွယ်ဝိုက်တဲ့နည်းနဲ့ British တွေက အသုံးချခဲ့ပါတယ်။ ဥပမာ Morse Code ပို့တဲ့ မောင်မြဟာ နေ့တိုင်း ၁၂ နာရီမှာ ပို့တယ်ဆိုပါစို့။ တိုက်ပွဲကြီးကြီးတစ်ခု ဖြစ်ပြီးတဲ့အခါ သူက ၁၂ နာရီမှာတစ်ခါ၊ ၃နာရီမှာ တစ်ခါ၊ ည ၁၀ နာရီမှာတစ်ခါ ပို့နေပြီဆိုရင် သူတို့ Unit က အလုပ်တော်တော်ရှုပ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါဆိုရင် စစ်ပြင်နေတာများလားဆိုပြီး အဲ့ဒီ Unit နားမှာရှိတဲ့ ကိုယ့်ရဲ့တပ်တွေကို သတင်းပေးထားလို့ရပါတယ်။
အသံကြားရုံနဲ့ ဘယ်သူပို့နေလဲဆိုပြီး ခွဲခြားနိုင်တာဟာ တော်တော်ထူးဆန်းပါတယ်။

ဒါတွေဟာ မသိစိတ်ရဲ့ စွမ်းဆောင်မှုတွေပါပဲ။
အပေါ်မှာပြောခဲ့တဲ့ အတွဲတွေရဲ့စမ်းသပ်ချက်မှာဆိုရင် ပညာရှင်က တစ်ဆင့်တက်ပြီး နောက်တစ်ခုကို ခန့်မှန်းပြပါတယ်။ မထီလေးစားခြင်းတွေ ပါလာရင် တစ်ဖက်လူမှာ ဘယ်လောက်အအေးမိမလဲ ဆိုတာကို ခန့်မှန်းလိုက်တာပါ။ ပြောချင်တာက Stress များလွန်းလို့ ကိုယ်ခံအားကျပြီး အအေးခဏခဏမိတာပါ။ ဒါလည်း မှန်နေတာပါပဲ။

အဲ့ဒီတော့ ကိုယ့်ရဲ့ အထင်တစ်ခုနဲ့ ဆုံးဖြတ်ချက်တွေချတာဟာလည်း တခါတခါမှန်နေတတ်ပါတယ်။ ပညာရပ်တစ်ခုမှာ ကျွမ်းကျင်လာလေလေ အထင်နဲ့ဆုံးဖြတ်တာဟာ မှန်တတ်လေလေပါပဲ။ ကိုယ်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာများလာလို့ တစ်ဖက်လူရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တာဟာလည်း ဒီသဘောပါပဲ။

ဒီတော့ ကိုယ့်စိတ်ကို အထင်တော့မသေးစေလိုပါဘူး။ ခုလို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုတာ ခက်ခဲပေမယ့် စိတ်က လုပ်နိုင်ပါတယ်။ ကားမမောင်းတတ်ခင်မှာ အရာရာကို သိစိတ်နဲ့ထိန်းချုပ်ရပေမယ့် ကျွမ်းကျင်သွားတဲ့အခါ မသိစိတ်နဲ့ပဲ လွှတ်ထားလို့ရသွားပါတယ်။
ဒါကြောင့် ပညာရပ်တစ်ခုကို ဒီလိုမျိုး ကျွမ်းကျင်လာတဲ့အထိ Second Nature လို ဖြစ်လာအောင် ကြိုးစားလေ့လာသင့်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဘုရားပုံတော်ကိုမြင်ရင် ပြစ်မှားချင်လာသော စိတ်အခြေအနေ

ခေါင်းစဥ်ကို စိတ်ဝင်စားအောင်ပေးထားတာဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ဒီလိုစိတ်ဝေဒနာမျိုးက ဗုဒ္ဓဘာသာတခုတည်းမှာကြုံရတာမဟုတ်ပါဘူး။

ဘာသာတရားတိုင်းမှာလိုလို ဘာသာရေးနဲ့ စိတ်အစွဲတွေရောပြီးဖြစ်တတ်တဲ့ စိတ်ရောဂါအုပ်စုကိုခြုံပြီးဆိုလိုချင်တာဖြစ်ပါတယ်။

အဲ့လိုဖြစ်တဲ့ရောဂါကို Scrupulosity လို့ခေါ်ပါတယ်။ ဘာသာရေးအရဖြစ်ဖြစ် ကျင့်ဝတ်အရဖြစ်ဖြစ်မသင့်လျော်တဲ့ ကိစ္စတွေကို တွေးမိ လုပ်ချင်မိတဲ့စိတ်ရောဂါဆန်းဖြစ်ပြီးတော့ OCD (Obsessive Compulsive Disorder) ရဲ့အခွဲရောဂါတခုပါပဲ။

OCD အကြောင်းကိုတော့ အောက်က link မှာဖတ်ကြည့်လို့ရပါတယ်။

https://ouo.io/JHL0t7

ဒီရောဂါကဘာဖြစ်တာလဲဆိုတော့ ဘုရားဆင်းတုတွေမြင်ရင် ဆဲချင်လာတာတို့၊ ဘုရားပုံတော်ကိုမြင်မိရင် လိင်ပိုင်းဆိုင်ရာအတွေးတွေဝင်လာတာတို့၊ ဘုရားနဲ့ ညစ်ညမ်းတဲ့ပုံတွေကိုတွဲမြင်နေတာတို့ စတာတွေပါဝင်ပါတယ်။

တခါတုန်းက facebook မှာ အဲ့အကြောင်းဝန်ခံထားတဲ့ post တခုတောင်ဖတ်မိပါသေးတယ်။
Post ပိုင်ရှင်အမျိုးသမီးက သူ့စိတ်ကြောင့် သူစိတ်ညစ်ရပုံကို ရေးထားတာပါ။

သူရေးထားတာကိုမှတ်မိသလောက်ပြန်ပြောပြရရင် သူကဘာသာတရား လိုက်စားပါတယ်။
ဒါပေမယ့် ဘုရားရှိခိုးနေရင်း ဘုရားကိုအာရုံပြုနေရင်း ညစ်ညမ်းတဲ့ပုံတွေနဲ့ ဘုရားကိုတွဲမြင်မြင်မိနေပါတယ်တဲ့။ သူကမကောင်းမှန်းသိပေမယ့် စိတ်ကလုံးဝဖျောက်လို့မရဘဲ အဲ့လိုဖြစ်ဖြစ်နေလို့ သူရူးနေပြီလားဆိုပြီး မေးထားတာပါ။

ကျနော်ရှာဖတ်ကြည့်သလောက်တော့ ဒီလိုကိစ္စက ရှားတော့မရှားလှတာကို တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာလဲ သူတို့ဆိုင်ရာဘာသာရေးအရ အဲ့လိုပြဿနာဖြစ်တာတွေရှိပါတယ်တဲ့။

အထူးသဖြင့် church ကျောင်းမှာဘုရားစာဆိုနေတုန်း ဆဲချင်လာတာတို့၊ သင်းအုပ်ဆရာကို စိတ်ကပြစ်မှားမိနေတာတို့ စသဖြင့် မကောင်းတဲ့စိတ်တွေဝင်ဝင်လာတယ်လို့ဆိုပါတယ်။ သူတို့ကိုယ်တိုင်လဲ မလုပ်သင့်မှန်းသိပေမယ့် စိတ်ကိုထိန်းမရလေတော့ အပြစ်ရှိတယ်လို့ အမြဲခံစားနေရပါတော့တယ်။

ငါတော့ ငရဲအိုးထဲ စောက်ထိုးကျတော့မယ် ဆိုပြီးတွေးကာ တနေ့တနေ့လန့်နေတတ်ကြပါတယ်။ ဒီလို အစွဲလမ်းတွေဖြစ်လာတဲ့အတွက် သူတို့ထပ်လုပ်တတ်တဲ့ အပြုအမူတွေက compulsive ဖြစ်လာပါတော့တယ်။

ငရဲကြီးမှာကြောက်လို့ အရင်ကထက်ပိုပြီး ဘုရားရှိခိုးတာ၊ ဘုရားစာရွတ်တာ စတာတွေပိုလုပ်ကြသလို တချို့ကျတော့လဲ ဘုရားသွားရင် ဘုရားကိုမြင်နေမှာစိုးလို့ ဘုရားရှိမယ့်နေရာတွေ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြပါတော့တယ်။

ခရစ်ယာန်ဘာသာမှာတော့ အပြစ်ဝန်ခံခြင်းဆိုတဲ့သဘောတရားရှိလို့ ဒီလိုလူတွေက မကြာမကြာ အပြစ်ဝန်ခံပြီး (အာပတ်ဖြေတယ်ပဲခေါ်မလား) အပြစ်ကျေအောင်လုပ်တတ်ပါတယ်။

ဗမာအယူအဆကတော့ အောက်လမ်းကပြုစားတာတို့ မကောင်းတဲ့ဝိညာဥ်ပူးကပ်နေလို့ စိတ်တွေရိုင်းဝင်နေတာဆိုပြီး ယတြာချေတာ ၊ ဘာသာရေးအစီရင်လုပ်တာတွေ ရှိကြပါတယ်။ စိတ်ပညာအရကတော့ ဒါက OCD ရောဂါမူကွဲတခုပဲဖြစ်လို့ OCD ရောဂါကို ကုသ သလိုပဲ ကုသကြပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ ဘာသာရေးအစွဲအလမ်းကြီးလွန်းသူတွေ၊ ဘာသာတရားကို ကြောက်ရွံစိတ်နဲ့ ယုံကြည်သူတွေ၊ ဘာသာတရားရဲ့အဓိကအနှစ်သာရကို တန်ဖိုးမထားဘဲ လူတွေပါးစပ်ပြောကိစ္စတွေကိုပဲ ယုံကြည်ကြသူတွေမှာ တွေ့ရတတ်ပါတယ်။

ဒီဝေဒနာရှင်တွေက ဘာသာတရားပိုကိုင်းရှိုင်းတယ်လို့ပြောလို့မရသလို ဘာသာတရားနဲ့ကင်းဝေးနေတာမျိုးလဲမဟုတ်ပြန်ပါဘူး။

တခြားသောအကြောင်းအရာတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။ ဥပမာ နေ့တိုင်းဘုရားရှိခိုးတတ်တဲ့သူက တရက်မရှိခိုးမိရင် ဘုရားကသူ့ကို ပစ်ပယ်တော့မယ်တွေးပြီး ဘုရားကိုကြောက်စိတ်နဲ့ ကိုးကွယ်လာတာမျိုးကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ဒီရောဂါက လူသိပ်မသိကြသလို ကုသရတာလဲမလွယ်ကူပါဘူး။
စိတ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်လို့ စိတ်ကိုဦးစားပေးကုသလေ့ကျင့်ရမှာပါ။

ဆေးဝါးနဲ့ကုသကြသလို CBT လို့ခေါ်တဲ့ Cognitive Behavioural therapy နဲ့ စိတ်ကိုပြုပြင်ကုသပေးခြင်းဖြင့် ဝေဒနာသက်သာနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဖျောက်မရသောအစွဲများနှင့် Obsessive compulsive disorder (OCD)

အရင့်အရင် post တွေတုန်းက OCD အကြောင်းကို အနည်းငယ်ဖော်ပြဖူးပါတယ်။
အခုတော့ တောင်းဆိုတဲ့သူတွေများလာလို့ OCD သီးသန့်ရေးပေးလိုက်ပါတယ်။

OCD ဆိုတာ စိတ်ဝေဒနာတမျိုးဖြစ်ပြီး Obsessive Compulsive Disorder လို့ခေါ်ပါတယ်။ သူ့အကြောင်းကို ၂ပိုင်းခွဲမြင်လို့ရပါတယ်။
သူ့နာမည်အတိုင်းပဲ Obsessive အပိုင်းနဲ့ Compulsive အပိုင်းတို့ဖြစ်ပါတယ်။

Obsessive ဖြစ်တယ်ဆိုတာ အစွဲအလမ်းစိတ်တခုဖြစ်တာကိုဆိုလိုတာပါ။
တနည်းအားဖြင့် အတွေးတခု ကိစ္စတခုကို စိတ်အာရုံထဲမှာဖျောက်လို့မရဘဲ ထပ်တလဲလဲတွေးမိနေတာမျိုးပါ။

ဥပမာ ညအိပ်ခါနီး ငါတံခါးတွေပိတ်ပြီးပြီလား… သူခိုးတွေဝင်လာရင်ဘယ်လိုလုပ်မလဲလို့ တွေးမိတာပါ။ ပုံမှန်လူဆိုရင် တခါတွေးမိမယ်။ တံခါးသွားပိတ်မယ်။ ပြီးရင် စိတ်ချလက်ချအိပ်မယ်ပေါ့။

OCD သမားကကျတော့ တွေးမိပြီး တံခါးသွားပိတ်လိုက်ပေမယ့် အိပ်ရာထဲရောက်ရင် ထပ်တွေးမိပြန်ပါတယ်။ ငါတံခါးပိတ်တာ သေချာရော သော့ခတ်မိရဲ့လားလို့ တွေးကာ နောက်တခါသွားစစ်ပြန်ပါတယ်။

တခါအိပ်ရာထဲရောက်ရင် တံခါးပိတ်ပြီးသလားကိုပဲထပ်တွေးမိပြန်ပါတယ်။ “ငါကိုယ်တိုင်သေချာပိတ်ခဲ့တာပဲလေ” လို့ဖြေတွေးတွေးလို့မရအောင်ကို ဖြစ်နေတာပါ။
“နင်ကအမြဲ နမော်နမဲ့နိုင်တာပဲ… ဘာလုပ်လုပ်ရှပ်ပြာရှပ်ပြာနဲ့ သေချာမပိတ်မိရင်ဘယ်လိုလုပ်မှာလဲ” ဆိုပြီး ထပ်တလဲလဲတွေးနေလိုက် တံခါးကိုထကြည့်လိုက်နဲ့ အဲ့တစ်ညလုံးကောင်းကောင်းကို အိပ်လို့မရတော့ပါဘူး။

ဒီဥပမာမှာ တံခါးမပိတ်မိမှာစိုးတဲ့အတွေးကို Obsession လို့ခေါ်ပါတယ်။
အဲ့အတွေးကြောင့် လိုက်လုပ်မိနေတဲ့လုပ်ရပ်ကို Compulsion လို့ခေါ်တာပါ။ တံခါးပိတ်ပြီးမပြီး သွားစစ်ဆေးတာက Compulsion ဖြစ်ပါတယ်။

စွဲလမ်းတဲ့အတွေးကြောင့် လိုက်လုပ်မိနေတယ်။
Obsession ကြောင့် Compulsion ဖြစ်နေတဲ့သဘောပါ။

အဲ့အစွဲတွေက မကောင်းမှန်း မတွေးသင့်မှန်းသိနေပေမယ့် စိတ်ကိုက မတွေးရမနေနိုင်ဖြစ်နေတာမို့ အတော်စိတ်ညစ်စရာကောင်းပါတယ်။

တချို့OCD တွေဆိုရင် နေ့စဥ်ဘဝကိုပါဒုက္ခပေးလာပါတယ်။
အပေါ်ကလို တံခါးမပိတ်မိမှာစိုးတဲ့ OCD သမားက အလုပ်သွားဖို့ အပြင်ထွက်မယ်ဆိုရင် တံခါးကိုစိတ်မချလို့ ပြန်စစ်နေရတာနဲ့ အချိန်ကုန်ပြီး အလုပ်နောက်ကျ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရပါတယ်။

OCD အမျိုးအစားတွေကတော့ အစုံရှိပါတယ်။

ပထမတခုက Contamination OCD ပါ။
သူစိတ်စွဲနေတာက သူခန္ဓာကိုယ်မှာ ပိုးမွှားတွေအမြဲရှိနေတယ် ညစ်ပတ်နေတယ်ဆိုပြီးတွေးနေတာပါ။
အဲ့ဒီပိုးတွေမရှိအောင် ၅မိနစ်တခါ ထပ်တလဲလဲလက်ဆေးတာတို့၊ ရေခဏခဏချိုးတာတို့လုပ်တတ်ကြပါတယ်။

နောက်တမျိုးက Checking OCD သမားပါ။
သူက Ever စစ်ဆေးနေတတ်တဲ့သူပါ။
စိတ်မချတဲ့အရာတွေက တံခါးမပိတ်မိမှာတို့၊ Gas အိုးမပိတ်မိဘဲ Gas တွေထွက်လာမှာတို့၊ မီးဖိုချောင်က မီးဖိုမပိတ်မိမှာတို့ စတာတွေကို စိုးရိမ်နေတတ်ပါတယ်။ သာမန်လူတွေလဲ တခါတခါစိတ်မချဘဲ ပြန်စစ်ဆေးတတ်ပေမယ့် OCD သမားတွေလိုတော့ ထပ်တလဲလဲ အကြိမ်ကြိမ်ဘယ်သူမှမစစ်နေပါဘူး။

သူတို့က လုပ်ပြီးသားကို မေ့သွားကြတာလားလို့မေးရင်လဲ အဲ့လိုမှတ်ဉာဏ်မကောင်းတာမျိုးမဟုတ်ပါဘူး။
စိတ်ကိုက လုပ်ပြီးမှန်းသိပေမယ့် ပိုသေချာအောင်လုပ်ချင်ကြတာပါ။ အနည်းဆုံးတရက်ကို အချိန် ၁နာရီကျော်ကြာအောင် အဲ့လို အလုပ်တွေထပ်တလဲလဲလုပ်နေတတ်ပါသတဲ့။

တတိယတမျိုးကကျ Counting/Repeating OCD သမားပါ။
တခုခုကို အမြဲတမ်းရေတွက်နေတတ်တဲ့ လူတွေပါ။
Arithmomania လို့လဲခေါ်ပါတယ်။
ဖြတ်သွားဖြတ်လာလူတွေကို ရေတွက်နေတတ်သလို လှေကားထစ်တွေ၊ အဆောက်အဆုံအထပ်တွေ၊ နံရံကကြွေပြားအရေအတွက် စသဖြင့် မြင်သမျှရေတွက်နေကြသူတွေဖြစ်ပါတယ်။

နောက်တမျိုးကတော့ Symmetry or Orderly OCD သမားတွေပါ။
တခုခုဆိုရင် တိတိကျကျနဲ့ အံဝင်ခွင်ကျ စီစီရီရီလိုချင်ကြသူတွေပါ။ စာအုပ်တွေစောင်းနေတာမြင်ရင် မနေတတ်သူ၊ ကောဇောတွေ စောင်တွေ မညီရင်မနေတတ်ဘဲ လိုက်ပြုပြင်ပေးနေသူတွေပါ။

ပိုဆိုးတာက တချို့ဆိုရင် မြက်ပင်တွေမညီမညာဖြစ်နေတာကို မြင်ရင်မနေနိုင်ဘဲ ကတ်ကြေးတလက်နဲ့ ညီအောင်ညှိပေးနေတာမျိုးအထိရှိကြပါတယ်။

ဒါတင်မကသေးပါဘူး။ Hoarding OCD ဆိုတာလဲရှိပါသေးတယ်။ သူကကျတော့ အရေးကြီးတာတွေ မှားပြီးလွှင့်ပစ်မိတာစိုးတဲ့သူတွေပါ။ ဘာကိုမှမလွှင့်ပစ်ရဲတော့ဘဲ တွေ့သမျှအကုန်သိမ်းထားတတ်သူတွေပါ။ တချို့ကျတော့လဲ မလိုတဲ့ပစ္စည်းတွေကို ကြိုစုထားတတ်ကြပါတယ်။ အရေးကြီးရင် ဝယ်မရမှာစိုးလို့ လိုလိုမလိုလို ကြိုစုထားတာကလဲ Hoarding OCD ပါပါတယ်။

စုတတ်တဲ့ပစ္စည်းတွေကဘေးလူကြည့်ရင် ရယ်စရာကောင်းနေတတ်ပြီး သူ့အတွက်တော့ မဝယ်ရရင်မနေနိုင်တာပါ။ ဥပမာ အရေးအကြောင်းဆိုရင် စီးစရာဖိနပ်မရှိမှာစိုးပြီး ဖိနပ်မြင်တိုင်းဝယ်စုတာမျိုးပါ။

တချို့ကလဲ စာအုပ်စုပါတယ်။ သူများတွေစုတာနဲ့မတူတာက ဒီဝယ်ပြီးသားစာအုပ်ကိုပဲ ဆိုင်အမျိုးမျိုးရောက်တိုင်း ထပ်တလဲလဲဝယ်စုတာမျိုးပါ။ ရည်ရွယ်ချက်ကတော့ တအုပ်ပျောက်သွားရင် ဖတ်စရာမရှိတော့မှာစိုးလို့တဲ့။ တကယ်က သူ့အိမ်မှာအမျိုးအစားတူစာအုပ်ချည်းပဲ အထပ်လိုက်ရှိနေပါပြီ။

နောက်ထပ် OCD အမျိုးအစားတွေကျန်ပါသေးတယ်။ အလျဥ်းသင့်တဲ့အခါ သပ်သပ်တပုဒ်အနေနဲ့ထုတ်ပြီးရေးပါဦးမယ်။

OCD တွေဘဝက သနားစရာကောင်းပါတယ်။
ခက်ခဲပင်ပန်းပြီး စိတ်ညစ်ညူးစရာကောင်းလှတာမို့ သူတို့က ဒီဝေဒနာကနေ အမြန်ဆုံးလွတ်မြောက်ချင်ကြပါတယ်။ ကုသတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပြီး မကုဘဲထားရင် တော်ရုံနဲ့ပျောက်ကင်းလေ့မရှိပါဘူး။

ဆေးကုသမှုခံယူသူထဲမှာတောင် ၇၀% လောက်ပဲ သက်သာပျောက်ကင်းကြပြီး ၁၅% ကကောင်းလဲမကောင်းဆိုးလဲမဆိုးလာပါဘူး။
ကျန်တဲ့ ၁၅% လောက်ကတော့ ကုနေရင်းကို ပိုဆိုးလာတတ်ပါတယ်။

ဆေးဝါးနဲ့ကုသလို့ရသလို စိတ်ကိုကုတာမျိုးလဲရှိပါတယ်။
ဆေးပညာအရ ဒီရောဂါက ဦးနှောက်ရဲ့ serotonin ဆိုတဲ့ chemical အလုပ်လုပ်မှုမမှန်ကန်လို့ဆိုတာ တွေ့ရလို့ serotonin ပြန်တက်စေတဲ့ဆေးတွေပေးကြပါတယ်။

Cognitive Behavior Therapy (CBT) ဆိုတဲ့ စိတ်နဲ့အပြုအမူကို နှစ်သိမ့်ပြုပြင်ပေးတဲ့ကုထုံးကိုလဲသုံးကြသလို Exposure and Response prevention ဆိုတဲ့နည်းနဲ့လဲ ကုသပေးကြပါတယ်။

မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ ဖေးမနားလည်ပေးမှုကလဲအရေးကြီးသလို မိမိကိုယ်တိုင်ရဲ့ စိတ်ခွန်အားပေါ်လဲမူတည်ပါတယ်။ OCD သမားတွေက ဒီအပြုအမူတွေကြောင့် ရှက်ဖို့ကြောက်ဖို့မလိုဘဲ နည်းမှန်လမ်းမှန်နဲ့ ကုသမှုခံယူဖို့သာလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started