မြန်မာ့လူအဖွဲ့အစည်း အသိုင်းအဝိုင်းမှာ အရင်နှစ်တွေကအထိ စိတ်ရောဂါအထူးကုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင်ဆီမှာ နှစ်သိမ့်ဆွေးနွေးတာတွေကို ခံယူရမယ်ဆိုရင် တော်တော်များများက မသွားလိုကြပါဘူး။ “ငါက ရူးနေတာမဟုတ်ဘူး။ စိတ်ကျန်းမာရေးကို ရူးနေတဲ့သူပဲ သွားရတာ။ အရူးထောင်ထဲထည့်ရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အတွေးအခေါ်တွေကနေ ဒီဘက်ခေတ်ကာလတွေမှာ တိုးတက်လာတဲ့ နည်းပညာတွေကြောင့်ရော စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားတဲ့အယူအဆတွေကြောင့်ပါ လူငယ်လူကြီးမရွေး နှစ်သိမ့်ဆွေးနွေးတာတွေ တွင်ကျယ်လာကြတာပဲဖြစ်ပါတယ်။ သို့ပေမယ့် နှစ်သိမ့်ဆွေးနွေးရမှာကို ဝန်လေးနေတဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒီစာစုကိုဖတ်ကြည့်ပြီးရင်တော့ နှစ်သိမ့်ဆွေးနွေးတာနဲ့ပတ်သက်လို့ အမြင်ရှင်းလင်းသွားမယ်လို့ ယုံကြည်ပါတယ်။
၁. ဘာလို့ မခံယူလိုကြသလဲ။
လူတိုင်းဟာ ကိုယ့်မှာ ခံစားနေရတာတွေကို အတူနေ ရင်းနှီးတဲ့ မိသားစု သူငယ်ချင်းကိုတောင် ပြောပြဖို့ ခက်ကြပါတယ်။ ဒီလိုအနေအထားမှာ သူစိမ်းလိုဖြစ်နေတဲ့ နှစ်သိမ့်ဆွေးနွေးသူ(counsellor) ကို ပြောဖို့က ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ သူတို့ဆီမှာရှိကြမှာပါ။ “ဒါကို ပြောပြလိုက်ရင် ငါ့လျှို့ဝှက်ချက်တွေ သိသွားမယ်၊ အဆင်မပြေတာတွေသိသွားမယ်ဆိုရင် ငါ့ကိုအထင်သေးကဲ့ရဲ့မလား” ဆိုတဲ့ စိတ်တွေရှိကြပါတယ်။ နောက်တစ်ချက်ကတော့ အပေါ်က ပြောတဲ့ အယူအဆအမှားတွေ ဖြစ်တဲ့ စိတ်ရူးသွပ်တဲ့သူတွေလို ဆေးရုံတက် ဆေးကုသမှု ခံယူရမယ်လို့ ယူဆတာတွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကုသမှုဟာ များသာအားဖြင့် စရိတ်ကြီးမြင့်တာကြောင့် ဖြစ်ပါတယ်။
၂. ဘာကြောင့် ခံယူသင့်သလဲ။
Counsellor များဟာ စိတ်ရောဂါကုထုံးတွေနဲ့ နည်းစနစ်တွေနဲ့ ကျင့်ဝတ်တွေကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် သင်ယူလေ့လာထားရတဲ့သူတွေမို့ သူတို့ဆီမှာ နှစ်သိမ့်ဆွေးနွေးတဲ့သူရဲ့ အချက်အလက်တွေကို လုံခြုံအောင် ထိန်းသိမ်းစောင့်စည်းကြရပါတယ်။ နောက်ပြီး နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်တဲ့အတွက် သင့်ရဲ့ ခံစားချက်တွေကိုနားထောင်ပေးပြီး သင့်အပေါ်မှာ နွေးထွေးမှုနဲ့ ကောင်းတဲ့အကြံဉာဏ်တွေ ပေးနိုင်ဖို့ သူတို့က ကြိုးစားကြမှာဖြစ်ပါတယ်။ အဲ့တာကြောင့် မိသားစုနဲ့မိတ်ဆွေတွေကို မပြောလို ရင်မဖွင့်လိုတဲ့ အကြောင်းအရာတွေရှိကြတဲ့အခါ
counsellor တွေဆီရောက်လာကြပါတယ်။ ပြီးတော့ ဆေးဝါးကုသမှုတွေဟာလည်း လိုအပ်မှသာ စိတ်ရောဂါအထူးကုဆရာဝန်တွေက ပေးကြတာမျိုးဖြစ်ပါတယ်။ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးနဲ့အလွယ်ဆုံး နည်းလမ်းက နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ စကားပြောဆိုခြင်းအားဖြင့် ကိုယ့်ကဲ့ စိတ်ဖိစီးမှု ပြဿနာတွေကို ကုသပေးနိုင်သလို ကိုယ်ခန္ဓာကျန်းမာရေးမကောင်းမှုကြောင့် ဖြစ်လာတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုလည်း သမားတော်တွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး အဖြေရှာ ကုသပေးကြပါတယ်။
နှစ်သိမ့်ဆွေးနွေးခြင်းဟာ လူကြီးရောလူငယ်ပါ ခံယူနိုင်တဲ့ ကုသမှုဖြစ်ပါတယ်။ ယခုဆိုရင် online ကနေလည်း ကုသမှုခံယူနိုင်လာတာကိုတွေ့ရပါတယ်။ ဆယ်ကျော်သက်လူငယ်အရွယ်တွေမှာ ပတ်ဝန်းကျင် မိသားစု ပညာရေးကြောင့် ဖြစ်တတ်တဲ့ စိတ်ဝေဒနာ စိတ်ဓာတ်ကျမှုတွေရှိသလို လူကြီးပိုင်းတွေမှာလည်း အလုပ်ခွင် မိသားစုနဲ့ ကျန်းမာရေးကြောင့်ဖြစ်ရတဲ့ စိတ်ဝေဒနာတွေလည်း ရှိကြတာမို့ နှစ်သိမ့်ဆွေးနွေးခြင်းဖြင့် စိတ်ကို ကျန်းမာနေအောင် နေထိုင်ဖို့ အရေးကြီးပါတယ်။
Dr. Jason
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။













