ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 2)

လူတိုင်း သင့်တော်တဲ့အစာကို ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးတယ်။
ဒီအပြင် ကိုယ်တစ်နေ့ကို စွမ်းအင်ဘယ်လောက်လိုအပ်လဲဆိုတာ အကြမ်းဖျင်းသိသင့်ပါတယ်။
နေ့စဉ်စွမ်းအင်ဘယ်လောက်လိုအပ်လဲ သေချာမသိရင် စွမ်းအင် အပို၊ အလိုများရှိနေနိုင်ပြီး ကိုယ့်ဆန္ဒမပါဘဲ ပိန်ခြင်း၊ ဝခြင်းများကိုဖြစ်စေနိုင်ပါတယ်။
ကိုယ်နေ့စဉ်လိုအပ်တဲ့ စွမ်းအင် (Calorie) ပမာဏကို တွက်ချက်ပြီး စားသုံးနိုင်ရင် ပိုကောင်းတယ်။
အဲ့တော့ တစ်နေ့စွမ်းအင်ဘယ်လောက်လိုအပ်လဲ ဘယ်လိုတွက်ကြမလဲ။

ကိုယ်အလေးချိန်ကိုသိရုံနဲ့ အောက်ပါဇယားကိုကြည့်ပြီး တွက်ချက်ကြည့်နိုင်ပါတယ်။

ဥပမာ သင်ဟာ 50kg (110 ပေါင်) ရှိတဲ့ အသက် ၁၈-၃၀ ကြားအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုပါစို့။
(14.7 x 50) + 496 = 1231 calories (အခြေခံလိုအပ်သော စွမ်းအင်)

ပြီးရင် ကိုယ်ဘယ်လောက် ခန္ဓာကိုယ်လှုပ်ရှားမှုရှိလဲ တွက်ဆကြည့်ရမယ်။
အထိုင်များတဲ့လူ – 0.2
လမ်းအနည်းငယ်လျှောက်သူ (၂မိုင်ထက်မပို) – 0.3
အထိုင်နည်းပြီး လှုပ်ရှားမှုများတဲ့သူ (စက်ဘီးနင်း၊ တင်းနစ်ကစား) – 0.4
လှုပ်ရှားမှုအလွန်များတဲ့သူ (အားကစားလုပ်၊ အလုပ်ကြမ်းလုပ်) – 0.5
အသေးစိတ်ကို အောက်ပါဇယားမှာကြည့်ပါ။

ဥပမာ ကိုယ်က ခန္ဓာကိုယ်လှုပ်ရှားမှုမှာ 0.3 ရရင် အပေါ်မှာတွက်ခဲ့တဲ့ နံပါတ်နဲ့ မြှောက်ပါ။
1231 x 0.3 = 369.3 calories (ခန္ဓာကိုယ်လှုပ်ရှားဖို့လိုတဲ့ စွမ်းအင်)

အစာချေဖို့ စုပ်ယူနိုင်ဖို့လည်း စွမ်းအင်လိုပါတယ်။
အဲ့ဒီအတွက် ပထမနံပါတ်နဲ့ ဒုတိယနံပါတ်ကို ပေါင်းပေးရပါတယ်။
ပြီးရင် 10% ကိုပြန်ယူရပါတယ်။
1231 + 369.3 = 1600.3 calories
1600.3 calorie x 10% = 160 calories (အစာချေဖို့ လိုတဲ့စွမ်းအင်)

နံပါတ် ၃ ခုလုံးကို ပေါင်းလိုက်တဲ့အခါမှ တစ်နေ့လိုအပ်တဲ့စွမ်းအင်ပမာဏကို ရရှိပါပြီ
1231 + 369.3 + 160 = 1760.3 calories (တစ်နေ့အမှန်တကယ်လိုအပ်တဲ့စွမ်းအင်)

ဥပမာပြထားတဲ့ မိန်းကလေးသည် လိုတဲ့စွမ်းအင်ထက် ပိုစားရင် ဝလာမယ်၊ လျော့စားရင်ပိန်လာမယ်၊ ပုံမှန်စားရင်တော့ သူ့ရဲ့အလေးချိန်ကို ထိန်းထားနိုင်မယ်။

အဆီ ၁ပေါင်တက်လာဖို့ 3500 calories လိုတာထက်ပိုစားဖို့ လိုအပ်တယ်။ ကျဖို့လည်း အဲ့ဒီနည်းအတိုင်းပဲ။
မိန်းကလေးက တစ်နေ့ 2000 calories စားတယ်ဆိုပါစို့။
သူတကယ်လိုတာ 1760 calories ပဲဆိုတော့ 240 calories နေ့စဉ်ပိုစားမိနေတယ်။
တွက်ကြည့်လိုက်ရင် ၁၄-၁၅ ရက်ကြာလာတဲ့အချိန်မှာ သူ့မှာ အဆီ ၁ပေါင်တက်လာလိမ့်မယ်။

အဆီ ၁ပေါင်ကျဖို့လည်း ဒီနည်းအတိုင်းလုပ်နိုင်တယ်။
တစ်ရက်ကို 500 calories လိုတာထက် လျော့စားနေတယ်ဆိုပါစို့။
၇ ရက်နေရင် သူ့မှာ အဆီ ၁ပေါင်ကျနေလိမ့်မယ်။
ကိုယ့်ဘာသာလေ့ကျင့်ခန်းတိုးလုပ်ပြီး လျော့ရင် အကျပိုမြန်တယ်။
(အလေးချိန်အကျမြန်ခြင်းသည် မကောင်းပါ။ အဲ့အကြောင်းသီးသန့်ထပ်ရေးပါဦးမယ်)

ခုလောက်ဆို Calorie တွက်နည်းတွေကိုသိသွားပြီး တွက်တတ်ပြီလို့ထင်ပါတယ်။
ဒီလောက်နဲ့မပြီးသေးပါဘူး။
ကိုယ်ဘယ်လောက်လိုအပ်လဲဆိုတာသိသွားရင် လိုချင်တဲ့ခန္ဓာကိုယ်မျိုးရအောင် ဘာတွေကိုဘယ်လိုစားရမလဲဆိုတာ သိဖို့လိုပါသေးတယ်။

(Part 3 မှာ ဆက်လက်ဖော်ပြသွားပါမယ်)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အိပ်လျှင်ဟောက်ခြင်းနှင့် ကျန်းမာရေးပြဿနာများ

သင်သည် ဟောက်တတ်သူဖြစ်ပါက အချိန်ခဏပေးပြီး အောက်ပါမေးခွန်းများနဲ့ ကျန်းမာရေးအခြေနေကိုဆန်းစစ်ကြည့်လိုက်ပါ။

အိပ်စက်နေတုန်း ဟောက်တတ်သူများက ရုတ်တရက်အသက်ဆုံးရှုံးနိုင်ခြေပိုများတယ်ဆိုတာဟုတ်ပါသလား?

ဟုတ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အိပ်ရင်းဟောက်တတ်သူများဟာ သာမန်လူများနဲ့နှိုင်းယှဥ်တဲ့အခါ ရုတ်တရက်သေဆုံးနိုင်ခြေပိုမြင့်မားတာကိုတွေ့ရပါတယ်။

ဆေးပညာမှာ အိပ်ရင်းဟောက်တတ်တာကို Obstructive Sleep Apnea (OSA) လို့ ခေါ်ပါတယ်။ ဗမာလိုတော့ “အိပ်ဟောက် ရှုပိတ်”ရောဂါလို့ သုံးနှုန်းတတ်ကြပါတယ်။

ဒီရောဂါခံစားရသူများက မိမိဘာသာသတိမထားမိကြဘဲ အခြားသောရောဂါများနဲ့တွဲလာတဲ့အခါမှ သိကြတာများပါတယ်။

Obstructive Sleep Apnea ရောဂါရှိနေပါက -နှလုံးစည်းချက်မမှန်သောရောဂါ
-နှလုံးသွေးကြောကျဥ်းရောဂါ
-သွေးတိုးရောဂါ
-ဆီးချိုသွေးချိုရောဂါ
-လေဖြတ်ခြင်းစသော နောက်ဆက်တွဲရောဂါများ ဆက်စပ်ဖြစ်ပွားနိုင်သောကြောင့် မိမိမှာ OSA ရောဂါရှိမရှိ ကြိုတင်ဆန်းစစ်ရှာဖွေဖို့လိုအပ်ပါသည်။

သင့်မှာ ဒီရောဂါရှိမရှိကို အောက်ပါမေးခွန်းများနှင့် အကြမ်းဖျင်း ဆန်းစစ်ကြည့်၍ရပါသည်။

သင့်အနေနဲ့ အောက်ပါ ဘယ်လိုအခြေနေတွေမှာ အိပ်ငိုက်လေ့ (သို့) ငိုက်မြည်းလေ့ ၊ အိပ်ပျော်သွားလေ့ရှိတတ်ပါသလဲ?

(၁) စာထိုင်ဖတ်နေတဲ့အခါ
(၂) TV ကြည့်နေတဲ့အခါ
(၃) နေအိမ်ပြင်ပ လူအများနဲ့ရှိနေတဲ့အခါ
(ဥပမာ အစည်းဝေးတက်နေရင်း သို့မဟုတ် ရုပ်ရှင်ရုံပြဇာတ်ကြည့်နေရင်း)

(၄) တစ်နာရီကျော်ကြာအောင်မနိုးတမ်းအိပ်နေရင်း ကားလိုက်စီးတဲ့အခါ
(၅)နေ့လယ်နေ့ခင်း ခြေဆန့်လက်ဆန့်ခဏအနားယူတဲ့အခါ
(၆) တစုံတယောက်နဲ့ စကားထိုင်ပြောနေတဲ့အခါ
(၇) နေ့လယ်စာစားပြီးနောက် အရက်မသောက်ထားဘဲ ခဏထိုင်နေတဲ့အခါ
(၈) ကားမောင်းရင်း မီးပွိုင့်ခဏမိတဲ့အခါ

အထက်ပါအခြေနေတခုချင်းစီအတွက် စဥ်းစားပြီး

တခါမှအိပ်မငိုက်ဖူးပါက – သုညမှတ်
တခါနှစ်ခါ ငိုက်မြည်းဖူးပါက – တစ်မှတ်
မကြာမကြာ အိပ်ငိုက်ဖူးပါက – နှစ်မှတ်
အမြဲတမ်းလိုလို အိပိငိုက်နေပါက – သုံးမှတ် ပေးပါ

မေးခွန်းများကိုဖြေဆိုရင်း ရရှိလာသောအမှတ်များကိုပေါင်းလိုက်ပါ။
စုစုပေါင်းရမှတ်
၀ မှ ၁၀ အတွင်းရရှိပါက = ပုံမှန်အိပ်ငိုက်ခြင်း
၁၁ – ၁၂ ဆိုပါက = mild (အနည်းငယ်)
၁၃ – ၁၅ ဆိုပါက = moderate (အတော်အသင့်)
၁၆ – ၂၄ ဆိုပါက = severe (အလွန်ဆိုး)

ဟုအကြမ်းဖျင်းသတ်မှတ်နိုင်ပြီး
Mild အဆင့်မှစ၍ ဆေးရုံဆေးခန်းများသို့သွားရောက်ကာ သက်ဆိုင်ရာဆရာဝန်များနှင့် ဆက်လက်စစ်ဆေးအတည်ပြုသင့်ပါတယ်။

အထက်ဖော်ပြပါမေးခွန်းများမှာ ယေဘုယျ အကြမ်းဖျင်းဆန်းစစ်ခြင်းဖြစ်ပြီး ရမှတ်အနည်းအများရရှိခြင်းသည် Obstructive Sleep Apnea ရောဂါရှိမရှိဟု အတိအကျပြောဆို၍မရနိုင်ကြောင်း ၊ ဆက်လက်စစ်ဆေးဖို့လိုအပ်ကြောင်း အသိပေးပါရစေခင်ဗျာ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 1)

ဝိတ်တက်လိုက်ကြလိုက်၊ ဖောင်းလိုက်ပိန်လိုက်နဲ့ သံသရာလည်နေသူတွေ ပတ်ဝန်းကျင်မှာ အမြဲတွေ့နေရမှာပါ။
ဝိတ်ချတုန်းခဏ ပိန်သွားပြီး ရပ်လိုက်တဲ့အခါ ဆက်ပိန်မနေတော့ဘဲ ပြန်ဝလာသူတွေလည်း ဒုနဲ့ဒေးပါပဲ။
လူအတော်များများရဲ့စိတ်ပျော်ရွှင်မှုဟာ မိမိရဲ့ကိုယ်အလေးချိန်ပေါ်မှာ မီတည်တယ်လို့ မိမိဘာသာ သိသိနဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေ သတ်မှတ်ထားတတ်ကြတယ်။
အရင်က ဝတယ်ပြောရင်ဂုဏ်ယူခဲ့ကြတဲ့ မျိုးဆက်တစ်ခုရှိခဲ့ဖူးပေမယ့် ယနေ့လူငယ်တွေမှာတော့ အဲ့လိုခံယူချက်မျိုးမရှိကြတော့ပါဘူး။
ပိန်ချင်ပိန်၊ ဝချင်ဝ မိမိအခွင့်အရေးပဲလို့ခံယူကြပါတယ်။ ဒါဟာလက်ခံသင့်တဲ့ အမှန်တရားတစ်ခုပါ။
ဒါပေမယ့် ပိန်ခြင်း၊ ဝခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သိထားသင့်ပါတယ်။

ပိန်လွန်းရင် ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့တယ်။ ကိုယ်ခံအားလည်းမကောင်းလို့ ရောဂါပိုးတွေ ခဏခဏဝင်နိုင်တော့ မကြာမကြာဖျားနာတတ်တယ်။ အိမ်ထောင်ပြုရင် ကလေးမရနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပိန်လွန်းတာလည်း တစ်ခုအပါအဝင်ပဲ။ ငယ်စဉ်ဘဝကတည်းက အာဟာရမပြည့်ခဲ့ရင် လူကောင်သေးသေးညှက်ညှက်ဖြစ်နိုင်တယ်။

ဝလွန်းရင်ဖြစ်နိုင်တဲ့နောက်ဆက်တွဲများကိုတော့ လူတိုင်းနီးပါး ကြားဖူးနားဝရှိကြမှာပါ။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ သည်းခြေအိတ်မှာ ကျောက်တည်၊ လေဖြတ်၊ အရိုးနာရောဂါတွေ ဖြစ်နိုင်တယ်။ အိပ်ရင်ဟောက်ပြီး အသက်ရှုခဏရပ်သွားတတ်တယ်။ ခုနောက်ပိုင်းမှာ ကင်ဆာရောဂါအချို့ဟာ အဝလွန်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိလာကြတယ်။

အဲ့တော့ ပိန်တယ်၊ ဝတယ်ဆိုတာ အမြင်နဲ့ပဲဆုံးဖြတ်မှာလားဆိုပြီး မေးစရာရှိလာပါတယ်။
ဆေးပညာမှာတော့ BMI (Body Mass Index) နဲ့ဆုံးဖြတ်ကြပါတယ်။ BMI ပုံမှန်အတွင်း ရှိလျှင် မပိန်လွန်း၊ မဝလွန်းလို့ သတ်မှတ်လို့ရတယ်။
တွက်ဖို့လည်း ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်သိဖို့ပဲလိုအပ်တယ်။
တွက်ချင်ရင် အောက်ပါ Link မှာ အလွယ်တကူ တွက်ကြည့်နိုင်ပါတယ်။
https://www.nhlbi.nih.gov/health/educational/lose_wt/BMI/bmicalc

ကျန်းမာရေးအတွက် BMI ပုံမှန်ထက်လွန်နေရင် ဝိတ်ဘယ်လိုပြန်ချမလဲ။
BMI ပုံမှန်အတွင်းရောက်လာရင်ရော ပြန်မဝအောင်ဘယ်လိုဆက်ထိန်းကြမလဲ။


အဓိက ပြဿနာက အစားအသောက်ဖြစ်တယ်။ အလေးချိန်ချဖို့ အစားအသောက်ရှောင်တဲ့အချိန်မှာ အကုန်လုံးရှောင်ပြီး ဘာမှသိပ်မစားကြဘူး။ အဲ့တော့ အလေးချိန်တော့ကျပါရဲ့ စိတ်ထဲမှာ ငါစားချင်တာမစားရဘူး၊ ဒီကာလပြီးရင်တော့ ဘာတွေဘယ်လိုတွေ စားပစ်မယ်ဆိုပြီး တွေးရင်း သည်းခံထားကြတယ်။
တကယ်လည်း ဝိတ်ချတယ်ဆိုတဲ့ကာလပြီးသွားရော ထိန်းခဲ့သမျှ စိတ်ကိုလွှတ်ပေးပြီး စားချင်တာလျှောက်စားကြတော့တာပဲ။
တခါတလေ စိတ်လွတ်ကိုယ်လွတ်စားတာဟာ သာမန်လူတွေအတွက် အကြောင်းမဟုတ်ပေမယ့် အကျင့်တစ်ခုလိုဖြစ်လာခဲ့ရင် ပြန်ဝဖို့ ရာနှုန်းများသွားပြီ။
အဲ့ဒါကြောင့် ပညာရှင်တွေကတော့ အလေးချိန်ကိုမြန်မြန်ချဖို့မစဉ်းစားကြဘဲ မှန်မှန်ချဖို့ကို အလေးပေးကြတယ်

အစားအသောက်ကိုလည်း မငတ်ရုံတမယ်စားမယ့်အစား ရေရှည်တစ်သက်လုံးစားသွားနိုင်တဲ့ Diet မျိုးကို စဉ်းစားကြတယ်။
အစားရှောင်နေရတယ်ဆိုတဲ့အသိမျိုးမဝင်စေဘဲ ခုလိုစားနေရတာဟာ ပုံမှန်စားနေကြ Diet ပဲဆိုတဲ့အသိမျိုးရအောင် လုပ်ကြတယ်။
အရသာပိုင်းအရ အစားထိုးနိုင်ပြီး Calorie လည်းနည်းတဲ့အစာမျိုးကို ပြောင်းလဲစားသောက်ကြတယ်။
အချိန်ပေးနိုင်ရင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခုကိုပါ တွဲပြီးလုပ်သင့်တယ်။

(Part 2 မှာ နေ့စဉ်စွမ်းအင်ဘယ်လောက်လိုအပ်လဲ၊ ဘယ်လိုတွက်ချက်ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ရေးသားသွားပါမယ်)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆုပေး ဒဏ်ပေးစနစ် (carrot & stick system) နှင့် အပြုအမူကိုပြောင်းလဲကြခြင်း

စိတ်ပညာနှင့် လူသားတို့အပြုအမူကိုလေ့လာကြတဲ့အခါ behaviour တခုကို ဘယ်လိုပြောင်းလဲကြသလဲ (သို့) ဘယ်လိုပြောင်းလဲအောင်လုပ်မလဲဆိုတဲ့အကြောင်းကို conditioning လို့သုံးနူန်းကြပါတယ်။

သက်ရှိများအနေနဲ့ ဆက်လက်ရှင်သန်ဖို့အတွက် evolution နဲ့လိုက်လျောညီထွေဖြစ်ဖို့ အပြုအမူတွေကို အများကြီးပြောင်းလဲခဲ့ရပါတယ်။

အပြုအမူတွေကိုပြောင်းလဲတဲ့အခါ အမှားတွေလုပ်မိရင် မှတ်ထားပြီး မှန်အောင်ပြောင်းလဲသင်ယူလာကြပါတယ်။ ဒါကို trial and error သဘောလို့ဆိုကြပါတယ်။

အပြုအမူတခူကိုပြောင်းလဲအောင်လုပ်တဲ့အခါကျ ဆုပေး ဒဏ်ပေးစနစ် ကိုကျင့်သုံးကြပါတယ်။
Carrot & stick approach လို့လဲခေါ်ပါတယ်။

ဒီအကြောင်းကို psychologist B.F. Skinner ကကျယ်ကျယ်ပြန့်ပြန့်လေ့လာရှာဖွေခဲ့ပါတယ်။
Psychology မှာ ဆုပေးဒဏ်ပေးစနစ်ကို
သုံးပြီး အပြုမူတွေပြောင်းလဲစေတာကို Operant conditioning လို့ခေါ်ပါတယ်။

ဒီ Operant conditioning မှာ လိုချင်တဲ့ behaviour တခုကို ပိုမိုခိုင်မာစေဖို့ ဆုပေးတဲ့စနစ်(reinforcement or reward) ကိုသုံးပါတယ်။

Reinforcement မှာ ၂မျိုးရှိပါတယ်။
Positive နဲ့ Negative reinforcement ပါ။

Positive reinforcement ဆိုတာ
ဥပမာ အတန်းထဲမှာအဆင့်တစ်ရတဲ့အခါ ဆုပေးတဲ့သဘောပါ။
အဆင့်တစ်ရရင် ဆုရတယ်ဆိုတာကိုသိလာတဲ့အခါ
ဆုရဖို့ အပြုအမူတွေကိုပြောင်းလဲပြီး ပိုမိုခိုင်မာစေပါတယ်။

Negative reinforcement ကတော့
ဥပမာ အိမ်မှာအမြဲတမ်း ပန်းကန်ဆေးရတဲ့ကျောင်းသားလေးဆိုပါတော့ သူအဆင့်တစ်ရတဲ့အခါ တပတ်တိတိ ပန်းကန်ဆေးဖို့မလိုဘူးလို့အိမ်ကသတ်မှတ်ပေးလိုက်တာမျိုးပါ။ Unpleasant experience တခုကိုဖယ်ပေးလိုက်တာမျိုးပါ။
ဆုသီးသန့်ပေးတာမျိုးမဟုတ်ဘဲ အပြုမူကိုပိုခိုင်မာစေတာပါ။

မလိုလားတဲ့ အပြုမူကို နည်းသွားအောင် ပပျောက်သွားအောင်လုပ်တာကိုတော့ punishment လို့ခေါ်ပါတယ်။

Punishment မှာလဲ Positive နဲ့ Negative ဆိုပြီး ၂မျိုးရှိပါတယ်။

Positive punishment ကတော့ အပြစ်ပေးတာမျိုးပါ။ ဥပမာ စာမေးပွဲကျလို့ ရိုက်တဲ့သဘောပါ။
စာမေးပွဲကျရင်အရိုက်ခံရမယ်ဆိုတဲ့ အသိကြောင့် စာမလုပ်တဲ့အပြုအမူနည်းသွားဖို့ ပျောက်သွားဖို့ punishment ကိုသုံးပါတယ်။

Negative punishment ကကျ ဥပမာ စာမေးပွဲကျတဲ့အခါ ဖုန်းသုံးခွင့်ပိတ်လိုက်တာ ဂိမ်းပေးမဆော့တော့တာမျိုးပါ။ ရှိပြီးသားခံစားခွင့် pleasant experience တခုကိုဖယ်ပစ်လိုက်တဲ့သဘောပေါ့။

ကဲ…ဒီလောက်ဆိုရင် Operant conditioning ရဲ့ reinforcement, punishment တွေအကြောင်းအနည်းငယ်နားလည်သွားလောက်မယ်လို့ ယုံကြည်ပါတယ်။
သင်ရော ဘယ်လို နည်းတွေနဲ့ conditioning အလုပ်ခံခဲ့ရဖူးလဲ? မိမိပတ်ဝန်းကျင်မှာ
ဘယ်နည်းတွေသုံးနေတာကိုရော သတိထားမိလဲ?

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 2)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။
ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။)

မိန်းမက ယောကျာ်းကို သူကြုံခဲ့ရသောကိစ္စတစ်ခုကို ပြန်ပြောပြနေတယ်လို့ မြင်ယောင်ကြည့်ပါ။
ယောကျာ်းက နားထောင်ပြီး အကြံပေး အဖြေရှာပေးသောအခါ မိန်းမကစိတ်ဆိုးသွားလျှင် မိမိကို ယုံကြည်လေးစားမှုမရှိတော့ဟု မှတ်ယူသွားတတ်ကြသည်။
ထိုအခါ မိန်းမပြောသော complaint များကို ဆက်လက်နားထောင်လိုစိတ် လျော့နည်းလာသည်။
မိန်းမသည်လည်း မိမိပြောသမျှကို နားမထောင်ဘဲ ပြောချင်ရာစွတ်ပြောပြီး အဖြေများကိုသာပေးနေသော ယောကျာ်းကို စိတ်ပျက်လာသည်။
ဒီလိုဆိုရင် ပြဿနာကိုစာဖတ်သူ မြင်နိုင်မယ်ထင်ပါသည်။

အနာသိရင်ဆေးရှိဆိုသလို ပြဿနာကိုသိလျှင် ဖြေရှင်းဖို့နည်းလမ်းလည်း ရှိပါသည်။
ယောကျာ်းတို့အနေဖြင့် အဖြေ (Solution) များကို မတောင်းဘဲနှင့် မပေးဘဲ မိန်းမတို့ပြောသမျှသေချာနားထောင်ပေးရလိမ့်မည်။
လိုအပ်ရင် လိုအပ်သလို စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးခြင်း၊ နားထောင်နေကြောင်း အမူအယာပြခြင်း၊ စကားဆက်ပြောရန် ထောက်ပံ့ခြင်း (ဥပမာ ဟုတ်လား… အဲ့လိုဆို ပင်ပန်းနေရောပေါ့…) စသဖြင့် အထက်ပါပြဿနာကို ဖြေရှင်းနိုင်သည်။
စိတ်ပါဝင်စားစွာ နားထောင်ပေးခြင်းသည် အပန်းမကြီးလှဘဲ အကျိုးကျေးဇူးများသည်။
နားထောင်နိုင်စွမ်း မြင့်သောသူသည် အချစ်ရေးအတွင်သာမက အခြားလူမှုရေးကိစ္စများတွင်ပါ အောင်မြင်မှုရဖို့ အခွင့်အရေးသာသည်။

မိန်းမတို့အနေဖြင့် ယောကျာ်းတို့မတောင်းဘဲ ထင်မြင်ချက် (Suggestion) များမပေးမိရန်လိုအပ်သည်။
အကယ်၍ပြောလိုသောအခါ ယောကျာ်းသည် ပြဿနာ၏အစိတ်အပိုင်း တစ်ခုအဖြစ်မြင်အောင်မပြောဘဲ ပြဿနာ၏အဖြေအဖြစ်ထင်လာအောင် ပြောနိုင်လျှင် နာခံလွယ်သည်
ဥပမာ အလုပ်မှာချည်းပဲ အချိန်ကုန်နေတာပဲ။ တစ်ရက်လောက်ခွင့်ယူလိုက်ပါလားလို့ အပြစ်တင်သလို ပြောမယ့်အစား အလုပ်မှာချည်းပဲ အချိန်ကုန်နေရတာ ပင်ပန်းမှာပေါ့။ ခွင့်တစ်ရက်လောက်ယူပြီး နားလို့ရရင် ပင်ပန်းတာတွေသက်သာသွားမယ်ထင်တယ်ဆိုပြီး ပြောခြင်းဟာ ပိုနားဝင်လွယ်သည်။

အချင်းချင်းနားလည်မှုရှိခြင်းသည် ဖြစ်လာနိုင်သော ပြဿနာတော်တော်များများကို ရှောင်ရှားနိုင်ဖို့ အခွင့်အရေးပိုများသည်။

(Part 3 တွင် အမြဲတွေ့နေရတတ်သော Relationship ပြဿနာအချို့ကို ဆက်လက်ရေးသားသွားပါမည်)

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started