ယောကျာ်းနို့သီးခေါင်းနှင့် Evolution

ဆင့်ကဲပြောင်းလဲမှုသီအိုရီ (Evolution) ကို အစပြုဖော်ထုတ်ပြီး သူ့ခေတ်ရဲ့ ပြဿနာတစ်ခုဖြစ်တဲ့ သက်ရှိတွေဘယ်ကဖြစ်လာသလဲဆိုတာကို ဖြေရှင်းခဲ့တာကတော့ Charles Darwin ပါ။
ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ အရင်ကအသုံးဝင်ခဲ့ပြီး အခုအသုံးမဝင်တော့တဲ့ အစိတ်အပိုင်းတွေရှိနေပါတယ်။
အဲ့ဒီပြဿနာကို ဆင့်ကဲပြောင်းလဲမှုသီအိုရီက ဖြေရှင်းပေးနိုင်ပါတယ်။

ယောကျာ်းရဲ့နို့သီးခေါင်း (Male’s Nipples)

မိန်းမတွေမှာ နို့တိုက်ဖို့အတွက် နို့သီးခေါင်းဟာ လိုအပ်ပေမယ့် ယောကျာ်းမှာ ဘာအတွက်မှမလိုအပ်ပါဘူး။
မလိုအပ်ဘဲဘာကြောင့်ရှိနေရသလဲဆိုရင် အမေ့ဝမ်းဗိုက်ထဲမှာနေခဲ့ရတဲ့ သန္ဓေသားဘဝကိုပြန်သွားရပါမယ်။
ယောကျာ်း၊မိန်းမ လိင်မသဲကွဲခင်ကာလမှာ ကျွန်ုပ်တို့အားလုံးသည် မိန်းကလေးအဖြစ်နဲ့ရှိခဲ့ကြတယ်။
ယောကျာ်းအဖြစ် ဘာကပြောင်းလဲသွားစေလဲဆို ယောကျာ်းဖြစ်ဖို့မျိုးရိုးဗီဇသယ်လာသော သုတ်မှာပါတဲ့ ယောကျာ်းဟော်မုန်း (Testosterone) ကြောင့်ပဲဖြစ်တယ်။

မြီးညောင်ရိုး (Coccyx)

ကျွန်တော်တို့ရဲ့လူ (Homo sapiens) မဟုတ်သေးသော ဘိုးဘေးဘီဘင်တွေမှာ အမြီးတွေရှိခဲ့ကြတယ်။ သူတို့အတွက် အမြီးဟာရွေ့လျားဖို့နဲ့ ခန္ဓာကိုယ်ဟန်ချက်အတွက် အသုံးဝင်ခဲ့တယ်။
လူဟာ မတ်မတ်လျောက်နိုင်လာတဲ့အချိန်ကစပြီး အမြီးရဲ့အထောက်အပံ့ယူစရာမလိုတော့ဘူး။
Natural Selection ဟာ မလိုတော့ရင် ပေကပ်မနေတတ်တဲ့ သဘောရှိတဲ့အတွက် အမြီးဟာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။
ဒါပေမယ့် မွေးကင်းစကလေးတွေမှာ တခါတခါ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုအဖြစ် အမြီးပါလာတတ်တယ်။

အမွှေးထောင်ခြင်း (Erection of Hair)

အေးရင်ကျက်သီးထတယ်ဆိုတာ ရှိကြတယ်။ ကြောက်ရင်လည်း ကျက်သီးထတာပဲ။

အမွှေးထောင်ခြင်းဟာ ခန္ဓာကိုယ်က အပူတွေအပြင်မထွက်အောင်တားပေးတယ်။ (ဥပမာ ငှက်တွေကိုကြည့်ပါ)
ဒါပေမယ့် လူရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးတွေကတိုတိုလေးတွေဖြစ်ကုန်ပြီဆိုတော့ အပူကိုအပြင်မထွက်အောင် ထိထိရောက်ရောက် မတားပေးနိုင်တော့ဘူး။
ဒါပေမယ့် Evolution ရဲ့လက်ကျန်အစိတ်အပိုင်းတစ်ခုအဖြစ် အေးတဲ့အခါ ကျက်သီးထလာတတ်တယ်။

ကြောက်ရင်၊ အန္တရာယ်နဲ့ရင်ဆိုင်ရရင် အမွှေးထောင်ခြင်းအားဖြင့် ခန္ဓာကိုယ်ကိုပိုကြီးမားစေတယ်။ (ဥပမာ ကြောင်တွေကိုကြည့်ပါ)
အခု ကျွန်ုပ်တို့မှာကျန်ခဲ့တဲ့ အမွှေးအရှည်အရ အမွှေးထောင်လည်း ခန္ဓာကိုယ်ထူးပြီး မကြီးသွားစေပါဘူး။
ဒါပေမယ့် စိတ်ခံစားချက်ပြင်းထန်လာရင် ကျက်သီးထစမြဲပါပဲ။
နောက်တစ်ခါ သရဲကားကြည့်ရင်း ကျက်သီးထရင် Evolution ကြောင့်ဆိုတာ သတိရပေးပါ။

အခြားအသုံးမလိုတော့တဲ့ အစိတ်အပိုင်းတွေ ခန္ဓာကိုယ်မှာများစွာကျန်ရှိပါသေးတယ်။
အလျင်းသင့်သလိုဆက်လက်ရေးသားသွားပါမယ်။
Thanks for reading.

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မိဘဘိုးဘွားတွေအတွက် ၁၀နှစ်အတွင်း နှလုံးသွေးကြောပိတ်နိုင်ချေ တွက်ပေးကြည့်ပြီးပြီလား?

မတွက်ပေးရသေးရင် တွက်ရမယ့်နည်းလမ်းလေးတွေကို အောက်မှာဖတ်ကြည့်ရအောင်!

အသက်ရွယ်ကြီးရင့်လာသည့်နှင့်အမျှ နှလုံးရောဂါတိုက်ခိုက်ခံရနိုင်ချေ လေဖြတ်နိုင်ချေများ တစတစမြင့်မားလာပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ နှစ်စဥ် သေနှုန်းအမြင့်ဆုံးရောဂါမှာနှလုံးသွေးကြောကျဥ်း၍ နှလုံးကြွက်သားပုပ်သောရောဂါကြောင့်ဖြစ်ပါတယ်။

ဆယ်နှစ်အတွင်း နှလုံးသွေးကြောပိတ်၍ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ
(10 Years Atherosclerotic Cardiovascular Risk) ကို တွက်ချက်နိုင်ဖို့အတွက်
အောက်ပါအချက်အလက်များထည့်သွင်းစဥ်းစားရပါတယ်။

-အသက် (Age)
-ကျား/မ (Gender)
-ဆီးချိုသွေးချိုရှိ/မရှိ (Diabetes)
-ဆေးလိပ်သောက်ခြင်းရှိ/မရှိ (Smoking History)
-အပေါ်သွေးပေါင်ချိန် (Systolic Blood Pressure)
-ကိုယ်အလေးချိန်နှင့်အရပ်အချိုး (Body Mass Index)

အထက်ပါအချက်အလက်များကိုအသုံးပြု၍ အောက်ပါဇယားထဲတွင် ဆန်းစစ်ကြည့်နိုင်ပါသည်။

အစိမ်းရောင်နှင့် အဝါရောင်အကွက်ထဲတွင်ကျရောက်ပါက လက်ရှိအချိန်တွင်
နှလုံးသွေးကြောကျဥ်းနိုင်ချေနည်းပြီး

လိမ္မော်ရောင်နှင့် အနီရောင်အကွက်ထဲတွင်ကျရောက်ပါက လက်ရှိအချိန်တွင် နှလုံးသွေးကြောပိတ်နိုင်ချေမြင့်မားသဖြင့် နီးစပ်ရာ ဆရာဝန်သမားတော်များနှင့် သွားရောက်ပြသပြီး ဆက်လက်စစ်ဆေးသင့်ပါသည်။

သင့်ထံတွင် ၂ပတ်အတွင်းစစ်ဆေးထားသော သွေးတွင်းအဆီဓာတ် ဆေးစစ်ချက်အဖြေများရှိပါက အောက်ပါ linkတွင်လဲသွားရောက်တွက်ချက်ကြည့်နိုင်ပါသည်။

https://tools.acc.org/ascvd-risk-estimator-plus/#!/calculate/estimate/

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 3)

ဒီအပိုင်းမှာတော့ လိုအပ်တဲ့စွမ်းအင်ကိုပြည့်မီအောင် ဘယ်လိုစားကြမလဲဆိုတာ ပြောပြပေးပါမယ်။
ကိုယ်နေ့စဉ် သွားရည်စာအဖြစ်နဲ့ စားသောက်နေကြတဲ့ အာလူးကြော်၊ အအေး၊ မာလရှမ်းကော တို့မှာ calories ဘယ်လောက်ပါသလဲဆိုတာ သိသင့်ပါတယ်။
အချို့အစားအစာတွေမှာ Calories ဆိုပြီးသေချာရေးထားပေမယ့် အချို့မှာတော့ ပါဝင်တဲ့ ပစ္စည်းများကိုသာ ဂရမ်နဲ့ရေးထားပါတယ်။ (ပြည်တွင်းဖြစ်မုန့်များမှာ တွေ့ရများတယ်)

အထက်ပါ Label ပုံစံကိုကြည့်ပါ။ အားလုံးနဲ့ရင်းနှီးကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ထွေထွေထူးထူး မဖတ်မိကြတဲ့လူတွေလည်း ရှိနိုင်သလို၊ ဖတ်ပြီးသေချာနားမလည်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။
Label မှာ Calories 250 ဆိုပြီး ခပ်ကြီးကြီးရေးပြထားပါတယ်။ ဒါဆို တစ်ထုတ်လုံးစားမှ 250 ပဲတက်မှာဆိုပြီး အထင်မစောစေလိုပါ။
သူ့အပေါ်မှာ 6 servings per container လို့ရေးထားပါတယ်။ တစ်ထုတ်ကို ၆ခါစားစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ 250 calories ဆိုတာ တစ်ခါစားကိုပြောတာပါ။
၆ခါစာကို တစ်ထိုင်တည်းစားမိရင် 1500 calorie တက်သွားမှာပါ။
ဒါကြောင့် Servings per container ကိုသေချာရှာပြီး ဖတ်ဖို့လိုအပ်ပါတယ်။


Calories မရေးထားတဲ့မုန့်တွေမှာ ကိုယ့်ဘာသာတွက်ဖို့အတွက် အောက်ပါအချက်များကို သိထားရန်လိုအပ်သည်။
ကစီဓာတ်များ (ဆန်၊ ဂျုံ၊ ပြောင်း) – ၁ ဂရမ်လျှင် 4 calories
အသားဓာတ် – ၁ ဂရမ်လျှင် 4 calories
ဆီ – ၁ ဂရမ်လျှင် 9 calories
အရက် – ၁ ဂရမ်လျှင် 7 calories

ဥပမာ 100g of Carbohydrates, 5g of Fat, 0g of Protein ဆိုလျှင်
(100 x 4) + (5 x 9) + (0 x 4) = 445 calories ရမှာပါ။

ပုံမှန် ထမင်း ၃နှပ်စားတယ်ဆိုရင် ထမင်းပမာဏနှင့် ပါဝင်သောဟင်းများပေါ်မူတည်ပြီး calories ကွာခြားပါတယ်။
၁ခါစားရင် အရွက်က တဝက်၊ ထမင်းက ၄ပုံ၁ပုံ၊ အသားက ၄ပုံ၁ပုံစားမှ ကျန်းမာရေးနဲ့ညီတယ်လို့ သတ်မှတ်ကြတယ်။
ဒါပေမယ့် အိမ်တွေမှာနေ့စဉ်စားနေတဲ့အထဲ ထမင်းက ၄ပုံ၁ပုံ ထက်ကျော်လွန်ပြီးပါနေတယ်ဆိုတာ အသေအချာပါပဲ။
ထမင်းတစ်လုပ်စားရင် တောင်တစ်တောင် တက်နိုင်တယ်လို့ ပြောခဲ့ကြပေမယ့် ထမင်းကအများကြီးစားလို့ ကျန်းမာရေးအရကောင်းတဲ့အထဲတော့မပါပါဘူး။

ထမင်းဖြူ ပန်းကန်လုံး ၁လုံးမှာ (ပုံပါပန်းကန်လုံးအရ) 200-300 calories ပါဝင်တယ်။
အရွက်တွေမှာ အမျှင်ဓာတ်များတော့ ဗိုက်မြန်မြန်ပြည့်စေတယ်၊ တော်တော်နဲ့ဗိုက်မဆာစေဘူး၊ ဝမ်းလည်းမှန်စေတယ်။
ဒါကြောင့် ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်ပြီး အနှပ်တိုင်းမှာ ပါဝင်အောင်စားသင့်တယ်။
အသားဟင်းမှာလည်း အသားတွင်းမှာအဆီပါဝင်မှု၊ ချက်တဲ့အခါ ဆီအသုံးပြုမှုတို့ပေါ်မူတည်ပြီး သိသိသာသာကွဲပြားပါတယ်။
အသားကိုဆီနဲ့ကြော်စားတာနဲ့ ရေနွေးနဲ့ပြုတ်စားတာမှာလည်း Calorie ကွာခြားမှုဟာ တော်တော်သိသာပါတယ်။
အစားအစာပေါင်းစုံအတွက် Calories အသေးစိတ်တွက်ချက်လိုသူတွေကတော့ အောက်ပါ Link မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.calories.info

အာဟာရဗေဒပညာရပ်သည် ကျယ်ပြန့်တဲ့အတွက် မိမိတစ်ကိုယ်စာ Meal Plan များကိုအသေးစိတ်သိရှိလိုရင် ပညာရှင်တွေနဲ့ချိတ်ဆက်လုပ်ဆောင်သင့်တယ်။
အခုပြောသွားတဲ့အထဲမှာ Calories အကြောင်းနားလည်သွားတယ်၊ မိမိအတွက် Calories ဘယ်လောက်လိုလဲ တွက်တတ်သွားတယ်၊ Nutritional Facts Label တွေကိုဖတ်တတ်သွားတယ်ဆိုရင် အကျိုးရှိပါတယ်။


Stay Tuned!

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Toxic Positivity တွေ မဖြန့်ဝေမိစေဖို့

ဒီလိုကာလမျိုးမှာ ကျနော်တို့အတွက် အကောင်းမြင်စိတ် (positivity) ဆိုတာ ရှာမှရှားဆိုသလိုပါပဲ။ နေ့တိုင်း ဝမ်းနည်းပူဆွေးမှုတွေကြား အခက်အခဲပြဿနာတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောရင်း နှစ်သိမ့်အားပေးကြတာတွေရှိပါတယ်။ ဒါပေမယ့် နှစ်သိမ့်အားပေးတာမှာ မသင့်တော်တဲ့ စကားအသုံးအနှုန်းတွေ၊ ပြောပုံဆိုပုံနည်းလမ်းတွေကြောင့် အပြောခံရသူရဲ့ စိတ်သောက က သက်သာရမယ့်အစား ပိုဆိုးတဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်။ အဲ့တာကို toxic positivity လို့ ခေါ်ပါတယ်။ ကိုယ်ကတော့ ကောင်းစေချင်တဲ့စေတနာနဲ့ ပြောတာဆိုပေမယ့် သူတစ်ပါးအတွက် အဆိပ်အတောက်ဖြစ်သွားတာမျိုး မဖြစ်ရအောင် ဒီအချက်တွေကို သတိထားသင့်ပါတယ်။

(၁) ပြဿနာ ဖြေရှင်းနည်းတွေ ပြောတာလျှော့ပါ။

များသောအားဖြင့် ကိုယ့်ကိုရင့်ဖွင့်တဲ့သူတွေဟာ သူတို့ပြဿနာအခက်အခဲကို ဖြေရှင်းပေးဖို့ထက် သူတို့ရဲ့ ခံစားချက်ကို နားထောင်ပေးပြီး သူ့ဘက်မှာ ရပ်တည်ပေးတာမျိုးကိုလိုချင်တာများပါတယ်။ ဥပမာပြောရရင် “ဒီနေ့ ငါတော့ ထီးမပါလာလို့ မိုးမိသွားတယ်” ဆိုပြီး လာပြောရင် ကိုယ်က “ဟုတ်လား။ ဖျားတော့မှာပဲ။ နင်ကလည်း မိုးတွင်းပဲရောက်နေပြီ။ နောက်တစ်ခါ အပြင်ထွက်ရင် ထီးလေးဘာလေးယူပေါ့” ဆိုပြီး ယုတ္တိကျကျ ပြန်ပြောလေ့ရှိပါတယ်။ မှန်ကောင်းမှန်ပေမယ့် အဲ့လို ပြဿနာကိုဖြေရှင်းတာက လက်တွေ့မှာ သူ့အတွက် အကျိုးမရှိသလို ဒီလို ပြောတဲ့အတွက် ကျေနပ်မှာလည်း မဟုတ်ပါဘူး။ သူက ဒီနေ့ထီးမယူမိလို့ မိုးမိတယ်။ နောက်နေ့ထီးယူလာရမယ်ဆိုတာကို သိပြီးသားပါ။ ဒါကိုပြောလို့သူ့အတွက် အကျိုးမရှိတဲ့အပြင် အဆိုးမြင်တတ်တဲ့သူသာဆိုရင် “မိုးတွင်းမှာ ထီးယူရမှာတော့ နင်ပြောမှလား ငါလည်းသိတယ်” ဆိုပြီးတော့တောင် ပြန်ပြောပါလိမ့်မယ်။ အဲ့စကားအစား “နင် တော်တော်စိုရွဲပြီး အေးနေမှာပဲ။ ဖျားမှာစိုးတယ် ဂရုစိုက်နော်” ဆိုတဲ့စကားကသာ တစ်ဖက်လူကို စိတ်ချမ်းသာရာရစေပါလိမ့်မယ်။ ကိုယ့်ကိုရင်ဖွင့်တဲ့သူဟာ ပြဿနာဖြေရှင်းနည်းကို လိုချင်တာလား စိတ်ပိုင်းဆိုင်ရာအားပေးမှုကို လိုချင်တာလားဆိုတာ အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်ဆီရင်ဖွင့်တဲ့ လူတစ်ယောက်ကို စမ်းသပ်ခဲ့ဖူးပါတယ်။ သူ့ကို ပြဿနာ ဖြေရှင်းပုံအမျိုးမျိုးကို အာပေါက်မတတ် ပြောပြခဲ့ပေမယ့် သူက ကျေနပ်တဲ့ပုံမပေါ်ပါဘူး။ နောက်ဆုံး “ငါ နင်ခံစားနေရတာကို နားလည်ပေးနိုင်ပါတယ်။ ငါလည်း ထပ်တူခံစားရတယ်” လို့ ပြောမှသာ သူပျော်သွားပါတယ်။

(၂) သူ့အကြောင်းနားထောင်ပါ။ ကိုယ့်အကြောင်းနဲ့ တခြားသူအကြောင်းမပြောပါနဲ့။

ကျနော်လည်းအရင်ကထင်ဖူးပါတယ်။ ကိုယ့်ပြဿနာနဲ့ သူများတွေ ကြုံရတဲ့ ဆိုးဝါးမှုကို ပြောပြခြင်းအားဖြင့် လာရင်ဖွင့်သူက သူပြဿနာဟာ သူများတွေနဲ့ ယှဥ်ရင်မဆိုးသေးပါဘူးဆိုပြီး စိတ်သက်သာရာရမယ်လို့ ထင်ခဲ့တာ။ တက်တက်စင်အောင် လွဲတာပါပဲ။ အကုန်လုံးက ကိုယ့်အပူကိုမှ အပူဆုံးဆိုပြီး သတ်မှတ်ကြတဲ့အတွက်ကြောင့်ပါ။ ပြီးတော့ သူ လာရင်ဖွင့်တယ်ဆိုတာက သူ့ခံစားချက်ကိုပြောပြတာဖြစ်တဲ့အတွက် ကိုယ့်အကြောင်းပြောတာ တခြားမဆိုင်တဲ့သူတွေအကြောင်းပြောတာတွေက သူ့ခံစားချက်ကို အသိအမှတ်မပြုတဲ့သဘော သက်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သူပြောတာကို ဂရုစိုက်နားထောင်ပေးတာကသာ သူ့ကိုကူညီနိုင်မယ့်တစ်ခုသာနည်းလမ်းဖြစ်ပါတယ်။

ဒီအချက်တွေကို သတိထားခြင်းအားဖြင့် သူတစ်ပါးအပေါ် toxic positivity ဖြစ်မှုကိုဟန့်တားနိုင်မှာဖြစ်ပါတယ်။ စိတ်ရင်းအပြည့်နဲ့ နားထောင်ခြင်း ကိုယ်ချင်းစာတရားနဲ့ နှစ်သိမ့်ခြင်းကသာ ပြဿနာတွေကိုဖြေရှင်းနိုင်ပါလိမ့်မယ်။

Dr. Jason

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ပိုးသတ်ဆေး Metro ကို လွဲမှားစွာသုံးကြခြင်းအန္တရာယ်

ဝမ်းပျက်ဝမ်းကိုက်တိုင်း ပိုးသတ်ဆေး Metro သောက်နေမိပါသလား?

ဒါဆိုသင်သောက်လိုက်တဲ့ပိုးသတ်ဆေးက အာနိသင်မရှိဘဲ ဘေးထွက်ဆိုးကျိုးများစွာသာဖြစ်ပေါ်စေတဲ့အကြောင်းကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ဝမ်းကိုက်ခြင်းကို
ဆေးပညာအရ Gastroenteritis (GE) လို့ခေါ်ပြီး
ရောဂါကြာချိန်ပေါ်မူတည်၍
ရေတိုဝမ်းပျက်ခြင်း (Acute Gastroenteritis)
နှင့် ကာလကြာရှည်ဝမ်းပျက်ခြင်း (Chronic Gastroenteritis) ဟု ၂မျိုးခွဲခြားထားပါတယ်။

ရောဂါကြာချိန်သည် ၂ပတ်အတွင်း ဖြစ်ပါက Acute GE ဟုသတ်မှတ်ပြီး ၂ပတ်ကျော်လာပါက Chronic GE ဟုသတ်မှတ်ထားပါတယ်။

ရေတိုဝမ်းပျက်ခြင်းတိုင်းသည် ရောဂါပိုးကြောင့်ဝမ်းပျက်ရခြင်းမဟုတ်ပါ။

တချို့သော ဝမ်းပျက်ရခြင်းတွေဟာ မတည့်တဲ့အစားအစာ၂ခုကိုတွဲစားမိလို့ (သို့) ဓာတ်မတည့်သည့်အဆိပ်များ (toxin) ပါဝင်သော အစာများကိုစားမိသောကြောင့်ဖြစ်တတ်ပြီး စားပြီးမကြာခင်မှာပဲ အော့အန်ဗိုက်နာဝမ်းသွားတာမျိုးခံစားရကာ အချိန်ခဏအတွင်းသူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။မည်သည့်ပိုးသတ်ဆေးမျှသောက်စရာမလိုပါ။

ရောဂါပိုးကြောင့် ဝမ်းပျက်ဝမ်းလျှောကြတဲ့အခါ ဝမ်းပျက်စေတဲ့ပိုးအများစုဟာ ဗိုင်းရပ်စ် (Virus) တွေကြောင့်ဖြစ်ပြီး ပိုးသတ်ဆေး (Antibiotics) သောက်ရန်မလိုဘဲ ၁ ရက်မှ ၃ရက်အတွင်း ပြန်လည်သက်သာသွားပါတယ်။
ပိုးသတ်ဆေးသောက်လိုက်လို့ သက်သာသွားခြင်းမဟုတ်ဘဲ ရောဂါသက်တမ်းပြည့်သွားလို့ သူ့ဘာသာကောင်းသွားခြင်းဖြစ်ပါတယ်။

ဝမ်းပျက်တဲ့အခါ အဓိကဦးစားပေးသောက်သုံးရမည့်ဆေးမှာ ပိုးသတ်ဆေးမဟုတ်ဘဲ အလွယ်တကူရရှိနိုင်တဲ့ ဓာတ်ဆားရည်ကိုသာ ဝမ်းသွားတဲ့အကြိမ်ပေါ်လိုက်၍ ပြန်လည်သောက်သုံးပေးရပါမယ်။

ဓာတ်ဆားရည်အထုပ်များဝယ်တဲ့အခါ BPI ကထုတ်သော ဆေးထုပ်များကိုသာဝယ်ယူသုံးစွဲသင့်ပြီး ဆေးကွက်ထဲက သီးစုံအရသာဓာတ်ဆားမျိုး၊ အခြားသော အားဖြည့်အချိုရည် ၊ Gas ပါသောအအေးများ ကိုမသောက်သုံးသင့်ပါ။

ကျနော်တို့ပတ်ဝန်းကျင်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့သောက်တဲ့ပိုးသတ်ဆေးထဲမှာ Metro ပိုးသတ်ဆေးကအသုံးများဆုံးဖြစ်ပါတယ်။

Metronidazole လို့ခေါ်တဲ့ Metro ပိုးသတ်ဆေးဟာ ရေတိုဝမ်းပျက်ဝမ်းလျှောခြင်းအတွက် မည်သည့်အကျိုးအာနိသင်မျှ မရှိပါ။ ကောင်းကျိုးမရှိသည့်အပြင် ဆိုးကျိုးများဖြစ်သည့် ဆေးသောက်ပြီးပို၍မအီမသာဖြစ်ခြင်း၊ အရသာပျက်ခြင်းစတဲ့လက္ခဏာများခံစားရနိုင်ပါသည်။
ဒါ့အပြင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ပိုးသတ်ဆေးယဥ်ပါးမှုကိုဖြစ်စေပါတယ်။

Metro ပိုးသတ်ဆေးကို အမှန်တကယ်သုံးရမယ့်ရောဂါများ ဖြစ်ပွားလာသည့်အခါ ထိုဆေးမှာ ယခင်ကမလိုအပ်ပဲမကြာခဏ သောက်သုံးခဲ့သည့်အတွက်ဆေးယဥ်ပါးနေပြီဖြစ်ပြီး ရောဂါကိုကုမရတော့ပါ။ ဥပမာ Clostridium difficile infection
ဤကဲ့သို့ ဆေးယဥ်ပါးခြင်းဟာအလွန်အန္တရာယ်ရှိပါတယ်။

ပုံမှန်ဝမ်းပျက်ဝမ်းလျှောခြင်းသည် ၁ပတ် ၂ပတ်အတွင်းသက်သာသွားမည်ဖြစ်၍ ဓာတ်ဆားရည်သောက်ပေးရုံ အစာစားခြင်းကိုရပ်မထားဘဲ သန့်ရှင်းစွာစားရုံဖြင့် သက်သာနိုင်ပါသည်။
ပိုးသတ်ဆေးသောက်ရန်မလိုပါ။
အကယ်၍ ရောဂါအခြေနေဆိုးသောကြောင့် မဖြစ်မနေ ပိုးသတ်ဆေးသောက်ရန်လိုအပ်လာလျှင်လဲ
သောက်ရမည့်ဆေးမှာ Metroမဟုတ်ပါ။
ဆရာဝန်ညွှန်ကြားသောဆေးဝါးကိုသောက်သုံးရပါမည်။ ဥပမာ Ciprofloxacin 500mg bd for 3 days

ဝမ်းပိတ်ဆေးများဖြစ်သော Loperamide (antispasmotics) ကဲ့သို့ဆေးများလဲ အစောတလျင် သောက်ရန်မလိုပါ။ ဆရာဝန်ညွှန်ကြားမှသာသောက်သုံးသင့်ပါတယ်။

သို့သော် လူနာ၏အခြေနေသည် မသက်သာပဲ ပိုဆိုးလာခြင်း၊ ရက်ကြာလာခြင်း၊ ပို၍အဖျားတက်လာခြင်း ၊ နုန်းခွေ၍သတိကောင်းစွာမရခြင်းများဖြစ်လာပါက နီးစပ်ရာဆေးရုံဆေးခန်းသို့သွားရောက်ကုသသင့်ပါတယ်။

အချုပ်အနေနဲ့ Metro ပိုးသတ်ဆေးကို တလွဲဆံပင်ကောင်း မိမိသဘောနဲ့မိမိ မသုံးကြဖို့နှင့် ရေတိုဝမ်းပျက်ခြင်းအတွက် Metro သောက်သုံးခြင်းမှာ ဆေးပညာအရ မှန်ကန်မှုမရှိကြောင်းတင်ပြလိုက်ရပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started