အလကားရရင် ရေတောင်သေအောင်သောက်တတ်တဲ့ စိတ်

ခေါင်းစဉ်အတိုင်းပါပဲ။ လူတွေကအလကားရတာကို မသိစိတ်ကဖြစ်စေ၊ သိသိကြီးနဲ့ဖြစ်စေ ပိုလိုချင်တတ်ကြပါတယ်။ City Mart မှာ Coffee တွေ Free တိုက်နေလား၊ တက္ကသိုလ်မှာ Promotion လုပ်ဖို့ အအေးတွေ Free ဝေနေလား… ဆိုတာ စိတ်ဝင်စားကြပြီး Free ဝင်တွယ်ချင်တဲ့စိတ်ခံလေးတွေတော့ ရှိကြပါတယ်။ ခုရေးမယ့်စာက စီးပွားရေးဆန်ပါတယ်။

ပစ္စည်းတစ်ခုကို အလကားရလိုက်တာဟာ ကိုယ့်အနေနဲ့ တော်တော်နေလို့ ကောင်းပါတယ်။ ဒါပေမယ့် “အလကား” ဆိုတာဟာ စျေးနှုန်းတစ်မျိုးပဲလို့ သတ်မှတ်လို့မရပါဘူး။ သူက Another Level တစ်ခုမှာရောက်နေတာပါ။
ရှင်းအောင်လို့ စမ်းသပ်ချက်တစ်ခုနဲ့ ပြောပြချင်ပါတယ်။

စမ်းသပ်တာကတော့ ချောကလက်တွေကို အဆောက်အအုံတစ်ခုရှေ့မှာ ရောင်းတာပါ။ ချောကလက် အမျိုးအစား ၂မျိုးကို ၂ဆိုင်ခွဲပြီး ရောင်းပါတယ်။ တစ်ခုက Quality ကောင်းတဲ့အတွက် 15 cents နဲ့ရောင်းတယ်။ နောက်တစ်ခုက ပေါပေါပဲပဲ ဖြစ်တဲ့အတွက် 1 cent နဲ့ရောင်းတယ်။ ဒီတော့ Customer တွေက ဘယ်ဟာကိုပိုဝယ်မယ်ထင်လဲ?
၇၃% က Quality ကောင်းတာကို ဝယ်သွားပြီး ၂၇% က အပေါစားကိုဝယ်ပါတယ်။ ဒါက ရိုးရှင်းပါတယ်။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုထဲကဆိုရင် အကောင်းဆုံးကိုပဲ ရွေးချယ်စားချင်ကြတာ သဘာဝပါ။

ဒါပေမယ့် နောက်တစ်ဆင့်ထပ်ကွန့်လိုက်ပါတယ်။ ချောကလက် ၂မျိုးလုံးကို 1 cent လျှော့ကြည့်လိုက်ပါတယ်။ ဒီတော့ Quality ကောင်းတာက 14 cents ဖြစ်သွားပြီး ပေါတဲ့ချောကလက်က 0 cent (Free) ဖြစ်သွားပါတယ်။ စာဖတ်သူဆိုရင်ရော ဘယ်ဟာကို ရွေးမလဲ?
လူတွေတော်တော်များများကတော့ အလကားကို ရွေးကြပါတယ်။ သူ့ကိုရွေးချယ်တာဟာ ၂၇% ကနေ ၆၉% ထိတက်သွားပါတယ်။ အဲ့တော့ Quality ကောင်းတာကိုဝယ်နှုန်း ၃၁% ထိထိုးကျသွားတာပေါ့။
1 cent အပြောင်းအလဲလုပ်လိုက်တာနဲ့ အကုန်ပြောင်းလဲသွားတာပါ။

ဒါကို MIT မှာလည်းသွားစမ်းထားပါသေးတယ်။ တော်တဲ့ကျောင်းသားတွေများတဲ့ နေရာဆိုတော့ ဘယ်လိုရွေးချယ်ကြမလဲ သိချင်တာပါ။ ဒါပေမယ့် သူတို့လည်း Free ကိုပဲ ရွေးချယ်ကြပါတယ်။

ဒီတော့ ဒါကိုနားလည်တဲ့ စီးပွားရေးလုပ်ငန်းတွေက လုပ်စားကြပါတယ်။ City Mart ကိုသွားတဲ့အခါ ကိုယ်ဝယ်ဖို့ရည်ရွယ်ထားတာက Milo ဆိုပါတော့။ ဒါပေမယ့် အဲ့လည်းရောက်ရော Ovaltine က ခွက်တစ်လုံးအပိုထည့်ပေးထားတယ်။ ခေါင်းထဲမှာ စဉ်းစားရပြီလေ…။

Personally ပြောရရင် Ovaltine အရသာကို တောဆန်တဲ့အတွက် သိပ်မကြိုက်ဘူး… Milo ကိုပိုကြိုက်တယ်ဆိုပါတော့ဗျာ။
ဒါပေမယ့် Free ခွက်တစ်လုံးကိုလည်း လိုချင်တယ်။ အဲ့တော့ Ovaltine လည်း မဆိုးပါဘူးလေ… ဆိုပြီး Ovaltine ဝယ်လာမိတော့တာပဲ။ အိမ်ရောက်တော့ ခွက်တစ်လုံးမက်ပြီး မမှာတာဝယ်လာတော့ အဆဲခံရတာပေါ့ဗျာ…။

City Mart ဆို ဒါမျိုး ခဏခဏလုပ်တယ်။ သူသိပ်ရောင်းမထွက်တဲ့ Product တွေကို အချင်းချင်းတွဲပြီး တစ်ခုကို Free ထည့်ပေးတာမျိုးပေါ့။ Brand အစွဲမရှိတဲ့သူတွေဆိုရင် ဒီလိုဆွယ်တာကို ပါသွားနိုင်တယ်။

နောက်တစ်နည်းက ဒီပစ္စည်းကို ၃ခုဝယ်ရင် ၁ခု Free ဆိုတာမျိုးပေါ့။ ကိုယ်ကတစ်ခုပဲ လိုချင်ပေမယ့် Free ၁ခုဆိုတာကို မက်တော့ ၃ခုဝယ်လိုက်မိတတ်တယ်။
ဒီတော့ အလကားမတ်တင်းတွေဟာ ကျွန်တော်တို့ရဲ့စိတ်ကို တော်တော်ကြိုးကိုင်နိုင်တယ်။

အကြောင်းကတော့ တစ်ခုခုကို ဝယ်လိုက်တဲ့အခါ ကောင်းမှကောင်းပါမလား ဆိုတဲ့ စိတ်အခံလေးရှိတတ်ကြပါတယ်။ ကိုယ်သုံးနေကြ ပစ္စည်းဆိုရင်တောင်မှ ကိုယ်ဝယ်လာတဲ့တစ်ခုမှာ အပေါက်အပြဲ၊ အနာအစာ၊ Expire Date ကျော်နေတာ စတာတွေဖြစ်နေနိုင်ပါသေးတယ်။ Free ရပြီဟေ့ဆိုရင် ဒီလိုတွေ စိုးရိမ်နေစရာမလိုတော့ပါဘူး။ ကိုယ့်မှာ အရှုံးမရှိဘူးလို့ တွက်လိုက်ကြပါတယ်။ ဒီတော့ လူတွေ Free ကိုကြိုက်ရခြင်းဟာ အကြောက်တရားတွေနဲ့ ဆက်နွယ်နေပါတယ်။

Laptop ဝယ်တဲ့အခါမှာလည်း သိပ်မလိုအပ်တဲ့ Free ပစ္စည်းတွေကို ထည့်ပေးတာ ဒီသဘောပါပဲ။ သူတို့ကြော်ငြာရင်တော့ Free ၁၀ မျိုးလောက်ပါတယ်… ဘာညာ ပြောတတ်ကြတယ်။ ဒီတော့ Quantity ပဲကြည့်လိုက်တဲ့အခါ ဝယ်ဖို့ စိတ်ပါသွားတတ်တယ်။ ဒါပေမယ့် အဲ့ဒီ ၁ဝမျိုးက ဘာလဲလို့ သေချာရှာကြည့်ရင် မှန်ဖျန်းဆေးတို့၊ သုတ်တဲ့အဝတ်တို့၊ Mouse Pad တို့ အသေးအဖွဲလေးတွေပါ။ (နင်က ဘာတွေများလိုချင်လို့လဲဆိုပြီးတော့ စကားမကပ်ပါနဲ့…)

ပစ္စည်းတစ်ခု Free ရတာကတော့ ဟုတ်ပါပြီ။ ပစ္စည်း ၂ခုကို Free အလဲအလှယ်လုပ်ဖို့ဆိုရင်ရော…။ ဒါကို ကလေးတွေနဲ့ စမ်းသပ်ထားတာ ရှိပါတယ်။ ကလေးတွေက Trick or Treat လာလုပ်တဲ့အခါမှာ ချောကလက်ကျွေးပြီး စမ်းတာပါ။ ခုတစ်ခါလည်း ချောကလက် အပေါစားနဲ့ အကောင်းစားပါပဲ။

ကလေးတွေလက်ထဲကို ချောကလက်အပေါစား ၃ခုထည့်ပေးလိုက်ပါတယ်။ ပြီးတော့ စမ်းသပ်သူလက်ထဲမှာ ချောကလက် အကောင်းစား ၂ခုကို ကိုင်ထားတယ်။ အဲ့ဒီ ၂ခုမှာ တစ်ခုက အသေး၊ တစ်ခုက အကြီး…။
သူ့ကို ကလေးလက်ထဲက ချောကလက် ၁ခုပေးရင် အကောင်းစား ချောကလက် အသေးလေးတစ်ခုပြန်ပေးမယ်… ၂ခုပေးရင်တော့ အကြီးတစ်ခုပြန်ပေးမယ်… လို့ပြောလိုက်ပါတယ်။
ဒီတော့ ရှင်းပါတယ်… ကလေးတွေက အပေါစား ၂ခုနဲ့ အကောင်းစားအကြီးတစ်ခု လဲသွားတာပေါ့။

ဒီတော့ နောက်တစ်နည်းစမ်းတယ်။ ကလေးတွေကို အပေါစား ၃ခုပေးထားတယ်။ ဒီတစ်ခါတော့ စမ်းသပ်သူက အကောင်းစား အကြီးတစ်ခုကို အပေါစားချောကလက် ၁ခုနဲ့လဲမလား…၊ အကောင်းစားအသေးတစ်ခုကို အလကားယူမလား… ဆိုပြီး မေးတယ်။ ဘာကိုရွေးသွားတယ် ထင်လဲ?

၇၀% က အသေးကို အလကားယူသွားကြပါတယ်။ စာဖတ်သူဆိုရင်ရော ဘယ်လိုရွေးမလဲ?
ခုစာကို ဖတ်ပြီးသွားရင်တော့ အတွေးတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ လူတွေက အလကားဆိုတာရဲ့နောက်ကွယ်ကို သိပ်မမြင်တတ်ကြပါဘူး။

ကိုယ့်ကို ၁သောင်း အလကား လာပေးမယ်… နဲ့ ၂သောင်းပေးပြီး ၈၀၀၀ ပြန်ပေးရမယ်ဆိုရင် ဘယ်ဟာကိုရွေးမလဲ? တွက်ကြည့်ရင်တော့ ၈၀၀၀ ပြန်ပေးရတာက ပိုမြတ်တာပေါ့။ ဒါက ဂဏန်းတွေနဲ့ ရှင်းအောင်ပြောလိုက်တာပါ။ တကယ့်လက်တွေ့မှာတော့ ရှုတ်ထွေးမှုလေးတွေရှိနေတတ်ပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေက Free ဆိုတာနဲ့ လူတွေကို ဆွဲဆောင်ကြတာပါ။ Software တစ်ခုကို Trial ၁လပေးသုံးတယ်ဆိုတာလည်း ဒီသဘောပါပဲ။ ၁လ Free ကိုမက်ပြီး သုံးလိုက်ပေမယ့် သူ့ကိုသုံးလို့ အပို Install လုပ်တဲ့ Software တွေ၊ ကြော်ငြာတွေနဲ့ အာရုံနောက်ပါတယ်။ ၁လပြည့်သွားတဲ့အခါမှာလည်း သုံးလက်စမို့ ဆက်သုံးချင်သွားနိုင်ပါတယ်။ (ဒီလိုမှမဟုတ်လည်း နောက် Account အသစ်တစ်ခုနဲ့ ၁လ ထပ်ပြီး ဂုန်းဆင်းတာပေါ့ဗျာ)

အချိန်မှာလည်း Free သဘောတရားရှိနေပါတယ်။ အရင်နှစ်တွေရဲ့ New Year ညတွေတုန်းက Stage Show တွေရှိပါတယ်။ ဝင်ကြေး Free ဆိုတော့ လူတွေကြိတ်ကြိတ်တိုးနေတာပေါ့။ ဒီလိုပွဲမျိုးဆိုရင်တော့ ဘယ်လောက်ကြပ်ကြပ် လူတွေက စိတ်ပါလက်ပါရှိပါတယ်။
ဒါပေမယ့် Bus ပေါ်မှာလူနည်းနည်းကြပ်လာရင်၊ ထိုင်ခုံမရရင်တော့ စိတ်ပျက်ကြပါတယ်။ အချိန်ကို ဒီနည်းနဲ့မဖြုန်းချင်ကြတာပါ။
Free Show နဲ့ ဝင်ကြေး ၁သိန်းလောက်ပေးရမယ့် IC Show ဘယ်ကိုသွားမလဲဆိုရင် မေးစရာတောင် လိုမယ်မထင်ပါဘူး။

အခု စျေးကွက်ထဲမှာ Zero Calorie Coca Cola တွေရောက်နေပါပြီ။ သောက်ရင် Calorie မတက်ပါဘူး။ အရသာကတော့ သကြားအချိုမဟုတ်တဲ့အတွက် တမျိုးကြီးပါပဲ။ ကျွန်တော်ကတော့ သဘောကျပါတယ်။ အဓိကက Calorie မတက်ချင်တာပါ။ (Artificial သကြားကကောင်းလား… ဆိုးလား… ဆိုတာတော့ ခု Topic နဲ့မဆိုင်လို့ မပြောတော့ပါဘူး)

ပုံမှန် Classic Cola တွေဆို 250ml သောက်ရင် 150 Calorie လောက်တက်ပါတယ်။ ဒီတော့ Zero Calorie ဆိုတာလည်း Calorie Free ရလိုက်သလိုပါပဲ။ ဒါပေမယ့် အဲ့နေရာမှာ 10 Calorie လို့ကြော်ငြာရင် ခုလောက် စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။

ဒီလိုစိတ်ခံရှိမှန်းသိရင် ကိုယ့်လုပ်ငန်းမှာ ဒါကိုပြန်အသုံးချလို့ရပါတယ်။ လူများများလာစေချင်ရင် တစ်ခုခုကို Free ပေးလိုက်ပါ။ များများရောင်းနိုင်အောင်လို့ ရောင်းမထွက်တဲ့ပစ္စည်းတစ်ခုကို လက်ဆောင်ထည့်လိုက်ပါ။
လူတွေကို ကျန်းမာအောင် နေစေချင်တယ်ဆို ကျန်းမာတဲ့အစားအစာတွေကို Free ဖြစ်အောင် အစိုးရက အရှုံးခံပြီး လုပ်ပေးရမှာပါ။ ပုံမှန် Medical Checkup လုပ်စေချင်တယ်ဆိုရင်လည်း ဒီ Procedure တွေကို Free လုပ်ပေးလိုက်ပါ။

ပြောတော့ လွယ်လိုက်တာ…။ ဒါပေမယ့် အကုန် Free နေလို့လည်း မရပါဘူး။ အမြတ်နဲ့အရှုံး Balance ဖြစ်အောင် လုပ်ရမှာပါ။ အဲ့ဒီကြားထဲကနေမှ ကိုယ်ရောင်းချင်တဲ့ပစ္စည်းကို ရောင်းရအောင် ဒီနည်းနဲ့လုပ်ရတာပေါ့ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြောက်တတ်တယ်ဆိုပြီး ဘာလို့သရဲကားပဲရွေးကြည့်နေကြတာလဲ?

လူတိုင်းလိုလို အကြောက်တရားရှိကြပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့အရာတွေကိုလဲ မရှောင်ကြပြန်ပါဘူး။ တည့်တည့်ကိုဝင်တိုးကြပါတယ်။

ကြောက်တတ်တယ်ဆိုပြီး ကြည့်သမျှရုပ်ရှင်ကသရဲကားတွေပါ။ (စာရေးသူလဲအဲ့လိုပါပဲ) သရဲကားရုံတင်ရင်ပြေးကြည့်လိုက်ရမှ ကျေနပ်ကြပါတယ်။

Happy world သွားရင်လဲ သရဲအိမ်တို့၊ သရဲရထားတို့ဆိုတာ လူကြိုက်များတဲ့နေရာတွေပါ။ ပြည်သူ့ရင်ပြင်ရောက်ရင်လဲ roller coaster ကိုကြောက်ကြောက်နဲ့ စီးလိုက်ရမှ၊ ပင်လယ်ဓားပြလှေကိုလဲ အလွတ်မပေးဘဲတက်စီးလိုက်ရမှ အိမ်ပြန်ကြသူတွေပါ။

ဒါဖြင့်ရင် လူတွေက ကြောက်ရတာကို တကယ်ပဲကြိုက်နေကြတာလား။ ကြောက်ရမှာကို မကြောက်ကြဘဲ ဘာလို့ထပ်ထပ်လုပ်ချင်နေကြတာလဲ။

ကမ္ဘာဦးလူသားတွေအတွက်ကတော့ နေ့စဥ်ဘဝကြီးက သားရဲအန္တရာယ်တွေနဲ့မို့ ကြောက်လန့်နေရချိန်များပါတယ်။
ကြောက်လန့်တဲ့အခါ ခန္ဓာကိုယ်ထဲက sympathetic nervous system ဆိုတဲ့ စနစ်ကြီးကအသက်ဝင်လာပါတယ်။

အဲ့စနစ်က adrenaline ဆိုတဲ့ဟော်မုန်းတွေထုတ်ပေးလို့ ခန္ဓာကိုယ်က ချက်ချင်းပြောင်းလဲသွားပါတယ်။ အမြင်အာရုံတွေနိုးကြားလာတယ်။
နှလုံးခုန်နှုန်းတွေမြန်လာပြီး အသက်ရှူသံတွေကျယ်လာတယ်။
ကြွက်သားတွေဆီကိုသွေးများများရောက်လို့ ခွန်အားတွေပိုတက်လာတယ်။
စွမ်းအင်တွေပြည့်လာသလိုခံစားရတယ်။

အဲ့ဒီအခါ အန္တရာယ်ကို ပြန် ချရင်ချ။
မချနိုင်ရင်ထွက်ပြေးလို့ရအောင် body ကပြင်ဆင်ပေးလိုက်တာပါ။
Fight or Flight reaction လို့ခေါ်ပါတယ်။

သရဲကားကြည့်တဲ့အခါမှာလဲ ကြောက်စိတ်ဖြစ်လာရင် ခန္ဓာကိုယ်ကအလားတူ ပြောင်းလဲလာပါတယ်။
ခွန်အားတွေရှိလာသလို အာရုံတွေတက်ကြွလာလို့ လူကလန်းသွားပြီး နေလို့ကောင်းလာပါတယ်။

ဒါ့အပြင် သရဲကားဆိုတာ screen မှာပဲရှိတာ။ တကယ်အပြင်ထွက်လာပြီး မခြောက်ဘူးဆိုတာ မသိစိတ်ကသိပြီးသားပါ။ ဒါကြောင့် ကြောက်သလိုဖြစ်လာတာချင်းတူပေမယ့် safe ဖြစ်တယ်လို့စိတ်ကသိနေတဲ့အတွက် တကယ်တမ်းအဲ့လောက်မကြောက်ရပါဘူး။

ရှင်းရှင်းပြောရရင် မသိစိတ်က ကြောက်စိတ်ကို စိတ်ချစွာကြောက်လို့ရအောင် label ပြောင်းကပ်လိုက်တာပါ။

စိတ်ချစွာကြောက်လန့်ရတဲ့အခါ ခန္ဓာကိုယ်ထဲက တခြား hormone တွေထပ်ထွက်ပါသေးတယ်။
ဥပမာ စိတ်ခံစားမှုကိုကောင်းစေတဲ့ High စေတဲ့ Dopamine တို့ ၊ Endorphin တို့၊ Oxytocin တို့ပါထွက်လာစေပါတယ်။

လူကကြောက်ကြောက်နဲ့ High နေတဲ့ခံစားချက်ရနေတာပေါ့။
ဒီလို high နေတာက တခုခု surprise gift ရတာတို့၊ ထီပေါက်တာတို့၊ sex လုပ်တာတို့နဲ့ ခံစားမှုချင်းသိပ်မကွာလို့ brain က ကြောက်ရတာကိုမှ
တဖြေးဖြေးစွဲလန်းလာပါတော့တယ်။

ကြောက်စိတ်ဆိုတာ လူတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ကြောက်တတ်တဲ့အရာဝတ္ထု အကြောင်း ကိုလဲ မှတ်ဉာဏ်ကသေသေချာချာသိမ်းထားရပါတယ်။ ဒါမှ ဘေးရန်ကို သတိထားလို့ရမှာပါ။

သရဲကားကြည့်လို့ကြောက်တဲ့စိတ်ကိုလဲ မှတ်ဉာဏ်ကသေချာသိမ်းထားပါတယ်။ သရဲကားကြည့်လို့ high လာတဲ့ခံစားချက်ကိုပါတွဲပြီးမှတ်ထားတာဖြစ်လို့ brain ကနောက်တခါထပ် high ချင်တိုင်း သရဲကားထပ်ရှာကြည့်မိနေတာဖြစ်ပါတယ်။ အဲ့လိုနဲ့ပဲ သရဲကား fan ဖြစ်မှန်းမသိဖြစ်လာတော့တာပါပဲ။

Roller coaster စီးတဲ့အခါဆိုရင် စစစီးချင်းတော့ သွေးလန့်မတက်ကြောက်မိပါတယ်။ စီးနေရင်းနဲ့ အန္တရာယ်မရှိဘူးဆိုတာသိလာတဲ့အခါ ရယ်မော အော်ဟစ်လို့ရလာပါတယ်။
ဘာလို့လဲဆိုတော့ brain က danger မရှိဘူးဆိုတာသိသွားရင် ကြောက်စရာကို စိတ်လှုပ်ရှားစရာအဖြစ်ပြောင်းမြင်သွားပါတယ်။

ဒါ့အပြင် ကြောက်စရာတခုခုလုပ်ပြီးလို့ အောင်မြင်သွားရင် လူတွေကအတော်စိတ်ကျေနပ်ကြပါတယ်။
သရဲအိမ်ထဲကအပြင်ရောက်အောင်ထွက်လာနိုင်တဲ့အခါ “တယ်တော်တဲ့…ငါပါလား”ဆိုပြီး ကျေနပ်အားရနေမိပါတယ်။

ဒီလို sense of accomplishment လေးကလဲ သရဲကားကြည့်ပြီးတဲ့အခါ၊ roller coaster စီးပြီးတဲ့အခါ ဖြစ်လာတတ်တာမို့ လူတွေကအဲ့စိတ်ကိုအရသာခံကြွားတတ်ကြပါတယ်။

ငါတော့ ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့ဟာကို စီးပြနိုင်ခဲ့တယ်… ဘယ်လောက်ဆိုးတဲ့သရဲကားကိုမှ ပြီးအောင်ကြည့်ခဲ့တယ်ဆိုပြီး ကြွားစရာလေးလဲရှိလာပါတယ်။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့စုပြီး ကြောက်စရာတခုခုကိုလုပ်တဲ့အခါ ပိုစွဲတတ်ပါတယ်တဲ့။

ဒါကြောင့် သူငယ်ချင်းတွေနဲ့ သရဲကားအမြဲသွားကြည့်ကြတာ၊ သရဲအိမ်ဝင်ကြတာ မဆန်းလှပါဘူး။
အန္တရာယ်ကိုတူတူရင်ဆိုင်ပြီးရင် ပိုခင်သွားကြတာမို့ ဘော်ဒါတွေနဲ့ ပိုစည်းလုံးချင်ရင် သရဲအိမ်တို့ သရဲကားတို့ စမ်းကြည့်သင့်ပါတယ်။

နောက်ဆုံးတချက်ကတော့ လူတွေရဲ့ စပ်စုတဲ့စိတ်ကြောင့်လဲဆိုင်ပါတယ်။

သရဲကားတော်တော်များများက ဖန်တရာတေနေတဲ့ဇာတ်ကွက်တွေနဲ့ပဲလာလေ့ရှိပေမယ့် ပရိသတ်တွေကတော့ ဘာများပြောင်းသွားမလဲဆိုတဲ့ စပ်စုစိတ်နဲ့ စောင့်ကြည့်တတ်ကြတာပါပဲ။

မိသားစုတစု တောအုပ်ထဲကအိမ်ကို ပြောင်းလာမယ်။
ကလေးအငယ်လေးက လက်ကမြင်းပြီး အခန်းတွေလျှောက်ဖွင့်မယ်။
ပြီးရင် ဆော့ချင်ရာဆော့မယ်။ မြေအောက်ခန်းထဲ အရုပ်တွေကျအောင်လုပ်ပြီးသွားကောက်မယ်။

ဒီလိုဟာတွေပဲ ရိုက်ပြကြပေမယ့် ပရိသတ်တွေကတော့ စိတ်မပျက်ဘဲ အားပေးနေကြတယ်ဆိုတာ ဘာမဆိုစပ်စုတတ်တဲ့စိတ်ကလေးအရင်းခံရှိလို့ပဲဖြစ်ပါတယ်။

သရဲကားတွေကထပ်ထွက်နေဦးမှာဖြစ်ပြီး
ကျနော်တို့လဲ ကြောက်ကြောက်နဲ့ဆက်ကြည့်ဖြစ်နေဦးမှာပါပဲဗျာ။

Vector

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင့်ကိုဘလိုင်းကြီးအမြင်ကတ်နေတဲ့သူနဲ့ ခင်အောင်ပေါင်းနည်း

ဒီကိစ္စက ရပ်ကွက်ထဲမှာဆို ပိုသိသာပါတယ်။ ကိုယ်နဲ့လဲ စကားလဲမပြောဖူးတဲ့၊ သိလဲမသိတဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေက ဘလိုင်းကြီးလာလာ မျက်စောင်းထိုးနေတာပါ။ ဘာတွေများ စမုံတုံးအောင် အမြင်ကတ်အောင် နေခဲ့မိလို့လဲမသိပါဘူးဗျာ။

ကိုယ်ဖြတ်သွားရင် မျက်နှာလွှဲပစ်လိုက်တာတို့၊ ဘေးနားကလူက လက်ကုတ်ပြီး အတင်းတုတ်နေတာတို့ ကြုံဖူးသလားတော့မသိဘူး။ “ကျနော်တို့ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်… ကျနော်တို့ရပ်ကွက်ထဲမှာဒီလိုပဲ…” လို့ဆိုရအောင် ဘလိုင်းကြီး မျက်စိဆံပင်မွှေးစူးနေကြတဲ့သူတွေရှိမှာပါ။

ဒီ post မှာတော့ သင့်ကိုအမြင်ကတ်နေသူတွေ ဒါမှမဟုတ် သင်နဲ့အမြင်မကြည်တဲ့သူတွေကို ကိုယ့်ဖက်ပါလာအောင် ကိုယ်နဲ့တည့်လာအောင် စိတ်ကစားနည်းလေးပြောပြမှာပါ။

ဒီစိတ်လှည့်ကွက်လေးကို Benjamin Franklin effect လို့ခေါ်ကြပါတယ်။ Benjamin Franklin ဆိုတဲ့ပုဂ္ဂိုလ်ကြီးကတော့ အမေရိကန်ဒေါ်လာတစ်ရာတန်မှာပါတဲ့သူပါပဲ။

အမေရိကန်ရဲ့ခေါင်းဆောင်ဖခင်ကြီးတွေထဲက တယောက်ပေါ့။

ဒီ effect ကဘာလဲဆိုတော့
“သင်က သင်သဘောကျတဲ့သူကိုပဲ ကူညီတယ်” ဆိုတာမဟုတ်ပါဘူးတဲ့။ “သင်ကူညီမိလိုက်တဲ့သူကို သဘောကျသွားတာပါ” တဲ့။

ရုတ်တရက်ဆိုကြောင်သွားလောက်ပါတယ်။ သာဓကလေးပြောပြပါမယ်။

Benjamin Franklin ရဲ့ဇာတ်လမ်းပေါ့။ Benjamin Franklin နဲ့မတည့်တဲ့ ပြိုင်ဖက်တယောက်ရှိပါတယ်။
အဲ့ပြိုင်ဖက်မှာ အလွန်ရှားပါးတဲ့စာအုပ်တအုပ်ရှိပါတယ်။ တရက်ကျတော့ Benjamin Franklin က သူနဲ့မတည့်တဲ့သူဆီ စာရေးပြီး အဲ့စာအုပ်ကလေးငှားပေးဖို့ပြောပါတယ်တဲ့။

အဲ့လူကလဲ ငှားပေးဖို့သဘောတူလိုက်ပါတယ်။ တပတ်လောက်ငှားဖတ်ပြီးတဲ့အခါ Benjamin Franklin ကအဲ့စာအုပ်ကိုသူသဘောကျတဲ့အကြောင်း၊ အခုလိုငှားပေးလို့သာဖတ်ခွင့်ရကြောင်း စာရေးပြီးပြန်ပြောလိုက်ပါတယ်။

အဲ့စာအုပ်ငှားတဲ့ကိစ္စအပြီးမှာ သူ့နဲ့မတည့်တဲ့ ပြိုင်ဖက်က သူ့အပေါ်ရုတ်တရက်ဆိုသလို သဘောကောင်းလာပါတယ်တဲ့။ နောက်ပိုင်း သူနဲ့နိုင်ငံရေးကိစ္စတွေပါဆွေးနွေးတဲ့အထိ ဘော်ဒါကောင်းတွေဖြစ်လာပါတယ်တဲ့။

ဒီသာဓကကို ကြည့်ရင် အကူအညီလေးတခုတောင်းလိုက်တာက လူ၂ယောက်ကြားက အဖုအထစ်ကိုပြေသွားစေတာကိုတွေ့ရပါတယ်။ ဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့ လူ့စိတ်ကအကြောင်ရိုက်ခံရသလိုဖြစ်သွားတာပါ။

ငါနဲ့မတည့်တဲ့သူက ငါ့ကိုအကူညီလာတောင်းတယ်။ ငါကလဲ ကူညီပေးလိုက်မိတယ်။ ဒါဆို ငါသူ့ကိုမုန်းနေတာရောဟုတ်ရဲ့လား… ငါသူ့ကိုမကြည်တာရောဟုတ်လို့လား… ဆိုပြီး စိတ်ကတွေးသွားပါတယ်။

ဒီလိုဖြစ်တာကို Cognitive dissonance လို့သုံးပါတယ်။ တယောက်ယောက်ကိုအမြင်မကြည်တဲ့စိတ် (emotion) နဲ့ အမြင်ကတ်တဲ့သူကိုမှကူညီပေးမိတဲ့လုပ်ရပ် (action) က ပြောင်းပြန်ကြီးဖြစ်နေပါတယ်။

တကယ်ဆို ခင်မှကူညီရမယ်။ မခင်ရင် မကူညီကြဘူး။ မဟုတ်လား။ အခုလိုကူညီမိသွားတာ ခင်နေလို့များလားဆိုပြီး စိတ်ကတွေဝေသွားပါတယ်။ အဲ့တော့မှ ကူညီလိုက်တယ်ဆိုတဲ့လုပ်ရပ်နဲ့ကိုက်သွားအောင် အမြင်မကြည်တာကို အမြင်ကြည်တယ်လို့ အတွေးပြောင်းသွားတာပါ။

ဒီအချက်ကိုသုံးပြီး ကိုယ်နဲ့သိပ်မခင်တဲ့သူတွေကို ကိုယ့်ဖက်ပါလာအောင် အသုံးချကြည့်လို့ရပါတယ်။ ကိုယ့်ကို အမြင်စောင်းတာများလေလေ သူကူညီဖြစ်သွားတဲ့အခါ ကိုယ်နဲ့ခင်လာဖို့ chance များလေလေဖြစ်ပါတယ်။

ဒီ trick လေးကိုသိထားရင် လူမှုဆက်ဆံရေးနယ်ပယ်မှာ လိုသလိုအသုံးချလို့ရပါတယ်။ ကိုယ်သာသေချာသုံးတတ်ရင် ရန်သူတထောင်ကလဲ မိတ်ဆွေတွေဖြစ်လာနိုင်ပါတယ်။

သို့သော် ဒီ effect က 100% အသုံးကျမယ်လို့တော့ အာမ မခံဝံ့ပါ။ အားနည်းချက်တချို့ရှိနေလို့ပါ။ ကိုယ်နဲ့မတည့်တဲ့သူကို အကူအညီသွားတောင်းဖို့ဆိုတာ ထင်သလောက်မလွယ်သလို အကူအညီတောင်းတဲ့ပုံစံကလဲ အချိုးပြေနေမှရမှာပါ။
အကူအညီတောင်းတာကို ရိုက်ပေါက်ဖြစ်အောင် ဆရာကြီးလေသံနဲ့သွားပြောရင်တော့ ပြန်ခင်ဖို့နေနေသာသာ ပိုတောင်အမြင်စောင်းသွားပါလိမ့်မယ်။

ကိုယ့်ကိုအမြင်ကတ်တဲ့သူက ကိုယ့်ကိုမြင်တာနဲ့မျက်မုန်းကျိုးပြီး ဖိနပ်ကောက်ကိုင်နေတဲ့သူမျိုးဆိုရင်တော့ ဒီ effect လဲအသုံးမဝင်နိုင်ပါ။

စစချင်းတောင်းတဲ့အကူအညီကလဲ အကြီးကြီးသွားတောင်းလို့မရပါဘူး။
“အကို… တခုလောက်ကူညီပေးပါ။ ဒီစာလေး အကို့ညီမကို ပေးပေးပါ” ဆိုပြီးတော့ ပေါက်ကရတွေတော့ သွားမလုပ်ခိုင်းနဲ့ပေါ့ဗျာ။

ကူညီပေးလောက်တဲ့အရာမျိုးကို ကူညီခိုင်းမှပဲ အဆင်ပြေမှာပါ။ ကိုယ့်ဖက်ကလဲ အကူညီကိုသေချာတောင်းပြီး သူကလဲတကယ်ကူညီပေးတယ်ဆိုရင် သေချာပါပြီ။
သင်နဲ့ သူနဲ့ အဆင်ပြေလာဖို့ ရာခိုင်နှုန်းများသွားပါပြီ။

ဒါ့အပြင် ကိုယ်ကတလှည့်ပြန်ကူညီပေးတာတို့၊ သူ့ကိုကျေးဇူးတင်စကားပြောပေးတာ၊ သူ့ကိစ္စတွေကို ဂရုတစိုက်နားထောင်ပေးတာ တွေကလဲ သုံးတတ်ရင် အကျိုးရှိမယ့် ပေါင်းသင်းဆက်ဆံရေးနည်းဗျူဟာတွေပါပဲ။

ဒီလောက်ဆိုရင် ကိုယ်နဲ့မခင်တဲ့သူတွေ၊ ကိုယ့်ကိုဘလိုင်းကြီးအမြင်ကတ်နေသူတွေကို အဆင်ပြေပြေပေါင်းသင်းလို့ရလောက်ပြီလို့ ယူဆပါတယ်။

အပေါ်က နည်းတွေ အလုပ်မဖြစ်ခဲ့သည်ရှိသော်…

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆံပင်အစောကြီးဖြူကုန်တာ စိတ်ဖိစီးတာနဲ့ဆိုင်လား?

ဆံပင်ဖြူပေါက်တာက အသက်ကြီးမှပေါက်တာလို့သိထားကြပေမယ့် တကယ်တမ်းတော့ လူငယ်တွေလဲ ဆံပင်ဖြူစောပေါက်တတ်ပါတယ်။ တချို့လူငယ်တွေဆို အသက်မကြီးသေးဘဲ ခေါင်းကတော်တော်ဖွေးနေပါပြီ။

အခုခေတ်မှာတော့ ဆံပင်ဆေးဆိုးလိုက်ရုံနဲ့ ခေါင်းဖြူတဲ့ပြဿနာကိုရှင်းလို့ရပေမယ့် ဆံပင်ဖြူစောစောပေါက်တဲ့အကြောင်းရင်းကိုလဲသိထားသင့်ပါတယ်။

ဆံပင်တချောင်းကို နက်မှောင်နေအောင် အရောင်ခြယ်ပေးထားတာက မယ်လနင် (melanin) လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းပါ။ မယ်လနင်ထုတ်ပေးတဲ့ဆဲလ်ကို Melanocytes လို့ခေါ်ပါတယ်။ Melanocytes တွေက ဆံပင်ရဲ့အမြစ်ထဲမှာရှိနေပြီးဆံပင်ကိုမည်းနေအောင်လုပ်ပေးပါတယ်။

Melanocytes တွေကလဲသက်တမ်းရှိပါတယ်။ သက်တမ်းပြည့်ရင် သေသွားတတ်ပါတယ်။ ဒါပေမယ့် Melanocytes တွေသေရင် ပြန်အစားထိုးပေးတဲ့ stem cell ဆိုတာကျန်ပါသေးတယ်။ ဒါကြောင့် ဆံပင်တွေက နှစ်တွေအကြာကြီး နက်မှောင်နေနိုင်ပါတယ်။

အသက်ကြီးလာတဲ့အခါမှာတော့ Melanocytes တွေလဲသေကုန်သလို stem cell တွေလဲနည်းလာတော့ မယ်လနင်ဓာတ်နည်းလာပြီး ဆံပင်တွေဖြူကုန်ပါတယ်။ ချက်ချင်းတန်းမဖြူသေးဘဲ မီးခိုးရောင်၊ ငွေရောင်၊ အဖြူနုရောင်၊ ဖွေးဖွေးဆွတ် စသဖြင့် အရောင်ပြောင်းလာပါတယ်။

အသက်ကြီးလို့ ဆံပင်ဖြူတာက အကြောင်းမဟုတ်ပေမယ့် အသက်ငယ်ငယ်နဲ့ရော ဘာလို့ဆံပင်ဖြူတာလဲလို့ မေးစရာရှိပါတယ်။

ပထမဆုံးအကြောင်းရင်းကတော့ မျိုးရိုးဗီဇကြောင့်ပါ။ မိဘက ဆံပင်စောစောဖြူတတ်ရင် သားသမီးကလဲစောစောလိုက်ဖြူတတ်ပါတယ်။
မျိုးရိုးလိုက်ပြီး ဆံပင်ဖြူတာပါ။

နောက်တချက်ကတော့ တချို့သောရောဂါတွေမှာလဲ ဆံပင်ဖြူနိုင်ပါတယ်။
ဥပမာ Vitiligo လို့ခေါ်တဲ့ ခရုသင်းရောဂါမှာဆိုရင် အရေပြားမှာ အဖြူကွက်ဖြစ်ရုံသာမက ဆံပင်တွေလဲဖြူတတ်ပါတယ်။

အစားအသောက်ထဲမှာ အာဟာရမပြည့်ဝရင်လဲ ဆံပင်စောဖြူတတ်ပါတယ်။ ဥပမာ Zinc ဓာတ်ချို့တဲ့တာတို့၊ Vitamin B12 ချို့တဲ့တာ။

နောက်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာလဲ ဆေးလိပ်ငွေ့ထဲက chemical တွေကြောင့် Melanocytes တွေကိုထိခိုက်ပြီး ဆံပင်စောစောဖြူတတ်ပါတယ်။ ဆေးလိပ်သောက်လို့ သွေးကြောကျဥ်းရောဂါရရင်လဲ ဆံပင်ကိုသွေးရောက်တာနည်းပြီး ဆံပင်ကျွတ်တာ ဆံပင်မသန်တာဖြစ်နိုင်ပါတယ်။

နောက်ဆုံးအချက်ကတော့ ကာလကြာရှည်စိတ်ဖိစီး stress များခြင်းကလဲ ဆံပင်ဖြူစေတယ်လို့ သုတေသနတွေကဆိုပါတယ်။

ကြွက်မည်းတွေကို စမ်းသပ်မှုတခုလုပ်ပါတယ်။ ကြွက်မည်းတွေကို အုပ်စုခွဲပြီး stress 3မျိုးပေးပါတယ်။

Pain (နာကျင်အောင်လုပ်တာ)
Restraint (အချုပ်အနှောင်နဲ့ထားတာ)
Psychological stress (စိတ်ဖိစီးအောင်လုပ်တာ) စတဲ့ stress တွေပေးပြီးစမ်းသပ်တဲ့အခါ ရက်သတ္တတပတ်ကြာပြီးနောက် ကြွက်မည်းတွေ တဖြေးဖြေး အမွှေးဖြူလာပါတယ်။

ဟိုတကွက်ဒီတကွက်ဖြူလာရင်း နောက်ဆုံး သိသိသာသာ ဖြူဆွတ်လာပါတယ်။ ကြွက်တွေရဲ့စမ်းသပ်ချက်အရ စိတ်ဖိစီးရင် stress hormone တွေထွက်လာပြီး ဆံပင်အမြစ်က stem cell တွေကို အပြင်ထွက်အောင်လုပ်ပလိုက်ပါတယ်။ Stress များလေလေ stem cell တွေတဖြေးဖြေးကုန်သွားပြီး အမွှေးတွေဖြူလာပါတော့တယ်။

ဒီလိုဖြစ်စေတဲ့ stress hormone တွေကတော့ Noradrenaline လို့ခေါ်တဲ့ hormone နဲ့ corticosteroid လို့ခေါ်တဲ့ hormone တွေကြောင့်ပဲဖြစ်ပြီး ဆံပင်ဖြူခြင်းက ခဏတာမဟုတ်ဘဲ permanent ဖြစ်သွားတာကိုလဲတွေ့ရပါတယ်။ ကာလကြာရှည်စိတ်ဖိစီးတာနဲ့ ဆံပင်ပိုဖြူစေကြောင်းကို ဆက်စပ်ကြည့်လို့ရပါတယ်။

အတန်းထဲက Hyper တွေတို့၊ အမြဲတွေးပူနေတဲ့ကောင်တွေဆိုရင် ဆံပင်စောဖြူနေတာကိုတွေ့ရမှာပါ။ စောစောအိုစာလာတာပေါ့ဗျာ။

ခဏတာစိတ်ဖိစီးတာကရော ဆံပင်ဖြူတတ်သလားဆိုတာ သိပ္ပံနည်းကျမသိရသေးပေမယ့် ရာဇဝင်ပုံပြင်ထဲမှာတော့ ရှိဖူးပါတယ်။

ပြင်သစ်ဘုရင်မကြီး Marie Antoinette ဆိုရင် ရုတ်တရက်စိတ်ထိခိုက်ဖိစီးမှုကြောင့် ညတွင်းချင်းမှာပဲ တခေါင်းလုံးဖြူသွားတယ်လို့ ဒဏ္ဍာရီတွေကဆိုပါတယ်။

တချို့ကလဲ ဘုရင်မကြီးက stress ကျသွားရင် ဆံပင်ပြန်မည်းလာပြီး stress တက်ရင်ပြန်ဖြူသွားတာ ၃ကြိမ်လောက်ဖြစ်ဖူးတယ်လို့ရေးကြပါတယ်။ဒါကိုအစွဲပြုပြီး Marie Antoinette syndrome လို့တောင်ခေါ်တာရှိပါတယ်။

Evolution အရပြောထားတာကလဲ စိတ်ဝင်စားစရာပါ။
လောကဓံတွေခဏခဏကြုံရပြီး စိတ်ဖိစီးမှုများတဲ့အခါ လူကရင့်ကျက်တည်ငြိမ်လာကာ အတွေ့အကြုံများတဲ့ဆရာကြီးဖြစ်လာပါတယ်။ ဆရာကြီးဖြစ်လာပြီဆိုတဲ့အထိမ်းအမှတ်နဲ့ ဆံပင်ဖြူလာတာပါတဲ့။

ဆံပင်ဖြူနေပြီဆို ဒီလူက အတွေ့အကြုံများပြီ… စောင်ဆရာကြီးဖြစ်ပြီဆိုတာ တန်းသိနိုင်ပါတယ်တဲ့။

သိပ္ပံပညာရှင်တွေ တွေ့ထားတာက Silverback mountain gorilla ဆိုတဲ့ မျောက်တွေမှာ အရွယ်ရောက်လာရင် ကျောမွှေးဖြူလာပါတယ်တဲ့။

လူတွေဆံပင်ဖြူလာသလို ဂေါ်ရီလာမျောက်တွေမှာ ကျောမွှေးဖြူလာတော့မှ ဒီကောင်ဆရာကြီးဖြစ်ပြီဆိုပြီး မျောက်အုပ်စုရဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်ကြတယ်လို့ဆိုပါတယ်။

အဲ့တော့ လောကဓံရဲ့ဖိစီးမှုခံရလေ ဆံပင်ဖြူလေ၊ ဆံပင်ဖြူလေ ဆရာကြီးအထင်ခံရလေဖြစ်နိုင်တာမို့ ဆရာကြီးအထာနဲ့ ဆံပင်ဖြူနိုင်ကြပါပြီဗျာ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဂဏန်းအချက်အလက် (Statistics) တွေကို ယုံကြည်လို့ရသလား?

ကျွန်တော်တို့ Channel မှာ အထောက်အထားတွေကို ကြည့်ပါ၊ Research ဆိုတာ ဘယ်လိုဘယ်ပုံသတ်မှတ်ထားသလဲ စတာတွေကို တင်ဖူးပါတယ်။ ဒီတော့ ဒါတွေနဲ့ မဖြစ်မနေတွဲပါလာတာက Statistics တွေပါပဲ။ Statistics တွေ ဘယ်လောက် အင်အားကြီးမားလဲဆိုတာ ဥပမာနဲ့ ရေးပြချင်ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက Target ဟာ သူ့ဖောက်သည်တွေထဲက ဘယ်သူတွေ ကိုယ်ဝန်ရှိနေမလဲဆိုတာကိုသိအောင် Statistics နည်းနဲ့ ကြံစည်ခဲ့ဖူးပါတယ်။ (Target ဆိုတာ မြန်မာပြည်က City Mart လိုပါပဲ) အမျိုးသမီးတွေရဲ့ စျေးဝယ်တဲ့ Data ကိုကြည့်ပြီး ဘယ်သူက ဗိုက်ကြီးနေမလဲ… ခန့်မှန်းတဲ့ Algorithm ဆွဲတာမျိုးပါ။ ဥပမာ Lotion တွေတိုးဝယ်တာမျိုး၊ Vitamin တွေပိုဝယ်တာမျိုးပေါ့။ ဒီလိုလုပ်တာဟာ ဥပဒေကို ချိုးဖောက်ရာမရောက်တဲ့အတွက် သူတို့ကို ဘာမှလုပ်လို့မရပါဘူး။

Data တွေရလာပြီး Algorithm ထဲထည့်လိုက်တဲ့အခါ ကိုယ်ဝန်ရှိနေနိုင်တဲ့ အမျိုးသမီးတွေရဲ့ List ရလာပါတယ်။ ဒါတင်မကသေးဘူး ဘယ်တော့မွေးနိုင်လဲဆိုတဲ့ Due Date ကိုပါတွက်ချက်ထားတာပါ။ ရည်ရွယ်ချက်က ဗိုက်ကြီးရင် လိုမယ့်ပစ္စည်းတွေပါတဲ့ ကြော်ငြာ (Coupon) ကိုသူတို့အိမ်တွေဆီပို့ချင်တာပါ။ ဒါပေမယ့် တခြားပစ္စည်းကြော်ငြာတွေနဲ့ ရောပြီးပို့တာမို့ Subtle တော့ဖြစ်တယ်။

တစ်နေ့မှာ ယောက်ျားတစ်ယောက်က စိတ်တိုပြီး Target ဆိုင်ခွဲတစ်ခုဆီကို ရောက်လာပါတယ်။ သူ့ရဲ့ဆယ်ကျော်သက်သမီးဆီကို ဒီ Coupon တွေပို့နေတာဟာ ဗိုက်ကြီးအောင်မြှောက်ပေးနေသလိုပဲ ဆိုပြီး လာဆဲတာပါ။ Manager ကလည်း Algorithm အကြောင်းမသိတော့ “Customer is always right” ဆိုတဲ့အတိုင်း တောင်းပန်ပါတယ် ပြောလိုက်ရတာပေါ့။ ဒါနဲ့ နောက်ရက်လည်းကျရော မန်နေဂျာက ထပ်ပြီးတောင်းပန်ချင်လို့ ဖုန်းဆက်တယ်။ အဲ့ဒီအခါမှာတော့ ဘိုးတော်က ပြန်တောင်းပန်လိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ဆယ်ကျော်သက်သမီးက တကယ်ဗိုက်ကြီးနေတာမို့လို့ပါ။
ဒီတော့ Algorithm က အဖေကိုယ်တိုင်မသိခင်တောင် သမီးဗိုက်ကြီးတာကို ကြိုသိနေတာပေါ့။

၁၉၆၄ တုန်းက အသက်ကြီးကြီး ဘွားတော်တစ်ယောက်က အိမ်ကိုလမ်းလျှောက်ပြန်နေတဲ့အချိန်မှာ သူ့လက်ကိုင်အိတ်အလုခံလိုက်ရပါတယ်။ လုသွားတဲ့မိန်းမက လူဖြူမ၊ ရွှေရောင်ဆံပင်ကိုစည်းထားတယ်၊ သူက အဝါရောင်ကားပေါ်ကို တက်သွားတယ်၊ မောင်းတာက လူမည်း၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးရှိတယ် ဆိုပြီး ရဲတွေကိုပြောနိုင်လိုက်တယ်။

နောက်တော့ ရဲတွေက Description နဲ့တူတဲ့ လူဖြူ၊ လူမဲအတွဲကို ဖမ်းမိတယ်။ တရားရုံးကိုပို့လိုက်ပေမယ့် အဘွားကြီးကလွဲရင် သက်သေတော့မရှိဘူးပေါ့…။
ဒီအခါမှာ သင်္ချာပညာရှင်တစ်ယောက်က အပေါ်က ပြောခဲ့တဲ့ Description နဲ့တူလောက်တဲ့ ဖြစ်တန်စွမ်းကို တွက်ချက်ပြလိုက်တယ်။ ဘယ်လောက်ရလဲဆိုတော့ သူတို့မှာ အပြစ်မရှိဘဲ ဒီလိုတူဖို့ Chance က 1 in 12 million ပဲရှိတယ်ဆိုတာပါ။ ဒါကြောင့် သက်သေမရှိပေမယ့် သူတို့လင်မယားထောင်ကြသွားတယ်။

နောက်တစ် Case ကတော့ အမေက ကိုယ့်ကလေး ၂ယောက်ကို ပြန်သတ်တဲ့အမှုပါ။ ပထမကလေးက ဘာကြောင့်မှန်းမသိဘဲသေသွားတယ်။ ဆေးပညာမှာတော့ ဒါကို Sudden Infant Death Syndrome (SIDS) လို့ခေါ်တယ်။ ပုခက်ထဲမှာ ဘာကြောင့်သေမှန်းမသိဘဲသေနေလို့ Crib Death လို့လည်း ခေါ်တယ်။ နောက်ကလေးတစ်ယောက်ကို ၁နှစ်အကြာမှာမွေးတယ်။ အဲ့ကလေးကလည်း မွေးပြီး ၈ပတ်ကြာတဲ့အခါမှာ SIDS နဲ့ပဲသေသွားပြန်တယ်။

ဒီတော့ ရဲတွေက သူ့ကိုဖမ်းလိုက်တာပေါ့။ ဒါပေမယ့် သက်သေမရှိဘူး။ ကလေးအထူးကုတစ်ယောက်က ဖြစ်တန်စွမ်းတွေနဲ့တွက်ချက်ပြီး တရားခွင်မှာထွက်ဆိုတယ်။ ဒီလို ၂ယောက်စလုံး SIDS နဲ့သေဖို့ 1 in 73 million chance ပဲရှိတယ်တဲ့။ ဒီတော့ အမေက တစ်သက်တစ်ကျွန်း ထောင်ကျသွားတယ်။

ဒီိလိုတွေပြောလို့ Statistics ကိုပစ်ယုံလိုက်မယ်လို့ မတွေးမိပါနဲ့ဦး။ ကျွန်တော်ရေးတဲ့ရည်ရွယ်ချက်က မျက်စိမှိတ်မယုံစေချင်တာပါ။

သွားဆရာဝန်တွေရဲ့ 80% ဟာ Colgate ညွှန်းကြတယ်လို့ Colgate ကကြော်ငြာတာပေါ့။ တကယ့် Study ကို အောက်မှာပြထားပါတယ်။

80% က Colgate ကိုညွှန်းတာမှန်ပေမယ့် 100% က Crest ကိုညွှန်းတာကိုတော့ ချန်ထားခဲ့သလို 80% က Oral-B ကိုညွှန်းတာကိုလည်း ထည့်မပြောပါဘူး။ ကျွန်တော့အနေနဲ့ ဒါကိုတော့ တစ်ကွက်ကောင်းရွေးပြတာလို့ ပြောချင်ပါတယ်။

နောက်တစ်ခုကို ထပ်ပြောပါဦးမယ်။ စဉ်းစားကြည့်ပါ။ ၁၉၉၅ တုန်းက UK မှာ ဆေးပညာ Paper တစ်စောင်ထွက်လာပါတယ်။ သန္ဓေတားဆေးအသစ်တစ်ခုဟာ သွေးခဲဖြစ်ပေါ်မှုကို 100% တိုးစေတယ်လို့ ဆိုပါတယ်။ ကိုယ်သာမိန်းကလေးဆိုရင် ဒီဆေးကို သောက်ဖို့စဉ်းစားပါဦးမလား?
ဒါဟာ လိမ်ထားတာမဟုတ်ပါဘူး။ Twist လုပ်လိုက်တာပါ။

အရင် Data က လူ ၇၀၀၀ သောက်ရင် ၁ယောက်မှာ ဖြစ်ပေမယ့် ခုဆေးဟာ လူ ၇၀၀၀ သောက်ရင် ၂ယောက်မှာဖြစ်တာမို့ 100% တက်သွားတယ်ဆိုတာ မမှားပါဘူး။ သေချာတွက်ကြည့်ရင် 0.014% ကနေ 0.028% တိုးသွားတာပါ။ ဒါဟာ မပြောပလောက်တဲ့ ပမာဏပါ။
ဒါပေမယ့် နောက်နှစ်မှာတော့ Unwanted Pregnancy အရေအတွက် ၁၃၀၀၀ တိုးလာပါတယ်။ တော်တော်များများက ဆယ်ကျော်သက်တွေမှာပါ။
ဘာသဘောနဲ့ Paper ကို Mislead ဖြစ်အောင်ထုတ်လိုက်လဲ မသိပေမယ့် ပေးဆပ်လိုက်ရတာက တော်တော်များပါတယ်။

နောက်တစ်ချက်က Correlation နဲ့ Causation ပါ။ ဒါကိုမြင်သာအောင် အောက်ကပုံကိုကြည့်ပါ။

လူတွေ ရေခဲမုန့်တွေပိုစားလာကြတာနဲ့ နေလောင်တာနဲ့က ဆက်နွယ်မှုရှိနေတယ် (Correlate) လို့ ပြောလို့ရတယ်။ ဒါပေမယ့် နေလောင်တာကြောင့် ရေခဲမုန့်ဝယ်စားနေကြတာလို့ ပြောမရသလို ရေခဲမုန့်တွေစားတာကြောင့် နေလောင်တာလို့လည်း ပြောမရပါဘူး။

လူတွေက ဒီ ၂ခုကို ရောထွေးတဲ့အခါ Correlation အဆင့်လောက်နဲ့ပဲ Causation လိုမျိုး ထင်တတ်ကြပါတယ်။ တကယ်တော့ ၂ခုလုံးကို ဖြစ်စေတာက နေကြောင့်ပါ။ ဒါမှ Causation အစစ်ပါ။ ဒါကို Third Cause Fallacy လို့ခေါ်ပါတယ်။
ဒီအကြောင်းကို မြွေကျော်သခွားသီးတွေ ဘာလို့ခါးရတာလဲ မှာရေးပြီးပါပြီ။

Science Nuts များ သခွားသီးပြဿနာအဖြေရှာကြခြင်း (မြွေကျော်သီးတွေ ဘာလို့ခါး)
https://ouo.io/16E6uS8

ဒီတော့ အပေါ်က ပြောခဲ့တဲ့ အဘွားကြီးဆီက လုတဲ့အမှုကိုပြန်ပြောချင်ပါတယ်။ တကယ်တော့ ပညာရှင်က အမှားတစ်ခုကျူးလွန်ခဲ့တာပါ။ Correlation & Causation သဘောကို နားလည်ရင် ဒါကိုပြောလို့ရပါတယ်။ နေပူလို့ ရေခဲမုန့်စားကြတယ်လို့ ပြောလို့ရပေမယ့် ရေခဲမုန့်စားလို့နေပူတယ်လို့ ပြောလို့မရပါဘူး။

ဥပမာ လိုက်ကာနောက်မှာ ခြေလေးချောင်းရှိတဲ့သတ္တဝါတစ်ကောင်ရှိတယ်။ အဲ့အကောင်က ကြောင်ဖြစ်နိုင်စွမ်းဘယ်လောက်ရှိမလဲဆိုရင် စာဖတ်သူအနေနဲ့ 1 in 100 တို့၊ 1 in 1000 တို့ခန့်မှန်းမိမှာပါ။
ဒါပေမယ့် လိုက်ကာနောက်မှာ ခွေးတစ်ကောင်ရှိနေတယ်။ သူ့မှာခြေလေးချောင်းရှိဖို့ ဖြစ်တန်စွမ်းဘယ်လောက်ရှိမလဲဆိုရင် 100% လို့ ဖြေချင်ဖြေကြမှာပါ။ ဖြစ်တန်စွမ်း ၂ခုက တော်တော်ကြီးကို ကွာသွားပါပြီ။

လုယက်မှုဟာလည်း ဒီသဘောပါပဲ။ သင်္ချာပညာရှင်တွက်ပြတာက 1 in 12 million chance ရှိပေမယ့် မိသွားတဲ့အခါမှာ လုသွားတဲ့အတွဲက ဒီအတွဲဖြစ်နိုင်တယ်ဆိုတဲ့ Chance က 100% ဖြစ်သွားတာပါ။
တကယ်ဆိုရင် အဲ့ဒီမြို့ထဲမှာ ဒီအတွဲနဲ့ ပုံစံတူအတွဲ ၁၀ တွဲရှိရင် သူတို့မှာ အပြစ်ရှိနိုင်စွမ်းက 1 in 10 chance ပဲရှိတာပါ။ ဒီတော့ အပြစ်ကင်းဖို့ Chance က 9 in 10 ရှိပါတယ်။ 1 in 12 million မဟုတ်ပါဘူး။ ဒါကို Prosecutor’s Fallacy လို့ခေါ်ပါတယ်။
A က B ကို ဖြစ်စေတယ်ဆိုတိုင်း B က A ကို ဖြစ်စေတယ်လို့ ယူမရတဲ့သဘောပါ။

P (A\B) ≠ P (B\A)

ကလေး ၂ယောက်ကို သတ်တဲ့အမှုလည်း ဒီ Fallacy နဲ့ငြိလို့ ၃နှစ်အကြာမှာ အမေကို ပြန်လွှတ်လိုက်ရပါတယ်။ သူ့နေရာက စဉ်းစားကြည့်ရင် ကလေး ၂ယောက်က မွေးပြီးသိပ်မကြာဘူး သေသွားပါတယ်ဆို ဒီအတွက်မှားယွင်းပြီး ထောင်ကျလိုက်သေးတယ်။ ဒါ့အပြင် Media မှာလည်း ပယ်ပယ်နယ်နယ် အပြောခံရတယ်။ သူပြန်လွတ်လာပြီး ၄နှစ်လောက်ကြာတော့ အရက်တွေသောက်ပြီး သေသွားတာပါပဲ။

ဒါကြောင့် Statistics တွေကိုကြည့်တဲ့အခါ ပြောတာလေးတင်ကွက်ပြီး ကြည့်လို့မရပါဘူး။ အကုန်လုံးကိုချုံပြီးကြည့်ရပါတယ်။ လူဘယ်နှယောက်နဲ့စမ်းထားတာလဲ၊ Side Effect က ဘယ်နှယောက်မှာတွေ့တာလဲ စတာတွေကို % နဲ့မဟုတ်ဘဲ တိတိကျကျသိဖို့လိုပါတယ်။ ဒါတွေကို ကိုင်ပြီး လိမ်တာမဟုတ်တောင် မလည်ရှုတ်လုပ်နေတဲ့ ကြော်ငြာတွေအများကြီးရှိပါတယ်။

ကျွန်တော်တို့ဆီမှာက ခုချိန်ထိ ဂွေးတောက်ရွက်ရှု၊ တမာရွက်ပြုတ်စားဆိုတဲ့ Personal Evidence ဘဝကနေမတက်ကြသေးပေမယ့် သူတို့ဆီမှာတော့ လူတွေက Research တွေရှာဖတ်တတ်ကြပါတယ်။ Research တစ်ခုလုံးမဖတ်တောင် Conclusion ကွက်ပြီးဖတ်တတ်ကြပါတယ်။ ဒီတော့ သူတို့တွေမှာ ဒီပြဿနာကြုံရတာပါ။

ကျွန်တော်တို့ဆီလည်း လူတွေပိုပြီး ပညာတတ်လာကြ၊ ခေတ်မီလာကြ၊ အင်္ဂလိပ်စာအခြေခံကောင်းလာကြရင် ဒီပြဿနာကို ကြုံလာရမှာပါ။ ကံကောင်းတာက ပြဿနာတွေကို ရှေ့ကသွားနှင့်တဲ့လူတွေက ဖြေရှင်းခဲ့ကြတော့ နည်းယူလို့ရတာပေါ့ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started