လကမ္ဘာပေါ်လူတွေရောက်ခဲ့တယ်ဆိုတာ တကယ်ရောဟုတ်လို့လား?

၁၉၆၉ခုနှစ်၊ ဇူလိုင် ၂၀ တုန်းက လကမ္ဘာပေါ်လူသားတွေအခြေချနိုင်ခဲ့ပြီဆိုပြီး သတင်းတွေ ဓာတ်ပုံတွေ
ဆက်တိုက်ကို တက်လာခဲ့ပါတယ်။ တီဗီတွေ ရေဒီယိုတွေထဲမှာ လကိုသွားခဲ့တဲ့ ခရီးစဥ်အကြောင်းတွေပဲ အချိန်တိုင်း ထုတ်လွှင့်ခဲ့ပါတယ်။

ပထမဆုံးလပေါ်ခြေချခဲ့သူအဖြစ် အာကာသယာဥ်မှူး နေးလ်အမ်ထရောင်း (Neil Armstrong) ကိုဖော်ပြကြပြီး ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ သို့သော် လူအများစုစိတ်ထဲမှာ ယုံရခက်လွန်းနေပြီး ဒါဟာ မဖြစ်နိုင်ဘူးလို့ပဲ ထင်ကြပါတယ်။

လဆိုတာလှမ်းမြင်ရတာတောင် သေးသေးပဲမြင်ရတာ အာကသထဲရောက်အောင်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး နာဆာက ဂျင်းထည့်နေတာပဲလို့ထင်ကုန်ပါတယ်။ နာဆာက ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေကိုကြည့်ပြီး ဓာတ်ပုံအတုတွေလို့စွပ်စွဲကြပါတယ်။

သူတို့စွပ်စွဲချက်တွေကို National Geographic ကဆောင်းပါးတပုဒ်မှာ ရှင်းပြထားတာသဘောကျလို့ ရေးသားတင်ပြလိုက်ရပါတယ်။ ပထမဆုံး အချက်က ဓာတ်ပုံထဲမှာ အမေရိကန်အလံကြီးက ဘာလို့တလူလူလွင့်နေရတာပါလဲတဲ့။

တကယ်ဆို လေမရှိတဲ့ လေဟာပြင်အာကသထဲမှာ အလံကလွင့်နေစရာအကြောင်းမရှိပါဘူး။ ဒါသက်သက် လုပ်ကြံပြီး ကမ္ဘာပေါ်မှာပဲ ရိုက်ထားတဲ့ဓာတ်ပုံလို့ဆိုကြပါတယ်။

တကယ်တမ်းကတော့ အလံကိုလွင့်နေတယ်ထင်ရအောင် အလံတိုင်ကို ထောင့်မှန်ကွေးပြီး အလံကိုစွပ်ထားတာပါ။
ဒေါင်လိုက်ရယ် အလျားလိုက်ရယ် အလံတိုင် ၂ ချောင်းလုပ်ထားတာပေါ့။ အဲ့လို special အလံတိုင်ရအောင် ၃လလောက်အချိန်ပေးပြီး ပြင်ဆင်ထားတာပါတဲ့။

တချို့ကလဲ မယုံဘူး၊ အလံကလှုပ်နေတယ်ဘာညာပြောပါတယ်။ အဲ့တာမှမယုံသေးရင် အောက်ကပုံကိုကြည့်လို့ရပါတယ်။

နောက်ထပ်လူပြောများကြတာက ဓာတ်ပုံဆရာက ဘယ်လိုလို့ လပေါ်ရောက်နေတာလဲတဲ့။ တကယ်တမ်းက လပေါ်ကိုသွားတော့ ဓာတ်ပုံဆရာကိုခေါ်မသွားခဲ့ပါဘူး။
အာကာသယာဥ်မှူးရဲ့ ဝတ်စုံမှာ ကင်မရာတပ်ပေးထားလို့ အခုလိုဓာတ်ပုံတွေရလာတာပါ။

နောက်ထပ်စွပ်စွဲချက်တခုကကျ အာကာသထဲမှာလဲပြောသေးတယ် ဓာတ်ပုံထဲမှာ ကြယ်တွေလဲမမြင်ရပါလားတဲ့။

ဒါကဘာကြောင့်လဲဆိုတော့ လမျက်နှာပြင်က နေအလင်းကို ရောင်ပြန်ဟပ်နေတော့ Glare တွေထပြီး ကြယ်တွေကိုသေချာမမြင်ရတာပါတဲ့။
Glare ဆိုတာက ဓာတ်ပုံသမားတွေဆိုသေချာသိပါတယ်။ မလိုချင်တဲ့အရောင်တွေရောင်ပြန်ဟပ်နေတာကိုဆိုချင်တာပါ။ နောက်ပြီး ကင်မရာကို Fast exposure setting ထားပြီး ခပ်မြန်မြန်ရိုက်ထားလို့ နောက်ခံကြယ်အလင်းတွေသေချာမဝင်တာဖြစ်မယ်လို့ဖြေရှင်းထားပါတယ်။

တချို့ကလဲ မေးခွန်းထုတ်ပါသေးတယ်။ အာကာသယာဥ်ရပ်နားတဲ့ မြေပြင်က ချိုင့်ဝင်မသွားဘဲ ဘာလို့ ပြင်ညီပဲကျန်နေတာလဲတဲ့။

သူတို့ထင်တာက အာကာသယာဥ်ရပ်နားလိုက်တဲ့အခါ အရှိန်နဲ့ မြေပြင်ကဖုန်လုံးတွေထသွားရမယ်။အောက်ခြေကြမ်းပြင်ကလဲ ချိုင့်သွားရမယ်ဘာညာရုပ်ရှင်ဆန်ဆန် တွေးကြတာပါ။ တကယ်တမ်းတော့ အာကာသယာဥ်က လေထဲမှာပဲစက်သတ်ပြီး ဖြေးဖြေးဆင်းချလာတာပါ။ ရုပ်ရှင်တွေထဲကလို ဒုန်းဒုန်းစိုင်းစိုင်း အရှိန်နဲ့ မီးတောက်တွေထတောက်ပြီး ဆင်းပလိုက်တာ မဟုတ်ပါဘူးတဲ့။

နောက်ပြီး ထပ်ငြင်းကြတာက လပေါ်ကခြေရာကိုရိုက်ထားတဲ့ ဓာတ်ပုံကိုပါ။ ခြေရာကြီးကတအားထင်းနေလို့ပါတဲ့။

တကယ်ဆို လေမရှိ ရေမရှိတဲ့ သဲပြင်မှာ ခြေရာကအဲ့လောက်မထင်ဘူးတဲ့။
စိုစွတ်မှုရှိတဲ့သဲပေါ်မှာသာ ခြေရာကထင်းနေတာဆိုပြီး စဆရကလုပ်ကြပြန်ပါတယ်။ အာကာသယာဥ်မှူးတွေခမြာ “တကယ်ရောက်ခဲ့ပါတယ်ဟ။ ငါကိုယ်တိုင် အားနဲ့နင်းထားတဲ့ ခြေရာအစစ်ပါ” လို့ ဖိနပ်ကိုင်ပြီး ထရိုက်ရမယ့်ပုံပါပဲ။

လပေါ်က ကြမ်းပြင်က သဲနုနုလေးတွေနဲ့တူပါတယ်တဲ့။ အဲ့သဲနုနုလေးတွေက လွယ်လွယ်ကူကူပဲ ပုံစံသွင်းလို့ရလို့ အဲ့လိုထင်ရှားနေတာပါတဲ့။ လပေါ်မှာက လေလဲမတိုက်လို့ ခြေရာတွေက ပုံစံပျက်မသွားဘဲ အဲ့အတိုင်းလေးပဲဆက်ရှိနေပါတယ်တဲ့။

ယနေ့အထိ ကမ္ဘာ့လူဦးရေ သန်းနဲ့ချီရှိပေမယ့် လပေါ်ကိုရောက်ဖူးတဲ့သူက ၂၄ယောက်ပဲရှိပြီး လမျက်နှာပြင်ကိုနင်းဖူးတဲ့သူက ၁၂ဦးပဲရှိပါသေးတယ်။

ဒါကြောင့်လဲ မရောက်ဖူးသေးတဲ့သူသန်းပေါင်းများစွာက တကယ်ရောက်ဖူးတဲ့လူ လက်တဆုပ်စာကို မယုံကြတာမဆန်းပါဘူး။ သင်ရော လကိုလူရောက်တဲ့ကိစ္စကို မယုံတဲ့သူထဲမှာပါနေသေးလား။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဇာတ်တူသားစားခြင်းအလေ့အထ

ဇာတ်တူသားစားတဲ့အလေ့အထကို Cannibalism လို့ခေါ်ပါတယ်။ Cannibalism က တိရစ္ဆာန်တွေထဲမှာတော့ မရှားပါးလှပါဘူး။

ရေနေသတ္တဝါတွေထဲမှာဆိုရင် အသားစားငါးများနဲ့ပုစွန်မျိုးစိတ်တချို့ဟာ ဇာတ်တူသားစားတတ်ကြပါတယ်။ ကုန်းနေရေနေသတ္တဝါထဲမှာဆိုရင် ဖားပြုတ်မျိုးနွယ်တွေနဲ့ အင်းဆက်ထဲမှာဆို ပင့်ကူမျိုးစိတ်တချို့က cannibalism နဲ့နာမည်ကြီးကြပါတယ်။

ဇာတ်တူသားစားတာကောင်းတဲ့အကျင့်လားဆိုရင် ဖြေရခက်ပါတယ်။

သဘာဝတရားကြီးက တချို့အကောင်တွေကို မျိုးစိတ်တူချင်းပြန်စားခွင့်ပေးထားပါတယ်။
အသားစားတိရစ္ဆာန်တွေမှာပဲ တွေ့ရတာမဟုတ်ပါဘူး။
အပင်စားတိရစ္ဆာန်တွေမှာလဲ ငတ်မွတ်ခေါင်းပါးလာတဲ့အခါ stress တွေပိလာတဲ့အခါ ပြန်စားတတ်တယ်လို့ဆိုပါတယ်။

အမဲလိုက်တတ်တဲ့တိရစ္ဆာန်တွေဆိုရင် အမဲလိုက်စရာတခြားတောကောင်တွေရှားပါးလာတဲ့အခါဖြစ်စေ၊ ကိုယ့်အမျိုးတွေသိပ်များလာတာတဲ့အခါဖြစ်စေ အုပ်စုအရေအတွက်လျော့ကျသွားအောင် ဇာတ်တူသားစားပြီး အမျိုးဖြုတ်ကြပါတယ်။

ဖားပြုတ်သားလောင်းလေးတွေမှာဆိုရင် မောင်နှမအချင်းချင်းပြန်စားတာပါ။ ဖားတပိုင်းငါးတပိုင်းလေးတွေက တကယ်လို့သူတို့ပေါက်ထားတဲ့ရေအိုင် ရေခမ်းခြောက်လာရင် အကုန်သေကုန်မှာဖြစ်ပါတယ်။

အဲ့လိုအကုန်အသေခံကြမယ့်အစား တချို့သားလောင်းတွေက အရွယ်အစားသေးတဲ့သားလောင်းတွေကို ပြန်စားပလိုက်ပါတယ်။
အဲ့လိုစားလိုက်တဲ့အခါ အင်အားတွေတိုးလာပြီး တမုဟုတ်ချင်းကို အကောင်ကြီးလာပါတယ်။ အဲ့လိုခွန်အားသန်လာတော့မှ ရေခမ်းလာတဲ့အိုင်ကိုခုန်ကျော်ပြီး လွတ်ရာကျွတ်ရာကို ကူးခတ်သွားနိုင်တာပါ။

ဖားလောင်းအကုန်လုံး အသေခံမယ့်အစား ဇာတ်တူသားစားပစ်ပြီး ရှင်လို့ရသလောက်ရှင်ကြတဲ့သဘောပါ။
ဒါကို survival cannibalism လို့ခေါ်ကြပါတယ်။

Sexual cannibalism ဆိုတာလဲရှိပါသေးတယ်။
မိတ်လိုက်ပြီးတဲ့အခါ အဖော်ကို စားပစ်လိုက်တာမျိုးပေါ့။

အထူးသဖြင့် အထီးက အမစားတာခံရတာများပါတယ်။ အမက အထီးကိုစားပြီး ဖွံ့ဖြိုးလာတော့မှ သားသမီးတွေဆက်မွေးပါတယ်။

တိရစ္ဆာန်တွေဇာတ်တူသားစားတာကိုကြားရတာ စိတ်ထဲဘယ်လိုမှ မနေကြပေမယ့် လူအချင်းချင်းစားတာကိုတော့ အလွန်စက်ဆုပ်ကြပါတယ်။ လူသားစားခြင်းအလေ့အထက သမိုင်းကြောင်းမှာရှိခဲ့ပါတယ်။

Cannibalism ဆိုတဲ့စကားက Caribs ဆိုတဲ့စပိန်စကားကနေဆင်းသက်လာတာပါ။ နယ်မြေစူးစမ်းရှာဖွေသူ ကိုလမ်ဘတ်စ်က လူသားစားတဲ့အလေ့အထရှိတဲ့ လူရိုင်းဒေသကို ရောက်သွားခဲ့တယ်။ အဲ့ဒေသအကြောင်းကို စပိန်ဘုရင်မကြီးကိုပြန်လျှောက်တင်တော့ ဘုရင်မကြီးက လူသားစားတဲ့အကျင့်ကို ဥပဒေထုတ်တားမြစ်ခဲ့ရာကစပြီး ဒီစကားလုံးကို လူသိလာခဲ့ကြတာပါ။

Caribs ဆိုတဲ့လူရိုင်းအုပ်စုနာမည်ကနေ ကာလရွေ့လျောလာတော့ Canibe လို့ပြောင်းလာပြီး နောက်ဆုံးမှာတော့ Cannibal ဆိုပြီးဖြစ်လာတာပါ။

လူသားစားတဲ့အကြောင်းမပြောခင်
၁၅ရာစုလောက်တုန်းက လူသားကို ဆေးကုတဲ့နေရာမှာသုံးခဲ့တယ်လို့သိရပါတယ်။ ၁၅ရာစုတုန်းက ဥရောပလူမျိုးတွေက ရောဂါကုတဲ့နေရာမှာ မမ်မီယာ (Mumia) လို့ခေါ်တဲ့ အညိုမှုန့်တမျိုးကို သုံးကြပါတယ်။

ဝက်ရူးပြန်တာပဲဖြစ်ဖြစ်၊ ဒဏ်ရာရတာပဲဖြစ်ဖြစ် ၊ ဝမ်းရောဂါပဲဖြစ်ဖြစ် ၊ ရိုးရိုးဖျားနာတာပဲဖြစ်ဖြစ် ဘာပဲလိုလို မမ်မီယာ ရှိတယ်ဆိုပြီး အဲ့အမှုန့်ကို သောက်ကြ လိမ်းကြ ရှူကြပါတယ်။

မမ်မီယာအမှုန့်က ဘာကရတာလဲဆိုတော့ အီဂျစ်ကခိုးလာတဲ့ မမ်မီအလောင်းကောင်တွေကို ကြိတ်ချေပြီးလုပ်ထားတာပါ။ အဲ့အမှုန့်က ၉၆ပါးရောဂါအကုန်ပျောက်တယ်ဟေ့ ဆိုပြီး နာမည်ကြီးလွန်းလို့ မမ်မီအလောင်းတွေထပ်ခိုးကြ၊ လူသေတွေကိုမမ်မီဖြစ်အောင်လုပ်ကြနဲ့ အတော်ဇယားရှုပ်ခဲ့ပါသေးတယ်။

နောက်ပြီးတော့ လူသေတွေရဲ့အသားကိုအမှုန့်ကြိတ်ကြပြီး ဆေးဝါးထဲထည့်ကြတယ်။
လူသားရဲ့အဆီကိုထုတ်ပြီး ပရုတ်ဆီလိုမျိုးလုပ်လိမ်းကြတယ်။လူသားသည်းခြေရည်ကို အားတိုးဆေးဆိုပြီးလဲ သုံးကြတယ်။ လူသွေးကိုအခြောက်ခံပြီး အမှုန့်လုပ်ကာ ဆေးဖော်စပ်ကြတယ်။

ဒါတွေက cannibalism ကိုအားပေးတဲ့ပုံစံဖြစ်နေပါတော့တယ်။

တကယ့် cannibalism အစစ်ကိုတော့ တရုတ်ပေါက်ဖော်ကြီးတွေရဲ့တိုင်းပြည်မှာ ရှိခဲ့ဖူးပါတယ်တဲ့။
ဘုရင်ဧကရာဇ်ကြီးရဲ့ နန်းတွင်းဟင်းလျာတွေထဲမှာ အထူးလျှို့ဝှက်စီမံရတဲ့ဟင်းတမယ်ကတော့ လူသားဟင်းဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေကဆိုပါတယ်။

ဒါ့အပြင် filial cannibalism ဆိုတာလဲနာမည်ကြီးခဲ့ပါသေးတယ်။ အဲ့တာကဘာလဲဆိုတော့ လူကြီးမိဘတွေနေမကောင်းရင် သေကောင်ပေါင်းလဲဖြစ်နေရင် သားသမီးရဲ့အသားကို စားတဲ့အခါသက်သာသွားတယ်ဆိုပြီး စားကြတာပါ။

လူကိုလိုက်သတ်ပြီးမှ စားတာမျိုးမဟုတ်ဘဲ အခုလို လိုအပ်တဲ့အချိန်မှလူသားစားတာမျိုးက အဲ့ခေတ်အဲ့အခါက တရားဝင်တယ်လို့ဆိုပါတယ်။

ကျနော်ငယ်ငယ်တုန်းက မင်္ဂလာမောင်မယ်စာအုပ်ထဲမှာ တောင်တန်းတွေပေါ်လေယာဥ်ပျက်ကျလို့ပိတ်မိနေတဲ့ ခရီးသည်တွေအကြောင်းဖတ်ဖူးပါတယ်။ နှင်းတောင်ကြားထဲမှာ ရက်ပေါင်းများစွာပိတ်မိနေတဲ့ခရီးသည်တွေက အသက်ဆက်ရှင်ဖို့ Cannibalism ကိုလုပ်ခဲ့ရတယ်လို့ ဖတ်ဖူးပါတယ်။

တကယ့်ဖြစ်ရပ်မှန်မို့လို့ ဒီလိုစားမှအသက်ရှင်မယ့် အခြေအနေဆိုရင်တော့ ဒါကမှန်လားမှားလား လုပ်သင့်လားမလုပ်သင့်လားဆိုတာ အတော်လေးပြောရခက်ပါတယ်။

ခရီးသည်တွေကတော့ ရာသီဥတုဒဏ်ကြောင့်တကယ်သေသွားတဲ့သူတွေကိုပဲ စားလိုက်ရတာဖြစ်ပြီး စားနေစဥ်မှာလဲ သူတို့မိတ်ဆွေတွေအသားမို့ မျိုမကျလောက်အောင်ဖြစ်ခဲ့ရတယ်လို့ ဝန်ခံထားကြပါတယ်။

တကယ်တော့ လူသားစားတဲ့ဓလေ့က အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ လူသားစားရင် သူ့ဆီကရောဂါပိုးတွေ ကပ်ပါးရောဂါတွေ ကိုယ့်ဆီကိုကူးစက်လာနိုင်ပါတယ်။

ဒါ့အပြင် လူသားစားပြီး သေတတ်တဲ့ရောဂါတမျိုးလဲရှိပါတယ်။ အဲ့တာကို Kuru disease လို့ခေါ်ပါတယ်။ ဒီရောဂါရဲ့အစကတော့ နယူးဂီနီဆိုတဲ့ဒေသက Fore လို့ခေါ်တဲ့လူမျိုးစုမှာဖြစ်ခဲ့တာပါ။

အဲ့လူမျိုးရဲ့ဓလေ့က လူသေသွားရင် ကောင်းရာမွန်ရာရောက်အောင် အသုဘအလောင်းကောင်ကို ချက်စားကြတာပါတဲ့။

အလောင်းကောင်ကိုစားတဲ့အခါ အသားကိုတော့ လူမျိုးစုရဲ့ခေါင်းဆောင်ယောကျ်ားတွေက စားပြီး အတွင်းကလီစာနဲ့ ဦးနှောက်ကိုတော့ မိန်းမနဲ့ကလေးတွေကိုကျွေးပါတယ်။

အလောင်းကောင်ရဲ့ ဦးနှောက်ထဲမှာ prion လို့ခေါ်တဲ့ ပစ္စည်းလေးရှိပါတယ်။ အဲ့ပစ္စည်းလေးကို စားမိတဲ့အခါ ဦးနှောက်ချို့ယွင်းပြီး သေသွားတတ်ပါတယ်။
အဲ့လိုထပ်သေသွားရင် သူ့ကိုထပ်ချက်စားကြပြီး အဲ့ရောဂါက သူများတွေကိုထပ်ကူးပါတယ်။ ထပ်ကူးလို့သေလေ အလောင်းကိုထပ်ချက်စားလေနဲ့ ပျော်ပျော်ကြီးရောဂါကူးကုန်ပါတော့တယ်။

မသေခင်မှာ အဲ့လူတွေက မတရားရီမောပြီး တကိုယ်လုံးလှုပ်ခါကြပါတယ်တဲ့။

သူတို့ကတော့ “Laughing sickness” လို့ခေါ်ပြီး အောက်လမ်းနည်းနဲ့ပြုစားလို့ဖြစ်တာလို့ထင်ကြတာပါ။
အလောင်းကောင်ကိုစားပြီးပြီးချင်းဖြစ်တာမဟုတ်ဘဲ နှစ်အနည်းငယ်ကြာတော့မှ လက္ခဏာတွေပြပြီးသေကြတာမို့လို့ လူသားစားလို့ဖြစ်တာမှန်းမသိကြပါဘူး။

နွားတွေဆိတ်တွေမှာလဲ အလားတူရောဂါရှိပြီး prion disease လို့ဆေးပညာမှာခြုံခေါ်တတ်ကြပါတယ်။

ဒီလောက်ဆိုရင် ဇာတ်တူသားစားကြခြင်းရဲ့ သမိုင်းကြောင်းနဲ့ ကြောက်ဖို့ကောင်းတဲ့အကြောင်းကို သိလောက်ပြီထင်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Professionopersonality ကို ဒဿန အမြင်မှ ချဥ်းကပ်ကြည့်ခြင်း (စာအရှည်ကြီး)

Professional တစ်ယောက်ဟာ သူ့ပညာရပ် နယ်ပယ်မှာ ကျွမ်းကျင်သူ ကျင့်ဝတ်သိက္ခာနဲ့ ညီသူလို့ ပြောလို့ရပါတယ်။
အဲ့လို professional တစ်ယောက်က ကိုယ်ကျင့်တရား ကောင်းသင့်ပါသလား။
အကောင်းတွေပဲ မျှော်လင့်တဲ့ လောကကြီးမှာ Professional တွေဟာ Personal Life လွတ်လပ်စွာ ရှိသင့်လားဆိုတာတွေကို ဒဿန အမြင်ကနေ ချဥ်းကပ်ထားပါတယ်

ဒီနေရာမှာ ဒဿနအမြင်ကနေ ချဥ်းကပ်လို့ မင်းက ဒဿနဆရာလား၊ စဆရကလို့ မေးလာရင်တော့ မဟုတ်သေးကြောင်း ပြောပါရစေ။

ဒဿနဆိုတာ Philosophy ဆိုတဲ့ အမှန်တရားကို ချစ်မြတ်နိုးခြင်းကနေ လာပါတယ်။ ဒါပေမယ့် သမိုင်းထဲက ဒဿနဆရာတွေကို ကြည့်ရင် အမှန်တရားကို ရှာဖွေနေကြသူများပါ။ ချစ်တာထက် ရှာဖွေသူများလို့တောင် ယူဆချင်ပါသေးတယ်။

ဒဿနဆရာတွေဟာ သူတို့ရှာဖွေ တွေ့ရှိ ယုံကြည်တဲ့ အမှန်တရား (သို့) အဘိဓမ္မာတွေကို လူထုတွေမှာ ချပြပါတယ်။ အဲ့တာကို လူထုက လက်ခံရင် လိုက်နာကျင့်သုံးတယ်၊ လက်မခံတော့လည်း “ဪ ဒီလိုပါလားပေါ့” ဆိုပြီးပဲ ထားလိုက်ကြပါတယ်။ ဒဿနအမြင်တွေက အများကြီးရှိတာမို့ ဒီပြသနာကို ချဥ်းကပ်သွားမယ့် အမြင်က Dialectics (အနုပဋိလောမနည်း) နဲ့ Consequentialism (ရလဒ်ကြည့်ဝါဒ) တို့ပဲ ဖြစ်ပါတယ်။

Dialectics ဆိုတာကတော့ ဖြစ်စဥ်တစ်ခု ပြသနာတစ်ခုကို ရှုထောင့် နှစ်မျိုးကနေ ချဥ်းကပ်တာ ဖြစ်ပါတယ်။ ရှုထောင့်နှစ်မျိုးဟာ ဒင်္ဂါးပြားရဲ့ ခေါင်း-ပန်း နှစ်ဖက်ဟု ယူဆပြီး ချဥ်းကပ်တာ ဖြစ်ပါတယ်။

ရလဒ်ကြည့်ဝါဒဆိုတာကတော့ လုပ်နည်းလုပ်ဟန်ထက် ဖြစ်လာတဲ့ ရလဒ်ကိုပဲ အဓိက ကြည့်တာဖြစ်ပါတယ်။ တစ်နည်းပြောရင် ရလဒ်က ကိုယ်လိုချင်တာ ဖြစ်ဖို့ပေါ့။ One subject One Night ကျက်လည်း အောင်တယ်၊ ၂လအလို ကျက်တာလည်း အောင်တယ်ဆိုရင် အောင်ချင်သူက OSON လုပ်သလိုပေါ့။ ONS တော့ မဟုတ်ပါဘူး 😆။

Professionopersonality ဆိုတဲ့ စကားလုံးက google မှာတောင် မရှိပါဘူး။ ကိုယ့်ဘာသာ ထွင်ပြီး ကွန့်ထားတာ ဖြစ်ပါတယ်။ မြန်မာလို ပြောရရင် ကျွမ်းကျင်သူ စရိုက်လက္ခဏာပေါ့။

Profession or Professional ကို သက်မွေးဝမ်းကြောင်ပညာ၊ ကျွမ်းကျင်သူ စသဖြင့် အဓိပ္ပာယ် ဖွင့်ကြပါတယ်။ ဆိုလိုရင်းကတော့ နယ်ပယ်တစ်ခုမှာ အထူးပြု ကျွမ်းကျင်သူပေါ့။ ကားပြင်၊ ဆေးသုတ်၊ ကြွေပြားခင်း၊ ပန်းရံ၊ တိုက်ဆောက်၊ အင်ဂျင်နီယာ၊ ဆရာဝန် စသဖြင့် ကိုယ့်နယ်ပယ်မှာ ကျွမ်းကျင်သူကို Professional လို့ ခေါ်ကြပါတယ်။

Personality ဆိုတာကတော့ လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာပေါ့။ သူ့ရဲ့ အကျင့်စရိုက်ကနေစပြီး သူ့ရဲ့ တွေးခေါ်ချက် ခံယူချက်တွေအဆုံး လူတစ်ယောက်ရဲ့ လူဖြစ်နေပုံကိုပဲ personality လို့ ခေါ်ပါတယ်။

Professional တစ်ယောက်ဟာ Personality ဘယ်လို ရှိသင့်လားဆိုတာကို Moral ethics ဘက်ကနေ အကြီးအကျယ် ဆွေးနွေးကြပါတယ်။ Profession ကို Practice လုပ်တဲ့ အချိန်မှာ Personality က မထိခိုက်စေရဘူးလို့ ပြောတာတွေ ရှိပါတယ်။ တစ်ခါ Profession နဲ့ Personality ဟာ သီးခြားစီ ဖြစ်သင့်တယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။ တချို့ကလည်း Profession နဲ့ Personality ဟာ လူတစ်ယောက်ဆီမှာ ဖြစ်တာမို့လို့ ခွဲမရဘူးလည်း ပြောကြပါတယ်။

Facebook မှာတွေ့တဲ့ ဥပမာနဲ့ ပြောရရင် ပလာတာရောင်းတဲ့သူရဲ့ personality မှာ ဖင်ခဏခဏ ကုတ်နေရင် အဆင်မပြေဘူး ဆိုသလိုပေါ့။

ဒါဆိုရင် ကျွန်တော်တို့နဲ့ Profession တစ်ယောက်ကြားက ဆက်သွယ်မှုကို ကြည့်ရအောင်ပါ။ ကျွန်တော်တို့ဟာ Profession တစ်ယောက်ကို ဆက်သွယ်ပြီ ချဥ်းကပ်ပြီဆိုရင် သူ့ဆီက ဝန်ဆောင်မှုကို ကျွမ်းကျင်အဆင့်နဲ့ သုံးဆောင်ချင်လို့ပါ။ အများအားဖြင့် သူ့ရဲ့ Servicing ကို အဓိက ဦးတည်ပြီး personality ကို ဒုတိယနေရာမှာ ထားလေ့ရှိပါတယ်။

ကားပြင်ဆရာဆီကနေ ပျက်နေတဲ့ မိမိကားကို ကောင်းအောင် ပြင်ပေးစေချင်မယ်။ ကိုက်နေတဲ့ မိမိသွားကို မကိုက်တော့အောင် လုပ်ပေးမယ့် dentist တစ်ယောက်ရဲ့ service ကို လိုချင်မယ်။ ကားပြင်ဆရာက ဘယ်သန်လား၊ လူလိမ်လား၊ အီးပါပြီး လက်မဆေးဘူးလား၊ dentist က မျက်ရည်လွယ်လား၊ သွားတွေအကုန်ကျိုးနေလား စတာတွေကို တော်ရုံမတွေးမိကြပါဘူး။

တစ်နည်းအားဖြင့် လူတစ်ယောက်မှာ ရှိနေတဲ့ ဘက်နှစ်ဘက် (Profession Vs Personality) ကို ကျွန်တော်တို့ကိုယ်တိုင် အရင်ဆုံး ခွဲထုတ်ထားကြတာပါပဲ။ ဤနေရာကနေ တစ်ဆင့်တက်ရင် သူ့ Profession ကို ကြိုက်လာတဲ့အခါ ကျွန်တော်တို့က personality ကို စစိတ်ဝင်စားတော့တာပါပဲ။ သူက ဘယ်လိုလူမျိုးလဲ၊ ဘယ်လို အကျင့်တွေရှိလဲ စသဖြင့်ပေါ့။ တချို့ကြတော့ စိတ်ဝင်စားတဲ့အဆင့်ကို တန်းကျော်ပြီး မိမိမှာ ရှိနေတဲ့ Cultural ၊ Social Background တွေနဲ့ ညှိယူပြီး သူဆိုရင်တော့ ဘယ်လိုလေးရှိမှာပဲဆိုပြီး တန်းပြီးတော့ Preformed Idea (သို့) presumption တွေ လုပ်ထားလိုက်ကြပါတယ်။

အထူးသဖြင့် လူကြီးတွေ၊ Cultural နဲ့ Moral Background ခပ်မြင့်မြင့်က လာတဲ့သူတွေဆို တွေ့ရတတ်ပါတယ်။ ဆရာဝန်ဆိုရင် ကျန်းမာနေရမယ်၊ ယောက်ျားဆိုတာ တာဝန်ယူမှု အပြည့်ရှိရမယ် စသဖြင့် သူတို့စိတ်ထဲမှာ စံသတ်မှတ်ချက်တွေ ရှိနေပါတော့တယ်။ အဲ့လို စံသတ်မှတ်ချက်တွေကြောင့်ပဲ Profession နဲ့ Personality ကွဲပြားမှုက စောင်ပြဿနာ အကြီးကြီး တက်လာရတော့တာပါပဲ။

ဒီနေရာမှာ ဒီလို presumption လုပ်တာ မှားတယ်၊ စောင်ပြသနာတက်တာ မှားတယ် မှန်တယ် ပြောနေခြင်း မဟုတ်ပါဘူး။ ဒီလို အကြောင်းကြောင့် ဒီလိုဖြစ်လာရတယ်လို့ ပြောလိုခြင်း ဖြစ်ပါတယ်။

လူတစ်ယောက်ကို Profession တစ်ယောက် အနေနဲ့ စသိရင် ကျွန်တော်တို့ဟာ သူပေးတဲ့ Professional Service ကို ရယူလိုတဲ့အတွက်လို့ အပေါ်မှာ ပြောခဲ့ပါပြီ။ ဒါပေမယ့် Professional Service ကို ကျေနပ်လာတဲ့အခါမှာ Personal Life ကို စိတ်ဝင်စားလာရင်းကို ဒီ personality တော့ ရှိမှာပဲဆိုပြီး Customer ရဲ့ စိတ်ပဲ ပြောပြော၊ အတွေးပဲပြောပြော၊ အဲ့တစ်ခုခုထဲမှာ Presumption ရှိလာတာပါပဲ။

အဲ့ဒီကနေ တစ်ဆင့်တက်လာရင် အဆိုပါ Professional ကို ကြိုက်နှစ်သက်ခြင်းဟာ သူ့ရဲ့ Profession တင်မကပဲ Personality ကိုပါ မသိမသာ ကြိုက်နှစ်သက်လာပါတော့တယ်။ စာလည်းတော်တယ်၊ စိတ်ထားလေးလည်း နူးညံ့တယ် ဆိုသလိုပေါ့။ စာတော်ပြီး ယုတ်မာ ကောက်ကျစ်နေလို့ မရဘူးလား၊ စာတော်ပြီး တစ်ကိုယ်ကောင်းဆန်နေလို့ မရဘူးလား စသဖြင့် ဖြစ်နိုင်ချေတွေ အများကြီး ရှိပါတယ်။

တစ်စုံတစ်ခုသော အကြောင်းကြောင့် Professional တစ်ယောက်ရဲ့ Personality ကို သိလာတဲ့အခါမှာ ကိုယ်မျှော်လင့်ထားသလိုဆိုရင် “အို လူလိမ္မာလေးပဲ” ပေါ့။ ကိုယ်မမျှော်လင့်ထားသလိုဆိုရင် “မင်း လူယုတ်မာ၊ ထင်တောင် မထင်ရဘူး” ဆိုသလို ဖြစ်လာပါရော။

ကိုယ့်ကို သေချာ ဂရုစိုက်ပေးနေတဲ့ ဆရာဝန်ကြီးက ဆေးကုမ္ပဏီတွေနဲ့ပေါင်းပြီး ရိတ်စား လုပ်နေတာကို သိသွားတဲ့အခါ၊ ကိုယ်သိပ်အားကျရတဲ့ စာရေးဆရာက သူရေးတဲ့ ဝတ္ထုထဲကလောက်တောင် ကောင်းမွန်မနေတဲ့အခါ၊ သရုပ်ဆောင်ကောင်းပေမယ့် အိမ်ထောင်ရေး အရှုပ်အရှင်းတွေ ရှိနေတဲ့အခါ စသဖြင့်ပေါ့။

Personality က ကိုယ့်စံသတ်မှတ်ချက်နဲ့ မတူတော့တဲ့အခါ ကိုယ်က သူ့ကို မကြိုက် မလေးစားတော့ပါဘူး။ ဒီနေရာမှာ သတိကပ်ဖို့က မကြိုက် မလေးစားတာသည် personality ကို ကျော်ပြီး profession ထိ ရောက်သွားပါတယ်။ ဆရာဝန်ဆိုရင် သူနဲ့ ဆေးမကုတော့ပါဘူး၊ ပန်းရံသမားဆိုရင် သူ့ကို အလုပ်မအပ်တော့ပါဘူး။

ဒီနေရာမှာ Profession နဲ့ Personality ကို အတူရှုမြင်သင့်လား၊ သီးခြားစီ ရှိသင့်လားဆိုတာ ပြသနာ အကြီးကြီး ဖြစ်လာပါတယ်။ Dialectics အရကြည့်ရင် သီးခြားစီ မြင်လို့ မရပါဘူး။ ဒါဟာ Coin ရဲ့ Head – Toe ပုံစံ ရှိနေတာမို့လို့ သီးခြားစီ ရှုမြင်တာဟာ သဘာဝ မကျပါဘူး။ လူတစ်ယောက်ထဲမှာပဲ coexist နေတာမို့လို့ Profession ဆိုတာဟာ Personality နဲ့ အများကြီး Correlate ဖြစ်နေပါတယ်။

ဒေါသကြီးပြီး အချိန်ပြည့် အော်ဟစ်ငေါက်ငမ်းတတ်တဲ့ ဆရာဆီမှာ ကျွန်တော်တို့ ပညာဘယ်လို သင်ယူနိုင်မှာလဲ။ လိုချင်တဲ့ ပညာတော့ ရနိုင်ပေမယ့် စိတ်ချမ်းသာမှုလည်း ရှိမှာ မဟုတ်သလို မရကောင်းတဲ့ ဒေါသကြီးတတ်တာတွေပါ ရလာနိုင်ပါသေးတယ်။

ဒီနေရာမှာ Consequentialism ဝင်လာပါတော့တယ်။ တချို့က Personality ဟာ Profession ကို မထိခိုက်သရွေ့ ပြသနာမရှိပါဘူးတဲ့။ ကိုယ်က သူ့ဆီကနေ Profession ကိုပဲ ရယူတာမို့လို့ လိုချင်တဲ့ အရာရရင် ကျေနပ်သင့်တယ်ဆိုပြီး ရလဒ်ကြည့်ဝါဒကို အခြေခံပြီး စဥ်းစားကြပါတယ်။ အဲ့ဒီမှာ နောက်ပြသနာတစ်ခု ထပ်ကြုံလာရပါတယ်။ လူတိုင်း သတိမထားမိကြတဲ့ ပြသနာပါ။

Profession တိုင်းရဲ့ Personality ကို သိသင့်သလားပါပဲ။ Personality ဟာ Profession ကို ထိခိုက်နိုင်ခြေက ရှိနေနိုင်တာပဲ မို့လို့ သိသင့်တယ်လို့ ယူဆကြပါတယ်။ အဲ့လိုသိအောင် ကျွန်တော်တို့က ကျူရှင်တက်ပြီဆိုရင် စဥ်းစားကြပါတယ်။ ဆရာက အော်တတ်လား၊ သင်တာ ပျင်းစရာကြီး ဖြစ်လား၊ ရစ်လား စသဖြင့် ဘေးဘီတွေကို တီးခေါက်လေ့ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကိုယ်တိုင် မသိမသာ Profession နဲ့ Personality ကို တူတူထည့်စဥ်းစားနေကြတာပါပဲ။

ပလာတာကိစ္စကို ပြန်ပြောရရင် ပလာတာကို လူတိုင်း ဝယ်စားဖူးကြမှာပဲ။ ကိုယ်မှာမှ ကြွပ်ကြွပ်လေး ကြော်ပေးတာ ရှိသလို၊ ကြော်ပြီးတဲ့ထဲကနေ ပေးလိုက်တာတွေလည်း ကြုံဖူးမှာပဲ။ ပလာတာ အကြော်ဆရာ ဖင်ကုတ်တတ်လား ဘယ်သူမှ မတွေးနေပါဘူး။ ပလာတာ ကြွပ်ဖို့၊ ပဲများဖို့၊ အရသာကောင်းဖို့ပဲ စိတ်ထဲရှိတာပါပဲ။ တစ်နည်း ရလဒ်ကိုပဲ ကြည့်ကြတာပါပဲ။ ဒါဖြင့်ရင် အကြော်ဆရာ ဖင်မကုတ်နိုင်ဘူးလား။ စာဖတ်သူတွေ စဥ်းစားဖို့ ထားခဲ့ပါမယ်။ ဖင်ကုတ်တဲ့လက်နဲ့ ကြော်တာဖြစ်နိုင်လို့ ပလာတာကို ပိုးသတ်လို့တော့ မရဘူးနော်။

Profession နဲ့ Personality ထိပ်တိုက်တွေ့တာတွေ ရှိလာလို့ ဤစာအရှည်ကြီးကို ရေးရပါတယ်။ စဆရက လုပ်တယ်လို့လည်း ယူဆရင်လည်း ရပါတယ် 🤣။

လူတိုင်းဟာ ကိုယ်ပိုင် လွတ်လပ်ခွင့် အပြည့်အဝ ရှိကြပါတယ်။ လူတစ်ယောက်ကို လွတ်လွတ်လပ်လပ် မုန်းတီးလို့ရသလို အနှောင်အဖွဲ့တွေနဲ့လည်း ချစ်လို့ရပါတယ်။ Action တိုင်းရဲ့ Consequence က ကိုယ်နဲ့ Favourable ဖြစ်မဖြစ် ဆင်ခြင်ကြဖို့ပဲ ဖြစ်ပါတယ်။

Lucifer

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?

ချော်တောငေါ့မနေတော့ဘဲ စလိုက်ချင်ပါတယ်။
မောင်မောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ချင်တယ်။ ပညာမတတ်လည်း ပိုက်ဆံရှိရင် ပညာတတ်တွေကို ခိုင်းစားလို့ရတယ်လို့ ထင်တယ်။ သူက အခုအချိန်မှာတော့ သူများအလုပ်မှာ အလုပ်သမားဝင်လုပ်နေတယ်။ အားတိုင်း ဒီအကြောင်းကို စိတ်ကူးယဉ်တတ်တယ်။ အမြဲတမ်းခေါင်းထဲမှာ အကြံတွေအပြည့်ပဲ။

ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပြင်ဆင်ချင်တဲ့အတွက် အလုပ်ကနေ ခွင့် ၂ပတ်ယူလိုက်တယ်။ ပထမဦးဆုံးလုပ်တာက Research ပေါ့။ Youtube တွေကြည့်တယ်၊ စာတွေလိုက်ဖတ်တယ်။ သူ့အတွေးကတော့ မစခင် ထောင့်စေအောင်၊ အကုန်သိအောင် ကြိုပြင်ထားသင့်တယ်ဆိုပါတော့။ ဒါပေမယ့် လုပ်စရာတွေ များလွန်းတော့ ဘာမှမလုပ်နိုင်တော့ဘူး။

သူလုပ်ချင်တာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆိုတဲ့ နာမည်ပဲရှိတာ… ဝန်ထမ်းတွေကို ဘယ်လို Manage လုပ်မလဲ၊ လစာဘယ်လောက်ပေးမလဲ၊ ကိုယ့်ပစ္စည်းက စျေးကွက်ရောရှိရဲ့လား၊ အခွန်က ဘယ်လောက်တောင် ဆောင်ရမှာလဲ၊ လုပ်ငန်းကို ဘယ်နေရာမှာလုပ်မှာလဲ…? ဒါတွေ သူမတွေးရသေးဘူး။

အဲ့တော့ ခြေတစ်လှမ်းစဖို့ ခက်နေတာပေါ့။ ဒီလိုနဲ့ Youtube မှာ Research လုပ်ရင်း ခွေးတွေကြောင်တွေ Video တွေဆီရောက်ရောက်သွားတတ်တယ်၊ စာတွေဖတ်ရင်းနဲ့လည်း Facebook ကို သွားသွားပွတ်မိနေတယ်။ ၂ပတ်သာကုန်သွားတယ်… ဘာမှဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ပေါ်မလာဘူး။
ဒီလိုနဲ့ အလုပ်ထဲမှာပဲ ကိုယ်ပိုင်အလုပ်တစ်ခုရှိဖို့ စိတ်ကူးဆက်ယဉ်တယ်။

မောင်မောင်မှာ ဘာတွေမှားနေသလဲ? လုပ်ချင်တာကို ခြေတစ်လှမ်းစလိုက်ဖို့ လိုတာပါ။ ဒါပေမယ့် ဒီလိုတစ်ခွန်းထဲပြောလို့တော့ မရပါဘူး။ ခြေတစ်လှမ်းစဖို့ လိုအပ်တာတွေရှိပါတယ်။

ပထမဦးဆုံးပြောချင်တာကတော့ Focus ပါ။ ကိုယ်ဘာလိုချင်တာလဲဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဆိုတာ အရမ်း Vague ဖြစ်လွန်းပါတယ်။ “ဝက်သားတုတ်ထိုးကို ကပ်စေးမနဲဘဲ အတုံးခပ်ကြီးကြီး ရောင်းပေးတဲ့ ကိုယ်ပိုင်စီးပွားရေးမျိုး” ဆိုရင် တော်တော်မြင်သာသွားပါပြီ။

နောက်တစ်ခုကတော့ Self-discipline ပါ။ လုပ်ချင်ချင် မလုပ်ချင်ချင် ကျိတ်မှိတ်သည်းခံပြီး လုပ်တတ်လားဆိုတာမျိုးပေါ့။ မောင်မောင်ဆိုရင် Research ကနေ Youtube ရောက်သွားလိုက် Facebook ရောက်သွားလိုက်ဆိုတော့ Self-discipline ညံ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါတောင် ချေချေမြစ်မြစ်မရှိမှတော့ သူ့အနေနဲ့ ဒီအလုပ်ကို အောင်မြင်အောင်လုပ်မယ်ဆိုတာ ယုံလို့မရတော့ပါဘူး။

ဒီလိုပြောလို့ “မောင်မောင်က အနားမယူရတော့ဘူးလား” လို့ မေးချင်မှာပါ။ ယူရမှာပါ… ဒါပေမယ့် ကိစ္စတစ်ခုကို အောင်မြင်ချင်ရင် ကိုယ့်ရဲ့ Comfort Zone ကနေခွာသင့်ရင် ခွာရပါလိမ့်မယ်။ (ပြောချင်တာက အနားယူတာ လျှော့သင့်ရင် လျှော့ရပါလိမ့်မယ်)

But not to this extent

တတိယအချက်ကတော့ ခြေတစ်လှမ်းစဖို့လိုအပ်တာဟာ ခြေတစ်လှမ်းစလိုက်ဖို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ ခြေလှမ်းစပြီးရင် နောက်ခြေလှမ်းတွေ ဆက်လှမ်းနေဖို့ လိုပါတယ်။ ဒါကိုတော့ Persistence လို့ပြောချင်ပါတယ်။ ကြုံဖူးကြမှာပါ။ ကိစ္စတစ်ခုကို စလိုက်ပေမယ့် အဖြူအမဲသဲကွဲတဲ့အထိ မစောင့်ဘဲ လမ်းတစ်ဝက်ကနေ လက်လျှော့လိုက်တာမျိုးပေါ့။

ကျွန်တော်တို့ Channel စပြီး တစ်ပတ်လောက်နေတော့ Evaluate ပြန်လုပ်တဲ့အခါ ကြော်ငြာကရတဲ့ငွေတွေက သိပ်မများပါဘူး။ ဒါနဲ့ တစ်လဘယ်လောက်ရမလဲတွက်ကြည့်တဲ့အခါ တော်တော်နည်းတဲ့အတွက် ပင်ပန်းရတာနဲ့ မတန်ဘူးလို့ တွေးခဲ့မိပါသေးတယ်။
ဒါပေမယ့် ချက်ချင်းတော့ လက်မလျှော့လိုက်ပါဘူး။ တစ်လနေလို့မှာ မထူးရင်တော့ ဆက်မလုပ်တော့ဘူးဆိုပြီး အကုန်သဘောတူဆုံးဖြတ်ခဲ့ပါတယ်။
အခု တစ်လပြည့်တဲ့အခါမှာတော့ ရမယ်လို့ မှန်းထားတာထက်တောင် ငွေတွေ၊ Subscriber တွေပိုရခဲ့တဲ့အတွက် ဝမ်းသာရပါတယ်။ ဒါကြောင့် အဆင်မပြေတာတွေ တွေ့လာရင် အချိန်တစ်ခုထိတော့ ဆက်ပြီး ရုန်းကန်ကြည့်သင့်ပါတယ်။

“အပြောကတော့ ရွှေမန်းပဲ… လက်တွေ့မှာ အဲ့လောက်မလွယ်ဘူးလေကွာ…” ဆိုပြီး ပြောချင်ကြမှာပါ။ ဒီ ၄ခုကို မဖြစ်လာအောင် နှောင့်ယှက်နေတာတွေ ရှိနေလို့သာ လူတွေ ခက်ခဲနေကြတာပါ။
အနှောင့်အယှက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။

အစကတည်းက မဖြစ်နိုင်တဲ့ရည်မှန်းချက်ကို Focus လုပ်ထားရင် လုံးဝမလုပ်တာနဲ့ ဘာထူးတော့မလဲ။ မောင်မောင်က တစ်ချိန်မှာ ဆေးရုံပိုင်ရှင်ကြီးဖြစ်ချင်တယ်ဆိုရင် ဒါဟာ ဝန်ထမ်းဘဝနဲ့ မဖြစ်နိုင်တဲ့ ရည်ရွယ်ချက်မျိုးပါ။
မဖြစ်နိုင်တဲ့ရည်ရွယ်ချက်ထားတာဟာ သေချာ မသိနားမလည်လို့ဖြစ်နိုင်သလို သိသိကြီးနဲ့လည်း ဖြစ်နိုင်ပါတယ်။ ဒါကို ဆက်လုပ်လုပ်၊ မလုပ်လုပ် သူ့ကိုသူအပြစ်မြင်ဖို့ခက်သွားပါတယ်။ အစကတည်းက ဖြစ်မှ မဖြစ်နိုင်တာ…။

နောက်ထပ်အနှောင့်အယှက်တစ်ခုကတော့ အနားနီးမှကပ်ပြီး ဖင်တွန်းတာပါ။ မြန်မာတွေကတော့ မြင်သာအောင် “ချီးယိုခံနားမှ ချီးတွင်းရှာတယ်” လို့ ပယ်ပယ်နယ်နယ်ပြောတတ်ပါတယ်။ လုပ်ရမယ့် အလုပ်ကို နောက်ဆုံးထိရွှေ့ကြတာပါ။ ဒါပေမယ့် သိပ်မသိတာတာက တချို့တွေဟာ ပြင်ဆင်တဲ့အဆင့်ကနေကို မတက်ဘဲ အချိန်ဆွဲကြတာပါ။ သင်တန်းပဲပတ်တက်နေပြီး အချိန်ကုန်နေကြသလိုပေါ့။
ဒီအကြောင်းကို စိတ်ပညာအရ ရေးဖူးပါတယ်။

One Subject, One Night နှင့် စာမေးပွဲဖြေခဲ့ခြင်းများ
https://ouo.io/6NingD

နောက်တစ်ခုကတော့ အနှောင့်အယှက်တွေပါပဲ။ Messenger Noti တစ်ခုတက်လာရင် ကြည့်ချင်ကြတယ်၊ Message တစ်ခုဝင်လာရင် ဘာများလဲဆိုတာ ကိုယ်က အားအားမအားအား သိချင်ကြတယ်။ အနားယူလို့ရပေမယ့် အလုပ်တစ်ခုပြီးလို့ ဆုချတဲ့အနေနဲ့ ခဏတဖြုတ် အနားယူတာမျိုးသာဖြစ်သင့်ပါတယ်။ Research က ၁နာရီ Facebook ကြည့်တာ ၁နာရီဆို ဘာထူးတော့မလဲ။

အချိန်စီမံခန့်ခွဲမှုညံ့တာဟာလည်း ခုခေတ်မှာ ပြဿနာတစ်ခုဖြစ်နေပါတယ်။ ကျွန်တော်ဆိုရင် အိမ်မှာအားအားယားယား နေရတဲ့ကာလတုန်းကတောင် လုပ်စရာတွေများလွန်းလို့ တစ်ရက် ၂၄နာရီထက်ပိုရင် ကောင်းမှာလို့ တွေးဖူးပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အချိန်၊ စာဖတ်ဖို့အချိန်၊ ဇာတ်လမ်းကြည့်ဖို့အချိန်၊ စာသင်ဖို့အချိန်ဆိုပြီး အချိန်တွေက ဘယ်လိုကုန်သွားမှန်တောင် မသိလိုက်ပါဘူး။ အဓိကကတော့ ဖျော်ဖြေရေးတွေမှာ အချိန်တွေသွားကုန်နေတာပါ။
ဒီတော့ တစ်နေ့စာတောင် Manage မလုပ်နိုင်ရင် ကိုယ်ရည်မှန်းထားတဲ့အလုပ်ကိုရော ဘယ်လိုအောင်မြင်အောင် လုပ်နိုင်တော့မလဲ?

စိတ်ကလည်း အနှောင့်အယှက် တစ်ခုပါပဲ။ သောက်ပျင်းတက်တာရယ်၊ အချိန်တွေကို သုံးချင်သလိုသုံးနေတာရယ်ဟာ အဆင်မပြေပါဘူး။

နောက်တစ်ချက်က လူတွေကဲ့ရဲ့မှာ၊ ပစ်ပယ်မှာ၊ ကိုယ်မအောင်မြင်တဲ့အခါ ဝိုင်းပြောကြမှာကို မခံနိုင်လို့ ခြေတစ်လှမ်း မစ ကြတာပါ။ ဒီတော့ အရှက်မကွဲရသေးဘူး… အရှက်မကွဲအောင်လို့ ဒီအလုပ်ကို ဆက်မလုပ်တော့ဘူး… ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။

နောက်တစ်ခုကတော့ Perfect ဖြစ်အောင်ပြင်ဆင်နေတာပါ။ ကျွန်တော်ဆိုရင်လည်း ဒီအတွေးရှိပါတယ်။ All or None လို့ ကိုယ့်ဘာသာ သတ်မှတ်ထားတတ်တယ်။ ဒါပေမယ့် စာရေးတဲ့အခါ Perfect ဖြစ်အောင် လိုက်ပြီးလေ့လာနေရင် တစ်နေ့လိုတဲ့ Quota ပြည့်မှာမဟုတ်တော့ပါဘူး။ ဒီတော့ စာဟာ Perfect မဖြစ်လည်း ဆက်ရေးသလို၊ ရေးနေရင်း သိပ်ပြီးဘဝင်မကျလည်း ပြီးအောင်တော့ စာကို ဆက်ရေးလိုက်တာပါပဲ။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်အကြောင်းကို မသိတာပါ။ Comfort Zone ထဲမှာ နေတာများသွားရင် ကိုယ်ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာ သိမှာမဟုတ်တော့ပါဘူး။ (ဒီသဘောကို နားလည်အောင် သေချာ Train ပေးခဲ့တဲ့ ဆရာသမားတစ်ယောက်ကိုတော့ ဒီကပဲ ကျေးဇူးတင်လိုက်ပါတယ်)

Idea တစ်ခုကို တွေးရတာ ပြောရတာ အရမ်းအရသာရှိတာပေါ့။ ဒါပေမယ့် အစပိုင်းမှာ စိတ်အားထက်သန်ပေမယ့် နောက်ပိုင်းမှာတော့ Excuse တွေ၊ အကြောင်းပြချက်တွေနဲ့ အဆုံးသတ်သွားတတ်တယ်။ မျှော်လင့်ချက်တွေဟာလည်း မျှော်လင့်ချက်ဘဝကနေ တက်မလာဘူး။
ဒီလိုတွေ မဖြစ်လာအောင် လုပ်စရာရှိတာလုပ်လိုက်ပါ လို့ အကြံပေးချင်ပါတယ်ခင်ဗျာ။

ဒီ Meme ကို သုံးသပ်ရင်း အဆုံးသတ်လိုက်ချင်ပါတယ်။

“အရှုံးမပေးနဲ့… ကြိုးစား” ဆိုတာကို ပြောင်ထားတာပါ။ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုရှိပေမယ့် သေချာစဉ်းစားကြည့်တဲ့အခါ အကြီးကြီးလွဲနေပါတယ်။ ရှေ့မှာဘာရှိလဲ၊ ကိုယ်ဘာအကျိုးတွေရနိုင်လဲဆိုတာ ကြိုမလေ့လာဘဲ ဖင်ကုန်းပြီး တူးနေတဲ့လူက လွဲတာပေါ့လို့ ပြောချင်ပါတယ်။ ဒီတော့ သူ့ရှေ့မှာ စိန်တွေပဲရှိရှိ၊ မကောင်းဆိုးဝါးပဲရှိရှိ သူနဲ့ ၂ခုလုံးမထိုက်တန်ပါဘူး။

ဒါကြောင့် Research သေချာလုပ်ပါ။ အချိန်အရမ်းမဆွဲပါနဲ့။ နည်းမှန်လမ်းမှန်နဲ့ ခြေတစ်လှမ်းလှမ်းနိုင်အောင် လုပ်တာက အရေးကြီးဆုံးပါပဲ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 4)

ယခု Part 4 ကို မဖတ်ခင် Part 1, 2, 3 ကို အရင်ဖတ်ပေးဖို့ အကြံပြုပါတယ်ခင်ဗျ။

https://ouo.io/ouheba (Part 1)

https://ouo.io/H09gObh (Part 2)

https://ouo.io/m6gNl3 (Part 3)

Digital certificates တွေအကြောင်းကို သိဖို့လိုလာပါတယ်။ အရင် အပိုင်းက ပြဿနာကို ကြည့်မယ်ဆိုရင် Server မဟုတ်တဲ့ အခြား entity တစ်ခုက သူ့ရဲ့ public key ကိုသုံး server ယောင်ဆောင်ပြီး client (ကျနော်တို့/လက်ခံသူ) ဆီကို ပေးပို့လာနိုင်ပါတယ်။ အဲ့အခါမှာ client အနေနဲ့ သူ့ဆီရောက်လာတာ server ဆီက public key ပဲလား တခြားဆီကလားဆိုတာ ခွဲခြားလို့မရပါဘူး။

အဲ့တော့ မှားပြီး ကြားထဲက (attacker ဆီက) အယောင်ဆောင်ပြီးလာတဲ့ public key နဲ့သာ session key ကို encrypt လုပ်ပြီး client က ပြန်ပို့လိုက်ရင် ကြားထဲက ဆရာကလည်း အဲ့ဒီ encrypt လုပ်ထားတဲ့ message လေးကို ယူပြီး သူ့မှာရှိတဲ့ corresponding private key နဲ့ decrypt လုပ်ပြီး session key ကို အလွယ်တကူရသွားနိုင်ပါတယ်။ အဲ့တာဆို နောက်ပိုင်း client က session key နဲ့ encrypt လုပ်ပြီး ပို့သမျှကို ကြားကဆရာက ထိုင်ဖတ်နေနိုင်မှာပဲဖြစ်ပါတယ်။ သူ့မှာလည်း အလားတူ session key ရှိနေပြီကိုး။

ဒီလို ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ digital certificate နဲ့ certificate authority ဆိုတာ ပေါ်ပေါက်လာပါတယ်။

Certificate authority တွေဆိုတာကတော့ digital certificate တွေကို issue လုပ်ပေးတဲ့ ကြားခံ (third party) ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။

ဒီအခါမှာတော့ client နဲ့ server နဲ့ဆက်သွယ်မှုတွေမလုပ်ခင်မှာ server က certificate authority နဲ့ အရင် ချိတ်ဆက်ထားရပါတယ်။ ကားလိုင်စင်ဝင်ထားသလိုပါပဲ။ အရင်ဆုံး server ရဲ့ public key ကို certificate authority ထံပေးပို့ရပါတယ်။ ပေးပို့လာတဲ့ public key ကို certificate authority ကသူ့ရဲ့ private key ကိုသုံးပြီး encrypt လုပ်လိုက်ပါတယ်။ လုပ်ထားတဲ့ encrypted message ကို digital certificate လို့ခေါ်တာပါ။ ပြီးတော့မှ certificate authority က server’s original public key + digital certificate ကိုတွဲပြီး server ဆီကို ပြန်ပို့ပေးပါတယ်။

ဒါဆိုရင် client ကဆက်သွယ်လာတဲ့ အခါမှာ server က အရင်လို public key တစ်ခုတည်းကိုပဲ တန်းမပို့တော့ပါဘူး။ သူရဲ့ public key + digital certificate ကိုအမြဲတွဲတွဲပို့ပါတယ်။ client အနေနဲ့ ထိုအတွဲ ကို လက်ခံရရှိတဲ့အခါမှာ အရင်ဆုံး digital certificate ကိုကြည့်ပါတယ်။ ဘယ် certificate authority က လက်မှတ်ထိုးပေးထားသလဲ ဆိုတာပေါ့။

ကျနော်တို့ရဲ့ browser ထဲမှာ verify ဖြစ်ထားတဲ့ certificate authority တွေရဲ့ public key တွေရှိပါတယ်။ ကျနော်တို့ install လုပ်ကတည်းက internet ချိတ်က်ရမယ့် device တွေဝယ်ကတည်းက ပါပြီးသားဖြစ်ပါတယ်။ (ဥပမာ google ကပေးတဲ့ certificate လိုမျိုးပါ၊ root certificate ပေးနိုင်တဲ့ authority ကရာဂဏန်းပဲရှိပါတယ်) root certificate နဲ့ ရိုးရိုး certificate နဲ့ ကွာခြားချက်ကို ဆက်ပြောပါ့မယ်။

အဲ့တာကိုကြည့်ပြီး client က အရင်ဆုံး server ရဲ့ public key မှာပါလာတဲ့ digital certificate ကို သက်ဆိုင်ရာ certificate authority ရဲ့ public key ကို သုံးပြီး decrypt လုပ်ပါတယ်။ (digital certificate တွေဟာ encrypt လုပ်ထားတဲ့ message တွေလိုပဲဆိုတာ အပေါ်မှာ ပြောခဲ့ပြီးသားဖြစ်ပါတယ်)

အဲ့လို decrypt လုပ်လို့မှန်တယ်ဆိုရင် server ကပို့လိုက်တဲ့ public key နဲ့ တစ်ထေရာတည်း တူတဲ့ public key ကို ဖော်ထုတ်ရရှိမှာပဲဖြစ်ပါတယ်။ အဲ့လို တစ်ထေရာတည်း တူရင် ဒီ certificate authority အတွက်တော့ ဒီ key က verify ဖြစ်တယ်လို့ပြောလို့ရပါပြီ။

ဒါပေမဲ့ မပြီးသေးပါဘူး။ server ကို issue လုပ်ပေးထားတဲ့ certificate authority က root authority ဟုတ်ချင်မှ ဟုတ်ပါမယ်။ root certificate authority တွေကသာ အစစ်အမှန် verify ဖြစ်တာပါ။ အဲ့တာဆို သူ့ကို (server ကို) verify လုပ်ပေးထားတဲ့ certificate authority ကိုလည်း ပြန်ပြီး verify လုပ်ပေးဖို့ လိုလာပြန်ပါပြီ။

ထူးခြားပြီး ကျနော် အပေါ်မှာ mention မလုပ်ခဲ့တာတစ်ခုက ပထမ certificate authority (server ရဲ့ certificate authority) ရဲ့ public key မှာလည်း digital certificate တစ်ခုတွဲပြီး ပါရှိနေပါတယ်။ အဲ့ဒီ digital certificate ကိုလည်း certificate authority နောက်တစ်ခုခုက sign လုပ်ပေးထားတာပါ။

အဲ့တာဆို browser (client) က လည်း ထုံးစံအတိုင်း အဲ့ digital certificate ကိုယူပြီး သူ့အထက်က သူ့ကို sign လုပ်ထားပေးတဲ့ certificate authority ရဲ့ public key နဲ့ decrypt လုပ်ပါတယ်။ လုပ်ရင် public key တစ်ခုထွက်လာမှာဖြစ်ပြီး အဲ့ဒီ key နဲ့ မူလ certificate authority ရဲ့ public key နဲ့ တူနေရင် မူလ certificate authority ဟာလည်း verify ဖြစ်တယ်လို့ သတ်မှတ်လို့ရပါပြီ။

အဲ့လိုပဲ ခုစစ်ဆေးလိုက်တဲ့ (မူလ certificate authority ရဲ့ အထက်မှာရှိတဲ့) certificate authority ကိုလည်း သူ့အထက်က certificate authority နဲ့ အပေါ်က နည်းအတိုင်းပဲ verify ထပ်လုပ်ပါတယ်။ ဒီလိုအဆင့်ဆင့် verify လုပ်ပြီး နောက်ဆုံး အဆုံးသတ်ရမယ့်နေရာကတော့ root certificate authority တွေပါ။ သူတို့တွေကို browser မှာ ထည့်သွင်းပေးပြီးသားမလို့ certificate တစ်ခုကို root authority က sign လုပ်ထားရင် ထပ်မစစ်တော့ပါဘူး။

ဒီလိုမျိုး နောက်ဆုံး root certificate အထိ အဆင့်ဆင့် verify လုပ်တာကို chain of trust လို့ခေါ်ပါတယ်။ chain of trust ကတစ်နေရာမှာ ပြတ်နေရင် သို့မဟုတ် server က ဘယ် certificate authority နဲ့မှ verify မလုပ်ရသေးရင် website တွေမှာ warning အနီနဲ့ Not Secure ဆိုပြီးပေါ်နေတာကို တွေ့နိုင်မှာပါ။ မြင်လည်းမြင်ဖူးကြမယ်လို့ ယူဆပါတယ်။

root certificate အထိ verify ဖြစ်တယ်ဆိုရင်တော့ secure ဆိုပြီး Lock 🔒 ပုံလေး ဘယ်ဘက်အပေါ်မှာ ပေါ်နေမှာပဲ ဖြစ်ပါတယ်။ သတိထားမိတဲ့ သူများလည်းရှိမှာပါ။

attacker တွေ တုပလိုသူတွေ အနေနဲ့ certificate authority ရဲ့ private key မရှိတဲ့ အတွက် ဒီ chain of trust ကို ဖြတ်ဖို့ အင်မတန်ခက်ခဲပါတယ်။ သိုပေမဲ့ certificate authority နဲ့ပတ်သတ်ပြီး private key leaked ဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခုတော့ ရှိခဲ့ဖူးပါတယ်။ ဒီအကြောင်းကိုတော့ မိမိဘာသာ ရှာဖတ်နိုင်ပါတယ်။ သို့သော်လည်း လက်တလောမှာတော့ ကျနော်တို့ ပေးပို့ ရယူနေတဲ့ အင်တာနက်ပေါ်က ဆက်သွယ်မှုတွေအားလုံး ဒီနည်းနဲ့ လုံခြုံနေဆဲပဲ ဖြစ်ပါတယ်။

အဲ့တာဆို နောက်တစ်ခါ facebook ပဲသုံးသုံး google ပဲရှာရှာ ကိုယ့်ရှေ့ကို စာမျက်နှာတစ်ခု ရုပ်တစ်ခု အသံတစ်သံ ထွက်လာဖို့ နောက်ကွယ်က secure ဖြစ်အောင် လုပ်ပေးရတဲ့ process တွေကို အကြမ်းဖျင်း နားလည်နိုင်ပြီလို့ ယူဆပါတယ်ခင်ဗျ။

Kevin

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started