Ex ကိုမမေ့နိုင်ခြင်းနောက်ကွယ်က စိတ်ပညာ

ခေါင်းစဉ်အကြောင်းကို တန်းမပြောခင် ကြိုသိထားသင့်တဲ့အရာတွေ ရှိပါတယ်။ စီးပွားရေးတော့ ဆန်ပါမယ်။ လူတွေရဲ့စိတ်အခံကို အရင်သိဖို့အတွက်တော့ ပြောရမှာပါ။

ပုလဲကုန်သည်တစ်ယောက်ကို တစ်နေ့မှာ လူတစ်ယောက်က စျေးကွက်မဝင်တဲ့ ပုလဲနက် (Black Pearl) တွေကို ရောင်းဖို့သူ့ကို လာကမ်းလှမ်းတယ်။ သူလည်း အဆွယ်ကောင်းလို့ လက်ခံလိုက်တယ်။ ဒါပေမယ့် ဝယ်လိုအားကမရှိတော့ ဘယ်လိုရောင်းရောင်းမထွက်သွားဘူး။ ပုလဲတွေက ခပ်ညိုညို၊ ခပ်ကြီးကြီးဆိုတော့ လူတွေက မကြိုက်ကြဘူး။

နောက်ဆုံးမှာတော့ သူနဲ့ခင်တဲ့ရတနာအရောင်းဆိုင်ဆီသွားပြီး ဒီပုလဲတွေကို စျေးကြီးကြီးနဲ့ တင်ရောင်းခိုင်းတယ်။ သတင်းစာတွေမှာလည်း ဘယ်လောက်လှကြောင်း ကြော်ငြာတာပေါ့။ ဒီလိုနဲ့ အစပိုင်းမှာ ဝယ်လိုအားမရှိတဲ့ ပုလဲနက်တွေက စျေးကွက်ဝင်သွားတယ်။
Mark Twain ကတော့ “လူတွေပစ္စည်းတစ်ခုကို တန်ဖိုးထားစေချင်ရင် ရှားပါးအောင်လုပ်လိုက်ပါ” လို့ ပြောခဲ့ဖူးတယ်။

ငန်းဘဲပေါက်လေးတွေဟာ သူတို့ဥကထွက်လာပြီး ပထမဦးဆုံးမြင်တဲ့လှုပ်ရှားတဲ့အရာကို သူတို့အမေလို့ထင်ကြတယ်။ အဲ့ဒီအခါမှာ လူကို မြင်ရင် အမေထင်ပြီး အမြဲနောက်ကနေလိုက်ကြတော့တာပါပဲ။ ဒါကို Imprinting လို့ခေါ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချပြီးရင် မပြောင်းတော့ဘဲ အဲ့ဒီအတိုင်းလိုက်လုပ်တာကို ခေါ်တာပါ။

လူတွေက ဒီလောက်တော့ မအကြပေမယ့် ဒီသဘောတရားတွေရှိနေပါတယ်။ စျေးနှုန်းတစ်ခုကို ပထမဆုံး သိလိုက်ရရင် အရာရာကို အဲ့ဒီစျေးနှုန်းနဲ့ကိုင်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဥပမာ တီဗွီဝယ်ဖို့ လေ့လာတဲ့အခါ ကိုယ်ပထမဆုံးကြားရတဲ့ TV စျေးနှုန်း၊ Specs တွေပေါ်မူတည်ပြီး နောက်ဟာတွေကို နှိုင်းယှဉ်တတ်ကြပါတယ်။

Ex တွေကို မမေ့နိုင်တာလည်း ဒီသဘောပါပဲ။ အချစ်ဦးကို မမေ့နိုင်ဘူးဆိုတာ Imprinting ကြောင့်ဖြစ်တာပါ။ အရာရာကို သူနဲ့ပဲနှိုင်းယှဉ်ပြီး စဉ်းစားမိတော့တာပေါ့။ ဒါကို လက်မခံနိုင်သေးရင် စမ်းသပ်ချက်တစ်ခုကို ပြောပြချင်ပါတယ်။

ကျောင်းသားတွေကို ခေါ်ပြီး သူတို့ရဲ့ Social Security Number ရဲ့နောက်ဆုံးဂဏန်း ၂လုံးကို ချရေးခိုင်းလိုက်ပါတယ်။ ဥပမာ ၉၅ ဆိုပါတော့။ ဒါကို Dollar အနေနဲ့သတ်မှတ်ခိုင်းတယ်။ (၉၅ ဒေါ်လာပေါ့) ပြီးတော့ Wine ပုလင်း၊ Keyboard & Mouse ၊ ဒီဇိုင်းစာအုပ်၊ ချောကလက်တစ်ဗူး စတာတွေကို ပြတယ်။ ကျောင်းသားတွေကို သူတို့ရေးထားတဲ့ Dollar နဲ့ဒီပစ္စည်းတစ်ခုချင်းစီကို ဝယ်မလားလို့ မေးတယ်။ Yes or No ရေးခိုင်းလိုက်တယ်။

ပြီးတော့ ဘယ်လောက်နဲ့ ဒီပစ္စည်းတစ်ခုစီကို Bid လုပ်မလဲလို့ မေးတယ်။ Data တွေစုပြီးတဲ့အခါ အများဆုံး Bid လုပ်တဲ့သူကို ရောင်းလိုက်တယ်။ ထူးခြားတာက Social Security Number အမြင့် (90-99) မှာရှိတဲ့သူတွေက သူ့အောက်ကလူတွေထက် စျေးပိုပေးပြီး 0-19 သမားတွေက အနိမ့်ဆုံး Bid လုပ်ကြတယ်ဆိုတာပါ။ ဒါဆို ငန်းဘဲတွေလိုပဲ Imprinting Effect က လူတွေမှာ ရှိနေတာပေါ့။

နောက်ပြီးတော့ ပုံမှာကြည့်ရင် Keyboard နဲ့ Mouse ၊ Wine ၂ပုလင်းစျေးနှုန်းတွေဟာ ချိတ်ဆက်မှုရှိနေတယ်။ Mouse ဟာ Keyboard ထက်စျေးချိုရမယ်၊ 1996 ခုနှစ်က Wine က 1998 က ဝိုင်ထက်စျေးကြီးရမယ်ဆိုတာမျိုးကို သူတို့ရဲ့ပကတိတန်ဖိုးကို မသိပေမယ့် လူတွေက နှိုင်းယှဉ်ပြီး ချိန်ဆတတ်တယ်။ ဒါကို Anchoring လို့ခေါ်ပါတယ်။ သင်္ဘောတွေကျောက်ဆူးချတာနဲ့ တင်စားလိုက်တာပါ။

ဒီတော့ အချစ်ဦးရဲ့တန်ဖိုးနဲ့ နောက်လူတွေကို နှိုင်းယှဉ်တဲ့အခါ အချစ်ဦးဟာကိုယ့်ရဲ့ Anchor ဖြစ်လာပါတယ်။ သူက တေလေဂျပိုးဖြစ်နေရင် အပြင်လူအနေနဲ့ ကြည့်တဲ့အခါ ဘာတန်ကြေးမှမရှိတဲ့ကောင်ပဲ။ ကိုယ့်ရဲ့အချစ်ဦးဖြစ်တဲ့အခါမှာတော့ ကိုယ့်စိတ်က တန်ကြေးတစ်ခု သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီတန်ဖိုးက သူ့ရဲ့ပကတိတန်ဖိုးနဲ့ မဆိုင်ဘဲ ကိုယ်က သတ်မှတ်လိုက်တာပါ။

ဒီအခါမှာ နောက်လူရဲ့ပကတိတန်ဖိုးဟာ ပထမလူထက်များနေရင်တောင် ကိုယ့်အနေနဲ့ ဒါကို အရှိအတိုင်းမြင်ချင်မှ မြင်နိုင်ပါလိမ့်မယ်။ (ပထမလူကို ကိုယ်သတ်မှတ်ထားတဲ့ တန်ဖိုးက မြင့်နေလို့ပါ)
ဒီတော့ ၂မျိုးဖြစ်လာပါတယ်။ ပထမတစ်မျိုးက နောက်လူကို ပထမလူလောက် သဘောမတွေ့တော့တာပါ။ အထူးသဖြင့် ပထမလူနဲ့ သူမသာ၊ ကိုယ်မသာလိုမျိုးဆို ဒီသဘောက ပိုဖြစ်နိုင်ပါတယ်။

ဒုတိယတစ်မျိုးက ပထမလူဟာ မကောင်းတဲ့လူဖြစ်ခဲ့ရင် ဒုတိယလူဟာလည်း မကောင်းတဲ့သူဖြစ်ဖို့ Chance များသွားတာပါ။ ကိုယ့်ရဲ့ Anchor ဟာ မကောင်းတဲ့သူအပေါ်မှာ မီတည်ခဲ့တဲ့အခါ အခြားမကောင်းတဲ့လူတွေဟာလည်း ကိုယ့်အတွက် Available ဖြစ်တယ်လို့ ထင်သွားတတ်ပါတယ်။ ဒါကြောင့် တချို့တွေဟာ “မကောင်းဘူး…” လို့ Society က သတ်မှတ်ထားတဲ့လူတွေနဲ့ပဲ ထည်လဲတွဲနေတတ်တာပါ။

ရှင်းအောင်ပြောရရင် ပထမ Experience မှာ Anchor တန်ဖိုးတစ်ခု (30% ပဲထားပါတော့) ရှိတဲ့အခါ ဒုတိယအခါမှာလည်း ဒီတန်ဖိုးနဲ့ချိန်ပြီးပဲ ဆုံးဖြတ်တတ်တော့တယ်။ ပထမ Anchor ကတန်ဖိုးမြင့်ခဲ့ရင်တော့ (80%) ဒုတိယအခါမှာ ခပ်မြင့်မြင့်ကိုပဲ လိုချင်တော့တယ်။

ဒီတော့ မေးစရာရှိတာက နေ့တိုင်း City Mart သွားရင် စျေးနှုန်းတွေတွေ့နေရတာပဲ၊ ကြော်ငြာတွေမှာ မြင်နေရတာပဲ။ ဒီတော့ စျေးကြီးတာတွေပဲ ကြော်ငြာပြီး လူတွေကို Anchor ဖြစ်အောင် လုပ်လို့မရဘူးလား ဆိုတာပါ။ ဒါပေမယ့် သာမန်အချိန်မှာ ဒီလိုလာလုပ်လို့မရပါဘူး။ ကိုယ်က TV လိုချင်လို့ရှာတဲ့အချိန်မှာသာ TV Anchor ကို Susceptible ဖြစ်ပြီး လင်လိုချင်လို့ရှာတဲ့အချိန်မှာသာ လင် Anchor ကို ယုံမိတတ်တာပါ။

ဒီလိုတွေပြောတော့ စောဒဂ တက်ချင်တဲ့သူတွေရှိမှာပါ။ “အချစ်ဦးကို မေ့သွားတာပဲ… အခု နောက်လူနဲ့ ပျော်နေတာပါပဲ…” ဆိုပြီးတော့ပေါ့။ လူတွေဟာ Anchor တစ်ခုက တစ်ခုကို ခုန်ကူးတတ်ကြပါတယ်။ အမြဲတမ်းကြီး ဒီတစ်နေရာထဲမှာ ကျောက်ချထားမျိုးတော့ ဘယ်ရှိပါ့မလဲ။
ဒါပေမယ့် တဖက်လူမှာ ဒီလို Second Anchor ဖြစ်လာစေမယ့် အရည်အချင်းတွေလိုပါတယ်။
ရှင်းအောင်ပြောရရင်တော့ ပထမလူနဲ့ လုံးဝမတူတဲ့လူတစ်ယောက်ဟာ Second Anchor ဖြစ်လာနိုင်ပါတယ်

ပထမလူဟာ တေလေကြမ်းပိုးဆိုရင် တေလေကြမ်းပိုး Anchor ဖြစ်နေပေမယ့် ဒုတိယလူဟာ လူရည်မွန်ဆိုရင်တော့ သူနှိုင်းယှဉ်ဖို့ မလွယ်တော့ပါဘူး။ အရာရာက ပထမလူနဲ့မတူတဲ့အခါ “ဒီလူက ငါ့အတွက် ပိုသင့်တော်တယ်” ဆိုပြီး Second Anchor ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းအသစ်တွေဟာ သူတို့ပြိုင်ဘက်နဲ့မတူအောင် လုပ်ကြတာပါ။ လူတွေရဲ့ First Anchor ဖြစ်တဲ့စျေးကွက်ထဲမှာ အထိုင်ကျနေတဲ့ Product တစ်ခုကနေ သူတို့ဆီကိုလာဖို့အတွက် အုတ်ရောရော ကျောက်ရောရောလုပ်နေလို့ မရပါဘူး။ ဖောက်ထွက်ရပါတယ်။ First Anchor နဲ့လုံးဝမတူတဲ့ Experience မျိုး ဖောက်သည်ကို ပေးနိုင်ရင် ကိုယ်က သူတို့ရဲ့ Second Anchor ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကြေးအိုးဆို ဒီဆိုင်၊ Hotpot ဆို ဒီဆိုင်၊ BBQ ဆို ဟိုဆိုင်လို့ တွေးမိရင်တော့ ဒီဆိုင်တွေဟာ ကိုယ့်ရဲ့ Anchor တွေဖြစ်နေပါပြီ။

ဒီတော့ တွေးကြည့်လို့ရတာက ကျွန်တော်တို့ဘဝတလျှောက်လုံး ပြုလုပ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေမှာ Anchor တွေရဲ့လွှမ်းမိုးမှုဘယ်လောက်ပါလဲ? ပြောချင်တာက ဘာမှသိပ်မသိခင် တချိန်ကတွေ့ခဲ့တဲ့ First Anchor ဟာ ကိုယ့်ဘဝပေါ်မှာ ဘယ်လောက်တောင်လွှမ်းမိုးမှုရှိနေမလဲ?
ရည်းစားရွေးတာ၊ အိမ်ထောင်ပြုတာ၊ ကိုယ်ရဲ့အကြိုက် (Favourite) ဝါသနာတွေ၊ အစားအစာတွေ…

ဒါလိုမဖြစ်ချင်ဘူးဆို သတိလေးကပ်ပြီး ပြန်တွေးကြည့်လို့ရပါတယ်။ Hotpot ကို ဒီဆိုင်မှာပဲ စားမှ စိတ်ကျေနပ်မှာလား? တခြားဆိုင်တွေကရော ဒီလောက်မကောင်းဘူးဆိုတာ သေချာပြီလား? ဒီဆိုင်ကို အစကတည်းက ဘာလို့ရွေးချယ်မိပါလိမ့်? ဒီလောက်စျေးမကြီးဘဲ ဒီလောက်နီးနီးကောင်းတဲ့ဆိုင်မျိုးရော မရှိတော့ဘူးလား?
ကိုယ်ခဏခဏလုပ်နေမိတဲ့ ကိစ္စတစ်ခုကို မလုပ်ခင် “ငါဒီလိုတွေ လုပ်မိနေတာ Anchor သဘောတရားတွေ ပါနေသလား?” ဆိုတာ ကိုယ့်ဘာသာပြန်မေးကြည့်သင့်ပါတယ်။ ရည်းစားတွေထည်လဲတွဲမိနေတယ် ဆိုရင်လည်း နောက်တစ်ယောက်နဲ့ မကြိုက်ခင် ပြတ်တုန်းလပ်တုန်းမှာ အကြောင်းရင်းက ဘာလဲဆိုတာ ရှာသင့်ပါတယ်။

First Anchor ဟာ ဆုံးဖြတ်ချက် သေးသေးလေးတစ်ခုကနေပဲ နောက်ဆက်တွဲအကြီးကြီးတွေ ဖြစ်ကုန်တာပါ။ ဒါကြောင့် တစ်ခုခုကို Favourite အဖြစ်မသတ်မှတ်ခင် အချိန်ပေးစဉ်းစားပါ။

နောက်ဆုံးအနေနဲ့ ဒီအမြင်ကို နိုင်ငံစီးပွားရေးနဲ့ သုံးသပ်ပြီးနိဂုံးချုပ်ချင်ပါတယ်။ စီးပွားရေးမှာ ရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (Demand) ပေါ်မူတည်ပြီး စျေးတွေပြောင်းလဲတတ်တာသိကြမှာပါ။ ဝယ်လိုအား (Customer) ကို Manipulate လုပ်လို့ရတာကို အပေါ်မှာပြောခဲ့ပြီးပါပြီ။ စီးပွားရေးလုပ်ငန်းရှင်တွေက Product တွေကိုထိန်းချုပ်ပြီး ရောင်းလိုအားကို ကစားတတ်ကြပါတယ်။ ဒီတော့ လူတွေလက်ခံတဲ့ စီးပွားရေး Framework ကြီးမှာ ပြစ်ချက်တွေရှိနေပါတယ်။

ဒါကြောင့် Free Market ဆိုပြီး အစိုးရက ဝင်မစွက်ဖက်ဘဲ စီးပွားရေးသမားတွေ ပြိုင်ဆိုင်ရောင်းဝယ်ဖို့ ခွင့်ပြုထားတာဟာ Optimal မဖြစ်ပါဘူး။ ထို့အတူပဲ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးကို အစိုးရကချုပ်ကိုင်ထားပြီး လူတွေအကုန်လုံး Equally Contribute လုပ်ရမယ်… ဆိုတာကလည်း Optimal မဖြစ်ပါဘူး။
(ဘာကြောင့်ဘဲဆိုတာသိချင်ရင် အောက်မှာဖတ်ပေးပါ)

Cheater တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ?
https://ouo.io/SZ7ceG

နောက်ဆုံးကြားချလိုက်တဲ့အခါမှာ ကျန်းမာရေး၊ ဆေးဝါး၊ လျှပ်စစ်၊ ရေ စတဲ့ မရှိမဖြစ်လိုအပ်တဲ့ နေရာတွေမှာ အစိုးရကဝင်ပါပြီး အခြားစီးပွားရေးတွေကို လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးတဲ့ စနစ်က ကောင်းတယ်ဆိုပြီး ပြောလို့ရပါတယ်။

Ex အကြောင်းသိချင်လို့ ဖတ်ရင်း စီးပွားရေးတွေ ရောက်ကုန်တာ Sorry ပါ။ အတွေးတစ်ခုတော့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ခေါင်းထဲကထုတ်မရတဲ့ သီချင်းများရဲ့နောက်ကွယ်

ကိုယ်ကြိုက်ပြီး ခဏခဏနားထောင်မိတဲ့သီချင်း ဒါမှမဟုတ် bus ကားစီးရင်း ခဏခဏကြားမိတဲ့ သီချင်းတွေဟာ ကိုယ်နားမထောင်တော့တဲ့အချိန်မှာတောင် ပြန်ကြားနေတာ၊ မသိစိတ်ထဲက လိုက်ဆိုနေတာ မျိုးကြုံဖူးကြမှာပါ။
တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်တောင် သတိမထားမိဘဲ သီချင်းက ခေါင်းထဲပေါ်လာပြီး background music ဖွင့်ထားသလို ဘာလုပ်လုပ် ရှိနေတတ်မျိုးပေါ့။

အဲ့လိုဖြစ်ရပ်ကို earworms လို့ခေါ်ပါတယ်။
တစ်ချို့ကျတော့လဲ brainworm, sticky music , stuck song music syndrome လို့လဲ ခေါ်ကြပါတယ်။
Earworm ကို German စကားလုံး Ohrwurm ကနေဘာသာ ပြန်ယူထားတာလို့ ပြောပါတယ်။
Ohr ဆိုတာက နားလို့ အဓိပ္ပါယ်ရပြီး wurm ဆိုတာကတော့ ပိုးကောင်ပေါ့ ဆိုလိုတာကတော့ နားထဲဝင်တဲ့ပိုးကောင်ပေါ့။

အနောက်နိုင်ငံတွေမှာ 98% လောက် earworm ကို ကြုံရတယ်လို့ harvard health blog မှာရေးပါတယ်။
အဲ့လို ခံစားရတဲ့ ၃ပုံ ၂ပုံ လောက်က ဘယ်လိုမှ မနေပေမယ့် နောက် ၁ ပုံကတော့ စိတ်ထဲမှာ သီချင်းထပ်ခါထပ်ခါ ပေါ်နေလို့ စိတ်အနှောင့်ယှက်ဖြစ်ကြပါတယ်။

နားထောင်ကောင်းပြီးမှတ်မိလွယ်တဲ့ သီချင်းတွေက earworm ပိုဖြစ်စေပါတယ်။
အဲ့လိုသီချင်းတွေက tempo မြန်တယ် သံစဥ်ကလဲ ရိုးရှင်းတယ်။ ရင်းနှီးနေတဲ့သံစဥ်ပဲ။ ဒါပေမယ့် တခြားသီချင်းတွေနဲ့ လဲ သိပ်မတူဘူး။ စာသားခဏခဏ ပြန်ကျော့တယ်။ စာသားအစမှာ pitch မြင့်ပြီးနောက်ပိုင်းပြန်ကျတယ်။ လိုက်ဆိုလို့ လွယ်တဲ့သီချင်းတွေပေါ့။ (စာရေးသူ red velvet ရဲ့ psycho ကို producer တစ်ယောက် react လုပ်ထားတာ ကြည့်ဖူးပါတယ်။ အဲ့ထဲမှာသူက chorus မှာ ဒီစာသားက ခေါင်းထဲစွဲနေတော့မှာပဲ ဆိုပြီး ပြောခဲ့တာ ပြန်မှတ်မိတယ်။ အဲ့တုန်းက ဒီတိုင်းပဲသိပ်သတိမထားမိလိုက်ပါဘူး)
Lady gaga ရဲ့ bad romance, poker face, Maroon 5 ရဲ့ move like gagger စတဲ့သီချင်းတွေနဲ့ စမ်းထားတဲ့ research တွေရှိပါတယ် (တခြားသီချင်းတွေလဲ ပါပါသေးတယ်)

Earworm ဖြစ်ဖို့ perception (အာရုံခံစားခြင်း), emotion (စိတ်ခံစားမှု), memory (မှတ်ဥာဏ်), spontaneous thought (ဆက်တိုက်အတွေး) စတာတွေအပေါ် အခြေခံတယ်လို့ဆိုပါတယ်။
ဘယ်လိုကနေဘယ်လိုဖြစ်လဲ ဆိုတဲ့ mechanism တွေကတော့ အများကြီးလို့ဆိုပါတယ်။

Earworm က စိတ်ပျော်တဲ့ အချိန် တွေ ကိုယ်ပျော်ခဲ့တဲ့ အတိတ်က အကြောင်းတွေ ပြန်တွေးရင်လဲ ဖြစ်တတ်ပါတယ်။
အတွေးတွေများပြီး stress တွေများနေရင်လဲ ဖြစ်တတ်ပါတယ်။
သီချင်းလုပ်တဲ့ သူတွေ သီချင်း ခဏခဏ နားထောင်လေ့ရှိတဲ့ သူတွေ ဆိုရင် ပိုဖြစ်တတ်ပါတယ်။

Personality အရဆိုရင်တော့ OCD သမားတွေ စိတ်ပူတတ်ပြီး ကိုယ့်ကိုယ်ကိုယ်စိုးရိမ်တတ်တဲ့သူတွေ နဲ့ အသစ်အဆန်းတွေကို စမ်းလုပ်ကြည့်ချင်သူတွေက earworms ပိုဖြစ်နိုင်ချေများတယ်လို့ဆိုပါတယ်။

Earworms က အန္တရာယ်ရှိလား… သီချင်းတွေ ကြားနေရလို့ စိတ်ရောဂါများရနေပြီလား… လို့ တွေးမိရင်တော့
အဖြေ က မဟုတ်ပါဘူး။

အပေါ်မှာ ပြောခဲ့သလို တော်တော်များများကြုံရလေ့ရှိပြီး ဒီလိုဖြစ်တာဟာ ပုံမှန်ပါပဲ။ တစ်ချို့က ပျော်တောင်ပျော်ကြပါတယ်တဲ့။ (ကိုယ်တိုင်ကတော့ ခဏခဏကြားနေရရင် စိတ်အနှောင့်အယှက် နည်းနည်းတော့ဖြစ်ပါတယ်)

သီချင်းတွေခဏခဏကြားရတဲ့အတွက်ကြောင့် ဖန်တီးနိုင်စွမ်းတွေ ကောင်းလာတယ်လို့ရေးထားတာတွေ့ပါတယ်။
ဒါပေမယ့် psychotic syndrome, OCD, Migraine စတဲ့ ဦးနှောက် အာရုံကြောရောဂါတွေမှာလဲ ဖြစ်တတ်ပါတယ်။
၂၄ နာရီပတ်လုံး တောက်လျှောက်ကြားနေပြီဆိုရင်တော့ ရောဂါ တစ်ခုခုကြောင့် ဖြစ်နေတာပါ ဆရာဝန်နဲ့ပြဖို့လိုအပ်ပါတယ်။

Earworms ကို ဘယ်လိုပျောက်အောင် လုပ်မလဲ?

စိတ်ထဲကဖျောက်ဖို့ မကြိုးစားပါနဲ့ ပိုပြီးကြားရပါလိမ့်မယ်။ Psychologist တွေက cognitive itch လို့သုံးပါတယ်။
ကုတ်လေ ယားလေ ယားလေ ကုတ်လေလိုပဲ စိတ်က သီချင်းကို ဖောက်ဖို့လုပ်လေ ပို ပြီးကြားနေရလေပါပဲ။
မေ့ဖို့မကြိုးစားပဲ သီချင်းကို ကြားနေရတာပဲ ဆိုပြီး လက်ခံလိုက်ပါ။

သီချင်းတစ်ပုဒ်လုံးကို မှတ်မိအောင်နားထောင်ပါ။ အများအားဖြင့် နားထဲကြားနေရတာက chorus အပိုင်းတွေပါ
သီချင်းနားထောင်ရင်လဲ အာရုံစိုက်မိတာ chorus ပိုင်းပါပဲ။
ကားမောင်းနေရင်းဖြစ်ဖြစ် bus ကားစီးရင်း စာလုပ်ရင်း တခြား အလုပ်လုပ်ရင်း သီချင်းနားထောင်ကြတဲ့အခါ သီချင်း အစဆုံး အာရုံစိုက်မိတယ်ဆိုတာ ရှားပါတယ်။

Chorus ကျမှ သီချင်းကို အာရုံစိုက်မိပြီး မှတ်မိနေတာလဲ အဲ့အပိုင်းပါပဲ။
ဦးနှောက်ကတော့ အဲ့လို တစ်ပိုင်းတစ်စလေး မှတ်မိနေတာကို မပြီးသေးတဲ့ အလုပ် အဖြစ်သတ်မှတ်ပြီး အလုပ်ပြီးအောင် နှိုးဆော်တဲ့အနေနဲ့ မှတ်မိအောင် ခဏခဏတွေးစေပါတယ်။
အဲ့ဒါကို Zeigarnik Effect လို့ခေါ်ပါတယ်။
ဒါကြောင့် သီချင်း တစ်ပုဒ် လုံးကို မှတ်မိအောင် နားထောင်ခြင်းက earworms ကိုပျောက်စေပါတယ်။

အော်ဆိုလိုက်ပါ။
စိတ်ထဲမှာ အရမ်းခဏခဏကြားနေပြီ သည်းမခံနိုင်တော့ဘူးဆိုရင် အော်သာဆိုလိုက်ပါ (ကိုယ်တိုင်လဲ ဆိုပါတယ် အကျယ်ကြီး အော်မဆိုရင်တော့ ပါးစပ်က တိုးတိုးလေးထုတ် ညည်း လိုက်ရုံနဲ့ အဆင်ပြေသွားပါတယ်)


နောက်တစ်ခုကတော့ ထူးဆန်းပါတယ် ပီကေစားခြင်းက earworms ကို ပျောက်စေပါတယ်လို့ဆိုပါတယ်။
ပီကေ စားရင် မေးရိုးလှုပ်ရှားရတဲ့ အခါ သီချင်း မှတ်မိခြင်းကို နည်းစေပါတယ်။

နောက်ဆုံးတစ်ခုကတော့ တခြားအလုပ်တစ်ခုခုကို အာရုံစိုက်ခြင်းပါ။
ကိုယ်လက်ရှိ လုပ်နေတဲ့ အလုပ် ဟင်းချက်တာပဲ ဖြစ်ဖြစ် အဝတ်လျှော်တာပဲ ဖြစ်ဖြစ် လုပ်နေတဲ့အပေါ် အာရုံစိုက်လိုက်ရင် earworms က ပျောက်သွားပါလိမ့်မယ်။

Stay Safe. Stay strong
Thank for reading

Wally

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Autocorrect လုပ်နိုင်တဲ့သင့်ဦးနှောက်

အောက်ကပုံကိုတချက်ကြည့်ပေးပါ။
ပုံထဲကစာကို စိတ်ထဲမှာ ခပ်မြန်မြန်ဖတ်ပေးပါ။

နောက်တခေါက်လောက် ခပ်ဖြေးဖြေး အသံထွက်ဖတ်ပေးပါ။ ဘာထူးခြားသွားလဲ… သင်သတိထားမိပါသလား။

ပေးထားတဲ့စာထဲမှာ အမှားတခုရှိနေပါတယ်။ ပြန်ရှာကြည့်လိုက်ပါ။

“The” ၂လုံးထပ်နေတာကိုသတိထားမိလိုက်ပါသလား။ ပထမတုန်းက ခပ်မြန်မြန်ဖတ်လိုက်တော့ သင့် brain က Autocorrect လုပ်ချလိုက်တာပါ။
နောက်တခါထပ်ဖတ်တော့မှပဲ အမှားကိုတွေ့တာပါ။

ကဲ… နောက်တခါထပ်စမ်းကြည့်ရအောင်။ အောက်ကစာကိုဖတ်ကြည့်ပါဦး… မြန်မြန်လေးဖတ်ပေးပါ။

သင်၂ခါထပ်ဖတ်မိနေပြီမလား။ ဒီတခါတော့ အထာနပ်သွားလောက်ပြီထင်ပါတယ်။ သင်တယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းလိုလို စာမြန်မြန်ဖတ်ရင် အမှားတွေကို brain ကပြင်ပြီးဖတ်လိုက်ပါတယ်။ သိပ်မသိသာတဲ့အမှားမျိုးဆို brain ကခပ်တည်တည်ပဲ လူလည်ကျပြီး ဖတ်သွားပါတယ်။
အထူးသဖြင့် မြန်မြန်ဖတ်ရတဲ့အခါပေါ့။

စာမေးပွဲခန်းထဲမှာ စာမေးပွဲမေးခွန်းစာရွက် စ,စရရင် အမြန်ဖတ်ပြီး ကိုယ်ကျက်ထားတဲ့အပုဒ်တိုးသလား ရှာတဲ့အခါဆို အရမ်းသိသာပါတယ်။ Autocorrect ကတခါတလေလဲအသုံးဝင်ပါတယ်။
မလိုတဲ့နေရာမှာအချိန်မကုန်တော့ဘဲ လိုတာကိုဖတ်လို့ရအောင် လုပ်ပေးထားတာပါ။

နောက်တခုလောက်ထပ်စမ်းသပ်ကြည့်ရအောင် အောက်က စာမှာ ဘာမှားနေလဲ သင့်ရှာနိုင်မလား။

အမှား ဘယ်နှခုလောက်တွေ့ပါသလဲ။ ပုံမှန်ဆို အမှား ၂ခုလောက်ပဲတွေ့မှာပါ။ တကယ်ကအမှား ၃ခုရှိပါတယ်။
အဖြေကို ဒီစာရဲ့အဆုံးမှာပြောပြထားပါမယ်။

ဒီလောက်ဆိုရင် ကျနော်တို့ brain ကအမှားတွေကိုမမြင်တဲ့နေရာမှာ ဆရာကျတယ်ဆိုတာ သဘောပေါက်သွားမှာပါ။ Brain ကသူအရေးမကြီးလောက်ဘူးထင်တဲ့အရာဆို သိပ်အာရုံမစိုက်ဘဲ မေ့မေ့ပျောက်ပျောက်ပဲသဘောထားတတ်ပါတယ်။
အထူးသဖြင့် ထပ်ခါထပ်ခါမြင်ဖူးနေကျအရာတွေ၊ ခဏခဏတွေ့နေရတဲ့ပစ္စည်းတွေ၊ ဆက်တိုက်ကြားနေရတဲ့အသံတွေဆိုရင် brain က အမှတ်တမဲ့ဖြစ်သွားအောင်လုပ်ထားတတ်ပါတယ်။

အဲ့တာက Habituation လို့ခေါ်ပါတယ်။ ဥပမာ စျေးထဲက ငါးတန်းထဲကို ပထမဆုံးအကြိမ်ရောက်သွားတာနဲ့ စျေးအမြဲသွားနေတဲ့လူ ၂ယောက်မှာ ငါးနံ့ကိုခံစားရပုံမတူပါဘူး။ အမြဲစျေးသွားနေတဲ့သူတွေက ငါးနံ့ကိုယဥ်နေပြီဖြစ်လို့ သိပ်စိတ်ထဲမရှိပါဘူး။ brain က ငါးနံ့ကိုအာရုံထဲကနေ ခဏဖျောက်ပေးထားပါတယ်။

ခဏခဏမြင်နေကျဆိုင်းဘုတ်တွေဆိုရင်လဲ အမှားရှိနေရင်တောင် brain ကသတိမပြုမိဘဲ အလိုလို Autocorrect လုပ်ပြီးဖတ်သွားတဲ့သဘောပါ။ ကျနော်တခါရေးဖူးတဲ့ Typoglycemia ကလဲ brainရဲ့ Autocorrect လုပ်တတ်တဲ့အကျင့်ကြောင့်ပါပဲ။ အလယ်ကစာလုံးတွေမှားနေပေမယ့်လဲ ထိပ်နဲ့နောက်ဆုံးမှန်နေရင် ရအောင် correct လုပ်ပြီးဖတ်သွားနိုင်ပါတယ်။

နောက်တမျိုးစမ်းကြည့်လို့ရပါတယ်။ အောက်ကစာကိုသင်ဖတ်ကြည့်ပါ။

သင်ဖတ်လို့ရတယ်ဆိုရင် သေချာပါတယ်။ သင့် brain က အမှားတွေကို Autocorrect လုပ်ပြီးဖတ်တတ်နေတာပါ။

ဂဏန်းတွေနဲ့ အက္ခရာတွေကိုအစားထိုးပြီးရေးထားတာပါ။
1 = I,
3 = E
4 = A
7 = T,
0 = O စသဖြင့်ပြောင်းရေးထားတာပါ။

အဲ့လိုအကျင့်ရှိတာက ကောင်းတဲ့အချက်လဲရှိသလို မကောင်းတာလဲရှိပါတယ်။ စာလုံးပေါင်းသတ်ပုံအရေးကြီးတဲ့အလုပ်တွေလုပ်ရင် ဒုက္ခရောက်တတ်ပါတယ်။
ဥပမာ သတင်းအယ်ဒီတာတို့၊ စာရေးဆရာတို့၊ ကျောင်းဆရာမတို့၊ စာမေးပွဲစစ်တဲ့သူတို့ စတဲ့အလုပ်တွေက Autocorrect တတ်တဲ့အကျင့်နဲ့ မကိုက်ပါဘူး။

စာမေးပွဲစစ်တဲ့ဆရာမက Autocorrect ပြီးစာတွေစစ်နေရင် ကျောင်းသားတွေပျော်ပျော်ကြီးဖြစ်နေတော့မှာပါ။ သင့်ဦးနှောက်က Autocorrectတတ်ရင် သတိလေးကပ်ပြီးအလုပ်လုပ်ဖို့၊ စာလုံးပေါင်းစစ်ဖို့လိုပါလိမ့်မယ်။

အောက်ကပုံမှာရော သင် “F” ဘယ်နှလုံးလောက်ရှာပေးနိုင်မလဲ။

တကြိမ်ထဲနဲ့ “F” ၆လုံး စလုံးရှာတွေ့ခဲ့ရင်တော့ သင့် brain က စာစစ်သူလုပ်သင့်တဲ့ အမှားရှာကျွမ်းတဲ့ brain ပါပဲဗျာ။

Thanks for your time!

လင်းမူ

အဖြေ။ ။ အမှား ၃ခုကတော့
percent နဲ့ % ၂ခါထပ်နေတာရယ်၊ “the” ၂ခါထပ်နေတာရယ်၊ အမှားတွေက တခုထက်မကလို့ mistake မှာ ‘s’ထည့်ပေးရမယ်ဆိုတာရယ်ပဲဖြစ်ပါတယ်။

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင့်ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရသေးတာ တကယ်ပဲလား?

Lucy ဆိုတဲ့ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီအကြောင်းကို ကောင်းကောင်းသိမှာပါ။ ရုပ်ရှင်ထဲမှာ ကျနော်တို့ရဲ့အချစ်တော်မင်းသားကြီး မော်ဂန်ဖရီးမန်းက စကားတခွန်းပြောလိုက်ပါတယ်။

“ဦးနှောက်ရဲ့ ၂၀%” ကိုသုံးလို့ရတယ်လို့ ယူဆလိုက်ကြရအောင်” တဲ့။ ပုံမှန်ဆို ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရတယ်ပေါ့။ ပိုပြီးသာ သုံးလို့ရလာရင်
ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆွေးနွေးနေကြတာပါ။

ဒါဆို ကျနော်တို့ တကယ်ပဲ ၁၀% သောဦးနှောက်ကိုသာသုံးလို့ရနေတာလား။

လုံးဝ မဟုတ်ပါဘူး။
တကယ်တော့ ကျနော်တို့အားလုံး ဦးနှောက်ရဲ့ ၁၀၀% ကိုသုံးနေကြတာပါ။ ၁၀% ပဲကွက်ပြီး သုံးလို့မရပါဘူး။

ဒါဖြင့်ရင် ဘာလို့ ဒီအယူအဆမှားကြီးက လူတွေကြားထဲမှာ ပြန့်နှံ့နေရတာပါလဲ။ ဒီဂျင်းစကားကြီးကဘယ်ကစတာလဲ၊ ဘယ်သူစပြောတာလဲဆိုတာ သေချာမသိကြပါဘူး။

ဖြစ်နိုင်တာတခုကတော့ ကြော်ငြာတွေက လျှောက်ကြော်ငြာကြရင်း ပြန့်လာတာဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ဦးနှောက်က 1400 ဂရမ် (3 ပေါင်) လောက်လေးပါတယ်။ တကယ်လို့သာ ဦးနှောက်ရဲ့ ၉၀% ကိုဖယ်လိုက်ပြီး ၁၀% ကိုသာချန်ထားရင် 140 ဂရမ် (0.3 ပေါင်) လောက်ပဲလေးပါတယ်။

သိုးတကောင်ရဲ့ ဦးနှောက်အရွယ်လောက်ပဲကျန်တော့မှာပါ။ သေချာတာကတော့ အဲ့လောက်သေးသွားတဲ့ ဦးနှောက်ကလေးနဲ့ ပုံမှန်အလုပ်တွေ လူလိုသူလိုလုပ်လို့မရတာသေချာပါတယ်။

ဦးနှောက်ရဲ့ အစိတ်အပိုင်းခပ်သေးသေးလေးကို ထိသွားရင်တောင်မှ တော်တော်ဆိုးရွားတဲ့ အခြေအနေကိုရောက်သွားတာပါ။ မြင်အောင်ပြောရရင် လေဖြတ်တဲ့လူနာကိုမြင်ယောင်ကြည့်ပါ။

လေဖြတ်တဲ့လူနာဆိုရင် ကိုယ်တခြမ်းသေသွားပြီး စကားပြောရခက်သွားတာကို မြင်ဖူးမှာပါ။ ခန္ဓာကိုယ်မှာအများကြီး ထိခိုက်သွားပေမယ့် ဦးနှောက်ထဲမှာတော့ နေရာတကွက်စာကလေးလောက်ပဲ သွေးမရောက်လို့ ထိခိုက်သွားတာပါ။ အဲ့တာကြောင့် ဦးနှောက်မှာ မလိုတဲ့နေရာ အသုံးမပြုတဲ့နေရာဆိုတာမရှိဘဲ နေရာတိုင်းက အရေးကြီးပါတယ်။

ခေတ်သစ် ဦးနှောက်နဲ့အာရုံကြောပညာရှင်တွေကတော့ ဒီလိုဆိုထားပါတယ်။ “ကျနော်တို့က ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးတာမဟုတ်ပါဘူး။
ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို ၁၀% လောက်ပဲ ကျနော်တို့ရှာဖွေ နားလည်သေးတာဖြစ်ပါတယ်” တဲ့။

ဦးနှောက်ရဲ့အလုပ်လုပ်ပုံက ခက်ခဲနက်နဲလွန်းလို့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အခုထိလေ့လာနေရတုန်းပါပဲ။ ရီစရာအချက်တချက်ပြောပြရရင် ဦးနှောက်က သူ့နာမည်ကိုသူပြန်ပေးထားတဲ့ တခုတည်းသော အင်္ဂါအစိတ်အပိုင်းပါပဲ။

ကျန်တဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့နာမည်တွေကိုလဲ ဦးနှောက်ကပဲနာမည်ပေးထားတာပါ။ ကမ္ဘာကြီးကို Earth လို့ခေါ်ရမယ်လို့ဆိုတာလဲ ဦးနှောက်ကပဲ နာမည်ပေးထားတာပါ။
တယ်လဲ ထူးဆန်းတဲ့ဦးနှောက်ပါပဲ။

ဦးနှောက်စတင်ဖွံ့ဖြိုးတဲ့အချိန်က အမေ့ဗိုက်ထဲကစပြီး အသက် ၂ နှစ်အထိဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဦးနှောက်က ဆက်မကြီးထွားတော့ဘဲ circuit တွေပဲများလာတာပါ။ ဦးနှောက်ထဲက circuit တွေကိုတော့ synapses လို့ခေါ်ပါတယ်။

သင်ကတခုခုသင်ယူလိုက်တယ်ဆိုရင် သင့်ဦးနှောက်ထဲမှာ circuit တွေများလာမယ်။ synapses တွေများလာပါမယ်။ ဦးနှောက်ကတော့ size ကြီးမလာပါဘူးတဲ့။

သင်က ကားမောင်းသင်မယ်ဆိုရင် ကားမောင်းတတ်အောင်လေ့ကျင့်ရင်းနဲ့ ဦးနှောက်ထဲမှာ circuit တွေပိုများလာပါတယ်။ သင်ကကားမမောင်းတာကြာလို့ နှစ်ပေါင်းများစွာပစ်ထားရင် အဲ့ circuit လေးတွေက ပြန်အားနည်းသွားပြီး မေ့ပျောက်သွားပါတယ်။

ဒါကြောင့် “Use it or Lose it” လို့ဆိုကြပါတယ်။
(ဦးနှောက်ကို သုံးပေးလေလေ ဓားသွေးသလိုပဲထက်လာလေလေဖြစ်ပါတယ်။
မသုံးဘဲထားတာကြာလေလေ သံချေးတက်သလိုပဲ ဦးနှောက်မှာလဲချေးတက်ပြီး မှတ်ဉာဏ်ဆဲလ်တွေသေသွားတတ်ပါတယ်။)

အဲ့တော့ တကယ်လို့သာ ကျနော်တို့ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးနေပြီး ၉၀% ကိုမသုံးဖူးဆိုရင် အလိုလို brain cell တွေသေသွားမှာပါ။ ဦးနှောက်လဲ အခုအရွယ်အစားထက် အများကြီးကျုံ့ဝင်သွားမှာမို့ ၁၀% သုံးတယ်ဆိုတာမမှန်ပါဘူး။ ၁၀၀% အသုံးချလို့ရပါတယ်။

အနားယူနေတဲ့အချိန်တို့၊ အိပ်နေတဲ့အချိန်တို့မှာတော့ brain ရဲ့ ၁၀% လောက်ပဲ active ဖြစ်နေပြီး ၉၀% လောက်ကငြိမ်နေတာဖြစ်နိုင်ပါတယ်။ ငြိမ်နေတယ်ဆိုတိုင်းအလုပ်မလုပ်ဖူးလို့ပြောလို့မရပါ။ ဦးနှောက်က အမြဲလိုလိုလုပ်စရာတွေရှိနေပါတယ်။ မရှိရှိတာကို ရှာကြံတွေးနေမှာပါ။

ဟိုးအရင် ၁၉ရာစုခေတ်ကတော့ brain အကြောင်းသေချာမသိသေးတော့ ကြွက်တွေနဲ့စမ်းသပ်ကြပါတယ်။ ကြွက်ရဲ့ brain ကိုနည်းနည်းစီလှီးထုတ်ပြီး ဘယ်လောက်အထိ ခံနိုင်ရည်ရှိသေးလဲ အလုပ်လုပ်သေးလဲဆိုတာစမ်းခဲ့ကြပါတယ်။

အဲ့တုန်းကတော့ ကြွက်ဦးနှောက်ရဲ့ ၈၀% ကျော်ကိုလှီးထုတ်လိုက်တာတောင် ကြွက်က သင်ယူနိုင်စွမ်းကျမသွားဘူးလို့ ဆိုကြပါတယ်။ ဒါကလဲ ကြွက်ကဘာမှသိပ်လုပ်စရာမရှိတော့ ဦးနှောက်သိပ်မသုံးရတာဖြစ်နိုင်သလို စမ်းသပ်ချက်က တမင်ချဲ့ကားရေးထားတာလဲဖြစ်နိုင်ပါတယ်။

တချို့ကျတော့လဲ ဦးနှောက်ကို လှီးပြီးဆေးဆိုးကြည့်တဲ့အခါ 10% သော brain cell ကိုပဲမြင်ရတယ်… ဒါကြောင့် brain ရဲ့ ၉၀% ကအလုပ်မလုပ်ဘူးလို့ ထင်ခဲ့ကြတာပါ။ အခုခေတ်ကတော့ ဆိုးဆေးတွေ dyeတွေကအဆင့်မြင့်လာပြီး မိုက်ခရိုစကုပ်တွေပါရှိနေပြီဖြစ်လို့ ဒီလိုအဆင့်နိမ့်တဲ့ယူဆချက်တွေကို လက်မခံတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ဆေးကုမ္ပဏီကြော်ငြာတွေကတော့ ကြော်ငြာမြဲကြော်ငြာနေဆဲပါပဲ။ ဦးနှောက်ရဲ့ ၁၀% ကျော်ကိုသုံးလို့ရချင်ရင် ဒီဆေးကိုသောက်ပါ။ ဒီအစားကိုစားပါ စသဖြင့် ဂျင်းထည့်နေကြတုန်းပါပဲ။

ဦးနှောက်ကို 100%သုံးပြီး
ဂျင်းတွေကို ရှောင်ကွင်းနိုင်ပါစေ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင့်မှာ Typoglycemia အစွမ်းရှိနေသလား?

အရင်ဆုံး ဘာမှမပြောကြသေးခင် အောက်မှာပါတဲ့ အင်္ဂလိပ်စာကြောင်းလေးတွေကို ခပ်သွက်သွက် ဖတ်ကြည့်လိုက်ပါ။

သင်ဖတ်လို့ရပါသလား….အဓိပ္ပာယ်ရှိနေပါသလား။

သင်ဖတ်လို့ရတယ်ဆိုရင်တော့ သင့်မှာ Typoglycemia ဆိုတဲ့ အစွမ်းတခုရှိနေပါတယ်။ Typoglycemia ဆိုတာက သင့်ဦးနှောက်ရဲ့ စာဖတ်ပုံအစွမ်းကိုပြောချင်တာပါ။

ဦးနှောက်က စာလုံးတွေကိုဖတ်တဲ့အခါ စာလုံးပေါင်းပြီး အက္ခရာတလုံးချင်းစီလိုက်မဖတ်ပါဘူး။ အရှေ့ဆုံးအက္ခရာနဲ့ နောက်ဆုံးအက္ခရာကိုသာ ဖျတ်ခနဲကြည့်ပြီး ဘာစာလုံးဖြစ်လောက်သလဲဆိုတာကို ခန့်မှန်းဖတ်တာပါ။

အထူးသဖြင့် စာကိုမြန်မြန်ဖတ်ရတဲ့အခါမှာ ပိုသိသာပါတယ်။ အလယ်ကအက္ခရာတွေကို နေရာရွှေ့ထားပေမယ့်လဲထိပ်ဆုံးကအက္ခရာနဲ့ နောက်ဆုံးအက္ခရာမှန်နေသ၍ ခန့်မှန်းပြီးဖတ်လို့ရနေပါတယ်။

အောက်ကစာကိုဖတ်ပြီး နောက်တကြိမ်စမ်းကြည့်ရအောင်။

ဘယ်လိုလဲ…သင်ဖတ်လို့ရပါသလား။

ဒီလိုဖတ်တတ်တဲ့သူတွေကို Typoglycemia အစွမ်းရှိတယ်… လူသားအားလုံးရဲ့ ၄% လောက်ပဲဒီလိုဖတ်တတ်တာ… သင်က စူပါဦးနှောက်ရှိပါတယ်ဆိုပြီး အင်တာနက်မှာ လျှောက်ပြောကြတာရှိပါတယ်။

တကယ်တမ်းကတော့ လူတိုင်းလိုလို အင်္ဂလိပ်စာနဲနဲတတ်ရင် ဒါကိုဖတ်လို့ရပါတယ်။
အလေ့အကျင့်လေးရှိရင် ပိုလွယ်သွားပါတယ်။ သင်က Typoglycemia ရှိလို့ ပိုပြီး smart မဖြစ်သွားပါဘူး။

လေ့လာစမ်းသပ်ချက်တွေအရ Typoglycemia ကအဲ့လောက်တော့မရိုးရှင်းပါဘူးတဲ့။ ဦးနှောက်က အဲ့လောက်တော့ မစွမ်းပါဘူး။

စာလုံးတွေကို အလယ်ကအက္ခရာတွေစီချင်တိုင်းစီလိုက်ရင် ခန့်မှန်းရခက်သွားပါတယ်။ ဥပမာ porbelm လို့စီထားရင် problem လို့ခန့်မှန်းမိပေမယ့် pelborm လို့သာစီထားရင် problem ကိုခန့်မှန်းရခက်သွားပါပြီ။

နောက်ပြီး စာလုံးအရှည်ကြီးတွေကို အဲ့လိုလျှောက်စီထားရင် ဘယ်လိုမှခန့်မှန်းလို့မရပါ။ ဥပမာ Circumstance ဆိုတဲ့စကားလုံးကို Ctmaicuscrne လို့သာစီထားရင် ဘယ်လိုမှခန့်မှန်းလို့မရတော့ပါ။

ဒါကြောင့် ခန့်မှန်းရလွယ်အောင် စာလုံးအတိုလေးတွေပဲ စီထားရင် ဖတ်ရပိုလွယ်ပါတယ်။ နောက်တချက်က အသံထွက်ကိုဆင်တူအောင် ပြင်ရေးထားရင်လဲ ခန့်မှန်းလို့ရပါသေးတယ်။

ဥပမာ- toatl ဆိုတဲ့အသံထွက်က total ဆိုတဲ့မူရင်းအသံနဲ့ဆင်နေတော့ ခန့်မှန်းဖတ်ရတာပိုလွယ်မှာပါ။
အဲ့လိုမဟုတ်ဘဲ talot လို့သာရေးထားရင် ခန့်မှန်းရခက်သွားမှာပါ။

ဒါ့အပြင် စာပိုဒ်ထဲမှာ နေရာရွှေ့လို့မရတဲ့ Function word တွေလဲပါနေပါတယ်။
ဥပမာ the, a , be , am, is , are, you စတဲ့စာလုံးတွေက စာပိုဒ်ကိုခန့်မှန်းရလွယ်စေပါတယ်။

ဒါကြောင့် တလုံးထဲဖတ်ပြီး ခန့်မှန်းရတာထက် စာပိုဒ်လိုက်ကို ခန့်မှန်းရတာပိုလွယ်ပါတယ်။

နောက်ပြီးနေရာပြောင်းထားတဲ့ အက္ခရာတွေကို ဗြောက်သောက်မရွှေ့ဘဲ ကပ်ရက်တူရာလေးတွေပြောင်းထားရင်လဲ ဖတ်လို့ပိုလွယ်ပါတယ်။

အသစ်ပြောင်းလိုက်တဲ့စာလုံးက အဓိပ္ပာယ်ရှိတဲ့စကားလုံးအသစ်ဖြစ်လို့မရပါဘူး။ ဥပမာ Points ဆိုတဲ့စာလုံးကို ပြန်ပြင်ရေးရင် Potins (ကြေးသတ္တုစပ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်။) Pinots လို့ပြင်ရေးရင်လဲ စပျစ်သီးမျိုးစိတ်တမျိုး ဆိုတဲ့ အဓိပ္ပာယ်ထွက်လို့ Typoglycemia ရှိလဲ ခန့်မှန်းရခက်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ Typoglycemia ဟာ အင်္ဂလိပ်ဘာသာရပ်လို အရေးအသားမျိုးမှာပဲ ပိုတွေ့ရပြီး ဗမာစာမှာတော့ အဲ့လိုထွင်ရေး ပြင်ရေးရခက်ပါတယ်။ Languages တိုင်းမှာ Typoglycemia ရေးလို့မရနိုင်ပါဘူး။

ဒီလောက်ဆိုရင် Typoglycemia အကြောင်းသိလောက်ပြီလို့ထင်ပါတယ်။

Thnaks for yoru tmie!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started