လူတိုင်း ကြိုက်တဲ့အရောင်ဆိုတာရှိသလားနဲ့ colour psychology

အရောင်တွေအကြောင်းပြောကြတဲ့အခါ အရောင်တွေကဘယ်မှာရှိနေတာလဲဆိုတဲ့စကားနဲ့စပြောကြရအောင်။

သင်မြင်ရသမျှ ပတ်ဝန်းကျင်ကအရာဝတ္ထုတွေအကုန်လုံးမှာ အရောင်ရှိနေတာပဲလို့ ထင်နေရင် သင်လွဲနေပါပြီ။

အရောင်တွေက ပတ်ဝန်းကျင်မှာရှိနေတာမဟုတ်ပါဘူး။ သင့်မျက်လုံးထဲက မြင်လွှာ (retina) ထဲက အရောင်ဆိုပြီး အာရုံခံတဲ့ဆဲလ်တွေကြောင့် အရောင်တွေဖြစ်လာတာပါ။

သင့်ပတ်ဝန်းကျင်မှာက အလင်းရောင်ပဲရှိတာပါ။ photon လို့ခေါ်တဲ့အမှုန်လေးတွေက သူ့ချည်းသက်သက်ဆိုရင် အရောင်ကိုမထုတ်ပေးပါဘူး။
မျက်လုံးထဲရောက်မှ အရောင်ဆိုပြီး encode လုပ်ကာ brain ကိုပို့ပေးပါတယ်။ brain ရှိနေလို့ အရောင်ကိုအရောင်မှန်းသိရတာပါ။

အရောင်တွေက လူတွေမြင်ရသမျှကို ပိုပြီးကြွတက်လာအောင်လုပ်ပေးတာပါ။သင်မြင်သမျှက အရောင်မပါတဲ့အခါ ဆားမပါတဲ့ဟင်းတခွက်လိုဖြစ်နေမှာပါ။

အရောင်တွေကဒါကြောင့် mood ကိုအမျိုးမျိုး ပြောင်းလဲစေပါတယ်။ ဥပမာ အနီရောင်က urgency ဆိုတဲ့သဘောကိုဆောင်ပါတယ်။ အချိန်မရှိဘူး မြန်မြန်လုပ်ကြဆိုတဲ့ အဓိပ္ပာယ်ရလို့ Fastfood ဆိုင်တွေရဲ့ logo မှာ အနီရောင်ကိုအဓိကသုံးပါတယ်။
ဥပမာ KFC တို့ Lotteria တို့ logo တွေမှာ အနီနောက်ခံနဲ့ ထင်းနေအောင်ပြထားတာကိုတွေ့ရမှာပါ။

အနီရောင်က အာရုံကိုဆွဲဆောင်စေပြီး attention ကိုရယူလိုက်ပါတယ်။
အဝါရောင်က ဗိုက်ဆာစေတဲ့အတွက် အနီနဲ့အဝါကို စားသောက်ဆိုင်တွေကအချိုးကျစွာသုံးပြီး ဆွဲဆောင်ကြပါတယ်။

“Eating with your eyes” လို့တောင်ဆိုရတဲ့အထိ အရောင်တွေကိုရွေးချယ်ပြီးစားသောက်တဲ့ပုံစံပြောင်းလဲနေတာဖြစ်ပါတယ်။

အရောင်တွေအမျိုးမျိုးရှိတဲ့အထဲမှာ အကြိုက်ချင်းမတူတတ်ကြပါဘူး။ သို့သော် စစ်တမ်းတွေအရ လူကြိုက်အများဆုံးအရောင်က အပြာရောင်ပါတဲ့။

နိုင်ငံတိုင်းလိုလို နေရာတိုင်းလိုလိုမှာ စစ်တမ်းကောက်လိုက်ရင် အပြာရောင်က ပထမနေရာမှာ အမြဲဗိုလ်စွဲနေတတ်ပါတယ်။ အပြာရောင်ကို Favourite အနေနဲ့မကြိုက်ကြရင်တောင်မှ အပြာရောင်ကိုတော်ရုံမမုန်းတတ်ကြပါဘူးတဲ့။ အနီရောင်ကိုအသည်းစွဲကြိုက်တဲ့ တရုတ်နိုင်ငံမှာတောင် အပြာရောင်က လူကြိုက်များတဲ့အရောင်ဖြစ်နေတုန်းပါပဲ။

ဘာလို့ လူတွေက အပြာရောင်ကို ကြိုက်ကြတာလဲ?

သိပ္ပံပညာရှင်တွေက ဒီအချက်ကိုသိချင်လို့ လေ့လာကြည့်ကြပါတယ်။ သိပ္ပံပညာရှင်တွေတွေ့ရှိချက်အရ လူတွေက အရောင်တွေကို သူတို့ကြိုက်တဲ့ပစ္စည်းတွေ အရာတွေနဲ့ တွဲမြင်ပါတယ်တဲ့။ ဥပမာ သူတို့ကြိုက်တဲ့အရာက အဝါရောင်ရှိရင် အဲ့အရောင်က သူတို့ကြိုက်တဲ့အရောင်ဖြစ်လာတတ်ပါတယ်တဲ့။

လိမ္မော်သီးကြိုက်တဲ့သူက လိမ္မော်ရောင်ကို ခရေဇီဖြစ်လာသလိုပါပဲ။ နှင်းဆီပန်းကြိုက်တဲ့မိန်းကလေးတွေက ပန်းရောင်ကိုပါတွဲပြီး သဘောကျကြပါတယ်။

အလားတူပဲ… ကိုယ်မကြိုက်တဲ့အရာက အစိမ်းရောင်ဖြစ်နေရင် အစိမ်းရောင်ကိုလဲ လိုက်မုန်းတတ်ပါတယ်။ ဥပမာ ပန်းဂေါ်ဖီစိမ်းအရသာကို မကြိုက်တတ်တဲ့သူက အစိမ်းရောင်မြင်ရင် ဘယ်လိုမှဘဝင်မကျနေပါဘူး။

ဒီတော့ အပြာရောင်ရှိပြီး မုန်းစရာကောင်းတဲ့ မကြိုက်တဲ့ပစ္စည်းရှိလောက်သလား စဥ်းစားကြည့်ရအောင်။ ထူးဆန်းစွာနဲ့ပဲ သဘာဝတရားအရ အပြာရောင်ရှိတဲ့ ပစ္စည်းတိုင်းလိုလိုက ရွံစရာကောင်းတာ စိတ်ညစ်စရာကောင်းတာ မုန်းချင်စရာ ပစ္စည်းမရှိသလောက်ပါပဲ။

လူတွေအများစုကြောက်ကြတဲ့ သွေးကလဲ အနီရောင်ရှိနေတယ်။ မစင်တို့၊ သလိပ်တို့ဆိုတာလဲ အပြာရောင်မဟုတ်ကြလေတော့ အပြာရောင်ကိုမုန်းဖို့က တော်တော်ခက်ပါတယ်။

အပြာရောင်ဆိုရင် မိုးကောင်းကင်တွေ၊ ပင်လယ်ပြင်တွေနဲ့ တွဲမြင်ပြီး သဘောကျတတ်ကြပါတယ်။ ဒါကြောင့် အပြာရောင်က လူတိုင်းနဲ့ အဆင်ပြေနေတဲ့သဘောဖြစ်နေပါတယ်။

အရောင်တွေနဲ့ပတ်သက်တဲ့ နောက်ထပ်ထူးခြားချက်တခုက အရောင်တွေမှာ apparent weight (အလေးချိန်) ရှိနေတတ်ပါတယ်တဲ့။

စမ်းသပ်ချက်တခုလုပ်ကြည့်တဲ့အခါ အလေးချိန်တူတဲ့ အတုံးလေးတွေကို အရောင်အမျိုးမျိုးခြယ်ပြီး လူတွေကို မ, ခိုင်းကြည့်တဲ့အခါ အနီရောင်နဲ့အပြာရောင်ခြယ်ထားတဲ့ အတုံးတွေကို ပိုလေးတယ်လို့ဆိုကြပါတယ်။ အဝါရောင်ခြယ်ထားတဲ့အတုံးတွေက အပေါ့ဆုံးလို့ဆိုပါတယ်။

ဒီလောက်ဆိုရင်… အရောင်တွေအကြောင်းနဲ့ ထူးခြားချက်တချို့ကိုနားလည်လောက်ပြီထင်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ယုံရခက်တဲ့ စိတ်ရောဂါအဆန်းများ

စိတ်ဆိုတာ အလွန်ဆန်းကြယ်တဲ့ အရာတခုပါ။ စိတ်ကြောင့်ဖြစ်လာတဲ့ ရောဂါတွေကလဲ “မယုံစဖူး ကြုံဖူးမှသိ” လို့ဆိုရအောင် ထူးခြားလှပါတယ်။

ဒီ post မှာ စိတ်ရောဂါဆန်း တချို့ကို ရှာပြီးတင်ပေးလိုက်ပါတယ်။

ပထမဆုံး ရောဂါကတော့ Paris syndrome လို့ခေါ်ပါတယ်။ ဒီရောဂါကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပဲရစ်ကိုရောက်တဲ့ ခရီးသည်တွေက သူတို့ထင်ထားသလို ခမ်းနားတဲ့ ရှေးဟောင်းဆန်တဲ့ ပဲရစ်မြို့နဲ့ လက်တွေ့ဘဝထဲက ပဲရစ်မြို့ မတူတာကိုမြင်ပြီး culture shock တွေရ၊ စိတ်တွေကမှောက်ကမ ဖြစ်ကုန်တာပါ။

အထူးသဖြင့် အနောက်နိုင်ငံကိုအခုမှစရောက်ဖူးတဲ့ အရှေ့တိုင်းကခရီးသည်တွေမှာ အဖြစ်များပြီး ဂျပန်လူမျိုးတွေမှာ အတွေ့ရဆုံးဖြစ်ပါတယ်။

မျှော်လင့်ထားသလို တည်ငြိမ်တဲ့ ပဲရစ်မဟုတ်ဘဲ လူတွေပျားပန်းခတ်မျှရှုပ်ယှက်ခတ်ကာ ကားတွေပြည့်ကြပ်နေတတ်တဲ့ ပဲရစ်မြို့မှာ ခရီးပန်းတဲ့ဒဏ်နဲ့ စိတ်ဂယောင်ဂချားတွေဖြစ်ကုန်တာပါ။

စိတ်တွေမောလာပြီး ချွေးစီးတွေထွက်လာတာ၊ အထင်တွေလွဲမှားပြီး မမြင်ရ မကြားရတာတွေ မြင်နေသလို ကြားနေရသလို hallucination တွေဖြစ်လာတာ၊ ခေါင်းတွေမူးနောက်ပြီး အာရုံထွေပြားလာတာ၊
ငိုချင်သလိုလို ရီချင်သလိုလိုထဖြစ်တာ၊ စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘဲ စိတ်ကြမ်းလူကြမ်းဖြစ်လာတာတွေ ကြုံရတတ်ပါတယ်တဲ့။

ပဲရစ်ကို ရောက်ရောက်ချင်းမှာ စဖြစ်တတ်ပြီး ရက်အနည်းငယ်ကြာအနားယူလိုက်ရင် နေသားကျသွားပြီးသက်သာသွားတယ်လို့ဆိုပါတယ်။

နောက်ထပ်ရောဂါဆန်းတခုကတော့ Boanthropy လို့ခေါ်ပါတယ်။

ဖြစ်ပုံကတော့ ရှင်းရှင်းပြောရရင် လူစင်စစ်ကနေ နွားဘဝပြောင်းသွားတာပါ။ သူ့ကိုယ်သူ နွား/ကျွဲအဖြစ်ပြောင်းသွားတယ်လို့ ယုံမှားပြီး လေးဖက်ထောက်ပဲသွားတော့တယ်။

မြက်ခင်းရှိရာတွေကို လေးဖက်ထောက်သွားပြီး မြက်တွေကို ဝါးစားတယ်။ နွားအော်သလို ဘွတ်အဲ ဆိုပြီးအသံလုပ်ကြတယ်။ နွားတွေနဲ့ရောနှောပြီးနေတတ်တယ်။

နွားတွေလိုပဲ သူတို့ကိုသတ်ပြီးအသားကိုစားခွင့်ပြုတဲ့အထိကို နွားစိတ်ပေါက်သွားတာပါ။

အတော်တော့ရှားပါးတဲ့ရောဂါဆိုပေမယ့် စိတ်ကစဥ့်ကလျားဖြစ်ကာ Delusion ရတဲ့အတွက်ဖြစ်တာလို့ယူဆကြပါတယ်။ အရပ်ထဲကလူတွေကတော့ အောက်လမ်းနည်းတွေ မှော်အတတ်တွေကြောင့်လို့ ယုံကြည်ကြပါတယ်။

ရှားပါးတဲ့ရောဂါမို့ တိကျတဲ့ကုသမှုလဲမရှိသေးပါဘူး။ မြက်ပင်တွေကြားထဲ ဂျိုမပါဘဲ ရောက်နေရင်တော့ Boanthropy ကိုသတိရလိုက်ပါ။

အလားတူ ခပ်ဆင်ဆင်တူတဲ့ရောဂါကတော့ Clinical Lycanthropy လို့ခေါ်ပါတယ်။

ဒီရောဂါကလဲ သူ့ကိုယ်သူ တိရစ္ဆာန်ဘဝပြောင်းသွားပြီလို့တွေးထင်တာပါ။ အထူးသဖြင့် သမန်းကျားတို့၊ ဝံပုလွေတို့ စတဲ့အကောင်တွေပြောင်းကုန်တယ်လို့ ယုံမှားတာပါ။

ဒီဝေဒနာရှင်တွေက တိရစ္ဆာန်လိုပဲ ပြုမူသွားလာနေထိုင်ကြပြီး လူတွေနဲ့ခပ်ဝေးဝေးမှာရှောင်နေပါတယ်။ တောအုပ်တွေ ၊ နယ်စပ်တွေ ၊ သစ်ပင်ပေါ်တွေမှာ အသိုက်ပုံစံပြုလုပ်ကာ နေထိုင်တတ်တယ်လို့ဆိုပါတယ်။

အရင်ခေတ်က သမန်းကျားတို့ မှော်ဝင်ဝံပုလွေတို့ စတဲ့ယုံတမ်းတွေကို ယုံကြည်ခဲ့စဥ်က အတွေ့များခဲ့ပြီး အခုခေတ်မှာတော့ ရှားပါးသွားပြီဖြစ်ပါတယ်။

နောက်တမျိုးကတော့ Stendahl syndrome လို့ခေါ်တဲ့ရောဂါဆန်းပါ။

ဒီဝေဒနာရှင်တွေက ဆွဲဆောင်မှုရှိတဲ့နေရာတွေ အနုပညာလက်ရာတွေကို ကြည့်မိတဲ့အခါ မိန်းမောမှင်သက်ရင်း ရင်တွေတလှပ်လှပ်တုန်လာတာ၊ မူးဝေလာတာ၊ ဂယောင်ဂတမ်းဖြစ်လာတာ စတာတွေဖြစ်လာပါတယ်။

အထူးသဖြင့် ပန်းချီပြခန်းတွေ၊ အနုပညာပြတိုက်တွေရောက်တဲ့အခါ အဖြစ်များပြီး ပန်းချီကားတွေက တကယ်အသက်ဝင်လာတယ်တို့၊ ရုပ်တုတွေက အသက်ဝင်လာပြီး သူ့ကိုလိုက်ကြည့်နေတယ်တို့ ပြောတတ်ကြပါတယ်။

ဒါတွေက visual hallucination (မမြင်ရတာတွေ မြင်နေတယ်လို့ထင်ခြင်း) ဖြစ်ပြီး ကံကောင်းတာက အများစုက ခဏတာပဲဖြစ်ကြတာပါ။

ဒါတွေကတော့ ထူးဆန်းတဲ့စိတ်ဝေဒနာတွေထဲက အချို့ကို ကောက်နုတ်တင်ပြထားတာပါ။ နောက်ထပ်ရောဂါဆန်းတွေကိုလဲ အလျဥ်းသင့်သလိုရေးပေးသွားပါဦးမယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

“ငါတော့… အရှက်ကွဲတော့မှာပဲ…” နှင့် ခေါင်းထဲက အတွေးများစွာ

ငယ်ငယ်တုန်းက မှတ်မှတ်ရရကိစ္စတစ်ခုကို ပြောပြချင်ပါတယ်။ ကျောင်းမှာအဖြူနဲ့အစိမ်းဝတ်တဲ့အခါ တော်တော်များများက ဘောင်းဘီတွေပဲဝတ်ကြပါတယ်။ အတန်းငယ်သေးတော့ ပုဆိုးလည်း မဝတ်တတ်ကြသေးပါဘူး။
အရမ်းဆော့တော့ ခွတွေပြဲပြဲကုန်ပြီး ဝယ်လို့ကို မပြီးနိုင်ဘူး။ အဲ့တော့ အိမ်က ဘောင်းဘီအဟောင်းတွေပါ ရောပြီး အထည်များအယားပြေ ဝတ်ခိုင်းတတ်တယ်။ ဘောင်းဘီတွေဆိုရင် အတန်းငယ်တုန်းက ဟာတွေပြန်ပြန်ဝတ်တော့ သိပ်မတော်ချင်တော့ဘူးပေါ့လေ။

ဒါနဲ့ တစ်ရက်လည်းကျရော ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်မှာ စာသင်မယ့်ဆရာမက ရောက်မလာဘူး။ ထုံးစံအတိုင်း အတန်းထဲမှာ ဗျောင်းဆန်အောင် ကမြင်းကြတာပေါ့။ နည်းနည်းမောသွားတဲ့အချိန်မှာ ခဲသားဘောပင်အောက်ပြုတ်ကျသွားလို့ ကုန်းအကောက်မှာ ဖင်တည့်တည့်က ချုပ်ရိုးကြီးကွဲထွက်သွားပါလေရော…။ လေတိုးတာတောင် ခံစားနေရတယ်ဆိုတော့ တော်တော်ပြဲသွားတဲ့ပုံပဲလို့ တွေးလိုက်မိတယ်။

အဲ့ဒီအရွယ်က ဘာမှသိပ်မသိသေးပေမယ့် လူမြင်ရင် အရှက်ကွဲမယ်ဆိုတာတော့ သိနေပြီ။ အထူးသဖြင့် ကြိတ်ပြီးသဘောကျနေတဲ့ ကောင်မလေးမြင်သွားရင် ငါ့ ဘဝတော့ သွားပြီလို့တွေးမိတယ်။ (ဘာမှမသိပေမယ့် သူငယ်တန်းကတည်းက မိန်းကလေးဆို စိတ်ဝင်စားရမယ်ဆိုတာ သိနေပြီ)

ဒါနဲ့ အရမ်းခင်တဲ့ကောင်ကို အကူအညီတောင်းရတာပေါ့။ သားကြီး ငါ့ဖင်ကို ကွယ်ပေးထားပါလားလို့…။ ဒီကောင်လည်း လုပ်ပေးရှာပါတယ်။ ခဏနေလို့ ကျောင်းဆင်းတော့ နှစ်ကောင်သား တပူးပူး တကပ်ကပ်နဲ့ ကျွန်တော့အိမ်ကို ရောက်လာတယ်။ အဲ့တော့မှ အလုံးကြီးကျသွားတယ်။ ငါ အရှက်မကွဲတော့ဘူးဆိုပြီး…။

ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ တစ်လမ်းလုံးက ဒီကလေး ဖင်ပြောင်ကြီးနဲ့ လျောက်သွားနေတယ်ဆိုတာ သတိထားမိမှာပဲ။ ကလေးမို့ ဘာမှမပြောကြတာပါ။
သူများတွေမြင်သွားမှာ အကြောက်လွန်ပြီး သူငယ်ချင်းကို အကူအညီတောင်းလိုက်တာက ပိုဆိုးသွားစေတာပါ။ ခုပြောချင်တာ ဒီအကြောင်းပါပဲ။ (ဖင်ပြောင်တဲ့ကိစ္စဆက်ပြောမှာမဟုတ်ပါဘူး၊ စိတ်ပညာအရပြောချင်တာပါ…)

လူတွေက ကိုယ့်မှာ တစ်ခုခုလွဲမှားနေတဲ့အခါ အဲ့ဒါကိုပဲ စိတ်ရောက်နေတတ်တယ်။ ဒါပေမယ့် “ငါ့ဘောင်းဘီတော့ ပြဲသွားပါပြီ… ငါ့အမေတော့ ဆဲတော့မှာပဲ…” ဆိုတဲ့သဘောမျိုးနဲ့ စိတ်ရောက်တာမဟုတ်ပါဘူး။ “သူများတွေ ငါဖင်ပြောင်တာ မြင်သွားတော့မှာပဲ… ဟိုကောင်မလေးသာမြင်သွားရင်တော့ အရှက်တွေကွဲပါပြီ…” ဆိုပြီး သူများတွေကို ဦးတည်တတ်တာမျိုးပါ။

ဒါကြောင့်လည်း ဝက်ခြံပေါက်တဲ့အခါ အမြဲ Self-conscious ဖြစ်နေတတ်သလို ဘောင်းဘီပေါ် ရေမှောက်ကျတဲ့အခါမှာလည်း “ငါ… သေးပေါက်ချတယ် ထင်ကုန်တော့မှာပဲ” လို့ တွေးနေတတ်ပါတယ်။

ကိုယ်က ဆံပင်ကောက်ထားတယ်၊ အင်္ကျီအသစ်ဝတ်ထားတယ်၊ ပိန်သွားတယ်၊ ဝလာတယ်၊ Muscle တက်လာတယ် ဆိုတာတွေကိုလည်း တခြားလူတွေ ရိပ်မိမယ်၊ သိမယ်လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ပြောင်းလဲတာကို မသိတဲ့အခါ စိတ်ဆိုးတာတွေ တွေ့လာရတာပါ။ ဒါကို Spotlight Effect လို့ခေါ်ပါတယ်။ စင်ပေါ်တက်တဲ့အခါ စလိုက်မီးက ကိုယ့်တစ်ယောက်တည်းကို ကွက်ပြီး ထိုးနေသလိုပေါ့။

ဒါပေမယ့် လူတွေက အဲ့လောက် မသိကြပါဘူး။ ကိုယ်က ကိုယ့်အကြောင်းကိုယ်ပဲတွေးနေတော့ သူများတွေလည်း ကိုယ့်အကြောင်းကို တွေးနေမယ်၊ ကိုယ်အသက်ရှုတာကအစ မျက်စိဒေါက်ထောက်ကြည့်နေမယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ သူတို့လည်း သူတို့အကြောင်းသူတို့တွေးနေပြီး သူတို့ ကမ္ဘာထဲမှာ သူတို့လည်ပတ်နေကြတာပါ။

စင်ပေါ်တက်ရတဲ့အခါ ကိုယ်လုပ်တာမှန်သမျှကို သေချာကြည့်နေမယ်လို့ ထင်စရာရှိပေမယ့် လူတွေက သူတို့အာရုံနဲ့သူတို့ပါ။ ကျောင်းမှာ Presentation လုပ်အပြီး Feedback ပြန်တောင်းကြည့်တဲ့အခါမှာ ကိုယ်လွဲသွားတယ်၊ မှားသွားတယ်၊ ချော်သွားတယ်လို့ ထင်တဲ့အရာတွေကို သူတို့သတိမထားမိကြပါဘူး။ (ပြောတာကို သေချာနားမထောင်ကြတာလည်း ဖြစ်နိုင်ပါတယ်…)

ဒါကိုစမ်းသပ်ထားတာရှိပါတယ်။ ကျောင်းသားတစ်ယောက်ကို အပြောင်အပျက်ရုပ်ပုံတွေပါတဲ့ အင်္ကျီတစ်ထည်ဝတ်ခိုင်းပြီး စာသင်ခန်းထဲကို ဝင်လာခိုင်းပါတယ်။ စာသင်တာရပ်ပြီး စမ်းသပ်သူနဲ့ စကားပြောခိုင်းပါတယ်။ ပြီးတော့ ထိုင်ခိုင်းပါတယ်။ ပြီးတော့ ချက်ချင်းပြန်ထခိုင်းပြီး အတန်းထဲကနေ ခေါ်ထုတ်သွားပါတယ်။

အစမ်းသပ်ခံတွေကို သူတို့အင်္ကျီအကြောင်းလူတွေ ဘယ်လောက်လောက်က သိသွားမယ်ထင်လဲလို့ မေးကြည့်ပါတယ်။ တော်တော်များများကတော့ တစ်ဝက်လောက်က သိလိမ့်မယ်လို့ ပြောကြပါတယ်။
စမ်းသပ်သူက စာသင်ခန်းထဲမှာကျန်ခဲ့တဲ့ကျောင်းသားတွေကို ခုနကဝင်လာတဲ့ ကျောင်းသားကို မှတ်မိသလောက်ပြောလို့ မေးတဲ့အခါမှာ ၂၅% ကပဲ သူ့ရဲ့ ဂွမ်းတဲ့ အင်္ကျီအကြောင်း ပြောနိုင်ပါတယ်။ ကျန်တဲ့သူတွေက မသိကြပါဘူး။ နောက် ၂၅% ကတော့ သူဝတ်ပုံစားပုံဟာ တမျိုးပဲဆိုတာလောက်သာ ပြောနိုင်ပါတယ်။

ဒါနဲ့ နောက်တစ်မျိုး ပြောင်းပြီးစမ်းကြည့်ပါတယ်။ ဒီတစ်ခါမှာတော့ အင်္ကျီအလန်းတစ်ထည့်ကို ဝတ်ပြီးတော့ အတန်းထဲခေါ်ပါတယ်။ ပြန်မေးကြည့်တဲ့အခါ ၁၀% လောက်ကပဲ သူ့အင်္ကျီဟာ အလန်းဖြစ်ကြောင်းပြန်ပြောနိုင်ပါတယ်။ ကျန်တဲ့သူတွေက သတိမထားမိကြပါဘူး။

ဒါကြောင့် သိလိုက်ရတာက လူတွေဟာ တလွဲတွေကို ပိုသတိထားမိကြပြီး ပြင်ပြင်ဆင်ဆင်လုပ်တာကို သိပ်မသိကြပါဘူး။

ကားအကောင်းစားကြီးတွေ ကျောင်းကိုမောင်းလာပြီး အသံပေါင်းစုံဆူညံအောင် လုပ်ကြတာ၊ ဆိုင်ကယ်တွေကို အိတ်ဇောတွေဖြုတ်ပြီး နားငြီးအောင် မောင်းကြတာ၊ သီချင်းတွေအကျယ်ကြီး ဖွင့်ပြီး မောင်းတာတွေဟာလည်း သတိထားမိအောင် လုပ်ကြတာပါ။
ဒါပေမယ့် လူတွေက ဖြစ်ရပ်ကိုသာ သတိထားမိပြီး လူနဲ့ဖြစ်ရပ်နဲ့ကို တွဲပြီး သတိမထားမိပါဘူး။ ဆိုလိုချင်တာက တဝူးဝူးနဲ့ ကျောင်းထဲမှာ နားငြီးအောင်လုပ်နေတာကို စိတ်ထဲကနေသာ ကျိန်ဆဲလိုက်ပြီး ကားထဲမှာ ဘယ်ကောင်ပါလဲဆိုတာ သိပ်စိတ်မဝင်စားကြပါဘူး။

ဂိမ်းဆော့တဲ့အခါမှာလည်း ကိုယ့်ရဲ့ Skill ကိုပဲ ကြည့်တတ်ကြပါတယ်။ ဥပမာ အရင်က MLBB ဆော့တဲ့အခါ ကိုယ့် Teammate က ဘယ်လောက်ကြမ်းနေကြမ်းနေ အာရုံသိပ်မရှိပါဘူး။ သူက Savage ဆိုပြီး ရသွားမှသာ “အော်… ဒီကောင်ကောင်းသားပဲ” ဆိုပြီး တွေးမိတတ်တယ်။
ကိုယ့်ရဲ့ Franco Hook တွေဘယ်လောက် မိမိ၊ ရန်သူခုန်မယ့်နေရာကို ကြိုတွေးမိပြီး High IQ Play တွေနဲ့ဆော့ဆော့ Teammate တွေက သတိထားမိဖို့ခက်ခဲပါတယ်။ နေရာတကာမှာ Spotlight Effect က ရှိနေပါတယ်။

ဒါကြောင့် နောက်တစ်ခါ တစ်ခုခုလွဲချော်သွားတဲ့အခါ လွဲသွားပြီ… ဆိုပြီး စိတ်မပျက်ပါနဲ့။ ကိုယ်က ချော်တောငေါ့ပြီး ကျွန်တော်လုပ်တာ ဒါတွေလွဲသွားတယ်ဗျာ…လို့ ပြောလိုက်ရင်တော့ သိကုန်ကြမှာပါ။ တခါတခါ လူတွေက အရှက်ပြေအနေနဲ့ဖြစ်ဖြစ်၊ သူများတွေ ကိုယ့်ကို Judge လုပ်တာ အရမ်းလက်မလွန်သွားအောင်ပဲ ဖြစ်ဖြစ် ကိုယ့်အားနည်းချက်ကို ထုတ်ပြောတတ်ပါတယ်။
မပြောပါနဲ့… သူတို့သိဖို့ ခက်ခဲပါတယ်။

ဆေးကျောင်းမှာ လူနာနဲ့စာမေးပွဲဖြေတဲ့အခါ တချို့ဆရာတွေက ပြောတဲ့စကားကို သေချာနားမထောင်ကြပါဘူး။ ဒါပေမယ့် ကျောင်းသားတွေက ဒါကို သိပ်မသိပါဘူး။ နားမထောင်တဲ့ပုံပြနေပေမယ့် နားထောင်နေတယ်လို့ ထင်တတ်ကြပါတယ်။ (ဆရာတွေ နေရာက စဉ်းစားကြည့်ရင် အတန်းပေါင်းစုံကို အမြဲတမ်းစာမေးပွဲပတ်စစ်နေရတော့ ဒီစာတွေကို ခဏခဏကြားရတာ ပျင်းနေလောက်ပါပြီ)

တချို့တွေက နားမထောင်ပေမယ့် နောက်ဆုံးပိတ် ဆွေးနွေးတဲ့အခါမှာ “မင်းလူနာကို မေးတာ ဒါပဲလား…” လို့ ကိုယ်လုပ်သမျှအရာရာကို သိနေတဲ့ဟန်နဲ့ မေးတတ်ပါတယ်။ အဲ့ဒီအခါမှာ “ကျွန်တော်မေးတာ ဟိုနားလေးကျန်ခဲ့တယ်၊ ဒီနားလေးကျန်ခဲ့တယ်” သွားပြောလိုက်ရင် အမှတ်လျော့ပါပြီ။ လျှာရှည်တဲ့ပါးစပ်ကြောင့် အမှတ်တွေလျော့ခဲ့ဖူးပါတယ်။

စာမေးပွဲစစ်တဲ့ ဆရာတွေနဲ့ Same Energy ပါပဲ

မေးဖို့ကျန်တာတွေရှိပေမယ့် “ဘာမှမကျန်ဘူး… အကုန်မေးတယ်…” လို့သာ Confidence အပြည့်နဲ့ဖြေလိုက်ရင် အမှတ်က တက်သွားတတ်ပါတယ်။ (ဆရာတိုင်းကိုတော့ ဒီလို သွားစမ်းလို့မရပါဘူး၊ တချို့က တကယ်နားထောင်ပြီး တကယ်စစ်စစ်ပေါက်ပေါက် မေးတတ်ပါတယ်၊ ကိုယ့်ဘာသာချင့်ချိန်ပြီး ဖော့သင့်တဲ့နေရာဖော့၊ ဖိသင့်တဲ့နေရာဖိရပါတယ်)

ငယ်ငယ်က သူငယ်ချင်းတစ်ယောက်အကြောင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။
သူ့မှာ ရှေ့သွားတစ်ချောင်းကျိုးနေပါတယ်။ ဒါပေမယ့် သူက သွားကျိုးနေတာကို ကျိုးနေတယ်လို့ လူသိမခံဘဲ ဖုံးဖိဖို့လုပ်ပါတယ်။ စကားပြောတဲ့အခါ သူ့သွားကို မမြင်အောင် ပါးစပ်သိပ်မဖွင့်တော့ပါဘူး။
အဲ့လိုလုပ်တော့မှ “ဒီကောင်က ဘာဖြစ်နေတာလဲ… မပွင့်တပွင့်နဲ့…” ဆိုပြီး သူများတွေက မေးကြပါတယ်။
ဒါကြောင့် ဖုံးကွယ်ခြင်းဟာ အဖြေတစ်ခုဟုတ်မနေပါဘူး။ ဖင်ပြောင်တာက လွဲလို့ပေါ့ဗျာ…။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

စိတ်ကူးနဲ့လက်တွေ့ဘဝ အလွဲများ

Facebook ပေါ်မှာ လူတွေဟာ သူတို့ လွန်ခဲ့တဲ့အချိန်တစ်ခု (၅နှစ်ဆိုကြပါစို့) က တင်ခဲ့တဲ့ Post တွေကို ပြန် Share ပြီး ဟာသအနေနဲ့ တင်ကြတာမြင်ဖူးမှာပါ။ တခါတခါလည်း သူငယ်ချင်းတွေ ပြန် up လုပ်လို့ အရင်ကရေးခဲ့တဲ့ ပေါတောတောစာတွေ၊ ကြောင်တောင်တောင် မျက်နှာတွေ ပြန်ပြန်တက်လာတတ်တယ်။

စိတ်ပညာအရတော့ လူတွေဟာ “လက်ရှိ သူတို့” သည် “အတိတ်က သူတို့” ထက် ပိုပြီး သာတယ်လို့ တွေးကြတယ်လို့ ဆိုတယ်။ ဒါကြောင့် သူတို့ရဲ့ အတိတ် Version ကို လှောင်ပြောင်နေကြတာပါ။ ကိုယ့်ကိုကိုယ် ပြန်မြင်ကြည့်ရင်လည်း အတိတ်ကထက် လက်ရှိကို ပိုသဘောကျကြတာများပါတယ်။
အဲ့လိုဖြစ်အောင် ဦးနှောက် ဘယ်လိုတွန်းပို့နေလဲ ပြောပြချင်ပါတယ်။

လူတွေက ကိုယ့်ကိုကိုယ် “သာမန်” ဆိုပြီး မမြင်ကြဘူးလို့ ဆိုတယ်။ သာမန်ထက်တော့ နည်းနည်းလေးသာတယ်လို့ တွေးတတ်ကြတယ်။
ဒါက အကြောင်းရှိပါတယ်။ ဒီလိုတွေးတာဟာ ထင်ယောင်ထင်မှားဖြစ်ပေမယ့် ကိုယ့်ရဲ့ Confidence ကိုတိုးစေပါတယ်။ ကိုယ့်ရဲ့အသုံးမကျမှုတွေကိုသာ မမြဲထိုင်တွေးမိနေရင် အလုပ်လုပ်ချင်မှာတောင် မဟုတ်တော့ပါဘူး။ တစ်ခုခုမလုပ်ခင် အမြဲတမ်း သံသယတွေ၊ အကြောက်တရားတွေနဲ့ ပြည့်နေမှာပါ။

ဒီလိုမတွေးတဲ့အခါမျိုးမှာတော့ လူတွေမှာ စိတ်ဓာတ်ကျတာ (Depression)၊ စိုးရိမ်စိတ်လွန်ကဲတာ (Anxiety) တွေဖြစ်လာတာပါပဲ။ ဒါကြောင့် “သာမန်ထက်ပိုတယ်” လို့ တွေးခြင်းဟာ ကိုယ့်စိတ်အတွက် အများကြီးအထောက်အကူပြုပါတယ်။ ဒါကို Self-serving Bias လို့ခေါ်တယ်။

စမ်းသပ်ချက်တွေအရ လူတွေဟာ အောင်မြင်မှုရရင် ကိုယ့်ကြောင့်လို့ Credit ယူတတ်ပြီး ကျရှုံးရင်တော့ ဘေးကိုပတ်ရမ်းတတ်တယ်။
ဂိမ်းဆော့နေရင်း ရှုံးရင် ခလုတ်မကောင်းလို့ (PS2 ဂိမ်းဆိုင်မှာ ဘောလုံးကန်ဖူးရင် ဒါကိုနားလည်မှာပါ) ၊ စာမေးပွဲနီးလို့ စာမကျက်ချင်တော့ရင် အိမ်ကလူတွေ မကောင်းလို့၊ စာမေးပွဲကျရင် အိမ်ကလူတွေ မကောင်းတဲ့အတွက် စာမကျက်လိုက်ရလို့ စသဖြင့်ပေါ့။
အားကစားသမားတွေတောင် သူတို့ရှုံးရင် ဟိုဟာလွှင့်ပစ်၊ ဒီဟာလွှင့်ပစ်၊ ဒိုင်လူကြီးကို ပြဿနာရှာ… စတာတွေ လုပ်ကြသေးတာပဲ။
ကိုယ့်ကိုကိုယ် သက်သက်ညှာညှာစဉ်းစားတတ်တာ သဘာဝပါ။

ကိုယ့်ကိုကိုယ် “သာမန်” ထဲကို ထည့်မထားပေမယ့် သူများတွေကိုတော့ ထည့်ထားတတ်ကြတယ်။ ဒီတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတယ်။ ကိုယ်ကသာ အရေးအကြီးဆုံးပဲ ဆိုတဲ့ အတွေးမျိုးတွေ ဝင်လာတယ်။ ငါက သူများနဲ့မတူဘူးဆိုတာတွေ ဖြစ်လာတယ်။ တကယ်တော့ ကိုယ်ဟာ သာမန်ထဲက တစ်ယောက်ပဲဆိုတာ မေ့နေတတ်ကြတယ်။
သူငယ်ချင်းတွေထဲမှာ သူတို့ကွိုင်တက်နေရင် ကိုယ်နဲ့မဆိုင်ဘဲ ကိုယ့်ပါရောပြီး ပြဿနာရှာတတ်တဲ့သူတွေကို တွေ့ဖူးမှာပါ။ ဒါဟာ ဒီသဘောပါပဲ…။
အရာရာဟာ ကိုယ့်ကို ဦးတည်ပြီး လည်ပတ်နေတယ်လို့ထင်တတ်ကြတယ်။ ဒါကိုတော့ Illusory Superiority Effect လို့ခေါ်တယ်။

ဒါကို စမ်းသပ်ထားတာ ရှိပါတယ်။ အစမ်းသပ်ခံတွေကို ကိစ္စတစ်ခုလုပ်ခိုင်းမယ်ဆိုပြီး ခေါ်ထားပါတယ်။ မလုပ်ခင်မှာ စမ်းသပ်သူက သူတို့လုပ်ရမယ့်ကိစ္စက ရိုးရှင်းလွယ်ကူပါတယ်လို့ ကြိုပြောထားလိုက်တယ်။ လုပ်ပြီး ပြန်မေးတဲ့အခါ လူတွေက သာမန်ထက်ပိုပြီး လုပ်နိုင်တယ်လို့ ပြောတယ်။
ဒါနဲ့ သူတို့လုပ်ရမယ့်ကိစ္စက ခက်ခဲတယ်၊ သိပ်မလွယ်ဘူးလို့ ကြိုပြောထားလိုက်တယ်။ လုပ်ပြီး ပြန်မေးတဲ့အခါမှာ သူတို့က သာမန်လောက်တောင် မလုပ်နိုင်ဘူးလို့ ပြောကြတယ်။ (တကယ်တော့ အဲ့လိုမဟုတ်ပါဘူး)
ဒါကြောင့် ဘယ်လောက်ခက်ခဲတဲ့ကိစ္စပဲ ဖြစ်ပါစေ… လွယ်တယ်လို့ ကြိုပြောထားတဲ့အခါ လူတွေက သာမန်ထက်ပိုလုပ်နိုင်တယ်လို့ ထင်ကြတယ်။
ဒီကိစ္စကို ကိုယ်တကယ်လုပ်နိုင်မှန်းမသေချာခင်မှာ “လွယ်တယ်” ဆိုပြီး မြင်လိုက်ခြင်းအားဖြင့် Confidence ကိုတိုးစေတယ်။

စိတ်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ပြောတာပါ။ တကယ်လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းက စိတ်အပေါ် သိပ်မမီခိုဘဲ ကိုယ့်ရဲ့အားထုတ်မှု၊ ပြင်ဆင်မှု၊ ကြိုးစားမှုတွေပေါ်မှာပဲ မူတည်ပါတယ်။ “ငါ… လုပ်နိုင်တယ်ကွ” ဆိုပြီး ကြုံးဝါးတိုင်း တကယ်လုပ်နိုင်တာမှ မဟုတ်တာ…။ အဲ့လိုပြောပြီး Fail သွားတဲ့လူတွေ အများကြီးရှိပါတယ်။

လူတွေက ကိုယ့်ရဲ့အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို ကိုယ့်ဘေးက သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်ပြီးဆုံးဖြတ်တတ်တယ်။
တကယ်သာ ကိုယ်ချော၊ မချော သိချင်ရင် မင်းသား၊ မင်းသမီးတွေနဲ့ ယှဉ်လို့ရသလို၊ ကိုယ်တော်၊ မတော်အကဲဖြတ်ချင်ရင်လည်း ကမ္ဘာ့အဆင့်မီလူတော်တွေနဲ့ ခိုင်းနှိုင်းလို့ရတာပဲ။ ဒါပေမယ့် အဲ့လိုမလုပ်ဘူး။ အဲ့လိုသာတွေးလိုက်ရင် စိတ်ဓာတ်ကျတာ အဝီဇိကကို တက်လာမှာ မဟုတ်တော့ဘူးလေ။
ကိုယ့်အရည်အချင်းကို ကိုယ့်အနားမှာရှိတဲ့ သာလှတို့၊ အေးကြည်မတို့၊ စာဥတို့နဲ့ပဲ ယှဉ်တယ်။ ပြောချင်တာက အနူတော လူချောဖြစ်ရင်ကျေနပ်နေတဲ့သဘောပေါ့။

ဒါပေမယ့် လင်းတလောက်တော့ ငှက်တိုင်းလှတယ်ဆိုတာ မေ့နေတတ်ကြတယ်။
ကိုယ်က သူတို့ထက်တော်တဲ့နေရာတစ်ခုတော့ ရှိချင်ရှိနေနိုင်ပေမယ့် သူတို့ဟာလည်း ကိုယ့်ထက်တော်တဲ့ နယ်ပယ်တစ်ခုရှိနေမယ်ဆိုတာကို မေ့ထားတတ်ကြတယ်။
ယေဘုယျအားဖြင့်တော့ လူတွေဟာ တခြားလူထက်ပိုပြီး Popular ဖြစ်တယ်ထင်တတ်သလို တခြားလူတွေကလည်း တခြားတခြားသောသူတွေ ထက်ပိုပြီး Popular ဖြစ်တယ်ထင်ကြတယ်။

ဒီလိုတွေ တွေးနေတာဟာ အကျိုးရှိတဲ့အတွက် မတွေးပါနဲ့လို့ မပြောချင်ပါဘူး။ ဒါပေမယ့် မလွန်ကဲဖို့လိုပါတယ်။ လွန်ကဲသွားတဲ့အခါ အထိမခံရွှေပန်းကန်တွေ ဖြစ်လာတတ်ပါတယ်။
ငါဟာသာမန်ပဲ ဆိုပြီး တခါတခါပြောင်းတွေးကြည့်ပါ။ တခြားလူတွေမှာလည်း သူတို့ဘဝတွေ၊ သူတို့အရည်အချင်းတွေနဲ့ သူတို့ရှိတယ်ဆိုတာ တွေးကြည့်ပေးပါ။

လူကို လူလို မြင်နိုင်သွားရင် အရာရာက ကိုယ့်ကိုဦးတည်ပြီး လည်ပတ်နေတာ မဟုတ်ဘူးဆိုတာ နားလည်နိုင်လာပါလိမ့်မယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?

လူတွေက Snap Judgment ချတဲ့နေရာမှာ သိပ်ကျွမ်းကျင်ကြတယ်။ ဒီကောင်ကတော့ တက်တူးတွေနဲ့…. လူမိုက်ပဲနေမှာ…။
ဒီကောင်မလေးက အတိုအပြတ်တွေတတ်တယ်… လျပ်ပေါ်လော်လီတဲ့သူပဲနေမှာ…။
သူစကားပြောတာက ယဉ်ကျေးတယ်… လူကောင်းဖြစ်ဖို့များတယ်…။
ခန္ဓာကိုယ် Posture က မတ်မတ်ပဲ… တည်ကြည်မယ့်သူဖြစ်ဖို့များတယ်… စသဖြင့် ကိုယ်မသိသေးတဲ့လူအကြောင်းကို အပေါ်ယံနဲ့ဆုံးဖြတ်နေကြတယ်။

ဒီတော့ First Impression က တော်တော်ကို အရေးကြီးပါတယ်။ မှန်တာများတဲ့အတွက်လည်း အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ရနေတာပါ။ မှားတဲ့အခါလည်း မှားတာပေါ့။

လူတွေက ဒီလူတစ်ယောက်ကို သိလာတဲ့အခါ ပိုနားလည်လာမယ်လို့ တွေးစရာရှိတယ်။ ဥပမာ First Impression သိပ်မကောင်းထားတဲ့ လူတစ်ယောက်က ကိုယ်နဲ့အလုပ်ကိစ္စအရ ဆက်ဆံမိရင်း ခင်မင်လာတဲ့အခါ သူ့ရဲ့ First Impression ကို မေ့သွားမယ်လို့ ထင်စရာရှိတယ်။
ဒါပေမယ့် အဲ့လိုလွယ်လွယ်နဲ့ မမေ့တတ်ဘူးလို့ လေ့လာမှုတွေကဆိုတယ်။

စမ်းသပ်ထားတာတစ်ခုကို ပြောပြချင်ပါတယ်။ Volunteer တွေကို လူတွေရဲ့ရယ်နေ (သို့) မျက်မှောင်ကြုံ့နေတဲ့ပုံတွေကို ဖြတ်ကနဲပြလိုက်ပါတယ်။
ပြီးတော့ တရုတ်စာတစ်လုံးကို ပြတယ်။ စမ်းသပ်တဲ့သူက ဒီစာကို သဘောကျလားလို့မေးတယ်။ ရယ်နေတဲ့မျက်နှာကို ဖြတ်ကနဲမြင်လိုက်တဲ့သူက အဲ့ဒီစာကို သဘောကျတယ်ပြောပြီး မျက်မှောင်ကြုံ့တာကိုမြင်လိုက်ရတဲ့သူ တော်တော်များများက သဘောမကျဘူးလို့ပြောတယ်။

တွေ့တာယူထားတာမို့ ရိုင်းတဲ့စာဆိုရင် တောင်းပန်ပါတယ်

နောက်တစ်ခါကျတော့ ပြောင်းပြန်ပြန်စမ်းပါတယ်။ ခုနက ရယ်တဲ့မျက်နှာ မြင်ထားတဲ့သူကို အခု မျက်မှောင်ကြုံ့တာပြန်ပြပြီး သူသဘောကျတယ်လို့ ပြောထားတဲ့စာပြန်ပြကြည့်ပါတယ်။ ဒါပေမယ့် သဘောကျတာက မပြောင်းသွားပါဘူး။ သဘောမကျခဲ့တဲ့လူတွေကလည်း သဘောမကျတာက မကျတာပါပဲ။
ဒီတော့ First Impression က တော်တော်အရေးကြီးတယ်လို့ ပညာရှင်တွေက ကောက်ချက်ချလိုက်တယ်။

First Impression အရ မကောင်းဘူးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ဟာ ကောင်းတယ်လို့ ထင်စေတဲ့ကိစ္စတွေကို ဆက်လုပ်ပြလည်း ကောင်းတယ်လို့ ချက်ချင်းသတ်မှတ်ခြင်း မခံရတော့ဘူး။ ကောင်းတာတွေလုပ်တာ တဖြည်းဖြည်းများလာမှ တဖက်လူက ကိုယ့်ရဲ့မကောင်းတဲ့ First Impression ကိုမေ့ပြီး “ဒီကောင် လူကောင်းပဲ…” ဆိုတဲ့အတွေးမျိုးရတတ်တယ်။

ဒါကိုပြောင်းပြန်ပြောရရင် ကောင်းတယ်လို့ First Impression အရထင်စေတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ မကောင်းတာတွေ ဆက်လုပ်ဆက်လုပ် အချိန်တစ်ခုရောက်လာမှ “ဒီကောင် လူယုတ်မာ…” ဆိုတာ လက်ခံသွားတယ်။

ဒါကြောင့်လည်း လူလိမ်တွေဟာ First Impression ကောင်းအောင် လုပ်ကြတယ်။ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံဟာ ရိုးသားတဲ့သူအသွင်ပေါက်အောင် ကြိုပြီးပြင်ဆင်ထားတတ်တယ်။
ဥပမာ မြန်မာပြည်မှာဆို ကော်လာစတစ်အဖြူနဲ့ ပုဆိုးကို ဘုရားသွား၊ ကျောင်းတက်ဝတ်တတ်ကြတယ်။ ဒီလိုဝတ်ထားတဲ့လူဟာ ရိုးသားတယ်၊ ဖြူစင်တယ်ဆိုတဲ့ အမြင်မျိုးဖြစ်စေတယ်။ ဒါကို သိတော့ လူလိမ်တွေက လိုက်ဝတ်ကြတယ်။
ခုဆိုရင် ကျွန်တော့မျက်စိထဲမှာ ကော်လာစတစ်အဖြူရောင်နဲ့ ပုဆိုးကို ကြော့နေအောင်ဝတ်ထားတာမြင်ရင် လူရိုးလေးလို့ မမြင်တော့ဘဲ လူလိမ်ဖြစ်နိုင်တယ်ဆိုပြီးတော့ တွေးမိနေတယ်။ ကိုယ်တိုင်လည်း ဘယ်တော့မှ အဲ့လိုမဝတ်တော့ဘူး။

ဒီတော့… First Impression က အမြဲမမှန်နိုင်ပေမယ့် အသုံးတည့်တယ်လို့ပဲ ပြောရမယ်။ ကိုယ့်ကို ချဉ်းကပ်လာတာ လူလိမ်လည်းဖြစ်နိုင်တယ်၊ ရိုးရိုးသားသားသဘောနဲ့လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကော်လာစတစ်အဖြူနဲ့ပုဆိုးကို မြင်လိုက်ရရင် ဦးနှောက်က High Alert ဖြစ်သွားတယ်။ အဲ့တော့ သတိထားပြီးဆက်ဆံဖြစ်တယ်။ အလိမ်ခံရဖို့နည်းသွားတာပေါ့။

လူတွေက ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ အစွန်းနှစ်ဖက်ပဲ မြင်တတ်ကြတယ်။
ဒီလိုမြင်လိုက်ခြင်းအားဖြင့် ဦးနှောက်က အလုပ်လုပ်ရသက်သာသွားတယ်။ ဒီကောင်… ဒီလိုနေတယ်… ဒီလိုပြောတယ်… ဒီအလုပ်လုပ်တယ်… လူကောင်းထဲထည့်ထားလိုက်၊ ဟိုကောင်က လူယုတ်မာရုပ်ပေါက်နေတယ်… လူဆိုးထဲထည့်ထားလိုက် ဆိုပြီး လွယ်လွယ်နဲ့ မသိစိတ်က Identify လုပ်မိနေတတ်တယ်။

ဥပမာ လူတစ်ယောက်ဟာ မိန်းမကို ရိုက်တတ်တယ်လို့ သိရင် စာဖတ်သူအနေနဲ့ ဒီကောင် တော်တော်မကာင်းတဲ့ကောင်ကွာ… လို့ ချက်ချင်းတွေးမိနိုင်တယ်။ ဒီလိုလူမျိုးနဲ့ ဆက်ဆံချင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူဟာ Volunteer လုပ်တယ်… ခုလို COVID အရမ်းဆိုးနေတဲ့ကာလမှာ သက်စွန့်ဆံဖျား လူနာတွေကို အသက်ကယ်ပေး၊ ကူညီပေးနေတယ် ဆိုရင်ရော…
ဒီလူကို မကောင်းတဲ့သူလို့ သတ်မှတ်ဦးမလား?

ဒီနေရာမှာ ၂မျိုးကွဲသွားနိုင်တယ်။ ပထမတစ်မျိုးက မိန်းမကိုရိုက်တာ အမြဲကြားနေရတဲ့ အိမ်နီးချင်းဆိုပါတော့…။ သူ့အနေနဲ့စဉ်းစားကြည့်ရင် မိန်းမကို အမြဲရိုက်နေတာ ကြားနေရတော့ မကောင်းတဲ့ကောင်လို့ သတ်မှတ်ထားမှာပဲ။ COVID လူနာတွေကို သက်စွန့်ဆံဖျား Volunteer လုပ်ပေးနေတယ် ဆိုတာကိုတော့ “ဒီကောင်… ကြားပေါက်ငွေတွေရတယ်ဖြစ်မယ်… ဒါကြောင့် စားပေါက်ချောင်လို့လုပ်နေတယ်” လို့တွေးမိနိုင်တယ်။

ဒုတိယတစ်မျိုးကတော့ သူ့ Volunteer လုပ်တဲ့အဖွဲ့ကတစ်ဆင့် ခင်မင်တဲ့ လူဆိုပါတော့…။ သူ့အနေနဲ့ ဒီလူကို “တော်တော် တော်တယ်… ကိုယ့်အသက်ကို မငဲ့ဘဲ သူများတွေကို ကူညီပေးနေတာ…” လို့တွေးမိမှာပဲ။ မိန်းမကို ရိုက်တာသိသွားရင်လည်း “ဒီမိန်းမက တော်တော်ဆိုးတဲ့ပုံပဲ… ဒီလိုလူကောင်းကတောင် သည်းမခံနိုင်ဘဲ ရိုက်နေရတယ်” လို့တွေးမိနိုင်တယ်။

ဒီတော့ First Impression ကနေဖယ်ခွာဖို့ ခက်ပါတယ်။ ခုပြောနေတဲ့ လူဟာ ကောင်းတဲ့လူလား… မကောင်းတဲ့လူလား… စာဖတ်သူဘယ် Category ထဲကိုထည့်ချင်ပါသလဲ?
ကျွန်တော့အနေနဲ့ပြောရရင်တော့ Category တွေထဲ လျောက်ထည့်တာဟာ ဆုံးဖြတ်ရလွယ်ကူစေပေမယ့် မှန်ကန်တဲ့အဖြေတစ်ခု အမြဲမရနိုင်ပါဘူး။

ဒီတော့ လူတွေကို အစွန်းနှစ်ဖက်မသတ်မှတ်ဘဲ Spectrum နဲ့သတ်မှတ်တာက ပိုမှန်ပါလိမ့်မယ်။ ဥပမာ ကောင်းတာ 60% ဆိုးတာ 40% လိုမျိုးပေ့ါ။

ဒီလိုဆိုရင် အကြမ်းဖျင်း ဒီလူဟာ ကောင်းမကောင်းပြောလို့ရသလို သူ ဘယ်နေရာတွေမှာ ဆိုးနေလဲဆိုတာလည်း တွေးမိနိုင်တယ်။
အပေါ်ကလူဆိုရင် ပရဟိတစိတ်များတယ်၊ ဒါကြောင့် သူ့ကိုအများအကျိုးအတွက် အားကိုးလို့ရနိုင်တယ်။ ဒါပေမယ့် ဒေါသကြီးတယ်… ဒီအတွက်ကြောင့် သူ Trigger ဖြစ်နိုင်တဲ့ကိစ္စတွေဆိုရင် သတိထားပြီး ပြောဆိုဆက်ဆံသင့်တယ်။

ဒီလိုမျိုးမြင်လိုက်ခြင်းအားဖြင့် လူကောင်းဆိုရင် အမြဲလူကောင်းအလုပ်တွေပဲ လုပ်မယ်။ လူဆိုးဆိုရင် လူဆိုးအလုပ်တွေပဲ ထိုင်လုပ်နေမယ်ဆိုတဲ့အမြင်ကနေ ကင်းသွားနိုင်ပါတယ်။

ဒါပေမယ့် လူတွေက ဒီလိုမမြင်တဲ့အခါမှာ ငယ်စဉ်တောင်ကျေး ကလေးဘဝက တန်းလန်းတန်းလန်းနဲ့ လျောက်ပြေးနေတဲ့ပုံကြီးကို မင်းသားဖြစ်တဲ့အခါမှာ အရှက်ခွဲဖို့တင်တာမျိုး (မြင်အောင် ဥပမာပေးတာပါ…) ၊ လူငယ်ဘဝမှာ လုပ်ခဲ့ဖူးတဲ့အမှားတွေကို နာမည်ကြီးလာတဲ့အခါ ပြန်ဖော်တာမျိုး လုပ်နေကြတာပါ။
တကယ်ဆိုရင် လူတွေဟာ အမှားနဲ့မကင်းပါဘူး။ မှန်တာများဖို့ပဲ လိုတာပါ။ (ခုလိုပြောခဲ့ဖူးတဲ့ ဆရာသမားတစ်ယောက်ကတော့ Non-CDM ဖြစ်နေပါပြီ…)
ဒါကို သေချာနားလည်ပြီး လက်ခံနိုင်ဖို့လိုပါတယ်။

Celebrity တွေ အရင်က ဘယ်လိုတွေပွေခဲ့ရှုပ်ခဲ့တာကို ဖော်ကောင်လုပ်ကြတဲ့အခါ လူတွေက တော်တော်စိတ်ဝင်စားကြပါတယ်။ အသံလေးကောင်းသလောက် မထင်ရဘူးနော်…၊ ရုပ်လေးသနားကပါးနဲ့ တော်တော်ဆိုးတာပဲ… ဆိုတာတွေက ဒီသဘောကို နားမလည်လို့ ပြောနေကြတာပါ။
ကိုယ်ရော… ဘယ်လောက်အမှားနဲ့ကင်းလဲဆိုတာ ပြန်မေးကြည့်သင့်ပါတယ်။

လူတွေကို အပေါ်ယံကြည့်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆုံးဖြတ်တာ အချိန်ကုန်သက်သာပေမယ့် ပေးလိုက်ရတဲ့အရင်းအနှီးကတော့ များတယ်ဆိုတာသိရင် ကျေနပ်ပါပြီ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started