သုတေသနလုပ်ထားတယ်ဆိုတိုင်း ယုံလို့ရပြီလား?

လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က ကျနော် Facebook မှာ ဖြည့်စွက်စာကြော်ငြာ post တခုတွေ့ပါတယ်။

သူက တွေ့နေကျ လူပိန်းကြော်ငြာတွေနဲ့မတူဘဲ ဘယ်ဟာတွေကို ဘယ်လိုသုတေသနလုပ်ထားတယ်။ ဘယ်လိုအဖြေထွက်တယ်။ ဘယ်လိုစမ်းသပ်ထားတာ ဘာတွေကောင်းတယ်ဆိုပြီး
သုတေသနစာတမ်းတွေနဲ့ အတိအကျရေးပြထားတာပါ။

ရုတ်တရက် သာမန်ကာလျှံကာဖတ်ကြည့်ရင်တော့ တကယ့်ဆေးပညာရှင်ရေးထားသလိုပဲ အချက်အလက်နဲ့ရေးထားတာမို့ ယုံချင်စရာကြီးပါ။

နိုင်ငံခြား website link တွေပါထည့်ထားတော့ (ဘယ်သူမှလဲဝင်မဖတ်မှန်းသိလို့လားမသိ) တကယ်ပဲ သူရောင်းတာတွေက သုတေသနလုပ်ထားပြီးသား အကျိုးရှိတယ်လို့ပဲ တွေးမိမှာပါ။

ကျနော်ကိုယ်တိုင်လဲ ဝါနုခဲ့စဥ်က ယုံမိတော့မလိုဖြစ်ခဲ့ဖူးပါတယ်။

သူ့ page ကိုဝင်ကြည့်တော့လဲ တခြားဆေးနဲ့ပတ်သက်တာတွေကိုပါ ရေးပြထားတာတွေ့ရပါတယ်။ post တိုင်းလိုလိုကို သုတေသနအရ သုတေသနအရဆိုပြီး အပ်ကြောင်းထပ်နေအောင်ပြောထားပါတယ်။

စမ်းထားတဲ့ သုတေသနစာတွေကိုပါ ဝင်ဖတ်ပါဆိုပြီး link တွေထည့်ပေးထားပါတယ်။ အဲ့လိုအလားတူ post တွေမြင်ဖူးကြမှာပါ။

ဒါဆို မေးခွန်းလေးဖြေကြည့်ရအောင်။

သုတေသနလုပ်ထားတိုင်း ယုံလို့ရပြီလား?

Medical research လို့ခေါ်တဲ့သုတေသနလုပ်ခြင်းဟာ ဆေးပညာ သိပ္ပံပညာရဲ့ အသက်ပါ။ သုတေသနမလုပ်ထားဘဲ ဘာဆေးမှထုတ်လို့မရပါ။ဆေးပညာမှာ သုတေသနသာ ဘုရား၊ သုတေသနသာ ကိုးကွယ်ရာဖြစ်ပါတယ်။

သို့သော် သုတေသနလုပ်ထားတိုင်း မမှန်ပါဘူး။

သုတေသနလုပ်ရတဲ့အဆင့်တွေက အများကြီးရှိပြီး အဆင့်တိုင်းမှာ အမှားတွေရှိနိုင်ပါတယ်။ လူတွေကပဲလုပ်ကြတာဖြစ်လို့ သုတေသနတွေမှာ ဘက်လိုက်မှုတွေ၊ ရောချမှုတွေ (bias) တွေအများကြီးပါနေတတ်ပါတယ်။

ဥပမာလေးတွေပြောပြပါမယ်။

စမ်းသပ်ချက်အရ ဆရာခိုကိုသောက်ရင် ချောင်းဆိုးပျောက်တယ်လို့ သုတေသနလုပ်ထားပါတယ်။

ဒါဆို အပေါ်ကစာသားကို ယုံလို့ရပြီလား။

မရသေးပါဘူး။

သုတေသနက လူဘယ်နှယောက်နဲ့စမ်းထားတာလဲဆိုတဲ့ sample size ကိုကြည့်ရပါတယ်။ လူ၂ယောက်ထဲနဲ့စမ်းထားပြီး ဆရာခိုက ချောင်းဆိုးပျောက်တယ်…လူတိုင်းသုံးလို့ရပါတယ်လို့ပြောလို့လုံးဝမရပါ။

လူပေါင်းများစွာသုံးဖို့ဆိုရင် လူပေါင်းများစွာနဲ့စမ်းသပ်ရပါတယ်။ စာဖတ်သူနဲ့ ကျနော် ၂ယောက်ထဲစမ်းထားတဲ့ဆေးကို တနိုင်ငံလုံးသောက်ပါလို့ ပြောလို့မရပါ။

နောက်တချက်က သုတေသနကို ဘယ်လောက်ကြာကြာစမ်းထားသလဲ အရေးကြီးပါတယ်။ တစ်ရက် ၂ရက်စမ်းရုံနဲ့ side-effect တွေ ဆိုးကျိုးတွေဘာမှ မသိနိုင်သေးပါ။ ရေတိုရေရှည်ကောင်းကျိုးဆိုးကျိုးတွေကို နှစ်နဲ့ချီပြီး လေ့လာရပါတယ်။ ဒါကြောင့် ဆေးတခုထွက်ဖို့ စျေးကွက်ထဲရောက်ဖို့အလွန်ကြာပါတယ်။

နောက်တခါ သုတေသနကို ဘယ်လိုလုပ်ထားလဲဆိုတာကြည့်ရပါတယ်။

ကိုယ်နဲ့သိတဲ့ဘော်ဒါတွေကိုခေါ်ပြီး ငါ့ကိုကူညီပါဆိုပြီး စမ်းသပ်ခိုင်းလို့မရပါ။

စမ်းမယ့်အရာအကြောင်း အစမ်းခံမယ့်သူကို ပေးမသိရသလို ထွက်လာတဲ့အဖြေကိုလဲ တတ်နိုင်သမျှလျှို့ဝှက်ထားပြီး အကုန်ပြီးတော့မှ ပြောပြရပါတယ်။
ဒါကို blinding လုပ်တယ်လို့ခေါ်ပါတယ်။
Double blind study, triple blind study စသဖြင့်အဆင့်ဆင့်ရှိပါတယ်။

အစမ်းခံမယ့်သူတွေကိုရှာဖွေတဲ့နေရာမှာလဲ ဘက်မလိုက်ဘဲ ရွေးချယ်ရပါတယ်။ အစမ်းခံမယ့်သူတွေကို ၂အုပ်စုခွဲပြီး စံအဖွဲ့ (control group) ထားကာ လေ့လာရပါတယ်။

စမ်းတဲ့နေရာမှာလဲ bias တွေမပါအောင်စမ်းသပ်ရပါတယ်။
သုတေသနရဲ့ bias တွေအကြောင်း အလျဥ်းသင့်တဲ့အခါ ထပ်ရေးပေးပါဦးမယ်။

နောက်ဆုံးအဖြေထွက်လာတဲ့အခါလဲ အမှားပါမပါ ပြန်တွက်ချက်ရပါတယ်။ ပြီးတဲ့အခါ နာမည်ကျော်ဆေးပညာစာစောင်တွေမှာ တင်သွင်းရပါတယ်။

နာမည်ရှိဆေးပညာစာစောင်တွေမှာ ဖော်ပြခြင်းခံရတဲ့ သုတေသနစာတမ်းတွေက တကယ်ယုံကြည်စိတ်ချလို့ရပါတယ်။

ဒါကြောင့် ယုံရလားမရသလားဆိုတာကို အလွယ်သိချင်ရင် ဘယ်စာစောင် ဘယ်website မှာဖော်ပြတဲ့ သုတေသနလဲဆိုတာ ရှာကြည့်လို့ရပါတယ်။

ဥပမာအနေနဲ့

  1. New England Journal of Medicine
  2. The Lancet Medical journal
  3. Journal of the American Medical Association
  4. Medscape
    စတဲ့နေရာတွေမှာ သုတေသနစာတမ်းတွေလေ့လာလို့ရပါတယ်။

ဒီလိုလေ့လာတဲ့သုတေသနတွေက တကြိမ်တခါလုပ်ရုံနဲ့မပြီးပါ။
ဥပမာ ကြက်သွန်ဖြူကို
England မှာ လေ့လာတော့ ကောင်းတယ်ထွက်တယ်။ ဂျာမနီမှာ သုတေသနလုပ်တော့ မကောင်းဘူးအဖြေထွက်တယ်။

ပြင်သစ်မှာစမ်းတဲ့အခါ သိပ်မသေချာဘူး။ နောက်ဆုံးအမေရိကန်မှာ လူအများကြီးနဲ့ထပ်စမ်းတယ်။ အဖြေကကောင်းတယ်။

ဒါဆို အပေါ်ကစမ်းခဲ့တဲ့ နိုင်ငံ ၄ခုက သုတေသနတွေကို အကုန်စုပေါင်းပြီး meta-analysis လို့ခေါ်တဲ့ စစ်ဆေးမှုထပ်လုပ်ကာ နောက်ဆုံးအဖြူအမည်းသဲကွဲအောင် အဖြေထုတ်ရပါတယ်။ ဒီလိုအဖြေမျိုးကိုသာ ယုံကြည်ထိုက်ပါတယ်။

ဒီလောက်ဆိုရင် သုတေသနတွေရဲ့ ခက်ခဲပုံ၊ အချိန်ယူရပုံ၊ သုတေသနတိုင်း မယုံရသေးဘူး အထပ်ထပ်စစ်ဆေးရသေးတယ်ဆိုတာ မြင်လောက်ပြီထင်ပါတယ်။

သုတေသနတခုလေးလုပ်ထားတာကို ပြရုံနဲ့ ပုံအောမယုံမိပါစေနဲ့။ အသိဉာဏ်ကြွယ်တဲ့ စာဖတ်သူတွေများများပေါ်ထွက်လာရင် ကျေနပ်ပါပြီ။

Dr. Venice

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လက်တွေ့ဘဝထဲက ဂါလီဗာရဲ့ ခရီးစဥ်နဲ့ လီလီပုတို့တိုင်းပြည်

ကျနော် ကလေးဘဝတုန်းက ဂါလီဗာရဲ့စွန့်စားခန်းများပုံပြင်က အိပ်ရာဝင်ပုံပြင်ကောင်းတပုဒ်ဖြစ်ခဲ့ပါတယ်။

Gulliver’s Travels ဆိုတဲ့ လူတိုင်းကြားဖူးတဲ့ ပုံပြင်လေးက လက်တွေ့မှာရောတကယ်ဖြစ်နိုင်လောက်သလား။
စိတ်ကူးယဥ်သက်သက်ပဲလားဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

ပုံပြင်လေးအကျဥ်းလေးကတော့ ဂါလီဗာဆိုတဲ့ သင်္ဘောသားက သင်္ဘောပျက်ပြီး ထူးဆန်းတဲ့ကျွန်းကိုရောက်သွားပါတယ်။

အဲ့ကျွန်းကလူတွေကို လီလီပု (Lilliput) လို့ခေါ်ပြီး ဂါလီဗာနဲ့ ယှဥ်ရင်အလွန်သေးငယ်တဲ့လူလေးတွေဖြစ်နေပါတယ်။ ဂါလီဗာက လူကောင်အဆမတန်ကြီးနေတာမဟုတ်ဘဲ လီလီပုတွေကိုက အရမ်းသေးနေတာပါ။

ဂါလီဗာက လီလီပုတို့တိုင်းပြည်မှာနေရင်း အကူအညီတွေပေးခဲ့သလို လီလီပုတို့ကလဲ ဂါလီဗာ အိမ်ပြန်ဖို့ကူညီပေးခဲ့ပါတယ်။

ဂါလီဗာအိမ်ပြန်ရောက်တော့ လီလီပုတို့တိုင်းပြည်အကြောင်းပြောပြတော့ ဘယ်သူမှသူ့ကိုမယုံကြပါဘူးတဲ့။

စာဖတ်သူတို့ရော ဂါလီဗာပုံပြင်လေးက တကယ်ဖြစ်နိုင်တယ်လို့ထင်ပါသလား?

ဆေးပညာအရ ဂါလီဗာပုံပြင်ထဲက ရောဂါက Alice in the Wonderland syndrome နဲ့ဆင်တူနေပါတယ်။

AWS လို့အတိုခေါ်တဲ့ Alice in the Wonderland syndrome ဆိုတာ
ကိုယ့်အနားကလူတွေက သေးသေးလေးလို့ မြင်တာ (သို့) အကြီးကြီးဖြစ်လာတယ်လို့ မြင်ရ ခံစားရတဲ့ ရောဂါတမျိုးပါ။

Alice’s adventures in Wonderland ဆိုတဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ကိုအစွဲပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။

AWS ဆိုတဲ့ ဒီရောဂါကို Todd’s syndrome လို့လဲခေါ်ပါတယ်။

ကိုယ့်ဘေးကလူတွေက ရုတ်တရက် ပုစိညောင့်တောင့်လေးဖြစ်သွားတယ်လို့ မြင်ရတာ (micropsia)

ဘေးလူတွေ အကြီးကြီးဖြစ်လာတယ်လို့ ခံစားရတာ (macropsia) စတာတွေ အပြင်

အနီးကလူတွေက အဝေးကြီးကိုရောက်သွားတယ်တို့… အဝေးကလူတွေက အနီးကပ်ရှိနေသလိုခံစားရတယ်တို့ ပြောလေ့ရှိပါတယ်။

အချိန်တွေနှေးကုန်တာ အရမ်းမြန်တယ်လို့ခံစားရတာ စတာတွေလဲ AWS လူနာတွေမှာတွေ့ရတတ်ပါတယ်။

ကိုယ်တွေ့မြင်ခံစားနေရတာတွေ အကုန်လုံးက ကမောက်ကမတွေဖြစ်ပြီး သေးလာလိုက် ကြီးသွားလိုက် နီးလာလိုက် ဝေးသွားလိုက်ဖြစ်ကုန်တာပါ။

ဥပမာပြောရရင် ဟိုးအရင်ခေတ်က တီဗီအစုတ်တွေကြည့်ရသလိုပါပဲ။ တီဗီအစုတ်နဲ့ မြန်မာ့အသံ ကြည့်ကြတဲ့အခါ လိုင်းတွေ အစင်းတွေထလာလိုက်…ရုပ်တွေကကြီးလာလိုက် ပြန်သေးသွားလိုက်…အသံတွေကတိုးလာလိုက် ကျယ်သွားလိုက်….မြင်ကွင်းတွေကနီးလိုက် ဝေးလိုက် အဲ့လိုဖြစ်ကုန်တာပါ။

ဘာကြောင့်ဘယ်လိုဖြစ်ရတယ်ဆိုတာ တိတိကျကျပြောရခက်ပါတယ်။

အတက်ရောဂါ (epilepsy), migraine (ခေါင်းတခြမ်းကိုက်ခြင်း), ဦးနှောက်အကျိတ် (brain tumor), ဦးနှောက်ထိခိုက်မိခြင်း (brain injury) စတာတွေနဲ့လဲ ပတ်သက်မှုရှိတာကိုတွေ့ရပါတယ်။

အထူးသဖြင့် လူငယ်တွေမှာဆို စိတ်ကြွဆေးအပြင်းစားတွေသုံးရင်း အာရုံတွေမှားယွင်းကုန်တာကြောင့်လဲ ဒီလိုလက္ခဏာတွေပေါ်လာတတ်ပါတယ်။

ရှားပါးရောဂါတခုဖြစ်ပြီး ဖြစ်တတ်တဲ့အကြောင်းရင်း အတိအကျကိုမသိသေးသလို ကုသဖို့နည်းလမ်းလဲ သေချာမတွေ့ရသေးပါ။

တချို့ပညာရှင်တွေက AWS ကို ဦးနှောက်ရောဂါလို့ မသတ်မှတ်ကြဘဲ အာရုံခံစားမှုကို တနည်းနည်းနဲ့ အနှောင့်ယှက်ခံရလို့ဖြစ်တဲ့ distortion of perception လို့ယူဆကြပါတယ်။

AWS သမားတွေက အမြဲတမ်းခံစားနေရတာမဟုတ်ဘဲ တချီတချီ episode အလိုက် ထ ထဖြစ်ပြီး တခါဖြစ်ရင် မိနစ်အနည်းငယ်ကနေ နာရီပိုင်းအထိကြာတတ်ပါတယ်။

ဂါလီဗာပုံပြင်ကိုပြန်စဥ်းစားကြည့်ရင် ဂါလီဗာက သင်္ဘောပျက်ပြီး brain ကိုတနည်းနည်းနဲ့ထိခိုက်သွားလို့များ လီလီပုတွေကို အရမ်းသေးတယ်လို့မြင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါကတော့ ယူဆချက်မျှသာဖြစ်ပြီး ပုံပြင်နဲ့ လက်တွေ့ဘဝထဲကရောဂါကို ချိတ်ဆက်ပြတာဖြစ်ပါတယ်။

စိတ်နဲ့ဆိုင်တဲ့ ဝေဒနာတွေ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေက အလွန်ဆန်းကြယ်တာမို့ စိတ်ဝင်စားရင် ဆက်လေ့လာကြည့်ကြပါလို့ တိုက်တွန်းပါရစေ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Fast Food များနှင့် မြန်မာပြည်

Fast Food ဆိုတာ အသင့်စားအစားအစာတွေမှန်း သိကြမှာပါ။ ဘာဂါ၊ ပီဇာကနေစလို့ အာလူးကြော်တွေအထိပါပါတယ်။ ဒါတွေကို မစားသင့်ဘူးဆိုတာ ခဏခဏကြားရလွန်းလို့ ရိုးအီနေလောက်ပါပြီ။ ဒါပေမယ့် စားမိနေသေးတဲ့လူတွေ အများကြီးပါ။ ကျွန်တော်လည်း တခါတခါ ဘာမှမဖြစ်ပါဘူးလေဆိုပြီး စားမိတာပါပဲ။ ဒီတော့ Fast Food တွေက ဘယ်လောက်ဆိုးလဲဆိုတာ ရေးပြချင်ပါတယ်။ (စားရင်းနဲ့ Guility ဖြစ်နေအောင်ပေါ့…)

မစားခင်ကတည်းက လူတွေမှာ Cephalic Phase ဆိုတဲ့ စောင့်မျှော်နေတဲ့အဆင့်ရှိပါတယ်။ မုန့်ကို အနံ့ရတာ၊ မြင်တာနဲ့ တွယ်ဖို့ ခန္ဓာကိုယ်က ကြိုပြင်ထားတာပါ။ တံတွေးတွေပိုထွက်လာတယ်၊ ဗိုက်ကအသံပေးလာတယ်။ ဥပမာ သရက်သီးစိမ်းကို ငံပြာရည်၊ ငရုတ်သီးနဲ့နယ်ပြီး စားနေတာကို တွေးကြည့်ရုံနဲ့ သွားရည်ကျလာသလိုပေါ့။

ပါးစပ်ထဲကို Fast Food ရောက်ပြီဆိုတာနဲ့ ဦးနှောက်ရဲ့ ဆုပေးတဲ့နေရာ (Reward Center) က အလုပ်လုပ်ပါတယ်။ “မောင်မင်းတော်တယ်… ငါ့ကို ကောင်းကောင်း ခစားနိုင်တယ်… ဒါကြောင့် ပျော်စေ…” ဆိုပြီး Endorphins တွေ Dopamine တွေထွက်လာတယ်။ ဒါတွေဟာ သဘာဝကရတဲ့ ဘိန်းတွေလိုပါပဲ။
သူတို့ကြောင့် စိတ်လှုပ်ရှားမှု၊ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ လူကို Relax ဖြစ်စေတယ်။

လူတွေ အကြိုက်ဆုံးကတော့ သကြား၊ ဆားနဲ့ အဆီပါပဲ။ ခုလိုမျိုးခွဲပြောလိုက်တော့ အဲ့လောက်မကြိုက်ပါဘူးလို့ ငြင်းစရာရှိပေမယ့် Fast Food တွေထဲမှာ ဒီ ၃ ခုအချိုးညီညီပါဝင်တဲ့အတွက် ကြိုက်နေကြတာပါ။
ဒီ ၃ခုပေါင်းရင် ဦးနှောက်ကို ဘယ်လောက်တောင် Stimulate လုပ်နိုင်လဲဆိုတော့ သက်စွန့်ဆံဖျား Stunt လုပ်တာ (ဥပမာ ကြိုးတန်းလမ်းလျှောက်တာ၊ လေထီးခုန်တာ) Porn ကြည့်တာနဲ့ သွားတူတယ်လို့ဆိုတယ်။ ကိုယ့်ကို ဒီဆရာကြီး ၃ပါးက ကြိုးကိုင်နေတာပေါ့။

ဒါပေမယ့် သကြားရယ်၊ ဆားရယ်၊ အဆီရယ် ကိုယ့်ဘာသာအိမ်မှာရောပြီး ဘာဂါလုပ်စားကြည့်ပါလား။ Fast Food နဲ့တူသေးလား?
အိမ်မှာလုပ်စားရင် ဘယ်တော့မှ Fast Food အရသာမျိုး မထွက်ပါဘူး။ ဒီတော့ Fast Food တွေမှာ Secret Ingredient တွေထည့်ထားသလားလို့ ထင်မိတယ်။
ဒါမှမဟုတ် သူတို့ထဲမှာပါတဲ့ အာလူး၊ ပေါင်မုန့်၊ အသားတွေက စျေးကွက်ထဲမှာ မရောင်းတဲ့ “ရှယ်” တွေကို သုံးတာများလား?

တကယ်တော့ Fast Food တွေကို စားလို့ကောင်းအောင် Lab တွေထဲမှာ ပညာရှင်တွေပေါင်းပြီး ဖန်တီးထားကြတာပါ။ ဘယ်သူတွေပါလဲဆိုတော့ အရသာပညာရှင်တွေ (Flavourists) ၊ သင်္ချာပညာရှင်တွေ (Mathematicians) ၊ သိပ္ပံပညာရှင်တွေ (Scientists) ပါပါတယ်။
သင်္ချာပညာရှင်က ဒီကြားထဲဘာဝင်လုပ်နေတာလဲလို့ မေးစရာရှိပါတယ်။ သူက အစားအစာတစ်ခု အရသာအရှိဆုံးဖြစ်အောင် သကြားကို ဘယ်လောက်ထည့်ရမလဲ တွက်ချက်ပေးတာပါ။ ဒါကိုတော့ စာတွေမှာ Bliss Point လို့ခေါ်ပါတယ်။ သကြားကို ဒီအမှတ်ထက် ပိုထည့်လို့မရမလို၊ လျော့ထည့်လို့လည်း မရပါဘူး။

ဒီတော့ Fast Food တွေစားလို့ အရမ်းကောင်းနေတာက ပစ္စည်းကောင်းလို့ မဟုတ်ပါဘူး။ ပညာရှင်တွေကြောင့်ပါ။ သူတို့က အသားအရသာပေါင်းစုံကို တီထွင်ထားပြီး စျေးပေါပေါပစ္စည်းတွေထဲ ရောလိုက်တဲ့အခါ အရသာထူးခြားသွားတာပါ။

Fast Food တွေ ဘယ်လိုဖြစ်လာလဲဆိုတာ ဒီလောက်ဆို သိပြီထင်ပါတယ်။ သူတို့တွေဟာ လူရဲ့ကျန်းမာရေးကို ဘယ်လောက်ဆိုးဝါးစေသလဲဆိုတာ ဆက်ပြောပြချင်ပါတယ်။

ပထမဦးဆုံး စွဲလမ်းခြင်း အကြောင်းကို ပြောချင်ပါတယ်။ ကြွက်တွေကို Fast Food ၂ပတ်တိတိ ကျွေးပြီးတော့ သာမန်အစားအစာ ပြောင်းကျွေးလိုက်ပါတယ်။ ကြွက်တွေက နောက် ၂ပတ်ကြာမှ သာမန်အစားအစာကို ပုံမှန်အတိုင်း ပြန်စားနိုင်သွားပါတယ်။ တချို့ကြွက်တွေဆိုရင် ရက်တော်တော်ကြာတဲ့အထိ ဘာမှမစားတော့ဘဲ အငတ်ခံကြတယ်လို့ ဆိုတယ်။
ကြွက်တွေလည်း ပညာရှင်တွေထွင်ထားတဲ့ “Natural Flavor” ကိုစားမိပြီး စွဲသွားကြပုံပါပဲ။
ဒါကြောင့် အမေရိကန်မှာတော့ လူ ၃ယောက်မှာ ၁ယောက်က တစ်နေ့ကို ၁နှပ်တော့ Fast Food ကိုစားတတ်ကြတယ်လို့ လေ့လာမှုတွေက ပြောပါတယ်။
(မြန်မာပြည်အတွက် Data တော့ရှာမတွေ့ပါဘူး)

Fast Food များများစားမိလေလေ သာမန်အစားအစာတွေက အရသာမရှိလေလေပါပဲ။ ဒါက ကိုယ်တွေ့ပါ။ အပြင်စာစားပြီးရင် အိမ်မှာစားတဲ့ အစာက အရသာမရှိတော့ပါဘူး။ (မြန်မာပြည်မှာကတော့ ဆရာကြီးတွေ ထုတ်ထားတဲ့ Natural Flavor မဟုတ်ဘူး၊ အချိုမှုန့်ကိုစွဲလမ်းကြတာပါ)

ဒီလို Fast Food တွေစားတဲ့အခါ Dopamine တွေများများထွက်ပါတယ်။ Dopamine က အလေ့အထ (Habit) ဖြစ်စေတဲ့အထဲမှာ ပါပါတယ်။ ရှင်းအောင်ပြောရရင် ဦးနှောက်က Dopamine ထွက်လာပြီဆိုရင် အဲ့လိုထွက်အောင်ဖြစ်စေတဲ့လုပ်ရပ်ကို ထပ်ပြီး လုပ်စေချင်ပါတယ်။
အဲ့တော့ Fast Food စားလေလေ… Dopamine ထွက်လေလေ…၊ Dopamine ထွက်လေလေ… Fast Food ကို စားချင်လေလေ… ပါပဲ။ သံသရာလည်နေတာပေါ့။ ဆေးပညာအရတော့ Positive Feedback လို့ခေါ်တယ်။

ခုက စားတဲ့အပိုင်းပေါ့။ ဗိုက်ထဲရောက်သွားရင် ဘာတွေဆက်ဖြစ်လဲ ပြောချင်ပါသေးတယ်။ စားပြီး ၁၅မိနစ်လောက်နေရင် သွေးတွင်းသကြားဓာတ်က ဆောင့်ပြီးတက်ပါတယ်။ ဒါကို Blood Sugar Spike လို့ခေါ်တယ်။ သကြားဆိုတာ Carbohydrate အကုန်လုံးကိုချုံပြီးပြောလိုက်တာပါ။

Fast Food တွေမှာပါတဲ့ ဂျုံဟာ မှုန့်ညက်လွန်းတဲ့အတွက် အစာအိမ်က အရမ်းချေပေးစရာမလိုပါဘူး။ ခဏလေးနဲ့ အစာကြေသွားတယ်။

ဒါကို မာရသွန်ပြေးတဲ့လူတွေက အသုံးချကြပါတယ်။ တာဝေးပြေးတဲ့အခါ စားဖို့အချိန်သိပ်မပေးရဘဲ Calories များများရမယ့် အစာမျိုးကို ရွေးချယ်စားသုံးကြပါတယ်။ ဒီတော့ သူတို့အတွက် Fast Food က ပြိုင်ပွဲဝင်အစားအစာဖြစ်နေပါတယ်။ တစ်ကိုက်လောက်စားလိုက်တာနဲ့ လိုတဲ့စွမ်းအင်ကို ပေးနိုင်ပြီး အစာချေဖို့လည်း သိပ်မလိုတဲ့အတွက် ပြေးနေတဲ့အချိန်မှာ လူကိုအားမယုတ်စေပါဘူး။

စားပြီး ဆောင့်တက်သွားတဲ့ သကြားဓာတ်ကို ပြန်ချဖို့ Insulin ပါ လိုက်ထွက်လာပါတယ်။ ပြန်သုံးမယ့်နေရာ များများစားစားမရှိဘဲ သကြားဓာတ်တွေပိုနေရင် အဆီအဖြစ်ပြောင်းပေးလိုက်ပါတယ်။ (ကျေးဇူးရှင်ကြောင့် စားသလောက် အဆီတက်နေတာပါ…)

စားပြီး ၃ နာရီလောက်ကြာတဲ့အခါ ဗိုက်က ဆာလာပြန်ပါတယ်။ တကယ်ဆိုရင် Fast Food တစ်ခါစားရင် တက်လာတဲ့ Calories က ထမင်း ၁နှပ်စားတာနဲ့အတူတူ (သို့) ပိုများပါတယ်။ ဒါပေမယ့် ထမင်းစားတာလောက် အစာမခံပါဘူး။
အခုဗိုက်ဆာတာက တုန်တုန်ရီရီဖြစ်လာတာမျိုးပါ။ စိတ်လန်းလန်းဆန်းဆန်း မရှိတော့ဘဲ မူးဝေဝေဖြစ်လာတတ်ပါတယ်။ ခေါင်းကိုက်တာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် Fast Food အမြဲစားတဲ့သူတွေဟာ လုံးဝမစား (သို့) တခါတလေစားသုံးသူတွေထက် စိတ်ဓာတ်ကျနိုင်စွမ်း ၅၁% ပိုများပါတယ်။

အစာချေပြီးတဲ့အခါမှာ Fast Food တွေဟာ သွေးကြောထဲရောက်သွားပါတယ်။ သွေးကြောတွေကို ကျဉ်းသွားစေပါတယ်။ (နှလုံးသွေးကြောမှာ အဆီပိတ်တယ်ဆိုတာမျိုးပေါ့… အဲ့ကနေမှ သွေးတိုး၊ ဆီးချို၊ လေဖြတ်တာတွေ အထိဖြစ်နိုင်ပါတယ်)

ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ စမ်းထားတာရှိပါတယ်။ အာလူးကြော်တွေကို စားလိုက်ပြီး ၄နာရီကြာတဲ့အခါမှာ သွေးပေါင်တိုင်းကြည့်ပါတယ်။ သွေးပေါင်အတိုင်းခံဖူးရင် သိမှာပါ။ လက်က သွေးလွှတ်ကြောကို ခဏပိတ်သွားအောင် Pressure ပေးလိုက်တာပါ။ သွေးပေါင်တိုင်းပြီးတဲ့အခါမှာ အာလူးကြော်မစားထားတဲ့သူတွေက စားတဲ့လူတွေထက် သွေးကြောပြန်ပွင့်တာ ပိုကျယ်ပါတယ်။
ဒါဟာ ၁ခါစားပြီး ၄နာရီမှာတိုင်းတာပါ။ နေ့တိုင်းစားနေတဲ့လူတွေမှာ တိုင်းရင် ဘယ်လောက်တောင် သိသာမလဲ မပြောတတ်ပါဘူး။

Fast Food ကို ၁ပတ်နေလို့ ၁ခါပဲစားရင်တောင်မှ လုံးဝမစားတဲ့လူထက် နှလုံးရောဂါဖြစ်နိုင်ချေ ၂၀% ပိုတယ်လို့ လေ့လာမှုတွေက ပြောပါတယ်။

Just Kidding

Fast Food တွေက အစာကြေလွယ်တယ်ဆိုလို့ ခံတွင်းပျက်တဲ့အခါ Fast Food စားလို့ရတာပဲလို့ မတွေးကြပါနဲ့။ သူ့မှာပါတဲ့အဆီက အစာကြေဖို့ တော်တော်ကြာပါတယ်။ ဘယ်လောက်တောင်ကြာလဲဆို ၁ရက်ကျော်ကြာပါတယ်။ အစာအိမ်ထဲမှာ ဒီအတိုင်းသွားထိုင်နေတာပေါ့။
ဒါ့အပြင် ဆီထဲမှာ Chemical တွေလည်း ပါပါတယ်။ ဒါတွေက အစာလို့သတ်မှတ်လို့မရတဲ့အတွက် အစာအိမ်ကလည်း မချေဖျက်နိုင်ပါဘူး။

အစာလို့မသတ်မှတ်ရုံတင်မဟုတ်ပါဘူး။ ရန်သူလို့ကို သတ်မှတ်လိုက်တာပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေဟာ အစာအိမ်ထဲ ချေမရလို့ ထိုင်နေတဲ့ Chemical တွေကို ဘက်တီးရီးယားတွေလို့ သတ်မှတ်လိုက်ပါတယ်။ ဆော်မယ်ဟေ့… ဆိုပြီး စစ်ကူတွေပါ ခေါ်လိုက်တယ်။ ခန္ဓာကိုယ်တစ်ခုလုံးက စစ်ပြင်တဲ့အနေနဲ့ High Alert ဖြစ်သွားပါတယ်။ ဒါကိုတော့ ဆေးပညာအရ Systemic Inflammatory Response လို့ခေါ်ပါတယ်။

ကိုယ်ခံအားက ဒီလိုမျိုး နိုးနိုးကြားကြားရှိနေတာမကောင်းဘူးလားဆိုပြီး မေးစရာရှိမှာပါ။ ကောင်းတာထက် ဆိုးတာတွေကို ပိုဖြစ်စေပါတယ်။ သူတို့ဟာ စစ်ခွေးတွေလိုပဲ မဲမဲမြင်ရာဆော်ကြပါတယ်။ ပြည်သူလား၊ ရန်သူလားမခွဲတော့ပါဘူး။ ဒီတော့ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာပါတယ်။

ဒီတော့ ဖြစ်နိုင်ရင် Fast Food တွေကို လုံးဝ မစားစေချင်ပါဘူး။
Fast Food ဆိုင်အချို့လည်း မြန်မာနိုင်ငံက ထွက်သွားဖို့ ပြင်နေကြပြီလို့ သတင်းတွေ ကြားနေရပါတယ်။ ဒီတော့ ဒီအခြေအနေကို အကောင်းမြင်စိတ်လေးနဲ့ကြည့်လိုက်ပြီး သူတို့မရှိတော့ရင် ငါပိုကျန်းမာလာနိုင်တယ်လို့သာ တွက်လိုက်ကြပါတော့ဗျာ…။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ့်ဦးနှောက်ကို ယုံနေတုန်းပဲလား?

ဦးနှောက်ကို ယုံလို့မရမှန်း ခဏခဏရေးနေတော့ ဦးနှောက်က အမြင်ကတ်နေလောက်ပါပြီ။ ခုလည်း သူမကောင်းတဲ့အကြောင်းကို သူ့အကူအညီနဲ့ ဆက်ရေးပါဦးမယ်။
(အရင်က ရေးထားတာကို ဖတ်ချင်ရင် ဒီမှာသွားဖတ်ပေးပါ)

ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?
https://ouo.io/0d8Kiu

၂၀၀၄ ခုနှစ်တုန်းက လူ ၁၄၈ ယောက်ပါတဲ့လေယာဉ်ကြီးဟာ ကိုင်ရိုကနေ ပဲရစ်ကို ပျံသန်းလာပါတယ်။ လေဆိပ်က ပျံတက်ပြီး ၂မိနစ်လောက်နေတော့ ရေဒါကနေ ပျောက်သွားရော…။ လေယာဉ်မှူးတွေက အတွေ့အကြုံရင့်နေတဲ့သူတွေပါ။
ပုံမှန်ပျံသန်းရမယ့် လမ်းကြောင်းက ပျံတက်ပြီးခဏကြာတာနဲ့ ဘယ်ဘက်ကို ခေါင်းလှည့်ပြီး ဆက်သွားရမှာပါ။ ဒါပေမယ့် လေယာဉ်က ဘယ်ဘက်ကို မလှည့်ဘဲ ညာဘက်ကို လှည့်သွားပါတယ်။ ပြီးတော့ စောင်းစောင်းကြီး ဆက်ပြီး ပျံသန်းနေပါတယ်။ ဒီတော့ တဖြည်းဖြည်းနဲ့အောက်ကို စိုက်လာတာပေါ့။ နောက်ဆုံးမှာတော့ ခေါင်းနဲ့ ပင်လယ်ထဲထိုးဆင်းသွားပါတယ်။ ပါသမျှလူအကုန်သေတာပေါ့။

အစပိုင်းတုန်းကတော့ Bomb ကြောင့်ဖြစ်မယ်ဆိုပြီး တွက်ကြတယ်။ ဒါနဲ့ Blackbox ကို ပင်လယ်ထဲကနေ မရရအောင် ပြန်ရှာပြီး စစ်ဆေးကြည့်ကြတယ်။ နောက်ဆုံးတော့ Conclude လုပ်လိုက်တာက လေယာဉ်မှူးမှာ Spatial Disorientation ရသွားတာပါတဲ့။
ဒါက Vertigo ကို ပြောချင်တာပါ။ ချာချာလည်အောင် မူးသွားတာဆိုပါတော့။

လေယာဉ်မှူးတွေက လေပေါ်ရောက်သွားရင် ဘယ်ဟာထက် အထက်၊ ဘယ်ဟာက အောက်ဆိုတာ ပြောရခက်သွားတတ်တယ်။ ဘာလို့လဲဆိုတော့ ဘယ်ကြည့်ကြည့်ကောင်းကင်ကြီးပဲမြင်နေရတာကိုး။ မြေကြီးကို မြင်ရရင်သာ သူသေချာပြောနိုင်မှာပါ။
ဒီအတွက်ကြောင့် လေယာဉ်က အောက်ကိုထိုးဆင်းနေပေမယ့် တည့်တည့်ပဲပြန်နေတယ်လို့ ထင်တတ်သလို ပုံမှန်အတိုင်းပျံနေပေမယ့် အောက်ကိုထိုးဆင်းနေပြီလို့လည်း ထင်သွားတတ်တယ်။ ထင်တာက ကိစ္စမရှိပေမယ့် သေကုန်တော့မှာပဲလို့ တွေးမိပြီး လမ်းကြောင်း မြန်မြန်ပြောင်းလိုက်ရင် ပိုဆိုးဖို့ပဲ ရှိတာပေါ့။

အရှိန်ကို ခပ်မြန်မြန်လျော့လိုက်တဲ့အခါ လေယာဉ်မှူးအနေနဲ့ အောက်ကို လေယာဉ်ထိုးစိုက်သွားပြီလို့ထင်တတ်တယ်။ ဒါကို ပြင်ဆင်တဲ့အနေနဲ့ သူက လေယာဉ်ဦးပိုင်းကို ထောင်တတ်တယ်။ အဲ့တော့မှ အရှိန်တကယ်သေသွားပြီး လေယာဉ်က အောက်ကိုစိုက်ဆင်းသွားတတ်တယ်။

ဆိုတော့… လေယာဉ်မှူးရဲ့ ဦးနှောက်နည်းနည်းလွတ်သွားတာနဲ့ အကုန်သေကုန်တာပေါ့။ ဘာလို့များ ဦးနှောက်က ဒီလိုတွေ ရှုတ်ထွေးသွားရတာလဲ?

(ဒီအကြောင်းနဲ့ ခပ်ဆင်ဆင်ကို ဟိုး အရင်က တစ်ခါရေးဖူးပါတယ်)

ကားမူးခြင်းနှင့် Evolution
https://ouo.io/N4iOZL

မြေပြင်ပေါ်မှာရှိတုန်းကတော့ မြေကြီးကအောက်မှာ ကောင်းကင်ကြီးက အပေါ်မှာဆိုပြီး Reference ထားလို့ရတာပေါ့။ လေပေါ်ရောက်သွားတဲ့အခါ အဲ့လိုမရတော့ဘူး။ ကြည့်လေရာ ကောင်းကင်ပဲဆိုတော့ ဘယ်ဟာအောက်လဲ၊ ဘယ်ဟာအပေါ်လဲဆိုတာ ဦးနှောက်က ရှုတ်ထွေးလာတယ်။

ဒါ့အပြင် လေပေါ်မှာ Gravity ကိုဆန့်ကျင်ပြီး ပြန်သန်းကြတာဆိုတော့ Gravity ကိုပဲသိခဲ့တဲ့ ဦးနှောက် (အတိအကျပြောရရင် Inner Ear) က “ဒီကောင် လျောက်လုပ်နေပြန်ပြီကွာ…” ဆိုပြီး စိတ်ရှုပ်လာတတ်တယ်။ တကယ်တော့ လူတွေဟာ လေပေါ်ကို ပျံသန်းခွင့်မရှိပါဘူး။ ဒီသဘောကို ကျော်လွန်ပြီး ပျံသန်းတဲ့အခါ ဦးနှောက်က သူမတတ်ကျွမ်းတဲ့ နယ်ပယ်တစ်ခုကို ရောက်သွားပါတယ်။ ဒီတော့ ထင်ရာမြင်ရာ လျောက်လုပ်တော့တာပါပဲ။

ဒါကြောင့် လေယာဉ်တွေမှာ လူကိုသိပ်အားမကိုးဘဲ Navigation System တွေထည့်ထားတာပါ။ ဒါကြောင့် နေ့တိုင်းလေယာဉ်ပျက်ကျတယ်ဆိုတဲ့ သတင်းကို မကြားရတာပါ။ လေယာဉ်မှူးတွေရဲ့ ဦးနှောက်ကို ယုံစားပြီး Navigation System တွေသာမထည့်ထားဘူး ဆိုလို့ကတော့ မြန်မာပြည်ကနေ ထိုင်းကို လေယာဉ်စီးတာတောင် ဘုရားတနေရမှာပါ။

ဦးနှောက်က နောက်တစ်နည်း မယုံရတာ ရှိပါသေးတယ်။ အောက်ကပုံကို ကြည့်ပါ။ A နဲ့ B ဘယ်သူပိုလင်းသလဲ?

B ပေါ့ဗျာ… မဟုတ်ဘူးလား? ကျွန်တော်ကတော့ B လို့ရွေးတယ်။ ဒါက Trick Question ကြီးမှန်းသိပေမယ့် A ကို B ထက်ပိုလင်းတယ်လို့ ဘယ်လိုမှ တွေးမရဘူးလေ… ဟုတ်တယ်မလား?
အဖြေမှန်က ဒီ ၂ခုအရောင်တူတူပါပဲ။ ဘာလို့ဒီလိုမြင်ရတာလဲဆိုတော့ ဒီစာကို ဖတ်နေတဲ့ ရွှေဦးနှောက်လေးပါပဲ။ မယုံရင် ဒါကို Print ထုတ်ကြည့်… စာရွက်ပေါ်မှာ တူတူပဲပေါ်ပါတယ်။

ဒီပုံကို Photoshop နဲ့လုပ်ထားတာပါ။ ဒါကို Checker Shadow Illusion လို့ခေါ်ပါတယ်။ Photoshop ဆိုတာ ခေတ်ပေါ် Software တစ်ခုဖြစ်လို့ ဦးနှောက်က ဒါကို မြင်ဖို့ Capacity မရှိပါဘူး။ ဒီတော့ သူသိသလောက်နဲ့ ညာချတော့တာပေါ့။
ခုထိ ဒီစတုရန်း ၂ခု အရောင်တူတယ်ဆိုတာ လက်မခံသေးဘူးဆိုရင် အောက်ကပုံကိုကြည့်လိုက်ပါ။

ဒီတော့ ကျွန်တော်တို့ရဲ့ Subjective Reality နဲ့ Objective Reality က ကွဲပြားနေတယ်။ ဒါပေမယ့် ဦးနှောက်ကတော့ မသိရင် မသိကြောင်း မပြောဘဲ ခပ်တည်တည်နဲ့ ညာချတတ်တယ်။

အောက်ကပုံကို ခဏခဏမြင်ဖူးကြမှာပါ။ ပြောင်းပြန်ကြီးပဲဆိုတာ သိပေမယ့် သူပြုံးနေတယ်ဆိုတာ ခံစားလို့ရပါတယ်။

ဒါပေမယ့် ပုံမှန်အတိုင်းဖြစ်အောင် လှည့်လိုက်ရော… ပြုံးနေတာ မဟုတ်တော့ပါဘူး။

ဒါကို Thatcher Illusion လို့ခေါ်ပါတယ်။ အရယ်အပြုံးသိပ်မရှိတဲ့ Former British Prime Minister Margaret Thatcher ကိုအစွဲပြုပြီးပေးထားတာပါ။

ဒါကို ကြည့်ခြင်းအားဖြင့် ဦးနှောက်က မျက်နှာကိုကြည့်တဲ့အခါ အကုန်လုံးကို မကြည့်ပါဘူး။ သူကြည့်ချင်တဲ့နေရာကို ရွေးကြည့်ပြီး ပျော်နေတယ်၊ ဝမ်းနည်းနေတယ်ဆုံးဖြတ်တာပါ။
လူတွေတင်မဟုတ်ဘူး မျောက်တွေမှာလည်း သူတို့မျောက်မျက်နှာတွေကို Thatcher Illusion နဲ့ပြရင် အကြာကြီး စိုက်ကြည့်နေတတ်တယ်လို့ဆိုတယ်။
Illusion တွေနဲ့အသားမကျတာ လူတွေတင် မဟုတ်ဘဲ မျောက်တွေပါပါနေတယ်ဆိုတော့ Evolution နဲ့ဆိုင်တယ်လို့ ပြောလို့ရပါတယ်။

ဒီတော့ ဦးနှောက်က “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်” ထုံးကို နှလုံးမူထားပါတယ်။ သူ့ကို ယုံကြည်မှု လွန်လွန်ကဲကဲနဲ့ လွှတ်မထားကြပါနဲ့။ ပြောသမျှကို ဆားခတ်ပြီး ယုံကြပါခင်ဗျာ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သိပ္ပံနည်းကျ Telepathy

လူတွေမှာ အာရုံငါးပါးရှိတော့ ဒီ ငါးပါးနဲ့ပဲ အချင်းချင်းဆက်သွယ်ကြတာပေါ့။ ဆက်သွယ်တယ်ဆိုတဲ့ သဘောကိုမြင်အောင် အရင်ပြောချင်ပါတယ်။
ကိုယ်က စကားတစ်ခွန်းပြောလိုက်တယ်ဆိုရင် ဒီစကားရဲ့အစဟာ ဦးနှောက်ထဲက လျှပ်စီးကြောင်းတွေပါပဲ။ အဲ့ကနေမှ အသံအဖြစ်နဲ့ တစ်ဖက်လူကကြားရတာပါ။ အသံက နားထဲကို ရောက်သွားပြီး တုန်ခါခြင်းတွေကနေ လျှပ်စီးကြောင်းအဖြစ် ပြောင်းသွားပါတယ်။ ဒီတော့မှ ဦးနှောက်က သိပါတယ်။ မြင်တာ၊ ထိထာ၊ အနံ့၊ အရသာတွေဟာလည်း ဒီသဘောပါပဲ။

ဒီတော့ ကိုယ့်ဦးနှောက်နဲ့ တစ်ဖက်လူရဲ့ဦးနှောက်ကို အာရုံငါးပါးကြားခံပြီး ဆက်သွယ်နေတာပေါ့။ ဒါဆိုရင် အာရုံငါးပါး ကြားမှာခံမနေနဲ့တော့… ဦးနှောက် ၂လုံးကို တိုက်ရိုက်ဆက်သွယ်လို့ရမလား?
ပြောချင်တာက ဒီဘက်ဦးနှောက်က လျှပ်စီးကြောင်းကို ဟိုဘက်ဦးနှောက်ထဲ တိုက်ရိုက်ပြောင်းလိုက်လို့ရသလား?

ဒါဟာ အရင်ကတော့ သီအိုရီအရဖြစ်နိုင်တယ်လို့ တွက်ခဲ့ကြတယ်။ ခုနောက်ပိုင်းရောက်လာမှ တကယ်လက်တွေ့လုပ်လို့ရကြောင်း သိလာကြတာပါ။
ဒါဟာ Telepathy လိုမျိုး Pseudoscience မဟုတ်ဘဲ ဦးနှောက် ၂လုံး သိပ္ပံနည်းကျဆက်သွယ်တာပါ။

အရင်ဆုံးကြွက် ၂ကောင်နဲ့စမ်းထားတာကို ပြောချင်ပါတယ်။ ဉာဏ်ပြေးတဲ့ကြွက်တစ်ကောင်နဲ့ နည်းနည်းဒူတဲ့တစ်ကောင်ကို ခွက် ၂ ခွက်ထဲထည့်ထားလိုက်တယ်။ ဉာဏ်ကောင်းတဲ့ကြွက်ကို မီးအနီလင်းရင် ညာဘက်က မောင်းကိုဆွဲချဖို့၊ မီးအစိမ်းလင်းရင် ဘယ်ဘက်က မောင်းကိုဆွဲဖို့ သင်ပေးထားတယ်။ သူ့ရဲ့ခေါင်းမှာလည်း ဦးနှောက်ကထွက်တဲ့ လျှပ်စီးကြောင်းကို မှတ်တမ်းယူဖို့ Electrode တွေတပ်ထားတယ်။ (ဦးနှောက်ထဲမှာ တပ်ထားတာပါ)
အဲ့ဒီ Electrode တွေက ကွန်ပြူတာထဲကို သွားပါတယ်။ မှတ်တမ်းယူတာပေါ့။

ဉာဏ်တိမ်တဲ့ကြွက်ကိုတော့ နီရင် စိမ်းရင် ဟိုဟာနှိပ်ပါ… ဒီဟာဆွဲပါ သင်မနေဘူး။ မောင်းတံ ၂ခုပဲပေးထားတယ်။ သူ့ကိုလည်း Electrode တွေတပ်ထားတယ်။ ဒါတွေက ကွန်ပြူတာကနေထွက်လာတာပေါ့။
ဒီတော့ ဉာဏ်ကြီးရှင်ကြွက်ရဲ့ဦးနှောက်နဲ့ ငဒူကြွက်ရဲ့ဦးနှောက်ကို ကွန်ပြူတာ ကြားခံပြီးချိတ်ထားတဲ့သဘောပါပဲ။

ငဒူရဲ့အလုပ်က သူ့ဦးနှောက်ထဲကို ဝင်လာတဲ့လျှပ်စီးကြောင်းရဲ့ Information ကို ခန့်မှန်းပြီး ဘယ် မောင်းကိုဆွဲချရမလဲ စဉ်းစားရတာပါ။ ငဒူဆိုတော့ အဖြေမှန်ဖို့ ၂ရက်လောက်ကြာတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ သူသိလာတယ်။ အဖြေဘယ်လောက်တောင် မှန်လာလဲဆိုရင် ၁၀ ခါလုပ်တဲ့အခါ ၇ ခါအထိ မှန်လာတယ်။

အဖြေမှန်ရင် ရေအေးနည်းနည်းတိုက်တယ်။
ငဒူမှန်တဲ့အခါ ဉာဏ်ကြီးရှင်အတွက်ပါ Bonus ရေတိုက်တယ်။ ဒီတော့ ငဒူ ထင်ထင်ရှားရှားသိအောင် ကြိုးစားပြီးပို့ချင်စိတ်ကို ဖြစ်သွားစေတယ်။

ပိုပြီး သေချာအောင်လို့ ပညာရှင်တွေက ကြွက်နှစ်ကောင်ကို အနီးကပ်မထားတော့ဘဲ တစ်ကောင်ကို North Carolina မှာထားပြီး နောက်တစ်ကောင်ကို Brazil မှာ ထားလိုက်တယ်။ Information ကို Internet ကနေပို့ကြတာပေါ့။
ဆိုလိုချင်တာက ဆရာကြီးက သူ့ဘာသာမှန်အောင်နှိပ်လိုက်ပြီး Internet ကတစ်ဆင့် ငဒူဆီကို သတင်းလှမ်းပေးတာပေါ့။ အဖြေတွေက မှန်နေတာပဲ။

ဒီတော့ ဦးနှောက်နှစ်လုံးကို အာရုံငါးပါးကြားမှမခံဘဲ ဆက်သွယ်လို့ရသွားတယ်။ Internet ရှိရင် ဘယ်နေရာကဖြစ်ဖြစ် သတင်းပေးလို့ရတယ်။

ကြွက်တွေမှာ စမ်းတာတော့ ဟုတ်ပါပြီ။ အဓိက လိုချင်တာက လူအချင်းချင်းဆက်သွယ်ချင်တာပါ။ Telepathy လိုပေါ့။
လူတွေမှာကြတော့ ဦးနှောက်ထဲကို Electrode ထည့်ဖို့ကို တရားဝင်ခွင့်မပြုထားဘူး။ ကိုယ်က လိုလိုလားလားနဲ့ လုပ်ပါပြောရင်တောင် ဘုတ်အဖွဲ့က လက်မခံဘူး။

ဒါပေမယ့် Neurologist တစ်ယောက်ဟာ ဘုတ်အဖွဲ့လက်ခံအောင် စောင့်မနေဘဲ သူ့ဦးနှောက်ထဲကို Electrode ထည့်ပေးဖို့ အောက်လမ်းကနေ အခြားနိုင်ငံကို လစ်သွားတယ်။ သူ့ရဲ့ရည်ရွယ်ချက်က သူ့ကိုယ်သူစမ်းသပ်ချင်လို့ပါ။
ဒါကို မိုက်ရူးရဲဆန်တယ်ပြောမလား၊ ကိုယ့်ပညာရပ်ကို အရမ်းရူးသွပ်တယ်လို့ ပြောမလား?

လွန်ခဲ့တဲ့ ၁၅ နှစ်က သူဟာ Locked-in syndrome (တစ်ကိုယ်လုံး မျက်စိကလွဲရင် ဘာမှ မလှုပ်နိုင်တဲ့လူနာ) တစ်ယောက်ရဲ့ ခေါင်းထဲ Electrode ထည့်ပြီး မျက်လုံးနဲ့ဆက်သွယ်နိုင်အောင် လုပ်ပေးခဲ့ဖူးတယ်။
ဒီတော့ သူ့မှာ Confidence ရှိနေတယ်။ ဒါပေမယ့် သေချာမစမ်းသပ်ရသေးခင်မှာဘဲ နောက်ဆက်တွဲတွေကြောင့် ခေါင်းထဲက Electrode ကိုပြန်ထုတ်ခဲ့ရတယ်။

ဦးနှောက်ထဲကို Electrode တပ်မရတော့ ဦးခေါင်းပေါ်မှာ Electrode တပ်လိုက်တယ်။ EEG ပေါ့။ (ဦးနှောက်ထဲထည့်တာလောက်တော့ မကောင်းဘူး)

ပညာရှင်တွေက လူရဲ့ EEG ကို Record လုပ်ပြီး ကြွက်ဆီကို ပို့တယ်။ ကြွက်ကို လူရဲ့စိတ်နဲ့ထိန်းချုပ်လို့ရမလား သိချင်တာပါ။ ရည်ရွယ်ချက်က ရန်သူ့နယ်မြေထဲမှာ စပိုင်လုပ်ဖို့ပါ။ (မကောင်းတဲ့ကိစ္စဆိုရင် တော်တော်ငွေအကုန်ခံကြတဲ့လူတွေပါ…)
ကြွက်ကို ထိန်းချုပ်လို့ မရသေးပါဘူး။ ဒါပေမယ့် ကြွက်အမြီးကိုတော့ ထိန်းချုပ်နိုင်ပါတယ်။

ဒီနည်းက Brain Computer Interface (BCI) ဆိုတဲ့နည်းနဲ့ဆင်ပါတယ်။ BCI ကို အပေါ်ပိုင်းသေနေတဲ့လူတွေမှာ စမ်းသပ်ပြီးသုံးတတ်ပါတယ်။ မြင်အောင်ပြောရရင် စက်ရုပ်တစ်ပိုင်းဖြစ်သွားအောင်လုပ်ပေးလိုက်တာပါ။

အပေါ်ပိုင်းသေပြီး လက်မလှုပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဥပမာပေးချင်ပါတယ်။ သူက ကိုယ့်ကိုကိုယ် အားမကိုးနိုင်ဘဲ ဘေးလူတွေကို အမီပြုပြီး နေရသူပါ။ ဒါပေမယ့် ဆရာဝန်တွေက BCI စမ်းလုပ်ကြည့်သင့်တယ်ဆိုပြီး အကြံပေးလာပါတယ်။ စက်ရုပ်တစ်ပိုင်းဖြစ်သွားမယ်ဆိုတာ Sci-fi တွေထဲကလိုပဲဆိုတော့ ထူးခြားနေတာပေါ့။ Cyberpunk တော့မဟုတ်သေးဘူး။

ခွဲစိတ်မှုလုပ်တဲ့အခါမှာ Electrode ၂ခုကို သူ့ဦးနှောက်ထဲထည့်လိုက်တယ်။ ဒီ Electrode တွေက သူလက်လှုပ်ဖို့ Command ပေးတဲ့အခါ ဖြစ်လာတဲ့ လျှပ်စီးကြောင်းကို Record လုပ်တယ်။ အရင်က Command ပေးနေပေမယ့် သူ့လက်ကမလှုပ်ဘူး။ စက်ရုပ်လက်ပြောင်းတပ်လိုက်မှ လှုပ်လို့ရသွားတယ်။ ခွဲစိတ်ပြီ ၂ပတ်အကြာမှာ သူ့ဘာသာသူ စားနိုင်သောက်နိုင်နေပြီ။

နည်းနည်းကြာလာတော့ သူက Fighter Jet မောင်းချင်တယ်ဆိုပြီး အာသီသဖြစ်လာတယ်။ ၃နှစ်အကြာမှာ သူက Simulator နဲ့ Fighter Jet ကိုမောင်းနိုင်နေပါပြီ။

ကိုယ့်ရဲ့စက်ရုပ်လက်ကို အတွေးနဲ့တင်လှုပ်အောင်လုပ်လို့ရတယ်ဆိုတော့ အခြားသူတစ်ယောက်ရဲ့လက်ကိုရော ကိုယ့်အတွေးနဲ့လှုပ်အောင် လုပ်လို့မရဘူးလား? ဒါကို စမ်းသပ်ထားတာရှိပါတယ်။
လူတစ်ယောက်က သူ့ရဲ့လက်ကိုလှုပ်တဲ့အကြောင်းတွေးတာကို EEG နဲ့ Record လုပ်လိုက်တယ်။ နောက်လူတစ်ယောက်ကို အင်တာနက်ကနေတစ်ဆင့် ဒီ Signal လှမ်းပို့လိုက်တယ်။ တစ်ဖက်လူက မသိဘဲနဲ့ သူ့လက်ကလှုပ်သွားတယ်။

ဒီလိုဆိုရင် လူတွေရဲ့ဦးနှောက်လျှပ်စီးကြောင်းတွေကို ချုပ်ကိုင်ပြီး သူတို့ရဲ့အတွေးတွေကို ပြောင်းလို့ရမလား?
ဒါတွေဟာ အနာဂတ်မှာဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ Personality တွေ၊ မှတ်ဉာဏ်တွေကိုပါ ပြောင်းလဲလို့ ရလာနိုင်ကောင်းပါရဲ့။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started