Cheater တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ?

လူတွေဟာ ကိုယ့်ကိုလာကြောရင် မခံချင်ကြတာများတယ်။ ကိုယ့်ဆီက ငွေကြေး၊ အချိန် တစ်ခုခုမပါသွားရင်တောင်မှ “အကြောခံလိုက်ရတယ်ကွာ…” ဆိုတဲ့ စိတ်ကဝင်နေတတ်တယ်။ တနုံ့နုံ့နဲ့ဖြစ်နေတတ်တယ်။ ရရင်ရသလို ပြန်ဆော်ထည့်လိုက်မယ်ဆိုတာမျိုး တွေးနေတတ်တယ်။
ဒီလိုလုပ်ခြင်းမှာ ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိမလဲ ပြောပြချင်ပါတယ်။ (တရားဟောမှာ မဟုတ်ပါဘူး၊ Logic ကျကျပြောချင်တာပါ)

ငါးတွေအပြည့်ရှိတဲ့ကန်ကြီးတစ်ကန်ရှိတယ် ဆိုပါစို့။ လူတွေက ဒီအကြောင်းကို သိပ်မသိသေးတော့ ငါးလာမျှားတာ ကိုယ်အပါအဝင် ၅ ယောက်ပဲရှိတယ်။ အစပိုင်းမှာတော့ ငါးမျှားတံလေးတစ်ချောင်းစီကိုင်ပြီး လာကြတာပေါ့။ ကိုယ်စားဖို့ တစ်ရက်စာရရင် ပြန်သွားကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒီကန်ကြီးမှာ ငါးတွေနည်းမသွားနိုင်ဘူး ဆိုပါတော့။

ဒါပေမယ့် တစ်ရက်မှာ လူတစ်ယောက်က တစ်ရက်စာထက်ပိုပြီး မျှားနေတာကို တွေ့လိုက်ရတယ်။ မေးကြည့်တော့ ရောင်းစားဖို့မျှားနေတာတဲ့။ ဒါနဲ့ တစ်ယောက်တည်းပိုမျှားတာ မျှားပါစေဆိုပြီး ဘယ်သူ့ကိုမှ မပြောဘဲထားလိုက်တယ်။ စိတ်ထဲမှာတော့ သိပ်မကျေနပ်ဘူးပေါ့။

ဒါပေမယ့် နောက်ကျတော့ ဒီလူက ငါးမျှားတံအကောင်းစားနဲ့ရောက်လာတယ်။ အဖော်တစ်ယောက်လည်း ပါလာတယ်။ အရင်လိုပဲ ရောင်းစားဖို့မျှားနေတာ…။ သူ့ကိုကြည့်တော့ ပိုပြီး သားသားနားနားဖြစ်လာတယ်။ ငွေစလေးတွေ ရွှင်နေတဲ့ပုံပဲ။ ကိုယ်သာ ဒီနေရာမှဆိုရင် ဘာလုပ်မလဲ?

“ဒီကောင်တောင် မျှားနေတာပဲကွာ… ငါလည်း မျှားမှာပေါ့” ဆိုပြီး ရွေးချယ်မလား? ဒါမှမဟုတ် “ဒီကန်ကြီးရေရှည်တည်မြဲဖို့အတွက် ငါစောင့်ရှောက်ရမယ်” ဆိုပြီး လက်ရှောင်မလား?

သေချာစဉ်းစားကြည့်ရင် ဟိုလူက စည်းဖောက်ပြီး ပိုမျှားနေတဲ့အတွက် ငါးကန်ကြီး မပျက်စီးသွားနိုင်ဘူး။ ရေထဲမှာ ငါးတွေအများကြီးပါပဲ။ ဒါပေမယ့် ကိုယ်က “ဒီကောင် ငါ့ကိုလာကြောနေတယ်” ဆိုတဲ့ မခံချင်စိတ်နဲ့ ငါးတွေပိုမျှားလိုက်ရင်… တခြားလူတွေကလည်း “ဒီကောင် ၂ကောင်ယုတ်မာနေပြီဟေ့၊ ငါတို့လည်း ဆော်ကြရအောင်” ဆိုပြီး ဖြစ်သွားရင်… လူတိုင်းစားဖို့ အဆင်ပြေနေတဲ့ ငါးကန်ကြီးပျက်စီးသွားမှာပါ။
ဒီလိုဆို လူတိုင်းရှုံးတာပဲပေါ့။

လောဘကြီးတဲ့ လူတစ်ယောက်ကြောင့် စနစ်တစ်ခုလုံးပျက်စီးသွားနိုင်တယ်။ ဒီလိုလူမျိုးက တစ်ယောက်တည်းဆိုရင်တော့ စနစ်ကြီးမပျက်စီးနိုင်ပါဘူး။ ဒါပေမယ့် လောဘဟာ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် အကြောမခံချင်၊ သေးသေးတင်မခံချင်တဲ့စိတ်ပါ။

ဒါကို စမ်းသပ်ထားတာရှိပါတယ်။ လူ ၁၀ ယောက်ကို ပိုက်ဆံအနည်းငယ်ပေးထားပြီး ဘုံငွေထည့်ခိုင်းပါတယ်။ ဥပမာ တစ်ယောက်ကို Round တစ်ခုမှာ ၂၀၀၀ ထည့်ရမယ်ဆိုပါတော့။ ဆယ်ယောက်ဆိုတော့ ဘုံငွေက ၂သောင်းပေါ့။ ပြီးရင် စမ်းသပ်သူက ငွေကို ၂နဲ့မြှောက်ပြီး အညီအမျှပြန်ခွဲဝေပေးတယ်။ ဒီဥပမာအရဆို ၄သောင်းပေါ့။ Round တစ်ခုပြီးတဲ့အခါ တစ်ယောက်ကို ၄ထောင်ရမယ်။ ဒါဆို ၂၀၀၀ တောင်မြတ်တာပေါ့။

ဒီလိုနဲ့ Round 2, 3 သွားကြတယ်။ နောက် Round တွေမှာ အထာနပ်လာတဲ့ကောင်တစ်ချို့က ပိုက်ဆံမထည့်တော့ဘူး။ ၂ယောက်မထည့်ဘူးပဲ ထားပါတော့။ စုစုပေါင်း ၁၆၀၀၀ ပဲ ဘုံငွေရှိတယ်။ ၂နဲ့မြှောက်တော့ ၃၂၀၀၀ ရတယ်။ အညီအမျှခွဲတော့ တစ်ယောက်ကို ၃၂၀၀ ရတယ်။ ငွေထည့်တဲ့လူတွေက ၁၂၀၀ မြတ်တယ်၊ ငွေမထည့်တဲ့ကောင်တွေက ၃၂၀၀ အသားတင်မြတ်သွားတယ်။

ဒီအတိုင်းဆက်သွားနေရင် Win-Win လို့ပြောနိုင်တာပေ့ါ။ ဒါပေမယ့် မခံချင်စိတ်တွေဖြစ်လာတော့ ငွေမထည့်ကြတော့ဘူး။
ဒီလိုနဲ့ နောက် Round တွေကျတော့ ကိုယ်ထည့်သလောက်တောင် ပြန်မရတော့ဘူး။ လူတွေရဲ့ သောက်ကျင့်ယုတ်မှုက ကူးစက်သွားတာပေါ့။

အဲ့ဒီအခါမှာ စမ်းသပ်သူက ပိုက်ဆံ ပုံမှန်အတိုင်းထည့်တဲ့သူကို ဆုချတယ်။ ဒီလိုနဲ့ ဆက်ကစားကြပေမယ့် ပိုက်ဆံမထည့်တဲ့ကောင်တွေက ထည့်ကိုမထည့်တော့ဘူး။ နောက် Round အနည်းငယ်ကစားပြီးတဲ့အခါ ရပ်လိုက်ရတယ်။ ကိုယ်ရှုံးလာတော့ ဘယ်သူက ငွေ ထည့်တော့မလဲ။
နောက်တစ်ဖွဲ့မှာတော့ စမ်းသပ်သူက ပိုက်ဆံမထည့်တဲ့ကောင်တွေကို ဒဏ်ကြေး နင့်နေအောင် တောင်းတယ်။ ဒီတော့ လူတိုင်းငွေထည့်ကြပြီး ဆက်လည်ပတ်နိုင်သွားတယ်။

သေချာစဉ်းစားကြည့်ရင် လူယုတ်မာအနည်းငယ်ကို လွှတ်ထားလိုက်ရုံနဲ့ နှစ်ဖက်လုံးပြေလည်သွားနိုင်ပေမယ့် ဒါမျိုးကို လက်မခံနိုင်ကြဘူး။
ဒါက Logic ကျကျတွေးကြည့်တာပါ။ ကိုယ်လည်း သူတို့နေရာမှာဆိုရင် Emotion တွေပါလာမှာပဲ။

“ဒီကောင်တောင် လုပ်စားနေတာ ငါလည်းဘာလို့ လုပ်မစားရမှာလဲ” ဆိုတာထိ မဖြစ်သွားရင်တောင် “ဒီလို လူယုတ်မာတွေနဲ့ မဆက်ဆံချင်ဘူး၊ ငါ့လုပ်ရပ်တွေကြောင့် ဒီကောင်တွေ အကျိုးမဖြစ်စေချင်ဘူး” ဆိုတာမျိုးဖြစ်တာနိုင်ပါတယ်။
လူယုတ်မာတွေကို အပြစ်ပေးခြင်းကသာ ဒါကိုဖြေရှင်းနိုင်မှာပါ။

မုန့်တွေအစာပြေစားဖို့ ထည့်ထားပေမယ့် လူတချို့က အကုန်သယ်သွားတာတွေ၊ စာအုပ်တွေ လွယ်လွယ်ဖတ်လို့ရအောင် ထားပေမယ့် ပြန်မထားကြလို့ စနစ်တစ်ခုလုံးပျက်စီးကုန်တာတွေဟာ ဒီသဘောပါပဲ။ စည်းကမ်းမရှိ၊ တန်ဖိုးမထားတတ်တာလည်း ပါတာပေါ့။
ဒါကြောင့် အခွန်ဆောင်တဲ့အခါမှာလည်း ဘယ်လိုဘွဲ့ထူး ဂုဏ်ထူးတွေ ပေးပေး၊ မဆောင်တဲ့သူကို နှိပ်ကွပ်တာလောက် မထိရောက်ပါဘူး။

ဒီပုံပြင်ကိုကြားဖူးကြမှာပါ။ ရွာမှာ ဘုန်းကြီးကို ကပ်ဖို့ အိမ်တစ်အိမ်ဆီက နွားနို့တစ်ခွက်လာပို့ရမယ်ဆိုပြီး ရွာသူကြီးက ကြေညာတယ်။ သူ့အိမ်ရှေ့မှာ အိုးကြီးချထားတယ်။ ညဘက်မှာ လာထည့်ကြပေါ့။ မနက်လည်းကျရော အိုးကြီးကို ဖွင့်ကြည့်လိုက်တဲ့အခါ တွေ့ရတာက နို့လို့ခေါ်မရတော့တဲ့ ရေသာသာပါပဲ။

တကယ်တော့ နို့တစ်ခွက်လာထည့်တဲ့သူလည်း ရှိမှာပါ။ ဒါပေမယ့် တစ်ရွာလုံးနာမည်ပျက်တာဆိုတော့ သူလည်းပါသွားတာပေါ့။ နောက်တစ်ရက်သာ ဆက်ပြီး နို့လာထည့်ပါဦးပြောရင် အရင်နေ့ကနို့ထည့်ခဲ့တဲ့သူက ရေထည့်ဖို့များသွားပါပြီ။ မထူးဇာတ်ခင်းတာပေါ့။

ဒါကို တက္ကသိုလ်မှာ အဖွဲ့လိုက် Project တွေလုပ်ရင် သိသိသာသာမြင်ရပါတယ်။ မလုပ်တဲ့သူ၊ အချောင်ခိုတဲ့သူလည်း ဒီအမှတ်၊ တကယ်လုပ်ပြီး ပင်ပန်းတဲ့သူလည်း ဒီအမှတ်ဆိုရင် Project တွေရဲ့ Quality က ကျသွားနိုင်ပါတယ်။
“အဆဲခံရလည်း တစ်ဖွဲ့လုံးပဲကွာ… ကောင်းအောင် မလုပ်တော့ဘူး၊ ငါတို့က ပင်ပန်းခံနေရပြီး ဟိုကောင်တွေလွတ်နေတာတော့ မကျေနပ်ဘူး” ဆိုတာမျိုးတွေးမိတတ်ပါတယ်။

ဒါပေမယ့် အဖွဲ့ကို Supervise လုပ်တဲ့ဆရာ (သို့) ဆရာမက ငပျင်းတွေကို ဆူပြီ၊ ဆဲပြီ၊ အမှတ်လျော့ပြီဆိုရင် တနည်းနည်းနဲ့သူတို့တွေ Project မှာပါလာတတ်ပါတယ်။
အဲ့လိုပါလာတိုင်း အထောက်အကူဖြစ်တာတော့ မဟုတ်ပါဘူး၊ တခါတခါ သူတို့က ပြီးစလွယ်လုပ်ကြတော့ ပိုတောင် ဆိုးသွားတတ်ပါတယ်။ ဒါပေမယ့် ငပျင်းတွေကို နှိပ်ကွပ်တာမြင်လိုက်ရတော့ အပင်ပန်းခံရတဲ့လူတွေနေရာက စဉ်းစားကြည့်ရင် သူတို့ကို သွယ်ဝိုက်ပြီး Appreciate လုပ်လိုက်သလိုပါပဲ။
ဒီတော့ Cheater တွေကို ထိထိရောက်ရောက် အပြစ်ပေးဖို့လိုအပ်ပါတယ်။

ကိုယ့်စိတ်ကို ပြင်ပြီး အများကောင်းကျိုးအတွက် အနစ်နာခံလိုက်ပါလို့ ပြောတာဟာ ဒီနေရာမှာတော့ မမှန်ပါဘူး။ ဒါဟာ Rape လုပ်ခံရတဲ့လူ၊ Bully လုပ်ခံရတဲ့လူတစ်ယောက်ကို Victim Blaming လုပ်နေတာနဲ့တူပါတယ်။ အပြစ်ရှိတာက ဒီကိစ္စကို ကျူးလွန်နေတဲ့သူပါ။

ဒီလောက်ဆိုရင် Cheater တွေကို ဘယ်လိုတုံ့ပြန်ရမလဲ နားလည်မယ်လို့ထင်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ်ကိုယ်တိုင် Cheater တစ်ယောက်မဖြစ်အောင်နေဖို့ပါပဲ။ အများမိုးခါးရေသောက်လို့ ကိုယ်လည်းမိုးခါးရေသောက်ရတယ် ဆိုတာရှိပေမယ့် အတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်ဖို့ ဆုတောင်းပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?

အခုတလော ခေတ်စားနေတဲ့ ကြက်သွန်ဖြူစားမယ်၊ အရွက်တွေလျောက်ရှုမယ်ဆိုတာတွေဟာ လွဲမှားကြောင်း Facebook မှာ တင်ပြီးပါပြီ။ ဒါပေမယ့် အဲ့လိုတုံးတိကြီးပြောလိုက်တော့ လက်မခံချင်တဲ့သူတွေရှိမှာပါ။
ငါ့အမေတုန်းက ဟိုအရွက်ရှုတာ ပျောက်သွားတယ်၊ ငါ့အဖွားကိုတော့ Vitamin D တွေတိုက်လိုက်တာ ကောင်းသွားတာပဲ ဆိုတာမျိုး စောဒဂတက်ချင်ကြတဲ့သူတွေ ရှိမှာပါ။

ကျွန်တော်တို့ Page မှာဒီလိုတွေ လာမပြောသေးပေမယ့် အခြားသူတွေတင်တဲ့ စာတွေမှာတော့ ပြောနေကြတာ တွေ့ရပါတယ်။ လူတွေကလည်း ဟုတ်တယ်၊ မှန်တယ်ဆိုပြီး ဝိုင်း Share ကြတော့ Information အမှားတွေက သံသရာလည်နေပါတယ်။ Facebook ပေါ်မှာ သတင်းမှားတွေ Share ပြီး ဒုက္ခများနေရတဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေပါတယ်။ ဒီတော့ ကိစ္စတစ်ခုကို လက်လွတ်စပယ်မပြောခင် အထောက်အထားခိုင်လုံဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။

ဆရာဝန်တွေ ဆေးပေးတဲ့အခါ ပေးချင်သလိုပေးနေတယ်လို့ ထင်စရာရှိပေမယ့် Guideline တွေအရပေးကြတာပါ။ ဒါကြောင့် ဆီးချိုဆေး၊ နှလုံးဆေး၊ သွေးတိုးကျဆေးတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

COVID-19 လိုမျိုးရောဂါအသစ်အတွက် အထောက်အထားတွေ မလုံလောက်ခင်ကာလမှာ စမ်းတဝါးဝါးနဲ့ ကုသခဲ့ကြရပါတယ်။ ခု အထောက်အထားတွေ အတော်အသင့် ပြည့်စုံလာတဲ့အတွက် ကုသရတာ နည်းနည်းအဆင်ပြေလာပါတယ်။
ဒီတော့ အထောက်အထားကို ဆေးပညာမှာ ဘယ်လိုကြည့်သလဲဆိုတာ အောက်ကပုံနဲ့ ပြောပြချင်ပါတယ်။ ပိရမစ်အပေါ်ရောက်လေလေ Evidence ရဲ့ Quality ကပိုကောင်းလေလေပါပဲ။

အောက်ဆုံးမှာ Expert Opinion ဆိုတာတွေ့မှာပါ။ ဒါဟာ ကျွမ်းကျင်သူရဲ့ထင်မြင်ချက်လို့ ပြောလို့ရပါတယ်။ စာဖတ်သူတွေအနေနဲ့ စဉ်းစားကြည့်ရင် Expert တွေကတောင် အောက်ဆုံးအဆင့်မှာပဲရှိတာလားလို့ တွေးမိနိုင်ပါတယ်။ ဟုတ်ပါတယ်။
ဒါဟာ ဆရာဝန်တစ်ယောက် အတွေ့အကြုံကရတဲ့ သင်ခန်းစာတွေပါ။ ဒါတောင် အောက်ဆုံးမှာပဲရှိပါတယ်။

ဒီတော့ ဆရာဝန်မဟုတ်တဲ့ လူတွေရဲ့ တမာရွက်ပြုတ်သောက်ပါ၊ အရွက်တွေရှုပါဆိုတာ အထောက်အထားထဲတောင် ထည့်မရပါဘူး။ ဒါတွေဟာ Personal Opinion တွေပဲဖြစ်ပါတယ်။

ကိုယ့်မှာမှန်တာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် တခြားသူမှာ မှန်တယ်လို့ ပြောမရပါဘူး။ ကိုယ့်မှာမှန်တာတောင် ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘာလို့လဲဲဆိုတော့ COVID ဖြစ်တိုင်း သေတာမှမဟုတ်တာ…။ ပြန်ကောင်းလာတဲ့လူတွေလည်း အများကြီးပါ။ ဒီအထဲမှာ High Risk လူနာတွေဖြစ်တဲ့ ဆီးချို၊ နှလုံး၊ အဆုတ်မကောင်းတဲ့ လူနာတွေလည်း ပါမှာပါ။

ဒီထဲက အချို့မှာ တမာရွက်ပြုတ်သောက်ရင်း ကောင်းသွားတာကို မြင်ရတော့ တမာရွက်ကြောင့်ဆိုပြီး ထင်ကြတာပေါ့။
အရွက်တွေရှုကြ၊ ပြုတ်သောက်ကြပြီး သေသွားတဲ့သူ ဘယ်နှယောက်ရှိလဲဆိုတာတော့ သတင်းမတက်ဘူးလေ။ သေတဲ့လူအိမ်မှာ နာရေးကိစ္စနဲ့ရှုတ်နေတော့ Facebook ပေါ်တင်ဖို့လည်း အားမှာမဟုတ်ပါဘူး။ (အရွက်တွေက COVID တကယ် ပျောက်မပျောက် သိပ္ပံနည်းကျ လေ့လာထားတာမရှိလို့ မပြောနိုင်ပါ)

သူ့ရဲ့အပေါ် ၃ခုဖြစ်တဲ့ Case-Control Study, Cohort Study, RCT ဆိုတာ သိစရာမလိုလို့ အထွေအထူးမပြောချင်တော့ပါဘူး။ ဒီအဆင့်တွေရောက်လာပြီဆိုရင် လူတွေနဲ့စမ်းသပ်နေပါပြီ။ နောက်ဆုံးပိတ်မှာ Conclusion တစ်ခုရပါတယ်။
ဥပမာ ဒီဆေးကောင်းမကောင်း လူ ၁၀၀ နဲ စမ်းထားတယ်ဆိုရင် လူဘယ်လောက်မှာတော့ ဒီဆေးကစွမ်းပြီး ဘယ်လောက်မှာတော့ မစွမ်းဘူး၊ ဘယ်လောက်မှာတော့ ဘေးထွက်ဆိုးကျိုးတွေခံစားရတယ်စသဖြင့် ပြောပြီး နောက်ဆုံးပိတ်မှာ စမ်းသပ်မှုတစ်ခုလုံးကို ခြုံငုံမိတဲ့ ကောက်ချက်ဆွဲရပါတယ်။ ဒါဆိုရင် အဆင့်အတန်းတစ်ခုရှိနေပြီဖြစ်တဲ့ အထောက်အထားကို ရလာပါပြီ။
ဒါပေမယ့် ဒါဟာမှန်ကန်တယ်ဆိုပြီး မျက်စိမှိတ်ယုံလို့မရသေးပါဘူး။

အပေါ်ဆုံးမှာရှိတာကတော့ Systematic Review ပါ။ လွယ်လွယ်ပြောရရင် သူ့အောက်က Study တွေအကုန်လုံးကို ပေါင်းပြီးတော့ ပြန်သုံးသပ်တာပါ။
ဒီတော့ စမ်းသပ်ထားတဲ့လူလည်း များသွားသလို ကောက်ချက်ဆွဲတာလည်း ပိုပြီးမှန်နိုင်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ လက်တွေ့အသုံးပြုဖို့ Guideline တွေဆွဲကြပါတော့တယ်။

ဥပမာ Vitamin D ကို COVID-19 ကုသဖို့အတွက် ထည့်မလား၊ မထည့်ဘူးလား ဆိုတာ ခုချိန်ထိ တစ်ယောက်တစ်ပေါက်ပါပဲ။ လူ ၉သောင်းကျော်ပါဝင်တဲ့ Systematic Review တစ်ခုမှာတောင် တိကျတဲ့အဖြေ မထွက်လာတော့ ကုသတဲ့အထဲ ထည့်မထည့်က ဆရာဝန်အပေါ်မူတည်ပါတယ်။
သွေးထဲမှာ Vitamin D ပုံမှန်အတိုင်းရှိနေရင် COVID ဖြစ်နှုန်းနည်းတယ်ဆိုတာကို အတိအကျပြောဖို့ အထောက်အထားမခိုင်လုံသေးတဲ့အတွက် သောက်ချင်သောက်၊ မသောက်ချင်မသောက်နဲ့ဆိုပြီး ဖြစ်နေတာပါ။
ဒီနေရာမှာ လူတစ်ယောက်က ငါ့အမေကို Vitamin D တွေတိုက်ပြီး ပျောက်သွားတယ်ကွဆိုပြီး Personal Opinion တွေ လာပြောလို့မရပါဘူး။

ထို့အတူပဲ ကိုယ့်သဘောနဲ့ကိုယ် Steroid (Dexamethasone) တွေ သောက်တာဟာလည်း အန္တရာယ်များလှပါတယ်။ COVID-19 ကို အဓိကတိုက်ခိုက်တာ ကိုယ့်ရဲ့ကိုယ်ခံအားပါပဲ။ ဒါပေမယ့် Steroid သောက်လိုက်တဲဲ့အခါ ကိုယ်ခံအားကို ကျသွားတော့ ပိုဆိုးတတ်ပါတယ်။
Steroid လို၊ မလို ဆရာဝန်ကပဲ ကောင်းကျိုး၊ ဆိုးကျိုးချိန်ဆပြီး ပေးတတ်ပါတယ်။

ပိုးသတ်ဆေး Azithromycin တွေကို သောက်တာလည်း ဒီလိုပါပဲ။ တကယ်မလိုဘဲ သောက်လိုက်တဲ့အခါ အမှန်တကယ်လိုအပ်လာတဲ့အချိန်မှာ ဆေးယဉ်နေပြီး ဆေးမတိုးတာဖြစ်ရင် ကိုယ်ပဲနစ်နာမှာပါ။
ဒါတွေကို လေ့လာမှုအထောက်အထားတွေအရ COVID ဖြစ်တဲ့သူတိုင်းကို မပေးခိုင်းပါဘူး။ အဆင့်တွေခွဲခြားထားပြီး အဆင့်တစ်ခုရောက်မှ၊ ဆရာဝန်က လိုအပ်တယ်လို့ ဆုံးဖြတ်မှ ပေးရတာပါ။

COVID ဖြစ်ရင်လုပ်လို့ရတာက ကိုယ်ခံအားကောင်းစေတဲ့အစာတွေ စားပါ။ အသားဓာတ်မျာများစားပေးခြင်းက ကိုယ်ခံအားကို အထောက်အကူဖြစ်စေပါတယ်။ ကြပ်တည်းနေတဲ့ကာလမှာ ဒါတွေမစားနိုင်ဘူးဆိုရင်လည်း ထမင်း ၃နပ်တော့ ဝင်အောင်စားပေးပါ။ အစားမဝင်တော့ရင် ကိုယ်ခံအားလည်း မကောင်းနိုင်တော့ပါဘူး။

ငွေကြေးမတတ်နိုင်လို့ပဲဖြစ်ဖြစ်၊ လုပ်ကြည့်သမျှ ဘာမှအထောက်အပံ့မဖြစ်လို့ပဲ ဖြစ်ဖြစ် လက်လျော့တော့မယ်လို့စဉ်းစားမိရင် နောက်ဆုံးကျည်ဆံအနေနဲ့ ကြက်သူဖြူဝါးချင်လည်းဝါး၊ တမာရွက်ပြုတ်သောက်ချင်လည်းသောက်၊ အရွက်တွေ ထောင်းပြီးရှုချင်လည်းရှုလိုက်ပါတော့။
စိတ်ရဲ့တန်ခိုးကလည်း ရှိပါသေးတယ်။ ပျောက်မယ်လို့ယုံကြည်ပြီး လုပ်ရင် သာမန်ရေဖြစ်တဲ့ ရေမန်းတောင် Placebo Effect နဲ့ ရောဂါသက်သာစေနိုင်ပါတယ်။

ကျန်းမာအောင် စားသောက်နေထိုင်ကြပါ။ Mask တပ်ပါ။ လက်ဆေးပါ။ ဆရာဝန်တွေပြောတာကို နားထောင်ပေးပါ။ မရှင်းလင်းတာရှိရင် Call Center တွေကို ဖုန်းဆက်မေးပါ။
အပ်နဲ့ထွင်းရင် ပျောက်နိုင်တဲ့ကိစ္စကို ပုဆိန်နဲ့ပေါက်ရအောင် မလုပ်ကြပါနဲ့။ ကိုယ်ထင်တာတွေ ထင်သလို လျှောက်မလုပ်ကြပါနဲ့ခင်ဗျာ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope နှင့် Astrology အလွဲများ

နိဒါန်းချီမနေတော့ပါဘူး။
အောက်မှာရေးထားတဲ့ စာကိုဖတ်ပြီး ဘယ်သူ့ကိုသွားသတိရမိလဲ စဉ်းစားကြည့်ပါဦး။

“သင်ဟာ လူတွေကိုယ့်ကို သဘောကျလေးစားတာ ခံချင်တယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ် ချက်ကျလက်ကျတွေးခေါ်သုံးသပ်တတ်တယ်။
ကိုယ့်မှာအားနည်းချက်တွေရှိပေမယ့် ယေဘုယျအားဖြင့် ဒါတွေကို မကြုံရအောင် အကောင်းဆုံးကြိုးစားပြီး နေထိုင်တတ်တယ်။
ကိုယ့်မှာ ကိုယ့်အကျိုးအတွက် အသုံးမချရသေးတဲ့ စိတ်စွမ်းအားတွေရှိနေတယ်။

အပေါ်ယံကြည့်ရင်တော့ စာဖတ်သူဟာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တယ်။ စည်းကမ်းရှိတယ်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ စိတ်မလုံမလဲဖြစ်တာတွေ၊ စိုးရိမ်ပူပန်တာတွေ ရှိနေတယ်။ တခါတခါ ကိုယ်ဆုံးဖြတ်လိုက်တာ မှန်မှမှန်ပါ့မလားလို့ ဒွိဟလေးတွေ ဝင်နေတတ်တယ်။
လွတ်လပ်မှုကို မြတ်နိုးတယ်။ အတော်အသင့် ပြောင်းလဲမှုကို လက်ခံနိုင်တယ်။ ချုပ်ချယ်တာ၊ ကန့်သတ်တာတွေကို မကြိုက်တတ်ဘူး။

ကိုယ့်ကိုကိုယ် တွေးခေါ်တတ်တယ်လို့ ထင်တယ်။ သူများပြောသမျှကို လက်ခံလောာက်တဲ့ အထောက်အထား သက်သေမခိုင်လုံဘဲနဲ့ မယုံတတ်ဘူး။
ကိုယ်က ပွင့်ပွင့်လင်းလင်းရှိပေမယ့် အခြားလူတွေကို ကိုယ့်အကြောင်းပြောပြနေရတာ မကြိုက်ဘူး။
တခါတခါ ကိုယ်က Extrovert တစ်ယောက်ဖြစ်နေတယ်။ လူတွေနဲ့ဆက်ဆံရတာကို ကြိုက်တယ်။
ဒါပေမယ့် တခါတခါ ကိုယ်က Introvert ဖြစ်နေတတ်တယ်။ လူတွေနဲ့အဆက်အဆံသိပ်မလုပ်ချင်ဘူး။ တစ်ယောက်တည်းပဲ နေချင်တယ်။
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေတော်တော်များများက မဖြစ်နိုင်တာတွေများတယ်။”

ကဲ… ဘယ်သူနဲ့တူတယ်လို့ထင်သလဲ?

၁၉၄၈ တုန်းက စိတ်ပညာရှင်တစ်ယောက်ဟာ ကျောင်းသားတွေရဲ့ Personality ကို စစ်ဆေးပေးမယ်ဆိုပြီး အပေါ်ကစာကို ရေးခဲ့တာပါ။ ဒါပေမယ့် ကျောင်းသားတိုင်းကို ဒီစာပဲ ပြပါတယ်။
ထူးခြားတာက ဒီစာဟာ ယေဘုယျအားဖြင့် ၈၅% မှန်ကန်တယ်လို့ ကျောင်းသားတွေက ဆိုကြပါတယ်။ ဆိုလိုချင်တာက တစ်ယောက်ချင်းစီအတွက် ရည်ရွယ်ပြီး ပြောထားသလိုပဲ။

သူက ဒီစာကို ဘယ်က ယူထားတယ်လို့ထင်သလဲ?
Horoscope ဟောပြောချက်တွေကို ကြည့်ပြီး အဲ့ကစာတွေကို ပြန်ယူထားတာပါ။

ဒီတော့ အပေါ်က မေးခွန်းကို ပြန်မေးပါမယ်။ ဘယ်သူနဲ့တူသလဲ? စာဖတ်သူနဲ့တူတယ်မလား…။ ကျွန်တော်နဲ့တော့ တော်တော်များများတူပါတယ်။ တူရမှာပေါ့… လူတိုင်းက ဒီအတိုင်းပဲဥစ္စာ… အနည်းငယ်ပဲ မတူညီတာတွေရှိမှာပါ။

ဒါကို Forer Effect လို့ခေါ်ပါတယ်။
ဒီ Effect ကြောင့်ပဲ လူတွေဟာ မထင်မရှား ဝါးတားတား တွေးချင်သလိုတွေးလို့ရတဲ့စာတွေကို ယုံကြည်တတ်ကြတာပါ။ ဗေဒင်၊ ယတြာ၊ Astrology၊ တားရော့တွေကလည်း ဒီသဘောကြောင့် လူကြိုက်များနေကြတာပါ။

Subjective Validation ဆိုတာရှိပါတယ်။ ဒါဟာ ဘာကိုပြောချင်တာလဲဆိုတော့ ကိုယ့်ကို ဦးတည်ပြီး ကိုယ့်အကြောင်းကို ပြောတဲ့အခါ လူတွေက ပိုပြီးနားဝင်လွယ်တယ်၊ မှန်လိုက်တာကွာ… ဆိုပြီးထင်သွားစေတယ်။
လူတွေက ကိုယ့်အကြောင်းကိုယ်ပဲ စိတ်ဝင်စားကြတာများတော့ ခုလိုမျိုး မထင်မရှားပြောတဲ့စကားလုံးတွေမှာ အဓိပ္ပါယ်အပြည့်ရှိတယ်ဆိုပြီး ထင်သွားတတ်ကြတယ်။

ခုခေတ်မှာတော့ လူတိုင်းက ငါဟာ… ထူးခြားတယ် (I’m unique) ဆိုတဲ့ စိတ်အခံမျိုးရှိတတ်ကြပါတယ်။ ဒီအတွက်ကြောင့် ကိုယ့်ရဲ့ Personality ကို သေချာပျိုးထောင်ထားတတ်တယ်။
ဥပမာ ကိုယ်ကိုင်တဲ့အိတ်၊ ကိုယ့်အခန်းထဲမှာ ချိတ်ထားတဲ့ Wallpaper တွေ၊ ကိုယ်နားထောင်တဲ့သီချင်း၊ ကိုယ်ဝတ်တဲ့ အဝတ်အစား စသဖြင့်ပေါ့။ ဒါကို ကြည့်လိုက်တာနဲ့ ကိုယ်ဘယ်လိုလူလဲဆိုတာ အပေါ်ယံ ပြောနိုင်လောက်တယ်။
ဒါပေမယ့် မျိုးရိုးဗီဇအရဆိုရင်တော့ လူတွေက 99.9% လောက်တူတူပါပဲ။
(ဒါကို သေချာသိချင်ရင် ဒီမှာသွားဖတ်ပေးပါ)

သင်ဟာ တကယ်ပဲ သူများနဲ့မတူဘူးလား?
https://ouo.io/vFpNyEm

ကိုယ့်ရဲ့ဖြစ်တည်မှုတွေ၊ Personality တွေက ဂြိုလ်တွေလှုပ်ရှားမှုနဲ့ သက်ဆိုင်နေတယ်လို့ တွက်ရင်တော့ ခုလို မထင်မရှားဟောလိုက်တဲ့ စာတွေဟာ ကိုယ်နဲ့ကွက်တိပဲလို့ ထင်မိမှာပါပဲ။
ကိုယ့်အနေနဲ့ ဒီလိုဖြစ်စေချင်တာဟာလည်း တစိတ်တဒေသပါဝင်နေပါတယ်။
တစ်ခုခုကို မှန်စေချင်တဲ့အခါ မှန်စေလောက်တဲ့အကြောင်းတွေကိုပဲ ရှာမိကြတယ်၊ ဆန့်ကျင်ဘက်အကြောင်းအရာတွေကို တွေ့လာရင်တောင် မဆိုင်သလိုပဲ ပယ်လိုက်ကြတယ်။ (Confirmation Bias အကြောင်းရေးပြီးပြီမို့ ထပ်မပြောတော့ပါဘူး)

ကောင်းကင်က ကြယ်တွေကို ကြည့်ပြီး လူမျိုးပေါင်းစုံက နာမည်ပေါင်းစုံပေးခဲ့ကြပါတယ်။ သေချာကြည့်လိုက်တော့ နာမည်တွေကွဲနေပေမယ့် ဒီကြယ်အစုတွေပါပဲ။
တစ်ဖွဲ့က ကျားပုံနဲ့တူတယ်လို့ပြောပေမယ့် နောက်တစ်ဖွဲ့ကတော့ မြှားနဲ့တူတယ် လုပ်ချင်လုပ်တာပါ။ (တကယ်တော့ ဒီဘက်ခေတ်မျက်စိနဲ့ကြည့်ရင် ဘာနဲ့မှကို မတူတာပါ။ စိတ်ရူးပေါက်ပြီး လျောက်ပေးထားသလိုပါပဲ။ ဒါ ကျွန်တော့ရဲ့ Personal အမြင်ပါ)

သူတို့ကို နာမည်လျောက်တွေပေးထားတယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ အရင်ခေတ်က ခရီးသွားရင် ကြယ်တွေကိုကြည့် သွားရတာဆိုတော့ ဒီ Knowledge ရှိဖို့က အရေးကြီးပါတယ်။
အရင်ခေတ်ကတည်းက လူတွေဟာ ကိုယ်ထင်ရာ Pattern တွေကို မြင်တတ်ကြတယ် ဆိုတာ ပြောချင်တာပါ။

Subjective Validation သဘောက အဟောခံရတဲ့လူတွေမှာတင် ဖြစ်တာမဟုတ်ပါဘူး။ ဟောပြောတဲ့သူတွေမှာပါ ဖြစ်တတ်ပါတယ်။ တချို့တွေက ကိုယ့်မှာ ဒီပါဝါတွေရှိတယ်လို့ တကယ်ယုံကြည်နေပါတယ်။ ဒါကြောင့်သူတို့ကို အခြားလူတွေနည်းတူ လူတွေရဲ့အားနည်းချက်ကို လိမ်စားနေတဲ့ လူလိမ်ဆိုပြီး မစွတ်စွဲချင်ပါဘူး။

သေတဲ့လူတွေ ဝင်ပူးနိုင်တဲ့ Medium တွေဆိုတာဟာလည်း ဒီသဘောပါပဲ။ ကျွန်တော်ငယ်ငယ်တုန်းက အကြောင်းကို ပြောချင်ပါတယ်။ ကျွန်တော့ညီဆုံးသွားတော့ အမေက Medium တွေဆီသွားမေးတာပေါ့။ သူတို့ရဲ့အဆိုအရ သူတို့ဟာ ဝိဉာဉ်တွေကို မြင်နိုင်တယ်၊ ခေါ်နိုင်တယ်၊ စကားပြောနိုင်တယ်ဆိုပါတော့။
မနက်အစောကြီးသွားစောင့်ရတာတောင် Token နံပါတ်က အနောက်ရောက်ပါတယ်။ ဒီတော့ သူက တော်တော်နာမည်ကြီးတဲ့ပုံပါ။

မေးတဲ့အခါ မှန်တာတွေရှိသလို တက်တက်စင်အောင်လွဲတာတွေလည်း အများကြီးပါ။ ဒီလို လောလောလတ်လတ် သေထားတဲ့ကာလမှာ လူတွေအကြားချင်ဆုံးက သေသွားတဲ့လူဆီက “အဆင်ပြေပါတယ်” ဆိုတဲ့စကားပါပဲ။ ဒီတော့ လိမ်ချင်တိုင်းလိမ်လို့ရနေတာပေါ့။ အဆင်ပြေပါတယ် ပြောရတာ ဘာခက်လို့လဲ။

ဒါပေမယ့် Medium တွေက နပ်တယ်။ အမျှဝေပေးပါ၊ ဘယ်လို ယတြာချေပါ။ ဒါမှ ကောင်းကောင်းနေရမှာ… ကောင်းရာမွန်ရာကိုရောက်မှာ… ဆိုတာမျိုးတွေ ပြောတတ်တယ်။
ဘုရားသွားပြီး ဆင်းတုတွေကို ရေဘယ်နှခွက်လောင်းတို့၊ ခေါင်းလောင်းကို ပယ်ပယ်နယ်နယ် ဘယ်နှချက်ထုထည့်လိုက်တို့ပြောတတ်တဲ့အပြင် မဟုတ်တရုတ်တွေ အကုန်လျောက်လုပ်ခိုင်းတတ်တယ်။ ရှုတ်ထွေးလေလေ ငွေတောင်းရလွယ်လေလေပေါ့။

နောက်ရက်တွေထပ်မေးတော့ အမျိုးတစ်ယောက်ကိုပါ အဖော်ခေါ်သွားမိတယ်။ အဲ့ဒီမှာ ကြုံတုန်း အမေက “ဒါဘယ်သူလဲ မှတ်မိလား” မေးလိုက်ရော… “အိမ်နားကကောင်မလေး” ပါတဲ့။ အဲ့နောက်ပိုင်း အမေလည်း ထပ်မသွားတော့ဘူး။ ကျွန်တော်က ၁တန်းလောက်ပဲရှိသေးတာဆိုတော့ ဘာလို့ထပ်မသွားတော့တာလဲ တွေးမရခဲ့ဘူး။ ခုတော့ သိသွားပြီပေါ့ဗျာ။

လူတွေ စိတ်ပျက်အားငယ်နေတဲ့ဟာကို အခွင့်ကောင်းယူပြီး လုပ်စားတာ အောက်တန်းကျလွန်းတယ်။ အဲ့ဒီကိစ္စကြောင့်ပဲ သူနဲ့ဆက်နွယ်နေတဲ့ ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope တွေကို မေးခွန်းထုတ်တတ်လာခဲ့တာပါ။

လူတွေက မျှော်လင့်ချင်ကြတယ်။ ကမ္ဘာကြီး၊ စကြဝဠာကြီးရဲ့ ပဟေဠိတွေကို အဖြေရှာချင်ကြတယ်။ ဒါပေမယ့် အဖြေမှန်ကိုမရှာဘဲ ခံစားချက်နဲ့ပဲ ဒီလမ်းကို ဆက်လျောက်နေကြတယ်။
ကိုယ့်ယုံကြည်ချက်နဲ့ အံကိုက်ဖြစ်ရင်ယူလိုက်ပြီး လွဲနေရင်တော့ ပစ်ပယ်တတ်ကြတယ်။ ဒါပေမယ့် လောကကြီးရဲ့ အမှန်တရားတွေက ကိုယ့်ယုံကြည်ချက်တွေနဲ့ လွဲနေတာတွေအများကြီးဖြစ်နေနိုင်ပါတယ်။

ဒီတော့ Horoscope ဟောချက်တွေကိုမြင်ရင် ကိုယ့်ရဲ့ရာသီခွင်တစ်ခုတည်းကို ရွေးမဖတ်ပါနဲ့။ ၁၂ ခုလုံးဖတ်လိုက်ပါ။ ဘယ်နှခုက ကိုယ်နဲ့တူနေသလဲ?
လူတစ်ယောက်က ဒီလိုမျိုးဟောနိုင်တယ်လို့ပြောရင် သိစေချင်တာက လူတွေအကုန်လုံးဟာ တော်တော်များများတူညီနေတတ်ကြတယ်ဆိုတာပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

PMS နှင့် Mood Swing

PMS လို့ပြောလိုက်ရင် တော်တော်များများကြားဖူးကြပြီးသားဖြစ်မှာပါ။
အများစုကတော့ ဒေါသထွက်တာမျိုး စိတ်အမျိုးမျိုး ပြောင်းတာမျိုးကို ပြေးမြင်ကြမှာပါ။
တကယ်တော့ PMS ဆိုတာ Premenstrual syndrome လို့ခေါ်တဲ့ အမျိုးသမီးတွေ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာတွေကို ဆိုလိုတာပါ
ဓမ္မတာလာတဲ့ မိန်းကလေးတွေတိုင်းနီးပါးလိုလို ခံစားရတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ရာသီလာတဲ့ မိန်းမ ၄ ယောက်မှာ ၃ ယောက်လောက် ဟာ PMS ရှိကြတယ်လို့ဆိုကြပါတယ်။
PMS က ရာသီမလာခင် တစ်ပတ် (သို့) နှစ်ပတ်လောက်မှာ စတတ်ပြီး ရာသီစလာရင် (သို့) ရာသီစပြီးနောက် ၄ ရက် အတွင်းမှာ ပျောက်သွားတတ်ပါတယ်။

PMS မှာ mood swing အပြင် တစ်ခြား လက္ခဏာတွေပါပါတယ်
ရင်သားနာခြင်း ဝက်ခြံတွေထွက်လာခြင်း ဗိုက်ပူလာခြင်း အချိုတွေစားချင်လာခြင်း စိတ်တိုလွယ်ခြင်း စိတ်ဓါတ်ကျခြင်း စသဖြင့် ခံစားရတတ်ပါတယ်။
ဒီလို လက္ခဏာတွေခံစားရတဲ့ အကြောင်းရင်း အတိအကျကိုတော့ မသိကသေးပါဘူး။
ဒါပေမယ့် ပညာရှင်တွေ အယူအဆ အရ ရာသီစက်ဝန်းမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့်လို့ ခန့်မှန်းကြပါတယ်။

ဓမ္မတာ လာတဲ့ အကြောင်းရင်းလေးကို အကျဥ်းချုပ်လေး ရှင်းပြပါ့မယ်။
အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းကို အကြမ်းဖျင်း ၂၈ ရက်လို့ သတ်မှတ်ကြပါတယ်။

ပထမ ၁၄ ရက်ကို follicular phase လို့ခေါ်ပြီး ဦးနှောက် ထဲမှာ pituitary gland ကနေ FSH, LH hormones တွေထွက်ပါတယ်။
FSH ကတော့ သားဥ ကို ကြီးလာအောင်ရယ် oestrogen hormones ထွက်အောင်လုပ်ပြီး LH ကတော့ သားဥကြွေအောင် လုပ်ပေးပါတယ်။ အလွယ် မှတ်မယ်ဆိုရင်တော့ ပထမ ၁၄ ရက်ဟာ သားဥကြွေဖို့ပြင်ဆင်ရတဲ့အချိန်လို့မှတ်နိုင်ပါတယ်။ oetrogen hormone တွေကလဲ များနေပါတယ်။

ဒုတိယ ၁၄ ရက်ကိုတော့ leuteal phase လို့ခေါ်ပါတယ်။
ဒီကာလမှာတော့ သားဥက ကြွေပြီး သားဥအိမ်ကတစ်ဆင့် သားအိမ်ထဲရောက်လာပါပြီ။
သားဥကြွေပြီးနောက် သားဥအိမ်မှာ အခွံကလေးကျန်ခဲ့ပါတယ် အဲ့အခွံကလေးကို corpus leuteum လို့ခေါ်ပါတယ်။

သူကနေ progestrone ဆိုတဲ့ hormone ထုတ်ပါတယ်။ ဒီကာလမှာတော့ estrogen hormone က ပထမ ၁၄ ရက်လောက် မများတော့ဘဲ နည်းနေပါတယ်။
Progesterone က သားအိမ်ထဲမှာ ရှိနေတဲ့ သားဥ လေး sperm နဲ့ပေါင်းပြီး သန္ဓေသား ဖြစ်လာရင် သားအိမ်မှာ နေနိုင်ဖို့ သားအိမ်နံရံတွေကို ထူအောင်လုပ်ပေးပါတယ်။

ငှက်တွေ မနေခင် အသိုက် ကြိုဆောက်တဲ့ သဘောပါပဲ။
သန္ဓေသား ဖြစ်မလာတဲ့ အခါမှာတော့ အခွံလေးကနေ progesterone တွေ ဆက်မထွက်နိုင်တော့ပါဘူး။
အဲ့အချိန်မှာ သားအိမ်နံရံတွေဟာ ကွာကျရပါတယ်။ အဲ့ဒါကို ရာသီလာခြင်း menstruation ဖြစ်တယ်လို့ ခေါ်ပါတယ်။

အဲ့လို hormones အပြောင်းအလဲတွေ ဖြစ်တာဟာ serotonin လို့ခေါ်တဲ့ neurotransmitter ကို နည်းစေတယ်လို့ဆိုပါတယ်။
Neurotransmitter ဆိုတာကတော့ အာရုံကြောမျှင်တွေ တစ်ခုနဲ့တစ်ခု သတင်းပို့ပေးတဲ့ chemical ဖြစ်ပါတယ်။
Serotonin နည်းခြင်းဟာ ဝမ်းနည်းခြင်း စိတ်တိုလွယ်ခြင်း စိတ်ဓါတ်ကျခြင်း စတဲ့ စိတ်ခံစားချက်တွေကို ဖြစ်စေတယ်လို့ ယူဆကြပါတယ်။

ဒါ့အပြင် အိပ်မပျော်ခြင်း အချိုတွေ အဆီကြော်တွေ စားချင်လာခြင်း တွေနဲ့လဲ ဆက်စပ်တယ်လို့ဆိုကြပါတယ်။
ဆိုလိုတာကတော့ Serotonin နည်းခြင်းဟာ PMS symptoms တွေကို ဖြစ်စေတယ်လို့ဆိုနိုင်ပါတယ်။
PMS symptoms တွေဟာ အသက် ၃၀ နောက်ပိုင်း ၄၀ ကျော် သွေးဆုံခါနီးဆို ပိုဆိုးတတ်ပါတယ်။
သွေးဆုံးခါနီးမှာ hormone အတက်အကျဟာ မမှန်တော့တာကြောင့်ပါ။

Symptoms တွေထဲမှာမှ ထိန်းရအခက်ဆုံး စိတ်အရှုပ်ဆုံး က mood swing ဆိုရင် တော်တော်များများ လက်ခံကြမယ်ထင်ပါတယ်။
တစ်နေ့ထဲမှာတင် တော်ကြာ စိတ်တိုလိုက် တော်ကြာ ငိုချင်လိုက် တော်ကြာစိတ်ဓါတ်ကျလိုက်နဲ့ မျိုးစုံကြိုးခုန်နေတဲ့အချိန်မှာ ကိုယ့် emotion ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မိမှာစိုးလို့ စိတ်ထိန်းရတာ အပင်ပန်းဆုံးပါပဲ။
အထူးသဖြင့် ဒီလို စိတ်ညစ်စရာကြီးပဲ မြင်ရကြားရနေတဲ့အခါမှာ တော်တော်လေး handle လုပ်ရခက်ပါတယ်။ (စာရေးသူဆိုရင် mood swing အစား ရာသီလာရင် ၂ ဆ သာနာလိုက်ပါတော့လို့အမြဲတွေးမိပါတယ်)

Mood swing ကို လုံးဝ ကြီး သက်သာအောင် မဟုတ်တောင် နည်းနည်းလေးပဲဖြစ်ဖြစ် ထိန်းနိုင်ငြား နည်းလမ်းတွေကို ပြောပြပေးပါမယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ

အနည်းဆုံး နာရီဝက်လောက် လုပ်ပါ
လေ့ကျင့်ခန်းလုပ်ရင် endorphin ဆိုတဲ့ hormone ထွက်ပါတယ်။ အဲ့ဒီ hormone က လူကို နေလို့ကောင်းစေပါတယ်။ ဗိုက်ပူတာလဲကျစေပြီး လေ့ကျင့်ခန်းကိုပဲ အာရုံစိုက်နေရတော့ အတွေးလွန်ချိန်နည်းပြီး စိတ်သက်သာရပါတယ်။
You tube က လေ့ကျင်ခန်း တွေ မလုပ်နိုင်ဘူးဆိုရင်တောင် ကိုယ့်ခြံထဲမှာပဲ ဖြစ်ဖြစ် တိုက်ခန်းနဲ့နေတဲ့ သူတွေဆိုရင် အိမ်ထဲမှာ ပဲဖြစ်ဖြစ် နာရီဝက်လောက် လှုပ်လှုပ်ရှားရှား လုပ်ကြည့်ပါ။

၂။ ကော်ဖီ, လက်ဖက်ရည်,အရက်, အချ်ိုတွေရှောင်ပါ

Caffeine ဓါတ်ဟာ အိပ်မပျော်ခြင်း စိတ်ပူခြင်းတွေ ဖြစ်စေလို့ mood swing ကိုပိုဆိုးစေနိုင်ပါတယ်။ ကော်ဖီသောက်နေကျသူမို့လို့ မရှောင်နိုင်ဘူးဆိုရင် အလွန်အကျွံ မသောက်ဖို့ အကြုံပြချင်ပါတယ်။
အရက်ကလဲ depressant action ရှိတဲ့အတွက် PMS ကိုပိုဆိုးစေနိုင်ပါတယ်။
အချို တွေအများကြီးစားရင် blood sugar level တွေ အများကြီး တက်လာတဲ့ အတွက်ကြောင့် ပိုဆိုးစေပါတယ်။

လုံးဝဖြတ်လိုက်ဖို့ဆိုလိုတာ မဟုတ်ဘဲ တခြား အာဟာရရှိတဲ့ အစားစားတွေနဲ့မျှတအောင် စားရင်လုံလောက်ပါတယ်။
(ကိုယ်တိုင်လဲ Sweet tooth ရရင် မရှောင်နိုင်ပါဘူး။ ရေခဲချောင်း တစ်ချောင်းဖြစ်ဖြစ် ချောကလတ် သေးသေးလေး တစ်တုံးလောက်ဖြစ်ဖြစ် စားလိုက်ရမှာ ကျေနပ်တာပါ 😂)။

၃။ အိပ်ရေးဝအောင်အိပ်ပါ

အခက်ဆုံးဆိုတာ သိပါတယ်။
pms ကြောင့်မဟုတ်ဘဲ စိတ်ညစ်စရာတွေကြောင့် ညအိပ်မပျော်တာ ကိုယ်တိုင်လဲ အပါအဝင်ပါပဲ။
ဒါပေမယ့် ညဘက် စောစောအိပ်ပျော်အောင်ကြိုးစားကြည့်ပါ။ Youtube က bedtime playlist တွေ နားထောင်ပြီးပဲ ဖြစ်ဖြစ် နံပါတ်ရေတဲ့နည်းပဲ ဖြစ်ဖြစ် ကိုယ်အဆင်ပြေရာနည်းသုံးကြည့်ပြီး အိပ်ပျော်ဖို့ကြိုးစားကြည့်ပါ။

၄။ ခံစားချက်တွေကို ဖွင့်ထုတ်ပါ

ဒီနည်းကတော့ စာတွေထဲမပါပေမယ့် စာရေးသူသုံးလေ့ရှိတဲ့နည်းပါ။ ခံစားချက်တွေကို မြိုသိပ်ထားရင် ပိုပင်ပန်းပါတယ်။
ဖွင့်ထုတ်လို့ပြောတဲ့နေရာမှာ တခြားသူပေါ် ဒေါသပုံချတာမျိုး လုပ်ဖို့ဆိုလိုတာမဟုတ်ပါဘူး။
ဒိုင်ယာရီထဲမှာ ခံစားနေရတာတွေ ချရေးတာပဲ ဖြစ်ဖြစ် အိပ်ရာထဲမှာ ငိုချပစ်တာပဲ ဖြစ်ဖြစ် လုပ်တာမျိုးကိုဆိုလိုပါတယ်။ ငိုလိုက်ရင် အနည်းဆုံးတော့ မောပြီး စိတ်သက်သာရာ ရပါတယ်။ (ကိုယ်တိုင်လဲ ငိုပါတယ်။ မျက်ရည်မထွက်ဘူးဆိုရင် ဝမ်းနည်းစရာ ကားတွေ ကြည့်ပြီး ငိုချလိုက်ပါတယ်😂 အဓိကကတော့ စိတ်ထွက်ပေါက်တစ်ခုခု ပေးချင်တာပါ)

၅။ ကိုယ်ကြိုက်တဲ့ ပျော်တဲ့ အရာလေးတွေ လုပ်ပါ

ပျော်စရာရုပ်ရှင်တွေ ကြည့်တာပဲ ဖြစ်ဖြစ် ပုံဆွဲတာပဲဖြစ်ဖြစ် crochet ထိုးတာဖြစ်ဖြစ် စိတ်သက်သာရာလေးတွေလုပ်ကြည့်ပါ။

အမျိုးသမီး 5 percent လောက်ဟာ PMS ရဲ့ ပိုဆိုးတဲ့ form PMDD လို့ခေါ်တဲ့ Premenstrual Dsyphoric Disorder ခံစားရတတ်ပါတယ်။
Mood swing တွေ စိတ်ဓါတ်ကျတာတွေဟာ ဘယ်လိုမှထိန်းမရဘဲ ကိုယ့်ရဲ့နေ့စဥ်ဘဝကိုပါ ထိခိုက်လာတာမျိုး အဆုံးစီရင် ချင်စိတ်တွေ ပေါ်လာတဲအထိ ဖြစ်လာရင်တော့
နီးစပ်ရာဆရာဝန်နဲ့ သွားပြဖို့လိုအပ်ပါတယ်။

Stay safe and stay healthy
Thank for reading.

Wally

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?

ကိုဗစ်ကာကွယ်ဖို့ mask တပ်ရမယ်ဆိုတဲ့အသိရှိကြပေမယ့် ဘယ် mask ကိုရွေးရမလဲဆိုတာ သေချာမသိကြပါဘူး။ မှန်ကန်တဲ့ mask ကိုတပ်မှပဲ ကိုဗစ်ကိုကာကွယ်မှာပါ။

လူအသေအပျောက်များခဲ့တဲ့ India မှာဆို ၅၀% လောက်က mask မတပ်ကြသလို Mask တပ်တဲ့လူရဲ့ ၅၀% လောက်ကလဲ mask ကိုမှားယွင်းစွာတပ်ထားကြတာ တွေ့ရပါတယ်။

စာတွေအများကြီးနဲ့မရေးပေးတော့ဘဲ ပုံလေးတွေအဓိကထည့်ပေးထားလို့ တပုံချင်းကြည့်လိုက်ရအောင်။

သင်တပ်ထားတဲ့ mask က အောက်ကလို လေဝင်ပေါက်(valve)ပါတဲ့ maskမျိုးဆို လုံးဝမတပ်သင့်ပါဘူး။

အောက်ကပုံလိုမျိုး အလှတပ်တဲ့ mask မျိုးတွေလဲမတပ်သင့်ပါဘူး။ကိုဗစ်ရောဂါပိုးကအလွန်သေးငယ်တဲ့အတွက် ဒီလိုအလှတပ် mask တွေကမကာကွယ်နိုင်ပါဘူး။

အခုလို ခြုံပဝါတွေ၊ မာဖာလာတွေကိုလဲ mask အနေနဲ့ မသုံးသင့်ပါဘူး။

အောက်ကပုံထဲကလို face shield မျက်နှာအကာကိုလဲ သူတခုထဲလုံးဝမတပ်သင့်ပါ။ face shield တွေက မျက်လုံးကိုကာဖို့အတွက်ပဲသုံးသင့်ပြီး နှာခေါင်းနဲ့ ပါးစပ်ကို မလုံပါ။ ဒါကြောင့် face shield တပ်မယ်ဆို Mask နဲ့တွဲပြီးတပ်သင့်ပါတယ်။

အဝတ် mask (cloth mask/ fabric mask) တွေသုံးမယ်ဆို အနည်းဆုံး ၃ထပ်ပါအောင် ချုပ်ပြီးမှတပ်သင့်ပါတယ်။ အပြင်ဆုံးအလွှာကို ရေမစုပ်တဲ့ပိတ်နဲ့ချုပ်သင့်ပြီး ချည်သားကျဲတဲ့ ပိတ်တွေမသုံးသင့်ပါ။ ချည်သားစိပ်စိပ်နဲ့ရက်ထားတဲ့ပိတ်ထူထူတွေကိုပဲရွေးသုံးပေးပါ။

ဥပမာ ပိုးထည်စဆိုရင် ရေမစုပ်လို့ အပြင်အလွှာအနေနဲ့သုံးလို့ရပါတယ်။
အလယ်အလွှာကိုတော့ filter အနေနဲ့ တလွှာခံပေးပါ။ polypropylene အစကိုအလယ်မှာခံပေးရင် အကောင်းဆုံးပါ။
အတွင်းလွှာ(မျက်နှာနဲ့ထိမယ့်အလွှာ)ကိုတော့ ချွေးစုပ်ပေးမယ့် ပိတ်မျိုး ဥပမာ ချည်ထည်စလိုမျိုး သုံးပြီးချုပ်ပေးလို့ရပါတယ်။ အဝတ် mask ကို မီးအလင်းရောင်မှာထောင်ကြည့်ရင် အလင်းကောင်းကောင်းပိတ်နေမှ အထူလုံလောက်ပါတယ်။ ပါးလွန်းရင် ပိုးတွေကိုမကာကွယ်နိုင်ပါ။ ထူလွန်းရင်လဲ အသက်ရှုရခက်တတ်ပါတယ်။

အပေါ်က surgical mask ဆိုရင် အလွန်ပါးလွန်းပါတယ်။ အဲ့လိုပါးပါးလေးတွေ ၂လွှာပဲပါတာတွေကို မသုံးသင့်ပါ။
ပိုးပြန့်နှုန်းများနေပြီဖြစ်လို့ အလွှာပါးပါးလေးတွေကို မယုံကြည်သင့်တော့ပါ။
Mask မဝယ်ခင် ဘူးမှာသေချာဖတ်ကြည့်ပါ။ အနည်းဆုံး ၃လွှာပါတာကိုပဲဝယ်သုံးကြပါ။ စျေးကလဲအရမ်းမကွာလှပါဘူး။

အပေါ်ကပုံထဲကလို အလယ်မှာ filter တလွှာပါတဲ့ ၃လွှာ mask ကိုသာသုံးသင့်ပါတယ်။

တချို့ကလဲ အပေါ်ကပုံလို neck gaiter မျိုးကို ပတ်ပြီး mask အစားသုံးကြပါတယ်။ CDC ကတော့ ဒီလိုသုံးဖို့ကို မထောက်ခံထား (not recommend) သလို မသုံးပါနဲ့လို့လဲ မတားမြစ်ထားပါဘူး။

တချို့လေ့လာချက်တွေအရ ဘာမှတပ်မထားတာထက်စာရင် ပိုကောင်းတယ်လို့ပြောပေမယ့် တချို့လေ့လာချက်တွေမှာတော့ မကာကွယ်ဘူးလို့ဆိုပါတယ်။ အတိအကျမပြောနိုင်သေးပေမယ့် အဲ့လိုပတ်ပြီးအုပ်ချင်ရင် ၂လွှာ ၃လွှာဖြစ်အောင်ပတ်သင့်ကြောင်း၊ သုံးတဲ့ပိတ်စအသားကလဲ ထူထူထဲထဲဖြစ်သင့်ကြောင်းဆိုပါတယ်။ mask လောက်တော့ စိတ်မချရပါဘူးခင်ဗျာ။

အပေါ်ကပုံလိုမျိုး double masking နှစ်ထပ်တပ်လို့လဲရပါတယ်။
နှစ်ထပ်တပ်မယ်ဆို အဝတ် mask ကိုအပေါ်ကတပ်ရမှာပါ။ ကြိုက်သလိုတပ်လို့မရပါဘူး။ ဘေးတွေလုံအောင်တပ်သင့်ပါတယ်။

အမျိုးအစားတူတဲ့ mask 2မျိုးကို ၂ထပ်မတပ်သင့်ပါ။

အဝတ် mask ကို ၂ခု တပ်တာ၊ surgical mask ကို 2ထပ်တပ်တာ ပိုမကောင်းပါဘူး။
အဝတ် mask နဲ့ surgical mask ကိုပဲ တွဲတပ်သင့်ပါတယ်။

KN95လို mask တွေဆိုရင် ၂ထပ်တပ်ဖို့မလိုပါ။ သူတခုထဲနဲ့ သေချာတပ်ရင်လုံလောက်ပါတယ်။

Surgical mask ကိုတထပ်ထဲတပ်တဲ့အခါ ဘေးတွေ အောက်တွေမှာ ဟနေလွတ်နေတတ်ပါတယ်။

အဲ့တာကို ဖြေရှင်းဖို့အတွက် knotting and tucking နည်းနဲ့ ဘေးကြိုးစတွေကိုထုံးချည်ပြီးတပ်လို့ရပါတယ်။ အောက်ကပုံတွေမှာပြပေးထားပါတယ်။

2ထပ်တပ်ရတာ မွန်းရင်တော့ အပေါ်ကပုံလို mask fitter လိုမျိုးရှာတပ်လို့လဲရပါတယ်။

KN95 ကတော့စိတ်ချစွာတပ်လို့ရပြီး
KF94ကတော့ made in korea ရယ် made in China ရယ်ဆိုပြီး အမျိုးအစားကွဲနေတာကြားသိရပါတယ်။
ဘယ်ဟာကိုတပ်သင့်သလဲဆိုတာအခုအချိန်မှာပြောရခက်နေပါတယ်။

ရိုးရိုး surgical mask တွေက မျက်မှန်သမားတွေအတွက် ရေငွေ့ရိုက်လို့တပ်ရတာခက်တတ်ပါတယ်။
KN95 လို KF94 လို mask တွေကျတော့ အရှေ့မှာ space တခုပါနေတော့ အသက်ရှူရင် ရေငွေ့ရိုက်တာသက်သာပါတယ်။ မျက်နှာနဲ့လဲ ပို fitting ကျပါတယ်။ KF 94ကိုမှ စိတ်မချသေးရင် face shield နဲ့တွဲတပ်ရင်လဲအဆင်ပြေနိုင်ပါတယ်။

Mask တပ်တော့တပ်ပါရဲ့….ခဏခဏချွတ်တာ….လက်နဲ့ခဏခဏကိုင်တာတွေမလုပ်ရပါဘူး။ Mask ကိုနှာခေါင်းဖော်ထားတာတွေ၊ ပါးစပ်မလုံတာတွေက mask မတပ်ထားတာနဲ့တူတူပါပဲ။

တပ်ရင်လဲ အကျိုးရှိအောင် သေချာတပ်ဖို့လိုပါမယ်။ နို့မို့ဆိုmask မတပ်ထားတဲ့သူလိုပဲ အန္တရာယ်ရှိပါတယ်။ Mask ကိုမေးမှာချိတ်ထားတာ ၊ လက်မောင်းမှာချိတ်ထားတာ၊ နားတဖက်မှာပဲတွဲလောင်းချထားတာ စတာတွေမလုပ်သင့်ပါဘူး။

တို့ ဗမာလူမျိုးတွေက စကားပြောရင် mask ကိုချွတ်ပြောပါတယ်။ အဲ့တာလုံးဝမလုပ်သင့်ပါ။ စကားပြောမှ ပိုးတွေကစင်ထွက်လာတာပါ။ mask တပ်ပြီးပဲစကားပြောကြပါ။

တချို့ကလဲ ချောင်းဆိုးရင် mask ချွတ်ပြီးဆိုးထည့်ပစ်လိုက်ပါတယ်။ နှာချေရင်လဲ mask ကိုတကူးတကချွတ်ပြီးမှ ချေပါတယ်။ အဲ့တာသူများကို ရောဂါပေးနေတာပါ။ mask တပ်လျက်ပဲ ချောင်းဆိုးလို့ နှာချေလို့ရပါတယ်။ အဲ့လိုမှမဟုတ်ရင် လက်မောင်းနဲ့အုပ်ပြီး ချောင်းဆိုး နှာချေကြပါ။ သူများကိုရောဂါမပေးကြပါနဲ့။ အလွန်အကုသိုလ်များတဲ့အလုပ်ပါ။

ဒီလောက်ဆိုရင် mask နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန် သိလောက်ပါပြီလို့ယူဆပါတယ်။

နောက်ထပ်သိချင်ပါက CDCရယ် WHO ရယ် mask ကိစ္စဆိုတဲ့ဆောင်းပါးကိုညွှန်းပါတယ်။
အောက်က link မှာဝင်ဖတ်ကြည့်ပါ။

https://ouo.io/vM9T81

Dr. Venice

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started