လူတွေဟာ ကိုယ့်ကိုလာကြောရင် မခံချင်ကြတာများတယ်။ ကိုယ့်ဆီက ငွေကြေး၊ အချိန် တစ်ခုခုမပါသွားရင်တောင်မှ “အကြောခံလိုက်ရတယ်ကွာ…” ဆိုတဲ့ စိတ်ကဝင်နေတတ်တယ်။ တနုံ့နုံ့နဲ့ဖြစ်နေတတ်တယ်။ ရရင်ရသလို ပြန်ဆော်ထည့်လိုက်မယ်ဆိုတာမျိုး တွေးနေတတ်တယ်။
ဒီလိုလုပ်ခြင်းမှာ ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိမလဲ ပြောပြချင်ပါတယ်။ (တရားဟောမှာ မဟုတ်ပါဘူး၊ Logic ကျကျပြောချင်တာပါ)
ငါးတွေအပြည့်ရှိတဲ့ကန်ကြီးတစ်ကန်ရှိတယ် ဆိုပါစို့။ လူတွေက ဒီအကြောင်းကို သိပ်မသိသေးတော့ ငါးလာမျှားတာ ကိုယ်အပါအဝင် ၅ ယောက်ပဲရှိတယ်။ အစပိုင်းမှာတော့ ငါးမျှားတံလေးတစ်ချောင်းစီကိုင်ပြီး လာကြတာပေါ့။ ကိုယ်စားဖို့ တစ်ရက်စာရရင် ပြန်သွားကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒီကန်ကြီးမှာ ငါးတွေနည်းမသွားနိုင်ဘူး ဆိုပါတော့။

ဒါပေမယ့် တစ်ရက်မှာ လူတစ်ယောက်က တစ်ရက်စာထက်ပိုပြီး မျှားနေတာကို တွေ့လိုက်ရတယ်။ မေးကြည့်တော့ ရောင်းစားဖို့မျှားနေတာတဲ့။ ဒါနဲ့ တစ်ယောက်တည်းပိုမျှားတာ မျှားပါစေဆိုပြီး ဘယ်သူ့ကိုမှ မပြောဘဲထားလိုက်တယ်။ စိတ်ထဲမှာတော့ သိပ်မကျေနပ်ဘူးပေါ့။
ဒါပေမယ့် နောက်ကျတော့ ဒီလူက ငါးမျှားတံအကောင်းစားနဲ့ရောက်လာတယ်။ အဖော်တစ်ယောက်လည်း ပါလာတယ်။ အရင်လိုပဲ ရောင်းစားဖို့မျှားနေတာ…။ သူ့ကိုကြည့်တော့ ပိုပြီး သားသားနားနားဖြစ်လာတယ်။ ငွေစလေးတွေ ရွှင်နေတဲ့ပုံပဲ။ ကိုယ်သာ ဒီနေရာမှဆိုရင် ဘာလုပ်မလဲ?
“ဒီကောင်တောင် မျှားနေတာပဲကွာ… ငါလည်း မျှားမှာပေါ့” ဆိုပြီး ရွေးချယ်မလား? ဒါမှမဟုတ် “ဒီကန်ကြီးရေရှည်တည်မြဲဖို့အတွက် ငါစောင့်ရှောက်ရမယ်” ဆိုပြီး လက်ရှောင်မလား?
သေချာစဉ်းစားကြည့်ရင် ဟိုလူက စည်းဖောက်ပြီး ပိုမျှားနေတဲ့အတွက် ငါးကန်ကြီး မပျက်စီးသွားနိုင်ဘူး။ ရေထဲမှာ ငါးတွေအများကြီးပါပဲ။ ဒါပေမယ့် ကိုယ်က “ဒီကောင် ငါ့ကိုလာကြောနေတယ်” ဆိုတဲ့ မခံချင်စိတ်နဲ့ ငါးတွေပိုမျှားလိုက်ရင်… တခြားလူတွေကလည်း “ဒီကောင် ၂ကောင်ယုတ်မာနေပြီဟေ့၊ ငါတို့လည်း ဆော်ကြရအောင်” ဆိုပြီး ဖြစ်သွားရင်… လူတိုင်းစားဖို့ အဆင်ပြေနေတဲ့ ငါးကန်ကြီးပျက်စီးသွားမှာပါ။
ဒီလိုဆို လူတိုင်းရှုံးတာပဲပေါ့။

လောဘကြီးတဲ့ လူတစ်ယောက်ကြောင့် စနစ်တစ်ခုလုံးပျက်စီးသွားနိုင်တယ်။ ဒီလိုလူမျိုးက တစ်ယောက်တည်းဆိုရင်တော့ စနစ်ကြီးမပျက်စီးနိုင်ပါဘူး။ ဒါပေမယ့် လောဘဟာ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် အကြောမခံချင်၊ သေးသေးတင်မခံချင်တဲ့စိတ်ပါ။
ဒါကို စမ်းသပ်ထားတာရှိပါတယ်။ လူ ၁၀ ယောက်ကို ပိုက်ဆံအနည်းငယ်ပေးထားပြီး ဘုံငွေထည့်ခိုင်းပါတယ်။ ဥပမာ တစ်ယောက်ကို Round တစ်ခုမှာ ၂၀၀၀ ထည့်ရမယ်ဆိုပါတော့။ ဆယ်ယောက်ဆိုတော့ ဘုံငွေက ၂သောင်းပေါ့။ ပြီးရင် စမ်းသပ်သူက ငွေကို ၂နဲ့မြှောက်ပြီး အညီအမျှပြန်ခွဲဝေပေးတယ်။ ဒီဥပမာအရဆို ၄သောင်းပေါ့။ Round တစ်ခုပြီးတဲ့အခါ တစ်ယောက်ကို ၄ထောင်ရမယ်။ ဒါဆို ၂၀၀၀ တောင်မြတ်တာပေါ့။

ဒီလိုနဲ့ Round 2, 3 သွားကြတယ်။ နောက် Round တွေမှာ အထာနပ်လာတဲ့ကောင်တစ်ချို့က ပိုက်ဆံမထည့်တော့ဘူး။ ၂ယောက်မထည့်ဘူးပဲ ထားပါတော့။ စုစုပေါင်း ၁၆၀၀၀ ပဲ ဘုံငွေရှိတယ်။ ၂နဲ့မြှောက်တော့ ၃၂၀၀၀ ရတယ်။ အညီအမျှခွဲတော့ တစ်ယောက်ကို ၃၂၀၀ ရတယ်။ ငွေထည့်တဲ့လူတွေက ၁၂၀၀ မြတ်တယ်၊ ငွေမထည့်တဲ့ကောင်တွေက ၃၂၀၀ အသားတင်မြတ်သွားတယ်။
ဒီအတိုင်းဆက်သွားနေရင် Win-Win လို့ပြောနိုင်တာပေ့ါ။ ဒါပေမယ့် မခံချင်စိတ်တွေဖြစ်လာတော့ ငွေမထည့်ကြတော့ဘူး။
ဒီလိုနဲ့ နောက် Round တွေကျတော့ ကိုယ်ထည့်သလောက်တောင် ပြန်မရတော့ဘူး။ လူတွေရဲ့ သောက်ကျင့်ယုတ်မှုက ကူးစက်သွားတာပေါ့။

အဲ့ဒီအခါမှာ စမ်းသပ်သူက ပိုက်ဆံ ပုံမှန်အတိုင်းထည့်တဲ့သူကို ဆုချတယ်။ ဒီလိုနဲ့ ဆက်ကစားကြပေမယ့် ပိုက်ဆံမထည့်တဲ့ကောင်တွေက ထည့်ကိုမထည့်တော့ဘူး။ နောက် Round အနည်းငယ်ကစားပြီးတဲ့အခါ ရပ်လိုက်ရတယ်။ ကိုယ်ရှုံးလာတော့ ဘယ်သူက ငွေ ထည့်တော့မလဲ။
နောက်တစ်ဖွဲ့မှာတော့ စမ်းသပ်သူက ပိုက်ဆံမထည့်တဲ့ကောင်တွေကို ဒဏ်ကြေး နင့်နေအောင် တောင်းတယ်။ ဒီတော့ လူတိုင်းငွေထည့်ကြပြီး ဆက်လည်ပတ်နိုင်သွားတယ်။
သေချာစဉ်းစားကြည့်ရင် လူယုတ်မာအနည်းငယ်ကို လွှတ်ထားလိုက်ရုံနဲ့ နှစ်ဖက်လုံးပြေလည်သွားနိုင်ပေမယ့် ဒါမျိုးကို လက်မခံနိုင်ကြဘူး။
ဒါက Logic ကျကျတွေးကြည့်တာပါ။ ကိုယ်လည်း သူတို့နေရာမှာဆိုရင် Emotion တွေပါလာမှာပဲ။
“ဒီကောင်တောင် လုပ်စားနေတာ ငါလည်းဘာလို့ လုပ်မစားရမှာလဲ” ဆိုတာထိ မဖြစ်သွားရင်တောင် “ဒီလို လူယုတ်မာတွေနဲ့ မဆက်ဆံချင်ဘူး၊ ငါ့လုပ်ရပ်တွေကြောင့် ဒီကောင်တွေ အကျိုးမဖြစ်စေချင်ဘူး” ဆိုတာမျိုးဖြစ်တာနိုင်ပါတယ်။
လူယုတ်မာတွေကို အပြစ်ပေးခြင်းကသာ ဒါကိုဖြေရှင်းနိုင်မှာပါ။

မုန့်တွေအစာပြေစားဖို့ ထည့်ထားပေမယ့် လူတချို့က အကုန်သယ်သွားတာတွေ၊ စာအုပ်တွေ လွယ်လွယ်ဖတ်လို့ရအောင် ထားပေမယ့် ပြန်မထားကြလို့ စနစ်တစ်ခုလုံးပျက်စီးကုန်တာတွေဟာ ဒီသဘောပါပဲ။ စည်းကမ်းမရှိ၊ တန်ဖိုးမထားတတ်တာလည်း ပါတာပေါ့။
ဒါကြောင့် အခွန်ဆောင်တဲ့အခါမှာလည်း ဘယ်လိုဘွဲ့ထူး ဂုဏ်ထူးတွေ ပေးပေး၊ မဆောင်တဲ့သူကို နှိပ်ကွပ်တာလောက် မထိရောက်ပါဘူး။
ဒီပုံပြင်ကိုကြားဖူးကြမှာပါ။ ရွာမှာ ဘုန်းကြီးကို ကပ်ဖို့ အိမ်တစ်အိမ်ဆီက နွားနို့တစ်ခွက်လာပို့ရမယ်ဆိုပြီး ရွာသူကြီးက ကြေညာတယ်။ သူ့အိမ်ရှေ့မှာ အိုးကြီးချထားတယ်။ ညဘက်မှာ လာထည့်ကြပေါ့။ မနက်လည်းကျရော အိုးကြီးကို ဖွင့်ကြည့်လိုက်တဲ့အခါ တွေ့ရတာက နို့လို့ခေါ်မရတော့တဲ့ ရေသာသာပါပဲ။

တကယ်တော့ နို့တစ်ခွက်လာထည့်တဲ့သူလည်း ရှိမှာပါ။ ဒါပေမယ့် တစ်ရွာလုံးနာမည်ပျက်တာဆိုတော့ သူလည်းပါသွားတာပေါ့။ နောက်တစ်ရက်သာ ဆက်ပြီး နို့လာထည့်ပါဦးပြောရင် အရင်နေ့ကနို့ထည့်ခဲ့တဲ့သူက ရေထည့်ဖို့များသွားပါပြီ။ မထူးဇာတ်ခင်းတာပေါ့။
ဒါကို တက္ကသိုလ်မှာ အဖွဲ့လိုက် Project တွေလုပ်ရင် သိသိသာသာမြင်ရပါတယ်။ မလုပ်တဲ့သူ၊ အချောင်ခိုတဲ့သူလည်း ဒီအမှတ်၊ တကယ်လုပ်ပြီး ပင်ပန်းတဲ့သူလည်း ဒီအမှတ်ဆိုရင် Project တွေရဲ့ Quality က ကျသွားနိုင်ပါတယ်။
“အဆဲခံရလည်း တစ်ဖွဲ့လုံးပဲကွာ… ကောင်းအောင် မလုပ်တော့ဘူး၊ ငါတို့က ပင်ပန်းခံနေရပြီး ဟိုကောင်တွေလွတ်နေတာတော့ မကျေနပ်ဘူး” ဆိုတာမျိုးတွေးမိတတ်ပါတယ်။

ဒါပေမယ့် အဖွဲ့ကို Supervise လုပ်တဲ့ဆရာ (သို့) ဆရာမက ငပျင်းတွေကို ဆူပြီ၊ ဆဲပြီ၊ အမှတ်လျော့ပြီဆိုရင် တနည်းနည်းနဲ့သူတို့တွေ Project မှာပါလာတတ်ပါတယ်။
အဲ့လိုပါလာတိုင်း အထောက်အကူဖြစ်တာတော့ မဟုတ်ပါဘူး၊ တခါတခါ သူတို့က ပြီးစလွယ်လုပ်ကြတော့ ပိုတောင် ဆိုးသွားတတ်ပါတယ်။ ဒါပေမယ့် ငပျင်းတွေကို နှိပ်ကွပ်တာမြင်လိုက်ရတော့ အပင်ပန်းခံရတဲ့လူတွေနေရာက စဉ်းစားကြည့်ရင် သူတို့ကို သွယ်ဝိုက်ပြီး Appreciate လုပ်လိုက်သလိုပါပဲ။
ဒီတော့ Cheater တွေကို ထိထိရောက်ရောက် အပြစ်ပေးဖို့လိုအပ်ပါတယ်။

ကိုယ့်စိတ်ကို ပြင်ပြီး အများကောင်းကျိုးအတွက် အနစ်နာခံလိုက်ပါလို့ ပြောတာဟာ ဒီနေရာမှာတော့ မမှန်ပါဘူး။ ဒါဟာ Rape လုပ်ခံရတဲ့လူ၊ Bully လုပ်ခံရတဲ့လူတစ်ယောက်ကို Victim Blaming လုပ်နေတာနဲ့တူပါတယ်။ အပြစ်ရှိတာက ဒီကိစ္စကို ကျူးလွန်နေတဲ့သူပါ။
ဒီလောက်ဆိုရင် Cheater တွေကို ဘယ်လိုတုံ့ပြန်ရမလဲ နားလည်မယ်လို့ထင်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ်ကိုယ်တိုင် Cheater တစ်ယောက်မဖြစ်အောင်နေဖို့ပါပဲ။ အများမိုးခါးရေသောက်လို့ ကိုယ်လည်းမိုးခါးရေသောက်ရတယ် ဆိုတာရှိပေမယ့် အတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်ဖို့ ဆုတောင်းပါတယ်။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။


























































