Panic buying နောက်ကွယ်က psychology (Part 1)

ကိုဗစ်ရောဂါကြီးအခြေအနေဆိုးတဲ့ဒီကာလမှာ ရောဂါကူးစက်ခံရသူတွေပဲ ဒုက္ခရောက်တာမဟုတ်ပါ။

ရောဂါမကူးသေးတဲ့ မိသားစုတွေကလဲ ဝယ်စရာခြမ်းစရာ အကုန်ပြတ်လပ်ကုန်တဲ့ ဒုက္ခလှလှကိုကြုံနေရပါတယ်။

ဆေးဝါးတွေရှာဝယ်ရခက်လာတယ်။ စျေးတွေလဲကြီးလာတယ်။ စားစရာကုန်ပစ္စည်းတွေလဲ စျေးတက်ကုန်ပြီး ကြက်ဥတောင်ရှာရခက်လာပါတယ်။

ဒီလိုဖြစ်ရခြင်းမှာ လူတွေရဲ့ Panic buying (လိုလို၊ မလိုလို အလုအယက်ဝယ်ယူခြင်း) က အဓိကတရားခံဖြစ်ပါတယ်။

ဘာလို့ လူတွေက တခုခုဆို panic buying လုပ်ကြတာလဲ?

Panic buying ရဲ့နောက်ကွယ်မှာ psychology သဘောတရားတွေအများကြီး ကြိုးကိုင်ထားပါတယ်။

အရေးအကြီးဆုံးအကြောင်းကတော့ Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်စိတ်ကြောင့်ပါ။ ဒီကာလကြီး ဘယ်လောက်ဆိုးမယ်၊ ဘယ်လောက်ကြာဦးမယ် ဘယ်သူမှသေချာမသိပါဘူး။

လူတွေက မသိခြင်းတရား နဲ့ မသေချာခြင်းတွေကို အလွန်ကြောက်ပါတယ်။
(Fear of the unknown and uncertainty) လူတွေရဲ့စိတ်ထဲမှာ အနာဂတ်ကဝေဝါးလာပါတယ်။
ဘာတွေဆက်ဖြစ်ဦးမှာလဲ… ဘာတွေလုပ်ရတော့မှာလဲ ဆိုပြီး တနေ့တနေ့ စိုးရိမ်သောကတွေများများလာပါတယ်။

အဲ့လိုနဲ့ ဒီကာလကြီးကို မြန်မြန်ပြီးဆုံးစေချင်လာပါတယ်။
သို့သော် ဒီကာလကြီးကို ကိုယ်ကထိန်းချုပ်လို့မရ… ကိုယ်ထိန်းချုပ်လို့ရတာ ကိုယ်ပဲရှိတယ်။

ငါလဲ ဘာမှလုပ်လို့မရပါလား…
ငါထိုင်နေလဲမထူးဘူး…
တခုခုထလုပ်ချင်တယ်…
တခုခုထလုပ်လိုက်တော့မယ်… ဆိုပြီး တခုခုကိုရှာလုပ်ဖို့တွေးလာပါတော့တယ်။

လူတွေကြောက်ကြောက်လန့်လန့်နဲ့ ထလုပ်လိုက်တဲ့အရာကတော့ panic buying ဖြစ်နေတော့တာပါပဲ။

သဘာဝဘေးအန္တရာယ် (disaster) တခုခုကြုံလာရတော့မယ်ဆိုရင် လူတွေက စိုးရိမ်ပြီး ပြင်ဆင်လေ့ရှိပါတယ်။
အဲ့တာကို Disaster preparation (ဘေးရန်အတွက်ပြင်ဆင်ခြင်း)လို့ခေါ်ပါတယ်။ တခုခုဆို ကြိုပြင်တတ်တဲ့အကျင့်က ကျနော်တို့အသွေးအသား ဗီဇထဲမှာကိုက အကျင့်ပါနေတာပါ။

ဆောင်းခိုတတ်တဲ့တိရစ္ဆာန်တွေဆိုရင် ဆောင်းမရောက်ခင် အစာတွေကြိုရှာထားတာ၊ အသိုက်တွေကြိုဆောက်ထားတာတွေက survival အတွက် ပြင်ဆင်ခြင်းဖြစ်ပါတယ်။

လူတွေရဲ့အသိစိတ်မှာလဲ တခုခုဆိုကြိုပြင်ဆင်ဖို့ လှုံဆော်ထားတဲ့အရာတွေရှိပါတယ်။
ငယ်ငယ်ကတည်းက ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ဆိုပြီး အသင်ခံရပါတယ်။
မသိစိတ်ထဲမှာ ကြိုစုတတ် ကြိုပြင်ဆင်တတ်အောင်ကို အသင်ခံခဲ့ရတာပါ။

ဒီလို Disaster preparation နဲ့ Panic buying က မတူပါဘူး။

မိသားစုလေးယောက်ရှိတယ်။ ၂ပတ်စာ lock down ကာလအတွက် လိုသလောက်ဝယ်ထားတယ်။
ဒါက disaster preparation ပါ။ သဘာဝလဲကျပါတယ်။

Panic buying ကကျအဲ့လိုမဟုတ်ပါဘူး။
နေတာကတယောက်ထဲ…လူပျိုကြီး..။
Lockdown ကာလ ၂ပတ်အတွက် ဝယ်ထားတာက
ကြက်ဥကတ် ၅၀၀၊ ဆီ ၁၀ ပိဿာ၊ ဆန်အိတ် ၃အိတ်၊ ဆေးက သေတ္တာ ၅လုံးအပြည့်၊ mask က ဘူး ၅၀၊ ဓာတ်ဆားထုပ် ၂၀၀ ဝယ်ထားတာတော့ အတော်လေးလွန်လွန်းတဲ့ panic buying ဖြစ်နေပါတယ်။

လိုတာထက်ကို ပိုလျှံအောင် ဝယ်ပြီးစုနေတာ၊ လိုမှန်းမလိုမှန်းမသိဘဲ ဇွတ်ဝယ်နေတာတွေကသာ panic buying ပါ။

Disaster preparation ကအကျိုးရှိပေမယ့် Panic buying ကတော့ လူတွေကိုအကုန်ဒုက္ခရောက်စေတာပါ။

ဘယ်ကနေဘယ်လိုစလိုက်မှန်းလဲမသိရဘဲ ထိန်းချုပ်ရတာလဲအလွန်ခက်ခဲတာ painc buying ဖြစ်ပါတယ်။

Panic buying လုပ်လိုက်တော့

  • တကယ်လိုတဲ့သူတွေကမရတော့ဘူး။
    (ဥပမာ နေကောင်းနေတဲ့မိသားစုက mask တွေ အထုပ်လိုက် ဘူးလိုက်ဝယ်စုနေတော့ တကယ်အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ mask တပ်ဖို့မရှိတော့တာ)
  • ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ဘဲ စျေးတွေအဆမတန်ကြီးလာတာ။ (ကြက်ဥ တလုံး ၁၀၀ ကနေ ၁၀၀၀လောက်အထိတက်သွားတာ)
  • အလျင်စလိုထပ်ထုတ်လုပ်ရတဲ့အခါ စက်ရုံကနေ အရည်အသွေးမကောင်းတဲ့ပစ္စည်းတွေ စျေးကွက်ထဲရောက်လာတာ၊ မှောင်ခိုလမ်းကနေ အတုတွေဝင်လာတာ။
  • ဝယ်စုထားတဲ့သူတွေမှာလဲ ပိုလျှံပြီး စားစရာတွေ ဒိတ်လွန်ကုန်တာ၊ ပုပ်သိုးကုန်တာ ၊ အလကားလွှင့်ပစ်လိုက်ရတာ စတဲ့ဆိုးကျိုးတွေအများကြီးပဲရလာပါတယ်။

ကိုဗစ် ပထမလှိုင်းကထဲက တကမ္ဘာလုံးမှာ panic buying တွေဖြစ်နေတာမို့ နိုင်ငံခြားက export ဝင်တဲ့ပစ္စည်းတွေကလဲ စျေးကြီးလာပါတယ်။

သူလိုကိုယ်လို တကမ္ဘာလုံးလိုနေတဲ့အချိန်ဖြစ်လေတော့ panic buying က ကိုဗစ်ထက်ပိုကြောက်စရာကောင်းနေပါတယ်။

Panic buying ကို Snowball effect လို့လဲတင်စားကြပါတယ်။

နှင်းတွေပြည့်နေတဲ့ နေရာတခုကိုမြင်ယောင်ကြည့်လိုက်ပါ။
အဲ့အချိန်မှာ နှင်းပြင်ကြီးပေါ်မှာ ရေစက်ကလေးတစက်ချလိုက်ရင် အဲ့ရေစက်ကလေးက လှိမ့်ဆင်းလာရင်း နှင်းတွေကပ်ကပ်ပြီး နှင်းလုံးသေးသေးလေးဖြစ်လာပါတယ်။ တဖြေးဖြေး ဆက်လှိမ့်လာရင်းနဲ့ နှင်းတွေထပ်ထပ်ကပ်ပြီး နှင်းလုံးအလတ်စားလေးဖြစ်လာပါတယ်။ နှင်းလုံးကတဖြေးဖြေးအရှိန်ရလာပြီး အရွယ်အစားကြီးကြီးလာကာ နောက်ဆုံးဘယ်လိုမှထိန်းလို့မရတော့ဘဲ ဆက်တိုက်ကြီး ကြီးလာရင်း
အားလုံးဒုက္ခရောက်ကြရပါတော့တယ်။

Panic buying ကလဲအဲ့လိုပါပဲ။
တယောက်စ နှစ်ယောက်စ ကြောက်လို့စဝယ်ရင်းနဲ့ တဖြေးဖြေးသတင်းတွေပြန့်လာပြီး ပိုပိုဆိုးလာကာ
လူတိုင်းလိုလိုဝယ်ကြရပါတော့တယ်။

Panic buying နောက်ကွယ်က နောက်ထပ် psychology တခုက emotional contagion ဖြစ်ပါတယ်။

စိတ်ခံစားချက် ကူးစက်ခြင်းလို့ ဘာသာပြန်ကြည့်ပါမယ်။
လူတွေက တယောက်ယောက်လုပ်နေတာမြင်ရင် အလိုလိုလိုက်လုပ်ချင်လာပါတယ်။
သူများသမ်းတာတွေ့ရင် လိုက်သမ်းချင်လာသလိုပေါ့။

သင်က ကုန်စုံဆိုင်မှာ ကြက်ဥဝယ်ဖို့သွားတယ်ဆိုပါတော့။
ကြက်ဥဝယ်နေရင်း ဘေးကအဒေါ်ကြီးက ဆီဝယ်နေတာမြင်မိမယ်။
အဲ့ကျမှ… သြော်… အိမ်မှာလဲ ဆီနည်းနေပြီ… တဘူးလောက်ထပ်ဝယ်ထားတာမမှားပါဘူးဆိုပြီး ဆီပါထပ်ဝယ်မိမယ်။

ဆီဝယ်နေတုန်း နောက်ကောင်လေးတယောက်က mask လာဝယ်တာတွေ့ပြန်တယ်။
အဲ့မှာ… ငါလဲ mask မဝယ်ရသေးဘူးလို့တွေးပြီး Mask လိုက်ဝယ်ပြန်တယ်။း
ဆိုင်ရှင်ကသာ mask တွေစျေးတက်နေတယ်… mask တွေရှားနေလို့လို့သာ ပြောကြည့်ပါလား။ သင့်ဆီကို ပူပန်စိတ်ကလေးဝင်လာပါတော့တယ်။
ဟာ… ပစ္စည်းပြတ်နေပြီဆိုပဲ… အိမ်ကလူတွေအတွက်ပါ များများဝယ်သွားဦးမှလို့ အတွေးပေါက်လာမှာပါ။
အဲ့တာနဲ့ ကြက်ဥသွားဝယ်တဲ့သူက အိမ်ပြန်လာတော့ ကြက်ဥအပြင် ဆီဘူးတဘူး၊ mask ၅ဘူးအပိုထပ်ဝယ်လာမိပါတော့တယ်။

ဒီလိုနဲ့ စိတ်ခံစားချက်တွေကူးစက်ပြီး သူများလုပ်တာလိုက်လုပ်မိရင်း panic buying ကပိုပိုဆိုးလာရတာပါ။
ဒါတောင် သာဓက ခပ်သေးသေးတခုပဲရှိပါသေးတယ်။ မိမိကိုယ်တိုင်တောင် မသိလိုက်ဘဲ panic buying လုပ်မိနေတာဖြစ်ပါတယ်။

နောက်တပိုင်းမှာ ဆက်ရေးသွားမှာဖြစ်လို့ ဆက်ဖတ်ပေးကြပါဦး။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဒေါသထွက်တာ ကောင်းလား?

ဒေါသကြီးတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဘာမှမဟုတ်တာလေးကို ပုံကြီးချဲ့ပြီး ပြဿနာရှာဒေါသထွက်တတ်တဲ့ လူတွေပေါ့။ ဒီတော့ လွယ်လွယ်နဲ့ ဒေါသထွက်တတ်တာ ကောင်းလားဆိုတာ ဆွေးနွေးချင်ပါတယ်။

တစ်ခါက ဘွားတော်တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ ကံစမ်းမဲလဲနေတာမြင်ဖူးတယ်။ ဆိုင်က ကံစမ်းမဲကာလ ကုန်သွားပြီမို့ လဲလို့မရတော့ပါဘူးလို့ပြောတယ်။ သူက မကျေနပ်ဘဲ ရစ်နေတာ တော်တော်နဲ့မပြီးဘူး။ ဒီတော့ ကံစမ်းမဲက တော်တော်များမယ်ထင်တယ်လို့ တွေးလိုက်မိတယ်။ အဲ့လိုဟုတ်မနေဘူး။ ကံစမ်းမဲက ၂၀၀ တည်းပါ။ တော်တော်နဲ့မပြီးတော့ ဆိုင်ကလည်း ဘူပြီး လဲပေးလိုက်ပါတယ်။

စိတ်ပညာအရတော့ လူတွေက လုပ်စရာအလုပ်မယ်မယ်ရရ မရှိဘဲ အားယားနေရင် ပြဿနာရှာချင်ကြတယ် လို့ဆိုတယ်။ ဒီဘွားတော်လည်း တော်တော်အားနေတာများလား လို့ တွေးလိုက်မိတယ်။ ၂၀၀ က သူ့အတွက်တန်ဖိုးရှိတာလည်း ဖြစ်နေနိုင်တယ်လို့ တွေးမိပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါတယ်။

လူတွေက ဒေါသထွက်ဖို့လွယ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေ၊ အမူအယာတွေမှာ ဒေါသထွက်တာ ပေါ်ခြင်း၊ မပေါ်ခြင်းပဲ ကွာတာပါ။ ဒေါသထွက်ရင် စိတ်ကိုထိန်းပါပြောတဲ့သူရှိသလို ဖွင့်ထုတ်ပစ်လိုက်၊ တစ်ခုခုကို ထိုးလိုက်၊ ပစ္စည်းတွေကို လွှင့်ပစ်လိုက် စတာမျိုးနဲ့ ဖြေဖျောက်ကြတာလည်း ရှိပါတယ်။

ဒီတော့ ဒုတိယနည်းက တကယ်အလုပ်ဖြစ်ရဲ့လားဆိုတာ စိတ်ပညာရှင်တွေဟာ စိတ်ဝင်စားကြပါတယ်။
အကြောင်းရင်းကတော့ သိပ္ပံပညာတိုးတက်တဲ့အချိန်မရောက်ခင် ကာလတွေမှာ အယူအဆအမှားတွေ၊ ထင်မြင်ချက်အမှားတွေနဲ့ ဖြစ်ချင်သလိုဖြစ်ခဲ့ကြတော့ အဲ့ဒီအလွဲတွေက ဒီဘက်ခေတ်အထိပါလာပါတယ်။ ဒါဟာ တကယ်လွဲတာလား၊ မှန်နေလားဆိုတာ သိပ္ပံနည်းကျစမ်းသပ်ချင်ကြပါတယ်။

အရင်ခေတ်က မကောင်းတဲ့အရာတွေကို ဖောက်ထုတ်တတ်တဲ့ဓလေ့ရှိပါတယ်။ ဖျားရင် သွေးတွေဖောက်ထုတ်ပစ်တယ်… သွေးပုပ်တွေထွက်သွားတယ်လို့ ယူဆကြတယ်။ ဒွါရ ၆ပေါက်က အညစ်အကြေးတွေ ထွက်လေလေ ကျန်းမာလေလေဆိုတဲ့ သဘောမျိုးကို လက်ခံကြတယ်။

စိတ်ဟာလည်း ထိန်းထားရတဲ့ Stress တွေ၊ မြိုသိပ်ထားရတဲ့ဒေါသတွေကို ဖောက်ထုတ်ပစ်ဖို့လိုတယ် ဆိုပြီး ယူဆကြတယ်။ အဲ့လိုမှမလုပ်ရင် တချိန်ချိန်မှာ အကြီးအကျယ်ပေါက်ကွဲထွက်နိုင်တယ်လို့ သတ်မှတ်ထားကြတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကအထိ ဒေါသထွက်ရင် ခေါင်းအုံးထဲကို ကုန်းအော်လိုက်ပါ… တို့၊ တစ်ခုခုကို ထိုးလိုက်ပါ… တို့ကို စာအုပ်တွေမှာ ရေးခဲ့ကြပါတယ်။

စိတ်ပညာရှင်တွေကတော့ ဒါကို သိပ်သဘောမကျကြပါဘူး။ ဒါပေမယ့် လက်စုပ်လက်ကိုင်ပြစရာ အထောက်အထားမရှိသေးတော့ ဘာမှလည်း မပြောကြပါဘူး။

ဒါနဲ့ ဒေါသကို ဖောက်ထုတ်လိုက်တာဟာ တကယ်ပဲ စိတ်သက်သာရာရစေသလားဆိုတာကို စမ်းသပ်ကြည့်ကြပါတယ်။ ခုရေးမယ့် စမ်းသပ်မှုက နည်းနည်းတော့ ရှည်ပါတယ်။ ဒါပေမယ့် မြင်သာအောင် ခပ်ရှည်ရှည်ပဲရေးလိုက်ပါတယ်။

ကျောင်းသား ၁၈၀ ကို ၃ဖွဲ့ခွဲလိုက်ပါတယ်။ တစ်ဖွဲ့ကို ဒေါသထွက်တဲ့အခါ ဖွင့်ထုတ်လိုက်ရင် အလုပ်ဖြစ်တယ်ဆိုတဲ့ Article ကိုဖတ်ခိုင်းတယ်။ နောက်တစ်ဖွဲ့ကိုတော့ သူနဲ့ဆန့်ကျင်ဘက် အလုပ်မဖြစ်ဘူးဆိုတဲ့ Article ကိုဖတ်ခိုင်းတယ်။ နောက်ဆုံးတစ်ဖွဲ့ကိုတော့ ဒေါသအကြောင်းမဟုတ်တဲ့ အခြားစာစောင်တစ်ခု ဖတ်ခိုင်းတယ်။

ပြီးတော့ ကျောင်းသားတွေကို ကိုယ်ဝန်ဖျက်ချတဲ့အကြောင်း ထောက်ခံသလား၊ ကန့်ကွက်သလား ဆိုတာ… ကိုယ့်ရဲ့ Opinion တစ်ခုရေးဖို့ ပြောလိုက်တယ်။ ခုရေးတဲ့ Essay ကို တခြားကျောင်းသားတစ်ယောက်က အမှတ်ပေးလိမ့်မယ်လို့ ပြောလိုက်တယ်။
သူတို့ ဘာရေးထားထား တစ်ဝက်က ကောင်းတယ်… ဆိုပြီး Feedback ရတယ်။ ကျန်တစ်ဝက်ကတော့ “ဒီလောက်ညံ့တဲ့ Essay မဖတ်ဖူးသေးဘူး” ဆိုပြီး ပြန်လာတယ်။ (Psychologist တွေ လုပ်လိုက်ရင် ရိုက်ပေါက်တွေလိုပဲ…)

ဒါနဲ့ အနားယူဖို့ Activity တစ်ခုဆက်ရွေးခိုင်းတယ်။ စာအုပ်ဖတ်မလား၊ ဟာသကြည့်မလား၊ ဂိမ်းကစားမလား၊ သဲအိတ်ကိုထိုးမလား ရွေးခိုင်းတယ်။ ဒေါသကို ဖွင့်ထုတ်လိုက်ရင် အလုပ်ဖြစ်တယ်ဆိုတဲ့ စာကို ဖတ်ထားဖူးတဲ့သူတွေက သဲအိတ်ကို ထိုးမယ်ဆိုပြီး ရွေးကြတာများတယ်။ ချီးကျူးခံရတဲ့လူတွေကတော့ တခြား Activity တွေကို ရွေးကြတယ်။

ဒီတော့… ပြောလို့ရတာက ဒေါသကို Vent လုပ်တာ သက်သာတယ်လို့ ထင်ရင် ဒီလိုဆက်လုပ်ဖို့ တွန်းအားဖြစ်စေတာပေါ့

ဒါပေမယ့် ဒီလောက်နဲ့ မပြီးသေးပါဘူး။ ကျောင်းသား နောက်တစ်သုတ်ကို ထပ်စမ်းပါတယ်။ ဒီတစ်ခါတော့ လက်စားချေချင်ရင် ချေလို့ရအောင်လို့ ပြင်ပေးထားပါသေးတယ်။ Feedback မှာ “တော်တော်ညံ့တာပဲ” လို့ ရထားတဲ့လူတွေကို အခုတစ်ခါ ၂ဖွဲ့ခွဲလိုက်ပါတယ်။ ၁ဖွဲ့ကို သဲအိတ်ထိုးခိုင်းပြီး နောက်တစ်ဖွဲ့ကို ဒီတိုင်းထိုင်စောင့်ခိုင်းပါတယ်။

ကိုယ့်ကို Grade လုပ်တဲ့ကျောင်းသားနဲ့ ပြန်ပြိုင်ခိုင်းပါတယ်။ မီးလင်းလာရင် ခလုတ်ကို အမြန်ဆုံးနှိပ်ဖို့ပါ။ ကိုယ်က အမြန်ဆုံးနှိပ်နိုင်ရင် တစ်ဖက်လူကို နားငြီးတဲ့အသံကြီးနဲ့ နှိပ်စက်မှာပါ။ အသံအတိုးအကျယ်ကို Level 0 to 10 ကိုယ့်ဘာသာရွေးချယ်နိုင်ပါတယ်။ Level 10 ဟာ 105 Decibel ရှိပါတယ်… ဘေးနားမှာ ဒရမ်လာတီးနေသလောက်ကို နားငြီးပါတယ်။ (ဒီလိုဆိုရင်တော့ ဆော်ပြီလေ…)

သဲအိတ်ထိုးတဲ့ကောင်တွေက 8.5 Decibel အထိတိုးပြီး တစ်ဖက်လူကို နှိပ်စက်ကြပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေရတဲ့သူတွေက 2.5 Decibel လောက်ထိပဲတိုးကြပါတယ်။
တွေးလို့ရတာက ဒေါသကို Vent လုပ်တာဟာ တကယ်သာကောင်းတယ်ဆိုရင် ခုလိုမျိုး လက်စားချေဖို့ ရွေးကြမှာမဟုတ်ပါဘူး။ ဒါ့အပြင် ထိုင်စောင့်လိုက်ရတဲ့လူတွေဟာ ဒေါသပြေသွားတဲ့အတွက် သူတို့ကို ညံ့တယ်လို့ Grade လုပ်ထားတဲ့သူကို ဒုက္ခမပေးတော့တာပါ။

ဒီလောက်နဲ့ မကျေနပ်ကြသေးပါဘူး။ စမ်းသပ်မှုကို နည်းနည်းလေး ထပ်ပြီး ကွန့်ပါသေးတယ်။ သဲအိတ်ထိုးတဲ့ကောင်တွေကို ထမင်းစားခန်းထဲခေါ်ပြီး Sauce ပေးတဲ့အခါ ဒီကောင်တွေက အများကြီး ညှစ်ပြီးယူသွားတယ်လို့ဆိုတယ်။ ဒါ့အပြင် Ch _ _ e ဆိုတဲ့စာကို ဖြည့်ခိုင်းတဲ့အခါ သူတို့က Choke (လည်ပင်းညှစ်) တာကို ပိုဖြည့်ကြပြီး ထိုင်စောင့်ရတဲ့ကောင်တွေက Chase ဆိုတာမျိုးပဲ ဖြည့်ကြတယ်လို့ ဆိုတယ်။ (တော်တော်ဒေါင့်စေ့အောင် စမ်းသပ်ထားတာပါ…)

ဒီလိုမျိုးကို အကြိမ်ကြိမ်လူပေါင်းများစွာနဲ့ စမ်းသပ်ခဲ့ပေမယ့် အဖြေကတော့ မပြောင်းပါဘူး။ ဒါကြောင့် ဒေါသထွက်ရင် ဖောက်ခွဲပစ်လိုက်တာ ကောင်းတယ်ဆိုပြီး လက်ခံထားရင် အဲ့ဒါကို ပိုလုပ်မိတတ်တယ်။ ဒါပေမယ့် ဒီလိုလုပ်လို့ ဒေါသပြေမသွားဘဲ ကိုယ်ပဲ စိတ်ကြမ်းလူကြမ်းဖြစ်လာစေတယ်။

ဒေါသကို Vent လုပ်တာဟာ ဆေးသုံးသလိုပဲလို့ဆိုတယ်။ အမြဲတမ်းလုပ်မိနေတဲ့အခါ လူက စွဲလမ်းသွားတတ်တယ်။ ဥပမာ ကိစ္စတစ်ခုကို မှားတယ်ဆိုပြီး အထောက်အထားမခိုင်လုံဘဲ လာပြောတဲ့လူတစ်ယောက်ကို ကိုယ်က အချက်အလက်အထောက်အထားနဲ့ ရှင်းပြတဲ့အခါ ဖြစ်တဲ့ခံစားချက်မျိုးပေါ့။ (စဆရကတွေကို စဆရက ပြန်လုပ်ရလွန်းလို့ ဒီခံစားချက်ကို တော်တော်ရင်းနှီးနေပြီ)

မဟုတ်တမ်းတရားတွေလာပြောပြီး သူခိုးကလူပြန်ဟစ်တဲ့စကားတွေပြောလို့ ဒေါသထွက်ပေမယ့် သူတို့ဘယ်လောက်မှားနေကြောင်း ဒေါသနဲ့ပြောလိုက်ရတဲ့အခါ စိတ်ကျေနပ်တဲ့ခံစားမှုလေး တစ်ခုကျန်ခဲ့တယ်။
ဒါကြောင့် ဒေါသဟာ စွဲလမ်းမှုကိုဖြစ်စေတယ်ဆိုတာကို မငြင်းချင်ပါဘူး။

အသေးအဖွဲ အဆင်မပြေတာလေးတွေကိုတောင် လူတိုင်း ဒေါသထွက်တတ်ပါတယ်။ ဒီအဆင့်ရောက်လာရင် ဒေါသခေါ်တဲ့နောက်ကို လိုက်သွားမလား…၊ စိတ်ငြိမ်အောင် ခဏတဖြုတ်လောက် လုပ်မလားဆိုတာ ကိုယ့်အပေါ်ပဲမူတည်ပါတယ်။
ဒေါသနောက်လိုက်သွားရင်တော့ စိတ်တိုလိုက်… တစ်ခုခုကို ထိုးလိုက်…၊ ဒေါသထွက်လာလိုက်… ခေါင်းအုံးထဲကို ကုန်းအော်လိုက်… နဲ့ ကိုယ်ဟာ ဒေါသကြီးတဲ့သူအဖြစ် လူတွေကြားမှာ နာမည်ရသွားမှာပါ။

ဒါကြောင့် ဒေါသထွက်လာရင် စိတ်ငြိမ်အောင် လုပ်ပါ။ ဒေါသထွက်စေတဲ့ကိစ္စကို ခဏလောက် မစဉ်းစားပါနဲ့။ ချက်ချင်းမတုံ့ပြန်ပါနဲ့။
ဒီလိုလုပ်တာဟာ ရှောင်ပြေးတာမဟုတ်ပါဘူး။ ဒေါသတွေပါနေရင် ဦးနှောက်က Rational ဖြစ်ဖို့ခက်ခဲလို့ပါ။

ဒေါသထွက်လိုက်ရတာ ကောင်းပေမယ့် နောက်ဆက်တွေက မကောင်းတာမို့ အတတ်နိုင်ဆုံးရှောင်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သူများအတွက်ပါ… ဆိုတာရဲ့ နောက်ကွယ်

မြန်မာနိုင်ငံမှာ အနီ၊ အစိမ်းပြဿနာ ရှိခဲ့တာ ကြာခဲ့ပါပြီ။ ခုဆိုရင် အပြာပါ ထပ်တိုးလာပါတယ်။ ဒါပေမယ့် အပြာက သက်တမ်းနုသေးလို့ သူ့ကို ခဏဖယ်ထားလိုက်ပါမယ်။
အနီတွေက အစိမ်းတွေကို ပထွေးအားပေးအနေနဲ့ မြင်ကြပါတယ်။ ဒီလောက် ယုတ်မာရိုင်းစိုင်းနေတာကို ဘာလို့များ အစိမ်းကို ထောက်ခံနေရသလဲဆိုပါတော့…။
အစိမ်းတွေကလည်း အစိမ်းကိုကြိုက်တာမှာ သူတို့ Reason တွေနဲ့သူရှိကြပါတယ်။ (Rational ဖြစ်မဖြစ်ကိုတော့ မပြောချင်ပါဘူး)

သူတို့ကလည်း အနီတွေကို အများယောင်လို့လိုက်ယောင်တယ်၊ ပိန်းတယ်၊ မိန်းမနောက်လိုက်တယ် (ဒါကတော့ Misogynistic ဖြစ်ပါတယ်) စသဖြင့် မြင်ကြပါတယ်။ ဘာလို့များ အနီကိုထောက်ခံနေလဲဆိုပြီး တွေးကြမှာပါ။ အနီတွေကိုလည်း အနီကြိုက်ရခြင်းအကြောင်းမေးကြည့်ရင် တစ်ထောင့်တစ်ညပုံပြင်တွေလို ပြောပြနိုင်ကြပါလိမ့်မယ်။

ဒီတော့ ၂ဖက်လုံးဟာ အခြားတစ်ဖက်က တော်တော်ပိန်းတယ်လို့ ထင်ကြပါတယ်။ လမ်းမှားကို ပို့ဖို့လွယ်လိုက်တာကွာ… ယုံလွယ်လိုက်တာကွာ… ဆိုပြီး မယုံနိုင်လောက်အောင် ဖြစ်နေတတ်ကြတယ်။ ဒီနေရာမှာ ဘယ်ဟာက မှန်တယ်၊ မှားတယ်ဆိုတာမျိုး ထည့်မပြောဘဲနဲ့ နှစ်ဖက်လုံးကလူတွေရဲ့ ခေါင်းထဲက အတွေးကို ပြောချင်ပါတယ်။ ဒါကြောင့် အရောင်စွဲရှိရင်ခဏလေး မေ့ထားပေးပါ။

လူတွေက သူတို့ကိုယ်သူတို့ နိုင်ငံရေးသမားတွေ လှိမ့်တိုင်း မလိမ့်တတ်ဘူး၊ အညာခံရဖို့ မရှိဘူး၊ ဒီလိုကိစ္စတွေကို Susceptible မဖြစ်ဘူး စသဖြင့် ထင်ထားတတ်ကြတယ်။ ဒါပေမယ့် တခြားလူတွေမှာတော့ ဒီလိုဖြစ်နိုင်တယ်လို့ မြင်တယ်။
ဥပမာ ဆေးလိပ်မသောက်ဖို့ ပြောတဲ့ဆရာဝန်ဟာ သူကိုယ်တိုင်တော့ သောက်ချင်သောက်မိနေလိမ့်မယ်၊ သူ့ရဲ့ Excuse က ငါဖြတ်ချင်ရင် လွယ်လွယ်နဲ့ဖြတ်လို့ရတယ်။ သူများတွေကတော့ ဖြတ်ဖို့လွယ်မှာမဟုတ်ဘူး ဆိုတာမျိုး…။

ကြမ်းတမ်းတဲ့ ဂိမ်း (Violent Video Games) တွေ ကစားတဲ့အခါ စိတ်ကြမ်းလူကြမ်းဖြစ်လာလိမ့်မယ် ဆိုပြီး အရင်တစ်ခေတ်က ပြောခဲ့ဖူးတာ မှတ်မိကြဦးမှာပါ။ အဲ့တုန်းက PS2 ဆိုင်တွေမှာ GTA ဆော့ကြတာများတော့ လူကြီးတွေက သတိပေးကြတာပါ။
နိုင်ငံခြားမှာလည်း ဒီပြဿနာ အကြီးအကျယ်တက်ပါတယ်။ အဲ့တော့ သူတို့ကိုင်ပေါက်ကြတာက “ကလေးတွေ စိတ်ကြမ်းလူကြမ်းတွေ ဖြစ်ကုန်မယ်… ဒါကြောင့် ဒီ Game ကို Censor လုပ်သင့်တယ်” ဆိုတာပါ။ (ခုတော့ ဒါဟာ မဟုတ်မှန်း လေ့လာမှုတွေအရ ဆိုပါတယ်)
ပြောချင်တာက စိတ်နုတဲ့ကလေးတွေ ဒုက္ခရောက်လိမ့်မယ်၊ ငါတို့တော့မပါဘူး ဆိုပါတော့။

ဒါကြောင့် ကိစ္စတစ်ခုကို Warning ထုတ်စေချင်တဲ့အခါ လူတွေက သူတို့ကိုသက်ရောက်လို့မဟုတ်ဘဲ တခြားလူတွေဒုက္ခရောက်မှာ ကြောက်လို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပဲ ပြောတတ်ကြပါတယ်။ ဒါကို Third Person Effect လို့ခေါ်တယ်။
ကိုယ့်ကို လွယ်လွယ်နဲ့လှည့်စားလို့မရဘူး၊ စိတ်ကြမ်းလူကြမ်းဖြစ်အောင် လုပ်လို့မရဘူး။ ဒါပေမယ့် သူများတွေကတော့_____ ဆိုတဲ့သဘောမျိုးပါ။

ဥပမာ တစ်ခုနဲ့ပြောချင်ပါတယ်။ Facebook ပေါ်မှာ မတည့်တဲ့အဖွဲ့နှစ်ဖွဲ့ရန်ဖြစ်ကြတယ်ဆိုပါတော့…။ Kpop ဖြစ်ဖြစ်၊ Marvel Vs DC ဖြစ်ဖြစ်၊ အနီနဲ့အစိမ်းဖြစ်ဖြစ် တစ်ခုခုပေါ့။
အဲ့ဒီအခါမှာ ဟိုဘက်အဖွဲ့ကပြောနေတာတွေဟာ မမှန်ဘူး… ဒါကြောင့် ဒီကိစ္စကို ချေချေမြစ်မြစ် မသိသေးတဲ့လူတွေ ဝိဝါဒကွဲပြားကုန်နိုင်တယ်… ဒီအတွက် သူတို့ကို Ban သင့်တယ်လို့ တွေးမိကြမှာပါ။ ဟိုဘက်အဖွဲ့ကလည်း ဒီအတိုင်းပဲ တွေးနေကြမှာပါ။
ဒါဟာ မှန်ခြင်း၊ မှားခြင်း လေ့လာထားတာ မရှိနေဘဲ Personal Preference တွေကို ငြင်းခုန်နေကြတာဖြစ်တယ်။

လေ့လာမှုတွေအရတော့ လူအများစုဟာ လူအများစုနဲ့မတူဘူးလို့ သူတို့ကိုယ်သူတို့ ထင်ကြတယ်။ ကိုယ့်ကိုကိုယ် ဒီလိုထင်တဲ့အခါ Facebook ပေါ်မှာ တွေ့နေရတဲ့ အလိမ်အညာဇာတ်လမ်းတွေဟာ တခြားလူတွေအတွက် ဖြစ်ရမယ်လို့ တထစ်ချကောက်ချက်စွဲလိုက်တာပါပဲ။

ရယ်စရာကောင်းတာက False Information တွေကို မရှယ်ကြပါနဲ့ ပြောတဲ့သူတွေဟာ သူတို့ကိုယ်တိုင်ပဲ သူတို့နားမလည်တဲ့ နယ်ပယ်တစ်ခုက False Information တွေကို Share နေမိတတ်တယ်ဆိုတာပါ။
ဒါဟာ မသိလို့ Share တာပဲလို့ Excuse ပေးလို့ရပေမယ့် သူတို့ကိုယ်တိုင် အမှားတွေမရှယ်ဖို့ ပြောထားခဲ့တော့ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဘာသာ Contradict လုပ်လိုက်သလိုပါပဲ။

Third Person Effect က တစ်ဖက်အဖွဲ့ကို သဘောမကျရင်ဖြစ်ဖြစ်၊ ကိုယ်စိတ်မဝင်စားတဲ့ကိစ္စတစ်ခု အကြောင်းပဲဖြစ်ဖြစ် ပုံမှန်ထက် ပိုများတတ်တယ်။
ဒါပေမယ့် ဒါကို နေရာတကာမှာ အသုံးချလို့ရတာမျိုးတော့ မဟုတ်ပါဘူး။
Third Person Effect ကိုသေချာရှင်းအောင်ပြောရရင် အကုန်လုံးဟာ အတူတူနဲ့အနူနူပေမယ့် တစ်လုံးပိုရှုချင်ကြတဲ့ သူတွေလိုပါပဲ။
ဒီ Effect ကို နိုင်ငံရေးမှာ တွေ့ရများပါတယ်။

Censorship လုပ်စေချင်တာလည်း ဒီသဘောတွေပါပါတယ်။ မဘသ ဘုန်းကြီးတွေ အမျိုးဘာသာ သာသနာစောင့်ရှောက်မယ်ဆိုပြီး ဘာသာခြားတွေကို ကိုယ်ထိလက်ရောက်နှိပ်ကွပ် စော်ကားတတ်ကြပါတယ်။ သူတို့ရဲ့ Excuse ကတော့ တခြားဘာသာတွေ မြန်မာပြည်မှာ ပြန့်ကျဲကုန်မယ်… ဗုဒ္ဓဘာသာပျောက်သွားမယ်… တဲ့။
သူတို့စားပေါက်ပျောက်သွားမှာ ကြောက်တာမဟုတ်ဘူးနော်… ဘာသာခြားတွေကြောင့် ဗုဒ္ဓဘာသာကွယ်ပျောက်သွားမှာ ကြောက်တာ…။

တကယ်သာ ဗုဒ္ဓဘာသာပျောက်မှာကြောက်ရင် ခရစ်ယာန်သာသနာပြုတွေလို တောင်တန်းဒေသတွေထိ ဒုက္ခခံသွားနေပြီး သာသနာပြုလို့ရပါတယ်။ အဲ့လိုမလုပ်နိုင်ရင်တောင် ဗုဒ္ဓဘာသာပြန့်ပွားရေးကို စွမ်းစွမ်းတမံ အားထုတ်လို့ရပါတယ်။ ဘာသာခြားတွေကို စော်ကားတာဟာ သာသနာကို စောင့်ရှောက်တာပါဆိုတဲ့ အမြင်မျိုးကတော့ ဘယ်ပေတံနဲ့တိုင်းတိုင်း လွဲပါတယ်။ ဒါလည်း Thrid Person Effect ပါပဲ။

ဒါကြောင့် ကိုယ့်အနေနဲ့ တစ်ဖက်လူပြောတာတွေကို ပိတ်ပင်သင့်တယ်လို့ တွေးမိတဲ့အခါ သေချာပြန်စဉ်းစားပါ။ ကိုယ့်ရဲ့အကျိုးစီးပွားတစ်ခုခု၊ ယုံကြည်မှုတစ်ခုခုနဲ့ ဆန့်ကျင်နေလို့များ ကိုယ်က သူပြောတာကို ပိတ်ပင်စေချင်တာလား ဆိုတာ ပြန်သုံးသပ်ပါ။
သူပြောနေတဲ့စကားတွေကို ထောက်ပံ့နေတဲ့ အထောက်အထား ဘာတွေရှိလဲ ဆိုတာ ကြည့်ပါ။
အဲ့ဒါနဲ့ တစ်ခုမှ မငြိရင်တော့ သူပြောတာကို ကိုယ်ဆန့်ကျင်ရခြင်းသည် Rational ဖြစ်တယ်လို့ ယေဘုယျတွေးနိုင်ပါတယ်။ တစ်ခုခုနဲ့ ငြိနေရင်တော့ Third Person Effect ကြောင့်ဖြစ်နေနိုင်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

နှိုင်းယှဉ်ပြီးပဲတွေးတတ်တဲ့ လူတွေအကြောင်း

ဒီစာမှာ Relativity အကြောင်းရေးပြချင်ပါတယ်။ Einstein ရဲ့ Relativity မဟုတ်ပါဘူး၊ ဒါက စိတ်ပညာ Relativity ပါ။
ဆိုလိုချင်တာက လူတွေဟာ အရာရာကို နှိုင်းယှဉ်ပြီးတော့ပဲမြင်တတ်တယ်၊ ပကတိတန်ဖိုးကို မမြင်တတ်ကြဘူးဆိုတာပါ။ (အရင်က ဒါမျိုး ခပ်ဆင်ဆင် တစ်ပုဒ်ရေးခဲ့ဖူးပါတယ်၊ ဘယ်မှာရေးခဲ့မှန်းမသိလို့ Link မထည့်ပေးတော့ပါဘူး)

အောက်မှာပြထားတဲ့ပုံကိုကြည့်ပါ။ Economist သတင်းစာရဲ့ Subscription Fees တွေ အကြောင်းရေးထားပါတယ်။

အင်တာနက်ကနေ Digital Version ကို ၁နှစ်စာယူရင် $59 ကျမယ်။ သတင်းစာပဲယူရင် ၁နှစ်ကို $125 ကျမယ်။ ထူးခြားတာက တတိယ Option ပါ။ အင်တာနက်ကနေရော သတင်းစာရော ၂ခုလုံးယူရင် $125 ကုန်မယ်။ ကိုယ်သာဆို ဘယ်ဟာကိုရွေးမလဲ?

တကယ်သာ စျေးသက်သာတာလိုချင်ရင်တော့ ပထမ Option က အတန်ဆုံးပဲ။ ဒါပေမယ့် သတင်းစာကိုင်ပြီးဖတ်ချင်တဲ့သူဆိုရင် တတိယ Option က တန်တာပေါ့… မဟုတ်ဘူးလား။ အင်တာနက်ကနေ Digital Version တစ်ခုပါ Free ရမှာလေ။

ဒါကိုဆက်မပြောခင် လူတွေက ကိုယ်ဘာလိုချင်သလဲဆိုတာ သေချာ မသိကြဘူးလို့ဆိုတယ်။ ဥပမာ ဘယ် TV ကိုဝယ်ရမလဲ၊ ဘယ်ကားကိုဝယ်ရမလဲ မသိကြဘူး။ ဒါပေမယ့် TV ဝယ်ဖို့သွားတဲ့အခါ အစောပိုင်းပြတဲ့ TV တွေနဲ့ နောက်မှပြတဲ့ TV တွေနဲ့ကို နှိုင်းယှဉ်ပြီး သင့်တော်မယ်ထင်တာကို ရွေးတတ်ကြတယ်။ ကိုယ်က online ပေါ်ကနေ ကြိုလေ့လာပြီး သွားတယ်ဆိုရင်တောင်မှ Online ပေါ်မှာ ကြိုကြည့်ခဲ့တဲ့ TV ၁၀ မျိုးလောက်ထဲကနေ အသင့်တော်ဆုံးကို ရွေးတတ်တယ်။ ဒီတော့ အရာရာကို နှိုင်းယှဉ်ပြီး ရွေးချယ်နေကြတာပေါ့

အဲ့ဒီအခါမှာ ထူးခြားတာတစ်ခုထပ်တွေ့ရတယ်။ အောက်က ဥပမာကိုကြည့်ပါ။
၃၆ လက်မ Panasonic TV ကို $690
၄၂ လက်မ Toshiba TV ကို $850
၅၀ လက်မ Philips TV ကို $1480
ကိုယ်သာ TV ဝယ်မယ်ဆို ဒီ Information ကိုကြည့်ပြီး ဘယ် TV ကိုဝယ်မယ်လို့ ဆုံးဖြတ်မလဲ?

ကျွန်တော်ကတော့ အလယ် Option က အကောင်းဆုံးပဲလို့တွေးမိတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် Brand မတူ၊ လက်မ မတူတဲ့ TV ၃လုံးကို နှိုင်းယှဉ်ဖို့ဆိုတာ လွယ်မှမလွယ်တာ…။ ဒါပေမယ့် လူတွေက ဒီလိုမျိုး ရှုတ်ရှုတ်ထွေးထွေးဖြစ်လာတဲ့အခါ အလယ် Option ကိုပဲ ကြားချပြီး ရွေးချယ်တတ်တယ်။

အပေါ်က သတင်းစာ Subscription ကို ကျောင်းသား ၁၀၀ နဲ့ စမ်းသပ်ကြည့်လိုက်ပါတယ်။ ၁၆ ယောက်က ပထမ Option ကိုရွေးကြပါတယ်။ (ကပ်စေးနဲတဲ့သူတွေဖြစ်မယ်ထင်တယ်…) ဒုတိယ Option ကို တစ်ယောက်မှ မရွေးကြဘူး။ တတိယ Option ကိုတော့ ၈၄ ယောက်က ရွေးတယ်။

အဲ့ဒါနဲ့ နောက်တစ်နည်းပြောင်းစမ်းလိုက်တယ်။ ဒုတိယ Option ကိုဖြုတ်လိုက်တာပါ။ ဒီအခါမှာတော့ ၆၈ ယောက်က ပထမ Option (စျေးပေါတာ) ကို ရွေးသွားပြီး ၃၂ ယောက်ကတော့ သတင်းစာရော၊ အင်တာနက်ကပါ ဖတ်လို့ရမယ့် Option ကိုရွေးသွားကြတယ်။ စဉ်းစားကြည့်ရင် ဒုတိယ Option ကိုဖြုတ်လိုက်တာနဲ့ ဒီ Option ကိုရွေးတာဟာ ၈၄ ယောက်ကနေ ၃၂ ယောက်ထိ သိသိသာသာကြီးကို ထိုးဆင်းသွားတာပေါ့။
ဒါကြောင့် လူတွေက အရာရာကို နှိုင်းရအမြင်နဲ့ပဲမြင်တယ်လို့ ပြောတာပါ။

အောက်က ပုံကိုကြည့်လိုက်ပါ။

အလယ်က ဘောလုံးရဲ့ Size က မပြောင်းပေမယ့် စိတ်ထဲမှာတော့ သူ့ဘေးက ဘောလုံးတွေကိုကြည့်ပြီး ပိုသေးတယ် (သို့) ပိုကြီးတယ်လို့ ခံစားရစေပါတယ်။

ဒီအချက်ကို အသုံးပြုပြီး လူတွေကိုလှည့်စားကြတော့တာပေါ့။ ပထမဦးဆုံးပေးခဲ့တဲ့ ဥပမာမှာဆိုရင် သတင်းစာသီးသန့်ရတဲ့ ဒုတိယ Option က အတုယောင်ကြီးပါ။ သူတို့ရည်ရွယ်တာကိုက တတိယ Option ကို ရွေးချယ်စေချင်တာပါ။ ဒါပေမယ့် ဒုတိယ Option မပါဘဲ လူတွေကိုပြလိုက်ရင် သူ့ကိုသိပ်မရွေးကြတော့ ခုလိုမျိုးပြောင်းပြီး ကြံစည်ကြတာပါ။ ဒါကို Decoy Effect လို့ခေါ်ပါတယ်။ ဒုတိယ Option ဟာ အစကတည်းက လှည့်ဖျားဖို့ရည်ရွယ်ပြီး ထည့်ထားတာပါ။

ဆိုတော့ Decoy တစ်ခုထည့်ထားလိုက်ခြင်းအားဖြင့် ကိုယ်ရောင်းချင်တာကို တန်ဖိုးတက်အောင်၊ စိတ်ဝင်စားလာအောင် လုပ်လို့ရပါတယ်။
ဥပမာ ကိုယ်က Travel Agency ကဆိုပါတော့။ ကျိုက်ထီးရိုးကို ၂ညအိပ် ၃ရက်ခရီးစဉ်ရှိတယ်… ငွေဆောင်ကိုလည်း ၂ညအိပ် ၃ရက်ခရီးစဉ်ရှိတယ်။ ပါတဲ့ Service က ၂ခုလုံးမှာ တူတူပဲ။ ဒါဆိုရင် ဝယ်မယ့်သူက နည်းနည်းရွေးရခက်နိုင်တယ်။
ကိုယ်ကလည်း ကမ်းခြေကို ရွေးတဲ့သူတွေများနေတော့ ကျိုက်ထီးရိုးကို ရွေးစေချင်တယ်ဆိုပါတော့။ ဒါဆိုရင် လုပ်လို့ရတာက Decoy တစ်ခုထည့်လိုက်ရုံပါပဲ။

ကျိုက်ထီးရိုး ၂ညအိပ် ၃ရက်ခရီးကို ရွေးစေချင်တဲ့အတွက် Decoy ကိုလည်း ကျိုက်ထီးရိုးခရီးစဉ်ကိုပဲ ထည့်ရမှာပါ။ ဥပမာ 5 Star Hotel မှာထားမယ်ဆိုတဲ့ Package ရယ်၊ 3 Star Hotel မှာပဲ ထားမယ်ဆိုတဲ့ Package ရယ်ဆိုပြီး ၂မျိုးခွဲလိုက်တာမျိုးပေါ့။ ဒီ ၂ခုရဲ့ ငွေကြေးကလည်း အရမ်းမကွာသင့်ဘူး…။

ဒါဆိုရင် Customer အနေနဲ့ ရွေးစရာ ၃ခုရသွားပြီ။ 5 Star Hotel ကျိုက်ထီးရိုး၊ 3 Star Hotel ကျိုက်ထီးရိုး၊ ငွေဆောင် ဆိုပါတော့။ ဒီလိုမျိုးယှဉ်လာခဲ့ရင် လူတွေက 5 Star က 3 Star ထက်ပိုကောင်းတယ်လို့တွေးမိသလိုပဲ ဒီ 5 Star ကျိုက်ထီးရိုးဟာ ငွေဆောင်ထက်လည်း ပိုကောင်းတယ်လို့ တွေးမိသွားတတ်ကြတယ်။

လူတွေက ဘယ်သူနဲ့ Date မလဲဆိုတာမျိုူးကိုပါ ဒီလိုမျိုး နှိုင်းရအမြင်နဲ့ရွေးချယ်တတ်ကြတယ်။ စမ်းသပ်ထားတာတွေရှိပေမယ့် စာရှည်မှာကြောက်လို့ ထည့်မရေးတော့ပါဘူး။
စမ်းသပ်ထားတဲ့လူတွေရဲ့ ၇၅% က Decoy Effect ကြောင့် စမ်းသပ်သူရွေးစေချင်တဲ့ လူကိုရွေးချယ်သွားကြပါတယ်။

ဒီတော့ ကိုယ့်သူငယ်ချင်းက သူဖွန်ကြောင်နေတဲ့ကောင်မလေးကို သွားပိုးပန်းတဲ့အခါ ကိုယ့်ကိုအဖော်ခေါ်နေရင် အကောင်းမထင်ပါနဲ့။ Decoy အဖြစ်နဲ့ ကိုယ့်ကို အသုံးချနေတာဖြစ်နိုင်ပါတယ်။ ကောင်မလေးမျက်စိထဲမှာတော့ လူ ၂ယောက်ကိုမြင်တဲ့အခါ ဒီ ၂ယောက်ကိုပဲ နှိုင်းယှဉ်ပြီး ဆုံးဖြတ်မှာပါ။

အတွဲတွေ သွားတွေ့ကြတဲ့အခါ သူငယ်ချင်းကို Third Wheel အဖြစ်နဲ့ခေါ်သွားတာတွေ ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။ အဲ့ဒီအခါမှာလည်း ငါဟာ Decoy အဖြစ်နဲ့ သူတန်ဖိုးပိုတက်အောင် အသုံးချခံနေရတာလား ဆိုတာ တွေးမိစေချင်ပါတယ်။

မင်္ဂလာဆောင်တွေမှာ သတို့သမီးထက် ပိုပြီးတောက်ပြောင်နေအောင် မဝတ်သင့်ဘူးဆိုတဲ့ အမြင်မျိုးရှိကြပါတယ်။ ဒါလည်း ဒီသဘောပါပဲ။ သူ့ထက်ကိုယ်က ပိုပြီး တောက်ပြောင်နေတဲ့အခါ သူက Decoy ဖြစ်သွားပြီး လူတွေရဲ့ Attention က ကိုယ့်ဆီရောက်လာနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်တွေ သွားကြတဲ့အခါ အဝတ်အစား၊ အပြင်အဆင်ကို ဂရုစိုက်သင့်ပါတယ်။ (အမြင်ကတ်လို့ တမင် လုပ်ချင်ရင်တော့ မပြောတတ်ဘူး…)

လူတွေဟာ ကိုယ့်မှာရှိသလောက်နဲ့ မရောင့်ရဲနိုင်ကြတာလည်း ဒီသဘောရှိပါတယ်။ ကိုယ်က စားနိုင်သောက်နိုင် ဝတ်နိုင်စုနိုင်ဆိုရင် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အပေါင်းအသင်း မိတ်ဆွေတွေက နိုင်ငံခြားကနေပြီး သူတို့ ဘယ်လိုဝင်ငွေရကြောင်း၊ ဘယ်လောက်အဆင်ပြေကြောင်း ပြောတဲ့အခါ ကိုယ့်ရဲ့ရောင့်ရဲစိတ်ကို လာပြီး ဒုက္ခပေးတတ်ပါတယ်။
ငါလည်း သူတို့လို လုပ်မှထင်တယ်… ဆိုတာမျိုးတွေ တွေးလာမိတတ်တယ်။ တကယ်တော့ နှိုင်းယှဉ်ပြီး တွေးတတ်တဲ့စိတ်က ဒုက္ခပေးနေတာပါ။

ဒါကိုဖြေရှင်းဖို့အတွက် နည်းလမ်းရှိပါတယ်။ ဝမရှိဘဲ ဝိမလုပ်ပါနဲ့…။ ကိုယ်ဘာကို လိုချင်လဲဆိုတာ သေချာသိပါ။ ရောင့်ရဲပါ။ ကိုယ်ဟာ သူများအသုံးချခံ ဖြစ်မှန်းမသိဘဲ ဖြစ်နေလားဆိုတာ ကိုယ့်ဘာသာပြန်သုံးသပ်ပါ။
သူငယ်ချင်း အချင်းချင်းအဖော်လိုလို့ Third Wheel အဖြစ် ကိုယ့်ကိုခေါ်တဲ့အခါ ကိုယ်ဟာ Decoy ဖြစ်နေမလားဆိုတာ သတိပြုကြပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Delusion, Hallucination နဲ့ Illusion တို့အကြောင်း

စိတ်ပညာအကြောင်းပြောကြတဲ့အခါ စကားလုံး ၃လုံးကို ကွဲကွဲပြားပြားသိဖို့လိုလာပါတယ်။

Delusion ဆိုတာဘာလဲ။
Hallucination ကရော ဘာလဲ။
Illusion နဲ့ရော ဘာကွာခြားသလဲ။

Delusion ဆိုတာ ဗမာလိုဆိုရင် ယုံမှားခြင်းလို့ဆိုကြပါတယ်။
အယူအဆအမှားတခု အတွေးအခေါ်မှားတခုကို မှားယွင်းစွာယုံကြည်နေပြီး ဘယ်လိုမှအမှန်ပြင်မရတာကို Delusion လို့ဆိုပါတယ်။

Delusion ရနေတဲ့သူတွေက psychological disorder တွေနဲ့တွဲရှိနေတတ်ပါတယ်။
အထူးသဖြင့် စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါ (Schizophrenia) သမားတွေက Delusion အမျိုးမျိုးရှိတတ်ကြပါတယ်။

ဥပမာ ငါက တကယ်တော့ စကြဝတေးမင်းအလောင်းအလျာပဲ… မင်းတို့အကုန်လုံးငါ့ကိုခစားကြဆိုပြီး လျှောက်ပြောနေတဲ့ စိတ်ဝေဒနာရှင်တွေက Delusion of grandiose ရနေတာပါ။ သူများတွေထက် မြင့်မြတ်တယ်၊ ပိုပြီးအစွမ်းထက်တယ်ဆိုပြီး နားထင်သွေးရောက်နေတဲ့သူတွေပါ။

Delusion of jealousy ဆိုတာကကျ
ကိုယ့်ရဲ့အိမ်ထောင်ဖက် (သို့) ချစ်သူက ဖောက်ပြန်နေတယ်လို့ အမြဲတမ်းတွေးပြီး သစ္စာမရှိဘူးလို့ စွပ်စွဲနေတာမျိုးပါ။
ပတ်ဝန်းကျင်က ဝိုင်းရှင်းပြလဲ လက်မခံနိုင်ဘဲ အစွဲကြီးစွဲနေတာမျိုးပါ။

Hallucination ဆိုတာက သူများတွေမမြင်ရ မကြားရတာတွေကို မြင်နေကြားနေရတာပါ။ ဥပမာ ငရဲခွေးတွေသူ့နောက်လိုက်နေတယ်လို့ ကြောက်လန့်တကြားပြောနေပြီး သူများတွေကကျ ဘာမှမမြင်ရတာမျိုး၊ ငါ့အခန်းထဲမှာ လူတယောက်ယောက်နေတယ်… ငါ့ကိုစကားတွေလာလာပြောနေတယ်… ငါသူပြောတဲ့အတိုင်း လိုက်လုပ်နေရတယ်… စသဖြင့်ပြောပြီး တကယ်တမ်းကျ ဘယ်သူမှမရှိနေတာ စတာတွေက hallucination ရနေတာပါ။

Visual hallucination ဆိုရင် သူများမမြင်တာတွေမြင်ရပြီး Auditory hallucination ဆိုရင် သူများမကြားတဲ့အသံတွေကြားနေရတာမျိုးပါ။

ဘာကြောင့်ဖြစ်တတ်လဲဆိုရင် ဦးနှောက်ကိုထိခိုက်မိတဲ့အခါဖြစ်တတ်ပါတယ်။ တချို့အတက်ရောဂါတွေ (temporary lobe epilepsy) မှာလဲ ဖြစ်တတ်ပြီး စိတ်ကြွမူးယစ်ဆေးတွေသုံးရင်လဲ ဖြစ်တတ်ပါတယ်။

Psychiatric disorder တွေမှာလဲတွေ့ရလို့ Hallucination က တော်တော်နာမည်ကြီးတဲ့ကိစ္စတခုဖြစ်ပါတယ်။

နောက်ဆုံးတမျိုးကတော့ Illusion ပါ။
Illusion ကတော့ ရိုးရိုးလူတွေမှာလဲ ကြုံရတတ်ပြီး အလွယ်ဆုံးပြောရရင် မျက်လှည့်ဟာ illusion သဘောပါပဲ။ မျက်စိကိုလှည့်စားတာ အမြင်အာရုံကိုလှည့်ဖျားတာတွေအကုန်လုံးက illusion တွေဖြစ်ပါတယ်။

အမှောင်ထဲမှာဆို မြွေလို့ထင်နေပေမယ့် မီးထွန်းလိုက်တော့ ကြိုးစဖြစ်နေတာတို့ ညဖက်လှန်းထားတဲ့အဝတ်အစားတွေကို လူတယောက်လာရပ်နေသလို သရဲပဲရှိနေသလိုလိုမြင်နေတာက illusion ပါပဲ။

အမြင်အာရုံကိုမှောက်မှားစေတာတွေကို illusion လို့ခေါ်ခြင်းဖြစ်ပါတယ်။

အရောင်အမျိုးမျိုးမြင်နေရပေမယ့် အလုံးတွေက အရောင်တူတူပါပဲ။ ဒါကို Optical Illusion လို့ခေါ်တယ်။

ဒါဆိုရင် Delusion, Hallucination နဲ့ illusion တွေကိုရှင်းသွားလောက်ပြီထင်ပါတယ်။

Delusion နဲ့ Hallucination ကတော့ စိတ်ဝေဒနာသမားတွေမှာတွေ့ရပြီး Illusion ကတော့လူတိုင်းကြုံဖူးတတ်ပါတယ်။

Vector

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started