ထန်ခြင်းနောက်ကွယ်က စိတ်ပညာ

Science Nuts ကကောင်တွေ ရေးစရာမရှိတော့လို့ လျှောက်ရေးနေပြီ မထင်ကြပါနဲ့။ စိတ်ပညာအရ တကယ်စမ်းသပ်ထားတာ ရှိလို့ပါ။ ဖတ်ပြီးသွားရင် ဒွိဟအနည်းငယ်တော့ ဝင်သွားမယ်ထင်ပါတယ်။ (ဒါကိုလိုချင်တာပါ…)

လူတွေမှာ သာမန်အချိန်နဲ့ ထန်နေတဲ့အချိန် ၂မျိုးရှိတယ်ဆိုပြီး ပညာရှင်တွေက ခွဲခြားလိုက်ပါတယ်။ သာမန်အချိန်မှာတော့ မလုပ်သင့်၊ မဖြစ်သင့်တဲ့ကိစ္စတွေကို မေးရင် “မလုပ်ဘူး… ဘာလို့လုပ်ရမှာလဲ…” လို့ ဖြေတတ်ကြပါတယ်။ ဒီတော့ ထန်နေတဲ့အချိန်မှာရော ဘယ်လိုဖြေမလဲဆိုတာ ပညာရှင်တွေ စိတ်ဝင်စားကြပါတယ်။ ဒီတော့ ကောလိပ်ကျောင်းတစ်ခုကို သွားလိုက်ပါတယ်။

အသက် ၂ဝကျော်အရွယ်ရှိတဲ့ ယောက်ျား ၂၅ ယောက်ကို လိင်ကိစ္စနဲ့ဆိုင်တဲ့မေးခွန်းတွေ မေးကြည့်ပါတယ်။ မိန်းမတွေကို ဘာလို့မစမ်းတာလဲဆိုတော့ ယောက်ျားတွေက လိင်ကိစ္စနဲ့ ပတ်သက်ရင် ပိုပြီး ရိုးရှင်းလို့ပါလို့ ဆိုတယ်။ Material လည်း များများစားစား သိပ်မလိုပါဘူး။ Playboy တစ်အုပ်ဆိုရပါပြီ။

၂၅ ယောက်ထဲမှာ တော်တော်များများက “လူတော်” လို့သတ်မှတ်ရလောက်တဲ့ လူတွေများပါတယ်။ အနာဂတ်ရည်မှန်းချက်တွေလည်း ကြီးကြပါတယ်။
ပထမ Step အနေနဲ့ စမ်းသပ်သူတွေက Laptop တစ်လုံးသူတို့ဆီပေးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဖြေရမယ့် မေးခွန်းတွေပါပါတယ်။ (ဘာတွေမေးလဲဆိုတာ ပြီးရင် ပြောပါမယ်)
သူတို့ဖြေပြီးတဲ့အချိန်မှာ ပြန်ဆက်သွယ်ခိုင်းပါတယ်။ အဲ့ဒီအခါမှာ ၁၀ ဒေါ်လာရမှာပါ။ ဒါက “သာမန်” အခြေအနေမှာ ဖြေတဲ့အဖြေတွေကို စမ်းသပ်လိုက်တာပါ။

နောက်တစ်ကြိမ်ထပ်တွေ့တဲ့အချိန်မှာတော့ စမ်းသပ်သူတွေက တစ်ဆင့်တက်လိုက်ပါတယ်။ ခုတစ်ခါလည်း မေးခွန်းတွေ ထပ်ဖြေရမယ်… ဒါပေမယ့် ဒီတစ်ခါ Sexually Aroused ဖြစ်နေတဲ့အချိန်မှာ ဖြေရမယ်… လို့ပြောတယ်။ ပါဝင်ချင်ရင် ပါဝင်နိုင်တယ်ဆိုပြီး Choice ပေးပါတယ်။ ၁၀ ဒေါ်လာကို မက်တော့ အကုန်ပါကြတာပါပဲ။
ဒီတစ်ခါလည်း ထန်လာရင်ဖြေဖို့ Laptop တစ်လုံးပေးခဲ့ပါတယ်။ (ပြောတော့သာမြန်ပေမယ့် ဒီအဆင့်တွေကို ၃လလောက် ကြာအောင်စောင့်ပြီး စမ်းသပ်ထားတာပါ)

ဒီတော့ သာမန်အချိန်ဖြေတဲ့အဖြေတွေနဲ့ ထန်နေတဲ့အချိန်မှာ ဖြေတဲ့အဖြေ ၂မျိုးရလာပါတယ်။ အဲ့ဒီမှာ အံ့သြစရာကောင်းတာတွေ ပါလာပါတယ်။ (ဒီအဖြေတွေဟာ Sex Education မှာသုံးနိုင်ရင် တော်တော်ထိရောက်မှာပါ)

ဇယားနဲ့ဆွဲပြီးတော့ ပြောချင်ပါတယ်။ ဇယားက နည်းနည်းတော့ ရှည်ပါတယ်။ (သိသိသာသာတိုးလာတာတွေကို Bold လုပ်ပေးထားပါတယ်)

မေးခွန်းသာမန်အချိန် (%)ထန်နေချိန် (%)ကွာခြားမှု ရာနှုန်း (%)
မိန်းမဖိနပ်တွေကို မြင်ရင် စိတ်ပါလား?42%65%55%
၁၂ နှစ် သမီးကို စိတ်ဝင်စားလား?23%46%100%
အသက် ၄၀ မိန်းမနဲ့ အိပ်ချင်လား?58%77%33%
အသက် ၅၀ မိန်းမနဲ့ အိပ်ချင်လား?28%55%96%
အသက် ၆၀ မိန်းမနဲ့ အိပ်ချင်လား?7%23%229%
ယောက်ျားတစ်ယောက်နဲ့ အိပ်ချင်လား?8%14%75%
အရမ်းဝတဲ့သူတစ်ယောက်နဲ့ လိင်ဆက်ဆံရတာ ပျော်စရာကောင်းမလား?13%24%85%
ကိုယ်မုန်းတဲ့သူနဲ့ လိင်ဆက်ဆံရရင် ပျော်မလား?53%77%45%
ကိုယ်သဘောကျတဲ့ မိန်းမတစ်ယောက် အခြားယောက်ျားတစ်ယောက်နဲ့ Threesome လုပ်ဖို့ပြောရင် လုပ်မလား?19%34%79%
မိန်းမတစ်ယောက်ချွေးထွက်နေရင် Sexy ကျလား?56%72%29%
စီးကရက်အနံ့က စိတ်ထစေသလား?13%22%69%
ကိုယ့်ရဲ့ Partner က ကိုယ့်ကို ကြိုးနဲ့ချည်ပြီး လိင်ဆက်ဆံရင် သဘောကျမလား?63%81%29%
Anal Sex လုပ်ရင် စိတ်လှုပ်ရှားစရာ ကောင်းမလား?46%77%67%
တိရစ္ဆာန်တစ်ကောင်နဲ့ ထိတွေ့လိုက်ရရင် လိင်စိတ်ဖြစ်လာနိုင်လား?6%16%167%
ကောင်မလေးတစ်ယောက်နဲ့ လိင်ဆက်ဆံခွင့်ရလာအောင် စျေးကြီးကြီးဆိုင်တစ်ခုမှာ မုန့်ကျွေးမလား?55%70%27%
မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံခွင့်ရဖို့ ချစ်တယ်လို့ ပြောမလား?30%51%70%
မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံခွင့်ရဖို့ အရက်မူးအောင်တိုက်မလား?46%63%37%
မိန်းမကလေးက ငြင်းလိုက်ရင်ရော လိင်ဆက်ဆံဖို့ ဆက်ကြိုးစားနေဦးမှာလား?20%45%125%
မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံခွင့်ရဖို့ သောက်တဲ့အရာတစ်ခုခုထဲ ဆေးခပ်မလား?5%26%420%
သန္ဓေတားဖို့က မိန်းမတွေအလုပ်ပါ34%44%29%
Condom သုံးရင် Pleasure လျော့တယ်66%78%18%
လိင်ဆက်ဆံမယ့်သူရဲ့ Sexual History ကိုမသိရင် Condom အမြဲသုံးမလား?88%69%22%
Condom သွားယူတဲ့အချိန် ကောင်မလေး စိတ်ပြောင်းသွားနိုင်ရင်ရော သုံးဦးမလား?86%60%30%

ဒါကိုချုံငုံကြည့်တဲ့အခါ ထန်နေတဲ့အချိန်မှာ မလုပ်သင့်ဘူးလို့ သူတို့ဖြေထားခဲ့တဲ့ဟာတွေကိုလုပ်ဖို့ ဝင်မလေးကြတာကို တွေ့ရပါတယ်။ တော်တော်များများက ဒါကို လျှော့တွက်တတ်ကြပါတယ်။

ဆယ်ကျော်သက်အရွယ်တွေကို မိဘတွေ၊ ဆရာ၊ ဆရာမတွေက လိင်ကိစ္စပညာပေးတဲ့အခါ “သာမန်” အချိန်မှာပေးကြတာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ “မလုပ်ရဘူးနော်…” ဆိုတာလောက်နဲ့ ပြီးသွားတတ်ပါတယ်။ တကယ်တော့ ဒါဟာ ချုပ်တီးမှုတစ်ခုတည်းနဲ့ ခပ်လွယ်လွယ်စောင့်ထိန်းနိုင်တဲ့ ကိစ္စမဟုတ်နေပါဘူး။

ဒါဟာ ယေဘုယျအားဖြင့်ပြောတာပါ… အပေါ်က စမ်းသပ်မှုကို ကြည့်ရင် ထန်နေတဲ့အချိန်မှာ အဖြေတွေပြောင်းလာတာမှန်ပေမယ့် 100% ဖြစ်သွားတာမဟုတ်ဘူးဆိုတာတော့ သတိပြုစေချင်ပါတယ်။ ဒီတော့ ထန်နေတဲ့အချိန်မှာ လူတိုင်းက လူယုတ်မာစိတ်ဝင်လာတာ မဟုတ်ပါဘူး။ (ကြိုပြောထားတာပါ… ဒါဖတ်ပြီး ယောက်ျားတွေမကောင်းဘူး တစ်ကြော့ပြန် ဖြစ်ကုန်မှာ ကြောက်လို့ပါ…)

ထန်လာတဲ့အခါ “မလုပ်ရဘူးနော်…” ကနေ “လုပ်မှာပဲ… ဘာအရေးလဲ” ဆိုတာတွေ ဖြစ်လာပါတယ်။ Condom အမြဲသုံးပါပြောနေကြပေမယ့် အပေါ်က ဇယားကိုကြည့်ရင် ထန်လာတဲ့အခါ လူတိုင်းအဲ့လိုစိတ်မျိုး မရှိတော့ပါဘူး။
ဒီတော့ ပထမအချက်အနေနဲ့ Condom အမြဲဆောင်ထားသင့်ပါတယ်။ အရေးပေါ်လိုလာရင် လိုရမယ်ရရှိနေသင့်ပါတယ်။

ဒုတိယအချက်က ထန်လာတဲ့အခါ စိတ်ခံစားချက်ပြောင်းသွားပါတယ်။ ဆယ်ကျော်သက်တွေဟာ ဒါကိုမလွန်ဆန်နိုင်ကြဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီတော့ Sex Education ပေးတဲ့အခါ လူတွေရဲ့ ခန္ဓာဗေဒ (Anatomy) နဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပေးတာသိပ်မထိရောက်ပါဘူး။
ထန်လာရင် ဖြစ်လာမယ့် စိတ်အခြေအနေကို Handle လုပ်နိုင်အောင် သင်ပေးရမှာပါ။
ဒါပေမယ့် ဆယ်ကျော်သက်တွေအနေနဲ့ ဒါဟာ ခက်ခဲနိုင်ပါတယ်။

ဒီတော့ တတိယအချက်လိုလာပါတယ်။ ဒါကတော့ ထန်လာတော့မယ်ထင်ရင် အဲ့လမ်းကိုဆက်မလျှောက်ဘဲ မြန်မြန်ရှောင်ထွက်လိုက်တာပါ။
ဒါကတော့ အစကတည်းက ရှောင်သွားတာဖြစ်လို့ ဘေးအကင်းဆုံးပါပဲ။ ဒါပေမယ့် မရှောင်နိုင်တဲ့သူတွေဆိုရင်တော့ Condom ဆောင်ထားသင့်ပါတယ်။

ထန်တာတင်မဟုတ်ပါဘူး။ ဒေါသထွက်လာရင်လည်း ဘာကိုမှ မမြင်တော့တာပါ။ လေ့လာချက်တွေအရ ဆယ်ကျော်သက်တစ်ယောက် ကားမောင်းရင် လူကြီးတွေထက် ၄၀% ပိုပြီး Accident ဖြစ်နိုင်ပါတယ်။ ၂ယောက်ဖြစ်လာရင်တော့ Accident ဖြစ်နိုင်စွမ်း ၂ဆတိုးသွားပါတယ်။ (ဆရာကြီးဖြစ်ကြောင်း၊ ကားမောင်းကျွမ်းကျင်ကြောင်း သူငယ်ချင်းကို ပြချင်တာကြောင့်ပါ…) ၃ယောက်ဖြစ်လာရင်တော့ ၄ဆဖြစ်သွားပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေ အုပ်စုလိုက် ညဘက်ပါတီ သွားကြတဲ့အခါ ကားတိုက်ပြီး သေတဲ့သတင်းတွေ ကြားရတတ်တာပါ။

ဒါကြောင့် တကယ်ဖြစ်လာမှ သိတဲ့ခံစားချက်တွေကို “သာမန်” စိတ်အခြေအနေနဲ့ ဆုံးဖြတ်ထားတဲ့အခါ အမှားတွေဖြစ်လာတတ်ပါတယ်။ လျော့တွက်မိတတ်ပါတယ်။
ဒီတော့ မမှားချင်ရင် အစကတည်းက ရှောင်မလား… အကာအကွယ်သုံးပြီး ရှေ့ဆက်တိုးမလား… ဆိုတာကတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပါပဲခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?

အလင်းဟာ စကြဝဠာကိန်းသေတစ်ခုဖြစ်ပါတယ်။ စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ နီးပါးသွားနိုင်ပါတယ်။ ဒါပေမယ့် စကြဝဠာကြီးနဲ့ယှဉ်လိုက်ရင် ဒီတန်ဖိုးက သေးငယ်လွန်းပါတယ်။ လူတွေက လက်ရှိအချိန်မှာ အလင်းအလျင်ရဲ့ ၁၀% တောင် မြန်အောင်မလုပ်နိုင်သေးပေမယ့် ဒီ Limit ကြီးကို ဖြတ်ကျော်ကြည့်ချင်ကြပါတယ်။ အဲ့တော့ အလင်းထက်မြန်အောင်… Einstein ရဲ့ သီအိုရီလည်း မမှားအောင်… တစ်မျိုးပြောင်းပြီး ကြံစည်ကြပါတယ်။

Physicists တွေကို အဓိက Inspire ဖြစ်စေတာကတော့ Star Wars တို့၊ Star Trek တို့ပါ။ Star Trek က Enterprise ယာဉ်တွေဟာ အလင်းအလျင်ထက် အဆ ၉၀၀၀ ပိုမြန်အောင် သွားနိုင်ပါတယ်။

Enterprise

Star Wars က Millenium Falcon ယာဉ်ဟာဆိုရင် အလင်းအလျင်ထက် အဆပေါင်း ၉သန်းပိုမြန်ပါတယ်။

Millenium Falcon

လက်တွေ့မှာ အမြန်ဆုံးသွားနိုင်တဲ့ Juno Probe ဟာ အလင်းအလျင်ရဲ့ 0.0002 ပဲသွားနိုင်ပါတယ်။ တစ်စက္ကန့်ကို ၄၆ မိုင်လောက်သွားတာပါ။

Juno Probe

ဘာလို့ဒီလောက်တောင် မြန်ချင်နေရတာလဲလို့ မေးချင်ကြမှာပါ။ အာကာသထဲခရီးသွားမယ်ဆိုရင် အနီးစပ်ဆုံးရှိနေတဲ့ Proxima Centauri B ထိတောင် အလင်းအလျင်နဲ့ နှစ်ပေါင်း ၂သောင်းသွားရမှာပါ။ Enterprise လိုယာဉ်မျိုးနဲ့သွားရင် အသွားအပြန် ၉နာရီပဲကြာပါမယ်။ Proxima Centauri B က ကမ္ဘာနဲ့တော်တော်တူလို့ သွားချင်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးကလည်း အချိန်တစ်ခုမှာ ပျက်စီးသွားဖို့ သေချာနေတဲ့အတွက် ဒီကနေ ထွက်ခွာချင်ရင် ထွက်ခွာနိုင်အောင် ကြိုပြီး ပြင်ဆင်နေကြတာဖြစ်ပါတယ်။

Earth & Proxima Centauri B comparison Illustration

ဇာတ်လမ်းတွေကိုကြည့်ပြီး စိတ်ကူးယဉ်တဲ့အခါ သူတို့လိုမြန်မြန်သွားနိုင်မယ့် ယာဉ်တစ်ခုကို သင်္ချာအရ တွက်ချက်လို့ရလာပါတယ်။ အခုပြောချင်တာ Warp Drive တွေအကြောင်းပါ။

၁၉၉၄ ခုနှစ်မှာ Miguel Alcubierre ဆိုတဲ့ပုဂ္ဂိုလ်ဟာ PhD တက်နေစဉ်ကာလမှာပဲ ဒီအကြောင်းကို Paper တစ်ခုတင်ခဲ့တာပါ။ Einstein ရဲ့ General Theory of Relativity အရဆိုရင် Gravity ဆိုတာ အားတစ်ခု မဟုတ်ဘဲ ပစ္စည်းတစ်ခုကြောင့် ဟင်းလင်းပြင်အချိန် (Space Time) ကွေးညွတ်သွားတာပါ။ ဂြိုလ်တွေ နေကိုပတ်နေတယ်ဆိုတာလည်း နေကြောင့် Space Time ကွေးညွှတ်မှုတွေများနေလို့ပါ။

Alcubierre က Einstein ရဲ့ Equation တွေကို Manipulate လုပ်ပြီး သူလိုချင်တဲ့ Warp Drive ကို Theory အရတည်ဆောက်ခဲ့ပါတယ်။ Thought Experiment တစ်ခုအနေနဲ့ စတင်ခဲ့ပေမယ့် သင်္ချာအရ မှန်ကန်နေလို့ ဒါဟာ ဖြစ်နိုင်လားဆိုတာ ပြောပြချင်ပါတယ်။ ခုချိန်မှာတော့ ဒါကို Alcubierre Drive လို့ခေါ်နေကြပါပြီ။

Alcubierre Drive

အာကာသယာဉ်တစ်ခုရဲ့ ပတ်ပတ်လည်မှာ ပူပေါင်း (Bubble) တစ်ခု ဖြစ်လာအောင် လုပ်လိုက်ပါ။ အဲ့ဒီပူပေါင်းရဲ့အရှေ့က Spacetime ကို ကွေးညွတ်အောင် (Compress) လုပ်ပြီး အနောက်က Spacetime ကို ဆန့်လာအောင် (Expand) လုပ်တဲ့အခါ အလင်းထက်မြန်အောင် သွားလို့ရလာပါတယ်။
“အော်… အဲ့လောက်တောင် လွယ်တာလား…” လို့ မပြောခင် ဆက်ဖတ်ပေးပါဦး။

Einstein က အလင်းထက်မြန်တာမရှိဘူးလို့ ပြောခဲ့တော့ Warp Drive တွေက ဒါကို ချိုးဖောက်နေသယောင်ရှိတာပေါ့။ ဒါပေမယ့် Einstein ပြောခဲ့တာက Spacetime ပေါ်မှာ သွားနေတဲ့ အရာဝတ္ထုတွေကိုပါ။ ဟင်းလင်းပြင် ကိုယ်တိုင်ကတော့ အလင်းထက်မြန်မြန်သွားလို့ရပါတယ်။ (ဒါကြောင့်လည်း Big Bang တုန်းက ဟင်းလင်းပြန်အချိန်ဟာ အလင်းထက်မြန်မြန် ဆန့်ထွက်နိုင်ခဲ့တာပါ)
မြင်အောင်ပြောရရင် “ငါပြောသလိုလုပ်… ငါလုပ်သလိုမလုပ်နဲ့…” ဆိုတဲ့သဘောပါပဲ။

ဒီတော့ Bubble ရဲ့နောက်က Spacetime ဟာ ဆန့်ကားလာတဲ့အတွက် Spaceship ကိုတွန်းပါတယ်။ ဒါကို Surfing လုပ်တာနဲ့ တူတယ်ဆိုပြီး ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ ဘုတ်ပြားပေါ်မှာ ကိုယ်က အငြိမ်ပါပဲ… လှိုင်းတွေကသာ ကိုယ့်ကို ရွေ့အောင်လုပ်ပေးနေတာပါ။

Spacetime ကို ရှေ့မှာကွေးပြီး နောက်မှာဆန့်စေချင်တဲ့အခါ အာကာသယာဉ်ရဲ့ Shape ကလည်း အရေးပါလာပါတယ်။ အောက်ကပုံကိုကြည့်ပါ။

မေးစရာရှိတာက Spacetime ကိုကွေးအောင် ဘယ်လောက်တောင် စွမ်းအင်တွေသုံးရမလဲ?
တကယ်တော့ မေးသင့်တဲ့မေးခွန်းက ဘယ်လိုစွမ်းအင်ကို သုံးရမလဲဆိုတာပါ။
Bubble ရဲ့အနောက်မှာ Spacetime ကို လှိုင်းလိုဖြစ်လာအောင် လုပ်ဖို့မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ အရာဝတ္ထုတွေဟာ Spacetime ကွေးညွှတ်မှုကိုပဲ ဖြစ်စေပါတယ်။ ခုံးထလာတာမျိုး မဖြစ်စေပါဘူး။

ဒီတော့ အဲ့လိုခုံးထလာအောင် Negative Energy ကိုသုံးမယ်ဆိုပြီး တစ်မျိုးကြံစည်လိုက်ပါတယ်။ ဒါပေမယ့် Negative Matter တို့၊ Negative Energy တို့ဆိုတာ သီအိုရီအရပဲ ရှိတာပါ။ လက်တွေ့မှာ ရှာမတွေ့သေးပါဘူး။ (ဒီနေရာမှာ ရှင်းအောင်ပြောချင်တာက Negative Matter ဆိုတာ Antimatter မဟုတ်ပါဘူး… Anti-matter ဆိုတာ Matter နဲ့ Charge ပဲမတူတာပါ… တကယ်ရှိပါတယ်)

မြင်အောင်ပြောရရင် Negative Matter ဆိုတာ ပေါင်ချိန်လိုက်တဲ့အခါ -50kg (အနှုတ် ၅၀ ကီလိုဂရမ်) ဆိုပြီးပေါ်နေတာမျိုးပါ။ Negative Energy ဆိုတာလည်း အနှုတ်တန်ဖိုးတစ်ခုဆောင်နေတဲ့ Energy ပါပဲ။ ဒါတွေက ဘာလဲဆိုတာ စဉ်းစားကြည့်လို့တောင် မလွယ်ပါဘူး။

သာမန် Matter နဲ့ သာမန် Energy ပေါင်းလိုက်တဲ့အခါ Spacetime ကွေးညွတ်သွားပါတယ်။ ဒီတော့ Negative Matter နဲ့ Negative Energy သာပေါင်းလိုက်ရင် Spacetime က ခုံးထလာပြီး လှိုင်းလိုတွန်းလိမ့်မယ်လို့ တွက်လိုက်တာပါ။

ဒီလိုမျိုးလုပ်ဖို့ Energy ဘယ်လောက်လိုမလဲဆိုတာ Alcubierre ရဲ့တွက်ချက်မှုအရ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ Mass တွေအကုန်လိုမယ်လို့ ဆိုတယ်။ (ဒါကတော့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ) နောက်ပိုင်းမှာ NASA က သူ့ Equation ကို Modify လုပ်လိုက်တဲ့အခါမှာတော့ Negative Energy ၇၀၀ ကီလိုဂရမ်နဲ့ အလုပ်ဖြစ်သွားပါတယ်။ ဒါဆိုရင် Negative Energy ရှာတွေ့တဲ့အခါ ဒီ Concept ဟာဖြစ်လာနိုင်ချေရှိပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဘယ်လိုတွက်ချက်လိုက်ပြီး စကြဝဠာတစ်ခုလုံးလိုမယ့် ကိစ္စကို ၇၀၀ ကီလိုဂရမ်နဲ့ စျေးစစ်နိုင်လိုက်တာလဲ ဆိုတာပါ။ အောက်ကပုံကို တစ်ခေါက်ပြန်ကြည့်ပါ။

ပုံမှာ ပါတဲ့ကွင်း ၂ကွင်းကို လှည့်ပတ်နေအောင် လုပ်တဲ့အခါ ၁၀ မီတာပဲရှည်တဲ့ ယာဉ်ပျံတစ်ခုဟာ အလင်းအလျင်ရဲ့ ၁၀ ဆသွားနိုင်တယ်လို့ တွက်ချက်မှုတွေအရဆိုပါတယ်။ သူ့ရဲ့အဆိုအရ အဲ့ဒီကွင်း ၂ကွင်းထဲမှာ Negative Energy တွေလှည့်ပတ်စီးဆင်းနေအောင် လုပ်ရမယ်လို့ ဆိုပါတယ်။

ဒီတော့ Warp Drive တစ်ခုဖြစ်လာဖို့ Negative Energy လိုနေပါတယ်။ ဒါကိုဘယ်မှာရှာရမလဲ ပညာရှင်တွေစဉ်းစားကြပါတယ်။ အဲ့ဒီအခါမှာ ဖြစ်နိုင်ချေရှိတာ တစ်ခုသွားတွေ့ပါတယ်။ ဒါက Dark Energy ပါ။

ကျွန်တော်တို့ရဲ့ စကြဝဠာထဲမှာ Normal Matter, Dark Matter, Dark Energy ဆိုပြီး ၃မျိုးရှိတယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ Normal Matter ဆိုတာ ကျွန်တော်တို့တွေ့ရသမျှ မျက်စိတစ်ဆုံးပါပဲ။ ဒါက စကြဝဠာတစ်ခုလုံးရဲ့ ၅% ပဲရှိပါတယ်။ ကျန်တဲ့ ၉၅% ဟာ မမြင်ရတဲ့ Dark Matter နဲ့ Dark Energy တွေပါ။ (ဒီအကြောင်းက သီးသန့်ရေးရမှာမို့ ဆက်မပြောတော့ပါဘူး…)

Dark Energy ကို ဘာလို့ Negative Energy ဖြစ်နိုင်တယ်လို့ ပြောသလိုဆိုရင် Spacetime ကို ပြန့်ကားအောင် သူကလုပ်ပေးနေလို့ပါ။ Warp Drive အတွက်လိုတာလည်း Spacetime ပြန့်ကားခြင်းပါပဲ။ ဒီတော့ Dark Energy ဟာ ကျွန်တော်တို့လိုအပ်တဲ့ Negative Energy များဖြစ်နေမလားဆိုပြီး တွေးလာကြပါတယ်။

အနာဂတ်မှာ Dark Energy အကြောင်းသေချာနားလည်သွားပြီး အသုံးပြုလို့ရအောင် လုပ်နိုင်မယ်ဆိုရင် Warp Drive တွေဟာ လက်တွေ့ဖြစ်လာနိုင်စရာရှိပါတယ်။ အဲ့အချိန်မရောက်ခင်ထိတော့ မီးဟုန်းဟုန်းတောက်နေတဲ့ ခပ်နှေးနှေး ဒုံးပျံကြီးတွေစီးပြီး အာကာသထဲသွားနေရဦးမှာပေါ့ဗျာ။

အခုနောက်ပိုင်းမှာ Negative Energy မလိုတဲ့ Warp Drive နောက်တစ်မျိုးကို သီအိုရီအရ ပြောလာကြပါတယ်။ အဲ့ဒီအကြောင်းကို ဆက်ရေးပါဦးမယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အပြန်ခရီးက အသွားခရီးထက် ပိုမြန်တယ်လို့ခံစားရခြင်းနဲ့ psychology

စာဖတ်သူ ခရီးသွားရင် ဒီလိုခံစားဖူးမှာပါ။ သွားတုန်းကတော့ ကြာလိုက်တာ မရောက်ကိုမရောက်နိုင်ဘူး။ ပြန်လာတော့လဲ အိမ်ကိုခဏလေးပြန်ရောက်လာသလို ခံစားရတာပါ။

အသွားခရီးကကြာသလောက် အပြန်ခရီးကအဲ့လောက်မကြာဖူးလို့ ခံစားရတာကို Tourist illusion or The Return trip effect စသဖြင့်နာမည်ပေးကြပါတယ်။ (တိတိကျကျနာမည်တော့မရှိပါ)

ဒီလိုဖြစ်တာလူတိုင်းသိကြပေမယ့် ဘာလို့လဲဆိုတဲ့အဖြေကိုတော့ သိပ္ပံပညာရှင်တွေရှာကြပါစေဆိုပြီး ဒီတိုင်းထားလိုက်ကြပါတယ်။ မနေနိုင်မထိုင်နိုင်တဲ့ ပညာရှင်တွေကစမ်းသပ်လေ့လာကြပြန်ပါတယ်။ ဒီလိုဖြစ်စေတာက လူရဲ့ဘက်လိုက်မှု bias တွေကြောင့်ဖြစ်ပါတယ်။

ပထမဆုံးဖြစ်နိုင်တာက မျှော်လင့်ချက် (Hope) ကြောင့်ဖြစ်နိုင်ပါတယ်။ လူတွေကမျှော်နေတဲ့ကိစ္စတခုဆိုရင် အချိန်ပိုကြာတယ်လို့ထင်ကြပါတယ်။ ဒီဝါကျွတ်လက်ထပ်မယ်ရည်ရွယ်ထားရင် ဒီတခါဝါတွင်း၃လ ပြီးဖို့စောင့်ရတာပိုကြာတယ်လို့ခံစားရသလိုပါပဲ။ ATM တန်းစီရင်လဲ ကိုယ့်အလှည့်ရောက်ခါနီးလေ ကိုကပိုမျှော်လေ ပိုကြာနေသလိုဖြစ်လေပါပဲ။

အသွားခရီးလမ်းက မျှော်လင့်ချက်တွေအများကြီးပွေ့ပိုက်ပြီးသွားတာမို့လို့ ရောက်တော့မှာလား ရောက်တော့မှာလား တမျှော်မျှော်နဲ့သွားရလို့ ပိုကြာတယ်ခံစားရတာပါ။ အပြန်ကျတော့ သိပ်မျှော်စရာမရှိတော့လို့ ခဏလေးပဲကြာတယ်ထင်ရတာပါတဲ့။

နောက်တချက်ကတော့ အသစ်အသစ်တွေကို မှတ်ရတဲ့ memory ကြောင့်လဲဖြစ်နိုင်ပါတယ်။ ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသတခုကိုသွားမယ်ဆို အသွားခရီးမှာ တွေ့သမျှလိုက်ကြည့်နေတတ်ပါတယ်။ မြင်သမျှထူးဆန်းနေပြီး အရာရာကိုစူးစမ်းကာ သွားလေ့ရှိတာ သူလိုကိုယ်လိုတူတူပါပဲ။

သေချာအချိန်ပေးပြီး လေ့လာတဲ့အတွက်ဦးနှောက်က အာရုံလဲစိုက်ရသလို ပိုပြီးမှတ်စရာတွေများလို့ အသွားခရီးက စိတ်ထဲပိုစွဲပါတယ်။ လမ်းဆိုင်းဘုတ်တွေ၊ ရူခင်းတွေ၊ ကားထဲကလူတွေရဲ့စကားသံတွေ၊ မရောက်သေးဘူးလား…ရောက်တော့မှာလားမေးသံတွေ စတာတွေအားလုံးကို မှတ်ဉာဏ်ကမှတ်ထားပါတယ်။

အသွားခရီးမှာ မှတ်စရာကြည့်စရာတွေများသလောက် အပြန်မှာတော့ ဒါတွေကမြင်ဖူးပြီးသားဖြစ်သွားပါပြီ။ မြင်နေကျလိုဖြစ်သွားရင် ဒါကမထူးဆန်းတော့ဘဲ အချိန်ကိုလဲကြာတယ်မခံစားရတော့ပါဘူးတဲ့။

ဒါကိုစမ်းသပ်တဲ့အနေနဲ့ ကျောင်းသားတွေကို ၁၀မိနစ်ကြာတဲ့အလုပ်တခုကို ၂ကြိမ်စီလုပိခိုင်းပါတယ်။
ပထမတကြိမ်လုပ်ပြီးသားအလုပ်ကို နောက်တခါထပ်လုပ်ပြီးတဲ့အခါ အချိန်သိပ်မကြာဘူးလို့ခံစားရပါတယ်။ တကယ်တမ်းက အလုပ်၂ခုလုံးကကြာချိန်တူတူပါပဲ။ လုပ်ဖူးမြင်ဖူးနေတဲ့အရာဆိုရင် လူတွေက ကြာတယ်လို့မခံစားရတော့တာပါ။

ဒီလိုခံစားရတဲ့ effect က ခရီးအသစ်ကိုသွားမှ ပိုသိသာပြီး ခဏခဏသွားနေကျခရီးမျိုး၊ ရောက်ဖူးနေကျနေရာမျိုးဆိုရင်တော့ အလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် အသွားခရီးကို လမ်းတမျိုး အပြန်ခရီးကို နောက်ထပ်လမ်းတမျိုးကနေပြန်ရင်လဲ ဒီလိုခံစားရမှာမဟုတ်ပါဘူး။

လူတွေရဲ့ အချိန်အပေါ်ခံစားမှုက မမှန်တတ်ပါဘူး။ ထင်ချင်သလိုထင်ကြတာပါ။ ဒါကို နောက်ထပ်စမ်းသပ်မှုတခုမှာတွေ့ရပါတယ်။ အရောင်မတူတဲ့ မီးလုံး၃လုံးကို ဆက်သွယ်ထားပါတယ်။ ပထမနဲ့ဒုတိယမီးလုံးကို ကပ်ထားပြီး တတိယအလုံးကိုတော့ ၁၀ပေလောက်ခွာထားလိုက်ပါတယ်။

ပြီးတော့ ပဒုတ တလှည့်စီ မီးလုံးကိုလင်းအောင်ထွန်းလိုက်ပါတယ်။ တလုံးလင်းတဲ့အချိန်နဲ့နောက်တလုံးလင်းတဲ့အချိန် ၂ခုကြားက ကြာချိန်ကို
ခန့်မှန်းခိုင်းတဲ့အခါ ပထမအလုံးနဲ့ဒုတိယအလုံးကြားက ကြာချိန်ကတိုပြီး ဒုတိယအလုံးနဲ့ တတိယအလုံးကြားကပိုကြာတယ်လို့ လူတွေကပြောကြပါတယ်။ တကယ်တမ်းကတော့ မီးလုံးတလုံးနဲ့တလုံးမီးလင်းဖို့ ကြာချိန်ကတူတူပါပဲ။ ကပ်ထားတဲ့မီးလုံးတွေက ပိုစောပြီး ကွာထားတဲ့မီးလုံးတွေကြားက ပိုကြာတယ်လို့ခံစားရတာပါ။

ဒါကြောင့်လူတွေရဲ့ ကြာချိန်ကိုခံစားတဲ့နေရာမှာ အမှားတွေအများကြီးရှိနေပါတယ်။ နောက်ပြီးထူးခြားတာတခုက နေမကောင်းဘဲ ဖျားတဲ့အချိန်ဆိုရင် ဖျားနေတဲ့လူက အချိန်ကုန်တာပိုမြန်နေတယ်လို့ခံစားရပါတယ်။ ဖျားနေတဲ့သူရဲ့ နာရီဝက်ကုန်တဲ့အချိန်က တကယ့်နာရီဝက်ကုန်တာထက် စောနေသလိုခံစားရပါတယ်တဲ့။
သူများ ၂နာရီကြာတဲ့အလုပ်ဆိုရင် ဖျားနေတဲ့သူက ၂နာရီမကကြာပြီလို့ထင်တတ်ပါတယ်။

ဥပမာ မိန်းမကဖျားနေလို့ ယောကျာ်းကဆေးထွက်ဝယ်တယ်။ နာရီဝက်ကြာလို့ ယောကျာ်းပြန်ရောက်လာတဲ့အခါ လူနာက ၁နာရီလောက်ကြာပြီလို့စိတ်ထဲထင်နေတတ်ပါတယ်။ အကြောင်းကတော့ လူနာအတွက်ကအချိန်ကုန်မြန်နေသလိုဖြစ်နေတာကြောင့်ပါ။ တခါတခါ နေမကောင်းဘဲနဲ့ ခရီးသွားဖူးကြမှာပါ။ နေကောင်းတဲ့အချိန် အဲ့ခရီးကိုပဲ ထပ်သွားတဲ့အခါ ပိုမြန်တယ်လို့ခံစားရတာလဲ ဒီသဘောပါပဲ။

ဒီလောက်ဆိုရင် အချိန်နဲ့ပတ်သက်ပြီး ဘာလို့ စိတ်ကိုယုံစားလို့မရလဲဆိုတာ နားလည်လောက်ပြီထင်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လက်ဆစ်၊ ခါးဆစ်ချိူးခြင်းနဲ့ ဇက်ချိူးခြင်းတို့ရဲ့ကျန်းမာရေး

သင့်မှာ လက်ဆစ်ချိုးတတ်တဲ့အကျင့် ၊ ခါးချိူးတတ်တဲ့အကျင့်ရှိပါသလား။
ဒါဆို သင်သိချင်လောက်မယ့် အကြောင်းတွေပါလာမှာမို့ ဆက်ဖတ်ကြည့်ပေးပါ။

လက်ဆစ်ချိုးတာ မကောင်ဘူး၊ လက်ဆစ်လွဲမယ်တို့၊ ခါးကိုခဏခဏမချိုးနဲ့ ဆိုပြီး အိမ်ကလူတွေပြောတာကြားဖူးကြမှာပါ။ ဒါပေမယ့် အကျင့်ဆိုတာဖျောက်ရခက်တော့ အကျင့်ဖြစ်နေသူတွေအတွက် လက်ချိုးလိုက်ရမှ ၊ ခါးချိူးလိုက်ရမှ နေသာထိုင်သာရှိတာ ကြုံဖူးမှသိမှာပါ။

ဘေးကလူတွေကြားရင်တော့ လက်ဆစ်ချိုးတဲ့အသံက တော်တော်နာမယ့်အသံလို့ထင်နေကြပေမယ့် တကယ်တော့ နာကျင်မှုမရှိတတ်ပါဘူး။

ဘာလို့ အဆစ်တွေကိုချိုးလိုက်ရင် ဖောက်ဆိုပြီး အသံထွက်ရတာလဲ။ ဒါဘာလို့ဖြစ်တာလဲဆိုပြီး သိပ္ပံပညာရှင်တွေက လေ့လာကြပါတယ်။ အစောဆုံးလေ့လာခဲ့ကြတာကတော့ ၁၉၄၀ ခုနှစ်လောက်ကစခဲ့ပါတယ်။

အဲ့တုန်းကထင်တာက အဆစ်ချိုးတဲ့အခါ အရိုးထိပ်မှာဖုံးထားတဲ့ အရွတ်ခွက်ကလေးတွေ တင်းကြပ်ပြီး ပြန်ချောင်သွားတဲ့အခါ အသံထွက်လာတာလို့ထင်ခဲ့တာပါ။
ဒါကို Articular release theory လို့တင်စားခဲ့ပါတယ်။

နောက်ပိုင်းမှာ ခေတ်စားလာတဲ့ theory တခုကကျ လက်ဆစ်ကိုချိုးလိုက်တဲ့အခါ အရိုးအဆစ်နားက တစ်ရှူးတွေတုန်ခါလို့ ထွက်တဲ့အသံလို့ ဆိုကြပြန်ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ အားလုံးသိချင်နေတဲ့အဖြေကိုပေးနိုင်တဲ့ လေ့လာမှုတခုရှိခဲ့ပါတယ်။

အဲ့လေ့လာချက်အရ အရိုးအဆစ်တွေကြားထဲမှာ ချောဆီအရည်တခုရှိပါတယ်။ အဲ့ချောဆီအရည်က အရိုးတွေလှုပ်ရှားရင် ချောမွေ့အောင်လုပ်ပေးပါတယ်။ အဆစ်တခုကို ချိုးလိုက်ရင် အဆစ်ကြားက ဟ သွားပါတယ်။

Volume များလာရင် pressure ကျသွားလို့ အဲ့နေရာမှာရှိတဲ့ ချောဆီထဲမှာ ပျော်ဝင်နေတဲ့ gas တွေအပြင်ကိုထွက်လာပါတယ်။

အရိုး၂ခုကြားထဲမှာ ပူစီဖောင်းလေးတွေထွက်လာသလိုဖြစ်ပြီး အဲ့ပူစီဖောင်းလေးတွေ ပြန်ပေါက်သွားတဲ့အခါ ဖောက်ခနဲအသံကြားရတာပါ။

ဒီ gas bubble theory ကလူတိုင်းလက်ခံတဲ့ theory ဖြစ်လာခဲ့ပြီး ပုံဖော်စက်အမျိုးမျိုးနဲ့ စမ်းသပ်တဲ့အခါမှာလဲ အရိုးကြားမှာ ပူဖောင်းလေးတွေထွက်လာတာ ပေါက်သွားတာ အဆင့်ဆင့်ကို မြင်တွေ့ရပါတယ်။

နောက်တချက်ထူးခြားတာက သင်လက်ဆစ်တခါချိုးပြီးရင် နောက်တခါချက်ချင်းပြန်ချိုးလို့ အသံမထွက်တော့ပါ။ ဖောက်ခနဲ အသံပြန်ထွက်ဖို့ဆို
အနည်းဆုံး နောက်ထပ်မိနစ် ၂၀ လောက်ပြန်စောင့်ရပါတယ်။

အကြောင်းကတော့ အရိုးအဆစ်တွေက သူ့နေရာသူပြန်ရောက်ပြီး နေသားတကျပြန်ဖြစ်အောင် စောင့်ရလို့ပါ။ အဲ့တာမှပဲ gas bubble တွေပြန်ထွက်လို့ပါ။

ဒါဆိုဟုတ်ပြီ။ ခဏခဏအဆစ်တွေချိုးနေတာ ကျန်းမာရေးအတွက်ကောင်းသလား ဆိုးသလား။

အခုချိန်အထိတော့ လက်ဆစ်ချိူးတာနဲ့ ဆိုးရွားတဲ့ရောဂါတွေဖြစ်တယ်လို့ ဆက်နွယ်မှုမရှိသေးပါဘူး။ လေ့လာချက်တခုအရတော့ လက်ဆစ်ချိုးတဲ့အကျင့်ရှိသူတွေက အသက်ကြီးလာရင် လက်ဆုပ်ကိုင်မှုအားနည်းသွားတာ၊ လက်ချောင်းတွေအားနည်းတာ၊ ယောင်ယမ်းတာတွေဖြစ်နိုင်တယ်လို့ တွေ့ရပါတယ်။

ဒါပေမယ့် ဒါကလူတိုင်းအသက်ကြီးရင်ဖြစ်ကြတာပဲမို့လို့ လက်ဆစ်ချိုးမှပိုဖြစ်တယ်ဆိုတာတော့ အထောက်အထားခိုင်ခိုင်မာမာမရှိသေးပါဘူး။ အဆစ်အမြစ်ကိုက်ရောဂါတခုဖြစ်တဲ့ osteoarthritis ရောဂါနဲ့လဲ လက်ဆစ်ချိုးတာနဲ့က သက်ဆိုင်မှုမရှိဘူးဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် အချုပ်ပြောရရင် အဆစ်ချိုးလို့ အဆစ်မြစ်ရောဂါရတယ်ဆိုတာ မဟုတ်ပါဘူး။

ဒါပေမယ့် သတိထားရမယ့် နေရာတွေကတော့ လည်ပင်းဆစ်နဲ့ ခါးရိုးချိုးတဲ့နေရာတွေပါ။

အဲ့နေရာတွေကတော့ အရေးကြီးတဲ့ အာရုံကြောတွေရှိနေတာမို့လို့ အလွန်အကျွံလုပ်မိရင် ခါးလိမ်သွားတာ၊ ခါးဆစ်ရိုးကျွံသွားတာ၊ လည်ပင်းအဆစ်လွဲသွားတာ စတာတွေဖြစ်နိုင်ပါတယ်။

လက်ဆစ်ခြေဆစ်ချိုးတာက အန္တရာယ်မရှိပေမယ့် ဇက်ချိုးတာနဲ့ ခါးချိုးတာကိုတော့ သတိထားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အိမ်မြှောင်ပုံမပါသော မောင်အိမ်မြှောင့်ပုံပြင်

စာဖတ်သူတွေထဲက တခါလာမေးဖူးတဲ့ကိစ္စလေးကို ဖတ်မိသွားလို့ ရေးပေးလိုက်တာပါ။

အိမ်မြှောင်အကြောင်း ထူးဆန်းတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ အိမ်မြှောင်က ကိုယ့်အမြီးကိုပြန်စားတာ တွေ့ဖူးလို့… အဲ့တာဟုတ်လားလို့ စာဖတ်သူတယောက်ကလာမေးထားတာပါ။

အဲ့အကြောင်းကိုပြောဖို့ဆို အိမ်မြှောင်နဲ့သူ့အမြီးကိစ္စကို စပြောရပါမယ်။ အိမ်မြှောင်က သူအတိုက်ခိုက်ခံရတဲ့အခါ ထွက်မပြေးခင် သူ့အမြီးကို အရင်းကဖြတ်ချ ထားခဲ့ပါတယ်။

ကျန်ခဲ့တဲ့အမြီးက တဆက်ဆက် ခုန်နေလို့ ရန်သူကအမြီးကိုပဲ အာရုံစိုက်နေတဲ့အချိန် အိမ်မြှောင်က တချိုးတည်းလစ်ပြေးသွားပါပြီ။ အဲ့လို မိမိ ခန္ဓာကိုယ်ကို မိမိဘာသာဖြတ်ချနိုင်တဲ့အစွမ်းရှိတာကို Autotomy လို့ခေါ်ပါတယ်။ Auto- ဆိုတာ self (မိမိဘာသာမိမိ) ဖြစ်ပြီး -tomy ဆိုတာက amputation (ဖြတ်တောက်ခြင်း) ဖြစ်ပါတယ်။

အိမ်မြှောင်သာမက တခြားသော ဖွတ်မျိုးနွယ်ဝင်တွေ ပုတ်သင်မျိုးနွယ်ဝင်တွေမှာလဲ ဒီလို autotomy အစွမ်းရှိကြပါတယ်။ ထူးခြားချက်က အိမ်မြှောင့်အမြီးက ခန္ဓာကိုယ်နဲ့ တဆက်ထဲမဟုတ်ဘဲ အဆစ်ကလေးတွေနဲ့ချိတ်ထားတာမို့ အလွယ်တကူအဆစ်ဖြုတ်ချလိုက်လို့ရတာပါ။

မြင်အောင်ပြောရရင် လက်ပတ်နာရီမှာ ကြိုးအတိုအရှည်ညှိသလိုပဲ အဆစ်ကလေးတွေနဲ့ အမြီးကိုလိုသလိုဖြုတ်ချလို့ရတာမျိုးပါ။ အမြီးနားက ကြွက်သားတွေကလဲ လျော့တွဲတွဲဖြစ်နေတာမို့ အလွယ်တကူဖြတ်ချလိုက်လို့ရနေတာပါ။

ဖြတ်လိုက်လို့ကျန်ခဲ့တဲ့ အသားစ အဖတ်က သူ့ဘာသာပြန်ကပ်သွားပြီး သွေးထွက်လွန်မှာလဲစိတ်ပူစရာမလိုပါဘူးတဲ့။ အဲ့တော့ အိမ်မြှောင်က အသက်နဲ့ အမြီးကိုလဲလိုက်ရတဲ့သဘောပါ။

ဒီလို အမြီးကို စတေးလိုက်ရတဲ့ အိမ်မြှောင်တကောင်ရဲ့ နောက်ကွယ်မှာကြီးမားတဲ့ ဘေးဒုက္ခတွေကစောင့်ကြိုနေပါတော့တယ်။ ပထမဆုံးတချက်ကတော့ တခြားအိမ်မြှောင်တွေက သူ့ကို အိမ်မြှောင်အရာ မသွင်းတော့တာပါ။

အမြီးမပါတဲ့ကောင်ကို တခြားအကောင်တွေက သိပ်ပြီးမေးထူးခေါ်ပြောမလုပ်ကြတော့ပါဘူးတဲ့။ အထီးကျန်ဘဝကိုရောက်သွားတဲ့အိမ်မြှောင့်ဘဝပါ။

ဒါအပြင် မိတ်လိုက်တဲ့အခါမှလဲ အိမ်မြှောင်မလေးတွေက မကြည်တော့ပါဘူးတဲ့။ ခန္ဓာကိုယ်မစုံလင်တော့တဲ့ အကောင်ကို အိမ်မြှောင်အမတွေက ပလစ်ထားကြပါသတဲ့။ အိမ်မြှောင်အမဆိုရင်လဲ ဥအုတဲ့အခါ မိတ်လိုက်တဲ့အခါ အရင်ကလိုအဆင်ပြေမနေပါဘူးတဲ့။

ဒါပေမယ့် ကံကောင်းတာတခုက အိမ်မြှောင်အမြီးက ပြန်တော့ပေါက်ပါတယ်။ တသက်လုံး အပယ်ခံဘဝတော့ရောက်မသွားတော့ပါဘူး။ အမြီးမရှိရင် အိမ်မြှောင်က သွားတာလာတာနှေးသွားပါတယ်။ အမြင့်တက်ရတဲ့အခါမျိုးမှာလဲ ပုံမှန်ထက်အားနည်းသွားတယ်လို့ဆိုပါတယ်။

ပိုပြီးအရေးကြီးတာက အမြီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အဆီတွေနဲ့ စွမ်းအင်တွေကို သိမ်းထားတာရှိပါတယ်။ ဒါကြောင့် အိမ်မြှောင်တွေဆောင်းခိုတဲ့အခါပဲဖြစ်ဖြစ်၊ အစာရှာမကောင်းတဲ့အချိန်ဖြစ်ဖြစ် စုထားဆောင်းထားတာတွေကို အမြီးကနေ ပြန်ထုတ်စားစရာမရှိတော့ပါဘူး။

အမြီးက energy source တခုဖြစ်လို့ အမြီးမရှိတော့တဲ့အခါ အစာအာဟာရတွေချို့တဲ့လာတတ်ပါတယ်။ ဒါကိုသိတဲ့ အိမ်မြှောင်တွေက သူတို့ဖြတ်ချခဲ့တဲ့အမြီးကို ပြန်သွားရှာပြီး ပြန်စားတတ်ပါတယ်တဲ့။

အမြီးကိုရသလောက်ပြန်စားလိုက်တော့မှ အသားဓာတ် အဆီဓာတ်တွေပြန်ရလာပြီး ပိုရက်ကြာကြာအသက်ရှင်နိုင်ပါသတဲ့။ ဒီလိုအမြီးကို ပြန်သွားရှာတာက အခန့်မသင့်ရင် ရန်သူနဲ့ပြန်ပက်ပင်းတိုးပြီး နောက်ဘဝကူးသွားနိုင်ပါသေးတယ်။ အတော်လေးမလွယ်တဲ့အလုပ် စွန့်စားရတဲ့အလုပ်တခုပဲဖြစ်ပါတယ်။

အမြီးကို အသက်ရှင်ဖို့ ဖြတ်ချလိုက်ပေမယ့် ဒါဟာ တခါပဲအလုပ်ဖြစ်မှာပါ။
အမြီးမရှိတော့တဲ့ကာလတလျှောက် ရန်သူနဲ့ထပ်မတွေ့ဖို့အရေးကြီးပါတယ်။
အမြီးပြန်ပေါက်ဖို့လဲ ရက် ၆၀ လောက် ပြန်စောင့်ရဦးမယ်ဆိုတော့ အမြီးဖြတ်ချတာက ရေတိုအတွက်ပဲ အသုံးဝင်ပြီး ရေရှည်ပင်ပန်းကြမ်းတမ်းတဲ့အလုပ်တခုပါပဲ။ ဒါကြောင့် အဆင့်မြင့်တဲ့သတ္တဝါတွေမှာ ဒီ function ဆက်ပါမလာတာဖြစ်နိုင်ပါတယ်။

ဒီလောက်ဆိုရင် အိမ်မြှောင်တွေရဲ့ အပြုအမူနဲ့ ဘဝရပ်တည်ရေးကို သဘောပေါက်လောက်ပြီထင်ပါရဲ့။ သိချင်နေတဲ့အဖြေလဲရသွားလောက်ပြီထင်ပါရဲ့။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started