အလင်းအလျှင်ထက်မမြန်ဘဲ အလင်းသွားသလို သွားနိုင်သလား?

အရင်တစ်ပိုင်းတုန်းက အလင်းထက်မြန်အောင် ဘယ်လိုသွားလို့ရမလဲဆိုတာကို ပြောပြီးပါပြီ။

အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?
https://ouo.io/hA5Avn

အဲ့ဒီမှာ Alcubierre Drive အကြောင်းပြောခဲ့ပါတယ်။ သူက Negative Energy လိုတဲ့အတွက် လက်တွေ့မှာမဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ အကြောင်းကတော့ Negative Energy ဆိုတာ သီအိုရီထဲမှာပဲရှိပြီး လက်တွေ့မှာ ရှာမတွေ့သေးလို့ပါ။

Alcubierre တင်ခဲ့တဲ့ Paper ကနေ Inspire ဖြစ်သွားပြီး လက်တွေ့မှာလည်း ဖြစ်နိုင်တဲ့ Warp Drive တစ်ခုကို ပညာရှင်တွေက ထပ်ပြီးစဉ်းစားလိုက်ကြပါတယ်။ အခု အဲ့ဒီအကြောင်း ပြောချင်တာပါ။

Alcubierre Drive မှာတုန်းက Spaceship ပတ်ပတ်လည်မှာ ပူပေါင်း (Bubble) တစ်ခုဖြစ်လာအောင် လုပ်ခိုင်းပါတယ်။ ဘာလို့လဲဆိုတော့ Spaceship တည်ရှိနေတဲ့ Bubble ထဲက Spacetime ကို Constant ထားချင်လို့ပါ။ ဒါကို Flat Spacetime Bubble လို့ခေါ်ပါတယ်။

Bubble ရဲ့အပြင်မှာရှိတဲ့ Spacetime ကိုတော့ ကွေးညွတ်ခြင်း၊ ခုံးထခြင်းတွေ ဖြစ်လာအောင် လုပ်မှာပါ။ အပြင်မှာ ဘာတွေဖြစ်နေဖြစ်နေ Bubble ထဲမှာ အေးဆေးဖြစ်နေအောင် ရည်ရွယ်ပါတယ်။ (အရင် Post မှာ ဒီအကြောင်းထည့်ရေးရင် ရှုပ်ကုန်မှာ ကြောက်လို့ချန်ခဲ့တာပါ)

အရင် Post မှာတုန်းက လှိုင်းစီးသလိုပဲ… နောက်မှာ ခုံးထလာတဲ့ Spacetime က Spaceship ကိုတွန်းမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သိလာရတာက အဲ့လိုမဖြစ်စေပါဘူး။ Spacetime တွေပြောင်းလဲမှုရှိပေမယ့် ကိုယ့်ရဲ့ယာဉ်ကိုရွေ့စေချင်ရင် ဒုံးပျံလိုမျိုးတစ်ခုခုနဲ့ တွန်းကန်ရမှာပါ။ ဥပမာ အာကာသထဲကို သွားဖို့ ကမ္ဘာရဲ့ဆွဲအားကို လွန်ဆန်ပြီး တွန်းကန်ပေးမယ့် ဒုံးပျံတွေလိုသလိုပေါ့။

အောက်က Graph ကိုကြည့်ပါ။

အရာဝတ္ထုတစ်ခုဟာ အလင်းအလျင်နဲ့ နီးလာလေလေ Energy လိုလေလေပါပဲ။ Einstein ရဲ့အဆိုအရပြောရရင် အလင်းအလျင်ကို ရောက်ဖို့ Energy Infinity လိုမှာပါ။ (မဖြစ်နိုင်ဘူးပေါ့…)
အခုပြောတဲ့ Paper ထဲမှာလည်း အလင်းအလျင်ကိုကျော်ဖို့ Superluminal Matter ဆိုတာကိုလိုပါတယ်။ (လက်တွေ့မှာ မရှိပါဘူး… ဒါကြောင့် အလင်းအလျင်ကို ကျော်ဖို့မဖြစ်နိုင်ပါဘူး)

အလင်းအလျင်ထက်မြန်မှာလည်း မဟုတ်ဘဲနဲ့ ရေးနေသေးတယ်လို့ မပြောခင်ဆက်ဖတ်ပေးပါဦး။
အခုပြောနေတဲ့ Paper မှာ Warp Drive ကို ၄မျိုးခွဲလိုက်ပါတယ်။ Alcubierre ပြောခဲ့တဲ့ Warp Drive ဟာ Class III ထဲမှာပါပါတယ်။
Bubble ထဲကမြန်နှုန်း (Speed) က အလင်းအလျှင်အောက် ငယ်နေပေမယ့် အပြင်က Spacetime ကတော့ အလင်းအလျှင်ထက်မြန်နေပါတယ်။

အခုပြောချင်တဲ့ Warp Drive ကတော့ Bubble ထဲက မြန်နှုန်းရော အပြင်က Spacetime ရဲ့မြန်နှုန်းရောက အလင်းအလျှင်ထက်နှေးနေတာပါ။ ဒါကတော့ Class I ပါ။

ပုံကိုကြည့်လိုက်ရင် အလင်းအလျှင်ထက်မမြန်တာ Class I တစ်ခုပဲရှိပါတယ်။ ဒါကြောင့် ဒါကပဲ လက်တွေ့မှာဖြစ်နိုင်ပါတယ်။ Superluminal Matter လည်းမလိုသလို Negative Energy လည်းမလိုပါဘူး။

Proxima Centauri ကိုအလင်းအလျှင်နဲ့သွားမယ်ဆိုရင် အလင်းနှစ် ၄.၂ နှစ်နီးပါကြာမှာပါ။ အလင်းအလျှင်ရဲ့ ၅ဆနဲ့သာသွားနိုင်ရင် ၁ဝလပဲကြာမှာပါ။ (ဒါဟာ မဖြစ်နိုင်ပါဘူး)

ဒီတော့ အလင်းအလျှင်ရဲ့ ၅ဆနဲ့မသွားပေမယ့် ၁ဝလပဲကြာအောင် သွားမရဘူးလားဆိုပြီး ပညာရှင်တွေက ကြံဆကြည့်ကြပါတယ်။ Einstein ကတော့ General Theory of Relativity မှာ Time Dilation ကိုခွင့်ပြုထားပါတယ်။ Time Dilation ဆိုတာ အသက်ပိုရှည်ခြင်းလို့ လွယ်လွယ်ပြောရမလိုပါပဲ။ ကိုယ့်မှာ Time Dilation ဖြစ်တဲ့အခါ ကိုယ်ခံစားရတဲ့အချိန်က ၁နှစ်ဖြစ်ပေမယ့် အခြား ၁နေရာက လူတွေ ခံစားရတာက ၁ဝနှစ်ဖြစ်နေတာမျိုးပေါ့။

Time Dilation ကို ၂နည်းနဲ့လုပ်လို့ရပါတယ်။ ပထမ ၁နည်းကတော့ အလင်းအလျှင်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ထိ (90% နှင့်အထက်) မြန်အောင်သွားခြင်းပါ။ နောက်တစ်နည်းကတော့ Gravity အရမ်းများတဲ့ Spaceship ထဲမှာဝင်နေလိုက်ခြင်းပါ။
ပထမနည်းကတော့ သိပ်ရှင်းစရာမလိုဘဲ သိကြမယ်ထင်ပါတယ်။

ဒုတိယနည်းကို မြင်သာအောင် Interstellar ဇာတ်လမ်းနဲ့ ဥပမာပေးနိုင်ပါတယ်။ Supermassive Black Hole တစ်ခုနားရောက်တဲ့အခါ သူတို့အချိန်တွေဟာ ကမ္ဘာနဲ့တော်တော်ကို ကွာခြားသွားပြီး သမီးက အဖေထက် အသက်ကြီးသွားတာမျိုး ဖြစ်သွားတာပါ။
လက်တွေ့မှာ စမ်းသပ်ပြီးပါပြီ… ဒါတွေက အမှန်တရားတွေပါ။

အလင်းအလျှင်ရဲ့ 90% လောက်မြန်အောင်သွားနိုင်ဖို့ သိပ်မလွယ်ဘူး။ ဒီတော့ ဒုတိယနည်းကို စဉ်းစားလိုက်ကြတယ်။ Spaceship ကို တည်ဆောက်တဲ့အခါမှာ Density အရမ်းများတဲ့အရာဝတ္ထုတစ်ခုနဲ့ တည်ဆောက်ဖို့ တွေးမိကြတယ်။ Density များတဲ့ပစ္စည်းကို ခပ်ဝေးဝေးရှာစရာမလိုပါဘူး။ Neutron Star တွေရှိပါတယ်။

ဒီအကြောင်းကိုပိုသိချင်ရင် အောက်မှာဖတ်ပေးပါ။

လူတွေအတွက် အကျိုးရှိစေသော ကြယ်သေဆုံးမှုများ (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 2)
https://ouo.io/G8Ohaph

Paper ထဲမှာ ပြောထားတဲ့ Spaceship က အဝိုင်းပုံစံရှိပါတယ်။ အဲ့ဒီ Spaceship ကို Neutron Star ကရတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်မှာပေါ့။
အချင်း ၆၂၀ မီတာရှိပြီး နေရဲ့ ၁၀% လောက် Mass ရှိတဲ့ Spaceship တစ်ခုတည်ဆောက်လိုက်တယ် ဆိုပါစို့။ အဲ့ဒီအခါမှာ Spaceship ထဲလိုက်ပါစီးနင်းသူတွေသည် အပြင်ကလူတွေရဲ့ ၁ဝပုံ ၁ပုံ Time Dilation ဖြစ်သွားမှာပါ။

Death Star from Star War

မြင်အောင်ပြောရရင် အဲ့ဒီ Spaceship နဲ့ Proxima Centauri ကိုသွားမယ်ဆိုကြပါစို့။ အလင်းအလျှင်ရဲ့ တစ်ဝက်နဲ့ပဲ သွားမယ်ဆိုရင်တောင် Spaceship ထဲကလူတွေအတွက် အချိန် ၁ဝလပဲကြာမှာပါ။ ဒါပေမယ့် ကမ္ဘာမှာကျန်ခဲ့တဲ့လူတွေကတော့ အချိန် ၉နှစ်ကုန်သွားပါပြီ။ ဒါဟာ Time Dilation ပါပဲ။

အဲ့ဒါကတော့ဟုတ်ပါပြီ။ ခုချိန်မှာ အမြန်ဆုံးသွားနိုင်တဲ့ Juno Probe တောင် အလင်းအလျှင်ရဲ့ 0.0002% ပဲရှိတယ်။ (၁စက္ကန့်ကို ၄၆မိုင်လောက်ပေါ့)

ဘယ်လိုလုပ်ပြီး အလင်းအလျှင်ရဲ့ 50% ရအောင် လုပ်မလဲ သိချင်ကြမှာပါ။

ယာဉ်ပျံရဲ့ Mass ကို Energy အဖြစ်နဲ့ပြောင်းသုံးနိုင်အောင် လုပ်လို့ရပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ Kinetic Energy Formula ကိုမှတ်မိကြဦးမှာပါ။

KE = ½ mv2

ဒီ Formula ထဲထည့်တွက်တဲ့အခါ ကျွန်တော်တို့လိုတဲ့စွမ်းအင်ကို ရလာပါတယ်။ ယာဉ်ပျံ Mass 13% ကို Energy အဖြစ်ပြောင်းသုံးနိုင်ရင် ရပါပြီ။

လက်တွေ့မှာ Nuclear Fusion နည်းပညာနဲ့ 1% of Mass ကို Energy ပြောင်းနိုင်နေပါပြီ။ 13% ကတော့ ဝေးပါသေးတယ်။
ဒါပေမယ့် Spaceship ပတ်ပတ်လည်မှာ Accretion Disk တစ်ခုရအောင်လုပ်နိုင်ရင် 10% of Mass ကို Energy ပြောင်းလို့ရပါပြီ။

ဒီတော့ ဒါကိုဖတ်ပြီး မဖြစ်နိုင်ဘူးလို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် Alcubierre Drive လို Negative Energy မလိုပါဘူး။ သူလိုတာက Neutron Star ထဲက ပစ္စည်းတွေရယ်၊ Spaceship ကို တွန်းဖို့လိုအပ်တဲ့ Energy ရယ်ပါပဲ။

Neutron Star တွေ စကြဝဠာထဲမှာ တကယ်ရှိပါတယ်။ Time Dilation ဘယ်လိုအလုပ်လုပ်လဲဆိုတာလည်း စမ်းသပ်ထားပြီးပါပြီ။ Energy များများရဖို့ကလည်း သီအိုရီအရ ဖြစ်နိုင်နေပါတယ်။ ဒီတော့ ဒါဟာ လက်တွေ့ပိုကျတဲ့ အဖြေတစ်ခုပါ။ နည်းပညာအဆင့်အတန်း တော်တော်မြင့်မားလာမှ ဒါဟာဖြစ်နိုင်မှာပါ။

ဒီတော့ စကြဝဠာထဲချေဆန့်ချင်တယ်ဆိုရင်… စိတ်ကူးယဉ်တာ မဟုတ်တော့ပါဘူး။ လက်တွေ့မှာ တကယ်ဖြစ်နိုင်ပါတယ်။ အချိန်ကာလတစ်ခုပဲ စောင့်ရတော့မှာပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လက်အိတ်ဝတ်ပြီးဖုန်းသုံးရင် touch screen အလုပ်လုပ်သလား?

ဒီခေါင်းစဥ်ကိုပြောပြဖို့အတွက် အရင်ဆုံး Touch screen တွေဘယ်လို အလုပ်လုပ်သလဲသိဖို့လိုလာပါပြီ။

Touch screen တွေအလုပ်လုပ်ပုံက အဓိက ၂ မျိုး၂စားရှိပါတယ်။ ပထမတမျိုးက Resistive touchscreen ပါ။

သူက ထိတွေ့မှုရဲ့ pressure ကိုသိပြီးအလုပ်လုပ်တာပါ။ ဒီစနစ်မှာ ကြည်လင်တဲ့အလွှားပါး၂ချပ်ရှိပြီး သူတို့ကြားမှာ နေရာသေးသေးလေး ဟထားပါတယ်။ လူကထိတွေ့လိုက်တဲ့အခါမှ အလွှာ၂ချပ်ကပူးကပ်သွားပြီး လျှပ်စစ်စီးသွားပါတယ်။ အဲ့လိုနည်းနဲ့ ထိတွေ့တဲ့နေရာသိတာဖြစ်ပါတယ်။

Resistive touchscreen တွေက ဘာနဲ့ပဲထိထိ pressure ရရင်ကိုအလုပ်လုပ်ပါတယ်။ လက်ချောင်းပဲဖြစ်ဖြစ်၊ လက်အိတ်ပဲဝတ်ထားထား၊ တုတ်ချောင်းနဲ့ပဲထိထိ ဘာနဲ့ထိထိ အလုပ်လုပ်ပါတယ်။

ဒီဟာက ဘယ်နေရာတွေမှာသုံးလဲဆိုတော့ စက်ရုံအလုပ်ရုံတွေမှာဖြစ်ဖြစ်၊ လူအများသုံးတဲ့ Atm စက်လိုမျိုးနေရာဖြစ်ဖြစ် စတဲ့စက်ပစ္စည်းတွေမှာ အသုံးများပါတယ်။ အားသာချက်က ဘာနဲ့ထိထိ ထိမှန်းသိလို့ လက်အိတ်စွပ်ထားလဲ ATM စက်တွေကိုသုံးလို့ရပါတယ်။

အားနည်းချက်ကတော့ Multi-touch မရတာပါ။ တနေရာထိရင် တနေရာပဲသိတာပါ။ လက်ချောင်း၃ ၄ချောင်းပြိုင်ထိလို့ မသိတော့ပါဘူး။ အရင်ဖုန်းအဟောင်းတွေမှာတော့ Resistive နည်းပညာသုံးခဲ့ပေမယ့် multi-touch မရတော့ အဆင်မပြေပါဘူး။

နောက်ပိုင်းသုံးလာတဲ့နည်းကတော့ Capacitive touchscreen နည်းပညာဖြစ်ပါတယ်။ သူ့ရဲ့သဘောတရားကတော့ screen ပေါ်ကို လျှပ်စစ်ဓာတ်လွှတ်ထားပြီး လူကထိလိုက်တဲ့အခါ လျှပ်စစ်ဓာတ်အနည်းငယ်က လက်ကိုစီးသွားပါတယ်။

အဲ့လို လျှပ်စစ်လမ်းကြောင်းပြောင်းသွားတာကိုအာရုံခံပြီး ထိမှန်းသိတာပါ။ ဒီနည်းက muti-touch လဲရလို နောက်ပိုင်းဖုန်းတွေ tablet တွေမှာ ဒီနည်းပညာကိုပဲသုံးလာပါတယ်။

မကောင်းတဲ့အချက်က လျှပ်စစ်စီးလွယ်တဲ့ conductive ဖြစ်တဲ့အရာနဲ့ထိတွေ့မှပဲရတာပါ။ လူ့အရေပြားကတော့ ရေဓာတ်ရော electrolyte တွေရော ပါဝင်နေတာမို့ အလွယ်တကူ လျှပ်စစ်စီးပါတယ်။ တွေ့ကရာ တုတ်ချောင်းတို့ ၊ စက္ကူလိပ်တို့နဲ့ ထိရင်အလုပ်မလုပ်ပါ။

ဒါကြောင့် stylus တိုင်းကလဲ ဖုန်းတွေမှာအလုပ်မလုပ်တာကိုကြုံဖူးမှာပါ။ ပိုဆိုးတာက လက်အိတ်ထူထူဝတ်ထားရင်ဖြစ်ဖြစ်၊ လက်မှာဖုန်တွေကပ်နေတာဖြစ်ဖြစ် touchscreen က သိပ်အလုပ်မလုပ်တော့ပါဘူး။

ဒါပေမယ့် လက်အိတ်အထူအပါးနဲ့၊ လက်အိတ်ကိုလုပ်ထားတဲ့ပစ္စည်းပေါ်လဲမူတည်ပါသေးတယ်။ သိုးမွေးလက်အိတ်အထူဆိုရင် အလုပ်မလုပ်ပါ။ ပလတ်စတစ်လက်အိတ်တွေဆိုရင်လဲ touch လုပ်လို့မရပါ။

ထူးခြားတာက surgical gloves လို့ခေါ်တဲ့ ဆေးရုံသုံးရာဘာလက်အိတ် (latex gloves)တွေကတော့ အလုပ်လုပ်တာကိုတွေ့ရမှာပါ။ အကြောင်းကတော့ လက်အိတ်တွေပါးလို့ရယ်

နောက်ပြီး ရာဘာရဲ့ relative permittivity ကြောင့်လဲဆိုင်နိုင်ပါတယ်။ Relative permittivity တန်ဖိုးမြင့်လေလေ touch screen အလုပ်လုပ်နိုင်လေဖြစ်ပါတယ်။

Air ရဲ့ relative permittivity က 1 ပဲရှိပါတယ်။
Cotton (ချည်စ) ရဲ့ relative permittivity က 2 ပဲရှိပြီး ရာဘာ (latex) ကတော့ 24 အထိရှိပါတယ်။ လူ့အရေပြားကတော့ relative permittivity 70 အထိရှိပါတယ်။

လက်အိတ်အမျိုးအစားနဲ့ သင်ကိုင်တဲ့ဖုန်းအမျိုးအစားပေါ်မူတည်ပြီး လက်အိတ်နဲ့ သုံးလို့ရမရကွာခြားနိုင်လို့ ကိုယ်တိုင်လက်တွေ့စမ်းကြည့်မှပဲ သေချာသိရမှာပါ။ ကိုဗစ်ကာလမှာ လက်အိတ်ဝတ်ပြီးအလုပ်လုပ်တဲ့သူများလာတာမို့ လက်အိတ်ဝတ်ရင်း ဖုန်းသုံးရတာ အခက်ကြုံနေကြတတ်ပါတယ်။

ဒီစာလေးကိုဖတ်ကြည့်ပြီးရင် touchscreen အကြောင်း အနည်းနဲ့အများ ဗဟုသုတရသွားစေမယ်လို့ ယုံကြည်ပါတယ်။

Vector

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အသက်ရှူလေ့ကျင့်ခန်းက ကိုဗစ်သမားမှာ ဘာလို့ အောက်ဆီဂျင်ပြန်တက်စေတာလဲ?

အခုရက်ပိုင်းမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့တို့ မှောက်နေဖို့ (proning position) တို့ကို လူတိုင်းလိုလိုပြောလာကြပါတယ်။ မှောက်ရက်အနေအထား (proning position) ထားခြင်းက အဆုတ်ကို နေရာပိုချောင်စေလို့ အဆုတ်ကိုပိုလွတ်လပ်စေလို့ဆိုတာ အတော်များများရှင်းပြထားပြီးပါပြီ။

သိပ်မပြောကြတာက အသက်ရှူလေ့ကျင့်ခန်းကိစ္စပါ။ အသက်ရှူလေ့ကျင့်ခန်းက ကောင်းတယ်လို့သိထားပေမယ့် ဘာလို့ကောင်းတာလဲ ဘာလို့အလုပ်ဖြစ်တာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းတွေကိုသိထားရင် သူများမေးလာတဲ့အခါ ချက်ကျလက်ကျပြန်ရှင်းပြလို့ရပါလိမ့်မယ်။

ဒါကြောင့် အသက်ရှူလေ့ကျင့်ခန်းက ဘာလို့အောက်ဆီဂျင်ပြန်တက်စေတာလဲဆိုတဲ့ Why ကိစ္စကို ကျနော်သိထားသလောက်ပြောပြပေးပါမယ်။ အများပြောနေကြတဲ့ အသက်ရှူလေ့ကျင့်ခန်းဆိုတာ Deep breathing လုပ်တာပါ။ ဖြေးဖြေးမှန်မှန်နဲ့ အသက်ကိုတဝကြီးရှူ တဝကြီးပြန်ထုတ် အဲ့လိုလုပ်တာပါ။

လူတွေအသက်ရှူတဲ့အခါ ပုံစံ ၂ မျိုးရှိပါတယ်။
Thoracic dominant type (Chest breathing) နဲ့
Abdominal dominant type (Belly breathing) တို့ဖြစ်ပါတယ်။

လွယ်အောင်ပြောရရင် ရင်ဘတ်မောက်ပြီးရှူတာလား၊ ဗိုက်ဖောင်းပြီးရှူတာလားပေါ့။ ကလေးငယ်ငယ်ဘဝမှာတော့ ဗိုက်ဖောင်းပြီးရှူကြပေမယ့် အသက်တဖြေးဖြေးကြီးလာတဲ့အခါ လူတွေက ဗိုက်နဲ့မရှူကြတော့ဘဲ ရင်ခေါင်းနဲ့ရှူလာကြပါတယ်။

ဗိုက်နဲ့ရှူတာက အားပိုစိုက်ရသလို လေလဲပိုဝင်ပါတယ်။ ရင်ခေါင်းနဲ့ရှူတာကကျ ပိုလွယ်ကူပြီး အချိန်ကုန်သက်သာပေမယ့် လေသိပ်မဝင်ပါဘူး။

အသက်ကြီးလာတဲ့လူတွေက ပိုလွယ်ကူမြန်ဆန်တဲ့ ရင်ခေါင်းနဲ့ပဲ ရှူရတာကို ပိုအသားကျလာပါတယ်။
ဘယ်သူမှ ဗိုက်နဲ့တကူးတကမရှူကြတော့ဘဲ လေကိုခပ်ပေါ့ပေါ့ပဲရှူကြတာများပါတယ်။ ရင်ခေါင်းနဲ့ရှူရင် ပိုလွယ်ပေမယ့် လေသိပ်မဝင်တော့ အဆုတ်ထဲက အောက်ခြေနေရာတွေကို လေသိပ်မရောက်ပါဘူး။
အဲ့အောက်ခြေနားက လေပြွန်လေးတွေက လေနည်းပြီး ပိတ်ချင်သလိုလိုဖြစ်နေတတ်ပါတယ်။ (Partially closed alveoli)

အဲ့လိုလေသိပ်မရှိတဲ့နေရာမှာ လေငြိမ်ပြီး stasis ဖြစ်ကာ ရောဂါပိုးပေါက်ဖို့အလားအလာရှိပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့အခါ belly breathing လုပ်ရပါတယ်။
ဗိုက်ဖောင်းလာအောင် အားရပါးရ တချက်စီရှူသွင်းရလို့ အဆုတ်ကနေရာလပ်မကျန် လေဝင်ပါတယ်။ အဲ့ဒီအခါ လေများများဝင်လေ အဆုတ်ပိုပွင့်လေ။ အောက်ဆီဂျင်ပိုရလေ ကာဗွန်ဒိုင်အောက်ဆိုက်တွေပိုထုတ်နိုင်လေဖြစ်လာပါတယ်။ ဒါကြောင့် အသက်ရှုလေ့ကျင့်ခန်းက အဆုတ်တခုလုံးကိုလေရောက်အောင်လုပ်ပေးနိုင်လို့ အောက်ဆီဂျင်ပိုတက်စေတာဖြစ်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့အခါ လေကိုတချက်ချင်းစီ နှာခေါင်းနဲ့ရှူသွင်းရပါတယ်။ ပါးစပ်နဲ့ အသက်မရှူသွင်းသင့်ပါ။ အကြောင်းကတော့ နှာခေါင်းကရှူမှသာ လေက ရေငွေ့ရပြီး ပူနွေးစိုစွတ်လာပါမယ်။

အောက်ဆီဂျင်အိုးတွေမှာ ရေသန့်ထည့်ပြီး အသက်ရှူခိုင်းတာကလဲ လေကိုခြောက်ခြောက်ကြီးမဖြစ်အောင် ပူနွေးစိုစွတ်အောင်လုပ်တဲ့သဘောပါ။ ပါးစပ်နဲ့ရှူသွင်းတဲ့အခါ လေကအခြောက်တိုက်ကြီးပဲ ဝင်လာလို့ လည်ချောင်းယားတာ ချောင်းပိုဆိုးတာဖြစ်နိုင်ပါတယ်။

ဒါ့အပြင် နှာခေါင်းက အမွှေးလေးတွေရှိလို့ လေထဲမှာပါလာတဲ့ ဖုန်မှုန့်တွေ ကို filter သဘောလုပ်ပေးပါသေးတယ်။ ဒါကြောင့် နှာခေါင်းကိုသုံးပြီးရှုသွင်းသင့်ပါတယ်။

လေကိုရှူသွင်းပြီးတဲ့အခါ လက်ကိုဗိုက်မှာတင်းထားပြီး ဗိုက်ဖောင်းလာသလားဆိုတာ စမ်းလို့ရပါတယ်။ စက္ကန့်အနည်းငယ်လောက် လေကိုထိန်းထားပြီးမှပြန်ထုတ်ရပါတယ်။

အသက်ရှုထုတ်ရင်တော့ နှာခေါင်းနဲ့ဖြစ်စေ၊ ပါးစပ်နဲ့ဖြစ်စေထုတ်လို့ရပါတယ်။
တချို့ကလဲ နှုတ်ခမ်းကိုဆူထားပြီး ပါးစပ်က လေထုတ်တာမျိုးလုပ်ပါတယ်။ Pursed lip breathing လို့ခေါ်ပါတယ်။ နှုတ်ခမ်းဆူထားရင် အသက်ရှူထုတ်ရတာပိုလွယ်လို့ပါ။

နောက်တချက်က အသက်ကိုအားစိုက်ပြီးရှူသွင်းရှူထုတ်တဲ့အခါ vagus ဆိုတဲ့အာရုံကြောကို လှုံဆော်လို့ နှလုံးခုန်နှုန်းပိုငြိမ်လာပြီး calm ဖြစ်လာတဲ့ခံစားချက်ရပါတယ်။ Panic ဖြစ်ပြီး anxiety များနေတဲ့သူတွေဆိုရင် deep breathing လုပ်လိုက်ခြင်းဖြင့် စိတ်ငြိမ်ပြီးအသက်ရှူရလွယ်သွားပါတယ်။

နောက်ပြီး ပုံမှန်လူတွေမှာ အသက်ရှူတဲ့ကြွက်သားဆိုလို့ diaphragm တခုပဲကောင်းကောင်းသုံးကြပါတယ်။ ကျန်တဲ့ အသက်ရှုထောက်ကူကြွက်သားများ accessory respiratory muscles တွေက အားသိပ်မရှိကြပါဘူး။ အထူးသဖြင့် muscle bulk နည်းတဲ့အမျိုးသမီးတွေမှာဖြစ်ပါတယ်။

အသက်ရှုလေ့ကျင့်ခန်းကိုပုံမှန်လုပ်ခြင်းဖြင့် သိပ်မသုံးဖြစ်တဲ့ကြွက်သားတွေကိုပါ လေ့ကျင့်ပေးသလိုဖြစ်လို့ တကယ်လိုလာတဲ့အခါ ကြွက်သားတွေသန်မာမှုရှိလာပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ Deep breathing လုပ်တဲ့အခါ အဆုတ်ထဲက Surfactant ဆိုတဲ့ပစ္စည်းကိုပိုညှစ်ထုတ်ပေးပါတယ်။

Surfactant ဆိုတာကတော့ surface tension ကိုလျှော့ချေပေးတဲ့ပစ္စည်းဖြစ်ပြီး အသက်ရှူရတာပိုပြီးလွယ်အောင် လုပ်ပေးတာပါ။

အသက်ရှုလေ့ကျင့်ခန်းလုပ်ရင် Surfactant ပိုထွက်တယ်လို့ စာပေတွေမှာမရေးကြပေမယ့် သမ်းတဲ့အခါ (yawning) နဲ့ သက်ပြင်းချတဲ့အခါ (sighing) Surfactant ပိုထွက်စေတယ်လို့ အတိအကျလေ့လာထားပြီးသားပါ။

သမ်းတယ်ဆိုတာ Deep inhalation လုပ်တာပါ။ သက်ပြင်းချတယ်ဆိုတာ Deep exhalation လုပ်လိုက်တဲ့သဘောပါ။ ဒီလိုလုပ်ခြင်းဟာ အထူးသဖြင့် ကလေးဘဝမှာ survival အတွက် အရေးကြီးတဲ့ reflex တွေပဲဖြစ်ပါတယ်။ သမ်းတာတို့ သက်ပြင်းချတာတို့နဲ့ ဆင်တူတာက အသက်ရှူလေ့ကျင့်ခန်းပါ။

Deep inhalation ရော deep exhalation ရောပါတဲ့ အသက်ရှုလေ့ကျင့်ခန်းက Surfactant ကိုညှစ်ထုတ်သလိုဖြစ်ပြီး အသက်ရှူရတာ ပိုချောင်စေပါလိမ့်မယ်။

တခုသတိထားရမှာက အသက်ရှူလေ့ကျင့်ခန်းက သိပ်မမောဘဲ oxygen အရမ်းမကျတဲ့လူနာတွေအတွက်ပိုသင့်လျော်ပါတယ်။ ချောင်းတွေတဟွတ်ဟွတ်ဆိုးပြီး oxygen အရမ်းကျနေတဲ့ တအားအမောဖောက်နေတဲ့လူနာတွေကိုတော့ deep breathing exercise အတင်းလုပ်ခိုင်းဖို့ကအဆင်ပြေချင်မှပြေမှာပါ။

ဒီလောက်ဆိုရင် အသက်ရှူလေ့ကျင့်ခန်းက ဘယ်လိုကြောင့် အလုပ်ဖြစ်ရတာလဲဆိုတာ နားလည်လောက်ပြီထင်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်နည်းသိချင်ရင်တော့ အောက်က link မှာဝင်ကြည့်လို့ရပါတယ်။

https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/coronavirus-recovery-breathing-exercises

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ပင့်ကူက သူ့အမျှင်နဲ့သူဘာလို့ ပြန်မကပ်ရတာလဲဆိုတဲ့ ပင့်ကူပုံပြင်

ဒီတခါမှာလဲ မောင်ပင့်ကူအကြောင်း ထူးဆန်းတာလေးတွေဖတ်မိလို့ ပင့်ကူပုံမပါဘဲ ရေးပေးလိုက်ပါတယ်။

ပင့်ကူဆိုတာနဲ့ spiderman ကိုပြေးမြင်မိကြမှာပါ။ Spiderman ဆိုရင် ကြိုးမျှင်တွေထုတ်ထုတ်ပြီး လိုတဲ့ပစ္စည်းလှမ်းယူလို့ရတာတို့ ၊ အဆောက်အအုံတွေကို ခုန်ကူးပြီး သွားလို့ရတာတို့ကို မြင်ရတိုင်း spiderman ဖြစ်ချင်ခဲ့တာ ကလေးဘဝရဲ့အိပ်မက်ပါပဲ။

ပင့်ကူကို ထူးခြားအောင်လုပ်ပေးတဲ့အထဲမှာ သူ့ရဲ့အမျှင်လဲပါဝင်ပါတယ်။ ပင့်ကူမျှင်ကို လုံလောက်တဲ့အရွယ်အစားသာ ထုတ်လုပ်နိုင်မယ်ဆိုရင် steel ကြိုးထက်ပိုပြီး ခိုင်ခံ့မယ်…တခြားအရာဝတ္ထုတွေထက် ပိုပြီးအကြမ်းခံမယ်လို့ယူဆကြပါတယ်။

တချိန်မှာ ပင့်ကူမျှင်တွေကို ကြိုးအဖြစ်သုံးလာနိုင်ဖို့ တီထွင်လေ့လာနေကြပါတယ်။

ပင့်ကူအိမ်တွေကို အိမ်ထဲမှာ အခန်းထဲမှာတွေ့တဲ့အခါ အကောင်လေးတွေ ကပ်ငြိနေတာကိုမြင်ဖူးကြမှာပါ။
ပင့်ကူအမျှင်မှာလာကပ်တဲ့ အကောင်ပလောင်တွေကို ပင့်ကူကအေးအေးဆေးဆေး ဖမ်းစားလိုက်ရုံပါပဲ။

ဒါဆိုမေးစရာရှိတာက ဘာလို့ပင့်ကူမျှင်တွေက ပင့်ကူကိုယ်တိုင်ကို ပြန်မကပ်တာလဲ။ ပင့်ကူအိမ်မှာ ပင့်ကူကဘယ်လို လျှောက်သွားနေနိုင်တာလဲပေါ့။

ဒီအကြောင်းကိုစပြောရရင် ပင့်ကူက အစွမ်းသတ္တိမတူညီတဲ့ ပင့်ကူမျှင် ၇မျိုးလောက်ကိုထုတ်နိုင်ပါတယ်။

ပင့်ကူအိမ်မှာရှိတဲ့ ကြိုးမျှင်တိုင်းက ကပ်စီးစီးဖြစ်မနေပါဘူးတဲ့။
ပင့်ကူအိမ်ရဲ့အလယ်ကနေဖြာထွက်နေတဲ့ ကြိုးမျှင်အဖြောင့်တွေကို ထောက်တိုင်ကြိုးမျှင် (Major ampullate silk) လို့ခေါ်ပြီး တခြားအမျှင်တွေထက်ပိုတောင့်တင်းပါတယ်။
ဘာနဲ့တူလဲဆိုတော့ စက်ဘီးစပုတ်တံအချောင်းတွေနဲ့တူပါတယ်။ အဲ့ထောက်တိုင်ကြိုးမျှင်တွေမှာ ကော်လို့ကပ်စီးစီးတွေမပါပါဘူးတဲ့။

ပင့်ကူကအများအားဖြင့်တခြားကြိုးမျှင်တွေပေါ်က လမ်းမလျှောက်ဘဲ ကော်မပါတဲ့ကြိုးမျှင်ကပဲလမ်းလျှောက်တတ်ပါတယ်။

ပတ်ပတ်လည်ဝန်းရံထားတဲ့ ကြိုးမျှင်တွေကတော့ ကပ်စီးစီးဖြစ်နေပါတယ်။
ဒီအမျှင်တွေကိုတော့ Flagelliform silk လို့ခေါ်ပါတယ်။ အိမ်ပိုင်ရှင်ဖြစ်တဲ့ ပင့်ကူကတော့ ဘယ်အမျှင်ကကပ်တယ် ဘယ်အမျှင်ကတော့ မကပ်ဘူးဆိုတာ သေချာသိပါတယ်။

တခြားအကောင်ပလောင်တွေကတော့ သေချာမသိတဲ့အတွက် ထောင်ချောက်မိပြီး ရုန်းထွက်မရဖြစ်ရပါတော့တယ်။

ဒါပေမယ့် ပင့်ကူက ပင့်ကူအိမ်စဆောက်တဲ့အခါမှာတော့ ကပ်တဲ့ကြိုးမျှင်တွေကိုလဲ နင်းပြီးဆောက်ရပါတယ်။ အဲ့အခါကျ ပင့်ကူရဲ့ ခြေထောက်နင်းပုံက ပညာပါလာပါတယ်။

ပင့်ကူခြေထောက်မှာ ချိတ် ၃ချောင်း (3 hooks) ပါပါတယ်။ ချိတ်၂ချောင်းကို လမ်းလျှောက်ဖို့အတွက်သုံးပြီး တတိယအချောင်းကိုတော့ ကပ်ရင်ပြန်ခွာဖို့အတွက်သုံးပါတယ်။

အောက်ကပုံလေးမှာကြည့်ရင် ခြေ၂ချောင်းက ကြိုးပေါ်မှာကပ်နေတဲ့အခါ ချိတ်နဲ့ပြန်တွန်းပြီး ခွာချလို့ရတာကိုတွေ့ရမှာပါ။

အဲ့လိုပုံစံနဲ့ အထာကျကျလမ်းလျှောက်ပါတယ်။ နောက်ပြီး ပင့်ကူက ခြေချောင်းထိပ်မှာ အဆူးသေးသေးလေးတွေပါပါသေးတယ်။ ဘာနဲ့တူလဲဆိုတော့ ကျနော်တို့ ခြေချောင်းလေးတွေနဲ့တူပါတယ်။

လူတွေက မသိမသာသွားချင်ရင် ခြေဖျားထောက်ပြီးလမ်းလျှောက်သလိုပဲ ပင့်ကူတွေကလဲ ကပ်တဲ့အမျှင်တွေပေါ်မှာ လမ်းလျှောက်ရင် သူတို့ရဲ့ခြေဖျားကအစူးတွေနဲ့ ဖွဖွလေးလျှောက်ပါတယ်။ အဲ့အစူးတွေနဲ့ ခြေဖျားထောက်ပြီးလျှောက်တဲ့အခါ ပင့်ကူမျှင်တွေမကပ်တော့ဘူးလို့ဆိုပါတယ်။

တချို့ပင့်ကူတွေကတော့ ပင့်ကူမျှင်မှာ ကော်မသုတ်ထားဘဲ electrostatic forces နဲ့ကပ်အောင်လုပ်တာမျိုးလဲရှိပါသေးတယ်။

ဘယ်လိုပဲကပ်အောင်လုပ်လုပ် အိမ်ပိုင်ရှင်ဖြစ်တဲ့ပင့်ကူတွေကတော့ အေးအေးဆေးဆေး အလှမပျက်ဘဲ ပင့်ကူအိမ်မှာကူးလူးသွားလာနိုင်ပါသေးတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အပျင်းထူခြင်းကို ကျော်ဖြတ်ခြင်း

ဆရာကြီးလုပ်ပြီး အောင်မြင်တိုးတက်ရေးအကြောင်း ၂ပုဒ်ရေးထားပြီဆိုတော့ ရေးလက်စနဲ့ နောက်တစ်ပုဒ်ဆက်ရေးချင်ပါသေးတယ်။ အခုတစ်ခေါက်ရေးချင်တာက အပျင်းထူတာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာပါ။

ရှေ့မှာရေးထားတဲ့ ၂ပုဒ်ကိုဖတ်ချင်ရင် ဒီမှာဖတ်ပါ။

အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?
https://ouo.io/vZ5H4D

Motivation မရှိခြင်းပြဿနာ
https://ouo.io/IG5iDtw

ဘဝမှာ အမြဲတမ်း ၂ခုထဲက ၁ခုကို ရွေးချယ်ရတတ်ပါတယ်။ စာမေးပွဲအတွက် စာဖတ်မလား… ဇာတ်လမ်းကြည့်မလား…။ ဂိမ်းဆော့မလား… စာထိုင်ရေးမလား… စသဖြင့်ပေါ့။ နေ့တိုင်း ၂ခုထဲက ၁ခုကိုရွေးနေရတော့ အမြဲတန်းစိတ်ထဲမှာ လွန်ဆွဲနေရပါတယ်။
ဒီတော့ ဒီလိုမဖြစ်အောင် တစ်ခုခု ကြံစည်သင့်တာပေါ့။
အဲ့ဒီအခါမှာ စည်းမျဉ်း (Rules) တွေက အသုံးဝင်လာပါတယ်။ (တရားဟောပါတော့မယ်…)

စိတ်ခံစားချက်အတိုင်းသာ သွားနေလို့ကတော့ ဘာအလုပ်မှ ပြီးမှာမဟုတ်ဘဲ ရုပ်ရှင်တွေပဲ တစ်ကားပြီးတစ်ကား ပြီးနေမှာပါ။ Rules တွေကို လိုက်နာလိုက်ခြင်းအားဖြင့် လုပ်ရမလား၊ မလုပ်ရဘူးလား သိပ်ပြီးတော့ အာရုံနောက်နေစရာ မလိုတော့ပါဘူး။ “ဒါကိုလုပ်ရမယ်… ဘာလို့လဲဆိုတော့ Rule ကြောင့်…” ဆိုပြီး ကိစ္စပြတ်သွားပါတယ်။

ဥပမာ ကိုယ့်ရည်မှန်းချက်ကို ရှေ့ရောက်စေမယ့် အရာတွေကို တစ်ရက် ၂ခုလောက်လုပ်မယ်ဆိုပြီး Rule တစ်ခုချထားတာမျိုးပေါ့။ ကိုယ်က ကျောင်းသားဆိုရင် စာ ၂ခန်းပြီးအောင် ဖတ်မယ်… စာရေးတဲ့သူဆိုရင် စာ ၂ပုဒ်ပြီးအောင် ရေးမယ်… ဆိုပါတော့။
ဒီတော့ မေးစရာရှိတာက ကျောင်းက၊ အလုပ်ကနေအပြန် ပင်ပန်းလာရင်ရော ဒီ Rule ကိုလိုက်နာရမှာပါပဲလား ဆိုတာပါ။ ရှင်းရှင်းပြောရရင် သေရေးရှင်ရေး မဟုတ်သ၍ လိုက်နာရပါမယ်။ ဘာလို့လဲဆိုတာ ရှင်းပြပါမယ်။

တစ်ရက်ကို စာ ၂ခန်းပြီးအောင် ဖတ်မယ်လို့ရည်ရွယ်ထားတဲ့သူက မဖတ်မိတဲ့အခါ နောက်ရက်ရောက်သွားရင် ၄ခန်း ဖတ်ရပါတော့မယ်။ အဲ့ဒါဆိုရင် ၂ခန်းတောင် ပင်ပန်းတယ်ဆိုပြီး မဖတ်တဲ့သူက ၄ခန်းဖတ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။

ဒါဆိုလည်း “အကြွေးအတင်မခံဘူးကွာ… နောက်ရက်လည်း ၂ခန်းပဲဖတ်မယ်… ကြားထဲကတစ်ရက်ကို ဖျောက်လိုက်မယ်…” ဆိုပါတော့။ ဒီအခါမှာ တစ်နေ့ ၂ပုဒ်ဖတ်ရမယ်ဆိုတဲ့ Rule ပျက်သွားနိုင်ပါတယ်။
ပင်ပန်းရင် နားလိုက်မှာပေါ့… ဆိုတာက အကျင့်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် နည်းနည်းလောက် ပင်ပန်းတာနဲ့တင် “နားလိုက်ပြီ… ရုပ်ရှင်ကြည့်လိုက်ပြီ…” ဆိုတာတွေ ဖြစ်လာနိုင်တာပေါ့။
ဒါကြောင့် လူကြီးတွေက “အစရှိ အနောင်နောင်” လို့ ပြောကြတာပါ။ စမိသွားရင် အပျင်းထူဖို့ လွယ်သွားပါတယ်။ နောက်ဆုံးမှာတော့ အကျင့်တစ်ခုကို မပျိုးထောင်ရသေးဘူး… ပျက်သွားပြီဆိုတာမျိုးတွေ ဖြစ်လာမှာပါ။

ဒီအခါမှာ အလုပ်တစ်ခုကို ဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ရင် ကိုယ့်ဘာသာပြန်မေးရပါတယ်။ “ငါပျင်းနေတာလား… အပြောခံရမှာ ကြောက်လို့လား… ဒါတွေကြောင့်များ ငါဆက်မလုပ်ချင်တာလား” ဆိုတာ မေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့မအပ်စပ်တဲ့အလုပ်သာဆိုရင် ဒီနေရာမှာ “မဟုတ်ဘူး” ဆိုတဲ့အဖြေကို ရမှာပါ။
ကိုယ့်ရဲ့ အဖြေက “ဟုတ်တယ်… ပျင်းလို့… ဝါသနာတော့ပါတယ်” ဆိုပြီး ထွက်လာရင်တော့ အောက်မှာဆက်ပြောမယ့် အကြောင်းတွေက အသုံးဝင်မှာပါ။

ကိုယ့်ရဲ့ပျင်းရိမှုက အလုပ်မတွင်အောင် တားဆီးနေပြီဆိုရင်တော့ Rule တစ်ခုချရပါတော့မယ်။ တစ်နေ့လုံးမှာ အရေးကြီးဆုံးအလုပ် ၃ခုကို Priority ထားလိုက်သင့်ပါတယ်။ ဘယ်ဟာက ကိုယ့်အတွက် ပိုအရေးကြီးလဲဆိုတာ ကိုယ့်ဘာသာခွဲခြားရမှာပါ။

ဒီနေရာမှာ တစ်ခုအရေးကြီးတာက “ပြာသာပြာတယ်… ဖွဲမထွက်” တာမျိုးတွေ မဖြစ်ရပါဘူး။ ကိုယ်လုပ်တဲ့အလုပ်တိုင်းဟာ ကိုယ်ဖြစ်ချင်တာကို သက်ရောက်မှုရှိနေရပါမယ်။
ဥပမာ စာဖတ်တာက အဓိကပေမယ့် စာမဖတ်ခင် လက်ဖက်သုပ်သုတ်ပြီး ကော်ဖီဖျော်နေတာ နာရီဝက်လောက် ကြာနေတာမျိုး၊ စာရေးမယ်ဆိုပြီး စားပွဲပေါ်က အမှိုက်တွေကို ရှင်းတာ၊ စာအုပ်တွေကို စီနေတာမျိုးပေါ့။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဘယ်ဟာကို Focus လုပ်ရမလဲ သိနိုင်သွားပါတယ်။ ဒီ ၃ခုထဲမပါတာတွေဟာ အပရိကတွေပါပဲ။
ကိုယ်က စာမေးပွဲမှာ အမှတ်ကောင်းချင်တယ်ဆိုရင် စာပုံမှန်ဖတ်တာကို Priority ထဲထည့်ထားရမှာပါ။ အဲ့ဒီအခါမှာ သူငယ်ချင်းတွေက တစ်ခုခုသွားစားရအောင်လို့ ခေါ်လည်း မလိုက်သင့်ပါဘူး။ သူတို့က ကိုယ့်ရဲ့ Priority ၃ခုထဲမှာ မပါဘူးဆိုရင် စာမေးပွဲပြီးတဲ့အထိ ခေါက်ထားလိုက်သင့်ပါတယ်။

ဒါပေမယ့် အရေးကြီးတာက မဖြစ်နိုင်တာတွေ မမှန်းသင့်ပါဘူး။ ဒါကြောင့် Priority ၃ခုကို ထိန်းချုပ်မယ့် နောက်တစ်ခုလိုလာပါတယ်။
ဒါကတော့ တစ်နေ့ကို ကိုယ်မလုပ်ရမယ့် အရာ ၅မျိုး၊ လုပ်ရမယ့် အရာ ၅မျိုး ကြိုတွေးထားတာမျိုးပါ။ ဥပမာ ငါ ၁နာရီထက်ပိုမနားဘူး…၊ Facebook နာရီဝက်ပဲ ပွတ်မယ်…၊ ဇာတ်လမ်းကြည့်ရင် ၂ပိုင်းထက်ပိုမကြည့်ဘူး… စတာတွေပေါ့။ ဒါတွေက မလုပ်ရမယ့် အရာတွေပါ။

လုပ်ရမယ့်အရာကတော့ ကိုယ့်ရဲ့ Priority နဲ့ဆိုင်ပါတယ်။ Body တောင့်ချင်တယ်ဆို ပုံမှန်လေ့ကျင့်ခန်းလုပ်ရမှာပါ။ (ဒါက Priority ပေါ့)
ဒါကိုထောက်ပံ့ဖို့အတွက် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် Protein ဓာတ်များတာရွေးစားမယ်…၊ နို့ပုံမှန်သောက်မယ်…၊ အာဟာရပြည့်ပြည့်ဝဝရအောင်စားမယ်… စတာတွေကို လုပ်ရမယ့် အရာထဲထည့်ထားရမှာပါ။

လက်တွေ့မှာ ဒီလောက်တော့ မလွယ်ပါဘူး။ Rule တွေထားထားပေမယ့် တခါတခါ ၂ခုထဲက ၁ခုကို ရွေးချယ်ဖို့ ဖြစ်လာတတ်ပါတယ်။ ဒီအခါမှာ 10-10-10 Rule ကိုသုံးလို့ရပါတယ်။ ဘာလဲဆိုတော့ ကိုယ်လုပ်ချင်တာကို ချက်ချင်းထမလုပ်ဘဲ ကိုယ့်ဘာသာမေးခွန်း ပြန်ထုတ်ခိုင်းတာပါ။

“ငါသာ ခုချိန် စာမဖတ်ဘဲ ဇာတ်လမ်းကြည့်လိုက်ရင် နောက် ၁၀ မိနစ်နေရင် ဘယ်လိုနေမလဲ (ပျော်နေမှာပေါ့…) ၊ ၁ဝနာရီနေရင် ဘယ်လိုနေမလဲ (အပြစ်ရှိသလို ခံစားလာရမှာပါ…) ၊ ၁ဝရက်နေရင် ဘယ်လိုနေမလဲ (စာပုံမှန်ဖတ်မယ်ဆိုတဲ့ အကျင့်ပျက်သွားလောက်တယ်လို့ တွေးမိနိုင်ပါတယ်…)”

ဒီလိုတွေးလိုက်ခြင်းအားဖြင့် အနာဂတ်ကိုမြင်သွားတဲ့အတွက် လုပ်ဖို့ နည်းနည်းတော့ တွန့်သွားတတ်ပါတယ်။ လက်ရှိခဏတာ စိတ်ပျော်ရွှင်ဖို့ အနာဂတ်မှာ Guilty ဖြစ်နေမလား… ကိုယ့်ရဲ့ Goal ကပိုအရေးမကြီးဘူးလား… ဆိုတာမျိုးတွေ တွေးမိလာနိုင်ပါတယ်။

ဘာလို့ဒီလောက်တောင် လိုက်ပြောနေရတာလဲလို့ မေးချင်ကြမှာပါ။ ကိုယ့်မှာ အလေ့အထတစ်ခု (Habit) ဖြစ်မလာသေးခင်မှာ ဒီ Habit ကိုပျက်စီးစေတဲ့ အကြောင်းတွေအကုန်လုံးဟာ ရန်သူပါပဲ။
ဥပမာ ဝိတ်ချမယ်… ဘာမှမစားတော့ဘူး တွေးထားပေမယ့် အစပိုင်းမှာ နည်းနည်းလောက် Cheat လုပ်မိတဲ့အခါ Habit က ပျက်စီးသွားနိုင်ပါတယ်။ ဒါ့အပြင် ရေတိုပဲကြည့်ပြီး ခဏတဖြုတ် အငတ်ခံနေရင်လည်း တချိန်မှာ ပြန်စားတဲ့အခါ ဝိတ်ပြန်တက်လာမှာပါပဲ။

ဒါပေမယ့် ဒီ Diet အတိုင်းစားနေတာ ကာလတစ်ခုကြာလာပြီ ဆိုရင်တော့ ဒါဟာ Habit တစ်ခုဖြစ်လာပါပြီ။ ဒီအခါမှာ တခါတလေ နည်းနည်းလောက် Cheat လုပ်လိုက်တာက ပြဿနာသိပ်မရှိတော့ပါဘူး။ Habit ပျက်စီးဖို့ နည်းနည်းပိုခက်ခဲသွားပါတယ်။

ပြောရတာလွယ်ပေမယ့် စိတ်ဓာတ်ပိုင်းက အရေးကြီးပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုကိုယ် ရိုးသားဖို့ပါပဲ။ “တစ်ခါလောက်နဲ့တော့ ဘာမှမဖြစ်ပါဘူးကွာ” ဆိုတာ ကောင်းတဲ့ Habit တွေပျက်စီးခြင်း၊ မကောင်းတဲ့ Habit တွေစတင်ခြင်းရဲ့ နိဒါန်းပါပဲ။

နောက်ဆုံးတစ်ချက်ပြောချင်တာက 10-10-10 နဲ့တွေးကြည့်ပြီးပြီ ဒါပေမယ့် ဒီအလုပ်ကို ဆက်လုပ်ချင်နေသေးတယ် ဆိုပါတော့။ ဒီအခါမှာ နောက်ဆုံးကျည်ဆန်တစ်တောင့် အနေနဲ့ ဒါကို ဆက်မလုပ်ခင် ၁၀ မိနစ်စောင့်လိုက်ပါ။
ဥပမာ “မရတော့ဘူး… Delivery နဲ့မာလရှမ်းကော မှာစားမှကို ရတော့မယ်…” လို့ Diet လုပ်နေတဲ့အချိန်မှာတွေးမိရင် မမှာစားခင် ၁ဝမိနစ် စောင့်ပါ။

စောင့်ပြီးလို့မှ စားချင်သေးရင်တော့ စားလိုက်ပါတော့။ ဒီလိုမဟုတ်လည်း နောက် ၁ဝမိနစ်ထပ်စောင့်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၀ မိနစ်တောင် သည်းခံနိုင်သေးတာပဲ… နောက် ၁၀ မိနစ်ကို ဘာလို့ သည်းမခံနိုင်ရမလဲ… ဟုတ်တယ်မလား။
ဒီလိုလုပ်တဲ့အခါ ကိုယ့်ရဲ့သည်းခံနိုင်စွမ်းတွေ တက်လာပါလိမ့်မယ်။ နောက်ကျရင် ကိုယ့်ရဲ့ Priority ၃ခုထဲမပါတဲ့ အရာတွေအတွက် အချိန်ပေးမိမှာ မဟုတ်တော့ပါဘူး။

အခုပြောနေတာတွေ အကုန်လုံးက ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့တွေချည်းပါပဲ။ ပျော်ရွှင်ခြင်းကို ထည့်မစဉ်းစားထားပါဘူး။
ကိုယ်လုပ်ချင်တာ လုပ်လိုက်ရလို့ စိတ်ပျော်ရွှင်သွားပေမယ့် ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ လာတိုက်နေရင် မကောင်းပါဘူး။ ဒါပေမယ့် ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ့်ဘာသာပဲ ရွေးချယ်ရမှာပါ။ ပျော်ရွှင်ခြင်းလား… အောင်မြင်ခြင်းလား… ၂ခုလုံး ၁၀၀% ရဖို့ကတော့ ခက်ခဲပါတယ်…။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started