ဒီစာကိုဖတ်နေတဲ့သင်ဟာ တကယ်ပဲသင်လို့သေချာရဲ့လား?

ပုံပြင်လေးတပုဒ်နဲ့ အစပြုချင်ပါတယ်။

တခါတုန်းက တိုင်းပြည်တပြည်မှာ Theseus လို့နာမည်ရတဲ့ ဘုရင်တပါးရှိပါတယ်။ ဘုရင်ကြီးဆီမှာ တိုက်သင်္ဘောကြီးတစင်းရှိပြီး အဲ့သင်္ဘောကြီးနဲ့ တိုက်ပွဲအလီလီဝင်ခဲ့ဖူးပါတယ်။ တိုက်သင်္ဘောကြီးမှာ လှော်တက်အချောင်း ၃၀ရှိပြီး သင်္ဘောကိုယ်ထည်ကြီးကို သစ်သားပျဥ်ပြားတွေနဲ့ အဓိကဆောက်လုပ်ထားပါတယ်။ Thesus ဘုရင်ပိုင်ဆိုင်တဲ့ သင်္ဘောကြီးမို့ The ship of Theseus လို့အစွဲပြုခေါ်ပါတယ်။

တိုက်ပွဲမဝင်ခင်ဆိုရင် သင်္ဘောကြီးကို လိုအပ်တာတွေပြုပြင်ရပါတယ်။
ကြမ်းပြင်ကသစ်သားတွေဆွေးနေရင် ပျဥ်ပြားတွေအသစ်လဲရတယ်။ ရွက်တိုင်တွေကျိုးနေရင် ရွက်တိုင်အသစ်လဲရတယ်။
အကုန်ပြင်ဆင်ပြီးမှ တိုက်ပွဲဝင်ပါတယ်။

ဒီလိုပဲတိုက်ပွဲကပြန်လာရင်လဲ အပျက်အစီးတွေကို ပြုပြင်မွမ်းမံရတယ်။ လှော်တက်တွေကျိုးကုန်လို့ အသစ်လဲတပ်ရတယ်။ သံဆူးကြိုးတွေအသစ်တပ်ရတယ်။ ပိုခိုင်ခံ့အောင် ရေနဲ့ထိတွေ့ရတဲ့နေရာက ပျဥ်ပြားတွေကို ထပ်ထပ်လဲရတယ်။

ဒီလိုနဲ့ တိုက်ပွဲဝင်လိုက် ပြုပြင်လိုက် တိုက်ပွဲဝင်လဲ ပြုပြင်လိုက်နဲ့ နှစ်တွေကြာလာရင် အခုမြင်နေရတဲ့သင်္ဘောကြီးက the ship of Theseus ရောဟုတ်သေးရဲ့လား။

ပျဥ်ပြားတွေရော ရွက်တိုင်တွေရော တဖြည်းဖြည်းအသစ်လဲလာလိုက်တာ နဂိုမူလအစက သင်္ဘောမှာပါခဲ့တဲ့ အစိတ်အပိုင်းတွေအကုန် အသစ်လဲလိုက်ရတော့ ဒီသင်္ဘောဟာ သင်္ဘောအသစ်ဖြစ်မသွားဘူးလား။

ဘုရင် Theseus ပိုင်တဲ့သင်္ဘောလို့ရော ခေါ်လို့ရသေးရဲ့လား။ သူပိုင်တဲ့သင်္ဘောဆိုတာ ပျဥ်ပြားအဟောင်းတွေထဲ တဖြေးဖြေးပါသွားပြီမဟုတ်ဘူးလား။

ဒီလို စဥ်းစားစရာဖြစ်လာတာကို Identity crisis လို့ခေါ်ပါတယ်။





သင်္ဘောကြီးက အခုအချိန်မှာ အရင်သင်္ဘောက အရာတွေမရှိတော့ဘူးဆိုရင် သင်္ဘောအသစ်ဖြစ်သွားမလား။ သင်္ဘောအဟောင်း နာမည်အဟောင်းပဲဆက်ရှိနေတာလားဆိုတာ တွေးစရာဖြစ်လာပါတယ်။

ဒီ The ship of Theseus အကြောင်းကို စပြီးမေးခွန်းထုတ်ခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ခန့်က ဂရိသမိုင်းပညာရှင် Plutarch ဆိုသူဖြစ်ပါတယ်။

အလားတူပုံစံမျိုး identity crisis တွေအများကြီးရှိပါသေးတယ်။
ဥပမာ စမ်းချောင်းလေးတခုကိုအခုမြင်ယောင်ကြည့်ပါ။

သင်ကြည့်နေတုန်းမှာပဲ ရေတွေကတသွင်သွင်စီးဆင်းသွားလို့ သင်စောနကကြည့်နေတဲ့စမ်းချောင်းက အခုကြည့်နေတဲ့စမ်းချောင်းနဲ့မတူတော့ပါဘူး။ အရာရာဟာ ပြောင်းလဲနေ ပြောင်းလဲလတ္တံ့ပါပဲ။

သင်ကိုယ်တိုင်လဲ သင့်အမေမွေးလိုက်တုန်းက သင်နဲ့ ယခုသင်ဟာ လုံးဝမတူနိုင်တော့ပါဘူး။ လူသားတွေရဲ့ ဆဲလ်တွေက အသစ်မွေးလာလိုက် ပြန်သေသွားကြလိုက်နဲ့ ဖြစ်နေပါတယ်။ မျက်စိတမှိတ်အတွင်းမှာပဲ ဆဲလ်တွေသေလိုက် ရှင်လိုက် အသစ်အစားထိုးလိုက်ဖြစ်နေတာပါ။

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ အချိန် ၇နှစ်ကြာတိုင်း သင့်ကိုယ်ပေါ်က ဆဲလ်အဟောင်းတွေ အကုန်အသစ်လဲကုန်ပါတယ်တဲ့။ ဒါဆို ၇နှစ်တခါ သင်ဆိုတာ ပြောင်းလဲနေတာပေါ့။

တစ်နှစ်တခါ မွေးနေ့ကျင်းပမယ့်အစား ၇နှစ်တခါမှ ကျင်းပရင် တကယ့်လူသစ်စိတ်သစ်နဲ့ သင်ကိုတွေ့ရမှာလို့ ယူဆနိုင်ပါတယ်။ သင်အခုဒီစာကိုဖတ်နေတာ သင့်ဆိုတာရော သေချာရဲ့လားလို့ မေးခွန်းထုတ်စရာရှိလာပါတယ်။

Neuroscience အရတော့ သင်ကသင်ပဲလို့ယူဆနိုင်စရာရှိပါတယ်။ ဘာလို့လဲဆိုတော့ သင့်ခန္ဓာကိုယ်ထဲက ဆဲလ်တွေသေကြပေမယ့် မသေတဲ့ဆဲလ်ကတော့ သင့်ဦးနှောက်ဆဲလ်တွေပါပဲ။

မွေးကထဲကစပြီး တသက်လုံး သင့်ဦးနှောက်ဆဲလ်တွေက အသစ်အစားမထိုးတော့ပါဘူး။
ဆဲလ်အလုံး ၁သန်းရှိရင် အဲ့ ၁သန်းကဒီအတိုင်းပါပဲ။
အရေအတွက်ထပ်ပြီးမတိုးလာတော့ပါဘူး။

အသက်ကြီးလာရင်တော့ ဦးနှောက်ဆဲလ်တချို့သေကုန်တာဖြစ်တတ်ပေမယ့် မွေးကထဲက ရှိနေမယ့် ဦးနှောက်ဆဲလ်တွေက ဆက်ရှိနေဦးမှာပါ။ ဒါဆိုသင်က တကိုယ်လုံးပြောင်းလဲနေပေမယ့် ဦးနှောက်ကလိုက်မပြောင်းလို့ သင်ဟာသင်အဖြစ် ခံစားလို့ရနေဦးမှာပါ။

သင့်အရေပြား၊ သင့်ဆံပင်၊ သင့်အရိုးဆဲလ်တွေ ၊ သင့်သွေးဆဲလ်တွေကတော့ အချိန်ပြည့်ပြောင်းလဲနေမှာပါ။ ဒီအကြောင်းလေးကို သိလိုက်ရရင် သင့်ဘဝမှာ စိတ်ညစ်စရာတွေကြုံလာတဲ့အခါ အရာရာက ပြောင်းလဲနေတဲ့သဘောကို တွေးတောဆင်ခြင်မိမှာပါ။

အရာရာမမြဲတဲ့လောကကြီး… အရာခပ်သိမ်းပြောင်းလဲနေတဲ့လောကကြီးမှာ… ဒါဟာငါ့အပိုင်… ငါပိုင်တဲ့ဟာ… ငါပဲအတော်ဆုံး… ငါပဲယူမယ်… ငါချမ်းသာဖို့ပဲကြည့်မယ်… ငါကောင်းဖို့ပဲလုပ်မယ်… စတဲ့ ငါစွဲများကို ခဏမေ့ထားနိုင်စေဖို့ ရေးသားလိုက်ရပါတယ်။

ငါ ပိုင်တယ်ဆိုတာ တကယ်တော့ ဘာမှမရှိပါဘူး။ စမ်းချောင်းလေးလိုပဲ… Theseus သင်္ဘောလိုပါပဲ…။

Vector

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အမြင်အာရုံကိုလာလာရှုပ်နေတတ်တဲ့ တီကောင်လေးများ (သို့) floaters များအကြောင်း

တခါတခါ လင်းနေတဲ့မျက်နှာပြင် ကိုကြည့်မိရင် မြင်ကွင်းထဲမှာအောက်ကပုံထဲကလို တီကောင်လိုအကောင်လေးတွေရှိနေတာကို ခံစားဖူးပါသလား။

အဲ့အကောင်လေးတွေက မျက်စိကြည့်တဲ့အခါ လာလာရှုပ်နေတတ်ပြီး သူတို့ကိုမြင်အောင်လှမ်းကြည့်လိုက်ရင် ပျောက်သွားတတ်ပါတယ်။
တခြားနေရာကိုပြောင်းကြည့်လိုက်တော့မှ သူတို့တဖန်ပြန်ပေါ်လာပြန်ပါတယ်။

အများအားဖြင့် ရှည်မျောမျောပုံစံရှိပြီး အစက်အပြောက်ပုံစံ၊ အခက်အလက်ပုံစံ၊ ချည်လုံးပုံစံ စသဖြင့် ပုံစံအမျိုးမျိုးပြောင်းနေတတ်ပါတယ်။ ဒီလိုအကောင်လေးတွေကို Floaters လို့ခေါ်ပါတယ်။

ဒီ floaters လေးတွေက အပြင်လောကမှာရှိနေတာမဟုတ်ဘဲ သင့်မျက်လုံးထဲမှာရှိနေတာပါ။ ဒီလိုပြောလို့မလန့်သွားပါနဲ့ဦး။
ဒီလို floaters တွေက တကယ့်တီကောင်အစစ်တွေမဟုတ်ပါဘူး။ Floaters တွေကဘာတွေလဲဆိုတာ ရှင်းပြပါ့မယ်။

Floaters ရဲ့ သိပ္ပံနာမည်ကတော့ Muscae Volitantes ဖြစ်ပြီး Flying flies လို့အဓိပ္ပာယ်ရပါတယ်။

ကျနော်တို့မျက်လုံးထဲမှာ အခန်းငယ်လေးတွေရှိပြီး အရှေ့ခန်းထဲမှာ Aqueous humour လို့ခေါ်တဲ့အရည်တွေရှိပြီး အနောက်ခန်းထဲမှာတော့ vitreous humour လို့ခေါ်တဲ့ အရည်တွေပြည့်နေပါတယ်။ အဲ့ Vitreous humour လို့ခေါ်တဲ့အရည်တွေက ရေလိုကျဲကျဲကြီးမဟုတ်ဘဲ ကျောက်ကျောကျိုထားသလို ခပ်ပျစ်ပျစ်အနေအထားရှိပါတယ်။

ပုံမှန်ဆိုရင် အဲ့အရည်က ကြည်လင်ပြီး အမိုက်တစတောင်မှမရှိပါဘူး။ အသက်နည်းနည်းကြီးလာတဲ့အခါ အဲ့အရည်ထဲမှာ အနည်မှုန်လေးတွေဖြစ်လာပါတယ်။
အနည်လေးတွေက အများအားဖြင့် တစ်ရှူးအစအနလေးတွေ ၊ သွေးနီဥလေးတွေ ၊ ပရိုတိန်းအခဲလေး စတာတွေပဲဖြစ်ပါတယ်။

သူတို့တွေက အရည်ထဲမှာ ပေါလောမျောနေလို့ ပုံစံပြောင်းပြီး အသက်ရှိနေသလိုထင်ရတာပါ။ တကယ့်သက်ရှိအကောင်တွေရှိနေတာမဟုတ်ပါဘူး။

ဒီ floaters တွေက လူတိုင်းလိုလိုမြင်ဖူးတတ်ပြီး အလင်းများတဲ့နေရာတွေကို ကြည့်မိရင် ပိုသိသာပါတယ်။
ဥပမာ တိမ်တွေကင်းစင်ပြီး ပြာလဲ့နေတဲ့ မိုးကောင်းကင်ဟင်းလင်းပြင်ကို ကြည့်တဲ့အခါမျိုး၊ ဖုန်း screen လင်းလင်းကြီးကိုကြည့်တဲ့အခါမျိုး၊ ကွန်ပြုတာ home screen ဖြူဖြူကြီးကို စိုက်ကြည့်တဲ့အခါမျိုးမှာ ပိုပေါ်လာတတ်ပါတယ်။

အကြောင်းကတော့ အလင်းရောင်ပြင်းလေ သူငယ်အိမ်ကျဥ်းလေ ဖြစ်ပြီး အလင်းတန်းပိုစုဆုံကာ ပိုထင်ရှင်းလာတဲ့သဘောပါ။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ floaters တွေကိုပိုမြင်ရတတ်ပြီး အဝေးမှုန်သမားတွေ၊ မျက်မှန်သမားတွေမှာလဲ ဒါမျိုးခဏခဏကြုံရတတ်ပါတယ်။

ဒါ့အပြင် လှဲအိပ်နေတဲ့အခါ အနည်ဖတ်လေးတွေက မျက်စိအနောက်ကို အနည်ထိုင်လာပြီး မြင်လွှာ (retina) နဲ့ပိုနီးလာလို့ ဒီ floaters တွေပိုထင်ရှားလာတတ်ပါတယ်။

အများအားဖြင့်တော့ ဒီ floaters တွေမြင်ရတာက Normal ပါပဲ။ ဘာကျန်းမာရေးပြဿနာမှမရှိတတ်ပါဘူး။အဓိကက floaters တွေကိုမြင်မြင်နေရတာ မျက်စိဆံပင်မွေးစူးနေသလိုပါပဲ။ မြင်ရတာ အလွန်အာရုံနောက်ပါတယ်။

သူတို့ကိုအာရုံစိုက်ပြီးကြည့်လေ သူတို့ကတခြားနေရာကိုရောက်သွားလေ၊ မကြည့်ပြန်ရင်လဲ ပြန်ပေါ်လာလေ အဲ့လိုဖြစ်နေတာပါ။ စစမြင်ချင်းမှာတော့ နေရခက်ပေမယ့် တဖြေးဖြေး အသားကျလာတဲ့အခါ အဲ့ floaters တွေမရှိတော့သလိုဖြစ်လာပါလိမ့်မယ်။

အကောင်းဆုံးကုသနည်းကတော့ အလင်းများများကိုခဏခဏမကြည့်ဖို့ရယ် အဲ့ floaters တွေကိုတတ်နိုင်သမျှ လျစ်လျူရှုထားဖို့ရယ်ပါပဲ။ မြင်ကွင်းရှေ့ရောက်ရောက်လာရင်တော့လဲ မကြည့်မိအောင်နေရတာ အတော်လေးခက်ခဲပါတယ်။

အသက်ငယ်တဲ့သူတွေမှာ floaters တွေကဘာပြဿနာမှမရှိပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ floaters တွေအများကြီးမြင်နေရရင် မျက်စိရောဂါတခုခုရှိနေတတ်ပါတယ်။ မျက်လုံးကောင်းကောင်းမမြင်တော့တာ၊ ဝါးလာတာ၊ မျက်လုံးအောင့်တာ၊ ရုတ်တရက်လင်းရာကနေ မှောင်ကျသွားတာ၊ ခေါင်းခဏခဏကိုက်တာ စတဲ့လက္ခဏာတွေနဲ့တွဲနေရင်တော့ မျက်စိဆရာဝန်နဲ့ပြသင့်ပါတယ်။ ပုံမှန်လူတွေမှာတော့ Floaters တွေကဘာဒုက္ခမှမပေးတတ်ပါဘူး။

နောက်ပြီး floaters နဲ့ဆင်တူတဲ့ အလားတူပြဿနာတခုရှိပါသေးတယ်။ သူကကျ အပြာရောင်နောက်ခံကိုကြည့်မိရင်ဖြစ်လာတတ်ပြီး အဖြူရောင်အကောင်သေးသေးလေးတွေပြေးနေတဲ့ ခံစားချက်မျိုးပါ။ ဒါကို Blue field entoptic phenomenon လို့ခေါ်ပါတယ်။

ဒါကဘာလို့ဖြစ်တာလဲဆိုတော့ မျက်လုံးအိမ်ထဲက သွေးကြောမျှင်လေးတွေမှာ သွေးဖြူဥတွေဖြတ်စီးသွားလို့ပါ။ သွေးဖြူဥတွေကအရွယ်အစားကြီးတော့ သွေးကြောမျှင်ထဲမှာ လမ်းပိတ်ပြီးစီးနေသလိုဖြစ်ပါတယ်။ သူ့နောက်ကနေ သွေးနီဥတွေကဖြေးဖြေးချင်းလိုက်လာရပါတယ်။ ရထားတွဲလိုဖြစ်နေတာပါ။

သွေးဖြူဥက ရထားခေါင်းတွဲ ဖြစ်ပြီး သွေးနီဥတွေက ရထားနောက်တွဲလေးတွေသဘောပေါ့။ ပုံမှန်ဆိုရင် သွေးနီဥတွေကပဲ အပြာရောင်ကိုစုပ်ယူပြီး သွေးဖြူဥတွေကမစုပ်ယူပါဘူး။

ဒါကြောင့် အမြင်အာရုံထဲမှာ အရောင်ကွာဟမှု window လေးတွေဖြစ်ပြီး အကောင်လေးတွေပြေးနေသလိုခံစားရတာပါတဲ့။

ပိုပြီးမြင်အောင်ကြည့်ချင်ရင် အောက်က ၄မိနစ်စာ youtube link ထဲမှာ ဝင်ကြည့်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

http://youtu.be/Y6e_m9iq-4Q

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)

အများကမှန်တယ်လို့ ယူဆထားတဲ့ကျန်းမာရေးအကြောင်းအရာတချို့က ဆေးပညာအရလွဲနေပါတယ်။
ဒါတွေကို အပိုင်းလိုက်ရေးသွားပေးမှာဖြစ်ပါတယ်။

၁။ အစပ်များများစားရင် အစာအိမ်မှာအနာဖြစ်တတ်သလား?

ဒီအချက်က အစပ်ကြိုက်တတ်သူတွေမကြာခဏပြောတတ်တဲ့ကိစ္စပါ။ အစပ်တွေစားမိလို့ အစာအိမ်မှာအနာဖြစ်တယ်ဆိုတာ ဆေးပညာအရမမှန်ပါဘူး။

Stomach ulcer ဆိုတဲ့ အစာအိမ်မှာအနာဖြစ်ရခြင်းက Helicobacter pylori လို့ခေါ်ဘက်တီးရီးယားပိုးကြောင့်အဓိကဖြစ်တာပါ။
ဒါ့အပြင် အကိုက်အခဲပျောက်ဆေးတွေခဏခဏသောက်ရင်လဲ အစာအိမ်အနာဖြစ်တတ်ပါတယ်။

ဆေးလိပ်သောက်တတ်တဲ့သူတွေမှာလဲ အစာအိမ်အနာပိုဖြစ်တတ်ပါတယ်။
နောက်ပြီးစိတ်ဖိစီးတာကြောင့်ဖြစ်စေ ၊ Physical stress တခုခုကြောင့်ဖြစ်စေ အစာအိမ်ကိုသွေးရောက်တာနည်းပြီး အနာဖြစ်တတ်ပါတယ်။

ဒါကြောင့် အစပ်စားလို့ အစာအိမ်ကိုအနာဖြစ်တယ်ဆိုတာ မမှန်ပါဘူး။
သို့သော် အပူအစပ်များများစားရင် နဂိုရှိပြီးသားအနာကိုတော့ ပိုဆိုးစေ ပိုနာစေပါတယ်။
အရက်သောက်တာဖြစ်ဖြစ်၊ အပူအစပ်တွေအများကြီးစားလိုက်တာဖြစ်ဖြစ် ရှိပြီးသားအနာက အစပ်နဲ့ထိပြီး ပိုနာတတ်ပါတယ်။

ဥပမာ ပါးစပ်ထဲမှာ အနာတခုခုရှိရင် အစပ်စားတဲ့အခါ ပိုစပ်တဲ့သဘောပဲဖြစ်ပါတယ်။ စပ်တာစားရင် ရှိပြီးသားအနာကိုတော့ ပိုစပ်စေပေမယ့် အနာကိုတော့မဖြစ်စေပါဘူး။ အစာအိမ်အနာရှိရင် ဆရာဝန်နဲ့ပြပြီး လိုအပ်တဲ့ဆေးကုသမှုခံယူသင့်ပါတယ်။

၂။ အတွင်းခံဘောင်းဘီကြပ်ကြပ်ဝတ်ရင် သုတ်ပိုးတွေကိုသေစေပြီး ကလေးမရဖြစ်တတ်သလား?

ဒါကလဲ အမျိုးသားတွေကြားထဲမှာ အပြောများတဲ့အကြောင်းအရာတခုပါပဲ။

“အတွင်းခံအတို Briefs ဝတ်တာမကောင်းဘူး… အပူမိပြီး သုတ်ပိုးတွေသေတတ်တယ်” တို့

“Boxer ဝတ်တာက ပိုကျန်းမာရေးနဲ့ညီညွတ်တယ်” တို့

“ဘာမှမဝတ်တာ အကောင်းဆုံးပဲကွ” တို့ မကြာခဏကြားဖူးကြမှာပါ။

1998 ခုနှစ်ထုတ် ဆီးလမ်းကြောင်းနဲ့မျိုးပွားအင်္ဂါဆိုင်ရာဆေးပညာဂျာနယ်မှာ လေ့လာစမ်းသပ်မှုတခုလုပ်ထားပါတယ်။

အမျိုးသား ၉၇ ယောက်ကိုခေါ်ပြီး တဝက်ကို Briefs ဝတ်ခိုင်း နောက်တဝက်ကို Boxers ဝတ်ခိုင်းပြီး အမျိုးသားအင်္ဂါရဲ့ အပူချိန်ပြောင်းမပြောင်း၊ ကပ်ပယ်အိတ်အပူချိန်ပြောင်းမပြောင်း၊ သုတ်ပိုးအကောင်ရေအနည်းအများရှိမရှိ၊ သုတ်ပိုးကူးခတ်နိုင်စွမ်းပြောင်းလဲမှုရှိမရှိ လေ့လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အပူချိန်များလာရင် သုတ်ပိုးတွေသေတတ်လို့ဖြစ်ပါတယ်။

ဒီလေ့လာချက်အရ အတွင်းခံဝတ်တာနဲ့ မဝတ်တာကြားထဲမှာ ဘာအပူချိန်ခြားနားချက်မှမရှိကြောင်းနဲ့ သုတ်ကောင်အရေအတွက်ခြားနားသွားခြင်း၊ သုတ်ကောင်များသေဆုံးခြင်း တစုံတရာမရှိကြောင်းတွေ့ရပါတယ်။

ဒါကြောင့် ညီကိုတို့အနေနဲ့ Briefs ပဲဝတ်ဝတ်၊ Boxers ပဲဝတ်ဝတ်၊ လံကွတ်တီပဲနေနေ ညီလေးကိုတစုံတရာထိခိုက်မှုမရှိကြောင်း ပြောပါရစေ။

ဒါပေမယ့် သတိထားသင့်တာက အားကစားသမားဝတ် အတွင်းခံအထူကြီးတွေကို အချိန်အကြာကြီးဝတ်တာတို့ကိုတော့ သတိထားသင့်ပါတယ်။ လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ အတွင်းခံမျိုးကိုသာဝတ်သင့်ပါတယ်။

အတွင်းခံဘောင်းဘီတွေကိုလဲ မလျှော်ဖွတ်ဘဲ အချိန်အကြာကြီး ခဏခဏဝတ်တာကလဲ ကျန်းမာရေးနဲ့မညီကြောင်းပြောပါရစေ။

၃။ ရေပူစမ်းမှာ ရေနွေးစိမ်ရင် ညီလေးကိုထိခိုက်နိုင်သလား?

အပူချိန်များများနဲ့ထိတွေ့ရင် အမျိုးသားအင်္ဂါကိုအနည်းနဲ့အများ ထိခိုက်စေပါတယ်။ ရေနွေးပူပူကြီးနဲ့တိုက်ရိုက်အကြာကြီးစိမ်တာမျိုးကို မလုပ်သင့်ပါဘူး။ သုတ်ပိုးတွေသေပြီး ကလေးမရနိုင်တာမျိုးအထိဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ခပ်နွေးနွေးရှိတဲ့ ရေနွေးလောက်စိမ်တာကတော့ ပြဿနာမရှိနိုင်ပါဘူး။ တပတ်ကို တခါနှစ်ခါ ချွေးထုတ်ခန်းမှာရေနွေးစိမ်တာတို့၊ ရေခပ်နွေးနွေးနဲ့ ချိုးတာတို့က ရံဖန်ရံခါဆို သင့်လျော်ပါတယ်။

အမြဲတမ်းလိုလို ရေပူပူနဲ့ချိုးတာ ရေပူပူနဲ့စိမ်တာမျိုးရင်တော့ ညီလေးကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူးခင်ဗျ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ပျော်ရွှင်ခြင်း မှတ်ဉာဏ် ၂မျိုး

ဟိုတစ်ရက်က လူတွေမှာ စိတ် ၃မျိုးရှိကြောင်း ရေးခဲ့ပါတယ်။ အခုကတော့ မှတ်ဉာဏ် ၂မျိုးအကြောင်း ပြောပြချင်ပါတယ်။

ကိုယ်ဖျားနေလို့ ၁ပတ်လောက် အိပ်ရာထဲလှဲနေခဲ့တာကို မှတ်မိကြသေးလား? ဒါမှမဟုတ် ဖျားနေတဲ့အခါတိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာရော မှတ်မိလား? ဘာမှမမှတ်မိတာ ဖြစ်ဖို့များပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရသမျှကိစ္စတော်တော်များများကို မေ့သွားကြတာများပါတယ်။

ဒီအခါမှာ “ငါကျောင်းတက်နေတာ နောက်ဆုံးနှစ်တောင်ရောက်လာပြီပဲ… အချိန်တွေကုန်တာမြန်လိုက်တာ…” ၊ “၂နှစ်ပြည့်တော့မယ်… နောက်ဆုံးနှစ်ကကို မတက်တော့ဘူး… အချိန်တွေကုန်တာ နှေးလိုက်တာ…” စသဖြင့် အတွေးတွေပေါ်လာတတ်ပါတယ်။
“အခု July တောင်ရှိပြီလား… 2021 ကိုခွေးတွေလုပ်တာနဲ့ ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး…” ဆိုတာမျိုးပေါ့။

မှတ်ဉာဏ်ဆိုတာ ဒီသဘောပါပဲ။ မှတ်ဉာဏ်အကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ် အရင် နားလည်နေဖို့လိုအပ်ပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာကို လူတွေက လက်စုပ်လက်ကိုင်မပြနိုင်ပေမယ့် တိတိကျကျသိတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီလိုမဟုတ်ပါဘူး။ ကိုယ်ဘယ်သူလဲဆိုတာ ကိုယ့်ဘာသာထင်တဲ့အထင်ပဲရှိတာပါ။

ဒီတော့ မှတ်ဉာဏ် ၂မျိုးဖြစ်လာပါတယ်။ တစ်မျိုးက လက်ရှိအကြောင်းပဲတွေးနေတာပါ…။ Short-term memory လို့ပြောရင် ရနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ အတိတ်ကို ပြန်တွေးနေတတ်ပါတယ်။ ဒါကိုတော့ Long-term memory လို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက ဒီမှတ်ဉာဏ် ၂ခုပေါ်မီတည်နေပါတယ်။

ဥပမာ ရေခဲမုန့်စားတယ်ဆိုပါတော့။ အရသာရှိတယ်လို့ သိတာက လက်ရှိမှတ်ဉာဏ်ပါ။ ဒါဘယ်လောက်ခံမလဲဆိုတော့ စားနေတဲ့အချိန်နဲ့ စားပြီးမိနစ်ပိုင်းလောက်ပဲ မှတ်မိမှာပါ။ နောက် ၅နှစ်နေလို့ အခုစားခဲ့တဲ့ ရေခဲမုန့်အကြောင်း ပြန်မေးရင်သိမှာမဟုတ်တော့ပါဘူး။

ကိုယ်အရင်က ရေခဲမုန့်စားခဲ့တဲ့အချိန်တွေကို ပြန်စဉ်းစားကြည့်ပါ။ အကုန်လုံးကို သေချာမှတ်မိသေးရဲ့လား။ မှတ်မိတဲ့အကြိမ်တွေကရော သဲသဲကွဲကွဲရှိရဲ့လား။ ပြန်မှတ်မိနေဖို့အတွက် Long-term memory ထဲကိုဝင်သွားရမှာပါ။
ဒါပေမယ့် ကိုယ်ရေခဲမုန့်စားတဲ့ရည်ရွယ်ချက်က ခဏတာ အရသာရှိဖို့ပါပဲ။ နောက် ၅နှစ်နေလို့ ပြန်တွေးတဲ့အခါ အရသာရှိလိုက်တာဆိုပြီး ပီတိတွေဖျာနေဖို့မဟုတ်ပါဘူး။

ကျွန်တော်တို့တွေကို ဆုံးဖြတ်ချက်ချဖို့ ဦးဆောင်တာက အတိတ်ကိုပြန်မှတ်မိတဲ့ မှတ်ဉာဏ်ပါပဲ။ အတိတ်ကမှတ်ဉာဏ်တွေအပေါ် အခြေခံပြီး မှတ်ဉာဏ်အသစ်တွေ ဖြစ်အောင်တွန်းအားပေးတတ်ပါတယ်။ ဥပမာ အရင်တစ်ခေါက်က ငတ်ကြီးကျလိုက်တာ အစာအိမ်ရောင်သွားတယ်… ဒါကြောင့် အဲ့ဒီနောက်ပိုင်းအစာစားရင် ထိန်းထိန်းသိမ်းသိမ်းစားတတ်လာတာမျိုးပေါ့။

လက်ရှိအကြောင်းပဲတွေးနေတဲ့ မှတ်ဉာဏ်ကတော့ ဒါတွေစိတ်မဝင်စားပါဘူး။ သူစိတ်ဝင်စားတာက ပျော်အောင် စားပစ်လိုက်မယ်…၊ ပျော်အောင် နေပစ်လိုက်မယ်… ဆိုတာပါပဲ။ ဒီမှတ်ဉာဏ်ဟာ ပစ္စုပ္ပန်ကျကျနေတယ်လို့ ပြောလို့ရပါတယ်။ “စားရသောက်ရရင် ပျော်နေတာပဲ…” ဆိုတာက ဒီမှတ်ဉာဏ်က ပြောနေတာပါ။

ဒီတော့ အတိတ်ကိုတွေးတတ်တဲ့မှတ်ဉာဏ်က ဆရာကြီးနဲ့တူပြီး လက်ရှိကိုပဲ သိတဲ့မှတ်ဉာဏ်က ကလေးတစ်ယောက်လိုပါပဲ။ ဒီ ၂ခုကြားမှာ လူတွေလွန်ဆွဲနေကြရပါတယ်။
ဆရာကြီးဟာ အတိတ်ကို စားမြုံ့ပြန်တွေးရရင် ပျော်နေပေမယ့် ကလေးကတော့ ချက်ချင်းလက်ငင်း ပျော်စရာ တစ်ခုခုလုပ်နေရမှ ပျော်ပါတယ်။

မေးခွန်းတစ်ခုမေးချင်ပါတယ်။ ကိုယ်က ၂ပတ်လောက် ခရီးထွက်ရမယ်ဆိုပါစို့။ ခရီးထွက်ပြီးတဲ့အခါ ၂ပတ်အတွင်း တွေ့ကြုံခဲ့ရတဲ့ Experience တွေကို မမှတ်မိတော့အောင် ဆေးတစ်မျိုးသောက်ရမယ်ဆိုရင် ဒီခရီးကို သွားဦးမလား?

၂ပတ်ခရီးမှာ တစ်ဘဝလုံးစာ Memory တွေရနိုင်ပါတယ်။ ဒီတော့ ဒါတွေကိုမေ့သွားမယ်ဆိုရင် ဆရာကြီးက ကြိုက်မှာမဟုတ်ပါဘူး။ ကလေးကတော့ သွားချင်မှာပါ…။ ခုပျော်ရဖို့က အရေးကြီးတာပဲလေ။
Personally ပြောရရင် ကျွန်တော်ဆို ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲ မသေချာပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှတ်ဉာဏ်ကို မေ့သွားမယ်ဆိုရင် သွားခဲ့ရတာ အချည်းနှီးပဲလို့ တွေးမိလို့ပါ။ အဲ့ဒီအစား ကိုယ်မှတ်မိနေမယ့် အလုပ်တစ်ခုကိုပဲ ၂ပတ်လောက်လုပ်လိုက်မှာပေါ့လို့ တွေးမိပါတယ်။ ဒါပေမယ့် မမေ့ခင် ၂ပတ်မှာတော့ ပျော်နေရမှာပဲ… ဆိုပြီးလည်း တွေးမိပြန်ပါတယ်။

ပညာရှင်တွေကတော့ ပျော်ရွှင်မှုဆိုတာ မှတ်ဉာဏ်နှစ်ခုလုံး (ကလေးရော၊ လူကြီးရော) ကို သဘောကျစေမှ အဆင်ပြေတယ်လို့ ပြောကြပါတယ်။ လက်ရှိပစ္စုပ္ပန်မှာလည်း ပျော်နေပြီး ပြန်တွေးကြည့်တဲ့အခါလည်း ပျော်နေရမယ့် ပျော်ရွှင်မှုမျိုးပါ။

ဒါကြောင့် စိတ်ပျော်အောင် လုပ်ချင်တာတွေ လျှောက်လုပ်နေပြီး အနာဂတ်ကို မစဉ်းစားတာဟာ “လူကြီးဉာဏ်” ကို ပျော်ရွှင်စေမှာမဟုတ်သလို အမြဲတမ်း အနာဂတ်အတွက်တွေးပြီး လက်ရှိမှာ ပျော်အောင်မနေတာကလည်း “ကလေးဉာဏ်” ကိုပျော်ရွှင်စေမှာ မဟုတ်ပါဘူး။

ဒီတော့ မှတ်ဉာဏ် ၂ခုလုံး သဘောကျအောင် ဘယ်လိုလုပ်ကြမလဲ? အကောင်းဆုံးနည်းလမ်းကတော့ ဘာလုပ်လုပ် အဓိပ္ပါယ်ရှိအောင် လုပ်တာမျိုးပါ။
ဥပမာ ရေခဲမုန့်သွားစားတယ်ဆိုရင် ဂမူးရှုးတိုး နွားငတ်ရေကျ မစားဘဲ ဖြေးဖြေးစားပါ။ မာလရှမ်းကောစားလည်း အငတ်လိုမစားပါနဲ့။ “ကလေး” ကိုပျော်ရွှင်အောင်လုပ်ရင်း မှတ်ဉာဏ်တစ်ခုရအောင် ဖန်တီးသင့်ပါတယ်။

ငယ်ငယ်က ပေခဲ့တေခဲ့ပြီး အသက်ကြီးတော့မှ “နောင်တရတယ်” ဆိုတာမျိုးတွေ တွေ့ရတတ်သလို ငယ်ငယ်က လူလိမ္မာလိုနေပြီး အသက်တစ်ခုရလာတဲ့အခါ “မတန်လိုက်တာကွာ” ဆိုပြီးတွေးကြတာတွေလည်း ရှိပါတယ်။
အခု Facebook ပေါ်မှာ တွေ့နေရတဲ့ကိစ္စပေါ့ဗျာ။

“စာမကြိုးစားခဲ့တာ ဝမ်းသာတယ်… ခုချိန်ဆို အကုန်လုံးတူတူ ခွေးဖြစ်နေပြီ” ဆိုတဲ့စကားဟာ “လူကြီးဉာဏ်” ကပြောတဲ့စကားပါ။
ဒါကို သေချာစဉ်းစားကြည့်ရင် သူတို့ဟာ အရင်ကလည်း မကြိုးစားဘဲ “ကလေး” ပျော်အောင်နေခဲ့သလို အခုပြန်တွေးတဲ့အခါမှာလည်း “လူကြီး” က ကျေနပ်နေပါတယ်။
ဒါဆိုရင် အောင်မြင်ခြင်း၊ ကျရှုံးခြင်းသဘောတွေ ထည့်မတွေးဘဲ ပျော်ရွှင်ခြင်းစံနဲ့ တိုင်းရင် သူတို့ တကယ်ပျော်ရွှင်နေတာပါ။ (အပေါ်ကပြောတဲ့စကားက တကယ်စိတ်ထဲက လာတဲ့စကားဆိုရင်ပေ့ါ…)

ဒီတော့ အနှစ်ချုပ်ပြောချင်တာက လက်တလောပျော်ရွှင်ဖို့ မခက်ပါဘူး။ ကလေးတစ်ယောက်ကို စိတ်ကျေနပ်အောင် လုပ်ဖို့လွယ်သလိုပါပဲ…။ ဒါပေမယ့် အချိန်တစ်ခုရောက်လို့ ပြန်တွေးကြည့်တဲ့အခါ ပျော်နေနိုင်ဦးမလား… ဆိုတာက အဆုံးအဖြတ်ပါပဲ။ ဒါကြောင့် မှတ်ဉာဏ် ၂ခုလုံးကို သက်ရောက်နိုင်တဲ့ ပျော်ရွှင်မှုမျိုးကို ရှာကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

စေတနာနဲ့ ရှင်းမလား၊ ငွေနဲ့ ရှင်းမလား?

စားသောက်ဆိုင်တစ်ခုမှာ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်က လိုက်ပြီး Treat တယ်ဆိုပါတော့။ စားသောက်လည်းပြီးရော “ခုလိုကျွေးတာ ကျေးဇူးတင်တယ်ကွာ… မင်းကို ဘယ်လောက်ပေးရမလဲ… ၁သောင်းဆို လောက်မလား…” လို့မေးလိုက်တယ်ဆိုရင် ရန်ဖြစ်မှာပေါ့။ ရန်မဖြစ်ရင်တောင် ကိုယ့်ကို နောက်တစ်ခါကျွေးတော့မှာ မဟုတ်ဘူး… စေတနာပျက်သွားတာပေါ့။
တဖက်က စေတနာနဲ့ကျွေးတာကို ငွေကြေးနဲ့တုံ့ပြန်လိုက်တဲ့အတွက် ပြဿနာတက်သွားတာပါ။

ဒီလိုဖြစ်စဉ်မျိုးတွေ အမြဲတွေ့နေရတာပါပဲ။ စိတ်ပညာအရတော့ Social Norm နဲ့ Market Norm လို့ခေါ်တယ်။ Social Norm ဆိုတာ စေတနာနဲ့ လုပ်ပေးတာမျိုးပေါ့…။ ဥပမာ အိမ်ပြောင်းတော့မယ်ဆိုရင် အလကားအချိန်ပေးပြီး လာကူပေးကြတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေဟာ Social Norm အရလာကူကြတာပါ။ ဒါက နွေးထွေးတဲ့အသွင် ရှိပါတယ်။

Market Norm ကတော့ ငွေကြေးနဲ့လုပ်ပေးတာပါ။ ဥပမာ အိမ်ပြောင်းမယ်ဆို ပြောင်းပေးမယ့် Agency ကို ဆက်သွယ်လိုက်တာနဲ့ အခကြေးငွေတစ်ခုယူပြီး လာလုပ်ပေးပါတယ်။ ဒါက အပေးအယူဆန်တယ်။ နွေးထွေးမှုမရှိဘူးဆိုပါတော့။ ဒီနေရာမှာ ကွက်ကျော်ရိုက်တာတွေ၊ ဂျင်းထည့်တာတွေ၊ ခြေထိုးခံလိုက်တာတွေ အပြည့်ရှိတယ်။

လူတွေက ပုံမှန်အားဖြင့် ဒီ Norm ၂ခုကို အကန့်ခွဲထားတတ်ကြပါတယ်။ မြင်အောင် ခပ်ရိုင်းရိုင်းပြောရရင် လိင်ကိစ္စကိုပဲကြည့်ပါ။ Social Norm နဲ့သွားတဲ့အခါ အခကြေးငွေမလိုပါဘူး။ ဒါက ကိုယ့်ရည်းစားဖြစ်နိုင်သလို၊ ကိုယ့်အိမ်ထောင်ဖက်နဲ့လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Market Norm နဲ့သွားတဲ့အခါ အချူဇယားတွေ၊ ပြည့်တန်ဆာတွေ ဖြစ်လာပါတယ်။ သူတို့နဲ့က ငွေပေးလိုက်ရင် ပြီးသွားပြီမို့ ဘာ Attachment မှ မရှိတတ်ကြပါဘူး။ ရာသက်ပန်ချစ်မြတ်နိုးပါမယ် ဆိုတာမျိုးလည်း သစ္စာဆိုစရာမလိုပါဘူး။

ဒီ ၂ခု ရောထွေးသွားတဲ့အခါ ပြဿအကြီးကြီးတွေ တက်ကြပါတယ်။ ဥပမာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ရည်းစားဖြစ်တဲ့ ပထမရက်မှာ မုန့်လိုက်ကျွေးတယ်…။ ဒုတိယရက်မှာလည်း မုန့်လိုက်ကျွေးတယ်…။ တတိယရက်မှာလည်း မုန့်လိုက်ကျွေးတယ်ဆိုပါတော့။ ဒီအခါမှာ ၃ခါလုံး သူပဲရှင်းတယ်။ ဒါပေမယ့် ကောင်မလေးက ၃ရက်မြောက်တဲ့အထိ လက်အကိုင်မခံဘူး။

ဒီတော့ သူက တွေးလာတယ်။ “ငါ့ပိုက်ဆံတွေတော့ တော်တော်ကုန်နေပြီ… သူက လက်လေးတောင် အကိုင်မခံဘူး…” ဆိုပြီးတော့ပေါ့။ ဒါဟာ ကောင်လေးအနေနဲ့ Social Norm နဲ့ Market Norm ကိုရှုပ်ထွေးနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ စတုတ္ထနေ့မှာ သူက “နင့်ကို ချစ်ရတာ ပိုက်ဆံတော်တော် ကုန်နေပြီ” လို့ ပြောလိုက်လို့ကတော့ ငါ့အကောင်အတွက် မျက်ရည်နှစ်စက်လို့ ပြောရမှာပါ။

ဒီ Norm ၂ခုရဲ့ အင်အားဘယ်လောက်ကြီးမားလဲဆိုတာ စမ်းသပ်ထားတာရှိပါတယ်။ လူတွေကို Computer တစ်လုံးပေးထားပြီး Screen မှာ ပေါ်လာတဲ့ စက်ဝိုင်းတွေကို သေတ္တာတစ်လုံးထဲ Drag လုပ်ပြီးထည့်ခိုင်းပါတယ်။ (ပျင်းစရာကြီးပေါ့ဗျာ…) ဒါကို ငါးမိနစ်တိတိလုပ်ခိုင်းတယ်။

လူတချို့ကို ၅မိနစ်စာအတွက် စမ်းသပ်မှုမစခင် ကတည်းက ၅ဒေါ်လာပေးထားလိုက်တယ်။ ဖြေပြီးတာနဲ့ ထွက်သွားလို့ရတယ်လို့ ပြောထားတယ်။ ဒါက Market Norm လိုဖြစ်အောင် လုပ်လိုက်တာပါ။
နောက်တစ်ဖွဲ့ကိုတော့ 50 cents ပဲပေးတော့တယ်။ ဆယ်ဆကွာသွားတာပေါ့။ (မြန်မာပြည်မှာဆိုရင်တော့ လက်ဖက်ရည်ဖိုးလောက် ရှိမယ်ထင်တယ်) ဒါလည်း Market Norm ဖြစ်အောင် လုပ်တာပါပဲ။
နောက်ဆုံးအဖွဲ့ကိုတော့ ဒီအတိုင်းပဲ အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဘာမှပေးမယ်လို့ မယ်မယ်ရရ မပြောထားပါဘူး။ ဒါကတော့ Social Norm ဖြစ်အောင် လုပ်လိုက်တာပါ။

ဘယ်အဖွဲ့က ၅မိနစ်အတွင်း စက်ဝိုင်းများများကို သေတ္တာထဲထည့်သွားတယ် ထင်သလဲ? Market Norm နဲ့သွားတဲ့ ၂ဖွဲ့မှာ စျေးပိုရတဲ့အဖွဲ့က အလုပ်ပိုလုပ်ကြပါတယ်။ ဘယ်လောက်တောင်ကွာလဲဆို ၅၀% လောက်ပိုလုပ်ကြတာပါ။ Social Norm အဖွဲ့ကတော့ ၅ ဒေါ်လာအဖွဲ့ထက်တောင် နည်းနည်းပိုပြီး ကြိုးစားကြပါတယ်။

လူတွေအတွက် ငွေကအရေးကြီးပေမယ့် ငွေထက်အရေးကြီးတာတွေ အများကြီးရှိတယ်လို့ တော်တော်များများက လက်ခံကြမှာပါ။ ဒီတော့ ဒါက သိပ်မထူးဆန်းပါဘူး။
ရှေ့နေတွေကို မတတ်နိုင်တဲ့သူတွေအတွက် အလုပ်လုပ်ပေးဖို့ အောက်စျေးနဲ့ ၁နာရီကို ဒေါ်လာ ၃၀ ပေးပြီး ငှားခဲ့ဖူးပါတယ်။ တစ်ယောက်မှ မလုပ်ကြပါဘူး။ ဒါပေမယ့် ဉာဏ်ကောင်းတာက ဒေါ်လာ ၃၀ နဲ့ငှားလို့မရတာကို တပြားမှမပေးဘဲ ထပ်ငှားကြည့်ပါတယ်။ ဒီအခါမှာတော့ ရှေ့နေတွေက လက်ခံလိုက်ပါတယ်။

ဘယ်လိုကြောင့် တပြားမှမရတာက ဒေါ်လာ ၃၀ ရတာထက် ဆွဲဆောင်မှုရှိနေရတာလဲ? ဒေါ်လာ ၃၀ လို့ပြောလိုက်တဲ့အခါမှာ သူတို့ခေါင်းထဲအရင်ဆုံး ဝင်လာတာက Market Norm ပါ။ အောက်စျေးနဲ့ ဖြစ်တဲ့အတွက် သိက္ခာအရ လုပ်ချင်ကြမှာမဟုတ်ပါဘူး။
ဒါပေမယ့် တပြားမှ မပေးတဲ့အခါ Social Norm က အသက်ဝင်လာပါတယ်။ ငါ ကူညီပေးသင့်တယ်… ဆိုတဲ့ စိတ်မျိုးဖြစ်လာစေပါတယ်။ တကယ်ဆိုရင် ဒေါ်လာ ၃ဝယူပြီး ငါကူညီပေးနေတာပဲလို့ တွေးလည်းရတာပါပဲ။ ဒါပေမယ့် ငွေကို မြင်လိုက်ရင် Market Norm ဝင်လာတတ်ပါတယ်။
ဒါကြောင့် 50 cents ပဲရတဲ့လူတွေက ကြိုးကြိုးစားစားမလုပ်ကြတော့တာပါ။

ဒီတော့ လက်ဆောင်ပေးပြီး တစ်ခါထပ်စမ်းကြည့်ကြပြန်ပါတယ်။ လက်ဆောင်ဆိုတာ Social Norm ထဲမှာပဲ ရှိတဲ့အရာတစ်ခုလို့ လက်ခံကြမှာပါ။ ခုတစ်ခါလည်း Computer ရှေ့မှာထိုင်ခိုင်းပြီးပဲ စမ်းသပ်ပါတယ်။ ဒီတစ်ခါ ၅ဒေါ်လာသမားကို ၅ဒေါ်လာတန်တဲ့လက်ဆောင်ပါ အပိုပေးပါတယ်။ ထို့အတူပဲ 50 cents သမားကို 50 cents တန်တဲ့လက်ဆောင်ပေးပါတယ်။

ဒီအခါမှာတော့ ၃ဖွဲ့လုံး အလုပ်လုပ်တာ တူတူပဲလို့ အဖြေထွက်ပါတယ်။ ဒီတော့ ပြောလို့ရတာက လက်ဆောင် သေးသေး၊ ကြီးကြီး တန်ဖိုးနည်းနည်း၊ များများ အရေးမကြီးပါဘူး။ လက်ဆောင်ပေးလိုက်တာနဲ့ Market Norm ကနေ ဖယ်ခွာပြီး Social Norm ထဲကို ရောက်သွားပါပြီ။

ဒီလောက်နဲ့လည်း မကျေနပ်ကြသေးပါဘူး။ Norm ၂ခုကို ရောထွေးသွားအောင် လုပ်ပြီး လက်ဆောင်ကိစ္စကို ထပ်ပြီး စမ်းသပ်ကြည့်ပါတယ်။ ခုတစ်ခါမှာတော့ ၅ဒေါ်လာတန် လက်ဆောင်ပေးမယ်နဲ့ 50 cents တန် လက်ဆောင်ပေးမယ်ဆိုတာပဲ ပြောပါတယ်။ အဖြေကတော့ သူတို့ဟာ ငပျင်းတွေ ပြန်ဖြစ်သွားကြပါတယ်။

ဒီတော့ လက်ဆောင်ပေးလိုက်တိုင်း Social Norm ထဲရောက်သွားတာ မဟုတ်ပြန်ပါဘူး။ အထူးသဖြင့် လက်ဆောင်ရဲ့တန်ဖိုးကို ပြောလိုက်တဲ့အခါမှာပါ။ ငွေကြေးတစ်ခုကို မြင်လိုက်တာနဲ့ Market Norm ထဲကို စိတ်တွေက ရောက်ကုန်တတ်ပါတယ်။

ဒါကို နောက်တစ်ဆင့်ထပ်ကွန့်ပြီး စမ်းပါသေးတယ်။ စကားလုံးတွေကို ပြန်စီခိုင်းတာပါ။ ငွေအကြောင်းတွေးမိအောင်လို့ သူတို့ကို လစာများခြင်း (High-Paying Salary) လိုစာလုံးမျိုးတွေကို စီခိုင်းပါတယ်။ တခြားသူတွေကိုတော့ Neutral ဖြစ်တဲ့စာလုံးတွေပဲ စီခိုင်းပါတယ်။ စမ်းသပ်သူက “အပြင်ခဏသွားဦးမယ်… အကူအညီတောင်းချင်ရင် လာခဲ့” ဆိုပြီး ပြောသွားပါတယ်။

ဒီအခါမှာ ငွေအကြောင်း ပထမဦးဆုံး စီလိုက်ရတဲ့လူတွေဟာ အခြားလူတွေထက် အကူအညီတောင်းတာ သိသိသာသာ နောက်ကျပါတယ်။ ပြောချင်တာက Market Norm ထဲရောက်သွားတဲ့အတွက် ကိုယ့်အားကိုယ်ကိုးမယ်… အကူအညီမတောင်းဘူး… ဆိုတဲ့စိတ်မျိုးဖြစ်သွားတာပါ။
ဒါပေမယ့် မကောင်းတာက သူတို့ဟာ တခြားလူတွေကိုလည်း မကူညီချင်တော့ပါဘူး။
ဒီတော့ Market Norm ထဲဝင်သွားတဲ့အခါ ကိုယ့်အားကိုယ်ကိုးတတ်လာပေမယ့် သူများကို မကြည့်တတ်တော့ပါဘူး။ Teamwork ဆိုတဲ့သဘောကိုလည်း နားမလည်တော့ဘူး။ တစ်ယောက်တည်းပဲ Task တွေကို ဖြေရှင်းချင်တယ်။

Market Norm ဝင်လာရင် Social Norm တွေပျက်စီးသွားပါတယ်။ မေတ္တာဆိုတာမျိုး မရှိတော့ဘဲ ဆန်ပေးမှ ဆီရတယ် ဆိုတာမျိုးဖြစ်လာပါတယ်။ ဒီတော့ Market Norm ကို Social Norm နဲ့ ပြန်အစားထိုးလို့ရနိုင်မလား?

အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်။ နေ့ကလေးထိန်း ကျောင်းတစ်ကျောင်းမှာ ကလေးအချို့ရဲ့မိဘတွေဟာ ညနေလာကြိုတဲ့အချိန် နောက်ကျပါတယ်။ ကျောင်းအာဏာပိုင်တွေက ဒီလိုမဖြစ်ဖို့ သတိပေးပေမယ့် ဖြစ်နေတာပါပဲ။ ဒါနဲ့ ဒဏ်ကြေးကောက်လိုက်ပါတယ်။ အဲ့တော့ ပြဿနာက ပိုကောင်းမလာဘဲ ပိုတောင် ဆိုးသွားပါတယ်။

အရင်က အားနာမှုဆိုတာ ဆရာနဲ့မိဘကြားမှာ ရှိပါသေးတယ်။ Social Norm အဆင့်ဆိုပါတော့။ ဒဏ်ကြေးဝင်လာတဲ့အခါ Market Norm ဖြစ်သွားပါတယ်။ ဒီအခါမှာ မိဘတွေက သူတို့နောက်ကျတာအတွက် အရင်လို အားနာနေစရာမလိုတော့ပါဘူး… ငွေပေးလိုက်ရင် ပြီးပြီဆိုတော့ နောက်ကျမြဲကျလျက်ပါပဲ။

ဒီအခါမှာ ကျောင်းက သူ့အမှားကို သိသွားတဲ့အတွက် ဒဏ်ကြေးကို ဖြုတ်လိုက်ပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ အကျင့်က ပျက်သွားပါပြီ။ ဒါကြောင့် Conclude လုပ်လို့ရတာက Market Norm ဝင်လာပြီးရင် Social Norm ကိုပြန်ပြောင်းဖို့ မလွယ်ဘူးဆိုတာပါ။

ကုမ္ပဏီတွေက ခုနောက်ပိုင်းမှာ “မိသားစုလိုပဲ” ဆိုတာမျိုးဖြစ်လာကြပါတယ်။ သူတို့ရဲ့ Work Environment ကို အလုပ်သမားတွေ Social Norm အတွေးမျိုးဝင်လာအောင် ပြင်ဆင်လိုက်ပါတယ်။ ပြောချင်တာက အလုပ်သမားတစ်ယောက်ချင်းစီရဲ့ Personal ပြဿနာတွေအထိ လိုက်ပြီး စဉ်းစားပေးတာမျိုးပါ။ ဒီအခါမှာ လစာငွေနဲ့ အလုပ်လုပ်နေတာ ဆိုပေမယ့် မိသားစုကုမ္ပဏီလိုမျိုး ဖြစ်တဲ့အခါ အလုပ်သမားတွေက ပိုကြိုးစားကြပါတယ်။

ကိုယ့်မိသားစု တစ်ခုခုဖြစ်ရင် သာတယ်၊ နာတယ်မတွက်ဘဲ အလုပ်လုပ်သလိုမျိုး အလုပ်သမားတွေက အချိန်ကုန် လူပင်ပန်းခံပြီး လုပ်ပေးကြတာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ အလုပ်သမားတွေကို ဒီလိုမျိုးဖြစ်စေချင်ကြမှာပါ။ ဒါပေမယ့် မထိတထိ ဟန်ဆောင် လုပ်လို့မရပါဘူး။ ဟိုမရောက် ဒီမရောက်လုပ်တဲ့အခါ အလုပ်သမားတွေ အနေနဲ့ နောက်ကျောကို ဓားနဲ့ထိုးခံရသလိုဖြစ်ပြီး ပိုနာကျည်းတတ်ပါတယ်။ (သူက မိသားစုလို့ သတ်မှတ်ထားတာကိုး…)

ခုချိန်မှာ စစ်သားတွေဟာလည်း Social Norm နဲ့ Market Norm ကြားမှာ ဗျာများနေမှာပါ။ တပ်မတော်ကြီးဟာ ကိုယ့်အတွက် မိသားစုလိုပဲလား…? (ဒါဆိုရင် Social Norm အရ သူတို့ဟာ အသက်ပင်သေသေ စေလိုရာ စေလို့ရမှာပါ)
ဒါမှမဟုတ် အခကြေးငွေအရပဲ လုပ်နေတာလား…? (ဒါဆို Market Norm အရ လစာငွေ တစ်ပဲခြောက်ပြားပဲ ရတာဆိုတော့ အသက်သေမယ်ဆို ပြေးကြမှာပါ)

COVID ကာလမှာ Management ညံ့ဖျင်းမှုတွေကြောင့် သူတို့အမျိုးအဆွေတွေ၊ အပေါင်းအဖော်တွေ သေလာတဲ့အခါ တပ်မတော်ဟာ Social Norm အရာမှာ ကျရှုံးနေတယ်ဆိုတာ ခံစားမိလာကြမှာပါ။ ဒါ့အပြင် ပြည်သူတွေရဲ့ မုန်းတီးမှုကို ခံလာရတဲ့အခါ “ငါဟာ ပြည်သူကို ကာကွယ်နေတာ…” လို့ တွေးလို့မရတော့ပါဘူး။

အရင်အစိုးရလက်ထက်က တိုင်းသူပြည်သားတွေဟာ COVID Management မှာ သာတယ်၊ နာတယ် မတွေးဘဲ လူတန်းစားပေါင်းစုံ ဝိုင်းကူကြပါတယ်။ အားလုံးရဲ့အတွေးထဲမှာ ငါတို့တိုင်းပြည်… ငါတို့ကူရမယ်… ဆိုတဲ့ Social Norm ရှိကြပါတယ်။ ခုတော့ Social Norm မရှိတော့ပါဘူး။
ဒါကြောင့် မေတ္တာပေးမှ မေတ္တာရတယ် လို့ ပြောကြတာပါ။ ခေါင်းဆောင်တစ်ယောက်ရဲ့ စွမ်းအားဘယ်လောက်တောင် ကြီးမားလဲဆိုတာ အထွေအထူးတောင် ပြောနေစရာမလိုပါဘူး။

စာတော်တော်ရှည်ပြီမို့ ရပ်လိုက်ပါပြီ။ အတွေးတစ်ခုရသွားမယ်ထင်ပါတယ်။ ဖတ်ပေးတာကျေးဇူးပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started