အာလူးက လျှပ်စစ်ထုတ်ခြင်းနဲ့ Biomass Energy အကြောင်း

The Big Bang Theory ကြည့်ဖူးရင် ကျွန်တော်ခုပြောမယ့် အကြောင်းကိုသိကြမှာပါ။ Season 6, Episode 22 က Dialogue အချို့ကို ပြောပြချင်ပါတယ်။ Episode နာမည်က The Proton Resurgence ပါ။
အဲ့ဒီအထဲမှာ Professor Proton က နာရီတစ်လုံးကို အာလူးနဲ့ လည်အောင်လုပ်လို့ရတယ်လို့ ပြောပါတယ်။ အဲ့တော့ Penny က အလန့်တကြားနဲ့ “ဒီလိုဆိုကမ္ဘာကြီးရဲ့ စွမ်းအင်လိုအပ်ချက်တွေ ပြည့်မီသွားတာပေါ့…” ဆိုပြီးပြောပါတယ်။

အခု ဒီအကြောင်းကို ပြောပြချင်တာပါ။ Professor Proton ပြောတာ မမှားပါဘူး။ အာလူးကနေ လျှပ်စစ်ဓာတ် အမှန်တကယ်ထုတ်လို့ရပါတယ်။

လျှပ်စစ်ဘယ်လိုထွက်လဲ မပြောခင် လျှပ်စစ်ဆိုတာ ဘာလဲအရင်ပြောချင်ပါတယ်။ လျှပ်စစ်ထွက်လာဖို့ အဓိကလိုအပ်တာ Electron ပါပဲ။ ငယ်ငယ်ကတော့ အနှုတ်လျှပ်ခေါင်းကနေ အပေါင်းလျှပ်ခေါင်းဆီကို စီးသွားတဲ့အခါ… ဆိုပြီးပြောတတ်ပါတယ်။

အာလူးမှာ Carbohydrate တစ်မျိုးဖြစ်တဲ့ ကစီဓာတ် (Starch) ပါပါတယ်။ ဆန်၊ ဂျုံ စတာတွေမှာလည်း ကစီဓာတ်ရှိတယ်။ ကစီဓာတ်ကိုဖြိုခွဲတဲ့အခါ လူတွေသိတဲ့ Glucose ရလာပါတယ်။ ဒါကို Aerobic Respiration လို့ခေါ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင် (ATP) တွေရလာပါတယ်။ ဒီ ATP ကို ခန္ဓာကိုယ်က နေရာအနှံ့အပြားမှာ ပြန်အသုံးချပါတယ်။

ဒါ့အပြင် အာလူးမှာ ဆားပါပါတယ်။ ကစီဓာတ်ရယ်၊ ဆားရယ်၊ ရေရယ်ကြောင့် သူက စွမ်းအင်ထုတ်နိုင်တာပါ။

စွမ်းအင်ကို ဒီတိုင်းထုတ်လို့တော့ မရပါဘူး။ Metal ၂ချောင်းကို သူ့အသားထဲဝင်အောင် စိုက်ပေးရပါတယ်။ အဲ့ဒီအခါမှာ Salt Bridge ရလာပါတယ်။ Salt Bridge ဆိုတာ ဘာလဲဆိုတော့ အာလူးထဲမှာပါတဲ့ ဆားကထွက်တဲ့ Ion တွေက Metal ၁ချောင်းကနေ နောက်တစ်ချောင်းဆီ သွားကြတာကို ခေါ်တာပါ။ ဒီတော့ လျှပ်စစ်ဓာတ်ထွက်လာတာပေါ့။

Metal ၁ချောင်းက သွပ် (Zinc) ဖြစ်ပါတယ်။ သူ့ဆီကနေ Electron က ဓာတ်တိုး (Oxidize) ပြီးတော့ မီးသီးဆီရောက်သွားပါတယ်။ မီးသီးကနေမှ နောက် Metal ၁ချောင်းဖြစ်တဲ့ ကြေးနီ (Copper) ဆီရောက်သွားပါတယ်။ Copper ဆီရောက်လာတဲ့ Electron က ဓာတ်လျော့သွားတဲ့အခါမှာတော့ Circuit တစ်ပတ်ပြည့်ပြီး မီးသီးလင်းလာပါတယ်။

ဒါက စမ်းသပ်ကြည့်လို့ကောင်းပေမယ့် လက်တွေ့အသုံးဝင်ရဲ့လားဆိုတာ မေးစရာရှိပါတယ်။ အာလူးက ကမ္ဘာမှာ စတုတ္ထအများဆုံး ကောက်ပဲသီးနှံထဲမှာပါပါတယ်။ ဒီတော့ Penny မေးသလိုပဲ အာလူးကနေ စွမ်းအင်ထုတ်လို့ရတာသာမှန်ရင် ကမ္ဘာကြီးရဲ့ Energy Crisis ကို မပြေလည်သွားစေဘူးလား။

ဂျေရုစလင်တက္ကသိုလ်က ထုတ်ပြန်တဲ့လေ့လာမှုတစ်ခုအရ အာလူးကို ၈မိနစ်ပြုတ်တဲ့အခါ သာမန်အချိန်ထက် စွမ်းအင် ဆယ်ဆပိုထုတ်ပေးတယ်လို့ ဆိုပါတယ်။ အဲ့ဒါ ဘယ်လောက်တောင်များလည်းဆိုတော့ LED မီးသီးတစ်လုံးကို ရက်လေးဆယ်တိတိ မီးလင်းအောင် လုပ်ပေးနိုင်ပါတယ်။ ဒီတော့ အာလူးဟာ Battery တစ်လုံးလို အလုပ်လုပ်တာပေါ့။
တချိန်မှာတော့ ကျောက်ဖြစ်ရုပ်ကြွင်လောင်စာ (Fossil Fuels) တွေကို အာလူးနဲ့အစားထိုးမယ်ဆိုပြီး စိတ်ကူးယဉ်နေတဲ့သူတွေ ရှိပါတယ်။

သဘာဝကရတဲ့ပစ္စည်းတွေ (ဥပမာ အသီးအနှံ၊ အပင်၊ အမှိုက်) ကို မီးရှို့လိုက်ရင် Energy ထွက်ပါတယ်။ ဒါတွေကို Biomass လို့ခေါ်ပါတယ်။ အိမ်မှာမီးမလာလို့ ထင်းနဲ့မီးမွှေးတာလည်း Biomass Energy ကိုသုံးနေတာပါပဲ။

Biomass တွေဟာ Eco Friendly ဖြစ်ပါတယ်။ ကျောက်ဖြစ်ရုပ်ကျွင်းတွေဖြစ်ဖို့ နှစ်ပေါင်းသန်းနဲ့ချီစောင့်ရပေမယ့် အပင်တွေကတော့ အချိန်တိုလေးအတွင်း ရှင်သန်ကြီးထွားနိုင်ပါတယ်။ ဒီတော့ Renewable Energy လို့ပြောလို့ရပါတယ်။

ကမ္ဘာကြီးမှာ ရေနံထွက်တဲ့နိုင်ငံတွေက ရေနံရောင်းစားပြီးတော့ ချမ်းသာနေကြပါတယ်။ သယံဇာတမထွက်တဲ့နိုင်ငံတွေကတော့ ဒါကိုပြန်ဝယ်သုံးရတာပေါ့။ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ ရေနံနဲ့သူဌေးဖြစ်နေတဲ့နိုင်ငံတွေကတော့ Biomass Energy ကိုကြိုက်မှာမဟုတ်ပါဘူး။
ဓာတ်ဆီ၊ ဒီဇယ်စျေးတွေ တက်လိုက်ကြလိုက်နဲ့ အမျိုးမျိုးဖြစ်နေတာဟာ ဒီကောင်တွေ တိုးထုတ်လိုက်၊ လျှော့ထုတ်လိုက်လုပ်နေတာနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် Biomass Energy ကိုသုံးရင် ဒီလို စျေးကစားတာမျိုးတွေ မကြုံရတော့ဘူးလို့ တချို့ကပြောကြပါတယ်။ (ဒါပေမယ့် စီးပွားရေးသမားတွေကတော့ မရရအောင် အမြတ်ထုတ်ကြဦးမှာပါပဲ…)

Biomass Energy ရဲ့ကောင်းတဲ့နောက်တစ်ချက်ကတော့ Carbon Neutral ဖြစ်တာပါ။ ဒါက ဘာလဲဆိုတော့ အပင်ဘဝတုန်းက လေထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွမ်းအင်ချက်ဖို့ (Photosynthesis) အတွက်အသုံးပြုခဲ့ပါတယ်။ ဒီအပင်တွေကို မီးရှို့လိုက်တဲ့အခါ သူတို့သိမ်းထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက လေထုထဲပြန်ရောက်သွားပါတယ်။ ဒါကို တခြားအပင်တွေက ပြန်စုပ်သွားတာပေါ့။ စဉ်းစားကြည့်ရင် သူတို့ကြောင့် ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် မပိုသွားသလို၊ လျော့လည်းမသွားပါဘူး။ ဒါကြောင့် Carbon Neutral လို့ပြောတာပါ။

နောက်တစ်ချက်က အမှိုက်ပြဿနာပါ။ Biomass တွေကိုသုံးရင် အမှိုက် (Waste) ထွက်နှုန်းသိသိသာသာနည်းတဲ့အတွက် ဘယ်နားသွားပစ်ရမလဲဆိုတာ သိပ်ခေါင်းမစားပါဘူး။ ခုခေတ်မှာတော့ Organic တွေစားကြမယ်ဆိုပြီး ဖြစ်လာကြတဲ့အတွက် Waste ထွက်နှုန်းကလည်း ပိုများလာပါတယ်။ ဒါပေမယ့် Biomass Energy သာသုံးရင်တော့ ဒီ Waste တွေကလည်း စွမ်းအင်ဖြစ်လာမှာပါ။

ဒါတင်မကသေးပါဘူး။ ကားတွေမှာပါ လောင်စာအဖြစ်နဲ့ Biomass နဲ့သုံးနိုင်ပါတယ်။ (ဒီလိုပြောတော့ ကြက်ဆူပင်တွေကိုတောင် သွားသတိရတယ်… ဒါပေမယ့် ဒါက တကယ်စမ်းသပ်ထားတာပါ)
Biodiesel ကို ဟင်းသီးဟင်းရွက်ဆီကနေ လုပ်နိုင်ပါပြီ။ သူ့ကိုသုံးရင်ထူးခြားတာက Carbon Neutral ဖြစ်ပါတယ်။ သူကထွက်တဲ့ Waste တွေဟာလည်း ပတ်ဝန်းကျင်နဲ့ သယဇာတဖြစ်ပါတယ်။

အရက် (Ethanol) ကိုလည်း ကားထဲထည့်မောင်းကြပါတယ်။ အမေရိကန်မှာတော့ ရောင်းသမျှ ဆီတွေထဲမှာ Ethanol 10% ပါတယ်လို့ ပြောကြပါတယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းထုတ်တဲ့ ကားမော်ဒယ်တွေမှာဆို Ethanol 15% အထိထည့်ပြီးမောင်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီလောက်ညွှန်းနေတော့ အာလူးအပါအဝင် Biomass တွေက တော်တော်စွမ်းတာပဲလို့ တွေးမိကြမှာပါ။ ဒါပေမယ့် မကောင်းတာလေးတွေလည်း ရှိပါတယ်။

Biomass ကိုမီးရှို့တဲ့အခါ ထွက်တဲ့ Pollutants တွေဟာ အခြားအရာတွေကို မီးရှို့တာထက်ပိုပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ် စတာတွေပိုထွက်ပါတယ်။ ဒါ့အပြင် သူ့ဘာသာသူ နေနေတဲ့ သစ်တောတွေကို ခုတ်ပစ်ပြီး စွမ်းအင်ထုတ်မယ်ဆိုတာကလည်း လာပြောင်နေသလိုပါပဲ။

အခုလက်ရှိ နည်းပညာနဲ့ Biomass ကနေ စွမ်းအင်ထုတ်ဖို့ စျေးအရမ်းကြီးပါတယ်။ အဓိကကတော့ နေရာယူတာပါ။ သူတို့ကို သိုလှောင်ဖို့ စက်ရုံအကြီးကြီးတွေလိုပါတယ်။ ပြီးရင် စွမ်းအင်ထုတ်တဲ့ အဆင့်ဆင့်မှာလည်း Waste ဖြစ်တာတွေရှိပါသေးတယ်။ ဒီတော့ ၁၀၀ ဖိုးထည့်ထားပေမယ့် ၆၀ ဖိုးလောက်ပဲ ပြန်ရချင်ရနေတာမျိုးပါ။

ကမ္ဘာကြီးပူနွေးလာတယ်၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေထွက်လာတယ် ဆိုတာ ခုနောက်ပိုင်းမှသာ သိလာကြတာပါ။ ဒီတော့ အဖတ်လုပ်ပြီး Research တွေလုပ်မထားခဲ့ကြပါဘူး။ ဒါကြောင့် Biomass Energy နည်းပညာဟာ ခုမှ ကလေးသာသာပဲရှိပါသေးတယ်။ Breakthrough တစ်ခုခုဖြစ်လာမှသာ Biomass ကို တစ်ကမ္ဘာလုံး လွယ်လွယ်ကူကူ၊ စျေးချိုချိုနဲ့ သုံးနိုင်မှာပါ။ (Solar Energy ကိုခုချိန်မှာ ကျေးလက်ဒေသအချို့မှာ သုံးနေနိုင်သလိုမျိုး Biomass ကိုသုံးလို့ရမှ တကယ်အသုံးဝင်တယ်လို့ ပြောလို့ရမှာပါ)

ဒီတော့ Research တွေလိုပါသေးတယ်။ အမြတ်နဲ့အရှုံးယှဉ်တဲ့အခါ အမြတ်များလာမယ့် တစ်နေ့၊ Fossil Fuel တွေကုန်ခမ်းလာမယ့် တစ်နေ့မှာတော့ Biomass Energy တွေသုံးဖို့ ဖြစ်လာမှာပါ။

ဒီတော့ Penny ရဲ့ မေးခွန်းကို ပြန်ဖြေပါမယ်။ အာလူးက ကမ္ဘာကြီးရဲ့ Energy Crisis ကိုမဖြေရှင်းနိုင်သေးပါဘူး… ဒါဟာ ဖြေရှင်းဖို့ လမ်းစတစ်ခုပါလို့ ပြောချင်ပါတယ်။ ဖတ်ပေးတာကျေးဇူးပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြိုတင်ယူဆချက် (Preassumption) များနှင့် နောက်ဆက်တွဲအလွဲများ

လူတွေက အနာဂတ်မှာဘာတွေဖြစ်လာမလဲ ကြိုပြီးခန့်မှန်းတတ်ကြပါတယ်။ နောက် ၁ဝနှစ်နေရင် ငါဘယ်နေရာကိုရောက်နေရမယ်…၊ ဘယ်လိုအိမ်ကြီးနဲ့ နေနိုင်ရမယ်… စသဖြင့် တွေးထားတတ်တာမျိုးပါ။ ဒီလိုဖြစ်တာက လူတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ သူတပါးရဲ့အပြုအမူတွေကို အမြဲတမ်း ခန့်မှန်းကြည့်နေတတ်တဲ့အတွက် ကိုယ့်ကိုကိုယ်လည်း ဒီလိုပဲ တွေးမိနေတတ်ပါတယ်။

အနာဂတ်ဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေအရ ဖြစ်လာမှာပါ။ လုပ်ဆောင်ချက်ဆိုတာ ကိုယ့်ရဲ့အပြုအမူတွေကနေ ဖြစ်လာတာပါ။ ထို့အတူ အပြုအမူဆိုတာလည်း ကြိုတင်ခန့်မှန်းတာရဲ့နောက်ဆက်တွဲရလဒ် တစ်ခုပါ။
ဒီတော့ ကြိုတင်ခန့်မှန်းတတ်တာနဲ့ အနာဂတ်နဲ့ဆက်စပ်မှုတွေရှိနေပါတယ်။ ဒါကို Thomas Theorem လို့ခေါ်ပါတယ်။
သူက ဘာပြောခဲ့လဲဆိုတော့ “လူတစ်ယောက်က အခြေအနေတစ်ခုကို ဖြစ်နိုင်တယ်လို့ တွေးရင် တကယ်ပဲဖြစ်လာတယ်” လို့ဆိုပါတယ်။

ဒီလိုတွေ ပြောနေလို့ Supernatural ထဲကို ဝင်သွားပြီလို့ မထင်ကြပါနဲ့။ နတ်တွေ၊ သိကြားတွေ၊ တန်ခိုးရှင်တွေအကြောင်း ပြောဖို့ရည်ရွယ်လိုက်တာ မဟုတ်ပါဘူး။
ပြောချင်တာက လက်ရှိကိုယ့်ရဲ့ယူဆချက်တွေက တော်တော်များများမှန်နေတယ် ဆိုရင် အနာဂတ်ကိုမှန်အောင် ခန့်မှန်းလို့ရတာ မဆန်းပါဘူး။ အဓိကက လက်ရှိ Data မှန်ကန်နေဖို့ပါ။
ဥပမာ “ကြက်ဥတွေ ပစ္စည်းပြတ်တော့မယ်ဟေ့…” ဆိုတဲ့သတင်း ကြားလိုက်တဲ့အခါ လူတွေက ပြေးဝယ်ကြတယ်။ အဲ့ဒီတော့ တကယ်ပဲ ကြက်ဥတွေ ပြတ်လပ်ကုန်တာပေါ့။ (လူတွေရဲ့ ကြောက်စိတ်ကို နှိုးဆွနိုင်တဲ့ သတင်းစကားတစ်ခုဟာ တော်တော်အန္တရာယ်များပါတယ်)

ဒီလိုဖြစ်ရတာဟာ သတင်းမှားတစ်ခုကို မစူးစမ်းပဲယုံကြည်ရာကနေ စတယ်လို့ ပညာရှင်တွေကဆိုကြပါတယ်။ အဲ့ဒီသတင်းမှားကိုမီပြီး အနာဂတ်ကို ခန့်မှန်းကြည့်လိုက်တော့ တလွဲကြီးဖြစ်သွားတာပေါ့။ ကိုယ်ကဒီခန့်မှန်းမှုကို ဝင်နှောင့်ယှက်တဲ့အခါ (ဥပမာ ပစ္စည်းပြတ်မှာကြောက်လို့ ပြေးဝယ်တာမျိုး) ကိုယ်ခန့်မှန်းသလို ဖြစ်လာတော့တာပါပဲ။

ပြန်တွေးကြည့်တဲ့အခါမှာ “ကြိုဝယ်ထားလိုက်တာတော်သေးတယ်… မဟုတ်ရင် ငတ်ပြီ…” ဆိုပြီး တွေးမိကြမှာပါ။ ဒီလိုလုပ်တာမှန်တယ်လို့ ထင်သွားကြပါတယ်။ တကယ်တော့ သူတို့ကြောင့်သာ ဒီလိုနောက်ဆက်တွဲတွေ ဖြစ်လာတာပါ။

လူအတော်များများက တွေးတဲ့အခါ Logic ကျကျ တွေးကြတာမျိုးမဟုတ်ပါဘူး။ အခြားလူတွေတွေးသလိုမျိုးပဲ လိုက်တွေးတတ်ကြတာပါ။
လူတစ်ယောက်ကို Stereotype တစ်ခုထဲထည့်ပြီးမြင်လိုက်တဲ့အခါ သူဘာလုပ်လုပ် ဒီ Stereotype ထဲက မထွက်တော့ပါဘူး။ ဒါဟာ ကိုယ့်စိတ်က ဖြစ်နေတာပဲဆိုပေမယ့် အဲ့ဒီအတွေးအတိုင်းလိုက်ပြီး Act လုပ်တတ်ကြပါတယ်။

သိပ္ပံနည်းကျလေ့လာထားတာမျိုး မရှိဘဲနဲ့ ပြောတဲ့အခါ Idea တစ်ခုဟာ မှန်ရာကနေ မှားတယ်ဆိုပြီး ခဏလေးနဲ့ဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Social Norms တွေကြောင့်ပါ။ “အများညီရင် ဤကိုကျွဲဖတ်” လို့ ရနေပါတယ်။

မြန်မာပြည်မှာ တစ်ချိန်က ပေါကားတွေ ခေတ်ဖြစ်ခဲ့ပါတယ်။ လူတိုင်းပေါကားငှားကြည့်ကြပါတယ်၊ တချို့ဆိုရုံတွေထဲထိသွားပြီး ပေါကားကို ကြည့်ကြပါတယ်။ အဲ့ခေတ်ရဲ့ Standard နဲ့ဆို ပေါကားဟာ ဟာသကားပါပဲ။
ဒီဘက်ခေတ်မှာ အမြင်ကျယ်လာကြတော့ Misogynistic ဖြစ်တယ်၊ LGBT တွေကို Discriminate လုပ်တယ်ဆိုပြီး ဝေဖန်လာကြပါတယ်။ ဘာဇာတ်လမ်းမှ မရှိဘဲ ရိုက်ပြီး ပိုက်ဆံလိမ်ယူတယ်လို့ စွတ်စွဲလာကြပါတယ်။ ဝေဖန်နေတဲ့သူတွေကို ကြည့်ရင် တချိန်က ပေါကားကို စွဲစွဲမြဲမြဲကြည့်လာကြသူတွေပါပဲ။ (ကျွန်တော်အပါအဝင်…)
ဒီတော့ ခေတ်ကာလတစ်ခုအပြောင်းအလဲမှာ ဟာသကားကနေ ပေါကားဖြစ်သွားပါတယ်။ ဒါကြောင့် Socially လက်ခံတဲ့ အမြင်တစ်ခုဟာ ခဏလေးအတွင်း ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။

အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်ဖို့ စိတ်က ဘယ်လောက်တောင်အရေးပါလဲဆိုတာ စမ်းသပ်ထားတာရှိပါတယ်။ လူဖြူနဲ့ လူမဲတွေကို စာမေးပွဲဖြေခိုင်းလိုက်ပါတယ်။ အဲ့ထဲက လူတစ်ဝက်ကို “သူတို့ရဲ့ဉာဏ်ရည်ကို စမ်းသပ်ချင်တာဖြစ်တယ်” လို့ ပြောလိုက်ပါတယ်။ ပိုပြီး Stress များသွားတာပေါ့။
ဖြေပြီးတော့ အမှတ်စစ်တဲ့အခါမှာ လူဖြူတွေဟာ သူတို့ဉာဏ်ရည်ကို စမ်းသပ်မယ်လို့ ပြောပြော၊ မပြောပြော ဒီအမှတ်ပါပဲ။ လူမဲတွေမှာတော့ ဉာဏ်ရည်စစ်မယ်လို့ အပြောခံရတဲ့သူတွေဟာ အမှတ်မကောင်းကြပါဘူး။

အကြောင်းကတော့ သူတို့ဆီမှာ လူမဲဆိုရင် ဉာဏ်ရည်နိမ့်တယ်ဆိုတဲ့ Stereotype တစ်ခုရှိနေလို့ပါ။ ဒီတော့ ငါတကယ်များ ဉာဏ်ရည်နိမ့်နေမလားဆိုတဲ့ psycho ဝင်သွားတာပေါ့။
လူဖြူတွေကတော့ ဒီလိုမျိုး မရှိတဲ့အတွက် ဉာဏ်ရည်စစ်ခြင်း၊ မစစ်ခြင်းဟာ သူတို့ကို Affect မဖြစ်စေပါဘူး။

ဒီလိုစမ်းသပ်မှုမျိုးကို Variable တွေအမျိုးမျိုးပြောင်းပြီး စမ်းသပ်ခဲ့တဲ့အခါ တွေ့လာရတာက နေရာတော်တော်များများမှာ ဒီပြဿနာရှိနေပါတယ်။ ဒါကို Stereotype Threat လို့ခေါ်တယ်။
ကိုယ်က Negative Stereotype တစ်ခုဖြစ်နိုင်တယ်လို့ တွေးမိတဲ့အခါ စမ်းသပ်တဲ့အချိန်မှာ တလွဲတွေလုပ်ရင်း အဲ့ဒီ Stereotype ထဲကို ဝင်မှန်းမသိဝင်သွားတာမျိုးပါ။

ယောက်ျားနဲ့ မိန်းမကို ယှဉ်ပြီး သင်္ချာတွက်ခိုင်းတာလည်း ရှိပါတယ်။ လူတွေမျက်စိထဲမှာ မြင်တာက မိန်းမဆိုရင် သင်္ချာညံ့တယ်၊ ကားမောင်းရင် တလွဲတွေလုပ်တတ်တယ် စသဖြင့်ပေါ့။ လွယ်ကူတဲ့ပုစ္ဆာတွေမှာတော့ အမှတ်တွေက မတိမ်းမယိမ်းပဲ။ ခက်ခဲတဲ့ပုစ္ဆာတွေဆီ ရောက်လာတဲ့အခါ မိန်းမတွေရဲ့အမှတ်တွေက ထိုးကျသွားတယ်။

ဒါနဲ့ နောက်တစ်သုတ်ထပ်စမ်းကြည့်တယ်။ ဒီတစ်ခါမှာတော့ မဖြေခင်ကတည်းက ယောက်ျားနဲ့မိန်းမ သင်္ချာစွမ်းရည်ဟာ တူတူပဲလို့ ကြိုပြောပြထားတယ်။ နောက်ဆုံးပိတ်ရလာတဲ့ အမှတ်တွေက တကယ်လည်း သွားတူနေပါတယ်။ ဒီတော့ မိန်းမတွေသင်္ချာညံ့တယ်ဆိုတာ မဟုတ်ပါဘူး။

ဒီလိုတွေဖြစ်လာရတာဟာ အတွေး (Perception) တစ်ခုကြောင့်ပါပဲ။ အဲ့ဒီအတွေးကို ရအောင်ဖျောက်ဖျက်နိုင်ရင် အဆင်ပြေသွားပါတယ်။

Illustration of stereotypes in science.

နောက်တစ်ခုက ကိုယ့်ကို သူများတွေက တမျိုးမျိုး သတ်မှတ်ထားရင် တကယ်ပဲ သူတို့သတ်မှတ်ထားသလိုဖြစ်လာတဲ့ အကြောင်းပါ။ ဥပမာ ဆရာမက မောင်မောင်ဟာ တော်တယ်လို့ ပြောတဲ့အခါ မောင်မောင်က အမှန်တကယ် လူတော်ဖြစ်လာပါတယ်။
အဓိကကတော့ ဆရာမက ကိုယ့်ကို ပစားပေးတယ်။ အဲ့ဒီအတွက် အတန်းဖော်တွေက လေးစားတယ်။ ကိုယ့်ကို ဒီလို Expect လုပ်လိုက်တဲ့အခါ ကိုယ်ကလည်း သူတို့ရဲ့ Expectation နဲ့အညီလိုက်နေရပါတော့တယ်။ တော်တယ်လို့ အမြဲပြောခံရအောင် စာပိုကြိုးစားရပါတယ်… ဒီတော့ တကယ်တော်တဲ့သူဖြစ်လာပါတယ်။ ဒါကို Labeling Theory လို့ခေါ်ပါတယ်။

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတာ ဒီ သီအိုရီကိုပြောလိုက်သလိုပါပဲ။ ဒီလူတစ်ယောက်ဟာ မကောင်းတဲ့သူလို့ ကိုယ်က ကြိုတင်သတ်မှတ်ထားရင် သူနဲ့ဆက်ဆံတဲ့အခါ စိတ်ပါလက်ပါ ဆက်ဆံမိမှာမဟုတ်ပါဘူး။ အဲ့အခါမှာ သူကလည်း ကိုယ့်ကို ကောင်းကောင်းဆက်ဆံမှာ မဟုတ်ဘူး။ ဒီတော့ ဒီလူမကောင်းဘူးလို့ ကိုယ်ထင်ထားတာ မှန်သလိုဖြစ်သွားတာပေါ့။

ဒါကို အတွဲတွေမှာလည်း တွေ့ရပါတယ်။ တဖက်လူက မရိုးသားဘူးလို့ ထင်တဲ့အခါ သူ့အပေါ် ကိုယ့်ရဲ့ဆက်ဆံပုံတွေ ပြောင်းလဲလာတတ်ပါတယ်။ အဲ့အခါမှာ ဒါကို သူလည်း သတိထားမိပြီး အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံးပိတ် မသာယာတော့လို့ နောက်တစ်ယောက်ပြောင်းသွားတဲ့အခါ “သူ မရိုးသားဘူး ထင်ခဲ့တာ ငါမမှားပါလား…” လို့ တွေးမိတတ်ပါတယ်။

ဒါတွေ အကုန်လုံးဟာ ကိုယ့်ဦးနှောက်ရဲ့ Assumption တွေအပေါ်လိုက်ပြီး Act လုပ်နေကြတာသာဖြစ်ပါတယ်။ ဒီ Assumption တွေဟာ Logic ကျကျတွေးထားတာမျိုး မဟုတ်တတ်ပါဘူး။ ဒါကြောင့် တော်တော်အန္တရာယ်များပါတယ်။

စမ်းသပ်ထားတာတစ်ခုကို ပြောပြီး အဆုံးသတ်ချင်ပါတယ်။ လူတွေကို ပရဟိတအဖွဲ့တစ်ခုမှာ ၃နာရီလောက် အကူအညီပေးဖို့ ဖုန်းဆက်ပါတယ်။ တချို့ကို “လုပ်နိုင်မလား” လို့မေးလိုက်ပါတယ်။ သူတို့က Yes ပြန်ပြောတယ်။ ဒါပေမယ့် အဲ့ဒီအထဲက 4% ကပဲ တကယ်ရောက်လာပါတယ်။
တချို့ကိုတော့ “သင့်ကို ကူညီဖို့တောင်းဆိုခဲ့သည်ရှိသော် လာနိုင်မယ်ထင်လား” လို့မေးပါတယ်။ တော်တော်များများက “လာနိုင်တာပေါ့” လို့ဖြေကြပါတယ်။ အကုန်နီးပါး တကယ်ရောက်လာကြပါတယ်။

ဘာလို့လဲဆိုတော့ ဒုတိယအဖွဲ့ဟာ ကိုယ့်ရဲ့ Personality ကိုတွေးမိသွားလို့ပါ။ ငါဟာ ပရဟိတ လုပ်နိုင်တဲ့သူလား… ဆိုတာ ကိုယ့်ဘာသာပြန်မေးပြီး လုပ်နိုင်တယ်ဆိုတဲ့ အဖြေရတဲ့အခါ လုပ်လိုက်ပါတယ်။ ဒါကို လုပ်ခြင်း၊ မလုပ်ခြင်းဟာ သူတို့ Personality နဲ့တိုက်ရိုက်သက်ဆိုင်နေတယ်လို့ တွေးမိသွားလို့ပါ။

စကားအသွားအလာအနည်းငယ် ပြောင်းလိုက်တာနဲ့ ရလဒ်တွေက အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အပြင်လောကကြီးကို မြင်တဲ့အမြင်တွေဟာ Logic သိပ်မကျပါဘူး။

အလုပ်ကောင်းကောင်းလိုချင်တယ်၊ ရည်းစားကောင်းကောင်းလိုချင်တယ်၊ သူငယ်ချင်းကောင်းတွေလိုချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြောင်းလဲရပါတယ်။ ဒီလိုပြောင်းလဲလိုက်လို့ တကယ်ဖြစ်လာမယ်ဆိုပြီး အတိအကျပြောလို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းတာတွေ ဖြစ်လာမယ်လို့ ယုံကြည်တိုင်း ကောင်းတာတွေ ဖြစ်လာတာမဟုတ်လို့ပါ။

ဒါပေမယ့် ဆိုးတာတွေ မဖြစ်လောက်ဘူးလို့ ယုံကြည်ရင်တော့ ကိုယ်ယုံကြည်သလိုမဖြစ်အောင် နေထိုင်ပြုမူတဲ့အတွက် အမှန်တကယ်ပဲ ဆိုးတာတွေ ဖြစ်မလာတတ်ပါဘူး။ ဘဝကြီးမှာ ကောင်းတာတွေ ဖြစ်မလာရင်တောင်မှ ဆိုးတာတွေ မဖြစ်လာရင်ပဲ တော်တော်နေလို့ အဆင်ပြေနေပါပြီ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူတွေမှာရှိတဲ့ စိတ်၃မျိုး

လူတိုင်းမှာ စိတ် ၃မျိုးရှိကြောင်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရပါတယ်။ တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ပြန်ဝေမျှချင်ပါတယ်။ စဆရကလို ရေးထားတာမို့ အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။

စိတ် ၃မျိုးရှိတယ်ဆိုတာထက် Ego ၃မျိုးဆိုပိုမှန်ပါတယ်။ Parent (မိဘ)၊ Adult (လူကြီး)၊ Child (ကလေး) ဆိုပြီး ၃ခုရှိပါတယ်။ ပြောချင်တာက မိဘလိုစိတ်မျိုး၊ လူကြီးတစ်ယောက်လိုစိတ်မျိုး၊ ကလေးစိတ်မျိုး လူတိုင်းမှာရှိနေတာပါ။ စကားပြောနေရင်းနဲ့ကိုပဲ State တစ်ခုကနေ တစ်ခုကို ကူးပြောင်းသွားနိုင်ပါတယ်။

ဆက်မရေးခင်ပြောချင်တာလေးတွေ ရှိပါတယ်။ ကလေးစိတ်ဆိုတာကို မကောင်းဘူးလို့ မမြင်ကြပါနဲ့။ ဒါက လူတစ်ယောက်အတွက် မရှိမဖြစ်အရေးပါပါတယ်။
ပြီးတော့ လောကကြီးမှာ မရင့်ကျက်တဲ့လူဆိုတာ မရှိပါဘူး။ သူတို့ရဲ့ ကလေးစိတ် (Child) ကိုမထိန်းချုပ်နိုင်တဲ့သူတွေပဲရှိပါတယ်။
ထို့အတူပဲ ရင့်ကျက်တဲ့လူဆိုတာလည်း မရှိပါဘူး။ သူတို့ရဲ့ လူကြီးစိတ်က နေရာယူတာများနေတဲ့သူတွေပဲ ရှိပါတယ်။ ဒီလိုနားလည်လိုက်ရင် “မရင့်ကျက်သူ” ကလည်း တခါတခါ လူကြီးဆန်ဆန်ပြုမူနိုင်သလို “ရင့်ကျက်သူ” ကလည်း ကလေးဆန်ချင်ဆန်နိုင်တယ်ဆိုတာ နားလည်မှာပါ။

မိဘစိတ် (Parent) ကို ၂မျိုးခွဲနိုင်ပါတယ်။ ပထမတစ်ခုက “ငါလုပ်သလိုလုပ်” ဖြစ်ပြီး ဒုတိယတစ်ခုကတော့ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတာပါ။
ကလေးစိတ် (Child) ဟာလည်း ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ မိဘစိတ်နဲ့ ပြောတာကို တုံ့ပြန်တာပါ။ မိဘစိတ်က ဖြစ်စေချင်တဲ့အတိုင်း လိုက်လုပ်တာဖြစ်နိုင်သလို မလုပ်ဘဲရှောင်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒုတိယတစ်မျိုးကတော့ ပုန်ကန်ချင်စိတ်ပါ။

လူတိုင်းမှာ ဒီစိတ် ၃မျိုးလုံးလိုအပ်ပါတယ်။ ကလေးစိတ် (Child) ဟာ ဖန်တီးနိုင်စွမ်း၊ ပျော်ရွှင်မှု၊ ထိုးထွင်းသိမှု စတာတွေအတွက်အရေးပါပါတယ်။
လူကြီးစိတ် (Adult) ဟာလည်း ဖြစ်တန်စွမ်းတွေကို စဉ်းစားနိုင်တဲ့အတွက် လောကကြီးနဲ့ဆက်ဆံတဲ့နေရာမှာ အသုံးတည့်ပါတယ်။ Survival အတွက် အလိုအပ်ဆုံးပါပဲ။ ဥပမာ ကားရှုပ်တဲ့လမ်းမကြီးကို ဖြတ်ကူးမယ်ဆိုရင် ကလေးစိတ်နဲ့ ဘာမှမကြည့်ဘဲပြေးသွားလို့မရပါဘူး။ လူကြီးစိတ်နဲ့ ကားရှင်းအောင် စိတ်ရှည်ရှည်ထား စောင့်ရပါတယ်။

မိဘစိတ် (Parent) ကိုတော့ မိဘတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်ပါတယ်။ တချိန်ကျရင် ကလေးတွေမွေးလာကြဦးမှာဖြစ်တဲ့အတွက် ဒီစိတ်ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။

ခုချိန်ထိ ဖတ်လာတဲ့အထဲ ရှုတ်ထွေးမှုတွေရှိနေနိုင်ပါတယ်။ အောက်မှာ ဥပမာတွေနဲ့ ပြန်ရှင်းပြပါမယ်။
ကိုယ့်ရည်းစားက ကလေးစိတ် (Child) နဲ့ ကိုယ့်ကိုပြဿနာရှာတယ်ဆိုပါစို့။ ဒါဆိုရင် ကိုယ့်ရဲ့စိတ် ၃မျိုးထဲက ဘယ်စိတ်နဲ့တုံ့ပြန်မလဲ?
အဖြစ်သင့်ဆုံးကတော့ မိဘစိတ်ပါပဲ။ (မိဘလို့ စိတ်ထဲမှာ မတွေးပါနဲ့… ၁၅၀၀ တွေ ၅၂၈ တွေလည်း မဟုတ်ပါဘူး… မိဘစိတ်ပါ…)

ရှင်းအောင်ပြောရရင် “နင်ကငါ့ကိုဂရုမစိုက်ဘူး” ဆိုပြီး စိတ်ကောက်တဲ့အခါ ကိုယ်ကလည်း “နင်ကငါ့ကို အမြဲစိတ်ကောက်နေတာပဲ” ဆိုပြီး စိတ်ပြန်ကောက်ရင် ဒါဟာ ကလေးစိတ်အချင်းချင်း ဆက်ဆံနေကြတာဖြစ်သွားပါပြီ။ အဲ့တော့ ပြေလည်ဖို့မရှိပါဘူး။
ဒီနေရာမှာ ကိုယ်က ဘာမှသိပ်ပြောမနေဘဲ ဂရုစိုက်ပြလိုက်ရင် ပြဿနာပြေလည်သွားနိုင်ပါတယ်။

ပြောချင်တာက ဖျားနေတဲ့ကလေးက ရေတောင်းသောက်တဲ့အခါ အမေက ရေသွားခပ်ပေးသလိုပါပဲ။ ဒါကို “နင့်ဘာသာနင်သွားခပ်” ဆိုပြီး ပြောလိုက်ရင် ကလေးက ငိုမှာပေါ့။ ဒါကြောင့် ကလေးစိတ် (Child) နဲ့ပြောတဲ့အခါ မိဘစိတ် (Parent) နဲ့တုံ့ပြန်သင့်ပါတယ်။

နောက်တစ်ခုကတော့ လူကြီးစိတ် (Adult) နဲ့ ပြောတာမျိုးပါ။ ဥပမာ ယောက်ျားက “TV အသစ်ဝယ်လိုက်တာ ဒီလ လစာကုန်သွားတယ်… ဒါကြောင့် တစ်လလောက် ချွေတာစားကြရအောင်” လို့ ပြောတယ်။ ဒါဆိုရင် မိန်းမအနေနဲ့ “ဟုတ်တယ်… စျေးဖိုးချွေတာလိုက်မယ်…” ဆိုပြီး လူကြီးစိတ် (Adult) နဲ့ ပြန်ပြောရင် ပြဿနာမဖြစ်နိုင်ဘူး။ အဲ့ဒီလိုမှ မဟုတ်ဘဲ “ဘာလို့ချွေတာရမှာလဲ… နင်ရအောင်ရှာပေါ့…” ဆိုပြီး ကလေးစိတ် (Child) နဲ့တုံ့ပြန်တဲ့အခါ ကွိုင်တက်တာပေါ့။

ဒီတော့ ကလေးစိတ်နဲ့မိဘစိတ်၊ လူကြီးစိတ်နဲ့လူကြီးစိတ် ဆက်ဆံတဲ့အခါ အဆင်ပြေပါတယ်။ ဒါတွေကို Complementary Transactions လို့ခေါ်တယ်။

ပြဿနာဖြစ်လာတာက အဲ့ဒီဆက်သွယ်မှုတွေကနေ ဖောက်ဖျက်တဲ့အခါ ဖြစ်လာတာပါပဲ။ အဲ့ဒါကို Crossed Transactions လို့ခေါ်တယ်။ Adult to Adult ပြောနေပေမယ့် တုံ့ပြန်တာက Child to Parent လိုဖြစ်တာမျိုးပေါ့။

ဥပမာ “နင် ခုတလော အစားတွေအရမ်းစားနေတယ်နော်… ဘာပြဿနာတွေရှိနေလဲ” လို့မေးတာကို “ငါ့ကို အမြဲတမ်း ဝေဖန်ဖို့ပဲချောင်းနေတယ်… ငါ့ဘာသာ စားချင်စားမယ်၊ မစားချင်မစားဘူး…” ဆိုပြီးတုံ့ပြန်တာမျိုးပေါ့။
တကယ်ဆိုရင် “ပြဿနာမရှိပါဘူး။ စားချင်လို့စားနေတာ” လို့ပြောရင်ပြီးသလို “Stress တွေနည်းနည်းများနေလို့ပါ” ဆိုပြီး Adult to Adult ပြောလိုက်လည်း ပြီးတာပါပဲ။ ဒါတွေက နေ့စဉ်ဆက်ဆံတဲ့အခါ တွေ့ရတာများနေပါပြီ။

နောက်တစ်ခုကတော့ Adult to Adult ပြောတာကို Parent to Child တုံ့ပြန်တာပါ။ ဥပမာ “ငါ့နာရီကို တွေ့မိသေးလား” ဆိုပြီး မေးတာကို “အမြဲပျောက်နေတာပဲ… ကိုယ့်ဘာသာသိအောင်လုပ်ထားပေါ့… ကလေးမှမဟုတ်တော့တာ…” ဆိုပြီး တုံ့ပြန်လိုက်တာမျိုးပေါ့။ တကယ်ဆိုရင် “တွေ့မိတယ်” (သို့) “မတွေ့မိဘူး” Adult to Adult ပြောလိုက်ရင်ပြီးတာပဲကို။

ဒီတော့ စိတ် ၃မျိုးဆီရှိကြတဲ့လူ ၂ယောက်ဆက်ဆံတဲ့အခါမှာ ဖြစ်နိုင်တဲ့ Transactions ပေါင်း ၉ခုရှိတာပေါ့။
နောက်ပြီးတော့ ကိုယ်ကစကားတစ်ခွန်းပြောလိုက်ပေမယ့် တစ်ဖက်လူရဲ့ စိတ် ၂မျိုးကို သွားပြီးသက်ရောက်နေတာမျိုးလည်း ရှိပါတယ်။ ဒါကိုတော့ Ulterior Transactions လို့ခေါ်တယ်။ ဒါကကျတော့ လူတွေကို ကစား (Manipulate) တဲ့အပိုင်းဖြစ်သွားပါပြီ။

ဥပမာ အရောင်းကိုယ်စားလှယ်တစ်ယောက်က ဝယ်သူကို “အမနဲ့ ဒီအင်္ကျီတော်တော်လိုက်တယ်… ဒါပေမယ့် စျေးတော်တော်ကြီးတယ်…” လို့ပြောလိုက်တဲ့အခါ “ဟုတ်တယ်… စျေးတော်တော်ကြီးတာပဲ…” လို့တုံ့ပြန်ခြင်းဟာ Adult to Adult ထဲဝင်သွားပါတယ်။ ဒါဆိုပြဿနာမရှိပါဘူး။
ဒါပေမယ့် ရောင်းချင်တဲ့သူ Manipulate လုပ်တဲ့အထဲဝင်သွားပြီး ခံစားချင်နောက်လိုက်မိရင်တော့ “စျေးကြီးလည်း တတ်နိုင်တယ်… အဲ့တစ်ထည်ယူမယ်…” လို့တုံ့ပြန်တတ်ပါတယ်။ ဒီတော့ ဒါဟာ Child to Adult တုံ့ပြန်မှုဖြစ်သွားပါတယ်။ ကိုယ့်ရဲ့ Child စိတ်ပေါ်လာအောင် သူက Manipulate လုပ်လိုက်တာပါ။

Ulterior Transaction နောက်တစ်မျိုးကိုတော့ ဖွန်ကြောင်တဲ့အခါမှာတွေ့ရပါတယ်။ ကောင်လေးက “ခုချိန်ထိ ချစ်ရမယ့်သူမတွေ့သေးဘူး… တစ်ယောက်လောက်တော့ ထားကြည့်ချင်သား …” လို့ပြောတဲ့အခါ ကောင်မလေးက “ငါလည်းဒီလိုပဲ… ဒါကြောင့် ခုချိန်တစ်ယောက်လောက် ထားကြည့်ရင်ကောင်းမလား စဉ်းစားနေတာ” လို့ တုံ့ပြန်တယ်ဆိုကြပါတော့။ အပေါ်ယံကြည့်လိုက်ရင်တော့ Adult to Adult ကိုယ့်အကြောင်းတွေကို ပြောပြနေသလိုပါပဲ။ ဒါပေမယ့် စိတ်ထဲမှာက Child to Child ပြောရင်း ဖွန်ကြောင်နေကြတာပါ။

ဒီတော့ အခုရေးထားတွေက အကင်းပဲရှိပါသေးတယ်။ နေ့စဉ်ပြောဆိုနေတာတွေကို ပညာရှင်တွေက ခုလို Categorize လုပ်လိုက်တဲ့အခါမှာ ပိုပြီးမြင်ရလွယ်သွားပါတယ်။ ဒါဆိုရင် ဘယ်လိုအခြေအနေမျိုးကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ စိတ်ရှင်းရှင်းနဲ့ သိနိုင်သွားပါလိမ့်တယ်။ ဘဝတစ်လျှောက်ကြုံရမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲမှာ ဒီအကြောင်းကို နားလည်လို့ ပြဿနာတစ်ခု၊ နှစ်ခုလျော့သွားလည်း မဆိုးပါဘူး။
နောက်အပိုင်းတွေ ဆက်ရေးပါဦးမယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြောင်နဲ့ခွေးကဘယ်လိုကြောင့် အိမ်မွေးတိရစ္ဆာန်ဖြစ်လာကြတာလဲ?

စာဖတ်သူတွေထဲမှာ တိရစ္ဆာန်ချစ်သူတွေပါကြမှာပါ။
ကြောင်ချစ်သူတွေ၊ ခွေးချစ်သူတွေကို ဒီစာလေးကရည်ရွယ်ပါတယ်။

ဘာကြောင့်ဘယ်လို ခွေးလေးရယ် ကြောင်လေးတွေရယ်က လူတွေရဲ့အချစ်တော် pet လေးတွေဖြစ်လာကြတာပါလဲ။

ကြောင်တွေအကြောင်းအရင်စပြောရရင် ကြောင်တွေက ခွေးနဲ့ယှဥ်ရင် လူတွေနားကိုရောက်လာတာနည်းနည်းနောက်ကျပါတယ်တဲ့။ လူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကြောင်နဲ့လူရဲ့ ဆက်ဆံရေးကို မြင်နိုင်ပါတယ်။

နှစ်ပေါင်း ၁သောင်းလောက်ကြာပြီလို့ယူဆရတဲ့ လူအရိုးစုတွေကို ဆိုက်ပရပ်ကျွန်းမှာ တွေ့ရှိရတုန်းက လူအရိုးဘေးမှာ ကြောင်အရိုးတွေကိုပါမြှုပ်ထားတာကို အံ့အားသင့်စွာ တွေ့ရပါတယ်။ ကြောင်က ကျွန်းပေါ်ရောက်အောင် ပင်လယ်ကိုတော့ ရေကူးမလာလောက်တဲ့အတွက် ကြောင်ကို လူတွေကခေါ်လာတာလို့ယူဆကြပါတယ်။

ကြောင်ကိုမြှုပ်ထားတာကလဲ ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ သေချာမြှုပ်ပေးထားလို့ ကြောင်ချစ်သူ ဒါမှမဟုတ် ကြောင်သခင်ရှိလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ဒီအထောက်အထားအရ ကြောင်တွေကို Pet အဖြစ်မွေးခဲ့တာ ဒီထက်မကကြာပြီလို့ယူဆနိုင်ပါတယ်။

အိမ်မွေးကြောင်တွေရဲ့ မူလဇာစ်မြစ်ကိုတော့ အရှေ့အလယ်ပိုင်း Middle East ဒေသကနေစခဲ့တယ်လို့ ဆိုကြပါတယ်။ Middle East ဒေသဆိုတာက အီဂျစ်၊အစ်စရေး၊ တူရကီ၊အီရန်၊ဆီးရီးယား၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ စတဲ့တိုင်းပြည်တွေရှိတဲ့နေရာကို ဆိုလိုတာပါ။ အဲ့ဒေသက တောင်ကြောင်ရိုင်းတမျိုးရဲ့ မျိုးရိုးဗီဇက ဒီနေ့ခေတ် အိမ်မွေးကြောင်တွေရဲ့ မျိုးရိုးဗီဇနဲ့ တော်တော်လေးဆင်တူနေတာကို တွေ့ရပါတယ်။

ကြောင်တွေက တောအုပ်ထဲမှာကျက်စားရာကနေ လူတွေနဲ့ဘယ်လိုရင်းနှီးလာတာလဲဆိုတာလဲစိတ်ဝင်စားစရာပါ။ ယူဆချက်တခုအရဆိုရင် လူတွေက ခြေသလုံးအိမ်တိုင်လျှောက်သွားတဲ့အခြေအနေအထိ ကြောင်တွေနဲ့ပတ်သက်မှုမရှိခဲ့ပါဘူးတဲ့။

နေရာအတည်တကျရှာပြီး နေထိုင်တတ်လာတော့ နေအိမ်တွေစတင်ဆောက်လုပ်လာကြပါတယ်။
စားစရာရိက္ခာတွေကို သိမ်းဖို့အတွက် တဲလေးတွေပါထိုးလာကြပါတယ်။ အဲ့လို ရိက္ခာတဲတွေဆောက်ပြီး အစားအစာတွေသိမ်းထားတဲ့အခါ ကြွက်တွေက မကြာခဏသောင်းကျန်းဖျက်ဆီးပါတယ်။

ကြွက်တွေကို ထိန်းမရသိမ်းမရဖြစ်လာတဲ့အခါ ကြွက်တွေကြောက်တဲ့ ကြောင်ဟာ လူတွေအတွက် မျက်စိကျစရာဖြစ်လာပါတော့တယ်။ လျင်မြန်တယ်၊ ယဥ်လွယ်တယ်၊ စတိုင်ကျတယ်၊ ကြွက်လဲအဖမ်းတော်တယ် ဆိုပြီး ကြောင်တွေကို တောထဲကရှာကာ ရိက္ခာတဲနားအထိခေါ်လာရင်း လူတွေနားရောက်လာပါတော့တယ်။

ကြွက်ပေါတဲ့ လူတွေနားမှာ အစာများများစားရတာသိလေတော့ ကြောင်ကလဲ လူကိုမျက်စိကျ၊ လူကလဲကြောင်ကိုအားကိုးနဲ့ ပနံတည့်ရင်း ကြောင်တွေကိုမွေးဖို့ဖြစ်လာတော့တာပါတဲ့။ နောက်ပိုင်းမှာတော့ ကြောင်တွေကို မျိုးစပ်ရင်းနဲ့ ယနေ့ခေတ်ကြောင်တွေအထိရောက်လာတော့တာပါပဲ။

ကြောင်ရဲ့သမိုင်းကြောင်းက သိပ်မကြာသေးလို့ သူတို့ရဲ့တောရိုင်းဆန်တဲ့အသွေးအမွေးတွေက ဆက်ရှိနေတုန်းပါပဲ။ အရင်ကလို ညဖက်အစာရှာထွက်ဖို့မလိုဘဲ ဟူးမန်းတွေကျွေးသမျှ မိန့်မိန့်ကြီးထိုင်စားနေရုံပဲ ဆိုပေမယ့် သူတို့မျက်လုံးတွေက ညဖက်ဆိုအစွမ်းထက်နေဆဲပါ။
အသံဆိုရင်လဲ ချက်ဆို နားခွက်ကမီးတောက်လောက်အောင် နားအလွန်ပါး ကြပါတယ်။

ခွေးတွေအကြောင်းပြောရရင်တော့ ကြောင်တွေထက်ကို ပိုရှေးကျပါတယ်တဲ့။ ခွေးတွေကက ကြောင်ထက်ကို senior ပိုကျတဲ့ အိမ်မွေးတိရစ္ဆာန်တွေပါပဲ။ ယနေ့ခေတ်ခွေးတွေက ဝံပုလွေမျိုးနွယ်ကနေလာတယ်လို့ ဆိုကြပါတယ်။

တောထဲမှာ ခြေသလုံးအိမ်တိုင်နဲ့ အမဲလိုက်တတ်တဲ့ လူသားတွေကို ဝံပုလွေတွေက သိပ်အဖတ်မလုပ်ကြပါဘူးတဲ့။ လူတွေကလဲ ဝံပုလွေတွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မထင်ပါဘူးတဲ့။

ဒါပေမယ့် လူတွေအမဲလိုက်တဲ့အခါ သတိထားမိတာက သမင်တို့ ဒရယ်တို့ရှိတဲ့နားဆိုရင် ဝံပုလွေခြေရာတွေ တွေ့ရတတ်ပါတယ်။ လူတွေက လည်တော့ ဝံပုလွေရှိရင် အမဲလိုက်စရာ သားကောင်ရှိလို့ပဲဆိုပြီး ဝံပုလွေကို မသိမသာအားကိုးပါတယ်။

ဝံပုလွေတွေကလဲ လူတွေကိုသတိထားမိပါတယ်။ အထူးသဖြင့် ဟူးမန်းတွေက အသားတွေကိုအကုန်မစားနိုင်ဘဲ ချန်ချန်ထားတတ်လို့ လူတွေချန်ခဲ့တဲ့စားကြွင်းစားကျန်တွေကို ဝံပုလွေတွေက အရန်သင့်စားသောက်ကြပါတယ်။ ဒီလိုနဲ့ ဝံပုလွေတွေက လူတွေနောက်လိုက်ရင် စားကြွင်းစားကျန်တွေရတယ်ဆိုပြီး လူနားကို မသိမသာကပ်လာပါတယ်။ လူတွေသွားတဲ့နောက်ကို ကပ်တိုးလေးလိုက်လိုက်လာတတ်ပါတယ်။

အဲ့တာကို လူတွေကလဲသိတော့ အစာလာတောင်းတဲ့ဝံပုလွေတွေထဲကမှ လူနဲ့အယဥ်ပါးဆုံးအကောင်တွေကို အစာခေါ်ကျွေးရင်း လူနဲ့တဖြေးဖြေးရင်းနှီးလာပါတော့တယ်။ နောက်ပိုင်း ဝံပုလွေတွေက တောရိုင်းစိတ်တွေနည်းလာပြီး လူတွေနဲ့ခင်မင်တဲ့ ယနေ့ခေတ်ခွေးတွေအဖြစ်ပြောင်းလာပါတော့တယ်။

ခွေးနဲ့ကြောင်က လူနားကိုရောက်လာတဲ့ သမိုင်းကြောင်းပုံစံချင်း မတူပေမယ့် လူတွေရဲ့အချစ်ကိုအခံရဆုံး အကောင်တွေလို့ပြောလို့ရပါတယ်။ ဒီလောက်ဆိုရင် ကစ်တီလေးတွေရယ် ပါပီလေးတွေရယ် ဟူးမန်းတွေရယ် ဘယ်လိုတွေ့ဆုံခဲ့ကြသလဲဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။

နောက်များမှာ အလျဥ်းသင့်တဲ့အခါ ကြောင်တွေ ခွေးတွေရဲ့ စိတ်နေသဘောထားကို psychology အမြင်ဖက်ကနေ ရေးပေးသွားပါဦးမယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ခေါက်ဆွဲပြုတ်ကြိုက်သူများရဲ့ အိပ်မက်ဆိုး ၃ခုအကြောင်း

သင်ကခေါက်ဆွဲပြုတ်ကြိုက်တဲ့သူဆိုရင် ဒီစာကသင့်အတွက်ဖြစ်ပါတယ်။

ကျနော်လဲခေါက်ဆွဲပြုတ်ကြိုက်တတ်သူမို့လို့ ခေါက်ဆွဲပြုတ်ကိုမကြာခဏစားလေ့ရှိပါတယ်။လူကြီးတွေကတော့ ခေါက်ဆွဲပြုတ်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီး မစားခိုင်းတာ ခဏခဏကြားရမှာပါ။

လူကြီးတွေက ခေါက်ဆွဲခြောက်တွေမစားအောင် အမျိုးမျိုးခြောက်ကြပါတယ်။ ခေါက်ဆွဲပြုတ်တွေစားရင်ဘာဖြစ်တတ်တယ်… ညာဖြစ်တတ်တယ်… ဆိုပြီးပြောတတ်ပါတယ်။ ဒီ post မှာတော့ အဲ့လိုခြောက်လှန့်တဲ့စကားတွေက တကယ်မှန်မမှန် ပြောပြပေးသွားပါမယ်။

၁။ ခေါက်ဆွဲခြောက်ထဲမှာ ဖယောင်းတွေပါတယ်။

ဒီသတင်းက social media မှာဘယ်သူစပြီးလွှင့်လိုက်သလဲမသိပေမယ့် လူတိုင်းစီကို ဒီသတင်းရောက်နေတာသေချာပါတယ်။ ခေါက်ဆွဲခြောက်တွေမကျိုးမကြေပဲ တောင့်တင်းနေအောင်၊ ကြာကြာအထားခံအောင် ဖယောင်းကိုအပြင်ကနေအုပ်ထားတယ်ဆိုပြီး ပြောကြတာပါ။

ဒါက သတင်းမှားတခုပါပဲ။
နိုင်ငံတကာ FDA တွေရဲ့စမ်းသပ်ချက်တွေအရ ဖယောင်းပါတယ်ဆိုတာမဟုတ်ကြောင်း ပြောထားပြီးပါပြီ။ ခေါက်ဆွဲခြောက်စက်ရုံတွေကလဲ ဒီသတင်းကိုပြန်လည်ရှင်းပြထားပါတယ်။

ခေါက်ဆွဲခြောက်ကိုထုတ်လုပ်တဲ့နေရာမှာ ရေပါဝင်မှုနည်းအောင်လုပ်ရတဲ့အဆင့်တွေရှိပါတယ်။ ခေါက်ဆွဲခြောက်ကို ရေနည်းသွားအောင် ပေါင်းခံတာ၊ အခြောက်ကြော်တာ စတဲ့နည်းတွေနဲ့လုပ်လိုက်တဲ့အခါ ခေါက်ဆွဲခြောက်ကပုံသွင်းခံရသလိုဖြစ်ပြီး တွန့်လိမ်တဲ့ပုံစံဖြစ်သွားတာပါ။

မည်သည့်ဖယောင်းမှ တကူးတကသုံးထားတာမရှိပါဘူး။ တကယ်လို့များ ဖယောင်းပါတယ်ပဲထား… ဖယောင်းနည်းနည်းကိုစားမိလိုက်ရင်တောင် ခန္ဓာကိုယ်မှာ အန္တရာယ်ကြီးကြီးမားမားမရနိုင်ဘူးလို့ဆိုကြပါတယ်။

တချို့ကလဲ ဖယောင်းကိုစားမိမှာစိုးလို့ ခေါက်ဆွဲကို ၂ရေ ၃ရေ လောက်ပြုတ်ပြီးမှပဲ စားတတ်ကြပါတယ်။
ရေတွေနဲ့ခဏခဏပြုတ်လိုက်ရင် ခေါက်ဆွဲက နူးအိပြီးစားမကောင်းတော့ပါဘူး။ ဒါကြောင့် ခေါက်ဆွဲခြောက်မှာ ဘာဖယောင်းမှမပါပါဘူး။ စိတ်ချပြီးစားလို့ရပါတယ်လို့ဆိုချင်ပါတယ်။

၂။ ခေါက်ဆွဲပြုတ်ခဏခဏစားရင် ကင်ဆာဖြစ်တတ်တယ်။

ဒါကလဲ လူပြောများသလောက် တိကျတဲ့သက်သေ (evidence) ခိုင်ခိုင်မာမာမရှိသေးပါဘူး။

ခေါက်ဆွဲပြုတ်ခဏခဏစားတိုင်း ကင်ဆာဖြစ်လာတယ်ဆိုပြီး တွေ့ရှိတာတော့မရှိသေးပေမယ့် တချို့ processed food တွေကတော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။
ဥပမာ ယမ်းစိမ်းပါတဲ့ ဝက်အူချောင်း ကြက်အူချောင်းတွေ၊ ဆားများများနဲ့သိပ်ထားတဲ့ ငါးခြောက်တို့၊ ဝက်ပေါင်ခြောက်တို့ စတာတွေကတော့ အစာလမ်းကြောင်းကင်ဆာတွေဖြစ်နိုင်ပါတယ်။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးသဘောရှိတာမို့လို့ ချင့်ချိန်စားဖို့တော့လိုပါမယ်။ ခေါက်ဆွဲခြောက်စားတာ ကင်ဆာဖြစ်တယ်လို့ပြောမရပေမယ့် တခြားရောဂါတွေနဲ့တော့ ဆက်စပ်မှုရှိပါတယ်။

ခေါက်ဆွဲခြောက်ထဲက အရသာမှုန့်တွေမှာ ဆားနဲ့ အချိုမှုန့်တွေပါဝင်နေတာမို့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါတွေဖြစ်စေနိုင်ပါတယ်။
နောက်ပြီးတော့ ဒိတ်လွန်နေတဲ့ခေါက်ဆွဲဘူးတွေမှာဆိုရင် မှိုတက်နေနိုင်တဲ့အတွက် မစားသင့်ပါဘူး။
ခေါက်ဆွဲပြုတ်ကိုကြိုက်တယ်ဆိုရင်တောင် အလွန်အကျွံမစားမိဖို့တော့ သတိချပ်သင့်ပါတယ်။

၃။ ခေါက်ဆွဲခြောက်များများစားရင် ဆံပင်ပိုဖြူတယ်၊ ဆံပင်ကျွတ်တယ်။

ခေါက်ဆွဲပြုတ်များများစားလို့ ဆံပင်ပိုဖြူတယ်ဆိုတာ မဟုတ်ပါဘူး။ ဆံပင်ဖြူစေတာက မျိုးရိုးဗီဇနဲ့လဲဆိုင်သလို စိတ်ဖိစီးတာကြောင့်လဲဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ချေတခုရှိတာက နေ့တိုင်းလိုလို တခြားအစားအစာ မစားဘဲ ခေါက်ဆွဲပြုတ်ပဲစားနေရင် အာဟာရဓာတ်တချို့နည်းလာနိုင်ပါတယ်။

ဥပမာ zinc ဓာတ်နဲ့ Vitamin B 12ဓာတ်တွေချို့တဲ့တတ်ပါတယ်။
ဒီလိုအာဟာရဓာတ်တွေချို့တဲ့လာရင်တော့ ဆံပင်ပိုဖြူလာတတ်တာရှိပါတယ်။ အလားတူပါပဲ ဆံပင်အတွက်လိုအပ်တဲ့အာဟာရတွေနည်းပါးလာတဲ့အခါ ဆံပင်မသန်ဘဲ ဆံပင်ပိုကျွတ်လာတတ်ပါတယ်။

ဒါကြောင့် ခေါက်ဆွဲပြုတ်ကိုဒီတိုင်းမစားဘဲ အာဟာရတွေပါရရှိအောင် ကြက်ဥထည့်စားတာ၊ အသားတွေထည့်စားတာ၊ တကယ့်ပုစွန်တွေထည့်စားတာ အဲ့လိုစားရင်တော့ အာဟာရတွေရရှိနိုင်ပါတယ်။

ခေါက်ဆွဲပြုတ်တပတ် ၃ခါ ၄ခါပုံမှန်စားရုံနဲ့တော့ ဆံပင်ဖြူတာ ဆံပင်ကျွတ်တာမဖြစ်နိုင်ပေမယ့် ကာလကြာရှည် ခေါက်ဆွဲပြုတ်ချည်းပဲ နေ့ရောညပါစားနေရင်တော့ တခြားအာဟာရတွေနည်းလာလို့ ဆံပင်ကိုထိခိုက်နိုင်ပါတယ်။

ဒီလောက်ဆိုရင် ခေါက်ဆွဲပြုတ်ကြိုက်တတ်တဲ့စာဖတ်သူတွေ စိတ်ရှင်းရှင်းနဲ့ ခေါက်ဆွဲပြုတ်ကိုစားလို့ရပြီထင်ပါတယ်။ အာဟာရဓာတ်တွေပါဝင်အောင် ခေါက်ဆွဲပြုတ်ထဲကို အစုံထည့်စားပါ။ အားရှိအောင်စားပါ လို့တိုက်တွန်းရင်း…။

Vector

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started