သင့်ကိုမှရွေးပြီး ဘာလို့ခြင်ပိုကိုက်နေရတာလဲ?

ခြင်ကလူရွေးကိုက်တယ်လို့သင်တွေးဖူးရင် အဲ့တာတကယ်ပဲဟုတ်ပါတယ်။ “ငါ့အသားကိုကချိုလို့လားမသိပါဘူး။ ခြင်ကြိုက်တတ်တဲ့အသား” ဆိုပြီး တချို့ခဏခဏ ပြောတတ်ကြပါတယ်။

သင်ကသူငယ်ချင်းပေါတယ်ဆို မေးကြည့်ကြည့်ပါ။ သူငယ်ချင်းတွေထဲမှာမှ
တချို့လူတွေက ခြင်ပိုအကိုက်ခံရတဲ့ ခြင်အချစ်တော်တွေဖြစ်ပါတယ်။
တချို့ကျတော့လဲ ခြင်ဆိုတာချိုနဲ့လားလို့မေးရလောက်အောင် ခြင်အကိုက်မခံရတဲ့သူတွေရှိပါတယ်။
ဘာလို့ ဒီလိုကွဲပြားနေရတာလဲဆိုတာ အကြမ်းဖျင်း ပြောပြပေးသွားပါမယ်။

ခြင်ထဲမှာမှ ခြင်အမကပဲကိုက်တယ်ဆိုတာအများသိကြမှာပါ။ ခြင်ကလူကိုကိုက်ဖို့ အနံ့ခံတဲ့အခါ အသက်ရှူထုတ်တဲ့ထဲမှာပါတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုအနံ့ခံပြီး လူကိုရှာတာပါ။

ခြင်ကိုက်တာနဲ့ပတ်သက်ပြီး စမ်းသပ်ချက်တခုလုပ်ထားတာပြောပြပါဦးမယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လုပ်အားပေး ၈၀၀ကျော်ခေါ်ပြီး ခြင်ကိုက်တဲ့ကိစ္စကို လေ့လာစမ်းသပ်ကြပါတယ်။

ဘယ်လိုစမ်းကြတာလဲဆိုတော့ ခြင်ပေါတဲ့နေရာမှာ လက်မောင်းတွေဖော်ထားစေပြီး ၃မိနစ်လောက်ငြိမ်ငြိမ်နေခိုင်းပါတယ်။ အဲ့လိုခြင်စာကျွေးတဲ့အခါ ပထမတကြိမ်မှာ အကိုက်မခံရတာဆိုလို့ volunteer 17 ယောက်ပဲရှိပါတယ်။ ကျန်တဲ့သူတွေအကုန်အကိုက်ခံရပါတယ်။

အဲ့တာနဲ့နောက်တကြိမ်ထပ်ပြီး ခြင်စာကျွေးကြပြန်ပါတယ်။ ဒီတခါတော့အကုန်နီးပါး အကိုက်ခံရပြီး တယောက်ပဲအကိုက်မခံရပါဘူးတဲ့။ အဲ့လိုမျိုး နောက်ထပ် ၉ကြိမ်လောက်ထပ်စမ်းကြတဲ့အခါ အဲ့မောင်ကံကောင်းတယောက်က သူပဲလုံးဝအကိုက်မခံရပါဘူး။ ကျန်တဲ့သူတွေအားလုံး ခြင်ကိုက်ဖုကိုယ်စီနဲ့ကုတ်ဖဲ့နေချိန်မှာ သူကတော့ အပြုံးမပျက်ပါဘူးတဲ့။

အဲ့တာနဲ့ အဲ့ဒီမောင်ကံကောင်းကိုခေါ်ပြီးဘာလို့ဒီကောင့်ကိုခြင်တွေမကြိုက်ကြတာလဲဆိုပြီး ရှာဖွေစူးစမ်းကြပါတယ်။ သို့သော်ကံမကောင်းစွာနဲ့ပဲ တိကျတဲ့အဖြေကိုတော့မရခဲ့ပါဘူး။

ဖြစ်နိုင်ချေရှိတာကတော့ လူတွေတယောက်နဲ့တယောက် ကိုယ်သင်းရနံ့ (နဲနဲရိုင်းရိုင်းပြောရရင် ချွေးနံ့) မတူလို့ဖြစ်နိုင်ပါတယ်။ ချွေးနံ့ထဲမှာ မတူညီတဲ့ chemicals တွေပါဝင်ပါတယ်။ အထူးသဖြင့် carbon dioxide, အမိုးနီးယား, lactic acid, uric acid စတာတွေပါပြီး ခြင်တွေကတချို့အနံ့တွေကိုမကြိုက်သလို တချို့အနံ့တွေကို ပိုကြိုက်တတ်ပါတယ်။

ကိုယ့်ချွေးနံ့ ဘာနံ့ထွက်မလဲဆိုတာ ကိုယ့်အရေပြားပေါ်က bacteria အမျိုးအစားပေါ်မူတည်ပါတယ်။
ချွေးကစစထွက်ခြင်းဆို ဘာအနံ့မှမရှိပါဘူး။ ဘက်တီးရီးယားပိုးမွှားတွေက ချွေးကိုဓာတ်ပြုလိုက်လို့ အနံ့ထွက်လာတာပါ။ တချို့ဘက်တီးရီးယားအကောင်တွေက အနံ့ဆိုးဆိုးကိုထွက်စေပြီး ခြင်တွေကိုပိုဆွဲဆောင်စေပါတယ်။

ဘက်တီးရီးယားပိုးတွေက ခြေထောက်မှာပိုပြီးများများရှိတတ်ပါတယ်။
ဒါကြောင့် ခြေဆီနံ့ကအတော်ပြင်းတဲ့အနံ့ရနေတာပါ။ ခြင်အကိုက်တတ်ဆုံးနေရာတွေကို အစဥ်လိုက်စီကြည့်ရင် ခြေထောက်နားတဝိုက်ကအကိုက်ခံရဆုံးဖြစ်ပါတယ်။ ခြေဖမိုးနား၊ ခြေကျင်းဝတ်နားနဲ့ ခြေသလုံးတုတ်တုတ်နေရာတွေက ခြင်အကြိုက်ဆုံးနေရာတွေပဲပေါ့။

နောက်တချက်က သွေးအမျိုးအစားနဲ့လဲဆိုင်တယ်လို့ဆိုကြတယ်။
အိုသွေးပိုင်ရှင်တွေက အေသွေးပိုင်ရှင်တွေထက် ၂ဆလောက်ပိုအကိုက်ခံရတတ်ပြီး ဘီသွေးသမားတွေကတော့ အိုသမားနဲ့အေသမားကြားလောက် ကျပါတယ်တဲ့။
သွေးအုပ်စုမတူရင် secretor/non secretor စသဖြင့် ကွဲပြားလို့ chemical ထုတ်တတ်တဲ့ secretor အုပ်စုက ခြင်ပိုကိုက်ခံရတတ်ပါတယ်တဲ့။

စိတ်ဝင်စားစရာကောင်းတာနောက်တခုက အားကစားလုပ်ရင်ဖြစ်ဖြစ် ၊ ဇီဝကမ္မဖြစ်စဥ်တွေအလုပ်အရမ်းလုပ်တဲ့သူတွေမှာဖြစ်ဖြစ် ကာဗွန်ဒိုင်အောက်ဆိုက် ပိုထွက်စေလို့ ခြင်လာနိုင်ချေပိုများပါတယ်တဲ့။
လူကောင်ထွားတဲ့သူတွေက စွမ်းအင်ပိုသုံးရလို့ carbon dioxide ပိုထုတ်တဲ့အတွက် ခြင်ကိုပိုဆွဲဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် ကလေးတွေနဲ့ယှဥ်ရင် လူကြီးတွေက ခြင်စာပိုမိကြတာများပါတယ်တဲ့။

ခန္ဓာကိုယ်ကအပူပိုထွက်လေ ခြင်တွေကိုပိုဖိတ်ခေါ်သလိုဖြစ်တဲ့အချက်ကိုလဲ တွေ့ထားပါသေးတယ်။
ဒါကြောင့်မို့လို ကိုယ်ဝန်ဆောင်တွေက သူများထက်လဲ carbon dioxide ပိုထုတ်ပြီး ပိုလဲအပူထွက်လို့ ခြင်များအကြိုက်ပါပဲတဲ့။

ဘီယာကြိုက်တဲ့ညီကိုတွေလဲ ခြင်စာမိဖို့ပိုများပါတယ်တဲ့။ လေ့လာချက်တွေအရ ဘီယာက calories ပါဝင်မှုများပြီး စွမ်းအင်ရလို့ carbon dioxide ပိုထွက်နိုင်သလို ချွေးထဲမှာလဲ ethanol အနံ့ (အရက်နံ့) ပါလာလို့ ခြင်စာမိနိုင်ခြေပိုများပါတယ်။

ခြင်က ကာဗွန်ဒိုင်အောက်ဆိုက်တခုထဲကိုပဲသုံးပြီး လူကိုရှာတာမဟုတ်ပါဘူး။
အဝေးကနေအနံ့ခံတဲ့အခါ carbon dioxide ကိုသုံးပြီး လူနားရောက်လာရင်တော့ ဘယ်နားကိုကိုက်ရမလဲဆိုတာ အမြင်အာရုံနဲ့လဲရှာပါသေးတယ်။

ခြင်တွေက ကိုက်ခါနီးဆိုရင် ခပ်နိမ့်နိမ့်ပဲပျံလေ့ရှိပြီး လူလား သက်မဲ့လားဆိုတာ မျက်လုံးနဲ့လေ့လာပါတယ်။ အရောင်ရင့်ရင့်ဝတ်ထားတဲ့သူတွေနဲ့ အရောင်မှိုင်းမှိုင်းဝတ်တဲ့သူတွေက ခြင်မျက်လုံးထဲမှာ ပိုထင်သာမြင်သာရှိပြီး ထင်းနေပါတယ်။အနီတောက်တောက်ကြီးတွေ၊ အနက်ရောင်၊ ခရမ်းပုပ်ရောင် စတာတွေပေါ့။

ဒါကြောင့် ခြင်ကိုက်မခံရအောင် ခပ်ဖျော့ဖျော့နဲ့ ခပ်မှိန်မှိန်အရောင်ရွေးဝတ်သင့်ပါတယ်။ ဥပမာ အဝါဖျော့၊ အဖြူရောင် စသဖြင့် ရွေးဝတ်သင့်ပါတယ်။

နောက်ဆုံးတချက်ကတော့ မျိုးရိုးဗီဇမှာကိုက ခြင်ကြိုက်တဲ့ gene ပါနေတာပါ။ (ဘာgene လဲဆိုတာတော့ရှာမတွေ့သေးပါ) ချွတ်စွပ်တူတဲ့အမြွာတွေနဲ့ ရုပ်မတူတဲ့အမြွာတွေကို စမ်းသပ်တဲ့အခါ ခြင်က identical twins ထဲက တယောက်ကိုကြိုက်ရင် နောက်တယောက်ကလဲအကြိုက်ခံရနိုင်ချေများတာကိုတွေ့ထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သင့်ကိုခြင်ကိုက်မခံချင်ရင် ခြင်မကြိုက်တဲ့ဘော်ဒါကိုရှာထားပြီး သူ့နားမှာနေရင် ခြင်ပြေးပါလိမ့်မယ်။

သင်က ဘီယာကြိုက်တတ်ပြီး အနက်ရောင်ပဲဝတ်တတ်တဲ့ အိုသွေးပိုင်ရှင်ကိုယ်ဝန်ဆောင်ဖြစ်နေရင်တော့လဲ Gym ဆော့ပြီးတဲ့အခါ ခြင်တွေအချစ်ဆုံး crush ကြီးဖြစ်နေတော့မှာပါ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Blame ခြင်းနောက်ကွယ်က စိတ်ပညာ

လူတွေက ကိုယ်လုပ်မယ့်ကိစ္စတစ်ခုဟာ မအောင်မြင်နိုင်မှန်း ခန့်မှန်းမိတဲ့အခါ နောက်ဆုတ်တတ်ကြပါတယ်။ ဒါပေမယ့် ရှောင်လွှဲလို့မရတဲ့ကိစ္စတွေက လောကကြီးမှာ အများကြီးပါပဲ။ ဒီတော့ မအောင်မြင်နိုင်မှန်းသိပေမယ့် တည့်တည့်ဝင်တိုးကြရတာပေါ့။ ဒီအခါမှာ ထူးခြားတာတွေ ဖြစ်လာပါတယ်။

အရင်ကလည်း ရေးဖူးပါတယ်။ လူတွေရဲ့ဦးနှောက်က ကိုယ့်ရဲ့ Self-esteem ကိုကာကွယ်ဖို့ အမြဲလုပ်နေပါတယ်။ ဒါကြောင့် အမှားတစ်ခုဖြစ်လာတဲ့အခါ၊ ကျရှုံးမှုတစ်ခုကြုံလာတဲ့အခါ ပြင်ပ Factor တစ်ခုခုကို အပြစ်ပုံချတတ်ပါတယ်။ ဒါဟာ သာမန်လူတွေလုပ်နေကြအလုပ်ပါ။ စာမေးပွဲကျတာ စာမကျက်လို့ဖြစ်ပေမယ့် မေးခွန်းထုတ်တဲ့လူကြောင့်၊ အိမ်ကလူတွေကြောင့် ဆိုပြီး Blame လုပ်တတ်ပါတယ်။

ဒါပေမယ့် အဲ့ဒါက သိသာပါတယ်။ ခုပြောချင်တာက မသိစိတ်ကနေ ကိုယ်ကျရှုံးတော့မှာအတွက် ကြိုပြင်ဆင်ပေးထားတဲ့အကြောင်းပါ။
စိတ်ရောဂါတစ်ခုနဲ့ ဥပမာပေးချင်ပါတယ်။ ဒီရောဂါရှိရင် အမြဲတမ်း အစိုးရိမ်လွန်နေတတ်ပါတယ်။ သူ့ကိုကြည့်လိုက်ရင် ဖျားနေတယ်၊ နှာစေးနေတယ်၊ ဗိုက်မကောင်းဘူး၊ ခါးနာတယ်၊ ဖင်နာတယ် စသဖြင့် Complain ပေါင်းစုံရှိပါတယ်။
ဒါဟာ ပုန်းကွယ်နေတဲ့ရောဂါတစ်ခုက ပြတဲ့ Symptom တွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူအမြဲပြနေတဲ့ဆရာဝန်က စမ်းသပ်တဲ့အခါ ဘာမှထူးခြားတာ မတွေ့ပါဘူး။ ဒါ့အပြင် သွေးစစ်တဲ့အခါလည်း ပုံမှန်ပဲလို့ ပြနေပါတယ်။

သူတို့ကို Hypochondriac လို့ခေါ်ပါတယ်။ ဒီလူတွေက ဆေးရုံ၊ ဆေးခန်းပေါင်းများစွာ၊ ဆရာဝန်ပေါင်းများစွာနဲ့ လှည့်ပတ်ပြနေတတ်ပြီး သူတို့အလိုကို ဖြည့်ဆည်းတတ်ကြပါတယ်။ ဒီလိုလူတွေဟာ ကျရှုံးမှုတွေကြုံလာရင် အေးဆေးပါပဲ။ ဘာလို့လဲဆိုတော့ အမြဲတမ်း ဖျားနာနေ၊ မကျန်းမမာဖြစ်နေတာကို ပုံချလိုက်လို့ရပါတယ်။
ဒါက အစွန်းတစ်ဖက်ကိုရောက်နေတဲ့ ဥပမာတစ်ခုပါ။

သာမန်လူတွေလည်း ဒီလိုလုပ်ချင်တဲ့ Tendency တွေရှိပါတယ်။ ကိစ္စအကြီးကြီးတစ်ခုကို ဖြေရှင်းရတော့မယ်ဆိုတာ သိနေတဲ့အခါ ကိုယ်အောင်မြင်မှ အောင်မြင်ပါ့မလားဆိုပြီး ဒွိဟဝင်တတ်ပါတယ်။ အဲ့ဒီအခါမှာ အောင်မြင်အောင် ကြိုးစားရမယ့်အစား ကျရှုံးတဲ့အခါ အကျမနာအောင် မသိစိတ်က ပြင်ဆင်ပေးလိုက်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ Ego မပွန်းပဲ့အောင် လုပ်လိုက်တာမျိုးပါ။ ကိုယ့်ရဲ့အရည်အချင်းကို မထိခိုက်ရင်ပြီးရော အခြား Blame စရာအရာတစ်ခုကို ကြိုပြင်ထားလိုက်တာပါ။

ရှင်းအောင် ဥပမာနဲ့ပြချင်ပါတယ်။ ကောင်မလေးတစ်ယောက်ကို လိုက်ပိုးပန်းတယ်ဆိုပါတော့။ ဒါပေမယ့် သိပ်ပြီးအခြေအနေမကောင်းဘူး။ ပြန်ကြိုက်မယ်လို့ သိပ်မထင်ဘူး။
ကောင်မလေးက သူ့ကိုရည်းစားစကားပြောတဲ့ လူဦးရေတိုးစေချင်တော့ ရည်းစားစကားပြောလာအောင် ကြိုးရှည်ရှည်နဲ့လှန်ထားတယ်။ (ပြန်တော့မကြိုက်ဘူး…)
ကောင်လေးကလည်း ဒီတစ်ယောက်မရရင် နောက်တစ်ယောက်လိုက်လို့ရတာပဲ… ဆိုတဲ့ထုံး နှလုံးမူပြီး ပြောထည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ငြင်းမယ်ဆိုတဲ့ဘက်ကို အလေးသာနေတယ်။

အဖြေပေးမယ့်နေ့မှာ ငြင်းမယ်ထင်လို့ အကျမနာအောင် ကိုယ့်ဘာသာပြင်ဆင်လိုက်တယ်။ အင်္ကျီအစုတ်ဝတ်သွားတာမျိုး၊ နောက်ကျမှ ရောက်သွားတာမျိုးပေါ့။
အဲ့ဒီအခါမှာ တကယ်လည်းငြင်းရော “ကောင်မလေးက Superficial ဖြစ်ပါတယ်… ငါစုတ်စုတ်ပြတ်ပြတ်ဝတ်သွားလို့ ပြန်မကြိုက်ဘူး” လို့တွေးနိုင်သလို “အချိန်လေးနည်းနည်းနောက်ကျသွားတာနဲ့ ငါ့ကိုငြင်းလိုက်တယ်… ဒီလောက်တောင် နားလည်မပေးနိုင်တဲ့သူနဲ့ ရည်းစားမတော်ရတာ ကံကောင်းတယ်…” စသဖြင့် ကိုယ့်ကိုကိုယ် သက်သက်ညှာညှာ တွေးလို့ရသွားတယ်။

The picture sums it all up.

ကိုယ်မအောင်လောက်ဘူးထင်တဲ့ စာမေးပွဲတစ်ခုကို မဖြေခင် စာမကျက်ဘဲ ရုပ်ရှင်ထိုင်ကြည့်နေတာဟာလည်း ဒီသဘောပါပဲ။ “ရုပ်ရှင်ကြည့်လိုက်လို့ ကျသွားတာ… စာကျက်ရင်အောင်မှာ…” ဆိုပြီးတွေးလို့ရသွားတာပေါ့။

ရည်းစားမရှိတဲ့သူအချို့ဟာလည်း Facebook မှာ ကြာကူလီ၊ ခိုးစား၊ စနိုက်ကြော် ပွဲတွေတွေ့တိုင်း ယောက်ျားတွေမကောင်းဘူး၊ မိန်းမတွေမကောင်းဘူး စသဖြင့် ပြောတတ်ကြပါတယ်။ ဒါဟာလည်း ကိုယ်ရည်းစားမရှိတာ ဆန့်ကျင်ဘက်လိင်တွေ မကောင်းလို့ဆိုပြီး ဖြေတွေးတွေးရင်း Blame နေတာ ဖြစ်နေနိုင်ပါတယ်။

ဒီလိုမျိုး Fail ဖို့ ကြိုတင်ပြင်ဆင်ကြတာကို စမ်းသပ်ထားတာရှိပါတယ်။ ကျောင်းသားတွေကို ခက်ခဲတဲ့စာမေးပွဲတစ်ခုဖြေခိုင်းပြီး သူတို့ဘယ်လိုဖြေထားထား အမှတ်ပြည့်ရတယ်လို့ လိမ်ပြောလိုက်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် “ငါ… တယ်တော်ပါလား…” ဆိုပြီး ဖြစ်သွားစေပါတယ်။ (မဖြေနိုင်တဲ့သူတွေရော အဲ့လိုတွေးလားလို့ မေးရင်တော့ တွေးတယ်လို့ ဖြေရမှာပါ…)

ဒီလိုမျိုး Ego ကိုမြောက်အောင် လုပ်ပေးပြီးတဲ့အခါမှာတော့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်စာမေးပွဲတစ်ခု ထပ်ဖြေရမယ်… ဆေးသုံးလို့ရတယ် လို့ပြောပါတယ်။ ကိုယ့်ရဲ့ Performance ကိုတိုးစေတဲ့ဆေးရယ်… Performance ကို ကျစေတဲ့ဆေးရယ်… ၂မျိုးထဲက ၁မျိုးကိုရွေးခိုင်းပါတယ်။ (တရားဝင်အသုံးပြုလို့ရတဲ့ ဆေးတွေထဲက ရွေးခိုင်းတာပါ) ဘယ်ဟာကိုတော်တော်များများက ရွေးသွားကြတယ် ထင်သလဲ?

တော်တော်များများက Performance ကျစေတဲ့ ဆေးကိုရွေးသွားကြပါတယ်။ ဒီတော့ ကိုယ်ဘာလို့ အောင်မြင်သွားမှန်း သေချာမသိတဲ့အခါမှာ နောက်တခါလည်း ဒီလိုအောင်မြင်လိမ့်မယ်လို့ မယုံကြည်ကြပါဘူး။ အကျသက်သာအောင် Blame စရာတစ်ခုခုကို ကြိုရှာထားတတ်ပါတယ်။
အဲ့လိုလုပ်လို့ အောင်မြင်သွားတဲ့အခါ “ငါ… မဖြစ်နိုင်တာကို လုပ်ခဲ့တာပဲ…” ဆိုပြီး ကိုယ့်ဘာသာ ဂုဏ်ယူနိုင်သလို ကျရှုံးတဲ့အခါလည်း Blame ဖို့ရတာပေါ့။

ဒီတော့ မေးစရာရှိလာတာက ဘယ်အချိန်မျိုးမှာ ဒီလိုလုပ်တတ်လဲဆိုတာပါ။ ဒါကို စမ်းသပ်ထားတာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။
ကျောင်းသားတွေကို စာမေးပွဲဖြေခိုင်းပြီး တစ်ဝက်ကို တော်တော်အမှတ်ကောင်းတယ်လို့ ပြောပြီး ကျန်တစ်ဝက်ကို အမှတ်မကောင်းဘူးလို့ ပြောလိုက်ပါတယ်။ အမှတ်ကောင်းတယ်လို့ ပြောလိုက်တဲ့ အဖွဲ့ကို ၂ဖွဲ့ထပ်ခွဲပြီး Video ပြပါတယ်။ တစ်ဖွဲ့ကို ဟာသပြပြီးတော့ ကျန်တစ်ဖွဲ့ကို စိတ်ပျက်စရာကောင်းတဲ့ ကင်ဆာ Documentary ပြပါတယ်။ ပြီးတော့ နောက်စာမေးပွဲတစ်ခုဖြေခိုင်းတယ်။

မဖြေခင် လက်ဖက်ရည်တိုက်ပါတယ်။ တစ်မျိုးက လန်းဆန်းစေပြီး နောက်တစ်မျိုးက အိပ်ချင်စေပါတယ်။ ကိုယ်သာဆိုရင် စာမေးပွဲဖြေခါနီး လန်းဆန်းစေတဲ့ လက်ဖက်ရည်ကိုပဲ သောက်မိမှာပါ။ ဒါပေမယ့် အဲ့လိုမဟုတ်နေပါဘူး။
ဟာသကြည့်မိပြီး ပျော်ရွှင်နေတဲ့သူတွေရဲ့ ၃ပုံ ၂ပုံဟာ အိပ်ချင်စေတဲ့လက်ဖက်ရည်ကို ရွေးသွားပါတယ်။ ကင်ဆာအကြောင်းကြည့်ပြီး စိတ်ညစ်သွားတဲ့လူတွေရဲ့ ၃ပုံ ၁ပုံကပဲ ဒီလက်ဖက်ရည်ကို ရွေးပါတယ်။

ဒါကိုပိုပြီးသေချာအောင် အထပ်ထပ်စမ်းသပ်ကြည့်ကြပါတယ်။ နောက်ဆုံးမှာ Conclude လုပ်လိုက်တာက ပျော်နေလေလေ… ကိုယ့်ရဲ့ Ego ကို ကာကွယ်လေလေပါပဲ။ ဝမ်းနည်းနေတဲ့သူတွေက သူတို့အကြောင်း သူတို့ပိုနားလည်ပြီး ပိုရိုးသားတယ်လို့ အဖြေရလာပါတယ်။

ကိုယ်ဘယ်သူလဲဆိုတာကို လူတွေက အမြဲတမ်း “သ” နေကြပါတယ်။ ကိုယ့်ရဲ့အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေဟာ ကိုယ့်ရဲ့ Personality နဲ့ဆိုင်တယ်လို့ မြင်ကြပါတယ်။ တချို့လူတွေက သူတို့ရဲ့ ဖြစ်တည်မှုဟာ သူတို့ရဲ့ လုပ်ဆောင်မှုတွေပဲလို့ မြင်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းတွေကို ဝေဖန်တာဟာ သူတို့ကို ဝေဖန်တာပဲဆိုပြီး Personal Level အထိယူဆတတ်ပါတယ်။

ဒီအမြင်ကြောင့် သူတို့ကျရှုံးလို့မရတာပါ။ ဒီလိုကျရှုံးခြင်းဟာ သူတို့ရဲ့ Ego ကိုပွန်းပဲ့စေပါတယ်။ Ego ဆိုတဲ့စကားကို ခဏခဏပြောနေတာ အကြောင်းရှိပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုကိုယ် Sabotage လုပ်တာဟာ ယောက်ျားတွေမှာ ပိုအတွေ့များလို့ပါ။

ဘာကြောင့်လဲဆိုတာ သေချာမသိပေမယ့် ခန့်မှန်းထားတာတွေတော့ ရှိပါတယ်။ ပထမတစ်ချက်ဖြစ်နိုင်တာက ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးဟာ သူ Competent ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ အများကြီးသက်ဆိုင်နေလို့ပါ။
နောက်တစ်ခုဖြစ်နိုင်တာက ယောက်ျားတွေဟာ သူတို့ရဲ့အောင်မြင်မှုတွေနဲ့ သူတို့ရဲ့ တန်ဖိုးကို ဖြတ်ကြလို့ပါ။

လူတွေက ကိုယ်ကျရှုံးမယ့် ကိစ္စအကြီးကြီးတစ်ခုကို တွေ့တဲ့အခါ Anxiety တွေများလာပေမယ့် Blame စရာအကြောင်းတစ်ခုရလာရင်တော့ Anxiety တွေလျော့သွားတတ်ပါတယ်။ ဒီတော့ ဘယ်လောက်ခက်ခဲတဲ့ကိစ္စ ဖြစ်ပါစေ Blame မလုပ်ဘဲနဲ့ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ပြီး အောင်မြင်အောင် လုပ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကမ္ဘာကြီးလုံးရာမှ ပြားလာရခြင်းအကြောင်း

ကျွန်တော့အနေနဲ့ စကြဝဠာအကြောင်းရေးချင်ပေမယ့် စိတ်ပညာအကြောင်း ရေးတာလောက် မဖတ်ကြလို့ မရေးဖြစ်တာပါ။ အဲ့တော့ နောက်တစ်ခေါက် Try ကြည့်တဲ့အနေနဲ့ သာမန်လူနားလည်လောက်တဲ့ အကြောင်းအရာတွေကနေ စပြီးပြန်ရေးချင်ပါတယ်။
ဒီအကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒါတွေသိပြီးသား ဖြစ်နေနိုင်ပါတယ်။ ဒါက မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။

ခေတ်အဆက်ဆက် စကြဝဠာကြီးဘယ်လိုပုံစံရှိသလဲဆိုတာ လူတွေတွေးတောခဲ့ကြပါတယ်။ စကြဝဠာက ဒီလိုရှိပါလားဆိုပြီး သိလာတာ နှစ် ၁၀၀ လောက်ပဲရှိပါသေးတယ်။ ဒီမတိုင်ခင်တုန်းက အလွဲပေါင်းများစွာရှိခဲ့ပါတယ်။ အဲ့ဒီအလွဲတွေကနေ ဒီနေ့ထိ အဆင့်ဆင့် ပြောင်းလဲလာပုံကို ပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက စကြဝဠာဆိုတာ ဘာလဲမပြောနဲ့… ကမ္ဘာကဘယ်လိုလဲဆိုတာတောင် သေချာမသိခဲ့ပါဘူး။ “ကမ္ဘာကအောက်မှာ ကောင်းကင်ကြီးက အပေါ်မှာ” ဆိုတဲ့သဘောလောက်ပဲ နားလည်ခဲ့ကြတာပါ။

ကမ္ဘာကြီးက အပြားကြီးလို့ပဲထင်ခဲ့ကြပါတယ်။ ဒီတော့ ခုခေတ်မှာ ကမ္ဘာပြားတယ်လို့ ယုံသေးတဲ့သူတွေ (Falt Earthers) ကိုမြင်ရတဲ့အခါ ပြောစရာစကားရှာမရအောင် ဖြစ်ရပါတယ်။

ပထမဆုံးသိပ္ပံနည်းကျ အမြင်တစ်ခုကိုစခဲ့တာကတော့ Anaximander ပါပဲ။ သူစဉ်းစားတာက ဘယ်လိုလုပ်ပြီး နေရယ်၊ လရယ်၊ ကြယ်တွေရယ်ဟာ ကျွန်တော်တို့ကို ပတ်နေနိုင်တာလဲ လို့တွေးခဲ့ပါတယ်။ ဒီတော့ပုံတစ်မျိုးထွက်လာပြန်ပါတယ်။

သူ့ပုံအရ ကမ္ဘာဟာ ပြားနေပေမယ့် ကမ္ဘာပတ်လည်မှာ Dimension ၃ခုဖြစ်လာပါတယ်။ ကောင်းကင်ကြီးက ကမ္ဘာကြီးရဲ့အပေါ်မှာတင်မဟုတ်ဘဲ ပတ်လည်မှာ ရှိနေပါပြီ။ ကမ္ဘာကြီးက အာကာသထဲမှာ ပေါလောဖြစ်နေတဲ့ ကျောက်တုံးကြီးဖြစ်မယ်ဆိုတာလည်း သိနေကြပါပြီ။ ခုချိန်ထိ ကမ္ဘာလုံးလား၊ ပြားလား မသေချာသေးပါဘူး။

ဒါကို ဒဏ္ဍာရီတွေထဲမှာတော့ လိပ်ကျောကုန်းပေါ်မှာ ကမ္ဘာကြီးကို ထမ်းထားတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ (Stephen King ရဲ့ Universe တို့၊ Terry Pratchett ရဲ့ Discworld တို့ဆိုတာ ဒီကနေဖြစ်လာတဲ့ပုံပါပဲ)

နောက်ပိုင်းမှာ (ပိုက်သာဂိုရပ်စ်လား… ပါမင်းနိဒီးစ်လား မသေချာ) ကမ္ဘာကြီးဟာ စက်လုံးကြီးဖြစ်ရမယ်လို့ တွေးမိသွားတယ်။ ဒါမှသာ ကောင်းကင်ကို ဘယ်နေရာကြည့်ကြည့် အတူဖြစ်နေမှာလို့ ဆင်ခြင်မိကြတယ်။

Aristotle အလှည့်ရောက်တဲ့အခါ စကြဝဠာဆိုတာ အောက်ကပုံလိုမျိုးဖြစ်တယ်လို့ ပြောတယ်။ ဒါကို သူက ကောင်းကင်ဘုံလို့ခေါ်တယ်။ ကမ္ဘာနဲ့နေက ဒီပုံမျိုးရှိတယ်ဆိုတာ အလယ်ခေတ်ကုန်တဲ့အထိ လက်ခံခဲ့ကြတယ်။

ပုံမှာကြည့်ရင် သိနိုင်တာက ကမ္ဘာက အရာရာရဲ့အလယ်ဗဟိုမှာ ရှိနေပါတယ်။ ဒီတော့ “လူဆိုတာ ဘုရားသခင်ဖန်ဆင်းထားတာ…” ဆိုတဲ့ အဆိုကိုပိုပြီး ပံ့ပိုးပေးနေသယောင်ရှိတာပေါ့။ လူဆိုတာ တော်တော်ထူးခြားတယ်၊ စကြဝဠာထဲမှာ လူတွေက အရေးပါဆုံးပဲဆိုတဲ့အမြင်မျိုးဖြစ်လာကြတယ်။

ဒီကနေ နောက်တစ်ဆင့်ကတော့ Copernicus ကြောင့်ဖြစ်လာတာပါ။ ဒါကို အရေးပါတဲ့ သိပ္ပံတော်လှန်ရေးတွေထဲက တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။ သူက Aristotle ရဲ့ပုံနဲ့သိပ်မကွာပါဘူး။ ဒါပေမယ့် နေကိုအလယ်ဗဟိုမှာထားလိုက်ပါတယ်။ ကမ္ဘာနဲ့ကျန်တဲ့ဂြိုလ်တွေဟာ နေကို အရှိန်ပြင်းပြင်းနဲ့ လှည့်ပတ်နေတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အဲ့ဒီကနေမှ နောက်တစ်ဆင့် ကျွန်တော်တို့တွေသိလာရတာက ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း (Solar System) နဲ့ပုံစံတူတွေ စကြဝဠာထဲမှာ မရေမတွက်နိုင်အောင်ရှိတယ်ဆိုတာပါ။ နေဆိုတာ ကြယ်တစ်မျိုးပဲဆိုတာလည်း သိလာကြပါတယ်။ ဒီလိုကြယ်တွေအများကြီး စုဝေးနေတဲ့အရာကြီးကို ကြယ်စုများ (Galaxy) လို့ခေါ်လိုက်ပါတယ်။
ကျွန်တော်တို့ရှိနေတာက နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) မှာပါ။

ဒီကနေ နောက်တစ်ဆင့်ထပ်ပြီး သိလာကြပြန်ပါတယ်။ ၁၉၃၀ မှာ Astronomers တွေက နက်ဗျူလာ (Nebulae) တွေကို တိုင်းတာကြည့်ကြပါတယ်။ နက်ဗျူလာဆိုတာ ကြယ်တွေကြားမှာရှိတဲ့ တိမ်လိုဖြူဖြူအရာတွေကို ပြောတာပါ။

Nebulae Illustration

အဲ့ဒါတွေကို တိုင်းကြည့်တဲ့အခါ ကျွန်တော်တို့ရဲ့ Galaxy ဆိုတာလည်း အခြား Galaxy ပေါင်းများစွာလိုပဲ ရှိနေတဲ့ အရာတစ်ခုမှန်းသိသွားကြပါတယ်။
တိုင်းတာကြည့်လို့ရသလောက် မျက်စိတစ်ဆုံးမှာ Galaxy တွေချည်းပါပဲ။
အဲ့တော့ စကြဝဠာကြီးက ကြီးမားလွန်းတဲ့အတွက် ဘယ်ဘက်ကိုကြည့်ကြည့်တူတူပဲဆိုတာ သိလိုက်ရပါတယ်။ ဒါ့အပြင် အတိုင်းအဆလည်း မရှိဘူးလို့ ထင်ကြပါတယ်။

Galaxies Illustration

အောက်ကပုံကိုကြည့်ပါ။

ဒါကို Hubble Telescope ကနေ ရိုက်ယူထားတာပါ။ သူက ကမ္ဘာ့အပြင် ပတ်လမ်းတစ်ခုကနေ စကြဝဠာကြီးကို လှမ်းရိုက်လိုက်ပါတယ်။ ကျွန်တော်တို့ သာမန်မျက်စိနဲ့ မြင်နိုင်တာထက် စကြဝဠာထဲကို ထိုးဖောက်မြင်နိုင်လိုက်ပါတယ်။ ပုံမှန်ဆိုရင် နောက်ခံမည်းမည်းကြီးမှာ လင်းနေတဲ့ကြယ်အနည်းငယ်ကို မြင်တွေ့ရမှာပါ။ ဒါပေမယ့် Hubble Telescope နဲ့ရိုက်တဲ့အခါ အစက်အပျောက်ပေါင်းများစွာကို မြင်နိုင်လိုက်ပါတယ်။ အစက်တစ်ခုစီဟာ ကျွန်တော်တို့ရဲ့နေလိုမျိုး ကြယ်ပေါင်း ဘီလီယံရာနဲ့ချီပြီးပါတဲ့ Galaxy တွေပါ။ ဒီတော့ တွက်ကြည့်လို့ရတာက ကမ္ဘာလိုမျိုး ဂြိုလ်ပေါင်း မရေမတွက်နိုင်လောက်အောင် ရှိနေမှာပါ။
ဘယ်နေရာကြည့်ကြည့် ဒီအတိုင်းပဲမြင်နေရပါတယ်။

ဒါပေမယ့် ခုလိုမျိုး Uniform ဖြစ်နေတာဟာ အမြင်နဲ့တင် အတိအကျပြောလို့မရပြန်ပါဘူး။ အာကာသ (Space) ဟာ အပြားကြီးမဟုတ်ဘဲ ကွေးညွှတ်မှု (Curve) ရှိပါတယ်။ လှိုင်းတွေလိုပဲ မြင်ကြည့်လို့ရပါတယ်။ ကြားထဲမှာက Galaxy ပေါင်းများစွာပေါ့။

ခုချိန်မှာတော့ စကြဝဠာကြီးဟာ ပြန့်ကားနေတယ်လို့ လေ့လာမှုတွေအရ ပြောကြပါတယ်။ အဲ့လိုပြန့်ကားလာလေလေ ပြန့်ကားနှုန်းကပိုမြန်လေလေပါပဲ။ ဒီတော့ ပြန့်ကားအောင် လုပ်နေတဲ့အရာတစ်ခုရှိရမယ်လို့ Hypothesis ထုတ်လိုက်ကြပါတယ်။ အဲ့ဒီကနေ ပြန့်ကားအောင် လုပ်ပေးနေတဲ့အရာတွေကို Dark Matter, Dark Energy စသဖြင့်ခေါ်ကြပါတယ်။

ဒါတွေက သပ်သပ် Topic တစ်ခုပြောရမှာမို့ ခုချိန်မှာတော့ ဒီလောက်နဲ့ပဲရပ်ထားချင်ပါတယ်။ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူတွေရဲ့ Personality အပေါ်မြင်တဲ့အမြင် အလွဲများ

ကျွန်တော်တို့ လက်ခံထားတဲ့ “Personality ကဘာလဲ” ဆိုတဲ့အမြင်မှာ ဟာကွက်အကြီးကြီးတစ်ခုရှိနေပါတယ်။ အခုအဲ့ဒီအကြောင်းကို ပြောချင်တာပါ။

ငယ်စဉ်ဘဝထဲက အရမ်းတော်တဲ့၊ တည်ကြည်ဖြောင့်မတ်တဲ့ လူတစ်ယောက် ရှိတယ်ဆိုပါစို့။ အပေါင်းအသင်းတွေ ကြားထဲမှာလည်း ဒီလိုမျိုး အရည်အချင်းတွေ ရှိကြောင်း နာမည်ကြီးတယ်။ တစ်နေ့မှာ သူကြိုက်တဲ့သူနဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်တယ်။ တည်ကြည်တဲ့သူဖြစ်လို့ အိမ်ထောင်ရေးမှာလည်း အရှုတ်အရှင်းကင်းတယ်။ ဒီလိုနဲ့ သူက သူ့မြို့မှာ မြို့တော်ဝန်ဖြစ်ဖို့ ဝင်အရွေးခံမယ်ဆိုပြီး တွေးမိတယ်။ သူ့ရဲ့ဂုဏ်သတင်းကို တစ်မြို့လုံးသိနေတော့ သူနိုင်မယ်လို့ ထင်တယ်။ ရွေးကောက်ပွဲမှာ တကယ်ပဲနိုင်သွားတယ်။

မြို့တော်ဝန်ဖြစ်နေတဲ့ကာလမှာလည်း ပြည်သူတွေရဲ့အခွန်တွေကို အလွဲသုံးစားမလုပ်ဘူး။ အစိုးရကောင်းကျိုးအတွက် အမြတ်များများရအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒီလို နေရာမျိုးကိုရထားတာတောင် လာဘ်မစားဘူးဆိုတော့ တော်တော်တည်ကြည့်ဖြောင့်မတ်တဲ့သူလို့ ပြောလို့ရတာပေါ့။ ခုချိန်ထိ ဒီလူရဲ့ Character ကိုသုံးသပ်ကြည့်ရင် မဟုတ်တာ ဘာမှမလုပ်တဲ့ လူမှန်တစ်ယောက်၊ ရိုးသားဖြောင့်မတ်တဲ့လူ တစ်ယောက်လို့ ပြောလို့ရမှာပါ။

တစ်နေ့မှာတော့ သူ ၁ပတ်လောက် အလုပ်ကနေ ခွင့်မဲ့ပျက်သွားတယ်။ မိန်းမကိုလည်း အလုပ်ကိစ္စတစ်ခုနဲ့ ခရီးသွားရမယ်ဆိုပြီး လိမ်ပြောသွားတယ်။ ဘယ်ရောက်သွားတာလဲဆိုတော့ မယားငယ်နဲ့ခရီးတစ်ခုထွက်ပြီး ပျော်ပါးနေတာပါ။ သတင်းသမားတွေ ဖွလိုက်တော့ ဒီကိစ္စပေါက်ကြားသွားတယ်။ သူငယ်ချင်းတွေက ဘာပြောလဲဆိုတော့ “သူ ဒီလိုလုပ်နိုင်မယ်လို့ လုံးဝမထင်ဘူး” တဲ့။ ကုန်ကုန်ပြောရရင် သူ့မိန်းမကတောင် ဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုမထင်ပါဘူး။ သူကတော့ မရတော့ပါဘူး…။ မယားငယ်ကသာ သူ့ရဲ့ Soul Mate လို့ ပြောပါတယ်။

ဒီလိုနဲ့ သတင်းစာရှင်းလင်းပွဲလုပ်တော့ သူပြန်တောင်းပန်ပါတယ်။ ခုလိုလုပ်တာဟာ မှားကြောင်း၊ မကျော်သင့်တဲ့စည်းကို ကျော်မိတဲ့အကြောင်း၊ လူမှုရေးဖောက်ပြန်မိတဲ့အကြောင်းပေါ့။ ဒါပေမယ့် သူ့နာမည် အဖတ်ဆယ်လို့မရတော့ပါဘူး။

တစ်ခုပဲမေးချင်ပါတယ်။ ဒီလူက သူ့ရဲ့သရုပ်မှန်ကို မသိအောင် ဟန်ဆောင်ကောင်းခဲ့တာလား? ဆက်မဖတ်ခင် တွေးကြည့်ပေးပါ။

ဖြစ်နိုင်တယ်လို့ တွေးမိရင်တော့ လူတစ်ယောက်ရဲ့ Personality အပေါ် စာဖတ်သူမြင်တဲ့ အမြင်ဟာ အတော်တော်များများလိုပဲ လွဲနေတယ်လို့ ပြောရမှာပါ။ လူတွေက ကောင်းတယ်၊ ဆိုးတယ်ဆိုပြီး နှစ်မျိုးပဲ မြင်တတ်ကြတယ်လို့ အရင်ကရေးဖူးပါတယ်။
ဒီတော့ ဒီလူက တည်ကြည်ဖြောင့်မတ်တယ်ဆိုရင် သူ့ရဲ့ဘဝတစ်လျှောက်လုံး လုပ်ခဲ့သမျှကိစ္စတွေဟာ ဒီအမြင်နဲ့ Consistent ဖြစ်ရမယ်လို့ တွေးမိတတ်ကြပါတယ်။ ဒီအမြင်နဲ့ သွေဖယ်တဲ့ကိစ္စတစ်ခုဖြစ်လာတဲ့အခါမှာ အံ့သြတတ်ကြသလို… “လုံးဝမထင်ရဘူး” လို့လည်း ပြောတတ်ကြပါတယ်။ ဒီလိုပြောခြင်းဟာ Character တွေသည် Consistent ဖြစ်တယ်၊ မပြောင်းလဲနိုင်ဘူးဆိုပြီး လက်ခံလို့ ဖြစ်ပါတယ်။

ဒီလိုလက်ခံထားကြတဲ့အတွက် သူတို့ Character နဲ့ဆန့်ကျင်တဲ့အလုပ်တစ်ခုကို လုပ်မိတဲ့အခါ ဒီလူဟာ သိုးယောင်ဆောင်သော ဝံပုလွေလို့ ပြောင်းပြီးတွေးလိုက်ပါတယ်။ ဒီလိုတွေးလိုက်မှသာ လောကကြီးကို မြင်တဲ့ ကိုယ့်အမြင်ဟာ မပြောင်းလဲဘဲ မှန်ကန်နေမှာဖြစ်ပါတယ်။ ဥပမာ “ဒီကောင့်ကို လူကောင်းလို့ထင်ခဲ့ပေမယ့် တကယ်တော့ ဟန်ဆောင်နေတာပဲ…” ဆိုတာမျိုး၊ “ငါထင်နေတယ်… သူက မကောင်းတဲ့သူဖြစ်မယ်ဆိုတာ” မျိုးပေါ့။

ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် အနီးကပ်ပေါင်းသင်းနေတဲ့မိန်းမ၊ သူငယ်ချင်းတွေကတောင် မယုံကြည်နိုင်ဘူးဆိုပြီး ဖြစ်ရတာဟာ သရုပ်ဆောင်ကောင်းတာမှ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

တစ်ခါလောက်မှားတာနဲ့ တစ်ဘဝလုံးမှန်လာသမျှ အလကားဖြစ်သွားတာပဲလား ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီကိစ္စက အကြီးကြီးဖြစ်သွားတဲ့အတွက် လူတွေက ကိုယ့်ကိုမယုံကြည်တော့ဘူးဆိုတာ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမြဲမှားလာတဲ့သူ တစ်ခါလောက်မှန်ရုံနဲ့ လူတွေက ချီးကျူးထောပနာမပြုတတ်ကြပါဘူး။

၂၀၀၉ ခုနှစ်က အိမ်ခြေယာမဲ့တစ်ဦးဟာ တံတားပေါ်ကနေခုန်ချပြီး ရေနစ်နေတဲ့ကလေးတစ်ယောက်ကို ကယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ခဏနေတော့ သူ့ကိုမေ့သွားကြတာပါပဲ။ တကယ်ဆိုရင် ကိုယ့်အသက်ကို မငဲ့ဘဲ သူများကိုကယ်ဆယ်ခဲ့တာဟာ တော်တော်လေးစားစရာကောင်းပါတယ်။
လူတွေရဲ့အမြင်မှာ အိမ်ခြေယာမဲ့ဆိုတာ အတိတ်က မကောင်းတာတွေလုပ်ခဲ့လို့ ဖြစ်နေတာ… ဒါကြောင့် စရိုက်လည်းမကောင်းဘူး… ဆိုတဲ့ Stereotype တစ်ခုရှိတတ်ပါတယ်။ သူက Selfless Act တစ်ခုလုပ်ခဲ့ပေမယ့် အဲ့ဒီအမြင်ကိုဖုံးနိုင်လောက်အောင်တော့ မစွမ်းနိုင်ရှာပါဘူး။

ဒီတော့ လူတွေဟာ သိုးယောင်ဆောင်သော ဝံပုလွေတော့ရှိနိုင်ပေမယ့် ဝံပုလွေယောင်ဆောင်သော သိုးတော့ မရှိဘူးလို့ ပုံသေတွက်ထားကြပါတယ်။
၁၉၀၀ ခုနှစ်အကျော်လောက်မှာ လူမည်းဆိုရင် နှိမ်ကြတာ ဖတ်ဖူးကြမှာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် လူမည်းသွေးတစ်စက်ပါရင်တောင်မှ Personality မကောင်းဘူးလို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့်သူတို့ကို လူတွေက ခွဲခြားဆက်ဆံကြပါတယ်။
ဒီတော့ လူတွေက မကောင်းတာကို ပိုပြီးအလေးသာနေကြတာပေါ့။

Celebrity တွေ၊ နာမည်ကြီးတဲ့သူတွေရဲ့ မကောင်းတဲ့သတင်းတွေ ကြားတဲ့အခါမှာလည်း အံ့သြမိကြပြီး ပွဲအကြီးကြီးတွေဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း အဲ့ဒီလိုဖြစ်ဖို့ Potential တွေရှိနေတယ်လို့ ပြောရင် လက်ခံနိုင်မလား?

အရင်က တွေးခဲ့ကြတာတော့ လူရဲ့ပုခုံးနှစ်ဖက်မှာ Angel နဲ့ Devil နှစ်ကောင်ရှိနေတယ်။ တစ်ယောက်က ကောင်းတာလုပ်ဖို့ ပြောနေပေမယ့် နောက်တစ်ယောက်က မကောင်းတာလုပ်ဖို့ ပြောတယ်ဆိုပါတော့…။ ဒီတော့ Devil ကအားသာသွားရင် မကောင်းတဲ့သူဖြစ်လာပြီး Angel ကအားသာသွားရင်တော့ လူကောင်းတစ်ယောက်ဖြစ်လာတယ်ပေါ့။
ဒီအမြင်က ဖြစ်နိုင်တယ်လို့ ထင်စရာရှိပေမယ့် အပေါ်ကပြောခဲ့သလို လူတွေရဲ့ Character Consistent မဖြစ်တာကိုတော့ မဖြေရှင်းနိုင်ပါဘူး။

မဟုတ်တာတွေ လုပ်ခြင်းမလုပ်ခြင်းဟာ Character နဲ့မဆိုင်ဘဲ လူရဲ့ Conscious Decision နဲ့ပဲဆိုင်ပါတယ်။ ကိုယ်က ဒီလိုလူတစ်ယောက်ဖြစ်တယ်လို့ လူတွေသတ်မှတ်လာတာဟာ ဘဝတစ်လျှောက်လုံး အများက လူကောင်းလို့ထင်စေတဲ့ Decision တွေကို ချမှတ်လာလို့ပါ။
ဥပမာ ကိုယ့်ကို ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ယုံကြည်ရတယ်ဆိုပြီး လူတွေမြင်ခြင်းဟာ ကိုယ်က မဟုတ်တာ မလုပ်ဘူးလို့ သိတဲ့အတွက်ကြောင့် ဖြစ်တယ်။ အဲ့လိုသိအောင်လည်း အရင်က ကိုယ့်လက်ထဲမှာ အများပိုင်ငွေတွေရောက်လာရင် ကိုယ်ကျိုးအတွက် မသုံးမိအောင် Conscious Decision ချခဲ့တာပါ။

ဒါပေမယ့် ကိုယ်က တစ်ချိန်မှာ အကြောင်းတစ်ခုခုကြောင့် ငွေလိုလာတယ်ဆိုရင် “ခဏယူသုံးလိုက်မယ်…” ဆိုပြီး ကိုယ့်ဘာသာလိမ်ပြောမိတတ်တယ်။ ဒါဆိုရင်ရော သိုးယောင်ဆောင်ထားတာပဲလား။

စာအုပ်တွေထဲမှာတော့ ဒါကို ချိန်ခွင်နဲ့ဥပမာပေးတတ်ပါတယ်။ မကောင်းတာတွေနဲ့ ကောင်းတာတွေ တစ်ဖက်ဆီပေါ့။ ကောင်းတဲ့ဘက်ကို အလေးသာရင် ကောင်းတာဖြစ်လာတယ်။ Vice Versa ဆိုပါတော့။ ဒါပေမယ့် ထူးခြားတာက အပြောင်းအလဲလေးတစ်ခုဟာ တစ်ဖက်ဖက်ကို သိသိသာသာအလေးသာသွားစေတာပါ။

ဒါကြောင့် တစ်ဘဝလုံးမှန်လာပြီး ခုမှမှားနိုင်သလို တစ်ဘဝလုံးမှားလာပြီး ခုမှမှန်ချင်တာလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လူတွေကတော့ သူတို့လက်ခံတဲ့ အမြင်တွေနဲ့ပဲ ဆက်သွားနေကြပါတယ်။ လောကကြီးမှာ လူကောင်းနဲ့လူဆိုးဆိုတာ မရှိပါဘူး။ ဒီလိုဖြစ်စေတဲ့ Conscious Decision သာရှိပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင့်ကိုတယောက်ယောက်စိုက်ကြည့်နေတာကို သင်သိနေတာဘာလို့လဲ?

တခါတခါ အနောက်ကများ တယောက်ယောက်လှမ်းကြည့်နေသလားမသိဘူးလို့ လှည့်ကြည့်မိရင် တကယ်လဲ စိုက်ကြည့်နေတဲ့သူရှိနေတတ်ပါတယ်။ တယောက်ယောက်က နောက်ကွယ်ကနေ ကြည့်နေရင် အလိုလိုစိတ်ထဲကသိနေသလို ခံစားရဖူးမှာပါ။

အဲ့တာ တိုက်ဆိုင်မှုသက်သက်ပဲလား။
ဒါမှမဟုတ် တကယ်ပဲ sixth sense လိုလိုရနေတာလား။
စိုက်ကြည့်တဲ့သူနဲ့ အကြည့်ခံရတဲ့သူကြားမှာရော ဘာဆက်သွယ်မှုတွေများရှိနေလို့လဲ။ ကျနော်နားလည်မိသလောက် ရေးပြထားပါတယ်။

ဒီလိုအကြည့်ခံရတာ သိနေသလိုလိုဖြစ်တဲ့အကြောင်းကို သိပ္ပံပညာက လေ့လာထားတာသိပ်မကြာသေးပါဘူး။

အစောဆုံးလေ့လာထားတဲ့ theory တခုကတော့ Titchener theory ပဲဖြစ်ပါတယ်။ ၁၈၉၈ ခုနှစ်တုန်းက ဗြိတိန်စိတ်ပညာရှင် Edward Titchener က ဒီအကြောင်းကိုလေ့လာပြီး ရှင်းပြထားဖူးပါတယ်။

ကိုယ့်ကို တယောက်ယောက်ကြည့်နေတယ်လို့ ခံစားရတဲ့အခါ လူတွေက နဲနဲနေရခက်လာပါတယ်။ အဲ့လိုနေရခက်လာရင် တခုခုလုပ်မိတတ်ပါတယ်။
ဥပမာ ပွနေတဲ့ဆံပင်ကို ပြန်သပ်တင်မိတာ၊ ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်တာ၊ မျက်မှန်ကိုပြန်ချိန်တာ၊ ကော်လံကိုပုံကျအောင် ပြန်ပြင်တာ စသဖြင့် လှုပ်ရှားမှုတခုခုကို စိတ်ကမသိလိုက်ဘဲ အလိုလိုလုပ်မိသွားတတ်ပါတယ်။

အကြည့်ခံနေရပြီဆို ရှိုးပဲ့နေရင်မဖြစ်ဘူးဆိုပြီး ရှိုးနည်းနည်းပြန်ထိန်းတဲ့သဘောပါ။

အဲ့လိုလေးလုပ်ပြီးတာနဲ့ နောက်ကိုအသာလှည့်ကြည့်လိုက်တဲ့အခါ အနောက်ကလူကလဲ အရှေ့ကလူကလှုပ်လှုပ်လှုပ်လှုပ်နဲ့ ဘာများလဲဆိုပြီးသတိထားမိကာ ပြန်လိုက်ကြည့်မိတာပါတဲ့။

ဆိုလိုတာက ကိုယ်အကြည့်ခံနေရပြီလို့ခံစားရရင် တခုခုလှုပ်ရှားမိပါတယ်။ အဲ့လိုလှုပ်လိုက်တဲ့အတွက် အနောက်ကတယောက်ယောက်ရဲ့ မြင်ကွင်းထဲမှာ ကိုယ့်လှုပ်နေတာရောက်လာပြီး ဟိုကလဲအကြည့် ဒီကလဲအလှည့် အကြည့်ချင်းဆုံသွားကြတာပါတဲ့။

Timing ကိုက်မိဖို့ကလဲ အရေးကြီးပါတယ်တဲ့။ ရှေ့ကလူ ခေါင်းလှည့်ဖို့အတွက် တစက္ကန့်လောက်ပဲကြာပါတယ်။
နောက်ကလူက အရှေ့ကကောင်လှုပ်နေတာကို သတိထားမိပြီး ဖျက်ကနဲလှမ်းကြည့်မိဖို့က တစက္ကန့်ရဲ့ ၅ပုံတပုံလောက်ပဲကြာတာမို့ နှယောက်သား အကြည့်ချင်းဆုံသွားတဲ့သဘောပါ။

တကယ် အစကထဲက စိုက်ကြည့်နေတာဟုတ်ချင်မှဟုတ်မှာပါ။ သူကြည့်လို့ ကိုယ်ကြည့်မိတဲ့သဘောဖြစ်နိုင်တယ်လို့ Titchener ကရှင်းပြထားပါတယ်။တချို့ကလဲ ဒါကိုလက်မခံလို့ စမ်းသပ်ကြပါသေးတယ်။

တချို့ကလဲ ဒါကိုလက်မခံလို့ စမ်းသပ်ကြပါသေးတယ်။ ပထမစမ်းသပ်ချက်တခုက ကြည့်မယ့်သူနဲ့ အကြည့်ခံမယ့်သူကို ၂အုပ်စုခွဲလိုက်တယ်။ ကြည့်မယ့်သူတွေကို ဒင်္ဂါးပြားတခုပေးထားပြီး ခေါင်းပန်းလှန်ခိုင်းတယ်။

“ခေါင်း” ဖက်ကျရင် 15စက္ကန့်စိုက်ကြည့်ရမယ်။ ပြီးရင် ခေါင်းပန်းထပ်လှန်မယ်… “ပန်း” ဖက်ကျရင် မကြည့်ဘဲ 15စက္ကန့်နေရမယ်။

အကြည့်ခံရမယ့်သူတွေကိုတော့ ကြည့်ပြီလား မကြည့်ဘူးလား မေးပြီးခန့်မှန်းခိုင်းပါတယ်။ ဒီလိုစမ်းသပ်တဲ့အခါ ဖြစ်တန်စွမ်း probability က 50.2% ပဲအဖြေထွက်လို့ ဒါဟာ တိုက်ဆိုင်မှုတခုထက်မပိုဘူး။ ဘာဆက်သွယ်ချက်မှမရှိဘူးလို့ အဖြေထွက်ပါတယ်။

နောက်ထပ်စမ်းသပ်ချက်တခုကကျ ကယ်လီဖိုးနီးယားက စိတ်ပညာရှင် William Braud ကစမ်းထားတာပါ။ သူကအပေါ်ကစမ်းသပ်ချက်ကို မကြိုက်ပါဘူး။ အကြည့်ခံရတဲ့သူကို ကြည့်နေပြီလား မကြည့်သေးဘူးလားမေးနေရင် အကြည့်ခံရတဲ့သူက အာရုံအသေစိုက်ပြီး မမှန် မှန်အောင် ခန့်မှန်းတော့မှာပါတဲ့။

အဲ့လို bias တွေမဖြစ်ရအောင် Braud က အကြည့်ခံရတဲ့သူကို မေးခွန်းမမေးပါဘူး။ ဒီတိုင်းလေးပဲ ကင်မရာရှေ့မှာ ငြိမ်ငြိမ်လေးထိုင်ခိုင်းထားပါတယ်။ ဒါပေမယ့် သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်းစတဲ့ ဇီဝကမ္မဖြစ်စဥ်တွေကိုတော့ စက်နဲ့မှတ်တမ်းတင်ထားပါတယ်။ ကြည့်ရမယ့်သူကိုလဲ သီးခြားအခန်းထဲမှာ ထားပြီး အကြည့်ခံရမယ့်သူရဲ့ နောက်ကျောကိုရိုက်ထားတဲ့ CCTV ကိုပြထားပါတယ်။

ကြည့်ရမယ့်သူအလုပ်က သူ့အခန်းထဲမှာပဲသူနေပြီး CCTV ကြည့်ရမယ်။ CCTV က အကြည့်ခံရမယ့်သူနောက်ကျောကို ချိန်ထားတယ်။ အဲ့လိုနဲ့ စိုက်ကြည့်တလှည့် မကြည့်တလှည့်စမ်းပါတယ်။

စမ်းသပ်မှုအဖြေအရတော့ လူတွေက စိုက်ကြည့်ခံရတယ်လို့ sense ရတဲ့အခါ အသက်ရှူမြန်တာ၊ နှလုံးခုန်မြန်တာတွေဖြစ်လာပြီး တကယ်စိုက်ကြည့်တဲ့အကြိမ်အရေအတွက်နဲ့ အတော်လေးကိုက်ညီကြောင်းတွေ့ရပါတယ်။ သဘောကတော့ စိုက်ကြည့်ခံရတာကို တနည်းနည်းနဲ့ ခံစားမိနေတယ်လို့ဆိုရပါမယ်။

အခန်းလဲခွဲထား၊ စက်တွေနဲ့လဲသေချာစမ်းထားတဲ့ ဒီစမ်းသပ်ချက်ကလဲ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြေကိုပေးတာမို့ ငြင်းရခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ကစမ်းသပ်ချက်တွေအကုန်လုံးက အတိအကျပြောဖို့ရာ ခက်ခဲပါသေးတယ်။

နောက်ထပ်စမ်းသပ်မှုတွေ တွေ့ရှိချက်တွေ လိုနေပါသေးတယ်။ အခုလက်ရှိအထိကတော့ ဒါဟာတိုက်ဆိုင်မှုလား… တကယ်ပဲအာရုံရနေတာလားဆိုတာ ပြောရခက်နေသေးကြောင်း ရေးသားရင်း ဒီမှာပဲရပ်ထားပါရစေ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started