သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ

အခုခေတ်မှာ personality အကြောင်းတော်တော်ကျယ်ကျယ်လောင်လောင်ပြောလာကြပါတယ်။ အပေါင်းအသင်းတွေစုံရင်လဲ personality အကြောင်း မေးကြမြန်းကြပါတယ်။

အလုပ်လုပ်ရင်လဲ အင်တာဗျူးတွေ၊ အလုပ်ဝင်စာမေးပွဲတွေမှာ personality test တွေထည့်စစ်ကြတာ၊ personality အကြောင်းမေးကြတာ ရှိပါတယ်။ Personality အကြောင်းပြောကြရင် ပါလာလေ့ရှိတာက Introvert တွေအကြောင်းပါ။

Introvert ဆိုရင် လူတွေက အရှက်အကြောက်ကြီးတယ်… အပေါင်းသင်းမရှိဘူး… ဂွစာတွေလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ်တော့ Introvert ဆိုတဲ့စကားလုံး တစ်လုံးကို တော်တော်လေး ရှင်းပြရခက်ပါတယ်။

Introvert တိုင်းကလဲ Introvert မနေကြသလို အချိန်တိုင်းလဲ Introvert ဖြစ်မနေတတ်ပါဘူး။

ရှုပ်သွားရင် အောက်မှာပြန်ရှင်းပြပါမယ်။ Introvert ဆိုတာ introversion ဆိုတဲ့ personality trait ရှိတဲ့သူတွေကို ဆိုလိုပါတယ်။

ဘယ်လိုလူမျိုးတွေလဲဆိုတော့

  • လူစုလူဝေးထဲရောက်ရင် အာရုံစိုက်လို့မရတော့ဘဲ တယောက်ထဲ (သို့) လူနည်းနည်းပဲရှိမှ အာရုံစိုက်လို့ရတာ
  • တသီးတသန့်နေရတာကို ပိုသဘောကျတာ
  • လူစုလူဝေးထဲရောက်ရင် အင်အားကုန်သလိုဖြစ်တတ်တာ
  • သီးသန့်တယောက်ထဲနေရင်း စိတ်ကိုအနားယူတတ်တာ
  • စကားပြောရတာထက် text message တို့ ၊ စာရေးပြောရတာတို့ကို ပိုစိတ်ပျော်တာ
  • အတွေးကမ္ဘာလေးထဲမှာ တခုခုစဥ်းစားနေရတာကို နှစ်မြို့တာ
  • အပေါင်းအသင်းအများကြီးမထားတတ်ဘဲ ရှိတဲ့အပေါင်းအသင်းလက်ဆုပ်စာလေးနဲ့ အတွင်းကျကျပေါင်းတတ်တာ
  • ကိုယ့်စိတ်အတွင်းထဲကခံစားချက်နဲ့ gut feeling တွေကို ပိုအာရုံစိုက်တတ်တာ စတဲ့ အကျင့်စရိုက်လေးတွေရှိနေရင်တော့ သင်ဟာ Introvert တယောက်ဖြစ်နိုင်ချေများပါတယ်။

ပိုသေချာသိချင်ရင်တော့ လူသိများသော Personality test တခုဖြစ်တဲ့ Myers-Briggs personality test နဲ့စစ်ကြည့်လို့ရပါတယ်။

အောက်က link မှာဝင်စစ်ကြည့်ပါ။

https://www.16personalities.com/free-personality-test

Introvert တိုင်းက ပုံစံခွက်တခုလိုတော့ ထပ်တူမကျပါဘူး။ Introvert တွေကို ပေတံလို မြင်ကြည့်ရင် တချို့က အရမ်း introvert ဆန်ပြီး တင်းပြည့်ကျပ်ပြည့် introvert ဖြစ်ပါတယ်။

တချို့ကတော့ introvert ထဲက တချို့အချက်တွေပဲကိုက်ညီပါတယ်။ တချို့ကျတော့လဲ introvert အကျင့်တဝက် extrovert အကျင့်တဝက်စီ ရှိနေတတ်ပါတယ်။ ဒါကိုတော့ ambivert သမားတွေလို့ခေါ်ပါတယ်။

Introvert တွေကို အမျိုးအစား ၄ မျိုးခွဲကြည့်လို့ရပါတယ်။

  1. Social introverts
    ဒါကတော့ ဆိုရှယ်အဖွဲ့အစည်းတွေ ၊ လူအုပ်တွေထဲသိပ်မသွားတတ်ဘဲ သီးသန့်ဆန်ဆန် နေတတ်သူတွေပါ။
  2. Thinking introverts
    စိတ်ကူးယဥ်သမားများ၊ အတွေးအားသန်သူများလို့ခေါ်ရမယ့် introvert တွေပါ။ သူများမတွေးမိတတ်တဲ့ creative idea တွေကိုတွေးတတ်ပြီး စိတ်ကူးယဥ်နေရတာကိုကြိုက်ကြသူတွေပါ။
  3. Anxious introverts
    ဒီအမျိုးအစားကတော့ လူတွေနဲ့စကားပြောရတာ ဆက်ဆံရတာ လက်ပေါက်ကတ်တဲ့အမျိုးအစားတွေပါ။ လူတွေအများကြီးနဲ့ ဆက်ဆံဖို့ ဝန်လေးတတ်ပြီး စိတ်လောစိုးရိမ်တတ်တဲ့အမျိုးအစားပါ။
  4. Restrained / inhibited introverts
    တခုခုမလုပ်ခင် အတွေးလွန် အလွန်တွေးတဲ့ အမျိုးအစားပါပဲ။ ဆုံးဖြတ်ချက်တခုချဖို့ အလွန်တုံ့ဆိုင်းပြီး အဖက်ဖက်က လှည့်တွေးနေတတ်ပါတယ်။

Introvert တွေက အမြဲတမ်း ပုံသေကားချပ်မဟုတ်ဘဲ အချိန်နဲ့အမြဲပြောင်းလဲနေတတ်ပါတယ်။ တယောက်နဲ့တယောက်လဲ ခံစားပုံ ၊ တုံ့ပြန်ပုံချင်းလဲမတူကြပါဘူး။

စာရေးသူကလဲ introvertပါပဲ။
ဖုန်းစကားပြောရတာတို့၊ လူချင်းစကားပြောရတာတို့ကို အတော်ဝန်လေးပါတယ်။ လူကြားထဲမှာလဲ နေရထိုင်ရတာ ခက်သလို အခမ်းအနားပွဲလမ်းသဘင်တွေဆိုရင်လဲ လူရှင်းတဲ့နေရာရွေးပြီးထိုင်တတ်တဲ့အကျင့်ရှိပါတယ်။ အသိမိတ်ဆွေနဲ့လမ်းမှာတွေ့ရင်တောင် အရယ်အပြောလုပ်ဖို့ ဝန်လေးတတ်လို့ တခါတခါစိတ်ညစ်ရပါတယ်။

ဒါပေမယ့်လဲ တခါတခါကျ လူအများနဲ့အလုပ်လုပ်တဲ့အခါ အဆင်ပြေအောင် ဖော်ရွေစွာ volunteer တွေလုပ်ခဲ့ဖူးတာမို့ introvert တွေက အမြဲတမ်း introvert ဖြစ်မနေဘူးလို့ပြောပါရစေ။

လူတွေမှားပြီးသိထားတာတခုက introvert တိုင်းက အရမ်းရှက်တတ်တယ်ဆိုတာပါ။ တကယ်တော့ introversion က personality (ကိုယ်ရည်ကိုယ်သွေး) သဘောဖြစ်ပြီး ရှက်တယ်ဆိုတာကကျ emotion (ခံစားချက်) သဘောဖြစ်လို့ ဒီ၂ခုက အမြဲတွဲမနေပါဘူး။

ဆိုလိုချင်တာက ရှက်တတ်တိုင်း introvert မဟုတ်နိုင်ပါဘူး။ Introvert တွေက ပေါင်းသင်းရခက်တယ်ဆိုတာကလဲ မဟုတ်ဘူးလို့ပဲပြောပါရစေ။

လူတိုင်းနဲ့ ခင်ဖို့တော့ခက်ပေမယ့် တကယ်ခင်တဲ့ bff တွေဆို introvert တွေရဲ့အလေးထားမှု၊ ဂရုစိုက်တတ်မှုတွေ၊ ခင်စရာကောင်းတဲ့အချက်တွေ သိကြမှာပါ။ တချို့ကလဲ introvert တွေက အများနဲ့အပေါင်းသင်းမဆန့်လို့ leader မဖြစ်ထိုက်ဘူးလို့တွေးကြပါတယ်။

Introvert တွေရဲ့ အမြော်အမြင်ကောင်းမှု၊ အာရုံစူးစိုက်မှု၊ သစ္စာရှိယုံကြည်ရမှု ၊ ရေရှည်ကို plan ကောင်းကောင်းချတတ်မှု စတာတွေက leader ကောင်းတွေရဲ့ အရည်အချင်းတွေပါပဲ။

စာဖတ်သူတွေထဲမှာလဲ
Introvert စိတ်အပြည့်ရှိသူတွေ ဒါမှမဟုတ် introvert အရောလေးတွေရှိနေမယ်လို့ ထင်ပါတယ်။

Introvert စာဖတ်သူတို့ရဲ့ အကျင့်လေးတွေကိုလဲ ဝေမျှပေးသွားပါဦး။ စာဖတ်သူတွေဆီက စကားသံကိုကြိုဆိုလျက်ပါ။

Extrovert အကြောင်းလဲ ဆက်ရေးပေးပါဦးမယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ငြင်းခုန်ခြင်း နောက်တစ်မျိုးနှင့် Body Shaming

ငြင်းခုန်ကြတဲ့အခါ မျက်စိမှိတ်၊ ဖင်ပိတ်ငြင်းတတ်တဲ့ လူတွေအကြောင်းရေးပြီးပါပြီ။ စိတ်ဝင်စားရင် ဒီမှာသွားဖတ်ပေးပါ။

မျက်စိမှိတ် ဖင်ပိတ်ငြင်းခြင်းရဲ့နောက်ကွယ်
https://ouo.io/EDMOXJ

ခုရေးချင်တာလည်း ငြင်းခုန်ကြတဲ့အကြောင်းပါပဲ။ ဒီစာမှာတော့ တစ်ဖက်လူကို တိုက်ခိုက်ရန်ရှာတဲ့အကြောင်းရေးချင်တာပါ။
ငြင်းခုန်ကြရင်း အရမ်း Heat တက်လာတဲ့အခါ တစ်ဖက်လူရဲ့ Argument ကိုငြင်းမနေတော့ဘဲ လူကို တိုက်ခိုက်တာပါ။ ဥပမာ မင်းက ဂျပုလေးမို့ မင်းပြောတဲ့စကားတွေက ဘောင်မဝင်ဘူး… တို့၊ အသားမည်းတဲ့ကောင်တွေပြောတာ မကြားချင်ဘူးကွာ… တို့ဆိုပါတော့။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူပြောတဲ့အကြောင်းအရာတွေကို ငြင်းဆိုရလွယ်သွားစေတယ်။ စောင်ဂျပုစကား စိတ်ထဲထားနေစရာမလိုပါဘူးကွာ…၊ စောင်အသားမဲကောင်ရဲ့ စကားကို အချိန်ပေးပြီး နားထောင်မနေတော့ဘူးကွာ… ဆိုတာမျိုး ဖြစ်သွားတာပေါ့။
ဒီလိုလုပ်လိုက်လို့ စိတ်သက်သာရာရပေမယ့် ကိုယ်ပြောတဲ့စကားတွေက ပိုမှန်မလာသလို၊ သူပြောတဲ့စကားတွေကလည်း ပိုပြီး မှားမသွားပါဘူး

တရားခွင်မှာ Jury တွေနဲ့ဆုံးဖြတ်တယ်ဆိုရင် ရှေ့နေတစ်ယောက်အနေနဲ့ ဒီလူအများကြီးကို Convince ဖြစ်အောင် လုပ်နိုင်မှ အမှုနိုင်မှာပေါ့။ ကိုယ်က တရားလိုရှေ့နေဆိုရင် တရားခံကို ထောင်ကျအောင်လုပ်ချင်မှာပေါ့ဗျာ…။ ကိုယ်က ဖုန်းဆိုင်ပိုင်ရှင်ရဲ့ရှေ့နေဆိုပါတော့။ အမှုက ဖုန်းတွေလိုက်ခိုးတဲ့အမှုလို့ ဆိုကြပါစို့။

ရှေ့နေတွေအနေနဲ့ တရားခံ (တရားပြိုင်) ဟာ ခုကိစ္စကို လုပ်မလုပ် အရင်မပြောသေးဘဲ သူအရင်က ဘာတွေလုပ်ခဲ့တာ၊ ဘယ်လိုအမှုတွေကျူးလွန်ခဲ့တာ စသဖြင့် ပြောတတ်ကြတယ်။ အဲ့လိုအမှုမရှိရင်တောင် ဒီလူက ဘယ်လိုလူလဲဆိုတာ သက်သေတွေခေါ်ပြီး သူလိုချင်တဲ့လူ ပုံစံဖြစ်အောင် ပုံသွင်းတတ်ကြတယ်။ (မိဘနှစ်ယောက်ကွဲကြတော့ သမီးကို ဘယ်သူစောင့်ရှောက်မလဲဆိုတာ လုကြတယ်၊ အမေဘက်က ရှေ့နေက အဖေရဲ့ Behaviour ကိုတည်ဆောက်ပြလိုက်တယ်၊ သမီးကို ဒီလိုလူလက်ထဲမထည့်သင့်ဘူးဆိုပြီး အမှုနိုင်သွားတဲ့ မြန်မာကားကြည့်ဖူးတယ်၊ နာမည်မမှတ်မိတော့ဘူး…)

ဒီလူက ခွေးတွေကို စိတ်မထင်ရင် မထင်သလို ရိုက်တတ်တယ်။ ကလေးတွေအပေါ်မှာလည်း ညှာတာစိတ်မရှိဘူးဆိုတာမျိုးတွေ ပြောလာရင် Jury တွေရဲ့ မျက်စိထဲမှာ တရားပြိုင်ကို မကောင်းမြင်လာနိုင်တယ်။ အထူးသဖြင့် “အရင်ကလည်း ခိုးမှုနဲ့အဆွဲခံရဖူးတယ်လေ… အဲ့တုန်းကတော့ ထောင်မကျလိုက်ဘူး” ဆိုတာမျိုးကြားလိုက်ရရင် သူတို့စိတ်ထဲ သို့လော… သို့လော… ဖြစ်သွားနိုင်တယ်။

သေချာစဉ်းစားကြည့်ရင် သူဖုန်း ခိုးခြင်း၊ မခိုးခြင်းနဲ့ ခွေးတွေ၊ ကလေးတွေကို မချစ်တတ်တာနဲ့ ဆိုင်မှမဆိုင်တာ၊ ပြီးတော့ အရင်က ခိုးမှုနဲ့အဆွဲခံရပေမယ့် သက်သေမှမခိုင်လုံတာ…။ (Innocent until proven guilty ပါပဲ)
ဒါပေမယ့် Jury တွေကို ဒီပုံစံနဲ့ပဲ သိမ်းသွင်းတတ်ကြတယ်။

ဒါကို Ad Hominem Fallacy လို့ခေါ်တယ်။ ဖင်ပိတ်ငြင်းတာမျိုး အပင်ပန်းခံပြီး မလုပ်တော့ဘဲ ကိုယ့်ကို ဆန့်ကျင်နေတဲ့သူကို တိုက်ခိုက်တာပါ။

လူတော်တော်များများက ဒီ Fallacy နဲ့မလွတ်ကင်းတာများတယ်။ အပေါ်က ပြောသလို မင်းက စောင်ဂျပုမို့ မင်းပြောတာလက်မခံဘူး ဆိုတာမျိုးက သိသာတော့ သိပ်မတွေ့ရတတ်ဘူး။ (ဒီလို ငြင်းခုန်တာဟာ Body Shaming တွေပါတော့ အောက်တန်းကျတဲ့အတွက် သိပ်မသုံးတတ်ကြဘူး)
ဒါပေမယ့် လူတစ်ယောက်ရဲ့ Character ကို သူတစ်ခါမှားခဲ့ဖူးတဲ့၊ ဒါမှမဟုတ် တိုက်ရိုက်မဟုတ်တဲ့အချက်တွေနဲ့ Jury တွေလိုမျိုး အကဲဖြတ်တာဟာ နေရာတိုင်းမှာတွေ့နေရတယ်။

သတင်းသမားတစ်ယောက် သတင်းတစ်ပုဒ်လွဲသွားတာနဲ့ သူအရင်က တင်ခဲ့တဲ့သတင်းတွေကို မှားတယ်လို့ ယူဆမလား?
ကလေးတွေ ခွေးတွေ မချစ်တတ်တဲ့သူတစ်ယောက်က အခမဲ့ဆေးကုခန်းမှာ Volunteer လုပ်နေတာဟာ အပေါ်ယံပါကွာလို့ ယူဆမလား?
ညတိုင်း Night out ထွက်ပြီးပျော်တတ်တဲ့ ကောင်မလေးတစ်ယောက်က ဆရာဝန်မဖြစ်သင့်တော့ဘူးလား?
ဆရာဝန်တွေအပါအဝင် ပညာရှင်တွေအကုန်လုံး တက်တူးမထိုးသင့်ဘူးလား?

ဒီလိုတွေပြောတော့ မြင်သာသလိုရှိပေမယ့် လက်တွေ့ဘဝမှာ ဒါတွေကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းမရှိကြပါဘူး။ နာမည်ပျက်သွားရင် ပျက်တဲ့နာမည်ကို အဖတ်ဆယ်ဖို့က ခက်သွားပါတယ်။ လူတွေမှာ Ad Hominem Fallacy ရဲ့အားက အရမ်းကြီးနေလို့ပါ။

ကျွန်တော် စာရေးတဲ့အခါမှာလည်း Controversial ဖြစ်တဲ့ကိစ္စတွေဆို အတတ်နိုင်ဆုံးမရေးချင်ပါဘူး။ ဒါပေမယ့် ခုထိတော့ တော်တော်များများက လက်ခံတဲ့ပုံပါပဲ။ (ဖတ်ရောဖတ်ကြရဲ့လားတော့ မသိဘူး…)
ဒါပေမယ့် Tipping Point တစ်ခုရောက်လာတဲ့အခါ ဒီလိုကိစ္စတွေကြောင့် Page နာမည်ပျက်သွားရင် ကျွန်တော့အပေါ် သတ္ထုကျနိုင်တာပေါ့။

အဲယားကွန်းခန်းထဲက ထိုင်ပြီး မဖြစ်နိုင်တာတွေ လျောက်ပြောမနေနဲ့ဆိုတာ တစ်ခေတ်ထလိုက်ပါသေးတယ်။ ဒီတော့ ကိုယ်ပြောချင်တာပြောပြီးတဲ့အခါ အဲယားကွန်းပိတ်လိုက်ပါပြီဆိုပြီး ပေါ်လာတာပေါ့။
ဒါဟာလည်း Argument တစ်ခုကို အဲယားကွန်းခန်းထဲကပြောနေတာမို့ မှားတယ်ဆိုပြီး ယူတဲ့အတွက် Ad Hominem Fallacy နဲ့သွားငြိနေပါတယ်
ထို့အတူပဲ တောထဲကနေပြောနေတဲ့အတွက် မှန်ရမယ်ဆိုပြီး ယူဆကြတာဟာလည်း Ad Hominem Fallacy ပါပဲ

ဒီလိုပြောလိုက်လို့ အဲယားကွန်းခန်းထဲကလူမှန်တယ်လို့ ဆိုလိုချင်တာမဟုတ်သလို တောထဲကကောင်မှားတယ်လို့ ပြောချင်တာလည်း မဟုတ်ပါ။
Argument တစ်ခုကို ကြည့်တဲ့အခါ Argument itself ကိုပဲ ကြည့်သင့်ပါတယ်။ ပြောတဲ့သူရဲ့နောက်ခံ Background ကိုမကြည့်သင့်ပါဘူး။

ဒီကောင်ပြောတာဖြစ်နိုင်လား ကိုယ့်ဘာသာစဉ်းစားပြီး မဖြစ်နိုင်ဘူးဆိုရင် ဘာလို့ မဖြစ်နိုင်တာလဲဆိုတာကို အကျိုးသင့်အကြောင်းသင့် ချက်ကျလက်ကျ ပြန်ထောက်ပြသင့်ပါတယ်။
ကိုယ်မငြင်းနိုင်တဲ့ Argument တစ်ခုကို မြင်တိုင်း အဲယားကွန်းခန်းထဲက ပြောမနေနဲ့လို့ ပြောလိုက်တာဟာ တန်ဖိုးရှိတဲ့အကြံဉာဏ်တွေ လွတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီလိုပဲ… ကိစ္စတစ်ခုကို ပြောတဲ့အခါမှာ ဒါ… မဖြစ်သင့်ဘူးဆိုတာနဲ့တင် ရပ်မထားဘဲ ဘာလို့မဖြစ်သင့်တာလဲဆိုတာပါ ထည့်ပြောသင့်ပါတယ်။

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတုန်းက Hiliary Clinton ရဲ့ Email Scandal အကြောင်းမှတ်မိတဲ့သူ မှတ်မိဦးမှာပါ။ ၂၀၀၉ ခုနှစ် ကတည်းက သူဟာ အိမ်မှာပဲ Email Server ထောင်ပြီးသုံးခဲ့ပါတယ်။ အစိုးရ Server မှာ Account မဖွင့်ဘဲ သူအဆင်ပြေသလို သုံးခဲ့တာပါ။ ဒီလိုလုပ်တာဟာ တရားဝင်တယ်၊ မဝင်ဘူး အတိအကျပြောဖို့ ခက်ခဲတဲ့ Grey Area ထဲရောက်နေပါတယ်။

Donald Trump ကတော့ ဒါကို သုံးပြီး တိုက်ခိုက်တာပေါ့။ ဆန်းကြယ်စွာပဲ Hiliary ကတော့ ၂၀၁၆ ရွေးကောက်ပွဲကို အနိုင်မရလိုက်ပါဘူး။
သူရှုံးသွားရခြင်းမှာ အခြားအကြောင်းတွေ ပါနိုင်ပေမယ့် လူတွေရဲ့စိတ်ထဲမှာ ခေါင်းဆောင်ဆိုရင် ခြောက်ပစ်ကင်း သဲလဲစင်ရမယ်ဆိုတဲ့ အသိမျိုးဝင်နေကြတာလားဆိုပြီး တွေးလိုက်မိပါတယ်။

ကျွန်တော်တို့ဆီမှာလည်း ခေါင်းဆောင်ကို လေးစားမှုဆိုတာထက် ကိုးကွယ်မှုအထိသွားနေကြတော့ အပြစ်တွေရှိခဲ့တာကို မြင်နိုင်ဖို့ခက်ခဲသလို သူလည်းလူပဲ မှားတတ်ပါတယ် ဆိုတဲ့အမြင်မျိုးလည်း မရှိတတ်ကြပါဘူး။ ဒီတော့ Ad Hominem Fallacy ကို ကျူးလွန်ကြပြန်ပါတယ်။

ဒီလိုတွေပြောနေတဲ့အတွက် လူတိုင်းလာပြောသမျှကို ဒါလည်းဖြစ်နိုင်တယ်ဟ…၊ ဒါလည်း ဟုတ်သားပဲနော်…၊ ဒါလေးလည်း မှန်နိုင်သား… ဆိုတာမျိုး ရှုတ်ထွေးသွားစေချင်တာမဟုတ်ပါဘူး။
ဥပမာ ကားပွဲစားတန်းသွားတဲ့အခါ ပွဲစားတွေပြောသမျှ အမှန်လို့မယူကြဘူးလေ။ ကားကိုမြင်ပြီး သေချာစစ်ဆေးပြီးမှ ဝယ်ကြသလိုပေါ့။ ကားက မိုးတွင်းဆို ရေလုံတယ်၊ ဆောင်းတွင်းဆို နွေးတယ်၊ နွေမှာတော့ အေးတယ်ဆိုပြီး ညွှန်းလည်း ကိုယ်စိတ်ကြိုက်မှ ဝယ်တဲ့သဘောကို ပြောချင်တာပါ။

ဒီတော့ လူမိုက်နဲ့ပေါင်းတိုင်းလူမိုက်မဟုတ်ဘူးလား၊ သူတော်ချင်းချင်း သတင်းလွေ့လွေ့မဟုတ်ဘူးလား ဆိုတာမျိုး မေးချင်ကြမှာပါ။ အများအားဖြင့် ဒါဟာ မှန်ပါတယ်။ ဒီလိုမျိုး မြင်လိုက်ခြင်းအားဖြင့်လည်း ကိုယ့်စိတ်ကို သိပ်အလုပ်ပေးစရာမလိုတော့ဘဲ ဘယ်သူ့ကိုတော့ ရှောင်သင့်တယ်ဆိုတာ တန်းသိနိုင်တာပေါ့။
ဒါပေမယ့် ဒါဟာ အမြဲတမ်း မှန်ကန်တဲ့အမြင်လို့ လက်မခံထားသင့်ပါဘူး။

အထောက်အထားတွေကို ကြည့်ပါ၊ လူကို သိပ်မကြည့်ပါနဲ့။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သင့်ညီလေးကိုရှင်ပြုပေးသင့်သလား?

ညီလေးကို ရှင်ပြုပေးကြတဲ့အလေ့အထကို ဘာသာရေးယုံကြည်မှုအရ တချို့လူမျိုးတွေမှာ လုပ်လေ့ရှိပါတယ်။

အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များနဲ့ ဂျူးလူမျိုးက ကလေးဘဝထဲက အမျိုးသားလိင်အင်္ဂါထိပ်ကို ဖြတ်ပြီး ရှင်ပြုပေးတတ်ကြပါတယ်။ ဒါကို circumcision လုပ်တယ်လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာ အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေမှာဆိုရင် ဒါက အလေ့အကျင့်တခုလိုဖြစ်နေပါပြီ။

ဒီတော့ ညီလေးကိုရှင်ပြုပေးတာနဲ့ မပြုပေးတာဘာများကွာမလဲ။ ကောင်းကျိုးပိုရှိသလား သို့မဟုတ် ဆိုးကျိုးပိုရှိသလားဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ရှင်းပြပေးသွားပါမယ်။

အမျိုးသားအင်္ဂါထိပ်က အရေပြားလေးက ဆီးသွားတဲ့အပေါက်ကို ကာကွယ်ပေးထားပါတယ်။ ဆီးသွားပြီးလို့ ကျန်တာဖြစ်ဖြစ်၊ မသန့်ရှင်းဘဲထားတာ ကြာရင်ဖြစ်ဖြစ် ချေးညော်တွေ အညစ်အကြေးတွေကပ်နေတတ်ပါတယ်။

အဲ့ အညစ်အကြေးတွေစုလာရင် ဆီးလမ်းကြောင်းပိုးဝင်တတ်တာ၊ အမျိုးသားအင်္ဂါထိပ်ဖူးယောင်ယမ်းတာ၊ မှိုရောဂါစွဲကပ်တာ စတာတွေအပြင် လိင်အင်္ဂါ ကင်ဆာအထိဖြစ်နိုင်ခြေရှိပါတယ်။

ဒါ့အပြင် ညီလေးထိပ်ကအရေပြားက အရမ်းတင်းကြပ်ပြီး အနောက်ကိုဆွဲလှန်မရတဲ့ ပြဿနာ (Phymosis)၊
လှန်ပြီးသား အရေပြားကို ပြန်ဆွဲချလို့မရတဲ့ပြဿနာ (Paraphymosis) စတဲ့ ပြဿနာတွေကြုံတတ်ပါတယ်။

ညီလေးကိုရှင်ပြုပေးလိုက်တဲ့အခါ ဘာကောင်းကျိုးတွေရှိလာမလဲဆိုတော့
အညစ်ကြေးတွေ အလွယ်တကူမစုနေတော့ဘဲ ရေချိုးလိုက်ရုံနဲ့ သန့်စင်ပြီးသားဖြစ်သွားမယ်။
သန့်ရှင်းရေးလုပ်ရတာပျင်းတဲ့သူတွေအတွက်တော့ အိုခေမှာစိုပြေသွားပါတော့တယ်။

အရေပြားထိပ်ဖူးယောင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေလဲ သက်သာသွားပြီး ပိုကောင်းတာက လိင်တံကင်ဆာဖြစ်နှုန်းလျော့ကျသွားတာပါ။

ဒါတင်မကပဲ မိမိရဲ့လိင်ဆက်ဆံဖော် partner ကိုလဲ သားအိမ်ခေါင်းကင်ဆာ (cancer of cervix) မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
ဘာလို့လဲဆိုတော့ ညီလေးထိပ်ကအညစ်အကြေးတွေက ကင်ဆာ ဖြစ်စေနိုင်တဲ့ဓာတ်တွေပါနေလို့ဖြစ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကိုကာကွယ်လို့ရတဲ့ နည်းလမ်းတခုက အမျိုးသားကို circumcision လုပ်ခိုင်းတာပါ။

ဒါပေမယ့် အသက်ကြီးမှတော့ ဘယ်သူမှ ရှင်မပြုချင်တော့ပါ။
ခွဲရစိတ်ရ နာရကျင်ရနဲ့ အလုပ်ပျက်အကိုင်ပျက်ဖြစ်လို့ပါ။ အကောင်းဆုံးကတော့ ကလေးဘဝထဲကလုပ်ထားခြင်းဖြစ်ပါတယ်။

ညီလေးကိုရှင်ပြုလိုက်ရင် လိင်ဆက်ဆံတဲ့အခါ အရသာပိုတိုးလာတယ်တို့ အရသာမကောင်းတော့ဘူးလို့ အယူမှားတတ်ကြပါတယ်။ တကယ်တမ်းက အဲ့လောက်မသိသာပါဘူး။
ညီလေးက ပုံမှန်ရုပ်ပဲဖြစ်ဖြစ် ထိပ်ကတုံးပဲဖြစ်ဖြစ် sex ကိုအဲ့လောက်မသိသာစေပါဘူး။

တချို့ကလဲ အာရုံခံနေရာတွေကိုပါ ဓားနဲ့ဖျက်ဆီးမိရင် ဒုက္ခရောက်မှာ sex ကိုမသာယာမှာကြောက်ကြပါတယ်။ တကယ်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ဆို ဘာပြဿနာမှမရှိပါဘူး။

အပြာသိုင်းကားတွေထဲက ဆရာကြီးတွေကိုကြည့်ကြည့်ရင် အတော်များများရှင်ပြုထားကြပြီး အေးအေးဆေးဆေး သိုင်းချနေကြတုန်းပါပဲ။

ခွဲစိတ်ရတဲ့ကိစ္စတခုဖြစ်လို့ သွေးမတိတ်တဲ့ရောဂါရှိတာတို့ဆိုရင် မခွဲစိတ်သင့်ပါ။ ခွဲစိတ်ပြီးပိုးဝင်တာ၊ ဆီးမသွားနိုင်တာ စတဲ့ အပရိက ပြဿနာလေးတွေတော့ရှိတတ်ပေမယ့် ဆိုးဆိုးရွားရွားပြဿနာမရှိတတ်ပါ။

မခွဲစိတ်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ခွဲစိတ်သင့်ပါတယ်။ မဖြစ်မနေလုပ်စရာတော့မလိုပါ။ အရပ်ထဲက ဓားသမားများနဲ့တော့ ညီလေးကို မကစားသင့်ပါဘူး။

ဒါဆို ညီလေးကို မဖြစ်မနေရှင်ပြုပေးရတော့မှာလားလို့ မေးရင် မိမိဆန္ဒပဓာနပါပဲ။ ပုံမှန်သန့်ရှင်းရေးလုပ်ရုံနဲ့ အပေါ်ကရောဂါတွေ မဖြစ်အောင်ကာကွယ်လို့လဲရပါတယ်။

ဒါကြောင့် ရှင်ပြုခြင်းမပြုခြင်းက မိမိရွေးချယ်မှုပါပဲ။
ကောင်းကျိုးတွေပိုရလာမှာဖြစ်ပေမယ့် ခွဲစိတ်ရတဲ့ဒဏ်ကိုတော့ ခဏတာ ခံစားရမှာပါ။

ဒါနဲ့ သဘောချင်းမတူပါဘူး

ကဲဒီလောက်ဆိုရင် ညီလေးကိုရှင်ပြုပေးသင့်လား မပြုသင့်ဘူးလားဆိုတာ ရေးရေးမျှသိသွားလောက်ပြီထင်ပါတယ်။

Min Ko Gyi

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆရာကို ဆရာပြန်လုပ်သင့်လား?

အခုရေးမယ့်စာက တော်တော်များများလက်ခံကြတဲ့ အမြင်နဲ့ ဆန့်ကျင်နေနိုင်ပါတယ်။ ဒါပေမယ့် လောကကြီးက အမြဲတမ်းမေတ္တာနဲ့ လည်ပတ်နေတာမဟုတ်တော့ ဒီအကြောင်းကို သိသင့်ပါတယ်။ စာဖတ်ပြီး စိတ်ထဲတမျိုးဖြစ်သွားရင် ခုကတည်းက ကြိုပြီးတောင်းပန်ပါတယ်။

ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုတာ ရှိကြပါတယ်။ အိမ်က အဖေ၊ အမေ အပါအဝင် ကျောင်းဆရာ၊ ဆရာမတွေလည်း ပါတာပေါ့။ ဒီလိုနဲ့ တက္ကသိုလ်ရောက်သွားပြီး ဘွဲ့တွေရကြတယ်။ အဲ့ကနေမှ အလုပ်ထဲရောက်ကုန်ကြတာပေါ့။

ပြောချင်တာက အလုပ်ထဲရောက်တဲ့အချိန်ကိုပါ။ ဒီအချိန်မှာ ဆရာဆိုတာ သင်ဆရာတွေ အများစုဖြစ်နေပါပြီ။
ဆရာ၊ တပည့်ဆက်ဆံရေးထက် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး ဘက်ကို ပိုရောက်နေပါပြီ။ ဒီတော့ ဆရာ၊ တပည့်ဆိုတဲ့ ကန့်သတ်ချက်ကို မေ့လာကြတာရှိပါတယ်။ ဆရာကို ဆရာလို့မမြင်တော့ဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားလိုက်ပါတယ်။ (အလုပ်တူတူလုပ်နေမှတော့ လုပ်ဖော်ကိုင်ဖက်လို့ပဲ သဘောထားတာ မဆန်းပါဘူး…)

ဒါကို ဆရာဝန်တွေနဲ့ ဥပမာပေးချင်ပါတယ်။ ဆရာဝန်ဖြစ်ခါစ အစိုးရဆေးရုံမှာအလုပ်ဝင်ပြီဆိုရင် ကိုယ့်ရဲ့အကြီးတိုင်းက ဆရာပါပဲ။ ရာထူးမကြီးပေမယ့် နှစ်ကြီးပြီး သဘာပိုရင့်တဲ့သူတွေလည်း ရှိပါတယ်။ ပြောချင်တာက ဆရာ… ဆရာ… Everywhere ပါပဲ။

ဒါပေမယ့် ခုပြောချင်တဲ့ဆရာက ကိုယ်နဲ့ရင်းနှီးတဲ့ဆရာအကြောင်းပါ။ ကိုယ့်ကိုအနီးကပ် ပညာသင်ပေးတဲ့ဆရာပေါ့။
စဉ်းစားကြည့်ရင် ကိုယ် ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာတာကို သူ့အနေနဲ့ကျေနပ်မှာပါ၊ ဂုဏ်ယူမှာပါ။ ဒါက သူ့ရဲ့သွန်သင်မှု တစ်စိတ်တစ်ပိုင်းကြောင့် ဖြစ်လာတဲ့ရလာဒ်တစ်ခုဆိုပြီး တွက်လို့ရတာကိုး။ (တပည့်က ကြိုးစားဖို့တော့ အဓိကလိုအပ်တာပေါ့)

ဒါပေမယ့် ဆရာအချို့ က သူတို့ကို ပခုံးချင်းယှဉ်လာနိုင်တယ်ထင်ရင် မကြိုက်ကြဘူး။ ခြေရာချင်းတိုင်းတာလား၊ ဘုန်းကြီးစာချ၊ မိချောင်းမင်းရေခင်းမပြနဲ့ ဆိုတာမျိုးတွေ ကြားလာရတတ်ပါတယ်။ ဒီတော့ ပွတ်တိုက်မှုလေးတွေ ဖြစ်လာတတ်ပါတယ်။
အထူးသဖြင့် သဘောထားမပြည့်ဝတဲ့ ဆရာတွေမှာပါ…
ပီတိကိုစားအားရှိပါ၏ဆိုတာ ကိုယ့်ကိုမယှဉ်နိုင်တဲ့အချိန်ထိပဲ… ဆိုပြီး ပြောရမလိုပါပဲ။ (ဒီလိုပြောလို့ ဆရာတွေကို သိမ်းကြုံးစော်ကားလိုတာမဟုတ်ပါ)

မြင်သာအောင် ပုံပြင်တစ်ပုဒ်နဲ့ပြောပြချင်ပါတယ်။ လူတစ်ယောက်ဟာ ဘုရင်ဆီမှာ အမှုတော်ထမ်းတယ်၊ ဘုရင်ကလည်း သူ့ကိုသဘောကျတယ်။ ဒါပေမယ့် သူ့ကို နေရာလွတ်ရှိနေပေမယ့် ရာထူးမတိုးပေးဘူး။ ဒီတော့ ဘုရင်ကြီး သူ့ကို သဘောမကျတော့ဘူးထင်တယ်ဆိုပြီး အဖတ်ဆယ်ဖို့ ဖျော်ဖြေပွဲတစ်ခု လုပ်ပေးတယ်။ (ဒီဘက်ခေတ်အရဆို ပါတီပေါ့)
အဲ့ဒီပွဲကို ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ အကုန်ဖိတ်တယ်။ ဘုရင်ကြီးကတော့ မပါမဖြစ်ပေါ့။

အလျှံအပယ် ကျွေးမွေးဧည့်ခံပြီးတော့ သူကိုယ်တိုင် စင်ပေါ်တက်ဖျော်ဖြေတယ်။ သူက ဒီလိုဖျော်ဖြေဖို့ သေချာလေ့ကျင့်ထားခဲ့တာ…။ လူတွေက သူ့ရဲ့ဖျော်ဖြေမှုကို အရမ်းသဘောကျသွားတယ်။ ကြည့်ဖူးသမျှပွဲတွေထဲမှာ ဒီပွဲအကောင်းဆုံးပဲဆိုတာမျိုးတွေ ဖြစ်လာတယ်။
ဒီလူကို ဘုရင်ကြီး ရာထူးတိုးပေးလိုက်တယ်လို့ထင်လား?

နောက်ရက်မှာတော့ သူ့ကိုဖမ်းပြီး နိုင်ငံတောဘဏ္ဍာခိုးမှုနဲ့တရားစွဲခံရတယ်။ တကယ်တော့ သူအဲ့လို ယူခဲ့တုန်းက ဘုရင်ကိုယ်တိုင်ပဲ ခွင့်ပြုခဲ့တာပါ။ နောက်ဆုံးတော့ ထောင်ကျသွားတာပေါ့။

ပြန်လေ့လာကြည့်တော့ ဘုရင်ကြီးက Attention Seeker ဖြစ်နေတာပါ။ သူက အမြဲတမ်းလူတွေ စိတ်ဝင်စားတာကိုခံချင်တာ…။ ဒါကိုဟိုလူက နားမလည်ဘဲ သူဟာ ဘယ်လောက်အရေးပါကြောင်း၊ သူ့မှာ ဒီလိုတန်ဖိုးတွေရှိကြောင်း၊ သူလိုလူကို လက်မလွှတ်သင့်ကြောင်း လူပုံအလယ်မှာ ပြလိုက်တဲ့အခါ ဘုရင်ကြီးအနေနဲ့ သည်းမခံတော့ပါဘူး။ ငါနဲ့ ပခုံးချင်ယှဉ်လာပြီဆိုပြီး အတွေးပေါက်သွားတဲ့ပုံပါပဲ။
ဒီနေရာမှာ သူက Attention ယူမယ့်အစား ဘုရင်ကြီးကို Center of Attention ဖြစ်အောင် လုပ်ပေးလိုက်နိုင်ရင် အခြေအနေတစ်မျိုး ပြောင်းသွားနိုင်ပါတယ်။ သူလိုချင်တဲ့ရာထူးကို ရသွားနိုင်သလို ဘုရင်ကြီးနဲ့လည်း ပိုရင်းနှီးသွားနိုင်ပါတယ်။

ဒီလိုတွေပြောတော့ ကျွန်တော်တို့တွေ အရိုးစွဲအောင် လက်ခံထားတဲ့ မေတ္တာ၊ ဂရုဏာ အပြည့်နဲ့ ဆရာ-တပည့်ဆက်ဆံရေးကြီးကို စော်ကားနေသလို ခံစားချင်ရင် ခံစားရမှာပါ။ ဆရာဆိုတာ နာ ၃ နာနဲ့ပြည့်စုံတဲ့သူတွေကွ ဆိုတာမျိုးလည်း တွေးမိကြမှာပါ။
ဒါပေမယ့် အဲ့လိုလိုက်ပြီး မခံစားစေချင်ပါဘူး။ မကောင်းတဲ့ဆရာတွေ၊ စိတ်ထားမမွန်မြတ်တဲ့ဆရာတွေ၊ သဘောထား သေးသိမ်တဲ့ဆရာတွေ ရှိတယ်လို့လက်ခံရင် ကျွန်တော်ပြောတာကို နားလည်နိုင်မယ်ထင်ပါတယ်။

ဒီတော့… ကိုယ်ဆရာတော်ထားရတဲ့သူက သေးသိမ်တဲ့သူဆိုရင် သူ့ကိုကျော်ပြီး စဆရက မလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ်က သိနေလည်း သိတဲ့အကြောင်းကို မသိမသာလေးပဲ ထားသင့်ပါတယ်။ အထူးသဖြင့် လူအများရှေ့မှာပါ။
ဆရာက ဆရာပါပဲ ဆရာရယ်” ဆိုတာ ဒီသဘောကို နားလည်ကြတဲ့သူတွေ ဖြစ်နိုင်ပါတယ်။

ကိုယ့်ဆရာက တပည့်တွေ ခြေရာတိုင်းတာ မခံချင်တဲ့သူဆိုရင် ဒါကို တန်ပြန်လို့ရပါတယ်။ ဒီတော့ ဘောမတဲ့ဇာတ်လမ်းက စလာပါတယ်။ ဘောမတယ်ဆိုလို့ ဘောမြင်တိုင်း ပြေးပြေးမခိုင်းတာမဟုတ်ပါဘူး။ ဒါက Subtle ဖြစ်တဲ့ ဘောမနည်းပါ။

ဥပမာ မေးလိုက်တိုင်းရနေတာမျိုးထက် တစ်ခု၊ နှစ်ခုလောက်ကို မသိပါဘူးဆိုပြီး ဖြေလိုက်တာမျိုး၊ ကိုယ်သိနေတဲ့အကြောင်းအရာတွေကို ပြန်ပြန်မေးပြီး သူသင်ပေးနိုင်တဲ့ အကြောင်းအရာတစ်ခုရှိလာအောင် လုပ်တာမျိုးပေါ့။ ဆရာက အမြဲ ဆရာပဲ ဖြစ်နေအောင်ပါ။

ဒီလိုတွေပြောနေတော့ ကိုယ်က ဆရာထက် အမှန်တကယ် ပိုပြီးသိနေတာလားဆိုပြီး မေးစရာရှိမှာပါ။ ဒါက ပြောရခက်ပါတယ်။
အကြောင်းအရာတစ်ခုကို သေချာလေ့လာထားလို့ ဆရာထက် ပိုသိချင်သိနိုင်ပေမယ့် သင်ကြားခဲ့ဖူးသမျှ Knowledge ချင်းယှဉ်လိုက်ရင်တော့ သာဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် လက်ရှိ သင်ကြားနေတဲ့ အကြောင်းအရာတစ်ခုကို ကိုယ်က ပိုသိနေတဲ့အခါ၊ မေးလိုက်တိုင်းရနေတဲ့အခါ အငြိုငြင်ခံရနိုင်ပါတယ်။
ခုလိုမျိုး ကိုယ့်ရဲ့ စိတ်ကိုချုပ်ထိန်းလိုက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်စိတ်ကျေနပ်သွားမှာပါ။ ဆရာကလည်း ဆရာပဲဖြစ်နေပြီး တပည့်အတွက်လည်း အကျိုးများပါတယ်။

ဒီတော့… ကြုံလာနိုင်တဲ့ ပြဿနာက အမြဲတမ်း ဆရာကို ဆရာနေရာမှာထားပြီး သူပြောတာခေါင်းငြိမ့်မလား၊ ကိုယ်မှန်တယ်ထင်တာ လုပ်မလားဆိုတာ ဖြစ်လာတယ်။ ဒါက ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။
ကိုယ်ကသူ့ရဲ့ အကူအညီလိုသေးလားဆိုတာ အရင်စဉ်းစားရပါမယ်။ လိုသေးရင်တော့ ဆရာကာပြန် အာခေါင်လှံစူးအောင် မလုပ်ပါနဲ့ဦး။
မလိုတော့ဘူးဆိုရင်၊ ကိုယ့်မှာပညာပြည့်ဝပြီလို့ထင်ရင် ကိုယ့်စိတ်ထဲမှန်ရာကို လုပ်သင့်ပါတယ်။ ဒီလိုလုပ်လို့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင်တော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ။

ဒီလိုရေးလိုက်လို့ လောကကြီးမှာ မေတ္တာတွေတုံးကုန်ကြပြီ… အရာရာကို သင်္ချာ Formula တစ်ခုလိုတွက်ချက်နေကြပြီ… လို့ မထင်စေလိုပါဘူး။
စာဖတ်သူတို့ နားလည်အောင် ထပ်ပြီးပြောလိုတာက ခုပြောတဲ့ဆရာဆိုတာ သဘောထားသေးသိမ်တဲ့ဆရာတွေကိုပါ။ ဘယ်သူ့ကို ဆရာတော်မလဲဆိုတာ အခြေအနေအရ ရွေးချယ်လို့မရတာမျိုးဖြစ်နိုင်တဲ့အတွက် ရောက်တဲ့နေရာမှာ အဆင်ပြေအောင် Adapt လုပ်နိုင်ဖို့ရည်ရွယ်ပြီးရေးတာပါ။

ပြီးတော့ ကိုယ့်ရဲ့ Personal ခံယူချက်နဲ့လည်း ဆိုင်ပါတယ်။ ငါကတော့ ငါ့ခံယူချက်အတိုင်းပဲသွားမယ်၊ ဆရာကိုလည်း Subtle ဘောမနည်းနဲ့မ မနိုင်ဘူး၊ သိရင် သိတာကို ပြောမှာပဲ၊ မထိန်ချန်နေဘူး ဆိုလည်း ရတာပါပဲ။
အဲ့ဒီလိုရွေးချယ်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုလည်း ခံနိုင်ဖို့ကြိုးစားထားသင့်ပါတယ်။ အထာနပ်နပ်နဲ့ ဆရာအလိုကျနေပြီး ရာထူးတက်သွားတဲ့သူတွေကိုမြင်ရင် မုဒိတာပွားလိုက်ပါ။
အဲ့လိုမဟုတ်ဘဲ စိတ်ထဲမှာ ပူလောင်နေရမယ်ဆိုရင်တော့ ကိုယ်ရွေးချယ်လိုက်တဲ့လမ်းက မှန်လား၊ မှားလားဆိုတာ ပြန်သုံးသပ်ရတော့မှာပါ။

အဆုံးထိ ဖတ်လာပေးတာ ကျေးဇူးတင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူတွေကို အရသာနဲ့တွဲမြင်ခြင်း၊ အသံတွေကို အရောင်နဲ့ကြားခြင်းဖြစ်စေတဲ့ ရောဂါ

အခု ပြောမယ့်ရောဂါက တော်တော်ထူးဆန်းပါတယ်။ ဒီရောဂါရှိတဲ့သူတွေက အသံကို ကြားရုံတင်မဟုတ်ဘဲ အရောင်တွေအနေနဲ့မြင်ရသလို အနံ့အနေနဲလည်း ရတတ်ပါတယ်။ စကားလုံးတွေကို အရောင်နဲ့တွဲမြင်တာတွေရှိသလို လူတွေကိုလည်း အရသာတစ်ခုခုနဲ့တွဲမြင်တာတွေရှိပါတယ်။

ဒီရောဂါကို Synesthesia လို့ခေါ်တယ်။ လူတွေရဲ့ 2-4% လောက်မှာ ဒီလိုဖြစ်နေတတ်တယ်လို့ ပြောကြတယ်။ ဒီတော့ စာဖတ်နေတဲ့သူတွေထဲမှာလည်း ဒီလိုဖြစ်နေတဲ့သူတွေ ပါကောင်းပါနိုင်ပါတယ်။
စမ်းသပ်ချင်တဲ့လူတွေအတွက် စမ်းလို့ရအောင် နောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

အပေါ်က ပြောခဲ့တဲ့ ဥပမာတွေလောက်နဲ့တင် မကသေးပါဘူး။ ဒီရောဂါဟာ လူတွေရဲ့ အာရုံငါးပါးထဲက ၂မျိုးသွားပူးနေတာဆိုတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
Synesthesia ဆိုတာ Greece စကား Synth (တူတူဖြစ်ခြင်း) နဲ့ Esthesia (ခံစားချက်) ကိုပေါင်းထားတာပါ။ ဒီတော့ Sense ၂ခုသွားပူးနေတာပေါ့။

ဒီလိုဖြစ်တဲ့လူတွေက မွေးကတည်းက (သို့) ငယ်ဘဝကတည်းက စဖြစ်တတ်တယ်။ ဒါကြောင့် မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်ဆိုပြီး တွက်ဆထားကြတယ်။
အဓိကက ဦးနှောက်မှာ ရှုတ်ထွေးနေတာပါ။ အာရုံငါးပါးထဲက တစ်ခုစီဟာ ဦးနှောက်နဲ့ မတူညီနဲ့နေရာတွေကို နှိုးဆွတယ်။ ဥပမာ နံရံအစိမ်းရောင်ကြီးကို စိုက်ကြည့်နေတယ်ဆိုရင် ဦးနှောက်ရဲ့မြင်စေတဲ့နေရာ (Visual Cortex) ဆီကို သတင်းပို့တယ်။ အဲ့ဒီနေရာက ဦးနှောက်ရဲ့ အပိုင်း ၄ပိုင်းမှာ Occipital Lobe မှာရှိတယ်။

ဒါပေမယ့် Synesthesia သမားတွေကျတော့ ဒီနံရံကြီးရဲ့အရောင် အစိမ်းကို အရသာရနေတတ်တယ်။ အရသာခံတာက ဦးနှောက်ရဲ့ Parietal Lobe မှာရှိတာပါ။
ဒီတော့ ၂ခုပူးနေတဲ့သဘောပေါ့။ နံရံစိမ်းကြီးက ဘာအရသာရှိလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အရသာတစ်မျိုးစီရှိနေတတ်တယ်။

သာမန်လူတွေမှာလည်း Acid လို့ခေါ်တဲ့ LSD တွေသုံးရင် ဒီလိုမျိုးဖြစ်တတ်တယ်လို့ဆိုတယ်။ So High သွားတာပေါ့။ အရက်၊ ဆေးခြောက်တွေသုံးရင်လည်း ခုလိုမျိုးဖြစ်တတ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ယာယီပဲ ဖြစ်တာပါ။

Wikipedia မှာတော့ ဒီရောဂါအမျိုးကွဲပေါင်း ၁၁မျိုးလောက်ရှိတယ်လို့ ရေးထားပါတယ်။ ဒီအထဲက စိတ်ဝင်စားစရာကောင်းတဲ့ အနည်းငယ်ကို ပြောပြချင်ပါတယ်။

Grapheme-Color synesthesia က အဖြစ်အများဆုံးထဲမှာ ပါပါတယ်။ သူတို့က စာလုံးတွေကို အရောင်နဲ့တွဲမြင်တာပါ။ ဥပမာ A ဆိုရင် အနီရောင်နဲ့တွဲမြင်တာမျိုးပါ။ အောက်ကပုံမှာကြည့်ပါ။

Grapheme-Color synesthesia

သာမန်လူတွေဆိုရင် ဘယ်ဘက်ကပုံလိုမြင်ရမှာပါ။ ဒီတော့ 2 လား 5 လား သဲကွဲဖို့ကြာပါတယ်။ ဒီရောဂါရှိတဲ့လူတွေကတော့ အရောင်တစ်မျိုးစီပေါ်နေလို့ ချက်ချင်းကို သဲသဲကွဲကွဲမြင်တတ်ကြပါတယ်။ ဒါက Colorblind ဖြစ်တာနဲ့ မတူညီပါဘူး

နောက်တစ်ခုက Chromesthesia ပါ။ အသံတွေနဲ့ အရောင်တွေနဲ့ကို တွဲမြင်တာပါ။ ဥပမာ Piano မှာ C3 ကိုတီးလိုက်ရင် အရောင်တစ်မျိုးနဲ့မြင်တယ်၊ D3 ကိုဆို နောက်အရောင်တစ်မျိုးနဲ့မြင်တယ်။

Chromesthesia

ဒီလူတွေမှာ Musician တွေလိုချင်ကြတဲ့ Perfect Pitch ရှိနိုင်ပါတယ်။ သာမန်လူတွေဟာ Relative Pitch ပဲရှိကြပါတယ်။ ဒါက ဘာလဲဆိုတာ နည်းနည်းရှင်းပြချင်ပါတယ်။ (Music ဖက်ကို ရောက်သွားတာပေါ့)
ဥပမာ Note တစ်ခုကို ကြားတဲ့အခါ ဒါဟာ ဘာ Note လဲဆိုပြီး တန်းမသိကြပါဘူး။ အထိုင် Note (Root Note) ကနေပြီး လိုက်ရှာကြရတာပါ။ ဒါက သာမန်လူတွေပေါ့။
Chromesthesia သမားတွေကျတော့ Note တစ်ခုကို တီးပြလိုက်တာနဲ့ C5 ကွ၊ E5 ကွ စသဖြင့် တပ်အပ်ပြောနိုင်ကြပါတယ်။ သူတို့က အရောင်နဲ့ Note တွဲပြီးပေါ်နေတာကိုး။

နောက်တစ်ခုက Auditory-Tactile synesthesia ပါ။ အသံတစ်ခုကြားတာနဲ့ ကိုယ့်အသားကို လာထိသလိုခံစားရတာပါ။ သီချင်းသံကြားလို့ ကြက်သီးထတာမျိုး မဟုတ်ပါဘူး။ ဒါက သပ်သပ်ပါ။ ဒီအသံကြားလို့ ဒီနေရာကိုထိတယ်ဆို အဲ့အသံကြားတိုင်း ထိနေသလို ခံစားရတာပါ။

Auditory-Tactile synesthesia

Mirror-Touch synesthesia ဆိုတာရှိပါသေးတယ်။ ဒါက အမြင်နဲ့ အတွေ့ပူးနေတာပါ။ ကိုယ်ကြည့်နေတဲ့လူတစ်ယောက် ပါးအရိုက်ခံလိုက်ရင် ကိုယ့်ပါးကို လာထိသလိုမျိုး။ နားရွက်ဆွဲခံရရင် ကိုယ့်နားရွက်လည်း လာထိသလိုမျိုး ခံစားရတာပါ။

Mirror-Touch synesthesia

နောက်တစ်ခုက Lexical-Gustatory synesthesia ပါ။ အရှားပါးဆုံး အမျိုးအစားတစ်ခုပါ။ သူ့မှာ စကားလုံးတွေနဲ့ အရသာတွေ ရောထွေးနေတာပါ။ ဥပမာ သစ်တောလို့ပြောလိုက်ရင် ရေခဲမုန့်အရသာရတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူး။
တချို့ဆိုရင် အမြင်နဲ့အရသာ တွဲနေတာရှိတယ်။ ဥပမာ လူတစ်ယောက်ချင်းဆီက အရသာတစ်ခုရှိနေတာမျိုးပါ။ ဆိုတော့… ကိုယ်က Milkshake သောက်နေတဲ့အချိန်မှာ သံပုရာသီးအရသာရှိတဲ့ကောင် ကိုယ့်ဘေးနားလာကပ်ရင် စားရတာ Feel ငုတ်ပြီပေါ့။

Lexical-Gustatory synesthesia

ဒီရောဂါရှိတဲ့သူတွေက ဒီလိုဖြစ်နေတာဟာ ပုံမှန်မဟုတ်ကြောင်း အချိန်တစ်ခုရောက်မှ သိကြတယ်။ ကျောင်းမှာ ကိုယ်ပြောတာကို နားလည်တဲ့သူတစ်ယောက်မှ မရှိတော့မှ ငါတစ်ခုခုများလွဲနေလေသလားဆိုပြီး တွေးမိကြတယ်။ ဒါပေမယ် သူတို့က လောကကြီးကို Dimension အပိုတစ်ခုကနေ ကြည့်နေသလိုပါပဲ။

ခုခေတ် Cele တွေထဲမှာတော့ Kanye West က ဒီရောဂါရှိတဲ့အထဲက တစ်ယောက်ပါပဲ။ သူက အသံတွေကို မြင်ရတယ်လို့ဆိုတယ်။ ဒီတော့ သူသီချင်းရေးတဲ့အခါ ပန်းချီဆွဲနေသလိုပဲတဲ့။ ဗန်ဂိုးဟာလည်း ဒီရောဂါရှိနေနိုင်တယ်ဆိုပြီး ခန့်မှန်းထားကြတယ်။

ဒီလောက်ဖတ်လာပြီးရင် ကိုယ့်မှာရှိ၊ မရှိစမ်းသပ်ချင်ကြမှာပါ။
A to Z တစ်ခုချင်းစီကို မျက်စိမှိတ်ပြီး မြင်ကြည့်ပါ။ Alphabet တစ်ခုချင်းစီမှာ အရောင်တွေရှိနေသလား?
Classical Music တစ်ပုဒ်ကို ဖွင့်ကြည့်ပါ။ ကိုယ့်စိတ်ထဲ ဘယ်အရောင်ပေါ်လာလဲ?
အသေးစိတ်စမ်းသပ်ချင်ရင် ဒီမှာ စမ်းနိုင်ပါတယ်။
https://synesthesia.com/blog/synesthesia-tests/

ဒါပေမယ့် ခုချိန်ထိ ကိုယ့်မှာဒီလိုဖြစ်နေမှန်းမသိဘူးဆိုရင်တော့ ဒီရောဂါမရှိလို့ပဲနေမှာပါ။

ဒီလောက်ဆိုရင် အာရုံငါးပါး ပူးနေကြတဲ့ Synesthesia ဖြစ်နေတဲ့သူတွေအကြောင်း သိသွားကြမယ်ထင်ပါတယ်။ ဖတ်ပေးတာ ကျေးဇူးပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started