Phobia များကို တွန်းလှန်ကြည့်ခြင်း

ကျနော်ငယ်ငယ်က အတော်ကြောက်တဲ့ အကောင်က ဓားခုတ်ကောင်ပါ။ နာမည်ကိုက ဓားပါနေလို့လား…သူတို့ပုံစံကိုက အစိမ်းရောင်ဂြိုဟ်သားပုံပေါက်နေလို့လားမသိ။ ဓားခုတ်ကောင်ကို အတော်ကြောက်ပါတယ်။

တခြားကြွက်တို့ ပိုးဟပ်တို့ အိမ်မြှောင်တို့ထက် ဓားခုတ်ကောင်ပျံလာရင် အတော်လေး ကြောက်လန့်ပြီး ထွက်ပြေးရပါတယ်။ အင်္ဂလိပ်လို Orthopterophobia လို့ ခေါ်ပါတယ်။

ကြီးလာတော့ အဲ့အကောင်ကိုမကြောက်အောင်ဘယ်လိုလုပ်ရမလဲရှာဖတ်ရင်း ကိုယ့်ဘာသာ လိုက်လုပ်ရပါတယ်။

တလောကပဲ Page မှာလဲ စာဖတ်သူတယောက်က လာပြောပြတယ်။ သူ့မှာ phobia တခုရှိတယ်ပေါ့။
အဲ့အကြောင်းရေးပေးဖို့နဲ့ ၊ မိသားစုက မယုံလို့ ခဏခဏ စနောက်တဲ့အကြောင်းကြားရတော့ ကိုယ်ချင်းစာမိပါတယ်။

လူတိုင်းမှာကြောက်တတ်တဲ့အရာတွေရှိပါတယ်။ အဲ့ကြောက်တဲ့အရာတွေက ခဏတဖြုတ်မဟုတ်ဘဲ လနဲ့ချီပြီးကြောက်နေရတဲ့အရာမျိုးဆို ဆေးပညာအရ Phobia လို့ခေါ်ပါတယ်။

Phobia ကို ၄ မျိုး အကြမ်းဖျင်းခွဲကြည့်လို့ရပါတယ်။

ပထမတမျိုးက Situational Phobia ပါ။
အခြေအနေတခုခုဖြစ်လာမှ ကြောက်တာပါ။ ဥပမာ- ဓာတ်လှေကားစီးရမှကြောက်တာ (Claustrophobia)
လေယာဥ်စီးဖို့ကြောက်တာ (Aerophobia or Aviophobia)

ဒုတိယတမျိုးကကျ Natural environmental Phobia ပါ။
သဘာဝတရားထဲကအရာတွေကိုကြောက်တာပါ။

ဥပမာ- ကြယ်တွေမြင်ရင်ကြောက်တဲ့ Astrophobia လိုမျိုး၊
ရေတွေပင်လယ်တွေမြင်ရင်ကြောက်တဲ့ Aquaphobia လိုမျိုးပေါ့။

တတိယတမျိုးကကျ Animal related Phobia တဲ့။ အကောင်တိရစ္ဆာန်တွေကိုကြောက်တာပါ။ အထူးသဖြင့် အင်းဆက်ကြောက်တာများပါတယ်။ Entomophobia လို့ခေါ်ပါတယ်။

နောက်ပြီး Molluscophobia ဆိုတာလဲရှိပါတယ်။
သူကတော့ ခရု ၊ ပက်ကျိ စတဲ့ ချွဲကျိကျိ ပျော့စိစိအကောင်တွေကြောက်တာမျိုးပါ။

နောက်ဆုံးတမျိုးကတော့ Medical Phobia တဲ့။
ဆေးသောက်ဆေးထိုးရတာကြောက်တာတို့။
ရောဂါတခုခုဖြစ်မှာ အသေကြောက်တာတို့ပေါ့။

ကြောက်တဲ့နေရာမှာ ကြောက်လန့်ပုံချင်း ဆင်တူကြပါတယ်။ အများစုက အထိတ်တလန့်ဖြစ်ကာ panic attack ရပြီး ချွေးတွေထွက်လာတာ၊ ခေါင်းတွေတရိပ်ရိပ်မူးလာတာ၊ အော်ဂလီဆန်လာတာ၊ ခြေလက်တွေ
အေးစက်ထုံထိုင်းလာတာ စတာတွေဖြစ်ကြပါတယ်။

တချို့ကလဲ အတွေးလွန်ကာ ကြောက်တတ်တာကိုပဲထပ်ခါထပ်ခါတွေးရင်း အတွေးထဲမှာ ပုံဖော်မိနေတာ၊ အိပ်မရတော့တာ၊ အိပ်မက်ဆိုးတွေမက်တာ အထိပါဖြစ်လာတတ်ပါတယ်။

တနေ့တာလုပ်ငန်းတွေပါလုပ်လို့မရလောက်အောင်ကြောက်တဲ့အထိဖြစ်လာရင်တော့ သက်ဆိုင်ရာဆရာဝန်များ၊ ဆေးပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူသင့်ပါတယ်။

ဒီ post မှာတော့ မိမိဘာသာ လုပ်ကြည့်လို့ရမယ့် အကြောက်တရားကို တွန်းလှန်နည်းလေးတွေကိုပါ ဝေမျှပေးလိုက်ပါတယ်။

၁။ ကြောက်တတ်တဲ့အရာအကြောင်းကို သေချာလေ့လာရှာဖွေခြင်း

ဥပမာ လေယာဥ်စီးတာကို ကြောက်တဲ့သူက လေယာဥ်အကြောင်းတွေ၊ တည်ဆောက်ထားပုံတွေနဲ့ လုံခြုံရေးစနစ်တွေအကြောင်း ရှာဖွေလေ့လာတဲ့အခါ ကြောက်စိတ်သက်သာသွားကြောင်း တွေ့ရပါတယ်။

ဘာလို့လဲဆိုတော့ ကြောက်ရတဲ့အရာတော်တော်များများက ကိုယ်သေချာမသိတဲ့အရာတွေဖြစ်နေတတ်လို့ပါ။ သေချာနားလည် သဘောပေါက်သွားတဲ့အရာဆိုရင် လူ့သဘာဝကိုက သိပ်မကြောက်တတ်တော့ပါဘူး။

မြွေကြောက်တတ်တဲ့သူက မြွေတွေအကြောင်းရှာဖတ်ကြည့်ရင် တကယ်တမ်း အဆိပ်ရှိတဲ့မြွေက သိပ်မများတာကို သိလာမှာပါ။

၂။ ကြောက်တတ်တဲ့အရာကို နည်းနည်းစီ စမ်းသပ်ကိုင်တွယ်ကြည့်ပါ။

ဒီအချက်က အခက်ဆုံးနဲ့ အလုပ်အဖြစ်ဆုံးလို့ပြောလို့ရပါတယ်။ Phobia ရှိတဲ့စာဖတ်သူတွေအတွက် သတင်းကောင်းတခုက Phobia တွေကို ပျောက်ချင်ရင် တကယ်ပျောက်အောင်လုပ်လို့ရပါတယ်။

Phobia တွေက permanent မဟုတ်ကြပါ။ Desensitize လုပ်တဲ့နည်းနဲ့ တနေ့နည်းနည်းစီကြောက်စိတ်ကို ဖြေဖျောက်လို့ရပါတယ်။

ခွေးကြောက်တဲ့သူဆိုပါတော့။ ပထမတော့ ခွေးပုံလေးတွေကြည့်ကြည့်မယ်။ နောက်တော့ ခွေး video လေးတွေကြည့်မယ်။ နောက်တဆင့်တက်ပြီး အိမ်ပေါ်ကနေ လမ်းကခွေးတွေကိုကြည့်မယ်။ လမ်းမှာ ခွေးတွေနဲ့ ခပ်ဝေးဝေးက နေမယ်။ တဖြေးဖြေးသူတို့နဲ့ နီးပြီး နေကြည့်မယ်။ နောက်ဆုံးကိုင်တွယ်ကြည့်မယ် စသဖြင့် တဆင့်စီ
ကြောက်စိတ်ကို ဖျောက်လို့ရပါတယ်။

ပြောသလောက်မလွယ်ပေမယ့် တကယ်ထိရောက်တဲ့နည်းလမ်းပါ။ အမြင့်ကြောက်တဲ့သူတွေကို လှေကားထစ် တဖြေးဖြေးတက်ခိုင်းပြီး လေ့ကျင့်ပေးသလိုပါပဲ။

ကြောက်စိတ်ကို အဓိကဖြစ်စေတာက ဦးနှောက်ထဲက Amygdala ဆိုတဲ့နေရာလေးပါ။ အဲ့နေရာလေးက သူကိုယ်တိုင်လဲ learning လုပ်ပါတယ်။ ကြောက်စရာတွေကို မကြောက်အောင် တဖြေးဖြေးသင်ယူတဲ့အခါ မကြောက်တတ်တော့တာကို လေ့လာတွေ့ရှိရပါတယ်။

၃။ အဖော်မွန်ကောင်းတယောက်နဲ့ ရင်ဖွင့်ပါ။ တိုင်ပင်ပါ။

လူအုပ်စုထဲသွားရမှာကြောက်တတ်သူတွေဆိုရင် ကိုယ့်သူငယ်ချင်းတယောက်နဲ့ အတူသွားတာ၊
မိသားစုဝင်နဲ့သွားတာ စတာတွေက အားတက်စေပြီး ကြောက်စိတ်ကိုနည်းစေပါတယ်။

ဒီလိုပါပဲ….မိမိပတ်ဝန်းကျင် မိသားစုအသိုင်းအဝိုင်းက supportive ဖြစ်ဖြစ်နဲ့ ကူညီပေးတာ၊ လမ်းပြပေးတာမျိုးဆိုရင် Phobia ကနေအလွယ်တကူ ရုန်းထွက်နိုင်ပါတယ်။

Phobia ဖြစ်စေတဲ့အချက်တွေထဲမှာ မိသားစုကြောင့်လဲ phobia ရစေတတ်ပါတယ်။ ငယ်ငယ်က ဖားတွေ မြွေတွေစတာတွေနဲ့ ကြောက်အောင် အစခံရတာ၊ တခုခု မကောင်းတဲ့အတိတ်ဆိုး မှတ်ဉာဏ်မှာရှိနေတာ စတာတွေဟာ phobia စရစေတဲ့ အချက်တွေမှာပါပါတယ်။

ဒါကြောင့် မိသားစုနဲ့ ပတ်ဝန်းကျင်က အလွန်အရေးပါပါတယ်။ မိသားစုဝင်တွေအနေနဲ့ phobia သမားတွေကို
မလှောင်ပြောင်ဘဲ နားလည်စာနာပေးသင့်ပါတယ်။
ကြောက်တတ်တဲ့သူကို ပိုမခြောက်သင့်ပါဘူး။ သူတပါးစိတ်နဲ့ မိမိစိတ်နဲ့မတူလို့ စာနာပေးဖို့လိုပါမယ်။

ဒါမှမဟုတ်လဲ Phobia ရှိတဲ့သူအချင်းချင်း group လေးဖွဲ့ထားပြီး တိုင်ပင်ဆွေးနွေးတာ နှစ်သိမ့်အားပေးတာတွေလဲ လုပ်လို့ရပါတယ်။ ဒီမှာတော့ အဲ့လိုအလေ့အကျင့်တွေ အားပေးတာ သိပ်မတွေ့ရပါဘူး။ အနောက်နိုင်ငံတွေမှာတော့ အဲ့လိုအဖွဲ့တွေအများကြီးရှိလို့ ပိုပြီးပွင့်လင်း လွတ်လပ်ပါတယ်။

၄။ စိတ်နဲ့ပုံဖော်ပြီး ကြောက်စိတ်နည်းအောင် လုပ်ခြင်း

အာရုံထဲမှာ ကြောက်တတ်တဲ့အရာတခုကို ပုံဖော်ပြီး မကြောက်အောင် ကျင့်ယူတာပါ။ တရားထိုင်တာ ပုတီးစိတ်တာ စတဲ့နည်းလမ်းတွေနဲ့လဲ တွဲပြီးလေ့ကျင့်လို့ရပါတယ်။

စိတ်ကို တည်ငြိမ်အောင်ထားပြီး relax လုပ်ကာ ကြောက်တတ်တဲ့အရာကို ဖယ်ရှားကြည့်လို့လဲရပါတယ်။

၅။ လက်ခံပြီး ရင်ဆိုင်ကြည့်ခြင်း

တချို့ phobia တွေက ရှောင်လို့ရပေမယ့်… တချို့ဟာတွေက နေ့စဥ်အလုပ်တွေမှာ ကြုံနေရတာမို့ ရှောင်မရတာဖြစ်နိုင်ပါတယ်။ လေယာဥ်စီးရတာကြောက်ပေမယ့် တသက်လုံးမစီးဘူးလို့ ဖြစ်နေမယ့်အစား ရင်ဆိုင်ကြည့်သင့်ပါတယ်။

တချို့အရာတွေက လက်တွေ့ကျကျ လက်ခံပြီး လုပ်ကြည့်တော့မှ မိမိတွေးသလို ကြောက်သလိုမဟုတ်ဘူးဆိုတာ သိလာရတာပါ။ အချိန်ယူပြီး တဆင့်စီ ကြောက်စိတ်ကို ထိန်းကျောင်းကြည့်ပါ။

မိမိနဲ့ phobia ချင်းတူတဲ့ celebrity တွေအကြောင်းရှာကြည့်ပြီး သူတို့ဘယ်လို handle လုပ်သလဲလေ့လာကြည့်ပါ။

ကြောက်စိတ်မှ လွန်မြောက်ကြပါစေ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ခံစားချက်အတိုင်းဆုံးဖြတ်မှာလား? ဆုံးဖြတ်ချက်အတိုင်းခံစားမှာလား?

သင်အခု ခွဲစိတ်မှုတခု ခံယူရတော့မယ်ဆိုပါတော့။
သင့်ကိုခွဲစိတ်ပေးဖို့ဆရာဝန် ၂ယောက်ရှိတယ်။

ပထမဆရာဝန်တယောက်က သူခွဲစိတ်လိုက်ပေးတိုင်း လူနာ ၉၀% က ပြန်ကောင်းလာကြတယ်။

ဒုတိယဆရာဝန်ကတော့ ခွဲတဲ့လူနာ
အယောက်၁၀၀မှာ ၁၀ ယောက်သေထားဖူးတယ်။ ဘယ်ဆရာဝန်နဲ့ သင်အခွဲခံချင်သလဲ?

လူတိုင်းလိုလို ပထမဆရာဝန်ကိုပဲရွေးတတ်ကြပါတယ်။ သေချာ ပြန်စဥ်းစားကြည့်ရင် ဆရာဝန်၂ယောက်လုံးရဲ့ အောင်မြင်နှုန်း ကျဆုံးနှုန်းကတူတူပါပဲ။

သင်္ချာသဘောအရ နည်းနည်းကစားပြီးပေးထားတာပါ။ ဒါပေမယ့် လူတွေက အောင်မြင်တယ်လို့ပေးထားတာမြင်ရင် ပိုသဘောကျကြပါတယ်။

ဥပမာ- ဒီလိုခွဲစိတ်မှုက 80% ပြန်ကျန်းမာတယ်လို့ ပြောတာနဲ့ ဒီလိုခွဲစိတ်မှုက 20% သေသွားကြတယ်လို့ ပြောတာမှာ လူနာတွေရဲ့ လက်ခံပုံခြင်းမတူကြပါဘူး။

ဒါကို psychology မှာ Framing effect လို့ခေါ်ပါတယ်။

ပေးထားတဲ့ အချက်အလက်အပေါ်မူတည်ပြီး လူတွေရဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲတတ်ကြတာကို ပြောထားတာပါ။ အကောင်းတွေချည်းပဲ ပေးထားရင် ဆုံးဖြတ်ချက်ကတမျိုး… အဆိုးတွေချည်းပဲ ပေးထားရင် ဆုံးဖြတ်ချက်က နောက်တမျိုးပြောင်းတတ်တာ လူ့သဘာဝပါ။

ဒီအချက်ကိုသိတဲ့ ကြော်ငြာရှင်တွေက စားသုံးသူတွေ customer တွေရဲ့စိတ်ကို အမျိုးမျိုးခြယ်လှယ်ပါတော့တယ်။

ဥပမာ အဆီ ၂၀% ပါသော ဒိန်ချဥ်လို့မရောင်းဘဲ အဆီ ၈၀% ကင်းတဲ့ဒိန်ချဥ်လို့ရောင်းတဲ့အခါ လူပိုဝယ်ကြပါတယ်။
အဓိပ္ပာယ်ချင်းကတော့ အတူတူပါပဲ။

သွားဆရာဝန် ၅ ယောက်မှာ ၄ ယောက်ထောက်ခံထားတဲ့သွားတိုက်ဆေးလို့ပဲ ကြော်ငြာပါတယ်။ သွားဆရာဝန် ၅ ယောက်မှာ ၁ ယောက် မထောက်ခံတဲ့သွားတိုက်ဆေးလို့ ကြော်ငြာရင် ဘယ်သူမှမဝယ်ကြလောက်ပါ။
သဘောတရားကတော့ တူတူပဲဖြစ်ပါတယ်။

Good frame ထဲထည့်ပြီးပြတဲ့အခါ စိတ်ခံစားချက်ကတမျိုး ဆုံးဖြတ်ချက်ကတမျိုးဖြစ်ပါတယ်။ Bad frame ထဲထည့်ပြတော့ စိတ်ကပြောင်းသွားပြီး ဆုံးဖြတ်တာတွေလဲ လွဲသွားတတ်ပါတယ်။

ဒီ အချက်ကိုသုံးပြီး သင့်စိတ်ကို အလွယ်လေးညာလို့ရနေပါတယ်။

သိပ္ပံပညာရှင်တွေက စမ်းသပ်မှုတခုလုပ်ပါတယ်။ Dollar 50 ကိုရှေ့မှာချထားပြီး လူတွေကို မေးပါတယ်။

ဒီငွေကိုလောင်းကစားလုပ်လိုက်မလား… လောင်းလိုက်ရင် အနိုင်အရှုံးမသေချာဘူး။
မလောင်းရင် Dollar 30 မင်းရမယ်… အဲ့လိုပြောတဲ့အခါ အများစုက မလောင်းဘဲ dollar 30 ပဲယူမယ်လို့ရွေးကြတယ်။

နောက်တခါ ထပ်စမ်းတဲ့အခါကျ
Dollar 50 ချထားပြီး ဒီငွေနဲ့ လောင်းကစားလုပ်မလား…
မလုပ်ရင် dollar 20 အလကားဆုံးသွားမယ်လို့ပြောပြီးရွေးခိုင်းပြန်တယ်။ ဒီတခါမှာတော့ 20 ရှုံးမယ့်အတူတူတော့ လောင်းကစားလုပ်ကြည့်မယ်ဆိုပြီး risk ယူချင် စွန့်စားကြည့်ချင်လာပါတယ်။

ဒီစမ်းသပ်ချက်အရ လူတွေက ရစရာရှိလာရင်တော့သေချာတဲ့အလုပ်ကိုပဲလုပ်တတ်ကြပြီး ရှုံးဖို့တခုခုရှိလာရင် risk ယူတတ်ကြတာကိုတွေ့ရပါတယ်

ဒါကလဲ framing effect ကိုပဲသုံးပြီး စိတ်ကိုလှည့်စားလိုက်တာပါ။

Dollar 50 ရှိတဲ့အထဲကနေ
30 ရမယ်ဆိုတာနဲ့ 20 ရှုံးမယ်ဆိုတာ အတူတူပါပဲ။

နောက်ထပ်တွေ့ရှိထားတာတခုက ခန္ဓာကိုယ်လှူတန်းခြင်း organ donation program တွေလုပ်ကြတဲ့အခါ Opt-in system နဲ့ Opt-out system ဆိုပြီးလုပ်ကြပါတယ်။

Opt-in system မှာ
သင့်ကိုပြောထားတာက
ကိုယ်ခန္ဓာလှူချင်ရင် သဘောတူပါသည်ဆိုတဲ့ ခလုတ်ကို နှိပ်ပါလို့ ပေးထားပါတယ်။ Opt-out system မှာကကျ
သင့်ကို ကိုယ်ခန္ဓာလှူတန်းမယ့်စာရင်းထဲ အလိုအလျောက်ထည့်ထားပေးပါသည်။
သင် မလှူတန်းလိုပါက သဘောမတူပါဆိုတဲ့ ခလုတ်ကိုနှိပ်ပါလို့ ပေးထားပါတယ်။

ဘယ် system က ပိုပြီး လှူတန်းမယ့်သူများမယ်ထင်ပါသလဲ။ သေချာပါတယ်။ Opt-out system က ပိုပြီးလူများပါတယ်။
အကြောင်းအရာကတော့ ၂ခုလုံးက organ donation ပါပဲ။

ဒါပေမယ့် ပေးထားတဲ့ပုံစံ၊ အချက်အလက်ကမတူတော့ လူတွေက လှူပြီးသားဖြစ်နေတာကို ပြန်ရုတ်သိမ်းရမှာ ဝန်လေးတတ်ပါတယ်။

အဲ့လိုနဲ့ စိတ်ကိုကစားပြီး အလှူခံကြတာရှိပါတယ်။ စာဖတ်သူတို့ရော လက်တွေ့ဘဝမှာ psycho အထည့်ခံရတာတွေ ကြုံဖူးကြပြီလား?

Framing effect ကြောင့် ဆုံးဖြတ်သင့်တာတွေ မဆုံးဖြတ်မိဘဲ လွဲခဲ့ကြဖူးပါသလား?

အခုကစပြီး Framing effect ကိုကောင်းကောင်းကြီးသတိထားလိုက်ကြပါစို့။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

The Mathematics of Rubik’s Cube

Rubik’s Cube ကို ကျွန်တော်တို့အားလုံး ရင်းနှီးကြပါတယ်။ ငယ်ငယ်တုန်း ကတော့ “မသိဘူး လှည့်မယ်” ဆိုပြီး လျှောက်ဆော့ ခဲ့ကြတာပေါ့။ နောက်ပိုင်း internet တွေ ဘာတွေ သုံးတတ်လာတော့ “How to solve Rubik’s cube” ဆိုပြီး ရိုက် ရှာရတာပေါ့လေ။ ပြီးတော့ သူငယ်ချင်း အချင်းချင်း ပြန်သင်ပေးကြနဲ့ ဟုတ်နေတာပဲ။

ဆိုတော့ …. Rubik’s cube ရဲ့ puzzle က သင်္ချာ ပုစ္ဆာ တစ်ပုဒ် ပါ လို့ ပြောရင် သင်ငြင်းမှာ မဟုတ်ပါဘူး။ ဒီ article မှာ 3 x 3 x 3 Rubik’s cube ရဲ့ သင်္ချာကို ဖော်ပြသွားပါမယ်။ ဘယ်လို solve လုပ်ရလဲ ဆိုတာကို ပြောမှာတော့ မဟုတ်ပါဘူး။

သူ့မှာ ဖြစ်နိုင်တဲ့ possible arrangement ဘယ်နှခု ရှိလဲ ဆိုတာကို တွက်ပြမှာပါ။ အရမ်း level မြင့်တဲ့ university level Mathematics တွေ မပါ ပါဘူး။ High school level Math နဲ့ တွက်လို့ရပါတယ်။

ဘာမှ စမပြောခင် factorial ဆိုတာ နဲ့ မိတ်ဆက်ပေးဖို့ လိုပါတယ်။ 4! ကို 4 factorial လို့ ဖတ်ပါတယ်။ “!” ဟာ factorial ပါ။ အာမေဍိတ် မဟုတ်ပါဘူး။

A, B, C, D ဆိုပြီး alphabet 4 လုံး ရှိတယ်ဆိုပါစို့။ သူ့ကို ABCD လို့ စီလည်းရတယ်။ BCAD, DBAC, CBAD, CDAB ဆိုပြီး ကြိုက်သလို စီ လည်းရတယ်။ ဒါဆိုရင် possible arrangement စုစုပေါင်း ဘယ်နှခုရှိလဲ? 4! ရှိပါတယ်။

4! = 4 x 3 x 2 x 1 = 24

Factorial ကို မိတ်ဆက် ပြီးပြီ ဆိုတော့ Rubik’s cube ကို သွားလို့ရပါပြီ။

Rubik’s cube ကို ကစားဖူးတဲ့ သူတိုင်း သိမှာပါ။ Center မှာ ရှိတဲ့ အရောင်တွေက fixed ဖြစ်နေပါတယ်။ သင့် အနေနဲ့ cube ကို ဘယ်လို လှည့်လှည့် center က ကောင်တွေက fixed ပါ ၊ နေရာ မရွေ့ ပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ တွက်ချက်မှုမှာ center တွေကို ထည့် စဉ်းစား စရာ မလိုပါဘူး။

ဒါဆိုရင်… Rubik’s Cube ကို တစ်စစီ ဆွဲဖြုတ်လိုက်ပြီ လို့ စိတ်ကူးယဉ် လိုက်ပါ။ ပြီးရင် corner (ထောင့်) တွေကို အရင်စဉ်းစား ကြည့်တာပေါ့။ Corner မှာ ထည့်နိုင်တဲ့ piece က 8 မျိုးရှိပါတယ်။ 8 possible choice ပေါ့။ Corner (ထောင့်) နေရာက 8 နေရာ ၊ ရှိတဲ့ piece က 8 တုံး ဆိုတော့ possible arrangement က ဘယ်နှခု ဖြစ်မလဲ? အဖြေက 8! ပါ။

8! = 8 x 7 x 6 x 5 x 4 x 3 x 2 x 1

ဒါပေမယ့် corner က ကောင် တစ်ခုချင်းစီမှာ မျက်နှာပြင် 3 ဖက် ရှိနေပြန်ရော။ ဆိုလိုတာက သူသည် orientation သုံးမျိုး ဖြစ်နိုင်တယ်ပေါ့။ Orientation က 3 မျိုး စီကို 8 ခါ ဖြစ်နိုင်တယ်ဆိုတော့ 3⁸ ပေါ့။ (Corner cube က 8 တုံးရှိလို့ 8 ခါ ဖြစ်နိုင်တယ်လို့ ပြောတာပါ) ဒါဆိုရင် corner pieces တွေ အတွက် ဖြစ်နိုင်တဲ့ all possible arrangement တွေက –

All possible combinations for corner pieces = 8! x 3⁸

Corner ပြီးရင် အနားစောင်းက edge pieces တွေကို ဆက်စဉ်းစား ကြည့်တာပေါ့။ အနားစောင်းမှာတော့ piece က 12 မျိုး ရှိပါတယ်။ ဒါဆိုရင် ထုံးစံ အတိုင်း possible arrangement ကို စဉ်းစားရင် 12! ပေါ့။

ဒါပေမယ့် မျက်နှာပြင်ရဲ့ orientation ကိုလည်း ထည့်စဉ်းစား ရဦးမယ်။ မျက်နှာ ပြင်က 2 ဖက်ဆိုတော့ ဖြစ်နိုင်တဲ့ orientation က 2 မျိုးပေါ့။ Orientation က 2 မျိုး ၊ 2 မျိုး စီ 12 ခါ ဖြစ်နိုင်တော့ 2¹² ပေါ့ဗျာ။ ဒါဆိုရင် edge pieces တွေ အတွက် ဖြစ်နိုင်တဲ့ all possible arrangement တွေက –

All possible combinations for edge pieces = 12! x 2¹²
Corner piece တွေလည်း စဉ်းစား ပြီးပြီ ၊ edge က piece တွေလည်း ပြီးပြီ ၊ center က piece တွေက ထည့် တွက် စရာမလိုဘူး ဆိုတော့ ကျွန်တော်တို့ အဖြေ ရပါပြီ။

All possible combinations for a 3 x 3 x 3 Rubik’s cube = 8! x 3⁸ x 12! x 2¹²

But, wait! ဒါက နောက်ဆုံး အဖြေ ဟုတ် မနေသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ မဖြစ်နိုင်တဲ့ condition တွေ ပါနေတယ်။ အောက်မှာပြထားတဲ့ ပုံတွေဆို မဖြစ်နိုင်တဲ့ အနေအထားတွေပေါ့။ ကစားဖူးတဲ့ သူတွေ သိပါတယ်။

Corner cube တစ်ခု တည်း ကွက်ပြီး လွဲနေတာမျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် ဖြစ်နိုင်တဲ့ possible arrangement က 3 ပုံ တစ်ပုံ ပဲ ကျန်မယ်။ (3 နဲ့ စားရမှာပေါ့) နောက်ဆုံး corner cube ရဲ့ orientation က ရှေ့က 7 တုံးပေါ်မှာ dependent ဖြစ်လို့ပါ။ Edge piece လည်း ဒီလိုပါပဲ။ နောက်ဆုံး edge cube ရဲ့ orientation က ရှေ့က 11 တုံးပေါ်မှာ dependent ဖြစ်ပါတယ်။ ဒါကြောင့် possible arrangement ကို 2 နဲ့ ထပ်စားပါမယ်။ ပြီးတော့ edge piece 2 ခု က swap ဖြစ်နေလို့လည်း မရဘူးဗျ။ ဒါကြောင့် 2 နဲ့ ထပ်ပြီး စားရဦးမှာပဲ။ ခုမှသာ ကျွန်တော်တို့ရဲ့ နောက်ဆုံး အဖြေကို ရတာပါ။

All possible combinations for a 3 x 3 x 3 Rubik’s cube = (8! x 3⁸ x 12! x 2¹²) / (3 x 2 x 2)

ဒါ ကြီးကို calculator ထဲ ထည့်တွက်ရင် 43,252,003,274,489,856,000 လို့ အဖြေရပါလိမ့်မယ်။ (နည်းနည်းနောနော တော့ မဟုတ်ဘူး) 4.325 x 10¹⁹ လောက်ကိုရှိတာ။ အသေးစိတ် ထပ်ပြီးလေ့လာချင်သေးတယ်ဆိုရင် ဒီ link မှာ ကြည့်နိုင် ပါတယ်။ https://youtu.be/QV9k6dRQQe4

အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

-Uranium-

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

တရားထိုင်ခြင်းနဲ့ သိပ္ပံအယူအဆ (Mindfulness Meditation)

တရားထိုင်တယ်ဆိုတာ လူကြီးတွေလုပ်တဲ့အလုပ်၊ ဘုန်းကြီးတွေလုပ်တဲ့အလုပ်လို့ တော်တော်များများကထင်ကြတယ်။ ဒါကိုလုပ်လိုက်ရင် ဘာသာရေးနဲ့ဆက်နွယ်သွားပြီလို့ တွေးကြတာလည်း ပါမယ်ထင်တယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံတွေမှာ မူလတန်းကျောင်းတွေကနေစပြီး တရားထိုင်ဖို့ ကလေးတွေကို သင်ပေးနေကြတယ်။ သူတို့နိုင်ငံတွေက လူတွေလည်း ဒီအလုပ်ကို စိတ်ဝင်တစားနဲ့လုပ်နေတာ မြင်ရတော့ ကျွန်တော်တို့ ဘာလို့ ဒါကို စမ်းမလုပ်ကြပါလိမ့်ဆိုတဲ့ အတွေးဝင်လာတယ်။

တရားထိုင်တာ ငယ်ငယ်တုန်းကပဲ လုပ်ဖူးတာပါ။ ကလေးဆိုတော့ ဘာမှန်းမသိဘူးလေ… ထိုင်ဆိုထိုင်လိုက်တာပဲ၊ စိတ်ကို ဘယ်လိုထားရမယ်တွေ ဘာတွေလည်း မသိဘူး။
မဟာစည်မှာ ကိုရင်ဝတ်တော့လည်း တစ်နေ့ ၃ခါ တရားထိုင်ခိုင်းတယ်၊ ဒါပေမယ့် နားမှမလည်တာ…။ သံဃာတွေတရားထိုင်နေတဲ့ ကြားထဲသွားပြီး ချီးပေါက်တဲ့လူကပေါက်၊ တခွိခွိရယ်တဲ့လူကရယ်ဆိုတော့ ဗရုတ်သုတ်ခနဲ့ တရားထိုင်တာ ဘာမှန်းသေချာမသိလိုက်ပါဘူး။

အသက်ကြီးလာတော့လည်း ခုချိန်ထိ အဲ့ဘက်ကို ပြန်မလှည့်ဖြစ်တော့ဘူး။ ဒါပေမယ့် စာအုပ်တစ်အုပ်ဖတ်မိပြီး နည်းနည်းတော့စိတ်ဝင်စားလာတယ်။ နိုင်ငံခြားသားကရေးတာဆိုတော့ ဗုဒ္ဓဘာသာအမြင်တော့ မဟုတ်ဘူးပေါ့။ ဒီလိုမျိုး ဘာသာရေး မရောယှက်နေတဲ့ အမြင်ကိုရေးရင် ပိုပြီးမြင်သာမယ်၊ လက်ခံနိုင်မယ်ထင်လို့ ဒီစာကို ရေးလိုက်တာပါ။

တရားထိုင်ရင် စိတ်ငြိမ်းချမ်းတယ်၊ စိတ်တိုတာတွေနည်းလာတယ်၊ Stress တွေလျော့သွားတယ် စသဖြင့် ကြားဖူးကြမှာပါ။ ဒါပေမယ့် ဒါတွေကို လိုချင်လို့ တရားထိုင်ကြည့်ရင် ချက်ချင်းမရပါဘူး။ ဒီတော့ တရားထိုင်တဲ့လူတွေ ကြုံရတဲ့ပထမ အခက်အခဲက တရားထိုင်ဖို့ခက်ခဲခြင်းပါပဲ။ (ငယ်ငယ်က ထိုင်ဖူးတဲ့ အတွေ့အကြုံအရပြောရရင် ဒါက အမှန်ပါပဲ)

စိတ်ကတောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ စိတ်ကိုတည်ငြိမ်အောင်ထားတို့၊ နှာသီးဖျားမှာထားတို့၊ ဝင်လေထွက်လေမှတ်တို့ဆိုတာက ချက်ချင်းမရပါဘူး။ လူပေါ်မူတည်ပြီး အချိန်တွေကြာတတ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ (ကျွန်တော်ကတော့ ဒီအဆင့်တောင် မကျော်လိုက်ပါဘူး)

ကျွန်တော်ဖတ်တဲ့စာအုပ်ကို ရေးတဲ့သူကတော့ တရားစခန်းဝင်ရင်း ပထမလေးရက်မှာ စိတ်ကိုထိန်းမရဘူး၊ ၅ရက်မြောက်နေ့မှာကျတော့ ကော်ဖီတွေသောက်တာများပြီး မေးရိုးကြီးတင်းနေတယ်လို့ဆိုတယ်။ ဒါနဲ့ တရားထိုင်တော့ ဒီစိတ်ကြီးက နှောင့်ယှက်နေတာပေါ့။ ဒီတော့ ဝင်လေထွက်လေ မှတ်တာကို မဦးတည်ဘဲ စိတ်ကို မေးရိုးဆီပို့လိုက်တယ်။
ဒီလိုလုပ်တာက ပုံမှန်ပါပဲ။ ဘုန်းကြီးတွေကတော့ သမာဓိရအောင် အရင်လုပ်ခိုင်းတတ်တယ်။ ဆိုလိုချင်တာက စိတ်မပျံ့လွင့်အောင် အရင်လုပ်ရတယ်။ ရသွားရင်တော့ ဝင်လေထွက်လေတင် မဟုတ်ဘဲ ဝေဒနာကို ရှုဆိုပြီးတော့ ဟောတတ်တယ်။

တရားထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုက စိတ်တည်ငြိမ်ဖို့၊ ကိုယ့်စိတ်မှာဖြစ်နေတာကို ဖြစ်နေမှန်းသိဖို့ပါ

ရှင်းအောင်ပြောရရင် ပညာရှင်တွေက အစမ်းသပ်ခံကြွက်တစ်ကောင်ကို လေ့လာနေသလိုပေါ့၊ ဒါပေမယ့် ဒီဖြစ်စဉ်မှာ ပညာရှင်ရော၊ အစမ်းသပ်ခံကြွက်ရောက ကိုယ်ပါပဲ… ရှင်းသွားမယ်တော့ ထင်ပါတယ်…။

ဒီလိုပြောလို့ အရာရာကို ငါမခံစားရတော့ဘူးဆိုပြီး Shut Off လုပ်ခိုင်းတာမဟုတ်ပါဘူး။ ပျော်တယ်ဆိုရင် အော်… ပျော်နေတာပဲ၊ ဝမ်းနည်းလာတယ်ဆိုရင် အော်… ငါဝမ်းနည်းနေတာပဲ ဆိုတာမျိုး ဖြစ်စေချင်တာပါ။

ဒီလို အော်… တာမဟုတ်ပါ

နားလည်အောင်ပြောရရင် ပျော်တဲ့အခါ ပျော်တာကို မပျောက်စေချင်ဘူးလေ၊ အဲ့တော့ ပျော်နေရင်းတန်းလန်းနဲ့ကိုပဲ နက်ဖြန်ကျရင် ခုလောက်ပျော်ရမှာမဟုတ်ဘူးဆိုပြီး စိတ်က ဖြစ်သွားတတ်တယ်။ ဒီတော့ ကိုယ်ပဲ Stress တက်တာပေါ့။
ဝမ်းနည်းရင်လည်း ထွက်ပြေးချင်စိတ်ပေါက်တာပဲ။ ငါ့ကိုတော့ ဝိုင်းဆဲနေကြပြီ… Facebook De လိုက်ရမလား…၊ ငါ့ဘာငါ ရှုရှိုက်လိုက်ရတော့မလား စသဖြင့်တွေးမိကြမှာပါ။ (ခု ကာလဆို ပိုတောင် တွေးမိကြဦးမယ်)

ဒါပေမယ့် ဆရာကြီးအထာနဲ့ ကိုယ့်မှာဘာတွေဖြစ်နေလဲဆိုတာကို ဉာဏ်မျက်စိနဲ့ကြည့်တဲ့အခါ ပျော်ရင်လည်း လွှတ်မပျော်တော့သလို၊ ဝမ်းနည်းရင်လည်း ဟိုးအောက်ထိ ထိုးဆင်းမသွားတော့ဘူး
(သိပ်မရှင်းသေးရင် ဒါလေး သွားဖတ်ပေးပါ)

စိတ်က ပုံမှန်အတိုင်းဆို တွေးချင်ရာတွေး၊ ရောက်ချင်ရာရောက်နေတာ…။ ဒါက လူတိုင်းမှာ ဖြစ်မယ်လို့ထင်ပါတယ်။
ခု စာရေးနေရင်းနဲ့ နက်ဖြန်တင်ဖို့ ၆ပုဒ် ပြည့်ပါမလားမသိဘူးတွေးမိပြီး Stress က ဝင်ချင်ဝင်သွားတယ်၊ COVID-19 တော်တော်ဆိုးနေပြီ… သေကြဦးမှာပဲလို့ တွေးမိပြီး စိတ်ပူမိတယ်၊ ခုရက်ပိုင်းမှာ Suicide လုပ်သွားတဲ့လူတွေကို တွေးမိပြီး သနားတယ်၊ လူတွေငတ်ကုန်တော့မှာပဲ တွေးမိပြီး မအလကို ဒေါသထွက်တယ်။ ဒါပေမယ့် ကောင်မလေးချောချောလေးတစ်ယောက်ရဲ့ပုံကို Facebook မှာ မြင်လိုက်တော့ ချောတယ်ဟ၊ ချစ်စရာလေးပဲ ဆိုပြီး ဖြစ်သွားပြန်ရော။ ချက်ချင်းကြီးနော်…။
ဒီတော့ စိတ်က အငြိမ်ကိုမနေတာပါ။ ဒီလို အငြိမ်မနေတဲ့စိတ်ကြောင့်ပဲ သောကတွေများနေရတာ။

အပေါ်က စာရေးဆရာအကြောင်းပြန်ဆက်ပါမယ်။ သူ့စိတ်ကို မေးရိုးဆီပို့လိုက်တဲ့အခါ အရာရာပြောင်းလဲသွားတယ်လို့ဆိုတယ်။
မေးရိုးကတော့ တင်းနေသေးတယ်၊ နေလို့လည်း မကောင်းသေးဘူး၊ ဒါပေမယ့် ဒီခံစားချက်က မေးရိုးမှာပဲ၊ ငါက ဦးနှောက်ထဲကနေတွေးနေတာ ဆိုပြီး ဖြစ်လာတယ်။ ပြောချင်တာက ဆရာကြီးအထာနဲ့ အပေါ်စီးက ကြည့်နေပြီ။
ဒီအခါမှာ မေးရိုးတင်းတာ မပျောက်သွားပေမယ့် မကောင်းတဲ့ခံစားချက်ကို မခံစားရတော့ဘူးလို့ ဆိုတယ်။

ဒါက အရှိကိုအရှိအတိုင်းလက်ခံလိုက်တဲ့သဘောပါ။ ငါ… နာနေတယ်ဆိုတာကို Resist မလုပ်ဘဲ လက်ခံလိုက်တာပေါ့။ စိတ်ပညာမှာလည်း ဝမ်းနည်းပူဆွေးတဲ့အခါ လူတွေကြုံရတဲ့ နောက်ဆုံးအဆင့်ကတော့ အရှိအတိုင်းလက်ခံ (Acceptance) လိုက်တာပါပဲ။

Fives Stages of Grief

ဒီတော့ မေးစရာရှိလာတယ်။ အစောပိုင်းက နာတယ်ဆိုပြီး ကသိကအောက်ဖြစ်နေတဲ့စိတ်က အတုယောင်ကြီးလား? စိတ်ကို ပြောင်းလဲလိုက်တာနဲ့ ခံစားရတာ ပျောက်သွားတာပဲလား? ဒီပုံစံအတိုင်းဆို Stress တွေအရမ်းတက်နေတာတို့၊ အရမ်းဝမ်းနည်းနေတာတို့ကိုရော ဒီနည်းနဲ့ လျော့သွားအောင်လုပ်လို့မရဘူးလား?

၁၉၆၃ ခုနှစ်တုန်းက တောင်ဗီယက်နမ်အစိုးရရဲ့ ဗုဒ္ဓဘာသာတွေအပေါ် ဆက်ဆံပုံကို သဘောမကျလို့ ဘုန်းကြီးတစ်ပါးဟာ လမ်းပေါ်မှာ သူ့ကိုယ်သူ ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒပြဖူးတယ်။ (ဆိုင်ဂုံထဲမှာ ဒီအကြောင်းပါတယ်တော့ ထင်တာပဲ… မေ့နေပြီ)
အဲ့ဒီဖြစ်စဉ်ကို အနီးကပ်တွေ့ခဲ့တဲ့ သတင်းထောက်က ဘုန်းကြီးဟာ မီးလောင်နေပေမယ့် နည်းနည်းလေးတောင်မလှုပ်ဘူး၊ ဘာသံမှလည်း မထွက်ဘူး၊ ဘေးနားကကြည့်တဲ့သူတွေကသာ အသံပေါင်းစုံထွက်နေကြတယ်လို့ ပြောတယ်။

ဘုန်းကြီး ကိုယ့်ကိုကိုယ် သတ်သေသင့်၊ မသေသင့်ကို ပြောချင်တာမဟုတ်ပါဘူး။ သူမလှုပ်မယှက်နဲ့ တရားထိုင်ပြီး သေသွားတာကို ပြောချင်တာပါ။
ဒီတော့ နာတယ်၊ ဝမ်းနည်းတယ်၊ ပျော်တယ်ဆိုတာ အတုယောင်ကြီးပဲပေါ့

ဒီလိုတွေပြောနေတော့ မင်းဟာက နည်းနည်းတော့များတယ်ကွာ ဆိုပြီး စောဒဂတက်ချင်ကြတဲ့သူတွေရှိမှာပါ။ ဒီတော့ သိပ္ပံကို အားကိုးရတာပေါ့။
တရားထိုင်တဲ့အခါ Amygdala (ခံစားချက်တွေကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲက နေရာတစ်ခု) သေးသွားတယ်လို့ဆိုတယ်။ ခံစားချက်တွေ အရမ်းမပြင်းထန်တော့ဘူးဆိုပါတော့…။
သွေးထဲက Cortisol Level လည်း ကျသွားတယ်။ Cortisol ဆိုတာ Stress ဖြစ်ရင်ထွက်လာတဲ့ Hormone ပါ။ စိုးရိမ်စိတ် (Anxiety)၊ စိတ်ဓာတ်ကျခြင်း (Depression) တွေလည်း သိသိသာသာနည်းသွားတယ်။ (စမ်းသပ်ထားတာတွေ အများကြီးရှိပေမယ့် စာရှည်မှာကြောက်လို့ ဒီလောက်ပဲ ပြောပါတော့မယ်)

လူမှာ သိစိတ် (Conscious mind) နဲ့ မသိစိတ် (Unconscious mind) ဆိုတာရှိတယ်။ သိစိတ်ကို ထိန်းချုပ်လို့ရပေမယ့် မသိစိတ်ကို ထိန်းချုပ်လို့မရဘူး။ ဥပမာ ကိုယ်နဲ့ အမျိုးမတော်ပေမယ့် ကိုရေမွန်သေသွားတော့ တော်တော်များများ ဝမ်းနည်းကြသလိုပေါ့။ ဒီစိတ်ကို ထိန်းလို့မရဘူး။ တနုံ့နုံ့နဲ့ စိတ်ထဲမှာ ရှိနေတယ်။ မတွေးဘဲလည်း မနေနိုင်ဘူး။ ဒီစိတ်ကို ဖုံးသွားဖို့ အခြားစိတ်တစ်ခုရှိမှပဲ ရတယ်။

သူ့နေရာမှာ ကိုယ့်အဖေ၊ အမေ၊ သားသမီး၊ မိန်းမ၊ ယောက်ျားသာဆိုရင် ဘယ်လိုလုပ်မလဲ?

ဒါပေမယ့် တရားထိုင်ခြင်းအားဖြင့် အချိန်တစ်ခုရောက်တဲ့အခါ ကိုယ့်ရဲ့မသိစိတ်ကိုပါ ထိန်းချုပ်လာနိုင်တယ်လို့ဆိုတယ်။ ငါက ဒေါသကြီးတတ်တယ်၊ ထိန်းလို့ကို မရဘူးဆိုတာမျိုး မရှိတော့ဘူး။

အဲ့တော့ ကိုယ့်ရဲ့ Personality ပါ လိုက်ပြောင်းလာတယ်။ တရားထိုင်တဲ့သူတွေကို မေးကြည့်ရင် ကိုယ်တိုင်လုပ်ကြည့်လိုက်ပါ ဆိုတာပဲ ပြောကြတယ်။

တကယ်သေချာမလုပ်ကြည့်ရသေးဘဲ ခုလိုစာမျိုးရေးရတာတော့ သိပ်မကောင်းဘူး။ ရေကူးသင်ဖို့ ရေကန်ထဲမဆင်းဘဲ Youtube Video ကနေ သင်သလိုတော့ ဖြစ်နေမယ်။ ဒါပေမယ့် ဆိုလိုရင်းကို သဘောပေါက်တဲ့အတွက် စာဖတ်သူတွေလည်း သဘောပေါက်အောင် ရေးလိုက်တာပါ။ ခုထိ ဖတ်လာပေးတာ ကျေးဇူးတင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

How did life begin? သက်ရှိတွေ ဘယ်လို စဖြစ်လာတာလဲ? (From Biology perspective)

(ဒီ article က တော့ Physics perspective က ရေးတဲ့ article ရဲ့ အဆက်ပါ။)
မဖတ်ရသေးရင် ဒီ link မှာ ဖတ်နိုင်ပါတယ်။

https://ouo.io/NfeywV

Origin of life ဟာ ဘယ်က စတင် ခဲ့တာလဲ? 1952 မှာ Stanley Miller ဆိုတဲ့ scientist ဟာ experiment တစ်ခု လုပ်ခဲ့ပါတယ်။ Methane, Ammonia, Hydrogen စတဲ့ ရိုးရှင်းသော chemical တွေပါတဲ့ “primordial soup” ကို ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ အဲ့ soup ထဲကို လျှပ်စစ် ဖြတ်စီး လိုက်တယ်။ ရက်အနည်း ငယ်ကြာတော့ amino acid လို molecule လေးတွေ စပေါ်လာတာကို တွေ့ရတယ်။ Amino acid ဆိုတာ protein တွေရဲ့ building block တွေပါ။ ဆိုလိုတာက life တစ်ခု စတင်ဖို့ အရင်းအမြစ် ၊ လမ်းစ လေးပါ။ Miller ရဲ့ experiment ကနေ ကောက်ချက် ချနိုင်တာက life ဟာ simple chemical တွေကနေ စတင်ခဲ့တယ် ဆိုတာပါပဲ။

But, wait! Single-celled organism တွေ ရဲ့ intracellular machinery ကတောင် ဒီလောက် ရှုပ်ထွေး နေတာ ….. Hydrogen တို့ ammonia တို့လို simple chemical တွေ ၊ အသက် မရှိတဲ့ non-life stuff တွေကနေ ဘွားခနဲ ဆိုပြီး life ဆိုတာ ပေါ်လာဖို့တော့ မဖြစ်နိုင်သေးဘူး။ ပထမဆုံး စဉ်းစားရမယ့် အချက်က “How did life begin?” ဆိုတဲ့ မေးခွန်း မဟုတ်ပါဘူး။ “When did life begin?” ဆိုတဲ့ မေးခွန်းပါ။

ကမ္ဘာကြီးရဲ့ သက်တမ်းက 4.6 billion year လောက်ရှိပါပြီ။ သက်ရှိတွေ စပေါ်လာတဲ့ အချိန်က 3.7 billion years ago လောက်က ဖြစ်မယ်လို့ fossil တွေရဲ့ အထောက်အထားနဲ့ သိနိုင်ပါတယ်။

ဒုတိယ အနေနဲ့ စဉ်းစားရမယ့် မေးခွန်းက “What is life?” ပါ။ Biology က Life ကို ကောင်းစွာ define လုပ်နိုင်မယ် လို့ သင် ထင်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း မှာတော့ Life ကို define လုပ်ဖို့ ခက်ပါတယ်။ Life (အသက်) ဆိုတာ သက်ရှိတွေမှာ “ရှိ” တာ မဟုတ်ပါဘူး။ Life ဆိုတာ သက်ရှိတွေ ပြုလုပ် တဲ့ အရာပါ။

Life is not a thing that living things have.
Life is what living things do!

Second law of Thermodynamics ကို ပြန်ကောက် ရရင် entropy တိုးခြင်းကို ခုခံဖို့ ရုန်းကန် ရတဲ့ system က life ပါ။ Entropy တိုးတာကို ခုခံ ရင်း living things တွေက evolve ဖြစ်လာရတယ်။ သက်ရှိတွေ ဟာ သူတို့ရဲ့ genetic information ကို DNA ဆိုတဲ့ molecule နဲ့ သယ်ဆောင်ပါတယ်။ ဒါဆိုရင် “When did life begin?” ဆိုတဲ့ မေးခွန်း ကို ပြန်စဉ်းစား ရအောင်ပါ။ Genetic information ကို သယ်ဆောင်တဲ့ DNA molecule က reproduce (replicate) ဖြစ်ပြီး evolve စလုပ်နိုင်တဲ့ အချိန်မှာ သက်ရှိတွေ စတင်ခဲ့ပါတယ်။

OK! အခုချိန်ထိ ကျွန်တော် တို့ ရ ထားတဲ့ အချက်တွေကို ပြန်စုကြည့် ရအောင်ပါ။

သက်ရှိတွေဟာ entropy တိုးခြင်းကို ခုခံဖို့ closed system (eg. living cell) နဲ့ နေထိုင်ရတယ်။
ဒီ closed system ထဲမှာ လုပ်ရမယ့် လုပ်ငန်း ဆောင်တာတွေကို ညွှန်ကြားဖို့ information တွေကို DNA က သယ်ဆောင် တယ်။
DNA ဟာ ပွားနိုင်ရမယ်။ Evolve ဖြစ်နိုင်ရမယ်။

အခုဆိုရင် “How did life begin?” ဆိုတာကို ဖြေနိုင်ဖို့ တော်တော် နီးစပ်လာပါ ပြီ။

Life ရဲ့ အခြေခံ unit ဖြစ်တဲ့ cell ကိုပဲ ပြန်ကြည့်ရအောင်။ Cell အတွင်းထဲက လုပ်ငန်း ဆောင်တာ တော်တော် များများ က protein တွေ နဲ့ပဲ အလုပ်လုပ်တာပါ။ Enzyme တွေ ၊ membrane transporter တွေ ၊ receptor တွေ အကုန်လုံးက chemical structure အားဖြင့် protein တွေပါ။ ဒီ protein တွေ ထုတ်လုပ်ဖို့ ညွှန်ကြားပေးတဲ့သူက DNA ပါ။ DNA ကနေ RNA ကို transcript လုပ် ၊ RNA ကနေ protein ဖြစ်အောင် translate လုပ်ရပါတယ်။

DNA → RNA → Protein

ဒီ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို “central dogma of biology” လို့ ခေါ်ပါတယ်။ ဒါပေမယ့် …. ဒီထဲမှာ paradox တစ်ခု ပုန်းခို နေ သေးတယ်။ DNA ကနေမှ တဆင့် protein ထုတ်လို့ရတယ်။ DNA replicate လုပ်ဖို့ (ပွားဖို့) ကလည်း enzyme (protein) တွေ အကူအညီ လိုတယ်။ ဒါဆိုရင် ဘယ်ဟာ အရင် စဖြစ်တာလဲ? DNA လား ? Protein လား? ကြက်ဥ အရင် စဖြစ် တာ လား? ကြက်မ အရင် စဖြစ် တာလား?

ဒီ paradox ကို ရှင်းဖို့ DNA နဲ့ protein ကို ခဏမေ့ပြီး RNA ကို စဉ်းစားရအောင်။ RNA ကပဲ information ကိုသယ် ၊ RNA ကိုယ်တိုင်ပဲ enzyme တာဝန်ကို ထမ်းဆောင်လို့ ရသလား? သိပ်ရတာပေါ့ ၊ RNA လည်း DNA လို genetic information ကို သယ်ဆောင်နိုင်တယ်။ RNA ကပဲ ribozyme အဖြစ် ဆောင်ရွက်နိုင်တယ်။ Ribosome လို organelle ကို ကြည့်ရင်တောင် rRNA နဲ့ ဖွဲ့စည်း ထားတာကို သတိပြုမိမှာပါ။ ဒါဆိုရင် …. ကြက်ဥ နဲ့ ကြက်မ ပြဿနာ ပြေလည်သွားပါပြီ။ သက်ရှိတွေက RNA ကမ္ဘာ နဲ့ စတင်ခဲ့တာလို့ ကောက်ချက်ချလို့ ရပါပြီ။

ဆိုတော့ …. နောက်မေးခွန်း တစ်ခုကို ချီတက် ကြရအောင်။ Where did life begin?

ဒီမေးခွန်းကတော့ အငြင်းပွားဖွယ် များပေမယ့် hypothesis အချို့တော့ ရှိပါတယ်။ တချို့ကလည်း “မိုးကြိုးပစ်ရာကနေ စတင်တယ်” လို့ဆိုကြတယ်။ တချို့ကလည်း “ပင်လယ်ရေအောက်ထဲ က thermal vent တွေ ကနေ စတင်တယ်” လို့လည်း ဆိုကြပြန်တယ်။ သေချာတာ တစ်ခုကတော့ primordial soup ကနေ နေရင်းထိုင်ရင်း life ဆိုတာ စ, မဖြစ်လာပါဘူး။ လုံလောက်တဲ့ energy တစ်ခုပေးဖို့ လိုပါတယ်။ Life တစ်ခု စတင် ဖြစ်ပေါ်လာဖို့ ပြင်ပက energy ကို အသုံးချရပါတယ်။

Cell membrane (phospholipid (bi)layer) ဆိုတာ စဖြစ်ရင် closed system တစ်ခု ရပါပြီ။ Order ဖြစ်တဲ့ close system ဟာ disorder ကို eject ပြန်လုပ်ဖို့ intra-cellular machinery တွေ လုပ်ဆောင်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ အတိုင်း အရာရာတိုင်းဟာ RNA ကမ္ဘာနဲ့ စတင်ခဲ့တာပါ။ နောက်ပိုင်းမှ evolve ဖြစ်လာပြီး information storage ကို DNA အဖြစ် ပြောင်းလဲပါတယ်။

ဆိုတော့ …. ဒီလောက်ဆိုရင် How did life begin? ဆိုတာရဲ့ အဖြေကို ရလောက်မယ် ထင်ပါတယ်။

လွန်ခဲ့သော 3.7 billion year လောက်က abiogenesis စတင်ခဲ့တယ်။
Life ဟာ deep sea hydro thermal vent တွေ ကနေ စတင်ခဲ့မယ် လို့ ခန့်မှန်းရတယ်။
Ordered & closed system ဖြစ်တဲ့ Life ဟာ Second law of thermodynamics ကို ခုခံဖို့ energy သုံးစွဲနေရတယ်။
Information ကို သယ်တဲ့ molecule (RNA) နဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ဆက်လက်ပြီး evolve ဖြစ်လာခဲ့တယ်။

Well, that’s it! သက်ရှိတွေ ဘယ်လို ဖြစ်လာသလဲ ဆိုတာကို အဖြေရှာတာ ဒီမှာ ဆုံးခန်းတိုင်ပါပြီ။ ကိုယ့်မှာ ရှိတဲ့ cell ကိုပဲ ပြန်ကြည့်ရင်း ကျွန်တော်တို့ သဲလွန်စ ရှာခဲ့ကြတယ်။ Physics, Chemistry နဲ့ Biology ရှုထောင့် ပေါင်းစုံကနေ ကျွန်တော်တို့ ကြည့်ခဲ့ကြတယ်။ Logic ကျကျ စဉ်းစားပြီး analyze လုပ်ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ အဖြေ ရှာတွေ့ ခဲ့ပါပြီ။

Well, that’s how life started.

-Uranium-

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started