မျက်စိမှိတ် ဖင်ပိတ်ငြင်းခြင်းရဲ့နောက်ကွယ်

မြစ်တွေကြောင့် ဘာလို့ချိုင့်ကြီးတွေဖြစ်လာရတာလဲ? စကြဝဠာကြီးက ဘာလို့အမှတ်စက်ကလေး တစ်ခုကနေ စတင်ခဲ့တာလဲ? သစ်ပင်ကြီး တစ်ပင်က ဘာလို့ သစ်စေ့လေးကစတာလဲ? စတာတွေအတွက် သိပ္ပံမှာ အဖြေတွေရှိနေပါတယ်။
ဒါတွေက ဘာလို့ဖြစ်လာရသလဲဆိုတာကို သေချာရှင်းပြနိုင်တယ်ဆိုတော့ ဒီနေရာမှာ အငြင်းပွားမှု သိပ်မရှိလှဘူး။ ဒါကို လာပြီး မဟုတ်ဘူးငြင်းရင် ဒီလူဟာ လောကကြီးနဲ့ ဘယ်လောက်အဆက်ပြတ်နေလဲ၊ စာဘယ်လောက် မဖတ်ဖူးလဲဆိုတာ သိသာတယ်။

ဒါပေမယ့် ပန်းကန်ပြားပျံ (UFO) ဆိုတာက ဂြိုလ်သားတွေလား? စကြဝဠာကြီးထဲမှာ ဂြိုလ်သားတွေ ဘယ်မှာရှိနေလဲ? လယ်ကွင်းတွေထဲမှာ ရုပ်ပုံအမျိုးမျိုးကို ဆွဲထားတာ (Crop Circles) စတာတွေမှာကျတော့ လက်ခံမှုအမျိုးမျိုးဖြစ်နေကြတယ်။
ဘာလို့လဲဆိုတော့ သိပ္ပံပညာအရ အကြောင်းနဲ့အကျိုးကို သေချာမရှင်းပြနိုင်ကြသေးလို့ပါ။ (လံကြုတ်တွေဖြစ်နိုင်တယ်ဆိုတာတော့ ပြောထားတာတွေရှိပါတယ်)
ဒီလို အုတ်ရောရော၊ ကျောက်ရောရော ကိစ္စတွေမှာကျတော့ လူတွေက အထူးဆန်းဆုံး အရာတွေကို ထင်တတ်တယ်။

Crop Circles

အရင်ခေတ်က ကမ္ဘာကြီး ဘယ်လိုဖြစ်လာလဲ၊ စကြဝဠာကြီး ဘယ်လိုဖြစ်လာလဲ ဆိုတဲ့မေးခွန်းတွေကို ဘုရားသခင်ဆီလွှဲချကြသလိုပေါ့။ ဘာမှန်းမသိသေးတာကို သိအောင်မကြိုးစားကြဘဲ Magic တို့ Mystery တို့ ပြောရ၊ ထင်ရတာ သိပ်ကြိုက်ကြတာကိုး။

ဒါကို TV အစီအစဉ်တွေကို ကြည့်ရင်သိနိုင်တယ်။ Paranormal Activity တွေ (ရှင်းရှင်းပြောရရင် သရဲခြောက်၊ ပုဏ္ဏကတိုက်တာတွေ) ကို လူတွေစိတ်ဝင်စားကြတာ ဒီသဘောပါပဲ။
အိမ်ပျက်ကြီးတစ်အိမ်ထဲကို ဝင်သွားတဲ့အခါ စိတ်ကတစ်မျိုးဖြစ်တတ်တယ်။ ဒါသရဲခြောက်တာလား? တကျီကျီမြည်တယ်၊ အသံတွေကြားရတယ်။ ဒါဟာ ဝိဉာဉ်တွေက ဆက်သွယ်တာလား?

ပညာရှင်တွေရဲ့အဆိုအရ Paranormal လို့ပြောတဲ့ကိစ္စမှန်သမျှမှာ ပြန်ပြောတဲ့လူတွေက Argument from Ignorance Fallcy ကိုကျူးလွန်ကြတယ်လို့ဆိုတယ်။
ဒါက ဘာလဲဆိုတော့ သူ့ကိုဆန့်ကျင်မယ့်အချက်မရှိသေးတဲ့အတွက် သူထင်တာမှန်ရမယ်လို့ တွေးမိခြင်းပါ
ရှင်းအောင်ပြောရရင် ကိစ္စတစ်ခုကို မှန်တယ်လို့ပြောတယ်၊ ဘာလို့လဲဆိုတော့ မှားတယ်ဆိုတဲ့အထောက်အထား မတွေ့သေးလို့ပါ။ ထို့အတူပဲ ကိစ္စတစ်ခုကို မှားတယ်လို့ပြောတယ်၊ မှန်တယ်ဆိုတဲ့အထောက်အထားမရှိလို့ပါ။

ကောင်းကင်ပေါ်က အလင်းတန်းကြီးကျလာတယ်။ ဂြိုလ်သားတွေက လူတွေကို စမ်းသပ်ဖို့လာခေါ်တာလား၊ Helicopter ရဲ့မီးရောင်လား မသိဘူး။ ဒါပေမယ့် ဒီ ၂ခုရဲ့ ဖြစ်တန်စွမ်းကို တူတူပဲဆိုပြီး သတ်မှတ်တတ်ကြတယ်။

သိစေချင်တာက အထောက်အထား (Proof) မရှိခြင်းဟာ ဒီကိစ္စတစ်ခုကို မှန်ခြင်း၊ မှားခြင်း မဆုံးဖြတ်ပေးနိုင်ပါ။ အခြားဂြိုလ်တွေပေါ်မှာ သက်ရှိတွေရှိနေမလား? ဒါကို ရှိတယ်၊ မရှိဘူး သိပ္ပံအရ ကံသေကံမ မပြောနိုင်သေးဘူး။ ဒါဆို သက်ရှိတွေရှိကြောင်း အထောက်အထားမရှိသေးလို့ လုံးဝမရှိဘူးဆိုပြီး ယူဆမလား?

ဒီလိုတွေပြောလို့ အရာရာဖြစ်နိုင်တယ်လို့ ယူဆစေချင်တာလည်း မဟုတ်ပါဘူး။ ဥပမာ Michael Jackson ကို Time Traveler ဆိုပြီး ပြောကြတာတွေရှိတယ်။ ဒါဆို ဒီအချက်ကို မှားကြောင်းသက်သေမပြနိုင်သေးတော့ ဖြစ်နိုင်တယ်ဆိုပြီး လက်ခံမလား?
သူ့မှာ မွေးစာရင်းရှိတယ်၊ သူ့ငယ်ဘဝရှိတယ်၊ ငယ်သူငယ်ချင်းတွေရှိတယ်… ဒီတော့ Time Traveler ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ယုံတဲ့သူတွေက ယုံတာပဲ။

ခုချိန်ထိ တချို့လူတွေက လပေါ်ကို လူတွေရောက်သွားတာ အထောက်အထားတွေရှိနေပေမယ့် မယုံကြသေးဘူး။ ဒါဟာ လံကြုတ်ကြီးဆိုပြီး NASA ရဲ့ ဓာတ်ပုံတွေကို ဝေဖန်ထားတာတွေ ရှိတယ်။
ဒီလူတွေကို “မဟုတ်ပါဘူး… ဒီလိုအထောက်အထားတွေရှိနေပါတယ်… ဒါကြောင့်မှန်ပါတယ်…” လို့သွားပြောလည်း “ဒီလောက်နဲ့တော့ မယုံနိုင်သေးဘူး၊ အထောက်အထားတွေထပ်လိုသေးတယ်” ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် သူတို့အမြင်နဲ့ ထပ်တူကြတဲ့ အထောက်အထားတစ်ခုခုကို မြင်ရတဲ့အခါ ဘယ်လောက်ပဲ မဖြစ်နိုင် မဖြစ်နိုင် မျက်စိမှိတ်ယုံတတ်ကြတယ်။

UN ကို သွား သတိရမိတယ်

နောက်တစ်ခု ပြောချင်တာက Straw Man Fallacy ပါ။ ဒါက ဖင်ပိတ်ငြင်းတဲ့လူတွေ အကြိုက်ပေါ့။
သူ့ရဲ့နာမည်အတိုင်းပဲ ဒီ Fallacy မှာ အဆင့်တွေရှိပါတယ်။
ပထမဆုံး Straw Man (စာခြောက်ရုပ်) ဖြစ်အောင်လုပ်လိုက်တယ်။ ဆိုလိုချင်တာက တစ်ဖက်လူပြောတဲ့ Argument ကို ငြင်းချက်မထုတ်ဘဲ ကိုယ်ငြင်းရလွယ်တဲ့အချက်ဖြစ်အောင် ပြုပြင်လိုက်ခြင်းပါ။

ဒုတိယအချက်အနေနဲ့ ကိုယ်ဖန်တီးလိုက်တဲ့ လံကြုတ် Argument ကို ငြင်းချက်ထုတ်ပါတယ်။
တတိယအချက်အနေနဲ့ ဒီလိုငြင်းနိုင်လိုက်လို့ ကိုယ့် Argument က မှန်တယ်ဆိုတာမျိုး လုပ်ပါတယ်။

မြင်သာအောင် ဥပမာနဲ့ပြောချင်ပါတယ်။
လူတွေ ကြက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးသင့်မမွေးသင့် ကိုယ်က လူတစ်ယောက်နဲ့ အများရှေ့မှာ ငြင်းနေတယ်ဆိုပါစို့။ ငယ်ငယ်က ကြက်မကြီးလိုက်ခွပ်တာ ခံရဖူးတော့ ကိုယ့်မှာစိတ်ဒဏ်ရာရနေတယ်။ ကြက်ဆိုရင် ဝေးဝေးကရှောင်တယ်။ ဒါပေမယ့် အခွင့်သာတုန်း သာသာနဲ့နာနာနှက်လိုက်ချင်တယ်။ ကြက်တွေကို ကြောင်တွေ၊ ခွေးတွေနည်းတူ ဇိမ်အကျမခံနိုင်ဘူး။ ဒီကြက်တွေ ဘယ်လောက် အန္တရာယ်များလည်းဆိုတာ ကိုယ်ပဲသိတယ်။

ကိုယ်နဲ့ငြင်းနေတဲ့သူက ကြက်မွေးတဲ့သူ… သူက ကြက်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်ရောင်းစားရင် ဒီတိုင်းသတ်စားတာထက် ငွေပိုရမယ်လို့ တွက်တယ်။ ဒီတော့ ၂ယောက်သား လူအများရှေ့မှာ ငြင်းကြတာပေါ့။

ကြက်မွေးတဲ့သူက ကြက်မှာလည်း ခံစားတတ်တဲ့ အသည်းနှလုံးရှိပါတယ်။ အိမ်မွေးတိရစ္ဆာန်ဖြစ်ဖို့ ဉာဏ်ရည်လည်း မြင့်ပါတယ်။ လူအတွက် အန္တရာယ်ရှိတဲ့ တိရစ္ဆာန်စာရင်းထဲမှာလည်း မပါပါဘူး။ ဒါကြောင့် သူ့အဆိုကို လက်ခံသင့်ပါတယ်လို့ ပြောတယ်ဆိုပါစို့။

ကြက်ကြောက်တဲ့လူက အကျိုးသင့်အကြောင်းသင့်ပြန်ပြောမယ်ဆိုရင် ကြက်တွေက ကြောင်တွေလောက် ဉာဏ်ရည် မမြင့်ကြောင်း၊ ကလေးတွေနဲ့ အတူထားဖို့ မသင့်တဲ့အကြောင်း စတာတွေ ပြောသင့်တာပေါ့။
ဒါပေမယ့် ဒီလိုနေရာရောက်လာရင် တော်တော်များများက Straw Man Fallacy ကိုကိုင်ပြီး ချကြတော့တာပဲ။

ကြက်တွေကို မွေးပါပြီတဲ့… သူတို့တွေက အိမ်ထဲတင်နေမှာမဟုတ်ဘူး၊ လူတွေက လမ်းပေါ်ကို ခေါ်တင်လာမှာပဲ… မီးရထားတွေထဲလည်း ကြက်တွေရောက်လာလိမ့်မယ်… လူတွေနဲ့ အရမ်းရင်းနှီးသွားလိမ့်မယ်… ဒါဆိုရင် ကြက်သားစျေးကွက်ပျက်စီးသွားလိမ့်မယ်… လူတွေက အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ မွေးနေမှတော့ ဘယ်စားကြတော့မလဲ… ဟုတ်တယ်မလား? ခင်ဗျားတို့ ကြောင်တွေ၊ ခွေးတွေကို စားဖို့စဉ်းစားမိလို့လား? ဒါကြောင့် ခင်ဗျားတို့စားတဲ့ Hamburger တွေ၊ Hotdog တွေ၊ Pizza တွေကို ကြက်သားနဲ့စားချင်သေးရင် ဒီလူပြောတဲ့အဆိုကို မထောက်ခံသင့်ဘူး… ဆိုပြီး ပြန်ပြောကြမှာပါ။

ဒီလိုပြောလိုက်ရင် တဖက်လူအနေနဲ့ ပြန်ပြောဖို့ အခက်ကြုံသွားတာပေါ့။ သူ့ရဲ့ Argument ကို ငြင်းချက်မထုတ်ဘဲ မဟုတ်တရုတ် တလွဲ Argument ကြီးကို တစ်ဖက်လူက ငြင်းချက်ထုတ်ပြီး ပြောသွားတော့ ရှုတ်ကုန်ရော။ ဒီတော့ Objective Truth နဲ့ ပိုဝေးသွားတာပေါ့ဗျာ။
တဖက်လူက ဒီလို မဟုတ်တန်းတလျား လျောက်ပြောသမျှ လိုက်ဖြေရှင်းနေရတော့ အချိန်တွေကုန်တာပေါ့။

ဒီတော့ ငြင်းခုန်ကြတဲ့အခါ “ဒါဆိုရင် မင်းဆိုလိုချင်တာက လူတိုင်း _____ ကိုပဲ လုပ်ရတော့မယ်ပေါ့” လို့ကြားလိုက်ရရင် ဒီကောင် Straw Man Fallacy နဲ့ တန်ပြန်နေပြီဆိုတာကို သိစေချင်ပါတယ်။

ဆရာဝန်တွေ အလုပ်ပြန်မဝင်ရခြင်းအကြောင်းကို မေ့ထားပြီး CDM လုပ်တာ လူနာတွေရဲ့မျက်နှာမကြည့်လို့လား၊ လူတွေကို သေစေချင်လို့လား၊ ကျန်းမာရေးစနစ်ကြီးကို ပျက်စီးသွားစေချင်လို့လား စတာတွေဟာ Straw Man Fallacy ပါပဲ။
သိစေချင်တာက တစ်ဖက်လူဟာ ဒီနည်းနဲ့ Argument တစ်ခုမှာ အနိုင်ရသွားလည်း သူ့ရဲ့ မူလအဆိုက မှန်သွားတာ မဟုတ်ပါဘူး။

ပညာရှင်တွေကတော့ အချင်းချင်းငြင်းခုန်ကြတဲ့အခါ ဒီအချက်ကို ဂရုပြုပြီး ရှောင်ရှားနိုင်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် ငြင်းခုန်တဲ့အခါ ငါဘာလို့ မှန်ကြောင်း သက်သေပြနေမယ့်အစား အဖြေမှန်တစ်ခုရအောင် ရှာတာမျိုးသာဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ဖင်ပိတ်ငြင်းလိုတဲ့စိတ်ကို သတိထားပြီး ထိန်းနိုင်ကြပါစေ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

COVID-19 Waste Management

Covid-19 တတိယလှိုင်း မြန်မာပြည်မှာတော်တော်ဆိုးနေပါပြီ။ ဆိုးတာဘယ်လိုသိလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ ခပ်စိပ်စိပ်တွေ့လာရလို့ပါ။

ဆရာဝန်တွေ၊ Volunteer တွေလည်း ရသလောက် ကူညီနေကြပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အကူအညီရဖို့ ခက်ခဲနေတဲ့သူတွေသိဖို့ ဒီစာကို ရေးလိုက်ပါတယ်။ ဘယ်ဆေးသောက်ရမလဲ၊ ဘယ်လိုကုရမလဲဆိုတာကတော့ Call Center တွေကိုဖုန်းဆက်မေးတာ ပိုကောင်းပါတယ်။
ဒီစာရဲ့ရည်ရွယ်ချက်က Mask ကိုဘယ်လိုစွန့်ပစ်ကြမလဲ၊ COVID-19 လူနာရဲ့ ကိုယ်ခန္ဓာက ထွက်တဲ့ အညစ်အကြေးကို ဘယ်လို Manage လုပ်ကြမလဲဆိုတာ သိစေချင်တာပါ။

COVID-19 ပိုးဟာ မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင်ပါတယ်။ အကြမ်းဖျင်း ၁နာရီကနေ ၇နာရီအထိ အသက်ရှင်ပါတယ်။ Plastic တွေပေါ်မှာ အကြာဆုံးပါပဲ။
လေ့လာချက်တွေအရ ၇ ရက်အထိတောင် ဒီပိုးကို မျက်နှာပြင်တွေပေါ်မှာ တွေ့ရတယ်လို့ဆိုပါတယ်။
သိစေချင်တာက နေရာတိုင်းမှာ COVID-19 ပိုးတွေရှိနေနိုင်တယ်ဆိုတာပါ။ ပိုက်ဆံတွေ၊ ATM Card တွေ၊ လက်ကိုင်အိတ်တွေ၊ Bus ပေါ်က လက်ကိုင်တန်းတွေ စသဖြင့် နေရာအစုံမှာ ရှိနေတယ်လို့ တွေးထားလိုက်ပါ။

ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတော့ 70% Alcohol သုံးလို့ရပါတယ်။ ဒီလိုသုံးလိုက်ရင် ၁မိနစ်အတွင်း ပိုးကသေသွားပါတယ်။ Alcohol နဲ့ မဖြန်းရသေးတဲ့အချိန်အထိ (သို့) လက်ကိုဆပ်ပြာနဲ့မဆေးရသေးခင် အချိန်အထိ လက်နဲ့ မျက်စိ၊ ပါးစပ်၊ မျက်နှာ၊ နှာခေါင်းကို မထိစေချင်ပါဘူး။

ကျွန်တော်ဆို အပြင်သွားပြီး ပြန်လာတိုင်း ဝယ်လာသမျှပစ္စည်းတွေကို Alcohol နဲ့လိုက်ဖြန်းပါတယ်။ ကိုယ့်လက်နဲ့ ကိုင်ခဲ့တဲ့ တံခါးလက်ကိုင်၊ အိမ်သော့၊ ကားသော့ စတာတွေပါ အပါအဝင် လိုက်ဖြန်းပါတယ်။ အင်္ကျီတွေ၊ ဘောင်းဘီတွေကို နေလှမ်းပါတယ်။ ခေါင်းလျှော်ပါတယ်။ (ဒါကတော့အပြင်ထွက်တိုင်းလုပ်ဖို့ အဆင်မပြေပါဘူး)
လက်ခဏခဏဆေးဖို့ လိုတဲ့အကြောင်းကတော့ အထွေအထူးပြောနေစရာလိုတော့မယ် မထင်ပါဘူး။

ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။

Mask တွေတပ်ပြီးရင်လည်း သေချာစွန့်ပစ်ဖို့လိုပါတယ်။ ချောင်းထဲ၊ မြောင်းထဲပစ်လိုက်တာ၊ လမ်းပေါ်လွှင့်ပစ်ခဲ့တာ၊ အမှိုက်ပုံထဲကို ဒီအတိုင်းပစ်လိုက်တာ၊ အိမ်နောက်ဖေးကို လွှင့်ပစ်လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါဟာတာဝန်မဲ့လွန်းပါတယ်။
Mask တွေကို ပုံမှာပြထားတဲ့အတိုင်း ခေါက်ပြီး စွန့်ပစ်တာအကောင်းဆုံးပါ။

ပစ်တဲ့အခါမှာလည်း တစ်ရှုးဖြစ်ဖြစ်၊ ကျွတ်ကျွတ်အိတ်ဖြစ်ဖြစ် တစ်ခုခုခံပြီး ပစ်သင့်ပါတယ်။ ပြင်ပလေနဲ့မထိတွေ့စေချင်တာပါ။
ဒီလိုမလုပ်ဘဲ အမှိုက်အိတ်နဲ့ ရောပြီး ပစ်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အမှိုက်အိတ်ကို ခွေးဆွဲတာတို့၊ ကြွက်ကိုက်တာတို့ ဖြစ်သွားတဲ့အခါ Mask က ပြင်ပလေနဲ့ထိသွားနိုင်ပါတယ်။ ဒါကြောင့် Mask ကို တစ်ခုခုနဲ့ အရင်ထုပ်ထား လိုက်တာ အကောင်းဆုံးပါ။ ပစ်ပြီးရင် လက်ကို ဆပ်ပြာနဲ့ပြန်ဆေးဖို့ မမေ့သင့်ပါဘူး။

နောက်တစ်ခုက အိမ်သာတက်ရင် ဘယ်လိုလုပ်ကြမလဲဆိုတာပါ။ WHO ကတော့ COVID-19 ရှိတဲ့လူနာအတွက် အိမ်သာသီးသန့်ထားသင့်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ခုလို ကိုယ့်အိမ်မှာကိုယ် ဆေးကုပြီး ဖြတ်သန်းကြမယ်ဆိုရင် ဒီလိုလုပ်ဖို့ မလွယ်ပါဘူး။
အဲ့ဒီတော့ အိမ်မှာလုပ်လို့ရတာက ဘိုထိုင်အိမ်သာဆိုရင် ရေဆွဲမချခင် အဖုံးပိတ်လိုက်တာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် တစ်နေ့ကို ၂ခါ သန့်ရှင်းရေး လုပ်သင့်ပါတယ်။

တကယ်လို့ လူနာက အိမ်သာဆီမသွားနိုင်ဘူးဆိုရင် Diaper (သို့) Bedpan နဲ့ခံပြီး အိမ်သာထဲကို ပြန်စွန့်ပစ်သင့်ပါတယ်။ ကိစ္စပြီးသွားရင် သန့်ရှင်းရေးလုပ်ဖို့ ရေနဲ့ဆပ်ပြာသုံးရင် ရသလို 0.5% Chlorine ဆေးရည်နဲ့ဆေးလည်း ရပါတယ်။ ဆေးထားတဲ့ရေကိုလည်း သေချာစွန့်ပစ်သင့်ပါတယ်။

COVID-19 လူနာနေတဲ့အခန်းကို ဖြစ်နိုင်ရင် ၁ရက် ၁ခါ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ WHO ကတော့ ဒီလိုသန့်ရှင်းရေးလုပ်ခါနီးရင် PPE အပြည့်အစုံ ဝတ်ခိုင်းပါတယ်။ ဒါပေမယ့် ကိုယ်အဆင်ပြေသလို လုပ်ရမှာပါ။ Mask ရယ် Face shield ရယ်နဲ့လည်း လုပ်ချင်လုပ်နိုင်ပါတယ်။

ကိုယ့်မှာ ရောဂါလက္ခဏာတွေပြလာပြီဆိုရင် ခုချိန်မှာတော့ COVID-19 လို့ယူဆပြီး အနေအထိုင်ဆင်ခြင်သင့်ပါတယ်။ အပြင်လျောက်မသွားပါနဲ့။ အလုပ်လုပ်နေရင် ခဏ ခွင့်ယူလိုက်ပါ၊ အိမ်မှာပဲ အိမ်သားတွေနဲ့ မထိတွေ့အောင် ခွဲနေသင့်ပါတယ်။ ဒါပေမယ့် အသိနောက်ကျတော့ တစ်အိမ်လုံးကူးသွားကြတာတွေ တွေ့နေရပါတယ်။

ဖြစ်နိုင်ရင် Oxygen တိုင်းတဲ့ Pulse Oximeter လေးတွေ ဆောင်ထားသင့်ပါတယ်။ (ဂျင်းတွေလည်း တွေ့နေရလို့ သေချာစမ်းသပ်ပြီးမှ ဝယ်စေချင်ပါတယ်)

Oxygen မကျမချင်း အရမ်းစိတ်ပူစရာမရှိလို့ ရောဂါလက္ခဏာပြနေရင်တောင် အစိုးရိမ်မလွန်သင့်ပါဘူး။ အာဟာရပြည့်အောင် စားသောက်ပြီး ကိုယ့်ကြောင့်သူများတွေ မကူးသွားအောင် ရှောင်ရှားခြင်းနဲ့ COVID-19 တတိယလှိုင်းကို ဖြတ်ကျော်ကြတာပေါ့ဗျာ။

SAGAN

How did life begin? သက်ရှိတွေ ဘယ်လို စ ဖြစ်လာတာလဲ? (From Physics perspective)

“သက်ရှိတွေ ဘယ်က စ ပေါ်လာ သလဲ?” ဆိုတဲ့ မေးခွန်းက လူတိုင်း တွေးမိကြတဲ့ မေးခွန်းပါ။ Life ဆိုတာကတော့ Biology နဲ့ အသက်ဆိုင် ဆုံးပေါ့။ ဒါပေမယ့် ဒီ article မှာတော့ သက်ရှိတွေ ဘယ်လို စပေါ်လာ သလဲ ဆိုတာကို Physics ရဲ့ ရှုထောင့် က နေ သုံးသပ် ကြည့်မှာ ဖြစ်ပါတယ်။

“Life” ကို နားလည်ဖို့ အတွက် Physics က “entropy” ဆိုတာကို နားလည်ဖို့ လိုပါတယ်။ Entropy ဟာ ဘာလဲ? Entropy ဆိုတာ “disorder” ပါ။

Second law of Thermodynamics အရ closed system တစ်ခုရဲ့ entropy က တိုးမြဲ တိုးနေပါတယ်။ (dS/dt ≥ 0)

ကော်ဖီ ပူပူ တစ်ခွက်ကို အခန်း အပူချိန်မှာ ဒီတိုင်း ထားထားရင် အချိန်တန်တဲ့ အခါ အေးသွားပါတယ်။
ရေခဲတုံး တစ်တုံးဟာ လည်း အခန်းအပူချိန်မှာ အရည်ပျော် သွားပါတယ်။
လောင်ကျွမ်းနေတဲ့ ကြယ်တွေ ဟာ သေဆုံး ရပါတယ်။
အသက်ရှိ နေတဲ့ သက်ရှိ တွေဟာလည်း အချိန်တန်ရင် သေဆုံးရပါတယ်။

ဆိုလိုတာက… universe ကြီးဟာ decay နဲ့ disorder ကို ဦးတည်နေပါတယ်။ အပူချိန် တွေဟာ thermal equilibrium ကို ရောက်ရပါတယ်။ Big bang နဲ့ စခဲ့တဲ့ universe ကြီး က expand ဖြစ်ကိုဖြစ် ရပါတယ်။ Second law of Thermodynamics အရ isolated system တစ်ခု ဟာ equilibrium ကိုသာ ဦးတည်ရပါတယ်။

သက်ရှိတွေ ရဲ့ အခြေခံ အကျဆုံး unit က cell တစ်လုံးပါ။ Cell ဆိုတာ က ordered ဖြစ်ပါတယ်။ ဆိုလိုတာက ပတ်ဝန်းကျင် နဲ့ အတူ equilibrium မှာ ရှိမနေ ပါဘူး။ သွေးက ရေထက် ပျစ်တယ်။ လူရဲ့ ကိုယ် အပူချိန်က အခန်း အပူချိန် က များတယ်။ Cell တစ်လုံး ရဲ့ လုပ်ငန်း ဆောင်တာတွေက ဗရမ်းဗတာ disorder ဖြစ်မနေဘဲ order ရှိပါတယ်။

ဒါဆိုရင် Life က second law of thermodynamics ကို ဖီဆန်နေ တာလား? ဒီ law ကို သွေဖယ် နေတာလား?

မဟုတ်ပါဘူး။ Physics ရဲ့ နိယာမ တွေကိုက Life ပေါ်ပေါက်လာဖို့ demand ဖြစ်နေတာပါ။ Life ဆိုတာလည်း death ကို ဦးတည် ရမှာပါပဲ။ သို့သော် … သက်ရှိတွေက အစာစားမယ် ၊ metabolism လုပ်မယ် စသဖြင့် survive လုပ်နိုင်အောင် နေပါတယ်။ Entropy တိုးနေတာကို delay ဖြစ်အောင် energy ကို သုံးရပါတယ်။ Order ကို စုပ်ယူစားသုံးပြီး disorder ကို ပြန်ပြီး eject လုပ်ပေးတာ Life ပါ။

Ludwig Boltzmann ကတော့ life ကို “struggle against entropy” လို့ ပြောခဲ့ပါတယ်။ အရည်ပျော်သွားတဲ့ ရေခဲတုံးကို ပြန်ခဲဖို့ ရေခဲသေတ္တာ လိုပါတယ်။ ရေခဲ သေတ္တာ က energy သုံးပါတယ်။ Life ဆိုတာကလည်း survive ဖြစ်ဖို့ ရုန်းကန် ရပါတယ်။ Entropy တိုး မလာအောင် ၊ order ပျက် မသွားအောင် energy ထုတ် ပြီး သုံးစွဲရပါတယ်။ ATP molecule ပေါ့။

သစ်ပင်တွေက နေရောင်ခြည်ကို သုံးပြီး photosynthesis နဲ့ အစာချက်ပါတယ်။ Infra-red radiation ပြန်ထွက်ပြီး heat energy အနေနဲ့ ပတ်ဝန်းကျင် ကို dissipate ဖြစ်ပါတယ်။ သတ္တဝါ တွေကလည်း အစာစားပြီး ရင် heat energy ထွက်ပါတယ်။ သက်ရှိတွေ ဟာ တော်တော် efficient ဖြစ်တဲ့ energy dissipator တွေ လို့တောင် ပြောလို့ရပါတယ်။

Quantum Physics ရဲ့ ဖခင် ဖြစ်တဲ့ Erwin Schrodinger ဟာ 1944 ခုနှစ်မှာ What is life? ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။ သူ ဒီစာအုပ် ကို ရေးတဲ့ အချိန်မှာ DNA ကိုတောင် ရှာမတွေ့သေးပါဘူး။

သို့သော် ….. Physics ပညာရှင် ပီသစွာပဲ ၊ life ကို Physics ရဲ့ ရှုထောင့် က ကြည့်ပြီး entropy နဲ့ life ရဲ့ ဆက်သွယ်ချက်ကို သူ့စာအုပ်ထဲမှာ အကျယ် တဝင့် ရေးသားထားပါတယ်။ ကျွန်တော့် အနေနဲ့ ဒီ စာအုပ်ဖတ်ဖို့ recommend ပေး ပါရစေ။ ဒီ စာအုပ်ကို အောက်က link မှာ down ပါ။ https://bit.ly/3hnBcRo

ဆိုတော့ ….. Universe ကြီးက big bang က နေ စတင်ခဲ့တယ်။ ကြယ်တွေ ဖြစ်တယ် ၊ ဂြိုဟ်တွေ ပေါ်လာတယ်။ ကမ္ဘာပေါ်မှာ လည်း သက်ရှိတွေ ပေါ်လာတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ Physics ရဲ့ နိယာမ ကိုယ်တိုင် ကို က demand ဖြစ်လို့ပါ။ Universe ကြီးရဲ့ entropy က ဆက်ပြီး increase ဖြစ်နေရမှာပါ။

ဒါကြောင့် ပန်းချီကားတွေ ၊ အနုပညာတွေကို ကျွန်တော်တို့ ကြိုက်နှစ်သက် ကြတာပါ။ Art ဆိုတာက အချိုးကျတယ် ၊ ဘက်ညီတယ် ၊ symmetric ဖြစ်တယ်။ Disorder ကို ဦးတည် နေတဲ့ universe ထဲမှာ အစီစဉ်ကျတဲ့ ဖြစ်ရပ်ဆိုတာ ရှားပါတယ်။ Art ဆိုတာ ဒါကြောင့် လှတာပါ။

သက်ရှိတွေ ဘယ်လို စဖြစ်လာတာလဲ?” ဆိုတဲ့ မေးခွန်းကို ပြန်ကောက်ရင် second law of thermodynamics ကြောင့် ကို ဖြစ်လာတာပါ။ ဒါကတော့ Physics ရဲ့ ရှုထောင့်က ပေါ့။ Origin of life ကို ဒီထက် ပိုပြီး အသေးစိတ် သိချင်သေးရင်တော့ Biology perspective က ရေးတဲ့ နောက် article တစ်ပုဒ်မှာ ရှုစားပါ။

-Uranium-

References
https://jamesclear.com/entropy
https://youtu.be/GcfLZSL7YGw
Schrödinger, Erwin (1944). What is Life – the Physical Aspect of the Living Cell
Lehninger, Albert (1993). Principles of Biochemistry, 2nd Ed
https://en.wikipedia.org/wiki/Entropy_and_life
Boltzmann, Ludwig (1974). The second law of thermodynamics

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း

ဆေးပညာမှာ ယုံကြည်မှုကိုအခြေခံပြီး ကုသတဲ့နည်းနာတွေရှိပါတယ်။ အဲ့တာကို Placebo effect လို့ခေါ်ပါတယ်။

Latin စကားမှာတော့ placebo ဆိုတာ I shall be pleasing လို့ဆိုသတဲ့။ ကောင်းချီးပေးခံရတယ်… ကျေနပ်စေတယ်ဆိုတဲ့သဘောပေါ့။

ယုံကြည်မှုနဲ့ဆေးကုတာက တကယ်ရောသက်သာလားဆိုတော့ သက်သာတဲ့ သာဓကတွေရှိပါတယ်။

စမ်းသပ်မှုတခုမှာ ဒူးနာနေတဲ့ လူနာတွေကိုရှာပြီး
အုပ်စု၂စုခွဲလိုက်တယ်။ ပထမအုပ်စုကို ဒူးနာပျောက်ဆေးလို့ရေးထားတဲ့ ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်တအုပ်စုကိုကျတော့ ဘာမှရေးမထားတဲ့ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။

နောက်ထပ် နာရီအနည်းငယ်ကြာတော့ ပထမအုပ်စုက ဒူးနာသက်သာတဲ့သူများပြီး ဒုတိယအုပ်စုကတော့ တံဆိပ်မပါတဲ့ မဟုတ်တဲ့ဆေးတွေလိမ်းခိုင်းတယ်ဆိုပြီး ပိုတောင် ဒူးနာကြပါသတဲ့။

တကယ်တမ်းက အဲ့ဆေး ၂မျိုးလုံးက အတူတူပါပဲ။
ဆေးမဟုတ်ဘဲ ရိုးရိုးဟင်းချက်ဆီတွေပါ။ ပုလင်းပဲကွာတာပါ။

ပထမအုပ်စုက ဒူးနာပျောက်ဆေးလို့ ယုံကြည်စွာနဲ့ လိမ်းတဲ့အခါ တကယ်လဲ နာတာသက်သာသွားပါတယ်။ ဒုတိယအုပ်စုကျတော့ ပြောင်းပြန်ပါ။

အစထဲက ဒီဆေးကမကောင်းလောက်ဘူးလို့တွေးပြီး လိမ်းတော့ ပိုဆိုးလာပါတယ်။ အဲ့တာကို Nocebo effect လို့ခေါ်ပါတယ်။

ယုံကြည်မှုရှိတဲ့သူတွေရဲ့ ဦးနှောက်ကို စစ်ဆေးကြည့်တဲ့အခါ Prefrontal cortex ဆိုတဲ့ ဦးနှောက်အရှေ့ဖက်မှာ ဟော်မုန်းတွေထွက်လာပါတယ်။

Oxytocin တို့ Dopamine တို့ Endorphin တို့စတဲ့ အနာကိုသက်သာစေတဲ့ ဟော်မုန်းတွေထွက်ပြီး ဦးနှောက်တခုလုံးကို ပြန့်သွားစေပါတယ်။

ဆိုတော့ လူနာက နာတာသက်သာသွားတာပေါ့။ ယုံကြည်မှုနဲ့ ဆေးကုတဲ့သူတွေကလဲ နာမည်ရတာပေါ့။

တချို့ဆို ရေမန်းက ကိုဗစ်ပျောက်တယ်ဆိုပြီးရောင်းစားတယ်။ ဘယ်ဆေးက ၉၆ပါးရောဂါကောင်းတယ်ဆိုပြီးရောင်းတယ်။

ပိုဆိုးတာမျိုးက ဗိုက်အောင့်နေတဲ့လူနာကို ဗိုက်ခွဲပေးမယ်ပြောပြီး မေ့ဆေးပေး… အရေပြားကိုဟန်ဆောင် ပြန်ချုပ်ပြီး ခွဲစိတ်ထားသယောင်လုပ်စားကြတာတွေလဲရှိခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံနည်းကျကုနေတဲ့ ဆရာဝန်၊ ဆေးပညာရှင်တွေက ယုံကြည်မှုနဲ့ကုတာကို ဆန့်ကျင်တတ်ကြပါတယ်။

စမ်းသပ်ချက်တွေ သုတေသနတွေအရ…

Placebo effect နဲ့ဆေးကုတာက နာကျင်မှုအတွက်ပဲ အသုံးဝင်ပါတယ်။
ဥပမာ- ဒူးနာ၊ ခါးနာ၊ ဗိုက်အောင့်၊ ခေါင်းကိုက် စတာတွေတော့ သက်သာနိုင်ပါတယ်။ ကျန်တဲ့အရာတွေကို ပျောက်စေတယ်ဆိုတာကတော့ တဆိတ်လွန်လွန်းသွားပါတယ်။

လက်မခံနိုင်စရာလဲဖြစ်လာပါတော့တယ်။ ကိုဗစ်ပျောက်တယ်ဆိုပြီး ရေမန်းကို တစ်လီတာ ၂သောင်းနဲ့ရောင်းတာကတော့ အတော်လက်မခံနိုင်စရာကိစ္စတွေပါ။

ငါ့ဘာသာပိုက်ဆံရှိလို့ ဝယ်သောက်တာဆိုရင်လဲ တားမရရင်တော့ မတတ်နိုင်ပါ။ ဒါပေမယ့် ပိုက်ဆံကို မီးရှို့ပစ်သလိုပါပဲ။

ခံစားရတဲ့ လက္ခဏာခဏသက်သာချင်သက်သာမယ်… ရောဂါကိုမှ တကယ်မပျောက်တာ… ပြည်တည်နေတဲ့အနာလုံးကြီးကို မဖောက်ထုတ်
မကုသဘဲ အပေါ်ကနေမိတ်ကပ်လိမ်းပြီး မမြင်ရအောင်လုပ်နေသလိုပါပဲ။

အထူးသဖြင့် အဲ့လိုသတင်းမှားတွေပြန့်ကုန်တဲ့အခါ မသိနားမလည်တဲ့ ချို့တဲ့တဲ့ပြည်သူတွေက စုထားဆောင်းထားတာတွေနဲ့ ဆေးမဝယ်၊ အစာမဝယ်တော့ဘဲ အဲ့လိုဂျင်းတွေလိုက်ဝယ်မိပြီး ဒုက္ခလှလှရောက်ကုန်တော့တာပါပဲ။ ယုံကြည်ရာကိုပဲ ကိုးကွယ်ကြပါဆိုပေမယ့် အသိဉာဏ်လေးပါမှ အသက်ကိုဉာဏ်စောင့်မှာပါ။

ကြားဖူးတဲ့ ပုံပြင်လေးတပုဒ်နဲ့ အဆုံးသတ်ပါရစေ။

တိုင်းပြည်တပြည်ကို အပ်ချုပ်သမား ၂ယောက်ရောက်လာသတဲ့။ သူတို့က ကမ္ဘာ့အလှဆုံး နတ်ဝတ်တဲ့ဝတ်စုံကို ချုပ်တတ်တယ်ဆိုပြီး ဘုရင်ကြီးဆီကိုသွားပါတယ်။

ဘုရင်ကြီးကိုချုပ်ပေးမယ်ဆိုပြီး ရွှေငွေကျောက်သံပတ္တမြားတွေ တောင်းပါတယ်။ ရက်အနည်းငယ်ကြာတော့ ချုပ်ပြီးပြီဆိုပြီး ဝတ်ခိုင်းပါတယ်။

မဝတ်ခင်ကြိုပြောထားတာက နတ်ဝတ်စုံဖြစ်လို့ ဘုန်းကံရှိတဲ့သူပဲဝတ်ထားတာကိုမြင်ရတယ်ဆိုပဲ။ ဘုရင်ကြီးကလဲ ဘုန်းကံအနိမ့်မခံနိုင်တော့ ဝတ်စုံကိုလှတယ် လှတယ်ဆိုပြီး ဂျင်းထည့်သမျှ ခံနေတာပေါ့။

အမတ်ဝန်ကြီးတွေကလဲ ဘုန်းကံနိမ့်တယ်ဖြစ်မှာစိုးတော့ ဘုရင်ကို လှကြောင်းပါဖျာ့ နဲ့ပဲ ချီးကျူးကြတာပေါ့။ အဲ့နတ်ဝတ်စုံကြီးကို ဝတ်ပြီး တိုင်းခန်းလှည့်လည်တော့မှပဲ လမ်းဘေးက စကားပြောတတ်ခါစ ကလေးလေးက လှမ်းအော်လိုက်သတဲ့။

“ဟယ်…ဘုရင်ကြီးကလဲ..အနော့လိုပဲ…အဝတ်စားလဲမပါဘူး ကိုယ်လုံးတီးကြီးနဲ့” တဲ့။

ယုံကြည်မှုလွန်ကဲပြီး မျက်ကန်းမဖြစ်ကြပါစေနဲ့…
ကိုယ်လုံးတီးကြီးဖြစ်နေပါဦးမယ်ဗျို့…

Vector

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အိုင်ကျူ test လား၊ ဂျင်းတက်လား?

အိုင်ကျူစစ်ဆေးတဲ့နည်းလမ်းဆိုပြီး online မှာ ခဏခဏတွေ့ရပါတယ်။

ဒီတိုင်းရိုးရိုး newsfeed မှာပေါ်လာရင် သိပ်စိတ်မဝင်စားပေမယ့် ကိုယ်နဲ့သိတဲ့ဘော်ဒါတယောက်ကများ My IQ score is 130 ဆိုပြီးများ share ထား တင်ထားရင် အတော်လေး စိတ်လှုပ်ရှားလာပါတယ်။

ဟာ..ဒီကောင်ဖြေတာတောင် IQ 130မှတ်ရတယ်။
ငါဆို ပိုများမှာပဲ…ဝင်ဖြေကြည့်ဦးမှဆိုပြီး ပြိုင်ဆိုင်ချင်စိတ်ကလေး ကြွားချင်စိတ်ကလေးဝင်လာတတ်ပါတယ်။ ဒီလိုနဲ့ ဘုမသိဘမသိ IQ test ဆိုတာဝင်ဖြေရော။

Test ထဲမှာက ကိန်းဂဏန်းတွေရွေးရတာပါမယ်။
Pattern တွေရွေးရတာ….တြိဂံပုံ လေးထောင့်ပုံရွေးရတာတွေ အစုံပဲပါပါတယ်။

ဖြေရင်း ခေါင်းမူးရင်း ရမ်းဖြေရင်း အဖြေတခုထွက်လာပါတယ်။

Your IQ score is 110 ပေါ့…

အဲ့တာနဲ့ ရလာတဲ့အမှတ်ကို ဘဝင်ကျမှာမဟုတ်ပါ။ သူများတွေဖြေတာကျ အမှတ်ကောင်းတယ်… ငါကျအမှတ်က သူတို့လောက်မများဘူး… ဘာလဲ test ပဲစစ်တာမှားနေတာလား… ငါပဲ ဉာဏ်နည်းနေတာလား ဆိုပြီး စိတ်ညစ်တတ်ကြပါတယ်။

အဲ့လိုမဟုတ်ရင်လဲ သင့်အမှတ်က သူများတွေရတာထက်များနေတယ်ဆို သင်က တကယ်ပဲ ပါရမီရှင် ဉာဏ်ကြီးရှင်ဖြစ်နေပြီလား။ အိုင်ကျူ test က တကယ်ပဲ လူတွေရဲ့ဉာဏ်အစွမ်းကို တိုင်းတာလို့ရသလား။

Google မှာခေါက်ကြည့်လိုက်ရင် အိုင်းစတိုင်းရဲ့ အိုင်ကျူက 160 လို့ရှာတွေ့ပါလိမ့်မယ်။ ဒါပေမယ့် သင်သိပါသလား….အိုင်းစတိုင်းက ဘယ်တုန်းကမှ အိုင်ကျူ test မဖြေခဲ့ပါဘူး။ (ဖြေစရာလဲမလိုပါဘူး…အဲ့လောက်လဲအားမနေဘူးလေ)

အိုင်ကျူစစ်တဲ့စနစ်မှာ အမှတ်အများဆုံးက ၁၆၀ မှတ်ဖြစ်လို့ အိုင်းစတိုင်းက ဉာဏ်အရမ်းကောင်းမှာပဲဆိုပြီး 160မှတ်ပေးထားတာပါ။

ရယ်စရာကောင်းတာတခုက အိုင်ကျူ test ကိုထွင်ထားတာက သာမန်လူတွေကို စစ်ဖို့မဟုတ်ဘဲ မူကြိုကလေးတွေမှာ ဉာဏ်ရည်မပြည့်တဲ့ကလေးတွေ စာမလိုက်နိုင်တဲ့ကလေးတွေကို ရှာဖို့ ထွင်ထားတာပါ။

စထွင်ခဲ့တုန်းက ပြင်သစ်ပြည်ကစခဲ့တာပါ။ ၁၉၀၄ ခုနှစ်တုန်းက ပြင်သစ်အစိုးရက ကလေးတွေကျောင်းမှာ စာမလိုက်နိုင်တာရှိရင် ကြိုသိရအောင်
ဉာဏ်ရည်နိမ့်တဲ့ကလေးတွေကို ဖြေးဖြေးသင်ပေးဖို့ စဥ်းစားကြပါတယ်။

အဲ့တုန်းက စိတ်ရောဂါပညာရှင် Alfred Binet ရယ် သူ့တပည့် Théodore Simon ရယ်ပေါင်းပြီး ဉာဏ်ရည်တိုင်းတာတဲ့ စနစ်ကိုထွင်ခဲ့ပါတယ်။ Binet- Simon Scale ဆိုပြီးခေါ်ကြပါတယ်။

၁၉၀၈ခုနစ်ရောက်တော့ Binet-Simon Scale ကိုထပ်ပြီး ပြုပြင်မွမ်းမံကြတယ်။ ကလေးတွေကို မေးခွန်းလွှာတခုပေးပြီး ဖြေခိုင်းတယ်….ရလာတဲ့အဖြေကို ပိုင်းဝေမှာထားပြီး ကလေးအသက်နဲ့ သင်္ချာအရ စားချလိုက်ပါတယ်။ ရလာတဲ့အဖြေကို ကြည့်ပြီး ဒီကလေးက စာလိုက်နိုင်မလား…ဉာဏ်ရည်မှီသလားဆိုတာကိုစစ်ဆေးခဲ့တာပါ။

IQ test အဖြေက ၇၀အောက်ရောက်နေရင် ဉာဏ်ရည်နည်းသူဟုသတ်မှတ်ပြီး 69 – 55 မှတ် = ဉာဏ်ရည်အနည်းငယ်နိမ့်သူ
54 – 40 မှတ် = ဉာဏ်ရည်အတော်နိမ့်သူ
39 – 25 မှတ် = ဉာဏ်ရည် အလွန်နိမ့်သူ
< 25မှတ် = ဉာဏ်ရည်ဆိုးရွားစွာနိမ့်သူ စသဖြင့် သတ်မှတ်ပါတယ်။

ပုံမှန်ကလေးဆိုလျှင် IQ ရမှတ် 85 – 115ခန့်ရှိတတ်ပါတယ်။ ဆိုလိုချင်တာက IQ test သည် ဉာဏ်ရည်နိမ့်နေသလားဆိုတာကိုပဲ အဓိကစစ်ဆေးဖို့ ထွင်ထားတာဖြစ်ပါတယ်။

ဉာဏ်ရည် ပိုကောင်းမကောင်းဆိုတာ IQ test နဲ့
လုံးဝမဆိုင်ပါ။ ပတ်ဝန်းကျင်အခြေအနေ၊ အတန်းပညာ၊ မျိုးရိုးဗီဇစတာတွေအကုန်လုံးပေါ် ဉာဏ်ရည်ကမူတည်နေပါတယ်။

ဘိုကျောင်းမှာတက်ရတဲ့ကလေးနဲ့ ရွာမှာနွားကျောင်းတဲ့အသက်တူကလေးကို IQ test ယှဥ်ဖြေပြီး ဘယ်သူဉာဏ်ပိုကောင်းတယ် ပြိုင်လို့မရပါ။ အတန်းပညာသင်ထားတဲ့ကလေးက ဉာဏ်ပိုကောင်းတာမဟုတ်ဘဲ အခွင့်အလမ်း (opportunity) ပိုရထားလို့ ကျောင်းတက်ခွင့်ရလို့ အမှတ်များနေတာပါ။

ရွာကကလေးကို ဉာဏ်နည်းတယ်ပြောလို့မရပါ။
ရွာကကလေးကိုလဲ တန်းတူစာသင်ပေးပြီး စစ်ဆေးရင် သူလဲအမှတ်ကောင်းမှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုလိုချင်တာက IQ test ဆိုတာတကယ်တော့ ဂျင်းတမျိုးပါပဲ။

တလွဲဆံပင်ကောင်းပြီး IQ test ကိုဘဝကြီးထင်မှတ်ခဲ့ကြတာ သမိုင်းမှာရှိခဲ့ပါတယ်။ လူဖြူတွေက သူတို့ IQ အမှတ်များတယ်ဆိုပြီး အခွင့်အရေးတန်းတူမရလို့ အမှတ်နည်းတဲ့ လူမည်းတွေကို နှိမ်ကြတာ ခွဲခြားဆက်ဆံတာတွေ အများကြီးရှိခဲ့ပါတယ်။

အဆိုးတကာ့အဆိုးဆုံးကတော့
IQ အမှတ်နည်းတဲ့သူတွေက လောကမှာထားလဲ လူပိုတွေပဲလို့သတ်မှတ်ကြပြီး သူတို့ကို လူမှူဘဝဖူလုံရေးဘာညာ social welfare system တွေလုပ်ပေးလဲ နိုင်ငံတော် ဘတ်ဂျက်ကုန်တာပဲရှိမှာ… သူတို့ဆင်းရဲတာတွေ ဉာဏ်နည်းတာတွေက မပြောင်းလဲဘူးဆိုပြီးတွေးတာပါ။

အဲ့လိုတွေးပြီး ၁၉၃၃ ကနေ ၁၉၇၇ခုနှစ်အထိ
နော့ကယ်ရိုလိုင်းနားမှာ IQ အမှတ်ကို ကြည့်ပြီး သားဆက်ခြားဥပဒေထုတ်လိုက်ပါတယ်။ IQ အမှတ်နည်းတဲ့သူတွေအကုန်လုံးကို မျိုးဆက်ပြတ်သွားအောင် သားကြောဖြတ်ပစ်လိုက်တာပါ။

တော်တော်လေး ရက်စက်ပြီး လူတန်းစားခွဲခြားတဲ့အလုပ်ပါ။ IQ အမှတ်အနည်းအများက တကယ့်ဉာဏ်ရည်ကို မပြောနိုင်ဘဲနဲ့ ဒီလိုမျိုးဆက်ဖြတ်ပစ်တာ အတော်လူမဆန်တဲ့လုပ်ရပ်ပါ။

အထူးသဖြင့် ဒီဥပဒေကြောင့် လူမည်းအမျိုးသမီးတွေ အများကြီး ကိုယ်ဝန်မဆောင်နိုင်ဘဲ နစ်နာခဲ့ရလို့ အခုအချိန်ထိ သန်းပေါင်းများစွာလျော်ကြေးနစ်နာကြေးပြန်ပေးခဲ့ရပါတယ်။

ဒီလောက်ဆိုရင် IQ test နောက်ကွယ်က လူမဆန်မှုတွေ ယုတ်မာမှုတွေ တလွဲအသုံးပြုမှုတွေကို မျက်ဝါးထင်ထင် မြင်မိကြမှာပါ။ လူတွေရဲ့ ဉာဏ်ရည်အစွမ်းကို အမှတ်လေးတခုနဲ့ မဆုံးဖြတ်ကြပါနဲ့။

ဘတ်စ်ကတ်ဘောကစားတာတော်မတော်ကို အရပ်မြင့်မမြင့်တခုထဲနဲ့ ဆုံးဖြတ်လို့မရပါ။ ငါးကို သစ်ပင်ပေါ်တက်ခိုင်းပြီး ညံ့တယ်ပြောလို့မရပါ။

ထူးချွန်တဲ့ အားကစားသမားတွေကို IQ အမှတ်နဲ့ဆုံးဖြတ်ပြီး အားကစားတော်မတော် တိုင်းလို့မရပါ။ မိုဟာမက်အလီက အိုင်းစတိုင်လောက် အိုင်ကျူမမြင့်ပေမယ့် ကြိုးဝိုင်းထဲမှာ အိုင်းစတိုင်းကို အသာလေးထိုးပြသွားမှာပါ။

ဒီထက်ပိုပြီးပြည့်စုံစွာဖတ်ချင်ရင် ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ “အိုင်ကျူမည်မျှပုံ၍ယုံရမည်နည်း”
စာအုပ်ကို ဖတ်ရှုကြည့်ကြဖို့ လမ်းညွှန်ချင်ပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started