The Simpsons & Mathematics

The Simpsons ဆိုတဲ့ TV show ကို လူတိုင်း သိကြမှာပါ။ ဒီ article မှာ “The Simpsons” TV show ထဲက ဘယ် episode တွေမှာ သင်္ချာ နဲ့ ပတ်သက်တဲ့ reference တွေကို ဘယ်လို ပြသ သွားတယ် ဆိုတာကို ပြောပြသွားပါမယ်။

Fun fact အနေနဲ့ ပြောချင်တာကတော့ The Simpsons ရဲ့ script-writer တွေထဲမှာ တကယ့် PhD ဘွဲ့ရ သင်္ချာပညာရှင်တွေ ပါဝင် တယ်ဆိုတာပါ။ ဒါကြောင့်လည်း episode တွေ တော်တော်များများမှာ သင်္ချာနဲ့ ပတ်သက်တဲ့ easter egg လေးတွေကို တွေ့မြင်ရမှာပါ။

ဒီ ဓာတ်ပုံလေးဟာ season 1 episode 2 က ဇာတ်ဝင်ခန်း တစ်ခုရဲ့ screenshot ပါ။ Episode နာမည်က “Bart the Genius” တဲ့။

Plot အကျဉ်းချုပ် ကတော့… Bart ဆိုတဲ့ ဇာတ်ကောင်တစ်ယောက် ကျောင်းမှာ IQ test ဖြေရတယ်။ Cheat လုပ်ပြီး ဖြေတော့ 216 IQ ရှိတယ်ဆိုပြီး result ထွက်လာရာကနေ gifted children တွေရဲ့ ကျောင်းကို ရောက်သွားတယ်ပေါ့။ အဲ့ ကျောင်းရဲ့ သင်္ချာ အချိန်မှာ ခု screenshot ပြထားတဲ့ ဇာတ်ဝင်ခန်း ကို တွေ့ရမှာပါ။

ဒီ ဓာတ်ပုံထဲမှာ calculus problem တစ်ခုကို တွေ့ရမှာပါ။ y = r³/3 ကို differentiate လုပ်ထားတာပေါ့။ အဲ့ အချိန်မှာ ဆရာမ ဖြစ်သူ ပြောလိုက်တဲ့ dialogue လေးက အောက်ပါ အတိုင်းပါ။

“Don’t you get it, Bart? Derivative dy equals three r squared dr over three, or r squared dr, or r dr r.”

ဒါလေးကိုပဲ Mathematics joke အဖြစ် ထည့်ထားတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ “r dr r” ဆိုတာက “har-de-har-har” ဆိုတာနဲ့ အသံထွက်ဆင်လို့ပါတဲ့။ Sarcastic laughter ကို ဖော်ပြတဲ့ သဘောပေါ့။

ဒီ episode လေးကို ကြည့်ချင်ရင် အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။

The Simpsons S01E02 (Bart the Genius) https://bit.ly/3qOEjFe

ဒီ screenshot ကတော့ season 17 episode 22 ကပါ။ Baseball ပွဲ တစ်ခုမှာ ပွဲလာကြည့်သူ ဘယ်နှယောက်ရှိလဲ ဆိုတာ ခန့်မှန်းခိုင်းတာ။ (A), (B), (C) option သုံးခု က ဂဏန်း သုံးလုံးဟာ သာမန် အမြင်နဲ့ ကြည့်ရင်တော့ ရိုးရိုး နံပါတ်တွေလို့ သင် ထင်မှာ ပါ။ ဒါပေမယ့် ….. သင်္ချာ မျက်စိနဲ့ ကြည့်ရင်တော့ အဲ့ number သုံးလုံးက ထူးခြားတယ်။

နံပါတ် (A) က 8191 က prime number (သုဒ္ဓကိန်း) ပါ။ “Prime number ဖြစ်တာများ ဘာထူးဆန်းလို့လဲ” ဆိုရင် ….. သူက ရိုးရိုး prime မဟုတ်ဘူးဗျ။ Mersenne prime လို့ ခေါ်တဲ့ special prime no. အုပ်စုထဲ ပါတဲ့ နံပါတ် ပါ။ Mersenne prime ဆိုတာ (2ᵖ – 1) ပုံစံနဲ့ ဖော်ပြ လို့တဲ့ prime number ပါ။ (2ᵖ – 1 မှာ p က လည်း prime number ပါ။) 8191 = 2¹³ – 1 လို့ ဖော်ပြလို့ ရတဲ့ special ဂုဏ်သတ္တိ လေး ရှိနေပါတယ်။

နံပါတ် (B) က 8128 ကို perfect number လို့ ခေါ်ပါတယ်။ Perfect number ဆိုတာ ဒီ number ကိုယ်တိုင် က လွဲလို့ သူ့ရဲ့ divisor တွေ ပြန်ပေါင်းလိုက်လို့ ဒီ ဂဏန်း ပဲ ပြန်ရတာကို ဆိုလိုတာပါ။ ဥပမာ ….. 6 ဆိုရင် perfect number ပေါ့။ 6 ကို 1, 2, 3 တွေက စားလို့ပြတ်တယ်။ 1 + 2 + 3 ပြန်ပေါင်းရင်လည်း 6 ပဲ ပြန်ရတယ်။ 8128 လည်း ဒီလိုပါပဲ။

divisors of 8128 = 1, 2, 4, 8, 16, 32, 64, 127, 254, 508, 1016, 2032, 4064, 8128 (14 divisors)

8128 ကိုယ်တိုင်ကို ဖယ်ပြီး 1 က နေ 4064 ထိ ပေါင်းရင် 8128 ပဲ ပြန်ရပါတယ်။

နံပါတ် (C) က 8208 က လည်း ထူးခြားတဲ့ ဂဏန်းပါပဲ။ သူ့ကို narcissistic number လို့ခေါ်ပါတယ်။

8208 = 8⁴ + 2⁴ + 0⁴ + 8⁴

သူ့ digit တစ်လုံးချင်းစီကို 4 ထပ် တင်ပြီး ပေါင်းရင် ဒါပဲ ပြန်ရပါတယ်။ (မယုံရင် calculator နှိပ်ကြည့်ပါ xD)

ဆိုတော့ ….. ဒါလေးတွေကလည်း The Simpsons ထဲမှာ တွေ့ရတဲ့ သင်္ချာ easter egg လေးတွေပေါ့။

ဒီ episode လေးကို ကြည့်ချင်ရင် အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။

The Simpsons S17E22 (Marge and Homer Turn a Couple Play) https://bit.ly/3xmWUuA

ဒီ screenshot ကတော့ season 10 episode 2 ကပါ။ Homer Simpsons တစ်ယောက် Thomas Edison လို ပစ္စည်းတွေ ထွင်မယ် ၊ ဘာညာ ဆိုပြီး Blackboard ပေါ်မှာ equation တွေ ချရေးထားတာပေါ့။ စိတ်မကောင်း စရာကတော့ သူရေးထားတဲ့ စာ 4 ကြောင်း လုံးက မှားနေတာပါပဲ။ သူ ဘာတွေ ရေးထားတာလဲ ကြည့်ရအောင်။

ပထမ equation က Physics နဲ့ ဆိုင်ပါတယ်။ Higgs boson ဆိုတဲ့ particle ရဲ့ mass ကို တွက်တဲ့ equation ပေါ့။

ဒီ episode ထွက်တဲ့ ခုနှစ်က 1998 ခုနှစ် ၊ Higgs Boson ကို laboratory မှာ ရှာတွေ့တာက 2012 ခုနှစ်မှ တွေ့တာပါ။ သူ ရေးထား တဲ့ equation အတိုင်း တွက်ရင် Higgs boson ရဲ့ mass က 775 giga-electron-volts (GeV) လို့ အဖြေထွက်ပါလိမ့်မယ်။ တကယ့် အဖြေမှန် က 125 GeV ပါ။ ဘာပဲ ဖြစ်ဖြစ် 2012 မှ တွေ့မယ့် discovery ကို 1998 တည်းက အနည်း နဲ့ အများ ခန့်မှန်း နိုင်ခဲ့တာပေါ့။

ဒုတိယ equation က အမှတ်တမဲ့ ကြည့်ရင်တော့ innocent လေးဗျ။ ဒါပေမယ့် Fermat’s last theorem အကြောင်းကို သိတဲ့ သူတွေက အဲ့ equation မှားနေမှန်း တန်းသိမှာပါ။ Fermat’s last theorem အကြောင်းက article တစ်ပုဒ် သီးသန့် ထုတ်ရေး ဖို့တောင် ထိုက်တန် ပါတယ်။ ဒီ article မှာတော့ Fermat’s last theorem ရဲ့ statement ကိုပဲ ပြောသွားပါမယ်။

“There is no whole number solution for the equation, aⁿ + bⁿ = cⁿ, for n > 2, where n is a positive integer.”

ဆိုလိုတာက a¹² + b¹² = c¹² မှာ a, b, c သုံးခုလုံးက ကိန်းပြည့် (integer) မဖြစ်နိုင်ပါဘူး။ ဒါကြောင့် Homer Simpsons ရေးထားတဲ့ equation က မှားနေပါတယ်။

တတိယ စာကြောင်း က Astrophysics က statement ပါ။ Ω(t) ဆိုတာက universe ကြီးရဲ့ density ကို တွက်တဲ့ function ပါ။

Ω(t) က greater than 1 ဖြစ်ရင် universe ကြီး က သူ့ဟာသူ ပြန်ကျုံ့ဝင်ပြီး big crunch နဲ့ အဆုံးသတ် သေဆုံး သွားမှာ ပါ။ Ω(t) က less than one ဖြစ်ခဲ့ရင်တော့ universe ကြီးက dark energy ကြောင့် အမြဲတမ်း expand ဖြစ်နေမှာပါ။

အခု လက်ရှိ experimental data တွေအရ Ω(t) ရဲ့ တန်ဖိုးက 1 ထက် ငယ်ပါတယ်။ Ω(t) < 1 ပေါ့။ ဒါကြောင့် Ω(t) > 1 လို့ ရေးထားတဲ့ Homer Simpson တစ်ယောက် မှားနေပါသေးတယ်။ (ဒါပေမယ့် episode ထဲမှာတော့ less than လို့ နောက်ပိုင်းမှာ သူ ပြင်ရေးလိုက်တယ်။)

စတုတ္ထ တစ်ခုမှာတော့ J-donut ကနေ စက်လုံး (sphere) ဖြစ်သွားကြောင်း ရေးထားပါတယ်။ ဒီတစ်ခုက Topology လို့ ခေါ်တဲ့ သင်္ချာ ဘာသာရပ်နဲ့ ဆိုင်ပါတယ်။ Topology က geometry ပါပဲ။ ဒါပေမယ့် သာမန် geometry နဲ့ မတူဘဲ shape တွေကို ကျုံ့နိုင် ၊ ဆန့်နိုင် လုပ်နိုင်တဲ့ geometry ပေါ့။ “Rubber sheet geometry” လို့တောင် ခေါ်ပါသေးတယ်။

တကယ်တော့ J-donut ကနေ ပြောင်းသွားရမယ့် shape က coffee mug ခွက်ပုံ ဖြစ်ရမှာပါ။ “J-donut နဲ့ coffee mug ခွက် က အတူတူပါပဲ” လို့ topology က ယူဆပါတယ်။ အပေါက် တစ်ပေါက် ပါတာခြင်း အတူတူပဲ မို့လို့တဲ့။ အပေါက် မပါတဲ့ 3-dimensional structure ဖြစ်မှသာလျှင် sphere နဲ့ တူမှာ ဖြစ်ပါတယ်။ ဒါကိုတော့ topology မှာ “homeomorphic” ဖြစ်တယ်လို့ခေါ်ပါတယ်။

Topology ဘာသာရပ် ကို advanced level Mathematics နဲ့ advanced Physics တွေမှာ တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ ဥပမာ – string theory က ပြောတဲ့ extra dimension တွေ တွက်ဖို့ topology ကို သုံးရပါတယ်။

ထုံးစံ အတိုင်း ….. ဒီ episode လေးကို ကြည့်ချင်ရင် အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။

The Simpsons S10E02 (The Wizard of Evergreen Terrace) https://bit.ly/3yKziQX

ဒါတွေကတော့ The Simpsons မှာ ပါတဲ့ သင်္ချာ easter egg လေးတွေ ဖြစ်ပါတယ်။ Script-writer တွေ ကိုယ်တိုင်ကလည်း PhD level ပညာရှင်တွေဆိုတော့ level ခပ်မြင့်မြင့် easter egg လေးတွေ ထည့်ထားတာကို တွေ့ရမှာပါ။ တကယ်တော့ episode တွေ အများကြီး ကျန်ပါသေးတယ်။ ဒီ article မှာတော့ ဒီလောက်ပဲ ဖော်ပြပါရစေ။ Thank you!

-Uranium-

References:

https://en.wikipedia.org/wiki/Friedmann_equations#Density_parameter
https://hypertextbook.com/facts/2000/ChristinaCheng.shtml
https://www.sciencealert.com/homer-simpson-predicted-the-mass-of-the-higgs-boson-14-years-before-cern
https://www.schoolphysics.co.uk/age16-19/Astrophysics/text/Critical_density_of_the_Universe/index.html
https://www.wolframalpha.com
https://mathworld.wolfram.com/PerfectNumber.html

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

တွင်းနက်များနှင့် Information Paradox

တွင်းနက်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ အရင်ကရေးပြီးသားမို့ မပြောတော့ပါဘူး။ စိတ်ဝင်စားရင် ဒီမှာ သွားဖတ်ပေးပါ။

အာကာသတွင်းနက်များ (Black Holes) အကြောင်း (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 3)
https://ouo.io/lPx7Pcn

တွင်းနက် (Black Hole) ဆိုတာ Gravity (ဆွဲအား) အလွန်များတဲ့အတွက် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းလင်းပြင်အချိန် (Spacetime) ကွေးညွတ်လွန်းသွားပြီး ကိုယ်ပိုင်စကြဝဠာ အသေးစားလေးတစ်ခုဖြစ်သွားတာပါ။
စကြဝဠာထဲမှာ အမြန်ဆုံးလို့သတ်မှတ်ထားတဲ့ အလင်းတောင်မှ သူ့ဆီက ပြေးမလွတ်ပါဘူး။ အလင်းတောင်မလွတ်မှတော့ သူ့ကိုလည်း မမြင်ရဘူးဆိုပါတော့။

သူ့ရဲ့ အလယ်ဗဟိုမှာ အမှတ်စက် (Singularity) ရှိတယ်ဆိုပြီး ပြောကြတယ်။ အဲ့ဒီအမှတ်စက်လေးဟာ သိပ်သည်းဆ အဆမတန်များလွန်း (Infinite density) တဲ့အတွက် သူ့ဆီကို လာသမျှ အရာအကုန်လုံးကို အခြေခံအမှုန်တွေ အဖြစ်ပြောင်းပြစ်နိုင်တယ်။
ရှင်းအောင်ပြောရရင် လူတွေဟာလည်း Cells တွေ Molecules တွေနဲ့တည်ဆောက်ထားတာပဲ၊ ဒါတွေမှာ Proton, Neutron, Electron တွေပါနေတယ်။ အဲ့ဒီအထဲမှာလည်း Quark တွေနဲ့လုပ်ထားတာပဲ။
ဒီတော့ လူက တွင်းနက်ထဲကျသွားရင် Quark အဆင့်လောက်ထိ တစ်စစီ ပျက်စီးသွားမှာကို ပြောချင်တာပါ။

သူ့မှာဖြစ်ရပ်လိုက်ကာ (Event Horizon) ဆိုတာရှိတယ်။ လိုက်ကာဆိုတဲ့အတိုင်းပဲ ကာပေးထားတာပေါ့ဗျာ။ ဒါကြောင့် သူ့ကို ကျော်ပြီး အထဲထဲမှာ ဘာတွေဖြစ်နေလဲမသိရဘူး။
ပြီးတော့ သူ့နားကို အရမ်းကပ်သွားရင် ပြန်ထွက်ဖို့သိပ်မလွယ်တော့ဘူးလို့ ဆိုတယ်။ ဒီတော့ အကြံပေးချင်တာက တွင်းနက်တွေနားရောက်ရင် အရမ်းမဆော့ကြပါနဲ့…။
ဒါပေမယ့် အထဲမှာ ဘာတွေဖြစ်နေလဲသိချင်လို့ ဝင်သွားမယ်ဆိုရင်လည်း ရပါတယ်။ ပြန်ထွက်လို့တော့ ရမှာမဟုတ်ဘူး။ ဒီတော့ မသေခင် လောကကြီးရဲ့လျှို့ဝှက်ချက် ၁ခုကို ရှာသွားချင်တယ်ဆိုရင် ဒီနည်းလေးက မဆိုးပါဘူးလို့ အကြံပေးချင်ပါတယ်။

ဒီလိုတွေ လျောက်ပြောနေလို့ တွင်းနက်တွေအကြောင်း ပညာရှင်တွေ ဘာမှမသိဘူးလို့ မထင်စေချင်ပါဘူး။ သူတို့သိသင့်သလောက်သိကြပါတယ်။
တွင်းနက်တွေက အငွေ့ပျံပါတယ်။ ရေနွေးအိုးတည်ထားပြီး အကြာကြီးပစ်ထားလိုက်ရင် ရေတွေ ခမ်းကုန်သလိုပေါ့။ (ဒီလိုပြောလိုက်တော့ ရှုတ်ထွေးသွားလား၊ ပိုရှင်းသွားလားတော့ မပြောတတ်ဘူး)

ဒါကိုတော့ Stephen Hawking ကို အကြောင်းပြုပြီး Hawking Radiation လို့ခေါ်ပါတယ်။ (ဘာလို့ဖြစ်တာလဲဆိုတာကို စာရှည်မှာ ကြောက်လို့ မရေးတော့ပါဘူး)

ဒီလိုထွက်နေတယ်ဆိုတော့ တွင်းနက်တွေက တချိန်မှာတော့ သေကြဦးမှာပါ။ အရာရာမတည်မြဲပါဘူး။ ဒါပေမယ့် သူတို့သေမယ့်အချိန်က တော်တော့ တော်တော်ကြီးကို ကြာတာပါဗျာ။
မြင်အောင် ဂဏန်းနဲ့ပြရမယ်ဆိုရင် ကျွန်တော်တို့နေရဲ့ အရွယ်ရှိတဲ့ တွင်းနက် (1 solar mass) တစ်ခု သေဆုံးဖို့ 1067 နှစ်ကြာပါတယ်။ စကြဝဠာသက်တမ်းက အခုမှ 13.9 x 109 နှစ် ပဲရှိပါသေးတယ်။

ဂလက်ဆီတွေရဲ့အလယ်မှာနေကြတဲ့ တွင်းနက်ကြီးတွေ (Supermassive Black Holes) ဆိုရင် သေဆုံးဖို့ 10100 နှစ်ကြာပါတယ်။ ဒီဂဏန်းကို မြင်သာအောင် ဘယ်လိုပြောရမှန်းတောင် မသိပါဘူးဗျာ။
ဒီတော့ တွင်းနက်တွေဟာ စကြဝဠာထဲက ကြယ်တွေအကုန်သေဆုံးတဲ့အထိ ကျန်ရစ်နေမှာပါ။ (သင်္ချာအရတွက်ချက်ထားတဲ့ စကြာဝဠာကြီးရဲ့ ခေတ် ငါး ခေတ်မှာ တွင်းနက်ခေတ်ဆိုတာ သပ်သပ်ရှိပါတယ်)

သိတဲ့သူသိမှာပါ…

တွင်းနက်တွေကို အရင်ကတော့ Laws of conservation of energy ကိုဖောက်ဖျက်တယ်လို့ပြောခဲ့ကြတယ်။ ဒါဘာ Law လဲမှတ်မိကြဦးမှာပါ။ စွမ်းအင်ကို အသစ်ဖန်တီးလို့လည်း မရဘူး၊ ဖျက်ဆီးလို့လဲမရဘူးဆိုတာ ငယ်ငယ်က ကျက်ခဲ့ရမှာပါ။

ဒီတော့ တွင်းနက်ထဲကို တစ်ခုခုကျသွားခဲ့တယ်ဆိုရင် ပျောက်သွားတာဆိုတော့ ဒီ Law ကိုဖောက်ဖျက်တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် တွင်းနက်ထဲကျတာမှန်သမျှက တွင်းနက်ရဲ့ Mass ကို ပိုကြီးလာစေတယ်။
What doesn’t kill you makes you stronger” ဆိုတာ တွင်းနက်မှာ သွားတွေ့ရပါတယ်။ ဆိုတော့ တွင်းနက်က ဒီ Law ကိုမဖောက်ဖျက်ပါဘူး။

ဒီမှာ ပြဿနာတစ်ခုရှိလာတယ်။ တွင်းနက်တွေက သူတို့ထဲရောက်သမျှ Information တွေကို သိမ်းထားတယ်ဆိုရင် သူတို့သေတဲ့အခါ အဲ့ဒီ Information တွေအကုန်ကုန်ပြီပေါ့။

ဒါကို နားလည်အောင် Information ဆိုတာဘာလဲ အရင်ပြောရမှာပါ။ Information ဆိုတာ အမှုန်တွေရဲ့ အစီအစဉ်ကျနမှုပါပဲ။ အရာရာက အမှုန်တွေနဲ့လုပ်ထားတော့ ဒီအမှုန်တွေကို ပုံစံတစ်ခု စီလိုက်တာနဲ့ ဒါကတော့ လူကွာ၊ ဒါကတော့ ခွေးကွာဆိုတာမျိုးဖြစ်လာတာပါ။
လူနဲ့ ခွေးနဲ့ အခြေခံအမှုန်တူတူပါပဲ။ Carbon နဲ့လုပ်ထားတာလည်း တူတူပါပဲ။ မတူစေတာက Carbon ရဲ့ အစီအစဉ်ပါ။

Carbon Arrangements

ဒီထက်မြင်အောင်ပြောရရင် ကွန်ပြူတာဟာ 0,1 ပဲသိပေမယ့် ဒါကို ပုံစံအမျိုးမျိုးနဲ့ စီစဉ်လိုက်တဲ့အခါ ခုလိုရှုပ်ထွေးတဲ့ ပစ္စည်းတစ်ခုဖြစ်လာတာပါ။
တွင်းနက်တွေသေဆုံးသွားလို့ Information တွေပါပျက်စီးသွားရင် Carbon တွေတော့ ကျန်ဦးမှာပါ၊ ဒါပေမယ့် သူတို့ကို ဘယ်လိုစီစဉ်ရမလဲဆိုတဲ့ သတင်းအချက်အလက်ပျက်စီးသွားပြီမို့ လူတွေ၊ ခွေးတွေ၊ ကွန်ပြူတာတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ယုတ်စွအဆုံး စကြဝဠာကြီးမှာရှိတဲ့ ကိန်းသေ (Universal Constant) တွေတောင် ပြောင်းလဲသွားမယ်လို့ဆိုတယ်။ ဥပမာ အလင်းအလျင်ပေါ့။

ဒါကိုမသိခင် Quantum Mechanics မှာ လက်ခံထားကြတာက Information ကို ဖျက်ဆီးပစ်လို့မရဘူး၊ လက်ရှိကာလ (Present) က အတိတ် (Past) ရဲ့ Information တွေကို သိမ်းထားတယ်လို့ဆိုတယ်။ ဒါကို Unitary လို့ခေါ်တယ်။

စာတွေထဲမှာတော့ Information ကို ဖျက်ဆီးပစ်လို့မရတာတဲ့အကြောင်း ဥပမာနဲ့ရှင်းကြတယ်။ စာရွက်တစ်ရွက်ကို မီးရှို့လိုက်ရင် သူ့မှာရေးထားတဲ့ အချက်အလက်တွေပျောက်ကုန်ပြီး ပြာဖြစ်သွားတာပေါ့။ ဒါပေမယ့် ဒါဟာ အပေါ်ကပြောတဲ့ Information ကိုဖျက်ဆီးပစ်လိုက်တာမဟုတ်ပါဘူး။ အခြေအနေတစ်ခု ပြောင်းသွားရုံပါပဲ။
ပြာကနေ စာရွက်ဖြစ်အောင် ပြန်မလုပ်နိုင်ပေမယ့် စာရွက်ပေါ်က Information ကို သီအိုရီအရတော့ ပြန်ဖော်ထုတ်လို့ရပါတယ်။

ရှင်းအောင်ပြောရရင် လူတစ်ယောက်ကို တွင်းနက်ထဲပစ်ထည့်လိုက်တဲ့အခါ တွင်းနက်ရဲ့ Mass က တိုးလာမှာပဲ။ ဒါပေမယ့် လူကိုလူဆိုပြီး ဖြစ်စေတဲ့ Information ကို ဖျောက်ပစ်လား၊ သိမ်းထားလားမသိဘူး။ ဖျောက်ပစ်တယ်ဆိုရင် Information ကိုဖျက်စီးလို့မရဘူးဆိုတာနဲ့ ငြိပြီ။ သိမ်းထားတယ်ဆိုရင် ဘယ်မှာသိမ်းလဲဆိုတာ မေးရမယ်။ ပညာရှင်တွေကတော့ သူ့ရဲ့ မျက်နှာပြင် (Surface) မှာ သိမ်းထားနိုင်တယ်လို့ဆိုတယ်။

မြင်အောင်ပြောရရင် စာအုပ်တစ်အုပ်ကို Digitize လုပ်တဲ့အခါ kilobyte လောက်ပဲရှိတဲ့ Pdf file တစ်ခုရတယ်။ အရွယ်အစားချင်းယှဉ်ကြည့်ရင် စာအုပ်ပေါင်း သောင်းချီပြီး ထည့်လို့ရတဲ့ လက်တစ်ဝါးစာ Amazon Kindle နဲ့ စာကြည့်တိုက်ထဲက စာအုပ် ၁သောင်းနဲ့ ယှဉ်ကြည့်ပါ။ တွင်းနက်ကလည်း ဒီသဘောပါပဲ။ Information တွေကို သူသိမ်းချင်တဲ့ Format နဲ့သိမ်းထားတယ်လို့ ယူဆကြတယ်။

ဒီကိစ္စမှာ ပြဿနာတစ်ခုရှိလာတယ်။ (ဆက်ပြောမယ့်အကြောင်းကို နားလည်ရခက်ခဲနိုင်ပါတယ်)
သူ့အထဲကို ကျသွားသမျှ သူ့မျက်နှာပြင်ပေါ်မှာ သိမ်းထားတယ်ဆိုတာဟာ 3 Dimensions Information တွေကို 2 Dimensions စာရွက်ပေါ်မှာ သိမ်းထားသလိုပဲပေါ့။ ဒါဟာ Hologram သဘောတရားနဲ့ သွားတူနေတယ်။

ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့စကြဝဠာကြီးကရော Hologram လို မဖြစ်နေနိုင်ဘူးလားဆိုပြီး မေးစရာရှိလာတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့အပါအဝင် အရာရာဟာ မျက်နှာပြင်တစ်ခုပေါ်မှာ ရှိတယ်၊ စကြဝဠာကြီးကတော့ 3D ရှိနေတယ်။ (ဒါပေမယ့် မသိနိုင်ဘူး)
ဒါကို Holographic Principle လို့ခေါ်တယ်။

Hawking Radiation အရ ဒီ Information တွေကို ပြန်ထုတ်ပေးနေတယ်လို့ဆိုတယ်။ ဒါပေမယ့် နဂိုမူလ လူကိုလူဖြစ်စေတဲ့ Information နဲ့မတူတော့ဘူး။ ဒီတော့ ကြားထဲမှာ ဒီ Information ဘယ်ရောက်သွားတာလဲ? ဒါကို Information Paradox လို့ခေါ်တယ်။
၂၀၁၉ မှာတော့ ဒါကိုဖြေရှင်းနိုင်မယ့် lead တစ်ခုရလာတယ်။ ဒါပေမယ့် ခုချိန်ထိတော့ မဖြေရှင်းနိုင်သေးပါဘူး။

ဒီကိစ္စဖြေရှင်းဖို့ကို ဆရာကြီးတွေအတွက် ချန်ထားလိုက်ပါပြီ။ ခုချိန်ထိသူတို့ပြောသမျှ လိုက်ဖတ်တာတောင် ဘာပြောချင်မှန်းသိအောင် တော်တော်ကြိုးစားရပါတယ်။ ဒီတော့ ဒီ Paradox ကိုရှင်းနိုင်ပြီး ဘာက ဘာလဲသေချာသိရရင် နောက်တစ်ပုဒ်ဆက်ရေးသေးတာပေါ့ဗျာ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Branded ကြိုက်သူများနှင့် Fanboys, Fangirls များအကြောင်း

ခုခေတ်မှာ Brand ကြိုက်တဲ့သူတွေ တော်တော်များလာပါတယ်။ အထူးသဖြင့် သူဌေးတွေပေါ့။
ကျွန်တော်ကတော့ Brand မကြိုက်ပါဘူး။ စျေးကြီးပေးပြီး မဝယ်နိုင်တာလည်း ပါသလို Brand တွေရဲ့ Quality က ထူးထူးခြားခြားပိုကောင်းတယ်ဆိုတာကို လက်မခံနိုင်တာပါ။
ဒီတော့ Brand နဲ့ Brand မဟုတ်တာနဲ့ကြားမှာ ဝိဝါဒကွဲပြားမှုတွေ စလာပါတယ်။

ခုချိန်အထိ Mac နဲ့ PC လည်း ဘယ်ဟာက ပိုကောင်းလဲဆိုတာ ငြင်းခုန်နေကြဆဲပါ။ iPhone နဲ့ Android လည်း ဒီလိုပါပဲ။ ဒါ့အပြင် အခု PS5 နဲ့ Xbox Series X ငြင်းနေကြပါတယ်။

ဘယ်လိုနေရာတွေမှာ ငြင်းခုန်မှုတွေများလဲဆိုတော့ စျေးကြီးပေးဝယ်ရတဲ့ပစ္စည်းတွေမှာပါ…။ အပေါ်က ပြောခဲ့တဲ့ IT ပစ္စည်းတွေသာမက အင်္ကျီ၊ ဘောင်းဘီ၊ လက်ကိုင်အိတ်၊ နာရီ စတာတွေမှာလည်း Brand က ခေတ်စားပါတယ်။ (အဘ နဲ့ သူ့မိန်းမဆို Brand Crazy တွေဖြစ်ပုံရပါတယ်…)


ဒါဟာ ဘယ်လိုကြောင့် ဖြစ်လာတာလဲ စမ်းသပ်ထားတာရှိပါတယ်။ တက္ကသိုလ်တစ်ခုမှာ လူတွေကိုခေါ်ပြီး Pepsi နဲ့ Coke တိုက်တယ်။ ဒါပေမယ့် ခွက်တွေမှာ Brand အမှတ်အသားမပါဘူး။ (ဆိုတော့ လူတွေက သူတို့ဘာသောက်နေလဲဆိုတာ သေချာမသိဘူး)
သောက်နေတဲ့အချိန်မှာ ဦးနှောက်ကို Scan လုပ်နေတယ်။ အဲ့ဒီအခါမှာ လူအချို့က Pepsi သောက်နေတဲ့အချိန်မှာ ပိုသဘောကျတယ်လို့ ပေါ်တယ်။
အဲ့ဒီအခါမှာ စမ်းသပ်တဲ့သူက သူတို့သောက်နေတာ Pepsi တွေလို့ပြောလိုက်တယ်။ Coke ကို တစ်သက်လုံးကြိုက်လာပါတယ်ဆိုတဲ့ လူတွေက ဒီလိုလည်း ကြားရော သူတို့စိတ်တွေ ပြောင်းသွားတယ်။ ဘယ်လို ပြောင်းသွားတယ်ထင်လဲ? Pepsi လည်းကောင်းသားပဲ၊ Coke ထက်တောင်ကောင်းသေးတယ်လို့ ပြောမယ်ထင်လား?

ဒါဟာ Pepsi ပါလို့ ပြောပြီး ဆက်သောက်ခိုင်းတော့ လူတွေက ခုနကလောက် သဘောကျတယ်လို့ Brain Scan မှာ မပေါ်တော့ဘူး။ ဘယ်လောက်ထိဖြစ်သွားလဲဆိုရင် သဘောကျပါတယ်ဆိုတဲ့ Signal ကပေါ်တောင် မလာတော့ဘူး။ နောက်ဆုံးပိတ်မှာ ဘယ်ဟာကို ကြိုက်လဲလို့မေးတော့ Coke ကိုပဲကြိုက်တယ်လို့ ဖြေကြတယ်။

ဒါဆို လိမ်ပြီးဖြေတာလို့ ထင်စရာရှိတယ်။ ဒါပေမယ့် လိမ်တာမဟုတ်ပါဘူး။ ဦးနှောက်က အဲ့လိုဖြစ်အောင် လုပ်လိုက်တာလို့ဆိုတယ်။
သူ့မှာ Coke ကိုစွဲစွဲမြဲမြဲကြိုက်ရခြင်း အကြောင်းတစ်ခုတော့ ရှိမှာပဲ။ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင်း ပျော်ခဲ့တဲ့အချိန်တစ်ခုမှာ သောက်မိလို့ အဲ့ဒီအပျော်နဲ့ Coke နဲ့ကိုတွဲမှတ်ထားမိတာလည်း ဖြစ်နိုင်သလို ကောင်မလေးနဲ့လျောက်လည်ရင်း Coke သောက်မိလို့ အပျော်တွေရောသွားတာလည်း ဖြစ်နိုင်တယ်။ ပြောချင်တာက သူ Branded ဖြစ်သွားရခြင်းမှာ Emotion တွေပါနေတယ်

Fan (ပရိသတ်) ဆိုတဲ့သဘောကလည်း ဒီနည်းတူပါပဲ။ စျေးကြီးပေးပြီး ပစ္စည်းတစ်ခုကို ဝယ်လိုက်တဲ့အခါ၊ အချိန်တွေ ငွေတွေအကုန်ခံပြီး တစ်ခုခုကို ဝါသနာအရလုပ်တဲ့အခါ Fan ဆိုတာဖြစ်လာတာပါပဲ။
The Big Bang Theory ကြည့်ဖူးရင် Sheldon တို့အုပ်စုက Comic Fan တွေဆိုတာ သိမှာပါ။ အပြင်မှာလည်း အဲ့လိုလူတွေရှိပါတယ်။ ငြင်းခုန်ကြ၊ ဆွေးနွေးကြရင်း Fan တွေဖြစ်နေကြတာပါ။ သူတို့ကြိုက်တဲ့ Comic ကဘာလို့ ပိုကောင်းလဲ၊ သူတို့ ဒါကို ဘာလို့ကြိုက်ရလဲဆိုတာကို စာတစ်တန်၊ ပေတစ်တန်နဲ့ ရေးကြတာလည်း Google မှာ ရှာဖတ်လို့ရပါတယ်။

ထူးခြားတာက နေရာတကာမှာ ဒီလိုငြင်းခုန်နေကြတာတော့ မဟုတ်ပါဘူး။ ဥပမာ အိမ်သာသုံးစက္ကူဝယ်တယ်ဆိုရင် ဒီလိုပဲဝယ်လိုက်ကြတာပါပဲ။ ငါ့စက္ကူက Brand မို့လို့ ဖင်မရှဘူးဆိုတာမျိုး မပြောတတ်ကြပါဘူး။

ဒါက ဘာလို့လဲဆိုတော့ ရွေးချယ်မှုသဘောတရားကြောင့်ပါ။ မဖြစ်မနေဝယ်ရမယ့် ပစ္စည်းတွေမှာ Brand ဆိုတာမျိုးကို လူတွေမသတ်မှတ်ထားတတ်ကြဘူး။
ဒါပေမယ့် မဖြစ်မနေလိုတဲ့ ပစ္စည်းမဟုတ်ရင်တော့ Fan သဘောတွေပါလာပါပြီ။ ဒီ Band က ဘာလို့ ဟို Band ထက်ပိုကောင်းတာလဲ၊ iPad က သာမန် Tablet တွေထက် ဘာတွေပိုကောင်းတာလဲဆိုတာ စပြီး ငြင်းခုန်ကြပါပြီ။

စိတ်ပညာအဆိုအရ လူတွေက သူတို့ကိုယ်သူတို့ ထင်တဲ့အမြင်နဲ့ သူတို့ကိုင်တဲ့ ပစ္စည်းတွေရဲ့ Brand တွေက ဆက်စပ်နေတယ်လို့ဆိုတယ်။
ငါ့မှာ Taste ရှိတယ်… ဒါကြောင့် သူများတွေလို စျေးပေါတာတွေမကိုင်ဘူးဆိုတဲ့ သဘောမျိုးပေါ့။ ဒီလိုဖြစ်အောင်လည်း ကုမ္ပဏီတွေက ကြော်ငြာတတ်တယ်။ ဥပမာ Apple ဆိုရင် သူတို့ပစ္စည်းက ဘယ်လိုကောင်းကြောင်း မပြောဘဲ ဘယ်လိုလူတွေက သူတို့ပစ္စည်းကို ကိုင်ကြလဲဆိုတာနဲ့ ကြော်ငြာတယ်လို့ ဆိုတယ်။

စိတ်ပညာ စာအုပ်တွေထဲမှာတော့ ကိုယ့်ကိုကိုယ် ပြန်မြင်ကြည့်တဲ့အခါမှာ ဒီ Brand မှ ဒီ Brand ပဲဖြစ်နေပြီဆိုရင် ကိုယ်က Branded ဖြစ်သွားပြီလို့ ပြောကြတယ်။ အဲ့လိုဖြစ်သွားပြီဆိုရင် ကိုယ့်ရဲ့ Brand ကိုတိုက်ခိုက်လာသမျှကို တန်ပြန်တိုက်ခိုက်တာတွေ လုပ်တတ်လာပြီ။ အကောင်းပဲမြင်ပြီး အဆိုးတွေအမြင်တတ်တော့ဘူးလို့ ရေးကြတယ်။ Fan ဆိုတာလည်း ဒီသဘောပါပဲ။

ဒီလိုဘာလို့ ဖြစ်ရသလဲ စမ်းသပ်ထားတာရှိပါတယ်။
လူတစ်အုပ်စုကို ရေတစ်ဗူးဘယ်လောက်တန်မလဲ အရင်ဆုံးမေးလိုက်တယ်။ အကုန်လုံးသဘောတူတဲ့ စျေးတစ်ခုရလာတယ်။ ၁၀၀၀ တန်တယ်ဆိုပါစို့။
အဲ့ဒီအခါမှာ စမ်းသပ်သူက သူတို့ထဲက တစ်ယောက်ကို ရေဗူးတစ်ဗူး အလကားပေးလိုက်တယ်။ ၁နာရီလောက်ကြာတော့ ဘယ်လောက်နဲ့ပြန်ရောင်းမလဲလို့မေးတယ်။ တကယ်ဆိုရင် ၁၀၀၀ နဲ့ပဲပြန်ရောင်းသင့်တာပေ့ါ။ ဒါပေမယ့် စျေးတင်ပြီး ပြန်ရောင်းကြတယ်။
ကိုယ်ပိုင်ဆိုင်လိုက်ရတဲ့ပစ္စည်းက အလကားရထားတာဆိုရင်တောင် တန်ဖိုးတက်သွားတယ်လို့ ဆိုတယ်။ ဒါကို Endowment Effect လို့ခေါ်တယ်။
ဒါကို Branded ဖြစ်တဲ့လူတွေမှာ တွေ့ရတတ်တယ်။ ငါကြိုက်လို့၊ ငါပိုင်လို့ ပိုကောင်းတာဆိုတဲ့သဘောပေါ့

နောက်တစ်ခုရှိပါသေးတယ်။ ကိုယ်ပြန်မရနိုင်မယ့် နေရာတွေမှာ ငွေကို ရင်းနှီးမြုပ်နှံလိုက်တော့ ရေလိုက်ငါးလိုက် နေလိုက်ကြတော့တာပါ။ ဥပမာ ရုပ်ရှင်ရုံထဲရောက်မှတော့ ဇာတ်လမ်းမကောင်းလည်း ဆက်ထိုင်နေလိုက်ပါတော့မယ် ဆိုတဲ့သဘောမျိုးပါ။
ကိုယ်က တော်တော်များများရင်းနှီးထားမိပြီဆိုရင် နောက်ပြန်ဆုတ်ပြီး အခြားတစ်ခုကို ပြောင်းဖို့က ခက်သွားပြီလေ။

ကိစ္စတစ်ခုစလိုက်ပြီးရင် နည်းနည်းလေးတော့လွဲနေပေမယ့် လွဲလွဲလေးနဲ့ပဲရှေ့ဆက်သွားတာမျိုးပေါ့။
ကျွန်တော်စာတစ်ပုဒ်ရေးနေတဲ့အချိန် အလယ်လောက်ရောက်လာတဲ့အခါ သိပ်ပြီးပုံမလာဘူးခံစားရရင် နောက်တစ်ပုဒ်ပြောင်းမရေးဖြစ်ဘူး။ ဒါကိုပဲ မရရအောင် ဆက်ရေးတယ်။ ရှေ့မှာ အချိန်တွေကုန်ခဲ့တာကြောင့်ပါ။
အိမ်ထောင်ရေးအဆင်မပြေပေမယ့် မကွဲနိုင်ကြသေးတဲ့လင်မယားတွေလည်း ဒီလိုပါပဲ။ ရင်းနှီးထားတဲ့အချိန်တွေက ပြန်မှမရနိုင်တော့တာ…။
ဒါကို Sunk Cost Fallacy လို့ခေါ်တယ်။

ဒီတော့ Endowment Effect နဲ့ Sunk Cost Fallacy က Branded ဖြစ်တဲ့လူတွေ၊ Fanboy, Fangirl တွေမှာ တွေ့ရတတ်တယ်။
သူတို့ ဘာလို့ကြိုက်ရသလဲလို့ မေးရင်တော့ စာအရှည်ကြီးတွေနဲ့ ဘာလို့ကြိုက်ရတာလဲဆိုတာ ရှင်းကြတယ်။ ဒါပေမယ့် ဒါဟာ Objective ကျကျ စဉ်းစားကြတာမျိုးမဟုတ်ဘဲ ခံစားချက်တွေအရ ပြောနေကြတာသာဖြစ်ပါတယ်။ ဒါကြောင့် Bias တွေ ပါနေမှာပါပဲ။
သိစေချင်တာက အဲ့လိုရေးလိုက်တာဟာ သူများရဲ့အမြင်ကို ပြောင်းလဲသွားစေဖို့ ရည်ရွယ်တာမဟုတ်ပါဘူး၊ ကိုယ့်အမြင်ကို သေချာအောင် လုပ်နေခြင်းသာဖြစ်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 2)

ဒီအပိုင်းမှာတော့ အမေးများတဲ့ မေးခွန်းတွေကို ညီကိုတို့ နှမတို့ နားလည်သွားအောင် ဖြေပေးလိုက်ပါတယ်။

(ရှေ့အပိုင်းကို ဒီမှာဖတ်ပါ)

အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)
https://ouo.io/6WODbb

၁။ ၁၂နာရီခြားပြီး ဒုတိယတလုံးကိုသောက်တဲ့အခါ စောသောက်မိရင် ထပ်သောက်စရာလိုသလား?

အရေးပေါ်တားဆေး ၂လုံးကို ၁၂နာရီခြားသောက်တဲ့အခါ နောက်ကျပြီးမသောက်မိဖို့က ပိုအရေးကြီးပါတယ်။

အချိန်စောပြီးသောက်မိတာက ပြဿနာမရှိပါ။
ထပ်သောက်ဖို့မလိုပါ။

၂နာရီအတွင်း အန်ပစ်လိုက်မှသာ ထပ်သောက်ရပါမယ်။

၂။ မတော်တဆ ကိုယ်ဝန်ရှိသွားရင် တားဆေးက ကလေးကို သေစေမလား?

သောက်ရတဲ့ အရေးပေါ်တားဆေးတွေက ကိုယ်ဝန်မရအောင်ပဲတားပေးတာပါ။ ကိုယ်ဝန်ရသွားရင် ဘာအာနိသင်မှမရှိတော့သလို ကလေးကိုလဲ အန္တရာယ်မဖြစ်စေပါ။

မတော်တဆ ကိုယ်ဝန်ရသွားရင်တောင် တားဆေးကြောင့် ကလေးမှာ ကိုယ်လက်မစုံလင်တာ ၊လမစေ့ဘဲမွေးတာ ၊ကြပ်မပြည့်တာ စတာတွေ ဘာမှမဖြစ်တတ်ပါ။

အရေးပေါ်တားဆေးက ကလေးကိုဖျက်ချတဲ့ ဖျက်ဆေးမဟုတ်ပါ။ကလေးဆိုတာဖြစ်မလာခင် ကြိုကာလိုက်တဲ့ဆေးမို့ ပါဏာတိပါတာကံထိုက်မှာလဲ မစိုးရိမ်ရပါ။

၃။ အရေးပေါ်တားဆေးသောက်တိုင်း ကိုယ်ဝန်မရတာသေချာလား?

၁၀၀% တော့ ဘယ်အရာမှမကာကွယ်နိုင်ပါ။ နည်းလမ်းမှန်မှန်နဲ့ အချိန်မကျော်ဘဲ သောက်နိုင်ရင် ၉၈% လောက်အထိကာကွယ်ပေးနိုင်ပါတယ်။

၄။ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကိုရော တားဆေးက ကာကွယ်ပေးသလား?

လုံးဝမကာကွယ်ပါဘူး။

ကွန်ဒုံးသုံးခြင်း တခုတည်းကသာ အေအိုင်ဒီအက်စ်ရောဂါ၊ ကာလသားရောဂါ စတဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်တာပါ။ ဒါကြောင့် ကွန်ဒုံးသုံးဖို့ အရေးကြီးပါတယ်။

၅။ အရေးပေါ်တားဆေးသောက်ရင် နောက်ပိုင်းကလေးမရတော့တာ မြုံသွားတာတွေ ဖြစ်နိုင်လား?

လုံးဝမဖြစ်ပါဘူး။

အရေးပေါ်တားဆေးက တကြိမ်တခါပဲ ရေတိုသောက်တာဖြစ်လို့ အမျိုးသမီးရဲ့မျိုးပွားခြင်းကို မထိခိုက်ပါ။ အများထင်သလို တားဆေးကြောင့် မြုံသွားတာ ကလေးမရတော့တာနဲ့ လုံးဝမဆိုင်ပါ။

၆။ အရေးပေါ်တားဆေးသောက်ထားရင် နောက်တကြိမ် လိင်ဆက်ဆံမိတာကိုရော ကာကွယ်လား?

မကာကွယ်ပါဘူး။

အရေးပေါ်တားဆေးဆိုတာ ဖြစ်ပြီးခဲ့တဲ့ လိင်ဆက်ဆံမှုကိုပဲ တကြိမ်သာကာကွယ်ပေးတာပါ။ အရေးပေါ်တားဆေးသောက်ထားတာပဲ ဆိုပြီး နောက်တကြိမ် ထပ်ပြီး sex ကိစ္စရှိလာမယ်ဆိုတိုင်း အကာကွယ် ကွန်ဒုံးသုံးရပါမယ်။

သို့မဟုတ် ရေရှည်အတွက် သောက်ရမယ့် နေ့စဥ်သုံး လစဥ်သုံးတားဆေးမျိုးကို ပြောင်းသုံးရပါမယ်။

အရေးပေါ်တားဆေးရဲ့သဘောက အရေးပေါ်တကြိမ်ပဲကာကွယ်တာပါ။

၇။ အရေးပေါ်တားဆေးက ဘာဆိုးကျိုးတွေရှိလဲ?

ယေဘုယျအားဖြင့် ဘာဆိုးကျိုးမှမရှိတတ်ပါ။

အနည်းငယ် ပျို့ချင် အန်ချင် ခေါင်းမူးတာလောက်ပဲဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေးပေါ်တားဆေးနဲ့ မတည့်တဲ့လူမရှိသလောက်နည်းပါတယ်။

၈။ အရေးပေါ်တားဆေးသောက်ထားရင် ရာသီထိမ်တာ နောက်ကျတာဖြစ်တတ်လား?

အမျိုးသမီး ၆၀% လောက်မှာတော့ ရာသီရက်အပြောင်းအလဲဖြစ်တတ်ပါတယ်။

တချို့က ၃ရက်လောက်စောလာတတ်ပြီး တချို့က ၃ ရက်လောက် နောက်ကျတတ်ပါတယ်။

နောက်ကျတဲ့သူတွေက ကိုယ်ဝန်ရသွားပြီလားလို့ စိတ်ပူတတ်ပါတယ်။ မပူပါနဲ့။ ရာသီပုံမှန်လာနေကျရက်ကိုကျော်ပြီး
တပတ်လောက်အထိစောင့်ကြည့်လို့ရပါတယ်။ တပတ်လောက်စောင့်လို့မှ မလာသေးရင် ဆီးစစ်တံဝယ်ပြီး ဆီးစစ်ကာ အဖြေရှာကြည့်နိုင်ပါတယ်။

၉။ အရေးပေါ်တားဆေးကို အမြဲနေ့တိုင်းသောက်သင့်သလား?

လုံးဝ လုံးဝ မသောက်ရပါ။

ရေရှည်သောက်ဖို့ အရေးပေါ်တားဆေးကို ထုတ်ထားတာမဟုတ်ပါ။ ရေရှည်သောက်ရင် ကျန်းမာရေးကို ထိခိုက်တတ်ပြီး ကိုယ်ဝန်ရသွားနိုင်ခြေပိုပို များလာပါတယ်။

တကြိမ်တခါ အမှားပြင်ဖို့သာ ဆောင်ထားပြီးသောက်သင့်ပါတယ်။ ရေရှည်ကိုယ်ဝန်တားချင်ရင် တခြားသောက်ဆေး ထိုးဆေးတွေနဲ့ ကွန်ဒုံးကိုရွေးလို့ရပါတယ်။

၁၀။ အရေးပေါ်တားဆေးကို ဆရာဝန်ဆီမသွားဘဲ သောက်လို့ရသလား?

ရပါတယ်။

ဆေးသောက်တဲ့နည်းလမ်းတွေသေချာသိရင် မိမိဘာသာသေချာသောက်ပြီး နေလို့ရပါတယ်။ ဆေးသောက်ပြီးရင်လဲ ဆရာဝန်နဲ့ပြစရာမလိုပါ။

ကိုယ်ဝန်ရှိ မရှိသိချင်တာဖြစ်ဖြစ်၊ ဆေးအကြောင်းတခုခုသိချင်တာရှိရင်တော့ ဆရာဝန်နဲ့ ဆက်သွယ်တိုင်ပင်လို့ရပါတယ်။

ညီကိုတို့ နှမတို့ ထပ်သိချင်တာရှိရင် science nuts telegram မှာလဲ မေးထားလို့ရပါတယ်။

အပူအပင်ကင်းစွာနဲ့ လူငယ်ဘဝကို ဖြတ်ကျော်နိုင်ပါစေ။

Min Ko Gyi

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သတိပြုဖွယ် မျက်နှာပေါ်က Danger နေရာ

သင့်မျက်နှာပေါ်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတနေရာရှိပါတယ်။

အဲ့နေရာက လူသိပ်မသိကြပေမယ့် ပိုးဝင်ခဲ့ရင် ဆိုးဆိုးရွားရွားဖြစ်တတ်ပြီး ဦးနှောက်ထဲအထိ ပိုးရောက်နိုင်ပါတယ်။

အခန့်မသင့်ရင် ပိုးဆိပ်သင့်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

အဲ့နေရာလေးကို Danger area of the face လို့ခေါ်ပြီး အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားတဝိုက် တြိဂံပုံနေရာလေးဖြစ်ပါတယ်။

မျက်နှာပေါ်က အဲ့နေရာလေးရဲ့ သွေးပြန်ကြောတွေဟာ ဦးခေါင်းအတွင်းထဲမှာရှိတဲ့ Cavernous sinus လို့ခေါ်တဲ့ သွေးအိုင်နေရာနဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိပါတယ်။

Cavernous sinus သွေးအိုင်လေးထဲမှာ အာရုံကြောမကြီး ၄ချောင်းနဲ့ သွေးလွှတ်ကြောမကြီး တချောင်းရှိပါတယ်။

အဲ့သွေးအိုင်ထဲကသွေးတွေက ဦးနှောက်နဲ့ ဦးနှောက်အမြှေးပါးဆီ သွားရောက်ဆက်သွယ်ထားပါတယ်။

ဒါကြောင့် ဝက်ခြံတို့ ၊ အပူနာတို့၊ မွေးကျွတ်နာ စတဲ့ အနာတွေ danger area မှာပေါက်လာရင် သန့်ရှင်းရေးကို အလွန်ဂရုစိုက်သင့်ပါတယ်။

မသန့်တဲ့လက်နဲ့ ဝက်ခြံညှစ်မိတာဖြစ်ဖြစ် ၊ အနာကိုကုတ်မိတာ ဖဲ့မိတာဖြစ်ဖြစ်လုပ်မိရင် အခန့်မသင့်ဘဲ ပိုးဝင်သွားတတ်ပါတယ်။

ပိုးဝင်တဲ့အခါ တခြားမျက်နှာအစိတ်အပိုင်းနဲ့မတူဘဲ
Danger area ကပိုးတွေက Cavernous sinus ထဲရောက်ပြီး သွေးခဲပိတ်တာဖြစ်တတ်ပါတယ်။

အဲ့လိုဖြစ်ရင် ဦးနှောက်အာရုံကြောတွေထိခိုက်နိုင်ပါတယ်။

ပိုဆိုးလာတဲ့အခါ ဦးနှောက်ထဲအထိ ပိုးဝင်ပြီး
ဦးနှောက်ပြည်တည်ခြင်း ၊ ဦးနှောက်အမြှေးပါးယောင်ယမ်း၍ ဖျားခြင်း ၊ခေါင်းမတရားကိုက်ခြင်းစတာတွေဖြစ်တတ်ပါတယ်။

အခုခေတ်မှာတော့ ပိုးသတ်ဆေးကအလွယ်တကူ ဝယ်လို့သောက်လို့ရနေတော့ အသေအပျောက်မများတော့ပေမယ့် တခေတ်တခါကတော့ ပိုးဝင်ပြီး အသေအပျောက်များခဲ့ပါတယ်။

ဒါပေမယ့်လဲ ပိုးသတ်ဆေးယဥ်ပါးမှုပြဿနာတွေလဲ ရှိလာပြီဖြစ်လို့ မျက်နှာကနေ ပိုးဝင်ရင် ပိုးသတ်ဆေးမနိုင်တဲ့အကောင်တွေပါပြီး ဒုက္ခရောက်တတ်တာမို့ Danger area မှာ အနာပေါက်ရင် သတိထားကိုင်တွယ်ဖို့လိုပါမယ်။

မျက်နှာကို ဆပ်ပြာနဲ့ သန့်စင်စွာ သစ်၍ လက်ကိုသေချာဆေးကြောပြီးမှသာ အနာကိုင်တာ ၊ ဝက်ခြံညှစ်တာလုပ်သင့်ပါတယ်။

တခါတခါ လက်သည်းတွေရှည်နေရင်လဲ လက်သည်းကြားကပိုးတွေကြောင့် အနာမှာ ပိုးဝင်တတ်တာလဲ သတိထားသင့်ပါတယ်။

ရှားရှားပါးပါးဖြစ်စဥ်ဆိုပေမယ့် အခန့်မသင့်ရင် ဘာမဟုတ်တာလေးနဲ့လဲ ဆိုးကျိုးဖြစ်တတ်လို့ ဒီစာလေးကနေ သတိပြုမိပါစေလို့ ဆန္ဒပြုပါတယ်။

Dr. Venice

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started