သင်မသိသေးတဲ့ သင့်အသက်ကျေးဇူးရှင် မြင်းခွာဂဏန်း (သို့) ကင်းဖိုကင်းမ

ပင်လယ်ထဲမှာနေပြီး ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုးပုံစံနဲ့ ဒီအကောင်ကို မြင်းခွာဂဏန်း (Horseshoe crab) လို့ခေါ်ကြပြီး တချို့ကလဲ ကင်းဖိုကင်းမလို့ခေါ်သလို မိုင်းဒါး/ဗီလား စသဖြင့်လဲခေါ်ကြပါတယ်။

ဒီအကောင်တွေက ရေနေသတ္တဝါထဲမှာ ရှေးဘိုးဘေးဘီဘင် ကမ္ဘာဦးအစလောက်ထဲက ရှိခဲ့တဲ့ အကောင်တွေဖြစ်ပါတယ်။ မြင်းခွာပုံ အခွံမာမာကြီး ရှိပြီး အမြီးရှည်တချောင်းရှိပါတယ်။

ရေကူးရင် ပက်လက်ကူးပြီး အမြီးနဲ့ထောင့်ချိုးကာ ကူးခတ်တတ်ပါတယ်။

ထူးခြားတာက သူ့နာမည်မှာ ဂဏန်းပါပေမယ့် သူကဂဏန်းအုပ်စုဝင်မဟုတ်ဘဲ ပင့်ကူတို့ ကင်းမြှီးကောက်တို့ အနွယ်ဝင်တမျိုးဖြစ်ပါတယ်။

မြင်းခွာဂဏန်းတွေက မျက်လုံး ၉ လုံးတောင်ရှိလို့ အမြင်အာရုံကောင်းမွန်ပြီး မျက်လုံး ၂ လုံးက compound eyes တွေဖြစ်ပါတယ်။ သူ့ရဲ့သွေးက သူ့ကိုနာမည်ကြီးစေတဲ့အချက်လဲဖြစ်သလို သူ့ကိုမျိုးတုံးစေတော့မယ့် အကြောင်းလဲဖြစ်နေပါတယ်။

လူနဲ့အခြားတိရစ္ဆာန်တွေမှာ သွေးလှည့်အဖွဲ့ circulation system က closed system ဖြစ်ပါတယ်။ ဆိုလိုတာက သွေးတွေကို သွေးကြောထဲမှာပဲသယ်ပို့ပါတယ်။ ရေပိုက်နဲ့ ရေတွေသယ်ပို့သလိုပေါ့။

မြင်းခွာဂဏန်းမှာကကျ open circulation system ဖြစ်ပါတယ်။ သွေးကြောအပြင်မှာပါ သွေးတွေလည်ပတ်နေတဲ့သဘောပါ။ မြင်းခွာဂဏန်းရဲ့သွေးက အပြာရောင်ဖြစ်ပါတယ်။ အပြာရောင်သွေးဖြစ်နေရတဲ့အကြောင်းက Hemocyanin ဆိုတဲ့ ရောင်ခြယ်ပစ္စည်းကြောင့်ပါ။ အနီရောင်သွေးကတော့ Hemoglobin ဆိုတဲ့အနီရောင်ခြယ်ပစ္စည်းကြောင့်ပါ။

မြင်းခွာဂဏန်းရဲ့သွေးထဲမှာ အထူးခြားဆုံးအချက်က
Amebocyte လို့ခေါ်တဲ့ စစ်သားတွေရှိပါတယ်။ လူတွေမှာရှိတဲ့ သွေးဖြူဥတွေလိုပဲ Amebocyte တွေက ဘက်တီးရီးယားပိုးတွေကို တိုက်ခိုက်ပြီး ရောဂါမရအောင် ကာကွယ်ပေးတာပါ။

Amebocyte ရဲ့ အားသာတဲ့အချက်က ဘက်တီးရီးယားပိုးတွေကို သတ်ပေးတဲ့အပြင် ဘက်တီးရီးယားပိုးကထုတ်တဲ့ အဆိပ် (endotoxin) ကိုပါရှာဖွေပေးနိုင်ပါတယ်။

အဲ့အချက်ကိုသိသွားတဲ့ သိပ္ပံပညာရှင်တွေက မြင်းခွာဂဏန်းဆီက သွေးကိုထုတ်ပြီး Amebocyte တွေစုဆောင်းပါတယ်။ အများအားဖြင့် အတ္တလန်တိတ်သမုဒ္ဒရာမှာနေတဲ့ Limulus အမည်ရှိ မြင်းခွာဂဏန်းကိုသုံးပါတယ်။

Limulus မြင်းခွာဂဏန်းကရတဲ့ Amebocyte မို့
LAL (Limulus Amebocyte Lysate)လို့အတိုခေါ်ပါတယ်။ LAL ကတကယ့် အဖိုးတန်ပစ္စည်းပါ။

လူတွေသောက်နေတဲ့ ဆေးဝါးတွေ ၊ ထိုးနေတဲ့ ကာကွယ်ဆေးတွအတော်များများမှာ ဘက်တီးရီးယားအဆိပ်ပါမပါ စမ်းတဲ့အခါ LAL ကိုသုံးရပါတယ်။ ဘက်တီးရီးယားအဆိပ်ပါနေတဲ့ ကာကွယ်ဆေးသာထိုးမိရင် အသက်အန္တရာယ်ရှိတာမို့ ဆေးဝါးကုမ္ပဏီတွေက LAL နဲ့ မဖြစ်မနေစမ်းသပ်ပြီးမှ ဆေးဝါးကိုရောင်းချရပါတယ်။

ကာကွယ်ဆေးတွေထုတ်တာများလာလေ LALတွေပိုသုံးရလေဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေးထုတ်ရင်လဲ LAL နဲ့စမ်းရတာမို့ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း ၅ ဘီလီယံလောက်ထုတ်မယ်လုပ်တိုင်း LAL နဲ့စမ်းသပ်မှုပေါင်း အကြိမ် ၆သိန်းလောက်စမ်းရပါတယ်။

မြင်းခွာဂဏန်းရဲ့သွေးက ဂဏန်းကိုဖမ်းပြီးမှရတာမို့ LAL လိုလာလေ ဂဏန်းတွေဖမ်းရလေ ဖြစ်ကုန်ပါတယ်။ ဒီနေရာမှာ လူလုပ် LAL ဆိုပြီး မြင်းခွာဂဏန်းသွေးကို အတုယူတီထွင်ထားတဲ့အရာတော့ရှိပါတယ်။ rFC (recombinant factor C)လို့ခေါ်ပြီး မြင်းခွာဂဏန်းသွေးကို အစားထိုးဖို့ ကြံစည်ကြပါတယ်။

သို့သော် နောက်ပိုင်းမှာ အမေရိကန် FDA က rFC ရဲ့ယုံကြည်စိတ်ချရမှုအားနည်းလာတာကိုတွေ့လို့ သိပ်ပေးမသုံးချင်တော့ပြန်ပါဘူး။ အဲ့တော့ ကံဆိုးသူ မြင်းခွာဂဏန်းလေးများဖက်ကိုပဲ မြားဦးက ပြန်လှည့်လာရပါတော့တယ်။

လွန်ခဲ့တဲ့ ၁၉၀၀ခုနစ်တွေမှာ ကုန်းပေါ်ကို ဥလာအုတဲ့ မြင်းခွာဂဏန်းအရေအတွက် သန်းနဲ့ချီရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖမ်းဆီးသတ်ဖြတ်တာတွေစွန်းများလာလို့ အကောင်ရေ ၃သိန်းလောက်ပဲ ကုန်းပေါ်မှာတွေ့ရပါတော့တယ်။

ဆေးကုမ္ပဏီကြီးတွေကတော့ သူတို့ဖမ်းတဲ့ မြင်းခွာဂဏန်းဆီက သွေးကိုလိုသလောက်ပဲထုတ်ယူပြီး ပြန်လွှတ်ပေးတယ်လို့ပြောကြပါတယ်။ သို့သော် ပြန်လွှတ်တဲ့အကောင်တွေထဲမှာ ၃၀ရာခိုင်နှုန်းလောက်က သေကုန်ကြတာနဲ့ ငါးဖမ်းသင်္ဘောတွေက ဖမ်းသွားကြတာနဲ့ဆိုတော့ တဖြေးဖြေး အရေအတွက်နည်းလာပါပြီ။

မြင်းခွာဂဏန်းကို စားကြတဲ့သူတွေကလဲ မနည်းလှပါဘူး။ အထူးသဖြင့် ထိုင်းအစားစာတွေမှာတွေ့ရသလို ကျနော်တို့ဆီမှာလဲ ကင်းဖိုကင်းမဆိုပြီး ပြုတ်စားကြ၊ ပေါင်းစားကြ၊ ကင်စားကြ၊ သုတ်စားကြနဲ့လုပ်ကြပါတယ်။

မြင်းခွာဂဏန်းဆီကသွေးကဆေးဖက်ဝင်တယ်ဆိုပြီးသောက်ကြတာလဲရှိပါတယ်။ ဒီတိုင်းသွေးကိုသောက်တာ ဘာမှဆေးဖက်ဝင်မှာမဟုတ်ပါ။

ဆေးထုတ်လုပ်တဲ့နေရာမှာသာ အသုံးဝင်တာပါ။ မြင်းခွာဂဏန်းတွေ မျိုးတုံးလာရင် ဂေဟစနစ်ကြီးတခုလုံး ပျက်စီးပြီး တခြားအကောင်တွေပါမျိုးတုံးလာမှာပါ။

တချို့ပင်လယ်လိပ်မျိုးတွေ ငှက်တွေဟာ မြင်းခွာဂဏန်းဥကိုစားပြီး အသက်ရှင်ရတာမို့ မြင်းခွာဂဏန်းတွေနည်းလာလေ သူတို့ပါအငတ်ဘေးနဲ့သေကုန်ကြလေဖြစ်ပါတယ်။ လူတွေအတွက်လဲ မြင်းခွာဂဏန်းက စားလို့ရပေမယ့် အသားကလဲ အဲ့လောက်မပေါလှပါဘူး။

တခြားရွေးစားစရာ ပင်လယ်စာတွေလဲပေါမှပေါမို့ လူတွေကိုအကျိုးပြုတဲ့ မြင်းခွာဂဏန်းကိုတော့ ရှောင်စေချင်ပါတယ်။ တချို့မြင်းခွာဂဏန်းမျိုးတွေက tetrodotoxin (ငါးပူတင်းမှာပါတဲ့အဆိပ်) အဆိပ်ရှိပါတယ်။

သင်ဘဝမှာဆေးတလုံးထိုးဖူးရင်ဖြစ်ဖြစ် ဆေးတလုံးသောက်ဖူးရင်ဖြစ်ဖြစ် မြင်းခွာဂဏန်းသွေးနဲ့စမ်းထားတဲ့ဆေးဖြစ်နိုင်တဲ့အတွက် သူ့ကျေးဇူးတရား ကိုယ့်မှာ ရှိပါတယ်။

ဒါကြောင့် ဒီစာလေးဖတ်ပြီး အသိတခုခုရသွားရင် ကျေနပ်ပါပြီ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

LGBT စိတ်ပညာ တိုးတက်လာမှုများ

အရင်ခေတ်က LGBT Psychology ဆိုတာ မရှိခဲ့ပါဘူး။ စိတ်ပညာမှာ တကယ်ပွင့်လင်းလာတာက ၁၉၈၀ နောက်ပိုင်းမှပါ။ အဲ့တုန်းကတောင် Gay နဲ့ Lesbian ဆိုတာပဲရှိပါသေးတယ်။ နောက်ပိုင်းမှသာ Bisexual, Transgender, ထည့်ပြီး LGBT ဆိုတာဖြစ်လာတာပါ။ အခုတော့ Queer, Intersex ဆိုပြီးထပ်ထည့်လိုက်လို့ LGBTQI ဆိုပြီး ဖြစ်နေပါပြီ။ ဘယ်လောက်ထိ ဖြစ်နေပြီလဲဆိုတာ အောက်ကပုံမှာသာကြည့်ကြပါတော့။

နာမည်ပေး ကင်ပွန်းတပ်တာတောင် ဒီလောက်ရှုပ်ထွေးနေရင် လေ့လာတဲ့အခါမှာလည်း ရှုပ်ထွေးမှုတွေရှိနေပါတယ်။
Same sex ကိုပဲလေ့လာတဲ့ LGB ကိုပဲပြောရမလား၊ Trans တွေ Intersex တွေလိုမျိုး မွေးလာတဲ့ Sex ကိုပြောင်းလဲလိုက်တဲ့လူတွေကိုရော လေ့လာရမလား၊
Queer တွေကိုရောလေ့လာကြမလား ဆိုတာတွေရှိလာပါတယ်။ (Queer ဆိုတာ အရင်ခေတ်ကတော့ Homosexual တွေကို နံနှိမ်ပြီးခေါ်တဲ့နာမည်ပါ၊ မှတ်မှတ်ရရ Stephen King ရဲ့ IT ဝတ္ထုထဲမှာ ဒီလိုခေါ်တာကို ထည့်ရေးထားဖူးတယ်)

ပထမဆုံး Homosexual အခွင့်အရေးကို လူသိရှင်ကြားတောင်းခဲ့တာ ၁၈၉၇ တုန်းကလို့ စာအုပ်တွေကရေးကြပါတယ်။ ဦးဆောင်ခဲ့တာကတော့ Homosexual ဆရာဝန်နဲ့ ရှေ့နေတစ်ယောက်ကပါ။
သူတို့ဦးဆောင်ပြီး Sexual Science အတွက် အင်စတီကျုတစ်ခုတည်ထောင်ခဲ့ပေမယ့် နာဇီတွေက ဖျက်ဆီးခဲ့ပါတယ်။

သူတို့နှစ်ယောက်ပေါင်းပြီး တတိယလိင်ဆိုတဲ့သဘောကို စပြီးဖော်ထုတ်လာပါတယ်။ ယောက်ျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ်တဲ့ လိင်တစ်ခုကို ဆိုလိုချင်တာပါ။ (ခုခေတ်မှာတော့ ဒါကို LGBT လို့ခေါ်နေကြပါပြီ)
သူတို့ကတော့ သူတို့ဘာသာစကားနဲ့ နာမည်တွေပေးထားတာပေါ့။
Dioning က “သာမန်” ယောက်ျား
Dioningin က “သာမန်” မိန်းမ
Urning က ယောက်ျားခန္ဓာကိုယ်၊ မိန်းမစိတ်၊ ယောက်ျားတွေကို သဘောကျတယ်။
Urningin က မိန်းမခန္ဓာကိုယ်၊ ယောက်ျားစိတ်၊ မိန်းမတွေကို သဘောကျတယ်။
Uranodioning က ယောက်ျား Bisexual
Uranodioningin က မိန်းမ Bisexual
Zwitter က Intersex လို့ဆိုတယ်။ (Intersex ဆိုတာ မွေးလာတဲ့အချိန်မှာ ယောက်ျားလား၊ မိန်းမလား လိင်အင်္ဂါမကွဲပြားတဲ့သူတွေကို ခေါ်တာပါ)

ဒါကိုကြည့်ခြင်းအားဖြင့် အစောပိုင်းကာလက Sexologist တွေဟာ ယောက်ျား၊ မိန်းမဆိုတာကို Ideal ဖြစ်တယ်ဆိုပြီး မြင်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် ယောက်ျားခန္ဓာကိုယ်နဲ့ ယောက်ျားကို သဘောကျတိုင်း မိန်းမစိတ် ဟုတ်မနေပါဘူး။ မိန်းမတွေလည်း ဒီလိုပါပဲ။
ဒါ့အပြင် Active လား၊ Passive လား၊ ၂ခုလုံးလားဆိုတာလည်း ရှိပါသေးတယ်။
ဒီတော့ ဒီအမြင်မှာ လိုအပ်ချက်တွေရှိနေပါသေးတယ်။ ဒါပေမယ့် ဒါက အစောပိုင်းကာလပါ။

ဘိုးတော်ကြီး Sigmund Freud လက်ထက်ရောက်လာမှ Sexuality ဆိုတာဘာလဲ လူတွေသိလာကြတာပါ။
အခု ဆက်ပြောမယ့်စာတွေဟာ နားလည်ရခက်နိုင်သလို ရိုင်းတယ်လို့လည်း ထင်ကောင်းထင်နိုင်ပါတယ်။
လူတွေဟာ မွေးကင်းစအရွယ်ကတည်းက Pleasure ကို ခန္ဓာကိုယ်အနှံ့ကနေ ရတယ်လို့ဆိုပါတယ်။ ဒါကို Polymorphous Perversity လို့ရေးကြပါတယ်။ ဒါကို အဆင့် ၅ ဆင့်နဲ့ ဖြတ်သန်းကြတယ်လို့ဆိုပါတယ်။

ပထမအဆင့်ကို Oral Stage လို့ခေါ်တယ်။ မွေးကင်းစကနေ ၁၈ လအထိပါ။ သူက အမေ့နို့ကို စို့တဲ့အခါ ကလေးရဲ့ ပါးစပ်မှာ Pleasure ဖြစ်တယ်လိို့ဆိုတယ်။

ဒုတိယအဆင့်က Anal Stage ပါ။ ၁၈ လကနေ ၃နှစ်အထိ ပါဝင်တယ်။ ဒီအရွယ်မှာ ဆီးသွား၊ ဝမ်းသွားတာကို ထိန်းချုပ်ကြည့်ရင်း အဲ့ဒီကနေ Pleasure ရတယ်လို့ဆိုတယ်။

တတိယအဆင့်က Phallic Stage ပါ။ ၃နှစ်ကနေ ၆နှစ်ထိပါဝင်တယ်။ ဒီအရွယ်မှာ ကိုယ့်ရဲ့လိင်အင်္ဂါအကြောင်းကို ကလေးက သိနေပြီ၊ တခြားကလေးတွေရဲ့ လိင်အကြောင်းကိုလည်း နားလည်နေပြီ၊ ကျား၊ မဆိုတာ ရှိပါလားဆိုပြီး သိနေကြပြီ။ လှန်လှောစစ်ဆေးတတ်နေကြပြီ။

ဒီနေရာမှာ နည်းနည်းရိုင်းတဲ့ကိစ္စတစ်ခုကို ပြောရပါလိမ့်မယ်။ ဒါကိုတော့ ဘိုးတော်က Oedipus Complex လို့ခေါ်ပါတယ်။ ကိုယ့်မိဘထဲက ဆန့်ကျင်ဘက်လိင်ကို တောင့်တတာကို ပြောတာပါ။ ကလေးက ယောက်ျား၊ မိန်းမသဘောကို သိနေပြီဆိုတော့ ဒီလိုဖြစ်လာတာပါ။
ဒါပေမယ့် Same Sex Parent ကို တမ်းတတာလည်း ရှိတတ်ပါတယ်။ ဥပမာနဲ့ပြောချင်ပါတယ်။ ကိုယ်က ယောက်ျားလေးဆိုရင် အမေကို တမ်းတတတ်တယ်၊ အမေကို မရရခြင်းအကြောင်းက အဖေကြောင့်လို့ သိတယ်။ ဒီတော့ အဖေ့ဆီကို Attention ရောက်သွားတယ်ဆိုပါတော့။ ဒါတွေကို ကလေးကမသိပါဘူး။ မသိစိတ်မှာဖြစ်နေတာလို့ဆိုတယ်။

စတုတ္ထအဆင့်က Latent Stage ပါ။ ၇နှစ်နေ လူပျို၊ အပျိုဖြစ်တဲ့အထိလို့ဆိုတယ်။ ဒီကာလမှာ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ မိဘကို မရနိုင်ဘူးလို့ တွေးမိပြီး ရွယ်တူဆန့်ကျင်ဘက်လိင်ကို ပြောင်းပြီး တမ်းတတတ်တယ်လို့ ဆိုပါတယ်။
ကလေးမှာ ဟီရိသြတ္တပ္ပတရားရှိလာပြီလို့ ဆိုနိုင်ပါတယ်။

နောက်ဆုံးအဆင့်ကတော့ Genital Stage ပါ။ လူပျို၊ အပျိုဖြစ်တဲ့အချိန်ကနေစပြီး သေတဲ့အထိပဲလို့ဆိုပါတယ်။ ကိုယ့်မိသားစုရဲ့ပြင်ပကလူတွေကို စိတ်ဝင်စားလာတာပါ။

ဒီဘိုးတော်ကျွမ်းကျင်တဲ့ Psychoanalysis ဟာ Pseudoscience လို့ တချို့ပညာရှင်တွေက ဝေဖန်ကြပါတယ်။ ဘာလို့လဲဆိုတော့ Hypothesis တွေပဲများနေပြီး စမ်းသပ်ကြည့်လို့မလွယ်လို့ပါ။ (ဒါတွေကို အမှန်လို့မယူစေချင်သလို လုံးဝလည်း မပစ်ပယ်လိုက်စေချင်ပါဘူး)

ဒီတော့ Main Topic နဲ့ပြန်ချိတ်ရရင် Sigmund Freud ရဲ့သီအိုရီဟာ အခြားသူတွေမြင်သလို မွေးကတည်းက လိင်ကိုသတ်မှတ်လိုက်ပြီးသားလို့ မယူဆပါဘူး။ သူက ပတ်ဝန်းကျင်ကြောင့် လိင်တွေကွဲသွားတာလို့ဆိုပါတယ်
ဘိုးတော်က Homosexuality ကို ဒီလိုနည်းနဲ့ Support လုပ်ခဲ့ပေမယ့် နောင်လာနောက်သားတွေကတော့ သူ့သီအိုရီကို ကိုင်ပြီး Homosexuality ဆိုတာ ရောဂါတစ်ခု (Pathological) ဆိုပြီး ပြောကြပါတော့တယ်။

ဘိုးတော်ရဲ့နောက်မှာ လာတာကတော့ Kinsey ဆိုတဲ့ပုဂ္ဂိုလ်ပါ။ သူက လူပေါင်း ၁သောင်းရဲ့ Sexual Behavior ကို interview ပြီး လေ့လာမှုတစ်ခုပြုခဲ့ပါတယ်။
အဲ့ဒီ Research ရဲ့အဖြေက လူတော်တော်များများမှာ Same Sex Sexual Experience ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ Sexual Preference ဟာ ဘဝတလျောက်လုံးမှာ ပြောင်းလဲသွားနိုင်တယ်လို့ဆိုပါတယ်။
ဒီလိုပြောလိုက်လို့ လန့်မသွားကြပါနဲ့ဦး။ ဒါဟာ အမေရိကန်နိုင်ငံက Data ပါ။

သူ့ရဲ့ ထုတ်ပြန်ချက်ကြောင့် Homosexual ဆိုတာ သာမန်ပဲဆိုပြီး မှတ်ယူလို့ရသွားပါတယ်။ ဘာလို့လဲဆိုတော့ သူ့ Study ထဲက ယောက်ျား 50% နဲ့ မိန်းမ 28% က Same Sex Sexual Experience ရှိကြလို့ပါ။
(ဒီလိုတွေပြောလိုက်လို့ တွေ့သမျှ ယောက်ျား၊ မိန်းမတိုင်းကို သံသယမျက်စိနဲ့လိုက်မကြည့်စေချင်ပါဘူး၊ ဒါလေးတော့ နားလည်စေချင်ပါတယ်)

Homosexual ဆိုတာ ရောဂါတစ်ခုလို့သတ်မှတ်ပြီး Conversion Therapy ပေးဖို့ ထောက်ခံကြတဲ့စိတ်ပညာရှင်တွေကြားမှာ ဒီဂယက်က တော်တော်ကြီးမားသွားပါတယ်။
အရင်က စိတ်ရောဂါမှန်း နာမည်တပ် (Diagnose) နိုင်ဖို့ DSM Criteria ဆိုတာ သုံးခဲ့ပါတယ်။ (ခုခေတ်မှာတော့ DSM-5 Criteria ဆိုပြီး ဖြစ်နေပါပြီ)
အဲ့ဒီ Criteria ထဲမှာ Gay နဲ့ Lesbian ကို Sexual Dysfunction တစ်ခုအနေနဲ့ ထည့်သွင်းထားခဲ့ပါတယ်။ ဒါဟာ ခွဲခြားဆက်ဆံတာဆိုပြီး ပြောလို့ရပေမယ့် သူတို့ Study လုပ်တဲ့လူအများစုဟာ ထောင်တို့၊ စိတ်ရောဂါကုဆေးရုံတို့က လူတွေများပါတယ်။
သို့ပေမယ့် Gay တွေက ဆန္ဒပြကြလို့ ဒါကို ပြန်ပယ်ဖျက်လိုက်ရပါတယ်။

LGBT အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နောက်ပညာရှင်တစ်ယောက်ရှိပါသေးတယ်။ သူက Personality Test ၃ခုကို ပြင်ဆင်ထားပြီး Homosexual ယောက်ျား ၃၀ နဲ့ Heterosexual ယောက်ျား ၃၀ ကို ဖြေခိုင်းပါတယ်။ ပြီးတော့ ဆရာကြီးတွေ (Experts) ကို စစ်ဆေးခိုင်းလိုက်ပါတယ်။

ဆရာကြီးတွေက ဘယ်သူက ဘာလဲဆိုတာသိအောင် မစစ်ဆေးနိုင်ကြပါဘူး။ ဒီတော့ စိတ်အခြေအနေအရ Homosexual တွေဟာလည်း Heterosexual တွေလိုပဲ ရှိတယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ တချို့ Homosexual တွေဆိုရင် သာမန်လူတွေထက်ပိုပြီးတော့တောင် တော် (Superior) နေတာကို တွေ့လိုက်ရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ Homosexual မိဘတွေ၊ Transexual မိဘတွေကနေ ပျိုးထောင်လိုက်တဲ့ကလေးတွေရဲ့ Sexual Orientation ကို လေ့လာကြပါတယ်။
တကယ်ဆို တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုရင် ကလေးတွေလည်း မိဘတွေလို ဖြစ်လာသင့်တာပေါ့။ ဒါပေမယ့် ကလေးတွေကတော့ Heterosexual တွေများတယ်လို့ ဆိုတယ်။
ဒီတော့ Homosexual တို့ Transexual တို့က ပျိုးထောင်လိုက်တဲ့ ကလေးတွေဟာ “သာမန်” မိသားစုက ကလေးတွေနဲ့ ဘာမှမကွာခြားဘူးလို့ သိလိုက်ရတယ်။

အရင်က Bisexual ဆိုတာ ကြားကာလဆိုပြီး သတ်မှတ်ခဲ့ကြတယ်။ ပြောချင်တာက Heterosexual to Homosexual ပြောင်းတဲ့ကာလမှာ လူတွေလက်ခံတဲ့ Heterosexual သဘောကိုလည်း လုံးလုံးလျားလျား မပစ်ပယ်သေးဘူး၊ Homosexual လည်း ဖြစ်ချင်နေပြီ (သို့) ဘာဖြစ်ချင်မှန်းမသိသေးဘူး ဆိုတဲ့ သဘောပေါ့။

နောက်တစ်ပိုင်းမှာတော့ အယူဝါဒတွေ ကွဲပြားကြပုံကို ရေးသွားပါမယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ဆရာကြီးများနှင့် သူတို့ဆရာကြီးဖြစ်နေရခြင်း အကြောင်းများ

ဒီခေါင်းစဉ်ကို ရေးချင်နေတာကြာပါပြီ။ ခုမှပဲ ရေးဖြစ်တော့တယ်။
ဆရာကြီးဟေ့… ဆိုရင် ခုခေတ်မှာတော့ အဖြူနဲ့အစိမ်းဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး ပုဂ္ဂိုလ်တစ်ယောက်ကို မြင်မှာ မဟုတ်တော့ပါဘူး။ Facebook ပေါ်မှာ စဆရက လုပ်တတ်တဲ့ Keyboard Fighters တွေကို တွေးမိကြမှာပါ။
သူတို့က ဘာတွေ ထူးခြားနေလဲဆိုတာ ဆက်ဖတ်ပေးပါ။

ငယ်ငယ်က Dota တစ်ခေတ်ထခဲ့တဲ့အချိန်ကို ယောက်ျားလေးတွေ မှတ်မိကြဦးမှာပါ။ (Dota 2 မထွက်သေးပါဘူး၊ Dota 1 ခေတ်ပါ) ဂိမ်းဆိုင်တွေကိုသွားပြီး သူငယ်ချင်းတွေနဲ့တူတူ ထမင်းမေ့ ဟင်းမေ့ဆော့ခဲ့ကြတယ်။ အားရင် Dota ပဲခုတ်ခဲ့ကြတာပေါ့။
ဂိမ်းဆိုင်မှာ တစ်သင်းကို ၅ယောက် အမြဲပြည့်တယ်ဆိုပါတော့။ ဒီတော့ ဆော့ရင်းနဲ့ ဘယ်ကောင်က ဘယ် Role မှာ ကောင်းတယ်ဆိုတာ သိလာကြပြီး အဖွဲ့လေးတွေ ဖွဲ့ထားတတ်ကြတယ်။ (သဘောတရားတွေ တူတူပဲမို့ MLBB ဆော့ခဲ့ကြတဲ့သူတွေကို သိပ်ရှင်းပြစရာ မလိုဘူးထင်ပါတယ်)

For the sake of memories

ကိုယ်ကျက်စားရာ ဂိမ်းဆိုင်မှာတော့ အမြဲဆော့နေကြ ၆ဖွဲ့လောက်ပဲ အချင်းချင်း ပတ်ဆော့နေကြတာပေါ့။ အဲ့ဒီမှာ တစ်ဖွဲ့က နိုင်တာများရင် သူတို့အနေနဲ့ တခြား ဂိမ်းဆိုင်က အဖွဲ့တွေကို စိန်ခေါ်ပြီး ပိုက်ဆံကြေး ဆော့ကြတာပေါ့။
ဒီအခါမှာ တောသားမြို့တက်သလို ဘုမသိ ဘမသိနဲ့ Skill အရမ်းကွာပြီး အဆော်ခံရတာတွေလည်း ရှိတာပေါ့။ ကိုယ်က ကိုယ့်ဂိမ်းဆိုင်မှာတော့ ဆရာကြီးပေါ့။ ဟိုဘက်က ဆရာကြီးတွေနဲ့လည်း တွေ့ရော သေပါလေရော။
ကိုယ့်ရဲ့အထင်နဲ့ အမြင်က လက်တွေ့နဲ့ ဝေးနေတာပေါ့ဗျာ။

ဒါ သိပ်မမြင်သာသေးဘူးဆိုရင် လူတိုင်းမြင်သာမယ့် ဥပမာပေးချင်ပါတယ်။ Myanmar Idol တို့၊ The Voice Myanmar တို့ကြည့်ဖူးကြမှာပါ။ အဲ့ဒီအခါမှာ Stage ပေါ်တက်ပြီး တစ်နိုင်ငံလုံးကကြည့်နေတဲ့ Media ရှေ့၊ နာမည်ကြီး ဒိုင်တွေရဲ့ရှေ့မှာ ဆိုရဲဖို့ဆိုတာ သတ္တိတော့လိုတာပေါ့ဗျာ။
အဲ့တော့ ကိုယ်သာသူတို့နေရာမှာဆိုရင် လုပ်ရမယ့် First Priority က လူသိရှင်ကြား အရှက်မကွဲရေးပဲ မဟုတ်လား။ အရွေးခံရခြင်း၊ မခံရခြင်းက နောက်ကိစ္စပေါ့။ (ဒါ ကျွန်တော့အမြင်ပါ)

ဒီအမြင်နဲ့မြင်လိုက်တော့ Stage ပေါ်မှာ ကီးကြောင်နဲ့တက်ဆိုတဲ့သူ၊ မကတတ် ကတတ်နဲ့ ကတဲ့သူ၊ အဆိုးဆုံးကတော့ ကိုယ်တလွဲလုပ်နေတာ ကိုယ့်ဘာသာမသိကြတဲ့သူတွေကို တွေ့ရတာ အံ့သြစရာလို့ အရင်ကထင်ခဲ့မိတယ်။
ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ သူတို့ကို မြှောက်ပေးလိုက်တာ သူငယ်ချင်းတွေဖြစ်နိုင်သလို၊ အိမ်သူအိမ်သားတွေလည်း ဖြစ်နိုင်တယ်။ ငါသီချင်းဆိုတာ တော်တော်ဆိုးဝါးနေပါလားဆိုတာကို မသိလိုက်ဘဲ ချီးကျူးသံတွေရဲ့ကြားကနေ Confidence အပြည့်နဲ့ စင်ပေါ်တက်လာလည်း ဖြစ်နိုင်တယ်။

မြန်မာတွေကတော့ ဒါကို ဝါးလုံးခေါင်းထဲ လသာတယ်တို့၊ နွားခြေရာခွက်ထဲက ဖားသူငယ်တို့၊ မြစ်မတွေ့ဖူးတော့ မူးကိုမြစ်ထင်တယ်တို့ ပြောတတ်ကြတယ်။

Bertrand Russell ကလည်း “In the modern world, the stupid are cocksure while the intelligent are full of doubt.” လို့ဆိုခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ ဒီနေ့ခေတ်မှာ သောက်ရူးတွေက Confidence Level So High နေပြီး ပညာရှိတွေမှာတော့ ဒွိဟတွေနဲ့လို့ ဆိုပါတယ်။ (ရိုင်းရိုင်းပြောလိုက်မှ ပိုမြင်သာတယ်လို့ ခံစားရလို့ပါ)

ဒါကို စိတ်ပညာအရ စမ်းသပ်ထားတာ ရှိပါတယ်။ ဒီအကြောင်းကို မပြောခင် ဘာလို့ ဒီလိုစမ်းသပ်မှုကို လုပ်ဖို့တွေးမိသွားလဲဆိုတာ ရယ်ရလို့ အရင်ပြောပြချင်ပါတယ်။
၁၉၉၅ တုန်းက လူတစ်ယောက်ဟာ ဘဏ်ကို ဓားပြတိုက်ဖို့လုပ်ခဲ့တယ်။ သူက သူ့မျက်နှာကို ကင်မရာတွေမှာမပေါ်အောင် ဘာလုပ်ခဲ့သလဲဆိုရင် သံပုရာရည်လိမ်းထားတယ်လို့ ဆိုတယ်။ ဘာလို့လဲဆိုတော့ သံပုရာရည်နဲ့ စာရေးရင် မင်က မပေါ်ဘူးလေ။

Man with big brain

စမ်းသပ်ထားတာကို ပြောပြချင်ပါတယ်။ ကျောင်းသားတွေကိုခေါ်ပြီး Basic Skills အမျိုးမျိုးကို စာမေးပွဲဖြေခိုင်းလိုက်တယ်။ ပြီးတော့ ဘယ်လောက်ဖြေနိုင်လဲဆိုတာ ပြန်မေးတယ်။
တကယ်ဖြေနိုင်တဲ့သူ တော်တော်များများက သူတို့ရမယ့်အမှတ်ကို လျော့ပြီး ခန့်မှန်းကြတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် လွယ်ကူနေရင် တခြားသူတွေအတွက်လည်း လွယ်နေမယ်လို့ တွေးမိကြလို့ပါ။
ဒါပေမယ့် သိပ်မဖြေနိုင်တဲ့သူတွေကတော့ သူတို့အမှတ်ကို အများကြီးပိုပြီး ခန့်မှန်းတတ်ကြတယ်။ သူတို့ဖြေတာလောက်ကို လူတိုင်းဖြေနိုင်လိမ့်မယ်လို့ မတွေးမိကြဘူး။
ဒါကို Dunning-Kruger Effect လို့ခေါ်တယ်။ အောက်ကပုံကိုကြည့်ပါ။

ဒီပုံမှာ Competence (တတ်ကျွမ်းမှု) နည်းနေတဲ့အချိန်မှာ Confidence (ကိုယ့်ကိုကိုယ် ယုံကြည်မှု) က အပြည့်ရှိတယ်။ အကြောင်းရင်းကတော့ ကိုယ်ဘယ်လောက် မသိနေလဲ၊ ကိုယ့်အသံဘယ်လောက်ဆိုးဝါးနေလဲ၊ ကိုယ်သီချင်းဆိုတာ ဘယ်လောက်တောင် ကီးချော်နေသလဲ မသိကြတာပါ။
(ရှင်းအောင် ပြောရရင် ကိုယ်မသိတာကို မသိနေဘူးပေါ့ဗျာ)
ဒါက ဘာသာရပ်တစ်ခုကို အပေါ်ယံလေ့လာဖူးတဲ့အဆင့်ပေါ့။ မြင်အောင် ပြောရရင် ကိုယ်မသိတဲ့အကြောင်းကို Google ၂ခါလောက်ခေါက်ပြီး သိတယ်ထင်သလိုပေါ့ဗျာ။

တဖြည်းနဲ့ Competence များလာတော့ Confidence က ကျလာတယ်။ ဘာလို့လဲဆိုတော့ ငါမသိသေးတာတွေ အများကြီးရှိသေးပါလားဆိုပြီး သိလာလို့ပါ။ ဒါကကျတော့ ဘာသာရပ်တစ်ခုကို သေသေချာချာ စပြီး လေ့လာတဲ့အဆင့်မျိုးပေါ့။ Google ၂ခါခေါက်ရုံမဟုတ်တော့ဘူး၊ Google အခါ ၅၀၊ ၁၀၀ လောက်ခေါက်ပြီးတာလည်းဖြစ်နိုင်သလို၊ သက်ဆိုင်ရာ စာအုပ်တွေ၊ Reference တွေကိုဖတ်နေတာလည်း ဖြစ်နိုင်တယ်။
ဘွဲ့ရပြီးခါစ အလုပ်ခွင် Experience မရှိသေးတဲ့သူတွေဆို ဒါကိုနားလည်နိုင်မှာပါ။

ဒီလိုနဲ့ Competence ဒီထက်များလာတော့ Confidence က တက်စပြုလာပြီ။ ငါမသိသေးတာတွေရှိသေးပေမယ့် ငါသိတာ အထိုက်အလျောက်ဖြစ်လာပြီ ဆိုတာကို နားလည်လာတယ်။

နောက်ဆုံးမှာတော့ Expert တွေရဲ့ Confidence လိုမျိုးဖြစ်သွားပြီ။ ဒီပညာရပ်ကို အနှစ်နှစ်အလလ ဆည်းပူးခဲ့ပြီး ကျွမ်းကျင်နေတဲ့လူတွေပေါ့။ သူတို့သိတာတော်တော်များနေပေမယ့် မသိတာတွေ၊ အတိအကျမပြောနိုင်တဲ့ အကြောင်းတွေလည်း ရှိနေတယ်ဆိုတာ သိကြတယ်။
ဒါပေမယ့် ထူးခြားတာက တော်တော်ကြီးကို တတ်ကျွမ်းလာတော့မှ Google ၂ခါခေါက်ကောင်ရဲ့ Confidence ကိုပြန်ရတယ်ဆိုတာပါ။

ဒါကို နေ့စဉ်တွေ့နေရတာပါပဲ။ ဆရာဝန်နဲ့ ရမ်းကုဇာတ်လမ်းလိုပေါ့။ အထူးကုဆရာဝန်တစ်ယောက်နေရာက စဉ်းစားကြည့်ပါ။ သူသင်ခဲ့ရတဲ့ ရောဂါတွေများလှပြီ၊ ဒီလိုလက္ခဏာပြပြီး ဒီရောဂါလို့ထင်ခဲ့ပေမယ့် ဟိုရောဂါဖြစ်သွားတာလည်း တွေ့ခဲ့ဖူးပြီ၊ ဒီတော့ သူ့ဆီကို လာပြတဲ့အခါ ဒါဟာ ဒီရောဂါပဲလို့ ကံသေကံမ ပြောချင်မှ ပြောနိုင်လိမ့်မယ်။
ပိုပြီး သေချာအောင်စစ်ဆေးတာတွေ လုပ်ဖို့ ပြောမှာပဲ။ ဒါကို နားမလည်တဲ့ လူနာတွေက ဘယ်ကြိုက်မလဲ။ ငွေပိုကုန်တာကိုး။ ဇာချဲ့တယ်ထင်တတ်ကြတယ်။

ရပ်ကွက်ထဲက ဆေးဆရာယောင်ယောင် ဘာယောင်ယောင်ကောင်နဲ့ကျတော့ လေပေးကို ဖြောင့်လို့…။ ဟိုကောင်က သူမြင်ဖူးတဲ့ ရောဂါ ၅မျိုးလောက်ထဲကပဲ စဉ်းစားပြီး ပေးချင်တဲ့ဆေးပေးတာကိုး။ ဘာမှလည်း မစစ်တော့ ပိုက်ဆံလည်း မကုန်ဘူး။
ပြီးတော့ လူနာတွေက သူတို့ခံစားနေရတာ သက်သာသွားရင် ကျေနပ်သွားကြတာပဲ၊ ဘာရောဂါကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာ ရှာဖို့ စိတ်မဝင်စားကြတာ များတယ်။ ဒါ့အပြင် တချို့ဆေးတွေက ပေးလိုက်တာနဲ့ ရောဂါခဏတာ သက်သာသွားတာတွေရှိတယ်၊ ရေရှည်ဆိုးကျိုးတွေကို ကြည့်ပြီး ဆရာဝန်တွေကတော့ မလိုအပ်ဘဲ မပေးကြဘူး။
ဒါကိုသိတဲ့ ရမ်းကုအတွက် ရွှေပေါ့ဗျာ။ သူ့ဆေးသောက်လိုက်တာနဲ့ ရောဂါတွေ ယူပစ်သလိုပျောက်သွားတာပဲဆိုတာမျိုးတွေ ဖြစ်လာတာပေါ့။

ဒီတော့ ပျောက်စေရမယ် စိတ်သာချဆိုပြီး ပြောတဲ့ ရမ်းကုရယ်…၊ ဘာရောဂါမှန်း သေချာရှာဖို့ ကြိုးစားနေတဲ့ အထူးကုရယ်… လူနာက ဘယ်သူ့ကိုပိုယုံမလဲ?

ဒီလိုတွေပြောလို့ Google ၂ခါခေါက်တဲ့သူတိုင်း သူ့ကိုယ်သူဆရာကြီးလို့ တွေးတယ်ဆိုပြီး မထင်ပါနဲ့။ ပညာတတ်တဲ့ ဆရာကြီးတွေလည်း အမြဲဒွိဟတွေနဲ့ ဖြစ်နေတာလည်း မဟုတ်ပါဘူး။ အဖြူအမဲသဘော မြင်အောင်ပြောပြတာပါ။

Dunning-Kruger Effect ကို ဒီလိုရှင်းလို့ရပါတယ်။
ကိုယ် Expert ဖြစ်လာတာဟာ များများလေ့လာခဲ့၊ လေ့ကျင့်ခဲ့လို့ပါ။ ဒါကြောင့် ကိုယ့်မှာ အတွေ့အကြုံလည်း ပိုများပါတယ်။ တခြားသူတွေနဲ့လည်း နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ်သုံးသပ်နိုင်တယ်။ ကိုယ်ဘယ်အပိုင်းမှာ “ချာ” နေလည်း သိပြီး ကျွမ်းကျင်အောင် လေ့ကျင့်နိုင်တယ်။
များများမလေ့လာဘဲနဲ့ “အာ” တတ်တဲ့လူတွေကျတော့ အတွေ့အကြုံလည်း သိပ်မရှိဘူး၊ တခြားသူတွေနဲ့လည်း ဘယ်နှိုင်းယှဉ်နိုင်လိမ့်မလဲ၊ ဒီတော့ ကိုယ့်ကိုကိုယ် သုံးသပ်နိုင်ဖို့ဆိုတာ ဝေးရော…။

လူတိုင်း တခါမဟုတ်တခါတော့ ဒီ Effect ရဲ့သားကောင်ဖြစ်ဖူးကြမှာပါ။ ကျွန်တော်လည်း ဖြစ်ဖူးပါတယ်။ အဓိကက ငါ အကုန်မသိနေဘူးဆိုတာကို လက်ခံလိုက်ရင် လက်လွတ်စပယ် ငါ့စကားနွားရ မပြောဖြစ်ကြတော့ဘူးပေါ့။ ဖင်ပိတ်ငြင်းခံရတဲ့ ရန်မှ ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

မျက်စိမမြင်တဲ့သူတွေ လောကကြီးကို ဘယ်လိုမြင်ကြလဲ?

ဒီခေါင်းစဉ်က တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Daredevil ဇာတ်လမ်းကိုကြည့်ဖူးရင် ကျွန်တော်ပြောချင်တာကို သိမှာပါ။ ဒါပေမယ့် အဲ့ဒီလောက်တော့ အစွမ်းထက်မနေဘူးပေါ့ဗျာ။
မျက်စိမမြင်ရတဲ့သူတွေက လုံးဝကြီး မမြင်ရတာတော့ မဟုတ်နေဘူး။ မြင်နေရတာကို ပြောချင်တာလည်း မဟုတ်ပါဘူး။ ခေါင်းရှုတ်သွားမယ်ဆိုတာ သိပါတယ်။ ဆက်ဖတ်ပေးရင် နားလည်လာပါလိမ့်မယ်။

မျက်စိမမြင်ဘူးဆိုတာမှာ အမျိုးအစားတွေ အများကြီးရှိပါတယ်။
ပထမတစ်မျိုးက လုံးဝမမြင်တာ (Total Blindness) ပါ။ သူကကျတော့ မျက်စိ (သို့) အမြင်အာရုံကြော (Optic Nerve) တစ်ခုခု ထိခိုက်ပျက်စီးသွားလို့ဖြစ်တာပါ။ မွေးကတည်းက ဖြစ်နိုင်သလို၊ မတော်တဆမှုတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလူတွေမှာ ဘာမြင်ရသလဲလို့ မေးတဲ့အခါ ဘာမှ မမြင်ရဘူးလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် သာမန်လူတွေက ဒါကို သူတို့မျက်စိမှိတ်လိုက်ရင် မြင်ရသလိုမျိုး ထင်တတ်ကြပါတယ်။ အမည်းရောင်ကြီးကို မြင်နေတယ်ဆိုပါတော့။
တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ဘာမှမမြင်ရဘူးဆိုတာ ဘာမှကို မမြင်ရတာပါ။ (တော်တော်ရှင်းသွားမယ်ထင်ပါတယ်…)

Not like this

ဥပမာ ပြောရရင် မွေးကတည်းက မျက်စိမမြင်တဲ့လူတစ်ယောက်ဟာ အမည်းရောင်ဆိုတာကို သိမှာမဟုတ်ပါဘူး။ ဒီလိုမသိလို့ သူမြင်နေတဲ့အမည်းကြီးနဲ့ လက်တွေ့ဘဝက အမည်းရောင်နဲ့ မတွဲမိတာလို့လည်း မထင်စေလိုပါဘူး။

စမ်းသပ်ချင်တဲ့လူတွေအနေနဲ့ စမ်းသပ်ကြည့်လို့ရပါတယ်။ မျက်စိတစ်ဖက်ပိတ်ပြီး လက်တစ်ဖက်နဲ့ အုပ်ထားလိုက်ပါ။ ကျန်တဲ့တစ်ဖက်က မြင်နေရဦးမှာပါ။ ဘာထူးသွားလဲ? မျက်စိ ၂ဖက်ပိတ်သလိုမျိုး မည်းမည်းကြီးကို ခံစားရသေးလား?
ကျွန်တော်တို့ မျက်စိတစ်ဖက်ပိတ်တဲ့အချိန်မှာ ဖြစ်သလိုမျိုးပဲ Total Blindness သမားတွေက မျက်စိ ၂ဖက်လုံးမှာ ဖြစ်နေတာပါ။ ဒီတော့ ဘာမှမမြင်ရပါဘူး။
စာတစ်ခုမှာ ရေးထားတာကတော့ တံတောင်ဆစ်ကနေ ဘယ်လိုမြင်လဲတဲ့။ ဘယ်လိုမှမမြင်ပါဘူး။ ဒီသဘောပါပဲ။

နောက်မမြင်နည်းတစ်မျိုးကတော့ Cortical Blindness လို့ခေါ်ပါတယ်။ မျက်လုံးရယ် မျက်စိအာရုံကြောရယ်က အကောင်းကြီးပါ။ သူက မြင်တာကို မြင်မှန်းသိစေတဲ့ ဦးနှောက်က နေရာတစ်ခုပျက်သွားလို့ ဒီလိုတွေဖြစ်တာပါ။
ဒါကိုနားလည်ဖို့ ပုံမှန်မျက်စိအာရုံကြောတွေ ဦးနှောက်ထိ ဘယ်လိုသွားလဲဆိုတာ ပုံနဲ့ပြောချင်ပါတယ်။

အကြမ်းဖျင်းကတော့ မျက်စိက မြင်တယ်၊ အဲ့ဒီအမြင်အာရုံကို Optic Nerve ကနေ လျှပ်စီးကြောင်းနဲ့ ဦးနှောက်ဆီကို သတင်းပို့တယ်။ ဦးနှောက်က လက်ခံပြီးတော့ မြင်တာဟာ မြင်တာပါလားလို့ သိလိုက်တယ်။
ဒီလူတွေက လမ်းကြောင်းတစ်လျောက်အကောင်းကြီးပေမယ့် ဂိတ်ဆုံးဘူတာကြီး ပျက်နေတော့ မမြင်နိုင်တာပါ။ ဒီလူတွေမှာ တော်တော်ကို ထူးခြားတဲ့ဖြစ်စဉ်တွေကို တွေ့ရပါတယ်။

ဒါကို စပြီးသိလာတာက ၁၉၆၀ ခုနှစ်အကျော်လောက်မှာပါ။ မျောက်မတစ်ကောင်ရဲ့ အမြင်ကို စမ်းသပ်ဖို့ သူ့ဦးနှောက်ရဲ့ မြင်စေတဲ့အပိုင်းကို ထုတ်ထားလိုက်ပါတယ်။ ဒီတော့ မျောက်မမှာ Cortical Blindness ရနေတာပေါ့။ သူက အလင်းနဲ့အမှောင်ပဲသိပါတယ်။ ကျန်တာဘာမှမမြင်ရပါဘူး။
ဒါပေမယ့် သူ့ရှေ့မှာ ပန်းသီးတစ်လုံးပြလိုက်ရင် သူကလှမ်းယူနိုင်ပါတယ်။ ကြမ်းပြင်မှာ အတားအဆီးတွေချထားပြီး မုန့်တွေကျဲထားရင်လည်း မထိခိုက်အောင် ယူတတ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ သို့လော… သို့လော… နဲ့ပဲ ဘာလို့လဲဆိုတာ မပြောနိုင်ခဲ့ပါဘူး။

လူတစ်ယောက်ရဲ့ ဦးနှောက်ကိုခွဲစိတ်နေရင်း မြင်တာကိုသိစေတဲ့ အပိုင်းကို မတော်တဆထိခိုက်မိသွားလို့ အဲ့ဒီလူမှာ Cortical Blindness ရသွားတာရှိပါတယ်။ သူက မမြင်နိုင်တော့ဘူးဆိုပါတော့။
ပညာရှင်တွေက သေချာသွားအောင် စမ်းသပ်ကြည့်ပါတယ်။ သူ့ကို TV ရှေ့ထားပြီး ဒေါင်လိုက်၊ အလျားလိုက်မျဉ်းတွေကို ပြကြည့်ပါတယ်။ ဘာမြင်ရလဲမေးတဲ့အခါ ဘာမှမမြင်ရဘူးပဲပြောပါတယ်။ ဒါပေမယ့် ခန့်မှန်းကြည့်စမ်းပါလို့ ပြောတဲ့အခါမှာ သူ့အဖြေတွေက 80% မှန်ကန်နေတယ်လို့ဆိုတယ်။ ဒီတော့ သူ ရမ်းတုတ်နေတာမဟုတ်နိုင်တော့ပါဘူး။

ပြီးတော့ ပညာရှင်တွေက ဒီလူကို စင်္ကြန်တစ်ခုမှာ လမ်းလျှောက်ခိုင်းပါတယ်။ ပြောထားတာကတော့ ရှေ့မှာရှင်းတယ်၊ လျှောက်ကြည့်ပါပေါ့။ ဒါပေမယ့် လမ်းတလျှောက်မှာ ပစ္စည်းတွေ နေရာအနှံ့ချထားတယ်။ (ဒါတော့ နည်းနည်းများသွားပြီ…) ဒါပေမယ့် သူက ရှောင်ကွင်းပြီး လမ်းလျှောက်သွားနိုင်တယ်လို့ဆိုတယ်။

သူတို့ကို လက်သီးနဲ့ထိုးဖို့ရွယ်လိုက်တယ်ဆိုရင်လည်း ရှောင်တတ်ကြတယ်။ ဒီတော့ ဒီလူတွေ တကယ်မမြင်ရတာမှဟုတ်ရဲ့လားဆိုတာ မေးစရာရှိလာတယ်။

ဒါကိုနားလည်ဖို့ မျက်စိအာရုံကြောက ဦးနှောက်ရဲ့မြင်စေတဲ့နေရာ (Visual Cortex) ကိုမရောက်ခင် လျောက်ပြီး သဝေထိုးတာကို အရင်ပြောရမှာပါ။ သူက Thalamus ဆိုတဲ့နေရာမှာ ခရီးတစ်ထောက်နားပါသေးတယ်။ ဆေးကျောင်းက လူတွေဆိုရင်တော့ Lateral Geniculate Body (LGB) ဆိုပြီး သင်ဖူးကြမှာပါ။
ဒါ့အပြင် Amygdala ထဲကိုလည်း ဝင်ပါသေးတယ်။ သူက ခံစားချက်တွေကို ဖြစ်စေတဲ့နေရာဆိုပြီး အကြမ်းဖျင်းပြောနိုင်ပါတယ်

အဲ့ဒီတော့ ဂိတ်ဆုံးဖြစ်တဲ့ Visual Cortex ပျက်စီးနေတဲ့သူတစ်ယောက်ကို မြင်ကြည့်ပါ။
သူ့ဆီကို အဝင်လမ်းကြောင်းကောင်းနေပေမယ့် သူမမြင်ရဘူး။ ဒါပေမယ့် လမ်းတလျောက်သဝေထိုးခဲ့တဲ့ အမြင်အာရုံကြောကြောင့် ထူးခြားတာတွေဖြစ်လာပါတယ်။

Amygdala ထဲဝင်ခဲ့တော့ သူကခံစားချက်တွေသိတယ်။ ဥပမာ သူ့ရှေ့မှာ ပြုံးနေတဲ့မျက်နှာတစ်ခုကိုပြလိုက်ရင် အဲ့ဒီခံစားချက်သူ့ဆီကို ကူးဆက်သွားတယ်။ “မမြင်ရဘူး” ဆိုပေမယ့် မျက်စိကစတဲ့ အာရုံကြော လမ်းတလျှောက်လုံးက အကောင်းကြီးဆိုတော့ မြင်တာကို “သိစိတ်က မသိ” ပေမယ့် “မသိစိတ်က သိ” နေတယ်
သူတို့ကို ဘယ်လိုခံစားရလဲမေးလိုက်ရင် ပျော်သွားတယ်၊ ဝမ်းနည်းသွားတယ် စသဖြင့်ပြောနိုင်ပေမယ့် ဘာကြောင့်လဲလို့မေးရင်တော့ အကြောင်းရင်းကို မသိတော့ဘူး။ ဒီတော့ အရင်တစ်ခေါက်က ရေးခဲ့တဲ့အတိုင်း ဦးနှောက်ရဲ့လံကြုတ်ဇာတ်လမ်းတွေ ထွက်လာတယ်။

(စိတ်ဝင်စားလို့ ဖတ်ချင်ရင် ဒီမှာဖတ်ပါ)

ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?
https://ouo.io/0d8Kiu

မြေပြင်ပေါ်မှာ ချထားတဲ့ အတားအဆီးတွေကိုလည်း မမြင်ရပေမယ့် မသိစိတ်ကြောင့် ရှောင်သွားနိုင်တယ်။ လက်သီးနဲ့ထိုးဖို့ရွယ်တာကို မြင်တဲ့သိစိတ်မဖြစ်ပေမယ့် Amygdala ဆီကို ဒီ Information ကရောက်တာမို့ ရှောင်လိုက်ခြင်းအားဖြင့် တုံ့ပြန်တယ်။ ဘာလို့ ရှောင်လိုက်တာလဲမေးရင် ဂဃနဏ မဖြေနိုင်တော့ဘူး။
ဒါကို Blindsight လို့ခေါ်တယ်။ မမြင်ရပေမယ့် မြင်နေရတယ်ဆိုပါတော့…။

ဒါဟာ ပညာရှင်တွေကို လူတွေရဲ့ သိစိတ်၊ မသိစိတ် ပြဿနာအကြောင်း အနည်းငယ် နားလည်သွားစေတယ်။ သိစိတ်ဆိုတာ ဦးနှောက်ရဲ့နေရာတစ်ခုခုမှာများ ရှိနေသလား ဆိုတာလည်း တွေးမိသွားစေတယ်။
ထို့အတူပဲ မသိစိတ်က အမြင်အာရုံမှာလည်း ရှိနေတယ်ဆိုတာ သိလာရတယ်။

တခြားမမြင်ရတဲ့ကိစ္စတွေ ဆေးပညာအရ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကို ရွေးပြီး ရေးလိုက်တာပါ။
အပြီးထိ ဖတ်လာပေးပါ ကျေးဇူးတင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

စိတ်ညစ်စရာတွေကြားထဲမှာ စိတ်ဖြေသာစရာနည်းလမ်းများ ၁၀၁

တနေ့တနေ့ မြင်နေကြားနေရတာတွေက စိတ်ညစ်စရာကောင်းလောက်အောင် ဖြစ်နေပြီလား?

သင် motivation ပျောက်နေပြီလား
Mood ကျလိုက် ကျလိုက် ပိုကျလိုက်ဖြစ်နေပြီလား?

ဘာလုပ်ရမှန်းမသိ…အနာဂတ်ပျောက် လမ်းပျောက်နေပြီလား?

ဒါဆို စိတ်မပူပါနဲ့တော့။စာဖတ်သူတယောက်ထဲမဟုတ်ပါဘူး။ ကျနော်တို့အကုန် လမ်းပျောက်နေတာပါ။
(ငိုသံနဲနဲထည့် ဖတ်ရန်)

ဒါကိုအကုန် ဖြေရှင်းဖို့ နည်းလမ်းကို အခုပြောပြပေးသွားမှာ… မဟုတ်ပါဘူး။
(ကျနော်လဲ အကုန်ဖြေရှင်းလို့ရမယ့်နည်းလမ်းကို မသိသေးပါ….သိခဲ့ရင်လက်တို့ခဲ့ကြပါဦး)

ဒါဆို ဘာမှလဲမပြောမယ့် ကိစ္စကို စာတပုဒ် လုပ်ရေးနေတာလားပေါ့။ ဖတ်ရတာအချိန်ကုန်တယ်ဆိုပြီး ဆန္ဒမစောပါနဲ့ဗျာ။

သိပ်မကြာသေးခင်က ကျနော် နိုင်ငံဂျားမှာနေတဲ့ psychotherapist ဆရာမတယောက်ဆီက အကြံဉာဏ်တချို့ရခဲ့လို့ အဲ့ထဲက ကောင်းနိုးရာရာလေးတွေ ပြောပြချင်လို့ပါ။

ဖတ်ကြည့်လို့ အလုပ်ဖြစ်တယ် ကောင်းတယ်ထင်ရင် ယူသုံးကြည့်ပေါ့… နည်းလမ်းတိုင်းကတော့ သင့်အတွက် ဖြစ်ချင်မှဖြစ်မှာပါ။

ပထမဆုံးနည်းလမ်းကတော့ Know your limitations ပါ။ လူတိုင်းမှာ ကန့်သတ်ချက် အားနည်းချက်ရှိပါတယ်။ သင်ကလူတိုင်းကို မကူညီနိုင်ပါဘူး။ လူတိုင်းပျော်အောင်လဲ သင်မလုပ်နိုင်ပါဘူး။

Superman ဖြစ်နေပါစေ လူတိုင်းအသက်ကိုသင်မကယ်နိုင်ပါဘူး…။ ဒါကြောင့် သင်လုပ်နိုင်တာကို သင်သေချာမြင်ဖို့လိုပါမယ်။ တနေ့တာအစမှာတော့ ဒီနေ့ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်ဆိုပြီး အများကြီးတွေးထားမိပေမယ့် တကယ်တမ်းသင်လိုက်မလုပ်ဖြစ်တဲ့အခါ အလုပ်တွေမပြီးလို့ဖြစ်ဖြစ် လုပ်ချင်တာတွေပုံနေလို့ဖြစ်ဖြစ် mood ကျနေတာဖြစ်တတ်ပါတယ်။

သင်လုပ်နိုင်သလောက်ကိုပဲလုပ်ပြီး သင်မလုပ်နိုင်တဲ့အရာတွေကို မလုပ်နိုင်ကြောင်း ရိုးသားစွာ လက်ခံကြည့်ပါ။ ဒါပေမယ့် ဘာမှမလုပ်နိုင်ဘူးဆိုပြီးလဲ ထိုင်ပဲထိုင်နေလို့မဖြစ်ပါဘူး…

လုပ်စရာတွေမပြီးလို့ mood ကျနေတယ်ဆိုတာ သင်အလုပ်ပြီးချင်တဲ့စိတ်ရှိလို့ပါ။ သင်ကအလုပ်ကို အလုပ်လိုတန်ဖိုးထားလို့ စိတ်ညစ်နေတာပါ။

သူများတွေကို မကူနိုင် မလှူနိုင် မပါဝင်နိုင်လို့ စိတ်ညစ်နေတာကလဲ သင့်စိတ်အခံက ကူညီချင်စိတ်ရှိလို့ ဒီလိုဖြစ်ရတာပါ။ သူများတွေ သေကြေနေတာတွေ့ရင် မတရားအလုပ်ခံနေရတာမြင်ရင် ဝမ်းနည်းပြီး mood ကျလာတာဟာ သင့်မှာ ကိုယ်ချင်းစာစိတ်ရှိလို့ပါ။

အဲ့တော့ အကောင်းဖက်ကတွေးရင် သင်က ကိုယ်ချင်းစာစိတ်ရှိတဲ့သူ၊ အလုပ်ပြီးချင်တဲ့သူ ၊ သူများကိုကူညီချင်တဲ့သူ ဖြစ်လောက်ပါတယ်။ အဲ့စိတ်လေးတွေကို Guilty ဖြစ်တဲ့ဖက်မှာ မသုံးပဲနဲ့
ကိုယ်ဘာကူနိုင်မလဲ….ဘာပိုလုပ်ပေးနိုင်မလဲကို ရှာဖွေကြည့်ပါ။

နောက်တချက်က အအားမနေပါနဲ့…။အားနေရင် အတွေးတွေကဝင်ဝင်လာလို့ တခုခု လုပ်စရာရှာလုပ်နေပါ။

အလုပ်လုပ်စရာရှိနေရင် လူက mood ကျတာနည်းလာပြီး တခုခုပြီးမြောက်သွားရင် feeling of accomplishment လေးရလာပါလိမ့်မယ်။ အားနေရင်ဘာလုပ်လို့ရလဲဆိုတော့
Twitter မှာ သတင်းတွေ တွိပေးတာကအစ…
Online shopping လုပ်တာအလယ်
Volunteer စာသင်ပေးတာအဆုံး
မိမိဝါသနာပါတာ သူများကိုလဲအကျိုးရှိတာလုပ်လို့ရပါတယ်။

အဓိကက လုပ်နေဖို့ပါပဲ။
(Science nuts ကတင်သမျှ vpn ပြောင်းပြီး လိုက်ဖတ်တာလဲရပါတယ် ဟဲဟဲ) လုပ်စရာမရှိရင် ရှိတာလုပ်ပါ။
ရေချိုးပါ။ ခေါင်းဖြီးပါ။ ခြေသည်းညှပ်ပါ။ ကိုယ်ညှပ်တာကုန်ရင် အိမ်ကလူတွေကို လိုက်ညှပ်ပေးပါ။
ဖုန်လိုက်သုတ်ပါ။
တခုခုရှိတာသာလုပ်နေပါ။ စိတ်ညစ်တာသက်သာပါတယ်။

နောက်တခုက တခုခုစိတ်ညစ်လာရင် Feeling thermometer လေးထုတ်ကြည့်ပါ။ အောက်ကပုံလေးမှာပါပါတယ်။

သာမိုမီတာကို ကြည့်ပြီး ကိုယ်ဘယ်လောက်အဆင့်ရောက်နေပြီလဲ သုံးသပ်ကြည့်ပါ။ ဒေါသထွက်ချင်လာရင်လဲ သာမိုမီတာလေးကို သတိရလိုက်ပါ။

သြော်… ငါတော့ ဘယ်အဆင့်ရောက်နေပြီဆိုပြီး… ဒေါသကိုသုံးသပ်ကြည့်ပါ။ လူက ကိုယ့်ခံစားချက်ကို ကိုယ်သေချာသုံးသပ်ကြည့်ရင် awareness ရသွားပြီး နဲနဲစိတ်ထိန်းလိုက်နိုင်ပါတယ်။

ငိုခါနီး ငါငိုရင်လှပါ့မလားလို့ အရင်တွေးလိုက်မိရင် မငိုမိအောင် နဲနဲထိန်းလိုက်သလိုဖြစ်သွားပါတယ်။ စမ်းကြည့်လို့ရပါတယ်။

နောက်တနည်းကတော့ mood ကျနေရင်
စားချင်တာဝယ်စားလိုက်ပါ။ မာလာရှမ်းကောလား… ပီဇာလား…
ကြက်ကြော်လား… အကင်လား… ကြေးအိုးလား…

ကိုယ်စားချင်တာကို စားလိုက်ရတဲ့အခါ တက်လာတဲ့ mood ကဘာနဲ့မှကို မတူတာပါ။ ဒါကြောင့် တချို့က စိတ်ညစ်လေ ပိုစားလေ ပိုစားကောင်းလေ ဖြစ်ကြတာပါ။ Brain မှာ rewarding အတွက် နေရာတခုရှိပါတယ်။ စားချင်တာစားလိုက်ရရင် dopamine ထွက်ပြီး mood ကအတော်တက်လာတာ လက်တွေ့ကြုံဖူးပါတယ်။

နောက်ထပ်လုပ်လို့ရတာက Plank ထောက်ကြည့်ပါ။ Plank ထောက်လိုက်ရင် သင့်ဒုက္ခတွေ စိတ်ညစ်စရာတွေက plank လောက်မဆိုးဘူးဆိုတာသိလာပါလိမ့်မယ်။ Plank ထောက်တဲ့ တစက္ကန့်က တနာရီလောက်ကြာတယ်လို့ ခံစားရတာ လူတိုင်းလိုလိုသိကြမှာပါ။

ကျနော်ကတော့ စိတ်ညစ်လာရင် ကိုယ့်ကိုယ်ကို ဒဏ်ပေးတဲ့အနေနဲ့ plank ၂မိနစ်လောက်ထောက်ပြီး နေကြည့်ပါတယ်။ ချွေးတွေလဲထွက်… နှလုံးခုန်သံတွေလဲမြန်လာပြီး
လူလဲနေလို့ကောင်းသွားမှာပါ။

Plank ထောက်တာထက် အလုပ်ပြီးအောင်လုပ်တာကမှ ပိုလွယ်ဦးမယ်ဆိုပြီး ကျနေတဲ့ စိတ်ဓာတ်ပြန်တက်လာနိုင်ပါတယ်။

ဒီလောက်ဆိုရင် စိတ်ညစ်နေတဲ့လူတွေ လုပ်ကြည့်လို့ရမယ့် tips လေးတွေ သိသွားလောက်မယ်ထင်ပါတယ်။ စမ်းကြည့်ပြီး အလုပ်ဖြစ်မဖြစ်ပြန်ပြောကြတာပေါ့။

Vector

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started