CDC ရယ် WHO ရယ်နဲ့ Mask ကိစ္စ

ကိုဗစ်အရေးပြောကြတဲ့အခါ Mask တပ်တဲ့ကိစ္စကလဲ ပြည်သူတွေအကြား အငြင်းပွားစရာတွေဖြစ်ရပါတယ်။

မကြာသေးခင်က CDC (Centers for Disease Control and Prevention) က Mask ၂ထပ်တပ်ဖို့စတင်အကြံပြုလိုက်တော့ အတော်လေး အုတ်အုတ်ကြတ်ကြတ် ဖြစ်သွားကြပါတယ်။

Mask တထပ်နဲ့တောင် မကာနိုင်တော့ဘူး။ ပိုးကအခြေအနေသိပ်ဆိုးနေပြီဆိုပြီး အကုန်လန့်ကုန်ကြပါတယ်။ Mask တွေပြေးဝယ်ကြ ၊ ၂ထပ် တပ်ကြနဲ့ ပေါ့။

များမကြာခင်မှာပဲ ပို့စ်တခုထပ်တက်လာပါတယ်။ WHO က mask ၂ထပ်တပ်ဖို့ မပြောပါဘူးဆိုတဲ့ ခေါင်းစီးကြီး နဲ့ပေါ့။

အားလုံးကလဲ share ကြပြန်တာပေါ့။ တွေ့လား ငါပြောသားပဲ ပိုးကမဆိုးပါဘူးပေါ့။ Mask တထပ်ဆိုရပါပြီ ပြန်ဖြစ်ကြပြန်ပါတယ်။

အဲ့တော့ ဘယ်လိုတပ်ကြမှာလဲ… တထပ်ပဲတပ်မှာလား. ၂ထပ်တပ်ကြမလား။

CDC အမေရိကန်ဂိုဏ်းအတိုင်း လိုက်နာမှာလား? WHO ဂိုဏ်းအတိုင်း လုပ်ကြမှာလား?

ကျနော့်အမြင်ကတော့ မိမိဉာဏ်နဲ့ မိမိသုံးသပ်ပြီး ဆုံးဖြတ်စေချင်တာပါ။

CDC ရော WHO ရောက မမှားပါဘူး။အကျိုးနဲ့အပြစ် ဒွန့်တွဲနေပါတယ်။

CDC ကစာကိုသေချာ ပြန်ဖတ်ကြည့်ရင် Mask ၂ထပ်တပ်မှ ပိုကောင်းတယ်လို့ မရေးထားပါ။

Double masking ဆိုတဲ့အကြံက
ဘယ်ကပေါ်လာတာလဲဆိုတော့ ပုံမှန်တပ်နေတဲ့ surgical mask တွေက ကာကွယ်နိုင်ပေမယ့် ဘေးတွေမှာ ဟာနေ တတ်ပါတယ်။ ဘေးဖက်တွေ အောက်ဖက်တွေမှာ ဟနေရင် အဲ့နေရာတွေကနေ ပိုးကဝင်သွားတတ်ပါတယ်။

ဆိုတော့ ဘေးဖက်တွေ အောက်ဖက်တွေကို ပိုပြီးတင်းကြပ်အောင် လုပ်နိုင်ရင် ပါးစပ်နဲ့ နှာခေါင်းကို fit သေချာဖြစ်ဖို့ပဲလိုတာပါ။

CDC က ၃မျိုး အကြံပြုထားပါတယ်။

ပထမတခုက Surgical mask ကိုအရင်တပ်၊ ပြီးရင် အဝတ် mask ကိုထပ်တပ်ပါတဲ့။

Surgical mask က မလုံလောက်လို့မဟုတ်ပါ။ အဝတ် mask ကကိုယ်တိုင်ချုပ်ထားတော့ face နဲ့ပိုကွက်တိကျတယ် ကြိုးလဲပိုတင်းတဲ့အတွက် အဝတ် mask ကိုအပြင်ကထပ်ခိုင်းတဲ့သဘောပါ။

အဝတ် mask အပေါ်က မထပ်ချင်ရင် ဒုတိယတနည်းက mask fitter (or) brace ထပ်တပ်လဲရပါတယ်။ အဓိကက ဘေးဖက်ကိုလုံချင်တာပါ။ အရှေ့က surgical mask တခုနဲ့ လုံလောက်ပြီးသားပါ။

တတိယတနည်းကကျ
ဘေးဖက်ကိုလုံအောင်
Knot and fold လို့သိကြတဲ့ ကြိုးကို အစွန်း၂ဖက်ထုံးလိုက်ပြီး အတွင်းကိုခေါက်လိုက်တဲ့နည်းပါ။

အောက်ကပုံတွေမှာပါပါတယ်။

ဒုတိယနည်းနဲ့ တတိယနည်းဆို mask ၂ထပ်မလိုပဲ တထပ်တည်းနဲ့ လုံအောင်တပ်လို့ရပါတယ်။ ၂ထပ်တပ်တာ ပိုကောင်းလားဆိုတော့ ပိုကောင်းပါတယ်။ ပိုးကိုလဲ ပိုကာကွယ်တာဟုတ်ပါတယ်။

ဒါပေမယ့် မကောင်းတာက အမျိုးအစားတူ ၂ထပ်ထပ်လို့မရဘူး။ Surgical mask ၂ထပ်မတပ်ရဘူး။ အဝတ် mask နဲ့ surgical mask လိုမျိုးမတူမှသုံးရမယ်။

နောက်တခုမကောင်းတာက ၂ထပ်တပ်ရင် အသက်ရှူရတာပိုမွန်းကြပ်ပါတယ်။ အဲ့တော့ လူက အကြာကြီးမတပ်နိုင်ဘဲ ခဏခဏချွတ်ချင်လာရော။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေဆို အရမ်းမွန်းပါတယ်။

အဲ့တော့ ၂ထပ် မတပ်နိုင်ရင် တထပ်ထဲလုံအောင်တပ်လို့ရပါတယ်။ နဂိုထဲက မတတ်နိုင်တဲ့ပြည်သူတွေမှာ mask တထပ်တောင်အနိုင်နိုင်ဖြစ်နေတာ ၂ထပ်ဆို ပိုလဲကုန်ကျနိုင်ပါတယ်။

ပြီးတော့ တတ်နိုင်တဲ့သူတွေက mask 2ထပ်တပ်ဖို့ လုဝယ် လုသိမ်းထားတော့ တကယ်လိုတဲ့လူက တထပ်တောင်မတပ်နိုင်တော့တဲ့ အဖြစ်တွေကြုံရပါတယ်။

ဒါဆို WHO ကပြောတဲ့ တထပ်ပဲကလုံလောက်တာပေါ့နော်ဆိုတော့ အဲ့လိုလဲ မဟုတ်ပြန်ဘူး။

စျေးကွက်ထဲက mask တွေက ၂လွှာပဲပါတာတွေများနေပါတယ်။

အမှန်တကယ် ၃လွှာပါတဲ့ဟာကမှ တခုထဲတပ်လို့ လုံလောက်တာပါ။

ပြည်သူတွေကြားထဲသွားကြည့်ရင် ပါးရိနေတဲ့ mask တွေကို ချွေးသံတရဲရဲနဲ့ တပ်နေကြတာကို စိတ်မကောင်းစရာတွေ့ရပါတယ်။

Mask ၃ထပ်ပါတာက စျေးလဲပိုကြီးသလို ၂ထပ်တို့ ၁ထပ်တို့က စျေးသက်သာနေပါတယ်။

ဆိုတော့ mask တပ်ရက်သားနဲ့ ကူးတယ်ဆိုတာ Mask က အပါးလေးတွေဖြစ်နေလို့ပါ။ Mask က ပါးနေတယ် ၂လွှာပဲပါတာဆိုရင်တော့
တခုထဲမလုံလောက်ပါ။

Face shield နဲ့တွဲတပ်သင့်ပြီး ဖြစ်နိုင်ရင် အဝတ် mask ကိုအပြင်ကတပ်တဲ့ double masking လုပ်သင့်ပါတယ်။

နောက်တခု သိထားသင့်တာက KN95လို mask တပ်နိုင်ရင် 2ထပ်တပ်ဖို့မလိုပါ။ တခုထဲနဲ့ လုံလောက်ပါတယ်။

Facebook ပေါ်မှာတွေ့ရတဲ့ဟာတခုရှိပါသေးတယ်။ Mask ကို ၃နာရီလောက်ဆက်တိုက်တပ်ပြီးရင် ချွတ်ပြီး လေရှူပေးပါတို့၊ အက်ဆစ်ဓာတ်ထွက်လာလို့ mask အကြာကြီးတပ်ရင်သေတတ်တယ်တို့ဆိုတာ မမှန်ပါဘူး။

ကိုယ်စတပ်ဖို့ ရွေးကထဲက အသက်ရှူကြပ်မယ့်ဟာ မတပ်ရပါ။ တကယ်ကောင်းတဲ့ maskဆို ခဏခဏ ချွတ်ပြီးလေရှူစရာမလိုပါ။

Mask ကောင်းတခုဆိုတာ အသက်ရှူရတာလဲအဆင်ပြေရမယ်။ ဘေးဖက်ရော အရှေ့ရော လုံလဲလုံရမယ်။ အလွှာ ၃လွှာလဲပါရမယ်။

အစထဲက အိမ်မှာစမ်းတပ်ကြည့်ကြပါ။ အရမ်းမွန်းရင် အသက်ရှူလွယ်မယ့် mask ကိုရှာပါ။ ချောင်လွန်းရင်လဲ ပိုးကဝင်တတ်လို့
မတင်းလွန်း မလျော့လွန်း အလယ်အလတ်လမ်းစဥ်ကိုသုံးသင့်ပါတယ်။

အဝတ် mask ရော တပ်သင့်လားဆို ၃လွှာ ချုပ်ထားရင် တပ်လို့ရပါတယ်။ အတွင်းလွှာက ရေငွေ့စုပ်ရမယ်။ ချည်သားအရောင်ဖျော့ဖျော့သုံးပေးပါ။ အလယ်မှာ စကာအလွှာတထပ်ပါရမယ်။ (polypropylene အစဆိုပိုကောင်းသည်) အပြင်မှာ ရေစိုခံမယ့်အလွှာတခု စုစုပေါင်း ၃လွှာချုပ်ပေးထားရင် အဝတ် mask လဲသုံးလို့ရပါတယ်။

အဝတ် mask ကို ထောင်ထားပြီး မီးရောင်နဲ့ထိုးကြည့်ပါ။ အလင်းရောင်ကိုမဖောက်အောင် ပိတ်နိုင်ရင် ကောင်းတယ်လို့ဆိုပါတယ်။

https://m.youtube.com/watch?v=iYE0A-5wd14&ebc=ANyPxKoQQOqNqe50gcSfESrdqlvZWJJLbgi8Xlh5i6gGFYdUoC2YG072iqS4m2yv5Zc2DOfddcVWNXAktKiNila8AYgQHf17cw&feature=emb_logo

အချုပ်အနေနဲ့ ဘာပဲတပ်တပ် ၃လွှာပါတာကိုတပ်ပါ။
၃လွှာမပါရင် ၂ထပ်တပ်တာပိုစိတ်ချရပါတယ်။ ၂ထပ်က မွန်းတယ် မခံနိုင်ဘူးဆိုရင် တထပ်ကိုပဲ ကောင်းတာရှာတပ်ပါ။

ဘေးဖက်တွေအောက်ဖက်တွေလုံပါစေ။ Mask ကို ခဏခဏမချွတ်ပါနဲ့ မကိုင်ပါနဲ့။

လက်ကိုခဏခဏဆေးပါ။

လူတွေနဲ့ mask တပ်ထားလဲ ခပ်ခွာခွာနေပါ။ Mask ပါးရင် face shield နဲ့တွဲတပ်လို့ရပါတယ်။ ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးထူနေရင်လဲ mask နဲ့အံဝင်ခွင်ကျမဖြစ်တတ်လို့ မလိုတဲ့နေရာတွေရိတ်ပေးသင့်ပါတယ်။

ဘယ်သူ့စကားပဲဖြစ်ဖြစ် ဘယ်သူဘာပြောပြော ချင့်ချိန်ပြီးမှ ရွေးချယ်ဆုံးဖြတ်နိုင်ကြပါစေ။

Dr. Venice

References

https://www.cdc.gov/coronavirus/2019-ncov/your-health/effective-masks.html

https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/coronavirus-disease-covid-19-masks

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

သာမန်ကွန်ပြူတာတွေနဲ့ မတူတဲ့ Quantum Computer အကြောင်း အကျဉ်းချုပ်

(ဒီအကြောင်းကို မဖတ်ခင် Quantum Mechanics အကြောင်းနည်းနည်းတော့သိသင့်ပါတယ်။
ဒါပေမယ့် မသိသေးတဲ့သူတွေပါ နားလည်နိုင်အောင် အတတ်နိုင်ဆုံးရေးသွားပါမယ်။ နားမလည်လို့ ဆက်ပြီးဖတ်ချင်ရင် ဖတ်လို့ရအောင်လည်း အရင်ကရေးထားခဲ့ဖူးတဲ့ Link တွေထည့်ပေးထားပါမယ်)

Quantum Computer တွေကိုနားလည်ဖို့ သာမန်ကွန်ပြူတာတွေဘယ်လို အလုပ်လုပ်လဲဆိုတာ အရင်သိသင့်ပါတယ်။
ကွန်ပြူတာတွေက ကိုယ်ကိုချင်တာကို မြန်မြန်ဆန်ဆန်နဲ့လုပ်ပေးနိုင်တဲ့အတွက် သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာ မသိကြရင် ထူးဆန်းတယ်လို့ ထင်ချင်ထင်ကြမှာပါ။
ဒါပေမယ့် သာမန်ကွန်ပြူတာတွေက အဲ့လောက်မထူးဆန်းပါဘူး။

ကွန်ပြူတာမှာ အခြေခံကျတဲ့ပစ္စည်းကတော့ Transistor ပါပဲ။ သူက လျှပ်စစ်အဝင်အထွက်ကိုပဲ သိပါတယ်။ သူက 0, 1 နှစ်မျိုးပဲနားလည်ပါတယ်။
(လျှပ်စစ်ဝင်လာရင် 1, မဝင်လာရင် 0 ဆိုပါတော့)
ဒါကို Bits လို့ခေါ်ပါတယ်။ ကွန်ပြူတာရဲ့ အခြေခံ Unit ပါ။ (1 လား၊ 0 လား မှတ်တမ်းတင်ထားတာပေါ့)

နည်းပညာတွေ တိုးတက်လာတော့ Transistor တွေက တော်တော်သေးလာကြပါပြီ။ Transistor တစ်ခုဟာ Atom အရွယ်အစားလောက်ထိကို သေးငယ်လာပြီလို့ ဆိုပါတယ်။ 2021 မှာတော့ Transistor တစ်ခုရဲ့အရွယ်အစားဟာ 10nm အောက်ကိုရောက်နေပါပြီ။ (Virus တွေရဲ့အရွယ်အစားလောက် ဖြစ်နေပါပြီ)

Transistor တွေပေါင်းလိုက်တဲ့အခါ Logic Gates တွေရလာပါတယ်။ (ငယ်ငယ်က ဘာမှန်းမသိဘဲ အလွတ်ကျက်ခဲ့ရတဲ့ AND, OR, NAND, NOR Gates တွေကိုပြောချင်တာပါ)
သူတို့က Transistors တွေရဲ့ Input တွေအပေါ်မူတည်ပြီး Output တစ်ခုကို ထုတ်ပေးတာပါ။
ဥပမာ AND Gate ဆိုရင် သူ့ထဲဝင်တဲ့ Input တွေအကုန် 1 ဖြစ်မှ Output က 1 ဖြစ်တာပါ။ အဲ့လိုမဟုတ်ဘဲအဝင်မှာ တစ်ခုခုက 0 ဖြစ်မယ်ဆိုရင် Output က 0 ဖြစ်သွားပါတယ်။
Transistor တွေထက် တစ်ဆင့်မြင့်သွားပြီး နည်းနည်း ပိုရှုပ်ထွေးလာတာပေါ့။

Logic Gates တွေပေါင်းလိုက်ရင် Modules တွေရလာပါတယ်။ ဒီအခါမှာ Basic Math တွေလုပ်လို့ရလာပါပြီ။ ပေါင်းခြင်း၊ မြှောက်ခြင်းတွေကို လုပ်နိုင်လာပါပြီ။
ဒါ ကျွန်တော်တို့သုံးနေတဲ့ ကွန်ပြူတာတွေရဲ့ အခြေခံပါပဲ။
လူတစ်ယောက်ချင်းဆီက ပေါင်းခြင်း၊ မြှောက်ခြင်းကို လုပ်ပေးနေတာနဲ့ တူတူပါပဲ။ ဒါတွေပေါင်းလိုက်ရင်တော့ ကျွန်တော်တို့သိတဲ့ Computer Chips လေးတွေရလာပါပြီ။

ပြဿနာတစ်ခုရှိတာက Transistor တွေက Atom တွေအဆင့်လောက်ထိသေးလာပြီဆိုတော့ Transistor တွေဖွင့်ခြင်း၊ ပိတ်ခြင်းက Effective သိပ်မဖြစ်တော့ပါဘူး။
ဒါကိုနားလည်ဖို့ Quantum Mechanics နည်းနည်းတော့သိရပါမယ်။
Atom အဆင့်လောက်ထိ သေးသွားတဲ့အခါ ကျွန်တော်တို့နေ့စဉ်မြင်သလို တွေးသလို မဟုတ်တော့ပါဘူး။ ပါဝါတွေ၊ စွမ်းအားတွေဆိုပြီး ရှေးလူကြီးတွေယူဆကြတဲ့သဘောတွေ ရောက်လာပါပြီ။

Transistor တွေက ဖွင့်လိုက်ပိတ်လိုက်လုပ်ခြင်းအားဖြင့် လျှပ်စစ်စီးဆင်းမှု (Electron Flow) ကို တားတယ်လို့ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် အရမ်းသေးငယ်လာတဲ့အခါမှာ Electron က သူ့ရှေ့မှာ အတားအဆီးရှိနေပေမယ့် တဖက်ကိုဖောက်ထွင်းပြီး ရောက်သွားနိုင်ပါတယ်။ (ဒီတော့ တားထားတာ ဘာထူးတော့မလဲ) ဒါကို Quantum Tunneling လို့ခေါ်ပါတယ်။

(သေချာသိချင်ရင် ဒီမှာဖတ်ပါ)

Quantum Tunneling (Quantum Mechanics Part 8)
https://ouo.io/diUlx1

စာဖတ်သူ အခုကိုင်ထားတဲ့ ဖုန်းတစ်လုံး၊ Laptop တစ်လုံးနဲ့ အရင်ခေတ်က ကွန်ပြူတာနဲ့ယှဉ်ကြည့်လိုက်ပါ။ တော်တော်သေးလာပါတယ်။ ဒါဟာ Transistor တွေကို ပိုပိုသေးငယ်အောင်လုပ်လာနိုင်လို့ပါ။ အခု Transistor တွေက သေးလွန်းမက သေးပြီး Atom အရွယ်အစားရောက်လာတော့ Quantum Tunneling သဘောတရားအရ သိပ်ပြီး Effective မဖြစ်တော့ပါဘူး။ ဒီလိုသာဆက်သွားကြရင် 2040 ခုနှစ်ရောက်တဲ့အခါ တစ်ကမ္ဘာလုံးအတွက်လိုအပ်တဲ့ Computing Power ကို မရနိုင်တော့ဘူးလို့ဆိုတယ်။

အဲ့ဒီတော့ Quantum Computers တွေကို တီထွင်ဖို့ကြံစည်လာကြတယ်။
(Quantum Tunneling လုပ်ချင်တဲ့ Electron ကို မင်း… လုပ်ချင်သလောက် လုပ်စမ်းကွာဆိုပြီး ပြန်အသုံးချလိုက်တဲ့သဘောပါ)

သာမန် Computer မှာ Bits ကိုသုံးပေမယ့် Quantum Computer တွေမှာတော့ Qubits ကိုသုံးပါတယ်။ ဘာကွာလဲဆိုတော့ Qubits က 1 ရယ်၊ 0 ရယ် ဖြစ်နိုင်တဲ့အပြင် 1 ရော 0 ရော ဖြစ်နိုင်ပါတယ်။ ဒါကို Superposition လို့ခေါ်ပါတယ်။

(ပိုသိချင်ရင် ဒီမှာဖတ်နိုင်ပါတယ်)

ဖောက်ပြန်သောအလင်းနှင့် Double Slit Experiment (Quantum Mechanics Part 1)
https://ouo.io/inZo3XG

Schrodinger’s cat (Quantum Mechanics Part 2)
https://ouo.io/pcdheT

မြင်အောင်ပြောရရင် ကမ္ဘာလုံးကြီးကို မြင်ကြည့်ပါ။ သာမန်ကွန်ပြူတာရဲ့ Bits ဆိုတာ 1 or 0 တစ်ခုခုပဲမို့ ဝန်ရိုးစွန်း ၁ခုမှာပဲရှိနေနိုင်ပါတယ်။ (တောင် or မြောက်ပေါ့)
Qubits တွေကျတော့ ကမ္ဘာတစ်ခုလုံးကြိုက်တဲ့နေရာမှာ ရှိနေနိုင်ပါတယ်။

ဒီတော့ Qubits တစ်ခုတိုးလိုက်တိုင်း Information သိမ်းနိုင်စွမ်းက ဆတိုးတက်သွားပါတယ်။

Qubits တွေရဲ့ထူးခြားချက်က သူ့အချင်းချင်းကြားမှာ Quantum Entanglement ရှိနေတာပါ။

Quantum Entanglement Illustration

(ပိုပြီးသိလိုပါက ဒီမှာဖတ်ပါ)

Ping မရှိသော Game နှင့် Quantum Entanglement (Quantum Mechanics Part 6)
https://ouo.io/jYIRPW

ရှင်းအောင်ပြောရရင် တစ်ခုကို တိုင်းတာလိုက်တာနဲ့ သူနဲ့ဆက်နွယ်နေတဲ့အခြားတစ်ခုကပါ လိုက်ပြောင်းလို့ အဲ့ဒီ Qubit ကိုသွားတိုင်းစရာမလိုဘဲ ဘာဖြစ်မလဲဆိုတာ ပြောနိုင်တာပါ။
ဒီသဘောတရားနဲ့ Logic Gates တွေနည်းတူ Quantum Gates တွေကို တည်ဆောက်လိုက်ပါတယ်။ (ဒါတွေက မသိလည်းရတာမို့ ကျွန်တော်လိုက်ဖတ် မနေတော့ပါဘူး)

ခုချိန်မှာတော့ Quantum Computers တွေကို ပေါပေါများများမသုံးနိုင်သေးပါဘူး။
တွက်ချက်မှုတွေ အများကြီးလိုအပ်တဲ့ Research ပိုင်းမှာတော့ ဒါကို သုံးဖိို့လိုအပ်ပေမယ့် သာမန်အိမ်သုံး ဂိမ်းဆော့ဖို့၊ Video Edit ဖို့ အတွက်တော့ ဒီလောက်မလိုအပ်သေးပါဘူး။ (အနာဂတ်မှာ ဒီကွန်ပြူတာတွေ စျေးပေါလာရင်တော့ ပြောင်းသုံးရမှာပေါ့)
သူ့ကိုသုံးရင်တော့ အချိန်ကုန်သက်သာမှာ သေချာပါတယ်။

Quantum Computer

ခုချိန်မှာတော့ Research ပိုင်းမှာပဲ သုံးနိုင်ပါသေးတယ်။ ပြီးတော့ သူက နေရာတော်တော်ယူပါတယ်။ စျေးကလည်း $15 million လောက်ရှိတယ်လို့ဆိုတယ်။

ဒါပေမယ့် ရွှေတရုတ်ကတော့ $5000 တန် ၁၂၁ ပေါင်လေးတဲ့ Quantum Computer ကိုထွင်ထားပါတယ်။ ရောင်းလည်းရောင်းနေပါတယ်။ သူက 2 Qubits ပဲတွက်ချက်နိုင်ပါတယ်။ ဒါပေမယ့် သာမန်ကွန်ပြူတာနဲ့ချိတ်ဆက်လိုက်တဲ့အခါ ပိုမိုမြန်ဆန်စေတယ်လို့ ဆိုပါတယ်။

Quantum Desktop Computer

ဘာမှသိပ်နားမလည်လိုက်ဘူးဆိုရင်တောင် ဒါလေးတွေကိုတော့ သိစေချင်ပါတယ်။
အရမ်းမြန်လို့ အချိန်ကုန်သက်သာစေပါတယ်။ နှစ်ပေါင်းရာနဲ့ချီပြီး ကြာမယ့်တွက်ချက်မှုတွေကို အချိန်ကာလတစ်ခုအတွင်းပြီးအောင် လုပ်ဆောင်ပေးနိုင်မှာပါ။
ဒါကိုသာတွင်တွင်ကျယ်ကျယ်သုံးလာနိုင်ရင် လူတွေရဲ့လူနေမှုအဆင့်အတန်းက နောက်တစ်ဆင့်ကို ရောက်လာမှာပါ။
ဒီလောက်ဆိုရင် Quantum Computer အကြောင်းကို အကြမ်းဖျင်းလောက်တော့သိသွားမယ်လို့ ထင်ပါတယ်။
ခုထိဖတ်လာပေးတာ ကျေးဇူးတင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Credit တလုံးဆောင်၍ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကြသူများ

Dr. Ariksan သည် အမေရိကန်နိုင်ငံ၊ ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေသော ကိုဗစ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ ဆရာဝန်ကြီးက ကိုဗစ်ရောဂါအတွက် အထူးလိုက်နာရန် အောက်ပါတို့ကိုလုပ်ဆောင်ဖို့ အကြံပြုထားသည်။

ဝင်ဖတ်ပါကသင်တယောက်ပဲသိမည်။
Copy paste နဲ့ ပြန်တင်ပေးရင် အားလုံးသိမယ် \@€*•[€[•[\^|#$|@©£¿¿

ဘလာဘလာ ######
ဘလာဘလာ######”

အပေါ်ကစာမျိုးတွေ စာဖတ်သူတို့ ဘယ်နှခါလောက် share ပြီးကြပြီလဲ…

အလားတူစာမျိုးတွေကိုရော copy paste ပြီး ဘယ်နှခါလောက်ပြန်တင်ပြီးကြပြီလဲ…

အပေါ်ကစာကို ဖတ်တာနဲ့ တခါထဲတန်းယုံတော့တာပဲလား။

ဘာမှကိုမစဥ်းစားတော့ဘဲ ဆရာဝန်လို့ပြောထားတာနဲ့ နိုင်ငံခြားကလို့ပြောထားတာနဲ့ မျက်လုံးမှိတ်ယုံပြီး share လိုက်ကြတာပဲလား။

ကိုယ့်မိဘဆွေမျိုးတွေကိုရော ပြန်ပြောပြကြတာပဲလား။

ဒီခေတ်ကြီးထဲမှာ အကြောင်းအရာတခုမှန်မမှန်စစ်ရတာ သိပ်လွယ်ပါတယ်။

အင်္ဂလိပ်လိုဆယ်တန်းအောင်တယောက် level ဖတ်တတ်ရင်တောင် အတော်လေးရှာဖတ်ကြည့်လို့ရပါတယ်။

အဲ့လိုပြန်ရှာဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် ယုံကြည်ရတဲ့ Page တွေ၊ Source သေချာတဲ့သူတွေရေးတဲ့ စာတွေ facebook မှာအများကြီးရှိပါတယ်။

သူတို့ကို like and follow လုပ်ထားရင် ယုံကြည်ရတဲ့စာတွေ တင်ပေးကြတာ ဖတ်ရုံပါပဲ။

အခုလို ဘယ်သူကစပြီး တင်ထားမှန်းလဲမသိသော၊
Source လိုက်လို့မရအောင် copy paste တွေနဲ့ ပြန်တင်ထားသော၊ မိမိစကားကို မိမိတာဝန်မယူနိုင်သော စာတွေကို ချင့်ချိန်ယုံဖို့ လိုလာပါပြီ။

Credit တလုံးနဲ့ ယုံကြည်မှုကို အလွယ်သုံးစားလုပ်ပြီးတင်နေတဲ့သူတွေ အများကြီးရှိပါတယ်။

သူတို့ပြောတဲ့သတင်းတွေဆို လွယ်လွယ်ကူကူ ပြန့်ကြပြီး တကယ့်ဆရာဝန်တွေ ကျန်းမာရေးဝန်ကြီးဌာနကစာတွေဆိုရင် အဲ့လောက်ကို ပြန်မ share ကြတာတွေ့ရပါတယ်။

ပိုဆိုးတာက အခုခေတ်မှာ groupတွေသိပ်ပေါလာတာပါ။

အစာအာဟာရ group၊ ကီတိုအကြောင်း group ၊
ကီဖာသောက်ကြသူများ group၊ ဆေးဝါးမလို သဘာဝအစာအာဟာရ group ၊ ကျန်းမာရေးအကြောင်း ဖလှယ်ကြမယ် group စတာတွေ မှိုလိုပေါက်နေတာပါ။

မှန်ကန်တဲ့သတင်းတွေပဲ share ရင်တော့ ပြဿနာမရှိပေမယ့် တို့ပြည်သူအများစုက စာဖတ်ပျင်းပါတယ်။

ရေးတဲ့သူကသေချာရေးပေးထားတာတောင်
စာအရှည်ကြီးဆို မဖတ်တာနဲ့၊ Eng စာပါရင် ရှောင်တာနဲ့ အဲ့လိုတွေ များတော့

မြန်မာဆန်ဆန်လေးရေးထားတဲ့ ခပ်တိုတို ဂျင်းထည့်တဲ့စာတွေက ပိုပြီးပြန့်ဖို့အကြောင်းရှိပါလေရော။

အခု ကိုဗစ်မှာ တင်တဲ့အချက်တွေ ဘယ်လောက်မမှန်သလဲ နဲနဲပြောပြပေးပါမယ်။

ကျနော်ရေးတာလဲ မယုံပါနဲ့…ဘယ်သူ့ကိုမှမယုံပါနဲ့…စာတွေလိုက်ဖတ်ကြည့်ပါ။

တကယ်ဆရာဝန်ဟုတ်ရဲ့လား ဆန်းစစ်ပါ။

ဖြစ်နိုင်သလားဆိုတာကို ချိန်ဆပြီးမှ သင် ပြန် share ပါ။

အလေးအနက်မဖတ်တဲ့စာဆိုရင် မသေချာရင် မshare ခြင်းဖြင့် သူများတွေရဲ့ယုံကြည်မှုကို ဒုက္ခမပေးကြပါနဲ့။

ကိုဗစ်ရောဂါကို ကြက်သွန်ဖြူစားရင်ပျောက်တယ်တဲ့။

ဖျားလာရင် ကြက်သွန်ဖြူတတက် ကိုပါးစပ်ထဲကိုက်ပြီးငုံထားရမယ်တဲ့….ကြက်သွန်ဖြူမှာပါတဲ့ ဓာတ်က ပိုးကိုသတ်ပါသတဲ့။

ဘာဓာတ်လဲဆိုတော့ ဘာမှမပြောဘူး။
ကြက်သွန်ဖြူက ပိုးသတ်တယ်လို့ သုတေသနလုပ်ထားလားဆို မပါဘူး။

ယုံသင့်မယုံသင့် သင်ကိုယ်တိုင်စဥ်းစားဖို့ပါ။

နောက်တခုက

“ဂျပန်နိုင်ငံကပြောလိုက်ပါပြီ…ကိုဗစ်က အက်ဆစ်ကိုကြောက်လို့ နာရီဝက်တခါ ရေသောက်ချပြီး ပိုးကိုအစာအိမ်ထဲမှာသတ်ပစ်လို့ရပါပြီ”

သတိပေးစာလိုလို အရေးပေါ်လိုလို အဲ့စာအတိုလေးကို အနီနောက်ခံနဲ့ရေးပြီး တင်နေပြန်ပါရော။

ကိုဗစ်က အသက်ရှူလမ်းကြောင်းကဝင်တာပါ။

ရေသောက်လို့ ကိုဗစ်သေမသေမသိ ရေသောက်တာများပြီး ရေဖောဖောကာ ရေဆိပ်သင့်တတ်ပါတယ်။

ပိုဆိုးတာက ရေသောက်ရင်ရပြီဆိုပြီး false sense of security ရကုန်ပါတယ်။

တကယ်လုပ်ရမယ့် လက်ဆေးတာ mask တပ်တာတွေ မလုပ်ဖြစ်တော့တာက တကယ်ပြဿနာပါ။

ကိုဗစ်ဖြစ်နေရင် ရေနွေးပူပူသောက်ရမယ်တို့ ရေနွေးငွေ့ရှူရမယ်တို့ဆိုတာ ဖြစ်နိုင်မလား မိမိဘာသာစဥ်းစားကြည့်ကြပါ။

အဲ့နည်းတွေတကယ်အလုပ်ဖြစ်ရင် ဘာလို့တကမ္ဘာလုံးကလူတွေ သေကုန်ကြတာလဲ။

ဘာလို့ကာကွယ်ဆေးတွေထိုးနေကြတာလဲ။

ယုံရတဲ့သတင်းကိုသာ ယုံကြဖို့ ပြောပါရစေ။

မဟုတ်ကဟုတ်က သတင်းတွေ share နေမိတာ စာဖတ်သူကိုယ်တိုင် မဖြစ်ပါစေနဲ့ လို့ဆန္ဒပြုပါတယ်။

Dr. Venice

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 2)

(Part 1 ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်)

https://ouo.io/g62l4Y

ခေါင်းစဉ်ကြည့်ပြီး လိမ်နေတာဖြစ်မယ်လို့ တွေးမိရင်တော့ လိမ်တာမဟုတ်ဘဲ တကယ်ပါလို့ ဦးစွာပထမ ပြောထားပါရစေ။

ဒါပေမယ့် စာဖတ်သူအတွေးမလွန်ခင် ဒါလေးတစ်ခုတော့ ကြိုပြောချင်ပါတယ်။
ရောဂါဆိုမှတော့ မကောင်းတာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း တပါတည်း ရှိနေတာကိုပြောချင်တာပါ။
(ဒါကြောင့် quote, unquote ထည့်ထားတာပါ)

ပြောတဲ့အခါမှာ ရောဂါအကြောင်း အကျဉ်းပဲပြောပါမယ်။
ရောဂါလက္ခဏာတွေ၊ စစ်ဆေးတဲ့နည်းတွေ၊ ကုသတဲ့နည်းတွေကတော့ ဆေးကျောင်းသားတွေကို စာသင်နေတာမဟုတ်လို့ မပြောတော့ပါဘူး။
ဒီလောက်ဆိုရင် ဆက်ပြောလို့ရပြီထင်ပါတယ်။

Myostatin-Related Muscle Hypertrophy

ဒီရောဂါရှိဟာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ တော်တော်ရှားပါတဲ့ရောဂါပါ။
ယောကျာ်းလေးတွေတော့ တော်တော်သဘောကျမှာပါ။ ဘာလို့လဲဆိုတော့ ဒီရောဂါဖြစ်ရင် ခန္ဓာကိုယ်မှာ အဆီဆဲလ် (Fat Cells) တွေနည်းသွားပြီး ကြွက်သားတွေ (Muscle) များလာလို့ပါ
ဘယ်လောက်တောင်များလာလဲဆိုရင် ပုံမှန်ရှိနေကျ ကြွက်သားထက် ၂ဆတောင် ပိုလာတာပါ။

ဒီရောဂါမှာ ကြွက်သားတွေအရမ်းမကြီးထွားလာအောင် တားပေးထားတဲ့ Myostatin က သူ့အလုပ်သူ ပုံမှန်မလုပ်တော့ပါဘူး။
ဒါကြောင့် ကြွက်သားတွေက တားမနိုင်ဆီးမရ ကြီးချင်သလောက်ကြီးနေတော့တာပေါ့။

ကြွက်သားတွေများလာတော့ ပိုသန်မာလာဖို့ ဖြစ်နိုင်ပါတယ်။ (အမြဲတမ်းတော့ မဟုတ်ပါဘူး)
ဒီရောဂါကို နွားတွေမှာ စပြီး သတိထားမိတာလို့ဆိုတယ်။

ဒီရောဂါရှိတဲ့ကလေးတစ်ယောက်ဆိုရင် အသက် ၅လနဲ့ Iron Corss လေ့ကျင့်ခန်းကို လုပ်နိုင်နေပြီလို့ဆိုတယ်။ (၅လဆိုတာ လမ်းလျှောက်ရင်တောင် တွဲလျှောက်နေရတဲ့အရွယ်ပါ)
အသက် ၃နှစ်မှာတော့ သူ့ရဲ့ ကြွက်သားထုထည်ဟာ ခန္ဓာကိုယ်ရဲ့ 40% ရှိနေပြီလို့ဆိုတယ်။

Iron Cross Exercise

ကြွက်သားများတဲ့လူတွေရဲ့ အားသာချက်က စားချင်တာစားပြီး ဝမလာတာပါ။ ဒီလိုပြောလို့ ကိုယ်က စားသလောက် မဝလာတာ မမြင်ရတဲ့ Muscle တွေကြောင့်ဖြစ်မယ်လို့ မထင်ကြပါနဲ့။ Thyroid ရောဂါ ဖြစ်နေရင်လည်း စားသလောက် မဝတတ်ပါဘူး။

ဒါ ဘာလို့ ဖြစ်ရလဲဆိုတော့ BMR (Basal Metabolic Rate) များနေလို့ပါ။ တစ်နေ့ကို ကြွက်သား ၁ပေါင်ဟာ 10 calories လောက် Burn ပါတယ်။ အဆီ ၁ပါင်ဟာ 3 calories လောက်ပဲ Burn ပါတယ်။ ဘာမှမလုပ်ဘဲနဲ့ကို Burn နေတာပါ။
ဒီတော့ အဆီနေရာ ကြွက်သားဝင်လာရင် 7 calories လောက် အလကားနေရင်း ပို Burn ပါတယ်။
အလေးမတဲ့သူတွေ အစာစားရင် အများကြီးစားကြတာ မြင်ဖူးမှာပါ။ ဒါက ဒီပိုလာတဲ့ ကြွက်သားတွေ ဆက်ပြီး တည်မြဲနေအောင် လိုအပ်သလောက် စားပေးရတဲ့သဘောပါ။

ဒီတော့ ဒီရောဂါရှိတဲ့သူတွေက စားချင်တာလျောက်စား၊ ဝလာဖို့ ခက်ခဲပါတယ်။ အပေါ်မှာ ဥပမာပြခဲ့တဲ့ ကလေးဆိုရင် အစားပြိုင်ပွဲတွေချည်း အချီချီဝင်နွဲနေတာပါ။
စားချင်တာစားလို့ရတယ်၊ ဝမလာဘူး၊ ဗလလည်းတောင့်တယ်၊ အဆီနည်းတယ်ဆိုတော့ ဒီရောဂါက အကျိုးပြုတာပေါ့ဗျာ။

Polymelia

ငယ်ငယ်က Ben 10 ထဲမှာပါတဲ့ Four Arms ဆိုတဲ့ကောင်ကို ကြည့်ပြီး မိုက်တယ်လို့ တွေးမိဖူးတယ်။

အခုပြောမယ့် ရောဂါဟာ လူတွေမှာလည်း အဲ့ဒီလို လက်အပို၊ ခြေထောက်အပိုတွေ ပါနေတာပါ
အပိုပါတဲ့ခြေလက်တွေက တော်တော်များများမှာတော့ သေးသေးလေးတွေပါပဲ။
Four Arms လိုတော့ မသန်ကြပါဘူး။

လူတွေမှာတင်မဟုတ်ဘူး၊ တိရစ္ဆာန်တွေမှာလည်း ဒီရောဂါကို တွေ့ရတတ်ပါတယ်။

ဒီတော့… ဘာလို့ “အကျိုးပြု” တဲ့အထဲထည့်ထားရတာလဲ မေးစရာရှိတယ်။ ဒါက စာဖတ်သူဆုံးဖြတ်ရမှာပါ။
ဒီရောဂါရှိရင် လက်တွေ၊ ခြေတွေတင် ပိုလာတတ်တာမဟုတ်ပါဘူး။ လိင်အင်္ဂါ (Genitalia) တွေပါ အပိုပါလာတတ်ပါတယ်။
ဒါကြောင့် အကျိုးပြုတယ်ဆိုတဲ့အထဲ ထည့်ချင်တဲ့သူတွေ ထည့်နိုင်အောင် ရေးလိုက်တာပါ…။

HIV Resistant People

HIV ဆိုတာ ဘာလဲသိကြမှာပါ။ လူရဲ့ကိုယ်ခံအားကို ကျစေတဲ့ ဗိုင်းရပ်စ်ပိုးပါ။ သူ့ကြောင့် AIDS ဆိုတော့ ရောဂါဖြစ်တာပါ။
ဘယ်ကနေကူးလဲဆိုတော့ အကြမ်းအားဖြင့် ရောဂါပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံရာကနေကူးတယ်၊ ရောဂါပိုးရှိတဲ့သွေးသွင်းမိရင် ကူးတယ်ဆိုပါတော့။
ဒါပေမယ့် HIV ပိုး လူ့ကိုယ်ထဲဝင်ဖို့ တံခါးပေါက်လိုပါတယ်။ တံခါးနာမည်က CCR5 ပါ။ ခုပြောမယ့်လူတွေမှာ ဒီတံခါးပေါက်အလုပ်မလုပ်တဲ့အတွက် HIV ပိုးလည်း ဆဲလ်ထဲကို မဝင်နိုင်တော့ပါဘူး။ CCR5 Mutation လို့ခေါ်ပါတယ်။

HIV can enter cells with no CCR5 mutation.
HIV can’t get inside cells with CCR5 mutation.

ဒီလို တံခါးမရှိတာဟာ လူနည်းစုမှာပဲဖြစ်ပါတယ်။ လူဖြူတွေရဲ့ 1% လောက်မှာ တွေ့ရတာများတယ်လို့ဆိုတယ်။
ဒီလို Mutation ဖြစ်တာကလည်း အကျိုးပြုတယ်ပြောလို့ရနိုင်တာမို့ ခု ခေါင်းစဉ်ထဲကို ထည့်ထားလိုက်တာပါ။

တခြားထူးဆန်းတဲ့ရောဂါတွေ အများကြီးကျန်ပါသေးတယ်။ ဒါတွေကို အချိန်ရတဲ့အခါ ဆက်ရေးပါဦးမယ်။
အခုတော့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါပြီ။
ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကြိုးစာခြင်း ဝိရောဓိများ

လူတိုင်း ဒီ Topic မျိုးကို အခါခါတွေ့ဖူးကြမှာပါ။ အောင်မြင်တိုးတက်၊ ကြီးပွားချမ်းသာရေးဟောတဲ့လူတွေ အကြိုက်ခေါင်းစဉ်တစ်ခုပေါ့။
လူတွေကလည်း ဒီလိုခေါင်းစဉ်မျိုးကိုပဲ တစိုက်မတ်မတ် စားသုံးချင်ကြတယ်။
ဆိုတော့… ခေတ်မီအောင် ကျွန်တော်လည်း တစ်ပုဒ်လောက်ရေးချင်ပါတယ်။

အရင်ခေတ်ကရေးထားတဲ့ အောင်မြင်တိုးတက်ရေးစာအုပ်တွေဖတ်ရင် ကြိုးစားဖို့လိုတယ်ဆိုပြီး ပြောကြတာပေါ့။
ဘဝမှာ အောင်မြင်တိုးတက်ဖို့ လိုတယ်၊ ဒီအတွက် မဆုတ်မနစ်နဲ့ ကြိုးစားရမယ်၊ လဲကျရင် ပြန်ထရမယ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ လိုချင်တဲ့ပန်းတိုင်ရောက်အောင် အရောက်လှမ်းရမယ်။ (၁၀ တန်းစာစီစာကုံးရေးမှာ အလွတ်ကျက်ရေးကြတဲ့ စကားလုံးတွေပေါ့)
ဒါပေမယ့် ကြိုးစားတိုင်းလည်း ကြိုးစားသလို မဖြစ်ပြန်ဘူး၊ လဲကျတိုင်းလည်း ပြန်ထဖို့လည်း မလွယ်ပြန်ဘူး ဆိုတော့ အပေါ်ကရေးတာတွေကို လူတွေသိပ်မယုံကြတော့ဘူး။

အဲ့ဒီတော့ နောက်တစ်ဆင့်တက်ကြတာပေါ့။
Work smart, not hard” လုပ်လာကြပြန်တယ်။ သိပ်မကြိုးစားနဲ့၊ ဉာဏ်လေးသုံး… ဆိုတာမျိုးပေါ့။
လဲကျရင်လည်း အမှားတွေကနေ သင်ခန်းစာယူပြီး ပြန်ထပါဆိုတာမျိုးပေါ့။
ဒါဟုတ်သလိုလိုတော့ ရှိလာတယ်။ သာမန်လူတွေတင်မဟုတ်ဘူး၊ ငပျင်းတွေလည်း ကြိုက်ကြတယ်။

ဒီလို Smart တာမဟုတ်ပါ

ဒါပေမယ့် အောင်မြင်လာတဲ့အခါ မပျော်ကြပြန်ဘူး ဆိုပါတော့…။
(Idiots ရဲ့ “ဘာလိုနေသေးလဲ” သီချင်းလိုပေါ့ဗျာ…)

အဲ့ဒီတော့ နောက်တစ်ဆင့်ထပ်တက်တယ်။
ပုံပြင်လေးနဲ့ပြောကြတာပေါ့။ (တော်တော်များများကြားဖူးကြမှာပါ)
တစ်ခါက ငါးဖမ်းသမားတစ်ယောက် ကမ်းခြေက အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ထိုင်ပြီး မှိန်းနေတယ်။ ဘေးမှာလည်း အရက်ကလေးတစ်ခွက်နဲ့ အမြည်းနဲ့ပေါ့။
အဲ့ဒီအချိန်မှာ ငါးဖမ်းစက်လှေတွေပိုင်တဲ့ သူဌေးရောက်လာပြီး အလုပ်မလုပ်သေးဘူးလားလို့ မေးတယ်။
ဒီတော့ မလုပ်သေးဘူးလေ၊ အေးဆေးနားဦးမယ်လို့ ပြန်ဖြေတာပေါ့။
သူဌေးက မင်းအဲ့ဒီလိုဆို ဒီဘဝက တက်မှာမဟုတ်ဘူးလို့ ပြောတယ်။ (စဆရက သူဌေးပေါ့)

ဒီဘဝက တက်ရင် ဘာဖြစ်မှာမို့လို့လဲဗျာလို့ ငါးဖမ်းသမားက မေးတယ်။
မင်းငါးထွက်ရှာလို့ ငါးတွေတွေ့လာရင် ငွေရမယ်၊ ဒီလိုနဲ့ အလုပ်ကိုကြိုးစားပြီးဆက်လုပ်ရင် ငွေတွေထပ်ရလာမယ်၊ ငါးဖမ်းဆက်လှေတွေထောင်နိုင်မယ်၊ မင်းငါးထွက်ဖမ်းစရာမလိုတော့ဘူး၊ မင်းအောက်မှာ မင်းလိုကောင်တွေကို ခိုင်းနိုင်မယ်လေကွာ လို့ သူဌေးကပြောတယ်။

ငါးဖမ်းသမားကလည်း မလျော့ဘူး၊ အဲ့ဒီတော့ ဘာဆက်ဖြစ်မှာမို့လို့လဲဗျာ လို့ ဆက်မေးတယ်။ (အရက်သမားတွေ စကားများရင် ကြောက်ဖို့ကောင်းတယ်…)
အဲ့တော့ မင်းအေးအေးဆေးဆေး မပူမပင်ဘဲ နေလို့ရပြီပေါ့ကွ လို့ ပြန်ဖြေတာပေါ့။
ငါးဖမ်းသမားက ကျုပ် အခု ဘာလုပ်နေတယ်ထင်လို့လဲ တဲ့။

ပုံပြင်ကဒါပါပဲ။ အနှစ်ချုပ်လိုက်ရင်တော့ ပျော်ရွှင်မှုဆိုတာ ကိုယ့်စိတ်နဲ့ပဲဆိုင်တာပါ၊ အရိပ်ကလေးအောက်မှာ အရက်သောက်ပြီး ရောင့်ရဲနေတာနဲ့ သူဌေးဖြစ်အောင် ဒုက္ခခံပြီး ရှာရမှာနဲ့ ဘယ်ဟာမှာ ပျော်မလဲပေါ့။

ဒီတော့ လူတွေရဲ့ Focus က အောင်မြင်မှုကနေ ပျော်ရွှင်မှုဖက်ရောက်လာကြတယ်
အောင်မြင်တိုင်းလည်း မပျော်ရွှင်ဘဲ Suicide လုပ်သွားတဲ့ Case တွေကို မြင်လာရတာလည်း ပါတယ်။
နောက်တစ်ခုက အပြိုင်အဆိုင်အရမ်းများတော့ အောင်မြင်ဖို့ ခက်ခဲလာတာလည်း ပါတယ်။
မမီတဲ့ပန်းကို တုံးခုပြီး မလှမ်းတော့ဘဲ ကိုယ်မီသလောက်နဲ့ ရောင့်ရဲလိုက်ကြတဲ့သဘောပေါ့။

Mark Manson ရဲ့ The Subtle Art of Not Giving a Fuck မှာလည်း စာအုပ်အစမှာကတည်းကိုက “Don’t Try” လို့ပြောထားတယ်။ မကြိုးစားပါနဲ့တဲ့။ (ဒီစာအုပ်ကို မြန်မာပြန်ထားတာလည်း ရှိပါတယ်)
သူရေးထားတာကတော့ Body ပိုတောင့်ရမယ်၊ ပိုချမ်းသာလာရမယ်၊ ပိုအောင်မြင်လာရမယ်၊ ရုပ်ပိုချောလာရမယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ လူတွေ စိတ်သောကတွေများနေကြတယ်လို့ဆိုတယ်။
ဒီလို ဝေးဝေးကကိစ္စတွေကို တွေးပြီး အမြဲစိတ်ဖိစီးနေမယ့်အစား မကြိုးစားနဲ့တော့လို့သူက ပြောချင်တာပါ၊ အောင်မြင်ချင်ရင် မကြိုးစားလည်း အောင်မြင်သွားတာပဲတဲ့။

“ကံ” သဘောကို ပြောတာမဟုတ်ပါ၊ ကောင်းတာတွေနောက်လိုက်ရင် မကောင်းတာတွေဖြစ်တတ်ပြီး မကောင်းတာတွေနောက်လိုက်ရင် ကောင်းတာတွေဖြစ်လာတယ်လို့ ဆိုချင်တာပါ။ (သူကတော့ ဒါကို Backwards Law လို့ခေါ်တယ်)
ဥပမာ Gym မှာ အပင်ပန်းခံကစားနေလို့ Body တောင့်လာတာမျိုး၊ ကိုယ့်ရဲ့အကြောက်တရားတွေ၊ စိုးရိမ်စိတ်တွေကို ရင်ဆိုင်လိုက်မှ သတ္တိတွေရှိလာတာမျိုး ကိုပြောချင်တာပါ။

သူက ဂရုမစိုက်ဖို့ ပြောတယ်ဆိုတာ အရာရာကို ဆိုလိုချင်တာမဟုတ်ပါဘူး၊ သေးနုပ်တဲ့ကိစ္စတွေကိုပါတဲ့။
အချို့တွေက ဆံပင်မလှဘူး အပြောခံရမှာကြောက်တော့ ဆံပင်ကို မဖြီးဘူး၊ လူတွေနဲ့ တရင်းတနှီး ပေါင်းသင်းဆက်ဆံရမှာ ကြောက်တော့ ငါ့ပြဿနာတွေကို နင်တို့နားမလည်ဘူးဆိုပြီး သူ့ကိုယ်သူ လူတထူးလို ထင်တတ်ကြတယ်။ လူတွေရဲ့ Defense Mechanism တွေပေါ့ဗျာ။ (စပျစ်သီး ချဉ်တယ်ဆိုတဲ့ မြေခွေးလိုပေါ့)
ဒါဟာသူပြောချင်တဲ့ ဂရုမစိုက်ခြင်း၊ မကြိုးစားခြင်းမဟုတ်ပါဘူးတဲ့။

သူကတော့ ပစ္စုပ္ပန်ကျကျနေစေချင်တဲ့ သဘော၊ စိတ်ပျော်ရွှင်ဖို့ကို အဓိက ထားလိုတဲ့ သဘောကို ပြောချင်တာပါ။ (သူဌေးနိုင်ငံတွေမှာတော့ ဟုတ်တာပေါ့…၊ အလုပ်မရှိရင်တောင် အစိုးရက တင်ကျွေးထားနိုင်တာကိုး)

ဒါပေမယ့် ကျွန်တော်ကတော့ အဆို တစ်ခုချင်းစီရဲ့ ဟာကွက်တွေကို ရှာကြည့်ချင်ပါသေးတယ်။
ကြိုးစားရင် ဒိုးပြားရမယ်ပြောခဲ့တဲ့ခေတ်၊ ခေါင်းသုံးဖို့ပြောတဲ့ခေတ်၊ မကြိုးစားတော့ဘဲ ပျော်ရွှင်ခြင်းကို အဓိကထားရှာတဲ့ခေတ် ၃ခေတ်ဆိုပြီး အကြမ်းဖျင်းခွဲလိုက်တာပေါ့။

မျက်စိမှိတ်ကြိုးစားခိုင်းနေတာက ဘာနဲ့တူလဲဆိုတော့ ခေါင်းမသုံးဘဲ စာအော်ကျက်နေသလိုပဲ။ ဉာဏ်မကူတော့ အချိန်သာကုန်သွားမယ်၊ အမှတ်ကောင်းကောင်းရဖို့ခက်ခဲမှာပါ။
ခေါင်းသုံးဖို့ပြောတာကတော့ ဟုတ်သလိုလိုရှိတယ်။ ဒါကို လက်ခံတယ်။

ဒါပေမယ့် အောင်မြင်တိုင်းပျော်ရွှင်တာ မဟုတ်ဘူးဆိုတော့ ပျော်ရွှင်မှုနောက်ကို လိုက်ချင်ကြပြန်တယ်။
မကြိုးစားနဲ့ဆိုတာတွေ ဖြစ်လာတယ်၊ အရက်သမားကို ကြည့်ပြီး အားကျလာတယ်။ ဘုရားဟောနဲ့ယှဉ်ရင်လည်း လောဘမကြီးဖို့၊ ချိုးခြံချွေတာကြဖို့ ပြောထားတယ်။

ခု ဖြစ်နေတဲ့ ပြဿနာက အောင်မြင်မှုကို သွားမလား၊ ပျော်ရွှင်မှုကို ယူမလားဖြစ်နေတာပေါ့။
နှစ်ခုလုံးလည်း ရနိုင်တာပဲ… ဘာလို့များ အငြင်းတွေပွားနေကြရလဲဆိုတော့ ၂ခုလုံးရဖို့ ခက်ခဲလို့ပါ။
ဒီတော့… ၂ခုလုံးကို 100% မယူချင်ဘဲ နည်းနည်းတော့လျော့ရမယ်။

ခုခေတ်မှာတော့ မကြိုးစားနဲ့ဆိုတဲ့ Mentality ကို ထဲထဲဝင်ဝင် နားမလည်ရင် ငပျင်းတွေဖြစ်သွားနိုင်တယ်ဆိုတာလည်း ဂရုပြုရမယ်။
ငယ်ဘဝမှာတော့ ငွေကို မလိုပါဘူးကွာလို့ ထင်စရာရှိတယ်။ (အိမ်ကကျွေးနေတာကိုး၊ မကျွေးရင်တောင် တစ်ကိုယ်ရည်၊ တစ်ကာယမို့ အဆင်ပြေတယ်)

ရောင့်ရဲတတ်တာဟာ တစ်ကိုယ်တည်းနေရင်တော့ ကောင်းတယ်။
ဒါပေမယ့် အိမ်ထောင်ပြုတဲ့အခါ ကိုယ်ယူတဲ့မိန်းမကရော ရောင့်ရဲတတ်တဲ့သူလားဆိုတာ ကြည့်ရမယ်။ မဟုတ်ရင် ကိုယ်က သစ်ပင်ရိပ်အောက် အရက်ကလေးတမြမြနဲ့ အနားယူချင်ပေမယ့် မိန်းမက လူတန်းစေ့နေချင်တော့ ငွေရှာပေးဖို့ နားပူနားစာလုပ်မှာပဲ။
အဲ့ဒီအခါမှာ သူဌေးကိုဖြေသလို ဖြေလိုက်လို့ကတော့ မိန်းမနဲ့သတ်ရမှာပေါ့။
အဲ့လိုဆိုရင် စိတ်ပျော်ရွှင်မှုဆိုတာလည်း မရှိနိုင်တော့ဘူးလေ။

ဒါကြောင့် ဉာဏ်သုံးပြီး ကြိုးစားပါလို့ ပြောချင်ပါတယ်။ အိမ်ထောင်မပြုလည်း မိဘတွေကို ကောင်းကောင်းထားနိုင်တာပေါ့၊ အိမ်ထောင်ပြုတော့လည်း မိန်းမက သဘောကျတာပေါ့။ (ဒါကတော့ ရွှေမြန်မာ လောကီ Version ပေါ့ဗျာ၊ လောကုတ္တရာကို သွားမယ်ဆိုရင်တော့ ဒါတွေသိဖို့မလိုပါဘူး)

ငွေရှိတိုင်း စိတ်မဆင်းရဘူးဆိုတာ မဟုတ်ပေမယ့် ငွေမရှိရင်တော့ စိတ်မချမ်းသာရမှာ သေချာပါတယ်။
ထမင်းရည်ပူ တူတူလျက်ကြတာက ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲတော့ “ရို”တာပေါ့ ၊ လက်တွေ့ဘဝမှာ ၁လလောက် အဲ့လို လျက်ပြီးရင် ဘာတွေဆက်ဖြစ်လာမလဲ…။
ဒါပေမယ့် ငွေပဲရှာပေးပြီး တာဝန်မကျေတဲ့သူတွေလည်း အများကြီးရှိပါတယ်။

ကိုယ်အသက်ကြီးလာလို့ ကျန်းမာရေးမကောင်းရင် ငွေမရှိဘဲ ဘယ်သူက ကုပေးမှာလဲ။ ကိုယ့်ရဲ့ သားသမီးဆိုတာကရော သုံးလို့ရမယ်၊ မရဘူး သေချာတာမှမဟုတ်တာ… (ကိုယ်ရော မိဘအပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီလဲ)
ငွေရှိတော့ရော ကုမရတဲ့ရောဂါဆိုရင် သေမှာပဲလေ…။

အဓိကက ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းမျှမျှတတလေး ရှိနေဖို့ကိုပြောချင်တာပါ။
ဒါကြောင့် အမြဲတမ်း ပျော်ရွှင်နေချင်လို့တော့ မရဘူးပေါ့ဗျာ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started