အသွင်တူလို့အိမ်သူဖြစ်တာလား? အိမ်သူဖြစ်လို့အသွင်တူလာတာလား?

ဗမာစကားပုံတခုအရ အသွင်တူမှအိမ်သူဖြစ်တယ်လို့ဆိုထားပါတယ်။
ကျနော်တို့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် စုံတွဲတွေ၊ လင်မယားတွေက ရုပ်ချင်းဆင်တူနေတာကို သတိထားမိမှာပါ။

မျက်မှန်နဲ့ကောင်မလေးတွေကလဲ မှန်ကြောင်ကောင်လေးနဲ့၊ ပြောင်ကြီးတို့ကလဲ နောက်ထပ်နဖူးပြောင်တဲ့ကောင်မလေးတွေနဲ့၊ တူရာတူရာစုထားသလို ဆင်တူအတွဲလေးတွေမြင်တိုင်း ဘာလို့ အိမ်ထောင်ဖက်တွေ၊ စုံတွဲတွေက ရုပ်တူတူလာကြတာလဲလို့ ထင်စရာရှိပါတယ်။

ဒါကသင်ထင်ထားတာထက်ကို ပိုလေးနက်တဲ့သက်သေသက္ကရ ရှိပါတယ်။

လေ့လာချက်တခုအရဆိုရင် အိမ်ထောင်သည်အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လေ့လာကြည့်တဲ့အခါ လက်ချောင်းခြေချောင်းအရှည်ကအစ နားသံသီးအရွယ်အစားထိ ဆင်တူဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ ဒီလိုဆင်တူတာက ရုပ်တူတဲ့သူစိမ်းတွေထက်ကို လင်မယားတွေက ပိုဆင်တူပါသတဲ့။

ငြင်းစရာရှိတာက လင်မယားဖြစ်လို့ ဆင်တူလာတာမဟုတ်ဘူး။ လူတွေက ကိုယ်နဲ့ဆင်တူတဲ့သူကိုမှ ရွေးကြိုက်တတ်တာလို့ ပြောရင်လဲမမှားပြန်ပါဘူး။

ဒီအကြောင်းကို သုတေသနတခုလုပ်ထားတာရှိပါတယ်။ လုပ်အားပေးလူငယ်တွေကိုခေါ်ပြီး မျက်နှာပုံတွေပြကာ ဘယ်တယောက်ကိုသဘောကျလဲဆိုပြီးရွေးခိုင်းတာပါ။

တကယ်တမ်းတော့ဓာတ်ပုံအချို့က သူစိမ်းမျက်နှာနဲ့ ကိုယ့်မျက်နှာကို ရောပြီး Photoshop နဲ့ပြင်ထားတာတွေလဲပါပါတယ်။

အံ့သြဖို့ကောင်းတာက လူတွေက သဘောကျတယ်လို့ရွေးတဲ့ပုံတော်တော်များများက သူ့မျက်နှာအချိုးအစားနဲ့တူအောင် Photoshop ပြင်ထားတဲ့သူစိမ်းပုံတွေ ဖြစ်နေတာပါပဲ။ ဒါကိုကြည့်ခြင်းဖြင့် မိမိနဲ့ဆင်တူတဲ့သူကို ရွေးကြိုက်မိတာဖြစ်နိုင်ပါတယ်။

ပိုစိတ်ဝင်စားစရာကောင်းတာက ချစ်သူရွေးတဲ့နေရာမှာတင်မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်မွေးတဲ့အခါမှာလဲ ကိုယ်နဲ့ဆင်တဲ့ ခွေးလေးကြောင်လေးတွေကို မသိစိတ်က ရွေးမွေးတတ်ပါသတဲ့။

University of British Columbia မှာလုပ်ခဲ့တဲ့လေ့လာချက်အရ ခွေးတွေနဲ့ သူတို့သခင်တွေကြားမှာ ရုပ်ချင်းဆင်ရင် ပိုအမွေးခံရတယ်ဆိုတာတွေ့ပါတယ်။ တကယ့်လူမျက်နှာနဲ့ ခွေးကိုမှ မွေးတယ်ပြောတာတော့မဟုတ်ပါဘူး။

ဘယ်လိုလဲဆိုတော့ ဆံပင်ရှည်နဲ့ကောင်မလေးက အမွေးဖွာဖွာနဲ့ နားရွက်ရှည်ကြီးဖားလားချထားတဲ့ ခွေးပုံစံကိုအရွေးများပြီး ဆံပင်တိုတိုနဲ့အမျိုးသမီးကကျ အမွှေးတိုတိုနဲ့ နားရွက်ထောင်ထောင်ခွေးမျိုးကို ပိုရွေးတယ်လို့ဆိုထားပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ University of Michigan က psychologists တွေက ချစ်သူစုံတွဲပဲဖြစ်ဖြစ်၊လင်မယားပဲဖြစ်ဖြစ် စစဆုံချိန်ထက်စာရင်
တဖြေးဖြေးတူတူဖြတ်သန်းလာမှ ပုံစံပိုဆင်တူလာတယ်လို့တွေ့ရှိပြန်ပါတယ်။

ကျောင်းသားတွေက အိမ်ထောင်စု ၁၂စုက လင်မယားစုံတွဲ ၁၂တွဲရဲ့ မင်္ဂလာဆောင်ကစပုံရယ် နှစ်ပေါင်း ၂၅အကြာက ဓာတ်ပုံရယ်နှိုင်းယှဥ်ရွေးချယ်ခိုင်းတဲ့အခါ နှစ်ကြာမှ ရိုက်တဲ့ပုံကိုပိုလွယ်လွယ်ကူကူရွေးပြနိုင်တာကို တွေ့ရပါတယ်။

အကြောင်းကတော့ နှစ်တွေကြာလာရင်း စားသောက်တဲ့ပုံစံကလဲ တူနေမယ်။ နေရတဲ့ပတ်ဝန်းကျင်အခြေအနေကလဲတူမယ်။ စိတ်ခံစားချက်တွေကလဲ တဦးနဲ့တဦး share လုပ်ရင်းနဲ့ စိတ်ရောကိုယ်ပါပြောင်းလဲလာပြီး ဆင်တူလာတာလို့ဆိုပါတယ်။

ဥပမာ နေရာင်ကြောင့် အရေပြားတွန့်တာကအစ… ရန်ခဏခဏဖြစ်ရင် မျက်မှောင်ကျုံ့တာအဆုံး wrinkles ပေါ်လာနှုန်းတွေလဲတူလာတယ်လို့တွေ့ပါတယ်။

အထူးသဖြင့် personality type တူတဲ့စုံတွဲတွေက ရုပ်ပိုတူလာနိုင်တာကိုလဲတွေ့ပါတယ်။
လင်မယား ၂ယောက်လုံးက အေးအေးဆေးဆေးနေတတ်သူတွေဆို အေးဆေးတဲ့ပုံစံတူလာသလို
တက်ကြွတဲ့လင်မယားဆိုရင်လဲ တက်ကြွလှုပ်ရှားဟန်တွေအထိ ဆင်လာတာကိုမြင်ရပါတယ်။

ရုပ်တူတဲ့စုံတွဲတွေက တခြားသူတွေထက် ပိုပျော်ရွှင်ကြတယ်။ ပိုရင်းနှီးကြတယ်လို့လဲ စစ်တမ်းတခုကဆိုထားပါတယ်။ တချို့ theory တွေကျတော့ လူတွေက ရှေးခေတ်ကစပြီးစဥ်းစားကြည့်ရင် အကုန်လုံးအမျိုးတော်ကြလို့ ရုပ်ချင်းဆင်တူနိုင်တာ မဆန်းဘူးလို့ဆိုပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသွင်တူမှ အိမ်သူဖြစ်ကြသလို အိမ်သူဖြစ်လာကြတဲ့အခါမှာလဲ အသွင်တူအောင်လေ့ကျင့်နေထိုင်ရင်းနဲ့ပဲ တည်မြဲတဲ့အိမ်ထောင်ဖြစ်အောင်ထိန်းသိမ်းကြရမယ်လို့ ယူဆမိပါတယ်ခင်ဗျ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

ကိုယ်ဝန်သည်မိန်းမနဲ့အတူ လိုက်ပြီးပျို့အန်တတ်သောခင်ပွန်းများအကြောင်း

ဒီအကြောင်းကို ငယ်ငယ်က ကိုရီးယားကားတကားထဲမှာကြည့်ဖူးလိုက်ပါတယ်။
မင်းသမီးက ဗိုက်ကြီးတော့ ပျို့မယ်အန်မယ်ကြံတုန်းရှိသေးတယ်… သူ့ယောကျ်ားကပါလိုက်ပြီး ပျို့အန်တဲ့အကြောင်းရိုက်ပြထားတာပါ။

အဲ့တုန်းကတော့ “ထူးဆန်းတယ်ဟ”လို့
တွေးမိပါတယ်။ အိမ်ကအမေကတော့ “တွေ့လား သူများယောကျ်ားတွေများ မိန်းမကို သည်းသည်းလှုပ်ချစ်တတ်လိုက်တာ” ဘာညာနဲ့ အဖေ့ကို စကားနာထိုးပါတော့တယ်။

ဒီpost မှာတော့ အဲ့အကြောင်းကို ရှာဖွေရေးသားပေးလိုက်ပါတယ်။

အမျိုးသမီးတယောက်က ကိုယ်ဝန်ဆောင်ရင် ပထမလအစပိုင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့်အန်တတ်ပါတယ်။ အဲ့လိုအန်တာကို Morning sickness လို့ခေါ်ပြီး hCG (human Chorionic gonadotropin) ဆိုတဲ့ ကိုယ်ဝန်ဆောင်ဟော်မုန်းကြောင့်အန်တာပါ။

ထူးဆန်းတာက တချို့ယောကျာ်းတွေကလဲ အဲ့အချိန်မှာ မိန်းမနဲ့အတူ မအီမသာဖြစ်ပြီး လိုက်အန်တတ်တာမျိုးရှိပါသတဲ့။

အဲ့တာကို Couvade syndrome လို့ခေါ်ပါတယ်။
Couvade ဆိုတဲ့စကားက couver ဆိုတဲ့ပြင်သစ်စကားလုံးကနေလာတာဖြစ်ပြီး “ဥမှအကောင်ပေါက်သည်” (hatch or brood) လို့အဓိပ္ပာယ်ရပါတယ်။
Sympathetic pregnancy လို့လဲတချို့ကခေါ်ပါသေးတယ်။

လက္ခဏာဘာတွေပြတတ်လဲဆိုတော့ ကိုယ်ဝန်ဆောင်မိန်းမတယောက်ခံစားရသလိုပါပဲ။
အစာမကြေမအီမသာဖြစ်လာမယ်။
ဗိုက်နာလာမယ်။ ပျို့အန်မယ်။
အစားအသောက်ပျက် ခံတွင်းမလိုက်ဖြစ်မယ်။ ဂဂျီဂကြောင်ကျမယ် စတာတွေဖြစ်တတ်ပါတယ်။

ဒါတင်မကသေးပါဘူး။
ဝက်ခြံတွေထွက်တာ၊ ကိုယ်အလေးချိန်တက်လာတာ၊ ခေါင်းကိုက်တာ၊ ညဖက်အိပ်မပျော်တာအထိပါ ဖြစ်တတ်ပါသေးတယ်။
(အိမ်မှာ ဗိုက်ကြီးသည် ၂ ယောက်ရှိနေသလိုကို
ချုချာလာတာမျိုးပါ။)

ဘာလို့ တချို့ အမျိုးသားတွေကျမှ ဒီ Couvade syndrome ရတာလဲဆိုတာ တိကျတဲ့အဖြေမရှိသေးပါဘူး။

ဆေးပညာရှင်တွေကတော့ ဖခင်လောင်းတွေမှာလဲ သားသမီးကြောင့်ဖြစ်လာတဲ့ paternal mind ကြောင့် ခန္ဓာကိုယ်က ဟော်မုန်းတွေပြောင်းလဲလာတာလို့ဆိုပါတယ်။

တိရစ္ဆာန် model တွေကို စမ်းသပ်ချက်အရတော့ Prolactin ဆိုတဲ့ ဟော်မုန်းရယ်၊ Testosterone /Estrogen ဟော်မုန်းအချိုး ပြောင်းလဲသွားလို့ဖြစ်တာကို တွေ့ထားပါတယ်။
ဒါပေမယ့် လူတွေမှာတော့ စိတ်ကျေနပ်စရာကောင်းလောက်တဲ့အဖြေမရသေးပါဘူး။

Psychologists တွေယူဆချက်ကတော့ ပိုကြမ်းပါတယ်။ (ဖတ်ပြီးရင် ရှင်တို့ ယွကျားတွေမကောင်းဘူးဆိုပြီး ဖြစ်လာနိုင်ပါတယ်။ ဤကား စကားချပ်)

ပထမဆုံး ယူဆချက်ကတော့ womb envy လို့ခေါ်ပါတယ်။ မိန်းမတွေမှာပဲ သားအိမ်ရှိပြီး ကိုယ်ဝန်ဆောင်လို့ရတာကို ယောကျ်ားတွေက
မနာလိုဝန်တိုဖြစ်တတ်ပါတယ်တဲ့။

အဲ့မနာလိုစိတ်ကြောင့် သူကျ ကိုယ်ဝန်ဆောင်ရတယ်ငါကျ ဗိုက်မကြီးရဘူးလား။ ငါလဲဗိုက်ကြီးချင်တယ်ဆိုပြီး မသိစိတ်ထဲဖြစ်လာလို့ပါတဲ့။ အဲ့စိတ်ကြောင့် ကိုယ်ဝန်ဆောင်ချင်တဲ့ လက္ခဏာတွေပေါ်လာတာလို့ဆိုပါတယ်။
(တော်တော်မကောင်းတဲ့ ယွကျားတွေလို့ပြောလဲခံရတော့မှာပါ။)

(ဒီနေရာမှာ Envy နဲ့ Jealous ကွာခြားပုံလေး ကြုံတုန်းပြောပြပါရစေ။ ကိုယ့်မှာမရှိပဲ သူများမှာပဲပိုင်ဆိုင်တဲ့အရာကို မနာလိုရင် envy လို့သုံးပါတယ်။
ဒီမှာဆို မိန်းမမှာပဲ သားအိမ်ရှိလို့ ယောကျ်ားတွေက envy ဖြစ်တာပါ။

ကိုယ့်မှာရှိနေတဲ့ ပိုင်တဲ့အရာကို သူများကလုယူသွားမှာကြောက်တဲ့ သဝန်တိုမနာလိုတာကိုကျ jealous လို့ခေါ်ပါတယ်။ ဥပမာ ကိုယ့်ချစ်သူချောချောလေးကို သူများက စနှိုက်လာကြော်သွားမှာစိုးတာမျိုးပေါ့)

နောက်တချက် ယူဆတာကကျ ယောကျာ်းတွေက attention လိုချင်လို့ပါတဲ့။ အိမ်တအိမ်မှာ ကိုယ်ဝန်ဆောင်ရှိရင် တအိမ်လုံးက ဝိုင်းပြီးဂရုစိုက်ကြ ချစ်ခင်ကြ လိုတာလုပ်ပေးကြပါတယ်။ မိန်းမက ဒီလိုအချစ်ခံနေရတာကို မြင်လာရင်း ယောကျာ်းက သူ့ role နိမ့်လာတယ်လို့ထင်လာပါတယ်။

အဲ့လိုနဲ့ အမျိုးအဆွေတွေဆီက အတန်ရှည် (attention) ရအောင် လုပ်တဲ့အနေနဲ့ ဒီလို Couvade syndrome ပေါ်လာတာလို့ ယူဆပြန်ပါတယ်။

အထူးသဖြင့် မိန်းမက အိမ်ထောင်ဦးစီးဖြစ်ပြီး ယောကျာ်းကမှီခိုရတဲ့သဘောဖြစ်တဲ့ အိမ်ထောင်တွေမှာ ပိုတွေ့ရတတ်ပါတယ်လို့ လေ့လာချက်တခုကဆိုပါတယ်။ ယောကျ်ားက role ကျလာလေ သူ့ role ကိုတင်ဖို့ မသိစိတ်က ကိုယ်ဝန်ဆောင်ချင်လာလေလေဖြစ်လို့ပါတဲ့။

နောက်ထပ်ယူဆချက်ကတော့ ဖခင်လောင်းဘဝကိုရောက်ပြီလို့ သိလိုက်ရတဲ့အခါ စိတ်ထဲတမျိုးတမည်ဖြစ်သွားပြီး paternal anxiety သဘောဖြစ်လာတာပါ။ ခါတိုင်းနဲ့မတူတော့ဘဲ စိတ်က ကလေးအကြောင်းတွေ ပိုတွေးပြီး ခံစားချက်တွေပြောင်းလာကာ အိပ်မပျော်ဖြစ်လာတာ၊ စားမဝင်ဖြစ်လာတာလို့ဆိုပါတယ်။

နောက်ဆုံးယူဆချက်ကတော့ Oedipal conflict တကျော့ပြန်ပေါ်လာတာလို့ဆိုပါတယ်။ Oedipal conflict ဆိုတာက ကလေးငယ်ငယ်လေးတွေမှာ အဖေကိုမုန်းပြီး အမေကိုပဲ တန်းတန်းစွဲချစ်တာမျိုးပါ။ ကလေးစိတ်က အဖေကို အဖေလို့မမြင်ဘဲ သူ့အမေရဲ့အချစ်ကိုလုမယ့် သူစိမ်းယောကျ်ားလို့မြင်နေတာပါ။

ဒါကြောင့် တချို့ကလေးတွေက အဖေ့ကို အမေနားအကပ်မခံဘဲ အမေကိုသူတို့ပဲ မောင်ပိုင်စီးထားတတ်ပါတယ်။ အဖေကို ရန်သူလိုမြင်နေတာပါ။ ကလေးအသက် ၃နှစ်ကနေ ၆နှစ်လောက်မှာတွေ့ရတတ်ပြီး သားယောကျ်ားလေးတွေမှာဖြစ်တတ်တာပါ။

ကြီးလာရင်တော့ အသိစိတ်ဝင်လာပြီး အဖေကိုအဖေမှန်းသိလာပါတယ်။ (မသိလို့လဲမရဘူးလေ…အကြိတ်ခံရမှာပေါ့လို့)

အခု ဒီ Couvade syndrome မှာလဲ ခင်ပွန်းသည်က Oedipal conflict တကျော့ပြန်ပေါ်လာပြီး သူ့မိန်းမကို သူ့သားကလုသွားမှာစိုးလို့ မိန်းမဆီက attention ရအောင် မသိစိတ်က ဒီလိုဝေဒနာတွေထုတ်ပြတာလို့ဆိုကြပါတယ်။

တချို့ကလဲ Couvade syndrome က ယောကျာ်းတွေက မိန်းမအပေါ် ဒီလိုကိုယ်ဝန်ကြီးနဲ့ပင်ပန်းအောင်လုပ်မိတာကို Guilty ဖြစ်လို့ သူပဲကိုယ်စားအဖြစ်ခံလိုက်ချင်တယ်ဆိုတဲ့သဘောလို့ ပြောကြပြန်ပါတယ်။

ဘယ်လိုပဲယူဆကြပါစေ… ခင်ပွန်းတိုင်းလဲဒီလိုမဖြစ်ကြသလို… ဖြစ်လာခဲ့ရင်လဲ မိန်းမရဲ့ကိုယ်ဝန်ဆောင်ဒုက္ခတွေကို ပိုနားလည်လာမယ်လို့ပဲ အကောင်းဖက်က ယူဆမိပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

အပင်တွေမှာ လူတွေလိုအသိစိတ်ရှိနိုင်သလား?

သက်ရှိလောကလို့ ပြောလိုက်ရင် တိရစ္ဆာန်တွေသာမက အပင်တွေလဲပါဝင်နေပါတယ်။ စာဖတ်သူတို့မြင်နေရတဲ့ အပင်တွေအကုန်လုံးမှာ life ဆိုတဲ့အသက်ရှိတယ်ဆိုတာ လူတိုင်းလက်ခံထားကြပါတယ်။

အစေ့လေးတစေ့ကနေ အပင်ပေါက်လေးဖြစ်လာတယ်။ အပင်ပေါက်လေးကနေ ပင်စည်အကိုင်းအခက်တွေထွက်လာပြီး အရွက်တဖားဖားဖြစ်လာတယ်။ ပန်းပွင့်တဲ့အပင်တွေဆိုရင် ပန်းတွေပွင့်လာတယ်။ အသီးတွေသီးလာတယ်။
ဒီဖြစ်စဥ်အကုန်လုံးက အပင်တွေမှာ process of growth ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။

အပင်မှာ အသက်ရှိသလို ကြီးထွားဖွံ့ဖြိုးမှုဆိုတာလဲရှိတယ်ဆိုရင် အသိစိတ်ဆိုတာရောရှိနိုင်လားဆိုပြီး မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ ရုက္ခဗေဒပညာရှင်တွေက ဒီအကြောင်းကို နှစ်တွေအကြာကြီးလေ့လာခဲ့ကြပါတယ်။

၁၉၇၀ အစောပိုင်းတုန်းက The Secret Life of Plants ဆိုပြီးစာအုပ်တအုပ်ထွက်ခဲ့ပါတယ်။ အဲ့စာအုပ်ထဲမှာရေးထားတာတွေက
အပင်တွေကကြောက်လန့်တတ်တယ်…
အထူးသဖြင့် သစ်ခုတ်သမားတို့၊ အပင်ကိုဖျက်ဆီးတတ်တဲ့သူတွေ အပင်နားကိုရောက်လာရင် အပင်တွေကကြောက်လန့်ကြောင်း လျှပ်စစ်လိုင်းတွေထုတ်တယ် စသဖြင့် ရေးထားပါတယ်။

အဲ့စာအုပ်ထွက်လာတဲ့အခါ ပညာရှင်အသိုင်းအဝိုင်းက မဖြစ်နိုင်တာတွေရေးထားတယ်ဆိုပြီး အပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။ မဖြစ်စလောက်တွေ့ရှိချက်ကလေးကို လိုရာဆွဲတွေးပြီး ပုံကြီးချဲ့ရေးထားတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် နောက်နှစ်ပေါင်းအနည်းငယ်အကြာမှာ ဂျာမန်သစ်တောပညာရှင်တဦးက ပိုပြီးသိပ္ပံအထောက်အထားများပါဝင်တဲ့ “The Hidden Life of Trees” အမည်ရစာအုပ်ကို ရေးသားခဲ့ပါသေးတယ်။ အဲ့နောက်ပိုင်းမှာ အပင်တွေဟာ တပင်နဲ့တပင် အဆက်အသွယ်လုပ်နိုင်တယ်။ Communication လုပ်နိုင်တယ်ဆိုတာ လက်ခံလာကြပါတယ်။

သစ်ပင်တွေ အဆက်အသွယ်လုပ်ပုံခြင်းက တိရစ္ဆာန်တွေလိုတော့ လှုပ်ရှားမှုတွေ စကားလုံးတွေ မပါဝင်ပေမယ့် တနည်းနည်းနဲ့တော့ အဆက်အသွယ်လုပ်တယ်လို့ ယူဆကြပါတယ်။

ဘယ်လိုဆက်သွယ်နိုင်လဲဆိုတော့ အပင်တပင်ကနေ chemical compound တခုထုတ်ပြီး နောက်တပင်ကိုအချက်ပေးတာမျိုးပါ။ တချို့အပင်တွေဆိုရင် ဒီလို chemical ပစ္စည်းတွေကိုသုံးပြီး ကိုယ့်ဘာသာကိုယ်ကာကွယ်ကြပါတယ်။

ဥပမာ သစ်ရွက်တွေကိုစားသောက်တဲ့ ပိုးတုံးလုံးတွေရန်ကကာကွယ်နိုင်အောင် အပင်တချို့က Chemical ပစ္စည်းတွေကို လေထဲထုတ်လိုက်ပါတယ်။

အဲ့ chemical တွေက ပတူကောင်တို့၊ နကျည်ကောင်တို့ကို ဆွဲဆောင်ပါတယ်။ အဲ့အကောင်တွေ အပင်နားကိုရောက်လာပြီး သူတို့ဥတွေကို ပိုးတုံးလုံးတွေရှိတဲ့နားမှာ အုချသွားပါတယ်။

ဥတွေ အကောင်ပေါက်လာတဲ့အခါ ပတူကောင်သားလောင်းတွေက ပိုးတုံးလုံးတွေကို စားပစ်ပြီး သစ်ရွက်ကိုကာကွယ်ပေးပါတယ်။ ဒါကအတော်လေးကြာတဲ့ ကိစ္စတခုမို့ ချက်ချင်းရုတ်တရက်ဆို အပင်တွေရဲ့ တုံ့ပြန်မှုကို သတိထားမိမှာမဟုတ်ပါဘူး။

အကောင်တွေလို ဦးနှောက်နဲ့အာရုံကြောအဖွဲ့မပါတဲ့ အပင်တွေက တခုခုလုပ်တော့မယ်ဆို အလွန်ကြာပါတယ်။ အချိန်ယူပြီး တဖြေးဖြေးချင်းပြောင်းလဲပါတယ်။ ဒါကြောင့် တချို့က “Plants are the slowest animals in the world” လို့တောင်တင်စားကြပါတယ်။

သခွားသီး၊ ဘူးသီးတွေမှာ ကြွက်တွေ ခဏခဏအစားခံရရင် သူတို့နောက်ပိုင်းသီးတဲ့ အသီးတွေ အရွက်တွေ ပိုခါးလာတာကိုတွေ့ရပါတယ်။ ဒါကလဲ အပင်တွေက တုံ့ပြန်တဲ့သဘောတခုပဲဖြစ်တာမို့လို့ အသိစိတ်ဆိုတာလဲရှိနိုင်မယ်ဆိုတဲ့ ယူဆချက်ဖက်ကို အလေးသာလာပါတယ်။

ဒါ့အပြင် အစ္စရေးသိပ္ပံပညာရှင်အဖွဲ့စမ်းသပ်ချက်အရ အပင်တွေက stress တခုခုကြုံလာရင် အသံလွန်လှိုင်းတိုလေးတွေ (Brief Ultrasonic noises) ထုတ်တယ်လို့ တွေ့ရပါသေးတယ်။ ခရမ်းချဥ်ပင်နဲ့ ဆေးရွက်ကြီးပင်တွေကိုစမ်းသပ်ရာမှ ဒီလိုတွေ့ခဲ့တာဖြစ်ပါတယ်။

အပင်တွေ နွမ်းခြောက်ကာ သေခါနီးအချိန်နဲ့ အကိုင်းအခက်တွေကို ဖြတ်တောက်ခံရတဲ့အချိန်တွေမှာ အဆိုပါအသံလှိုင်းတွေထုတ်တာကို တွေ့ရပါတယ်။ Ultrasonic waves တွေဖြစ်လို့ လူတွေနားနဲ့ကြားနိုင်တဲ့ range ကိုကျော်နေသဖြင့် မကြားရတာလို့ဆိုပါတယ်။ ဒါပေမယ့် ခွေးတွေကတော့ ဒီအသံတွေကို ကြားရဟန်တူတယ်လို့ လေ့လာချက်ကဆိုပါတယ်။

သို့သော် ဒီလေ့လာချက်က အတည်ယူလို့မရသေးဘဲ ပဏမစမ်းသပ်ချက်ပဲရှိသေးသလို ဘယ်သိပ္ပံဂျာနယ်မှာမှ တရားဝင် publish လုပ်ထားခြင်းမရှိသေးပါဘူး။

လက်ရှိအချိန်အထိ တွေ့ရှိထားတာတွေကတော့ ထိကရုန်းပင်နဲ့ အင်းဆက်စားပင်တွေကိုစမ်းထားတာတွေရှိပါတယ်။

ထိကရုန်းပင်တွေက ထိလိုက်ရင် ညှိုးကျသွားတာကို အများကသိကြမှာပါ။ ထူးခြားတာက အပင်က အချိန် အနည်းငယ်ကြာရင် ပြန်လန်းလာတာကိုတွေ့ရပြီး နောက်တကြိမ်ထပ်ထိလိုက်ရင် ပြန်ညှိုးသွားပြန်ပါတယ်။

ဒါက ထိကရုန်းပင်ရဲ့ ပတ်ဝန်းကျင်အန္တရာယ်ကို အာရုံခံပြီး တုံ့ပြန်တဲ့စနစ်တခုပါ။ အံ့သြစရာကောင်းတာက ကြိမ်ဖန်များစွာထိတွေ့ခံရတဲ့ ထိကရုန်းပင်ဟာ ရက်သတ္တပတ်အနည်းငယ်ကြာလာရင် ထိပေမယ့် ပြန်ညှိုးမသွားတော့ပါဘူးတဲ့။

ဒီရေဒီမြေမှာ ခဏခဏအထိခံရတာပဲ အဖတ်တင်တယ်။ ဘာမှအန္တရာယ်ဖြစ်မလာဘူးဆိုတာကို သိသွားဟန်ရှိလို့ ထိတွေ့မှုကို adaptation ဝင်သွားတယ်လို့ ဆိုပါတယ်။

အင်းဆက်စားတဲ့အပင်တွေမှာ ထိတွေ့မှုကိုသိတဲ့ sensor တွေရှိနေတာကို ထူးဆန်းစွာသိရပါတယ်။
အင်းဆက်တကောင် အပင်ကိုလာနားရင်သိပြီး ထောင်ချောက်ကို ပိတ်လိုက်ခြင်းဖြင့် အကောင်ကိုဖမ်းထားလိုက်လို့ရပါတယ်။

ထူးခြားတာက လူတွေမှာသုံးတဲ့ ထုံဆေးကို အပင်မှာလိမ်းပေးလိုက်တဲ့အခါ အင်းဆက်နားတာကို သတိမပြုမိတော့တာကိုတွေ့ရပါတယ်။ ဒီလိုဆိုရင် လူတွေလိုပဲ အာရုံခံစားနိုင်တဲ့ အစိတ်အပိုင်းတချို့ပါနေမလားဆိုပြီး နောက်ထပ်လေ့လာစရာတွေပေါ်လာပါတော့တယ်။

အချုပ်အနေနဲ့ အပင်တွေအသိစိတ်ရှိလားလို့ မေးလာရင် အခုထိတော့ သေချာမသိသေးပါဘူး။
ဆက်ပြီးလေ့လာစရာတွေ ရှိနေပါသေးတယ်။
အပင်တွေမှာလဲ အသိစိတ်ရှိကောင်းရှိနိုင်ပေမယ့် လူတွေလို အကောင်တွေလို ပုံစံတူ အသိစိတ်မျိုးတော့ မဟုတ်နိုင်ဘဲ သီးသန့်ပုံစံတမျိုးအနေနဲ့ ရှိနေမှာပါလို့ ဖြေပါရစေ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Friendly AI ဆိုတာ လက်တွေ့မှာဖြစ်နိုင်လား?

AI အကြောင်းရေးလာတာ ၂ပုဒ်ရှိပါပြီ။ အဲ့ဒီ ၂ပုဒ်မှာ လူတွေအနေနဲ့ AI ကိုမယှဉ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ AI တွေရဲ့ ရည်ရွယ်ချက်ကဘာဖြစ်မလဲ၊ သူတို့ဘယ်လိုတွေးနေမလဲ၊ လူတွေအပေါ်ဆိုးဝါးတဲ့ကိစ္စတွေပဲ ဖြစ်စေမလား ဆိုတာတွေကို ရေးခဲ့ပါတယ်။

Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?
https://ouo.io/8MkZSqR

လူတွေဟာ AI တွေနဲ့ ယှဉ်ပြိုင်နိုင်မလား?
https://ouo.io/hlSUvy

အဲ့လိုအဖြစ်ဆိုးတွေကို ရှောင်ရှားနိုင်အောင် ပညာရှင်တွေက Friendly AI ကိုတီထွင်ကြမယ်ဆိုပြီး ပြောလာပါတယ်။ အခု ပြောမယ့်အကြောင်းတွေဟာ ပညာရှင်တစ်ယောက်ကို စာရေးဆရာတစ်ယောက်က သွားမေးထားတဲ့ အမေးအဖြေတွေပါ။ စိတ်ဝင်စားစရာ ကောင်းလို့ ရေးလိုက်ပါတယ်။

ပညာရှင်က “ကျွန်တော့ရဲ့ဖုန်းနံပါတ်ဂဏန်း ၁၀ လုံးရှိပေမယ့် ၉လုံးပဲ မှန်အောင် နှိပ်တဲ့အခါ ကျွန်တော့ဆီကို ဖုန်းဝင်လာမှာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ၁ဝပုံ ၉ပုံ တူတဲ့လူဆီလည်း ဖုန်းဝင်သွားမှာမဟုတ်ပါဘူး။ AI တွေကို တည်ဆောက်တဲ့အခါ ၉၀% မှန်ကန်အောင် တည်ဆောက်လိုက်လို့ ၉၀% ကောင်းတဲ့ AI တွေဖြစ်လာမှာ မဟုတ်ပါဘူး။ ၁၀၀% ဆိုးတဲ့ AI ဖြစ်သွားမှာပါ။
ကားတွေက လူကိုသတ်ချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းကားတိုက်ပြီး သေတဲ့လူတွေ အများကြီးပါပဲ။
AI တွေကလည်း လူတွေကို မသေစေချင်ပါဘူး။ ဒါပေမယ့် သူတို့လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ Program အရ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ Atom တွေနဲ့ လူတွေကို တည်ဆောက်ထားပါတယ်။”

“လူတွေရဲ့ စိတ်ထဲမှာ လူကောင်းတွေဟာ Nice AI ကိုတီထွင်ပြီး လူဆိုးတွေဟာ Evil AI ကို တီထွင်မယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် လူကောင်းတွေက AI ကို တီထွင်လိုက်တယ်ဆိုတိုင်း Friendly AI ဖြစ်သွားတာမဟုတ်ပါဘူး။ ဒါကို တော်တော်များများက အမှတ်မှားနေကြပါတယ်။
ဒါဟာ အလွန်ခက်ခဲတဲ့ သင်္ချာပြဿနာဖြစ်တဲ့အပြင် နည်းပညာပြဿနာတစ်ခုလည်း ဖြစ်နေပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့ ပညာရှင်တော်တော်များများက ဒါကိုပြဿနာတစ်ခုလို့ မမြင်ဘဲ Friendly AI ကိုဖြစ်နိုင်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် Friendly AI ဟာ လူတွေကို သေစေမယ့် တီထွင်မှုတစ်ခု ဖြစ်နေနိုင်ပါတယ်။”

AGI တွေကနေ ASI ဖြစ်သွားဖို့ ဘယ်လောက်ကြာမလဲ မသေချာဘူးဆိုတာ အရင်အပုဒ်တွေမှာ ရေးခဲ့ပြီးပါပြီ။
ဒီတော့ အခုပြောနေတဲ့ Friendly AI က AGI ဖြစ်မလား? ဒါမှမဟုတ် တီထွင်ပြီးမှပဲ “Friendly” ဖြစ်အောင် လုပ်မလား?

Friendly AI ကိုအရင်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။ သူက လူတွေအပေါ်မှာ အများအားဖြင့် ကောင်းကျိုးတွေကိုဖြစ်စေပြီး ဆိုးကျိူးတွေကို နည်းစေတဲ့ AI ဖြစ်ပါတယ်။ သူ့ကို Program လုပ်ထားတဲ့ ရည်ရွယ်ချက်ကို ပြည့်မီအောင် ကြိုးစားပါလိမ့်မယ်။ ဒါက Definition ဆိုပါတော့။

ဒီတော့ AI ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ… လူတွေရဲ့ ကောင်းကျိုးတွေကိုထိန်းသိမ်းပေးမယ့် စံတစ်ခုတော့ သူ့မှာရှိနေရပါမယ်။
Oxford တက္ကသိုလ်က Ethicist Nick Bostrom ကတော့ Paper Clip Maximizer နဲ့ဥပမာပေးပါတယ်။ စာရွက်ကို ညှပ်တဲ့ Paper Clip လေးတွေမြင်ဖူးကြမှာပါ။ လူတွေက ASI ကို Paper Clip တွေလုပ်ဖို့ Program ဆွဲထားတယ်ဆိုရင် ဘာပဲဖြစ်လာဖြစ်လာ Paper Clip တွေကို ရအောင် သူလုပ်တော့မှာပါ။ အဲ့လိုလုပ်လိုက်လို့ ကမ္ဘာကြီးဘယ်လို ပျက်စီးသွားမလဲ၊ လူတွေဘယ်လို သေကုန်မလဲ သူဂရုမစိုက်ပါဘူး။
Friendly AI တွေဟာ သူ့ကို Paper Clip ထုတ်ဖို့ Program ဆွဲထားပေမယ့် လူတွေ၊ ပတ်ဝန်းကျင်တွေ ထိခိုက်လာနိုင်တာကို သိရင် ဆက်မလုပ်တော့ပါဘူး။

နောက်တစ်ချက်က လူတွေလက်ခံတဲ့ အယူအဆတွေကို သူပါလက်ခံနေဖို့လိုအပ်ပါတယ်။ ဥပမာ ၁၇၀၀ ခုနှစ်လောက်မှာ AGI ကိုတီထွင်နိုင်လိုက်တယ်ဆိုရင် လူတန်းစားခွဲခြားခြင်း၊ ကျွန်တွေပိုင်ဆိုင်ခြင်း၊ ကျားမခွဲခြားဆက်ဆံခြင်းတွေကို Norm တစ်ခုအဖြစ်မှတ်ယူသွားနိုင်ပါတယ်။ ၂၁ရာစုရောက်လာတဲ့အထိ သူ့ရဲ့အယူအဆဟာ အရင်လိုပဲ မပြောင်းလဲဘဲရှိနေရင် အဆင်မပြေပါဘူး။ ဒါကြောင့် လူတွေပြောင်းလဲသလို AI တွေလည်း ပြောင်းလဲနေဖို့ လိုပါတယ်။

ဒါကိုတော့ Coherent Extrapolated Volition (CEV) လို့ခေါ်ပါတယ်။ လူတွေဘယ်လိုပြောင်းလဲတော့မလဲဆိုတာ ကြိုတင်ခန့်မှန်းနိုင်တာကို ဆိုလိုချင်တာပါ။ ဒါကြောင့် Friendly AI တွေမှာ CEV လည်းပါဖို့ လိုပါတယ်။

အခုအချိန်မှာ လူတွေရဲ့ဦးနှောက်ကို Reverse Engineering လုပ်ပြီး တီထွင်ဖို့ကြိုးစားနေကြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကတော့ IBM ဟာ ဒီလိုတီထွင်ဖို့ ပထမခြေလှမ်းကို လှမ်းထားပါတယ်။ သူက နို့တိုက်သတ္တဝါတစ်ကောင်ရဲ့ ဦးနှောက်ကို အခြေခံပြီး Cognitive Computer တစ်ခုကို တီထွင်ချင်တာပါ။

Just an illustration

စခဲ့တုန်းကတော့ ကြောင်ဦးနှောက်လောက်ပဲ Process လုပ်နိုင်ပေမယ့် တဖြည်းဖြည်းနဲ့ လူဦးနှောက်လို ဖြစ်လာမယ်လို့ ဆိုပါတယ်။ (မျက်စိရှေ့မှာကြီးလာတာကို ပြောတာမဟုတ်ပါဘူး… Function ပိုကောင်းလာတာကို ပြောတာပါ)
အဲ့ဒီပစ္စည်း (Cognitive Computer) ဟာ လူတွေရဲ့ဦးနှောက်အလုပ်လုပ်နိုင်တဲ့ ပမာဏထက် ကျော်လွန်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီအခါမှာ လူရဲ့ဦးနှောက်ဟာ စကြဝဠာမှာ ဒုတိယအရှုပ်ထွေးဆုံးအရာ ဖြစ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Friendly ဖြစ်တဲ့ Program ဟာလည်း သူ့ရဲ့ Chips တွေမှာ ပါမယ်လို့ဆိုတယ်။ ဒီတော့ လူတွေအတွက် ကောင်းတာတွေပဲ ဖြစ်လာဖို့များတယ် ဘာညာဆိုပြီး စိတ်ကူးယဉ်ကြတာပေါ့။ တကယ်ဖြစ်လာ၊ မလာကတော့ စောင့်ကြည့်ရမှာပါပဲ။

AGI ကို နိုင်ငံကြီးတွေတိုင်းက စိတ်ဝင်စားကြပြီး ခိုးကြောင်ခိုးဝှက်နဲ့ Research တွေလုပ်နေကြတယ်လို့ ပညာရှင်တစ်ယောက်က ပြောပါတယ်။ Google တောင်မှ ဒီအထဲမှာပါပါတယ်။ နည်းပညာကုမ္ပဏီတွေရဲ့ မိခင်နိုင်ငံတွေက ဒါကို သိသိသာသာဖြစ်ဖြစ်၊ မသိမသာဘဲ ဖြစ်ဖြစ် ငွေထောက်ပံ့ထားပါတယ်။

Friendly AI ဖြစ်မဖြစ်မသေချာပေမယ့် အခုချိန်မှာ Friendly ဖြစ်တယ်လို့ ယူဆထားတဲ့ လူမဲ့ စက်ရုပ် Drones တွေဟာ သူ့လူသူသေနတ်နဲ့ ပြန်ချိန်တယ်လို့ ဆိုပါတယ်။ အမေရိကန်တွေ အီရတ်မှာ သွားဆော်တုန်းက ဖြစ်ခဲ့တာပါ။
ဒါ့အပြင် တောင်အာဖရိကမှာလည်း AI ကထိန်းချုပ်တဲ့ လေယာဉ်ပစ်အမြှောက်က သူ့လူသူပြန်ဆော်တာကြောင့် သေခဲ့တဲ့ Case တွေရှိပါတယ်။

နောက်ပြဿနာတစ်ခုက AGI တွေက Friendly ဖြစ်တယ်ဆိုပေမယ့် အဆတစ်ထောင်လောက် ပိုတော်သွားရင် (ASI ဖြစ်သွားရင်) Friendly ဖြစ်ပါဦးမလားဆိုတာပါ။
ဒီအကြောင်းကို မေးတဲ့အခါ ပညာရှင်က “ဂန္ဒီက လူမသတ်ချင်ပါဘူး။ သူ့ကို လူသတ်ချင်စိတ်ပေါ်လာမယ့် ဆေးကိုပေးရင် သောက်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိဂန္ဒီဟာ လူမသတ်ချင်လို့ပါ။” ဆိုပြီးပြောပါတယ်။ ပြောချင်တာက AGI သာ Friendly ဖြစ်ရင် ASI လည်း Friendly ဖြစ်မှာပါ။

ဒါပေမယ့် ဒီအဆိုကို “လူတွေထက် အဆ ၁၀၀၀ လောက်တော်တဲ့ AI ဘယ်လိုတွေးမလဲဆိုတာ ကြိုပြောလို့မရဘူး” ဆိုပြီး ပြန်ငြင်းကြပါတယ်။
ဒါပေမယ့် ပညာရှင်ကတော့ “ASI အဆ ၁၀၀၀ ပိုတော်လာတာဟာ သူလုပ်ဆောင်နိုင်စွမ်းတွေ တိုးလာတာပါ” လို့ပြောတယ်။ အဓိပ္ပါယ်ကတော့ အဆ ၁၀၀၀ ပိုတော်လာတာဟာ ပို Effective ဖြစ်လာတာပဲရှိမယ်။ Friendly ဖြစ်ဆဲပဲလို့ ဆိုလိုပါတယ်။

ဒါကို “လူတွေဟာ Flatworm တွေနဲ့ DNA တူပါတယ်။ သူတို့ဆီကနေ Evolve ဖြစ်လာတာမှန်ပေမယ့် ခုချိန်မှာ Flatworm ကိုသတ်ဆိုရင် သတ်ကြမှာပါပဲ။ ကိုယ်ဟာ နက်ဖြန်မှာ ဒီနေ့ထက် အဆ ၁၀၀၀ လောက်ပိုတော်လာရင် ကိုယ်တန်ဖိုးထားတဲ့ Value တွေကို ဂရုစိုက်ပါဦးမလား” လို့ ပြန်ပြောကြပါတယ်။

ပညာရှင်ကတော့ “ဒါဟာ ခံစားချက်ဖြစ်သွားပါပြီ။ ဒါဟာ Anthropomorphism ပါ။ AI မှာ တန်ဖိုးထားခြင်းဆိုတဲ့ ခံစားချက်မရှိပါဘူး” လို့ပြန်ဖြေပါတယ်။

Anthropomorphism Illustration

ဒီတော့ Friendly AI ဟာလည်း Debate လုပ်နေကြဆဲပါ။ ခုချိန်ထိတော့ နည်းပညာကုမ္ပဏီတွေက အစိုးရတွေရဲ့ Funding တွေနဲ့ AGI ကိုတီထွင်နိုင်အောင် စမ်းသပ်နေပုံရပါတယ်။ ၂၂ရာစုမတိုင်ခင် ဖြစ်ဖို့ ၉၀% ရှိတယ်လို့ ပြောကြတဲ့အတွက် မဝေးတော့တဲ့အနာဂတ်မှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီး Eutopia တစ်ခုဖြစ်သွားဖို့တော့ မျှော်လင့်မိပါတယ်။

ဖတ်မိတာရှိရင် AI အကြောင်း ဆက်ရေးသွားပါဦးမယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Genetic Engineering နဲ့ ကမ္ဘာကြီးရဲ့အနာဂတ် (Super-soldier တွေဖြစ်လာနိုင်မလား?)

လူတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက သဘာဝကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြပါတယ်။ သိလို့၊ နားလည်လို့တော့ မဟုတ်ပါဘူး။ မတော်တဆပါ။
ဥပမာ ဝံပုလွေတွေကို ယဉ်ကျေးအောင်လုပ်ရင်းကနေ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ခွေးတွေဖြစ်လာသလိုပါပဲ။ အပင်တွေ၊ အသီးတွေကိုလည်း ဒီလိုနည်းနဲ့ စားလို့ရတဲ့အဆင့်ရောက်အောင် ပြောင်းလဲခဲ့ကြပါတယ်။

ဒါပေမယ့် ၂၁ ရာစုကို ရောက်လာတဲ့အထိ သေချာနားလည်တယ် လို့တော့ မဟုတ်ပါဘူး။ ဒါတွေဟာ DNA ထဲမှာရှိတယ်ဆိုတာလောက်ပဲ သိကြတာပါ။
DNA ထဲမှာ ဒီ သတင်းအချက်အလက်တွေကို သိမ်းထားတယ်ဆိုတာတော့ နားလည်ခဲ့ကြပါတယ်။ လူတွေလုပ်သမျှအရာရာဟာ DNA ထဲမှာသိမ်းထားတဲ့ Information တွေကြောင့် တကယ်ဖြစ်လာနိုင်တာပါ။ မျိုးပွားခြင်း၊ အစာစားခြင်း၊ တွေးခေါ်ခြင်း၊ အသက်ရှုခြင်း အစုံပါပဲ။

DNA ကိုစတွေ့တဲ့ ၁၉၆၀ ခုနှစ်လောက်မှာ ပညာရှင်တွေဟာ အပင်တွေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ဓာတ်ရောင်ခြည်ပေးရင် DNA တွေပုံပြောင်း (Mutation) သွားတာကို သိတဲ့အတွက် အပင်တွေကို ဓာတ်ရောင်ခြည်ပေးခဲ့ပါတယ်။ DNA ပြောင်းလဲသွားတဲ့အခါ ပိုပြီးအသုံးဝင်တဲ့ အပင်မျိုးစိတ်တစ်ခု ဖြစ်လာကောင်းပါရဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။ (ပျက်စီးသွားတဲ့အပင်တွေကိုတော့ လွှင့်ပစ်လိုက်မှာပေါ့…)

၁၉၇၀ လောက်ရောက်လာတော့ DNA အပိုင်းအစလေးတွေကို ဘက်တီးရီးယားတွေ၊ အပင်ဆဲလ်တွေ၊ တိရစ္ဆာန်ဆဲလ်တွေထဲ ထိုးပြီး စမ်းကြည့်ပါတယ်။ Genetically modified လုပ်ထားတဲ့ ကြွက်တစ်ကောင်ကိုလည်း မွေးဖွားနိုင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Lab ထဲမှာ စမ်းသပ်ဖို့ပါ။

၁၉၈၀ လောက်ရောက်လာတော့ ရေနံစိမ်းထဲက အညစ်အကြေးတွေကို စားသောက်ဖြိုခွဲနိုင်တဲ့ ဘက်တီးရီးယားတစ်မျိူး (Pseudomonas အမျိုးအစားကွဲ) ကိုတီထွင်နိုင်ခဲ့ပါတယ်။

ခုနောက်ပိုင်းမှာတော့ ဆီးချိုသမားတွေသုံးတဲ့ Insulin ကိုပါ ဒီနည်းနဲ့ထုတ်လုပ်နိုင်ပါပြီ။ အရင်ကဆိုရင် ဝက်တွေဆီကနေ ယူခဲ့ရတာပါ။
ဒါ့အပြင် သွေးခဲဖို့အတွက်လိုအပ်တဲ့ Clotting Factor တွေကိုလည်း ဒီနည်းနဲ့ပဲ ထုတ်လုပ်နေပါတယ်။ သွေးရောဂါရှိတဲ့သူတွေအတွက် အဆင်ပြေသွားတာပေါ့။
ကျွန်တော်တို့ အခုစားနေကြတဲ့ ခရမ်းချဉ်သီး Sauce (Tomato Ketchup) ကိုလည်း ဒီနည်းနဲ့ ထုတ်လုပ်ထားတဲ့ ခရမ်းချဉ်သီးမျိုးကွဲကနေ ပြုလုပ်ထားတာပါ။
ခုခေတ်မှာတော့ အသားပေါတဲ့ဝက်တွေ၊ အသားတိုးပြီး အမွှေးမပါတဲ့ကြက်တွေ ညဘက်မှာ အလင်းရောင်ထွက်တဲ့ ငါးတွေကို ဒီနည်းနဲ့ထုတ်လုပ်နေပါတယ်။

Genetically Modified Muscular Pigs
Flourescent Zebrafishes

ဘာလို့ ဒီလောက်တောင် ပြောနေရလဲဆိုရင် Genetically Modified လုပ်ထားတဲ့ ပစ္စည်းတွေ ပတ်ဝန်းကျင်မှာ ဘယ်လောက်များလဲ သိစေချင်လို့ပါ။

DNA ထဲမှာ Nucleotide ၄စုံကို ပုံစံမျိုစုံနဲ့ ပတ်တွဲပြီး Information တွေကို Code လုပ်ထားပါတယ်။ အဲ့ဒီ Information တွေကို ပြောင်းလဲနိုင်မယ်ဆိုရင် လူတွေကို အတောင်တပ်ပေးလို့ရသလို ဝက်ဝံတစ်ကောင်လို ခွန်အားကြီးလာအောင်လည်း လုပ်လို့ရပါတယ်။ ဒါပေမယ့် ပညာရှင်တွေဟာ Genetic Code ကို ကိုယ်လိုသလို ပြောင်းလဲအောင်လုပ်ဖို့ အချိန်ကုန်သက်သာပြီး စျေးပေါတဲ့နည်းလမ်းတစ်ခုကို ရှာမတွေ့ခဲ့ပါဘူး။

ဒါပေမယ့် CRISPR ဆိုတဲ့ နည်းပေါ်လာတဲ့အခါမှာတော့ ကုန်ကြစရိတ်တွေဟာ ၉၉% လောက်လျော့သွားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နှစ်ချီပြီး မစောင့်ရတော့ဘဲ ရက်သတ္တပတ်အနည်းငယ်စောင့်ရုံနဲ့ အဆင်ပြေသွားပါတယ်။ လွယ်လည်း လွယ်ကူတယ်။

CRISPR ဆိုတာ Clustered Regularly Interspaced Short Palindrome Repeats ပါ။ Technical Term တွေပါလို့ ဘာသာမပြန်တော့ပါဘူး။

သူဘယ်လိုဖြစ်လာလဲဆိုတာ ပြောချင်ပါတယ်။ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေဟာ မတည့်ကျပါဘူး။ ဗိုင်းရပ်စ်တွေက လူကိုတင်ဒုက္ခပေးတာ မဟုတ်ဘဲ ဘက်တီးရီးယားတွေကိုပါ ဒုက္ခပေးပါတယ်။ Virus တစ်မျိုးဖြစ်တဲ့ Bacteriophage ဟာ သူ့ရဲ့ DNA ကို ဘက်တီးရီးယားထဲ ထိုးထည့်လိုက်ပါတယ်။

Bacteriophages Infecting Bacteria Illustration

အဲ့ဒီ DNA ဟာ အုတ်ရောရော ကျောက်ရောရောနဲ့ပဲ ဘက်တီးရီးယားရဲ့ DNA နဲ့သွားပေါင်းပါတယ်။ (DNA ကို Code လုပ်ထားတာက Nucleotide ၄စုံပဲရှိတာဆိုတော့ တိရစ္ဆာန်တိုင်းမှာ တူတူပါပဲ။ အစီအစဉ်ပဲ ကွဲပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ ပေါင်းလို့ရတာပါ)
နောက်ဆုံးမှာတော့ ဘက်တီးရီးယားရဲ့ ပစ္စည်းတွေကိုသုံးပြီး DNA ကနေ သူလိုအပ်တဲ့ Protein တွေထုတ်ပါတယ်။ (Oxygen စက်ရုံတွေကို လိုက်သိမ်းပြီး သူတို့အတွက်လိုအပ်တဲ့ Oxygen တွေကို အတင်းထုတ်ခိုင်းနေသလိုပါပဲ…)

ဘက်တီးရီးယားရဲ့ ကိုယ်ခံအားက ဒါကို မတွန်းလှန်နိုင်ပါဘူး။ ဒီတော့ သေကြတာပေါ့။ (ဒါဟာ လူတွေမှာ HIV ပိုးဝင်တာနဲ့ သွားတူပါတယ်…)
ဒါပေမယ့် တခါတလေမှာ ဘက်တီးရီးယားက အသက်ရှင်ကျန်ခဲ့ပါတယ်။ Virus ရဲ့ DNA ကို ဘက်တီးရီးယားရဲ့ CRISPR လို့ခေါ်တဲ့ နေရာမှာသိမ်းထားလိုက်တာပါ။ အမာရွတ်တွေဟာ အတိတ်ကို ပြန်သတိရနေစေလို့လည်း ဖြစ်နိုင်ပါတယ်။

Virus နောက်တစ်ခေါက် ပြန်ဝင်လာတဲ့အခါ DNA ကနေ RNA ပြောင်းထုတ်ပြီး Protein တစ်ခုဆီပေးလိုက်ပါတယ်။ သူက ဆရာကြီးပါ။ နာမည်က Cas9 လို့ခေါ်ပါတယ်။ သူက သူ့ဆီရောက်လာတဲ့ RNA ကို Reference ထားပြီး ဝင်လာတဲ့ Virus ရဲ့ DNA ကိုလိုက်ရှာပါတယ်။ ၁၀၀% တူတာတွေ့ရင် ဖြတ်ပစ်လိုက်ပါတယ်။
ဒီတော့ Virus DNA က ဘက်တီးရီးယား DNA နဲ့ အုတ်ရောရော ကျောက်ရောရော သွားပေါင်းနေလို့မရတော့ပါဘူး။ ဆရာကြီးက ဒါတွေမြင်ပါတယ်။

ဒါကို သိလာကြတဲ့ ပညာရှင်တွေဟာ Cas9 ထဲကို သူတို့ပြောင်းလဲချင်တဲ့ DNA တွေပေးလိုက်ပါတယ်။ ဆရာကြီးကတော့ စစ်ဆေးပြီး တူရင်ဖြတ်ချလိုက်ပါတယ်။
ဘယ်လိုတင်စားကြလဲဆိုတော့ အရင်ခေတ်က Genetically Modified လုပ်တာတွေဟာ မြေပုံတစ်ခုဆိုရင် Cas9 က GPS လိုပါပဲတဲ့။ ပြောချင်တာက အရမ်းတိကျပါတယ်။

ဒီတော့ Genetic Code ကို လူတွေလိုသလို တိတိကျကျပြောင်းလဲဖို့ နည်းလမ်းရှိလာပါပြီ။ ၂၀၁၆ ခုနှစ်တုန်းက ပညာရှင်တွေဟာ CRISPR နည်းပညာကို သုံးပြီး လူတွေဆီမှာ ဝင်နေတဲ့ HIV DNA တွေကို ဖြတ်ထုတ်ခိုင်းခဲ့ဖူးပါတယ်။ HIV ပိုးဝင်ထားတဲ့ ကြွက်တွေနဲ့စမ်းတဲ့အခါမှာလည်း CRISPR ကြောင့် HIV DNA ၄၈% ပျောက်သွားတယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ HIV ဆိုတာ ကုလို့ရတဲ့ရောဂါတစ်ခု ဖြစ်ဖို့ အလားအလာကောင်းနေပါတယ်။
အလားတူပဲ ကင်ဆာဟာလည်း လွယ်လွယ်ကူကူနဲ့ ကုသလို့ ရလာနိုင်မယ်လို့ ယူဆထားကြပါတယ်။ ကုသလို့မရနိုင်တဲ့ မျိုးရိုးဗီဇရောဂါတွေကိုလည်း ဒီနည်းနဲ့ အမြစ်ပြတ်အောင် ကုသနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

တစ်ချိန်မှာ ဒီလိုတွေဖြစ်လာနိုင်တာ ကောင်းတာပေါ့လို့ တွေးကြမှာပါ။ ကလေးဘဝထဲက မျိုးရိုးဗီဇ မူမမှန်လို့ ရောဂါပေါင်းစုံမခံစားရအောင် CRISPR နဲ့ပြုပြင်တာဟာ ကောင်းတာပေါ့။
ဒါပေမယ့် လူတွေအကြောင်းစဉ်းစားကြည့်ပါ။ ပထမဆုံး ဒီလိုနည်းနဲ့ ပြုပြင်ထားတဲ့ ကလေးတစ်ယောက်ဖြစ်လာပြီဆိုရင် နောက်လူတွေကလည်း လိုချင်ကြမှာပါ။
ရုပ်ချောတဲ့ Gene ၊ ဗလတောင့်တဲ့ Gene ၊ ဉာဏ်ကောင်းတဲ့ Gene စတာတွေနဲ့ ကိုယ့်ကလေးကို အကောင်းဆုံးဖြစ်အောင် တောင်းဆိုကြတော့မှာပါ။ ဒီရောဂါမဖြစ်အောင်လုပ်ပေးတယ်ဆိုရင် ဟိုရောဂါမဖြစ်အောင်ပါ တခါတည်း Modified လုပ်ချင်ကြတော့မှာပါ။
ဒီတော့ နောက်ဆိုရင် Genetically Modified လုပ်ထားတဲ့ လူဆိုတာ New Normal ဖြစ်လာနိုင်ပါတယ်။ ခုခေတ် အနောက်နိုင်ငံတွေမှာ အသက်ကြီးလာရင် မိန်းမတော်တော်များများ Botox ထိုးကြသလိုပါပဲ။

ဒါ့အပြင် ဒီနည်းနဲ့ အသက်ကြီးတာကို ကာကွယ်ဖို့ ဖြစ်နိုင်ပါတယ်။ အနည်းဆုံးတော့ အသက်ကြီးတာကို နှေးအောင်လုပ်လို့ရပါတယ်။ အချို့တိရစ္ဆာန်တွေဟာ အသက်မကြီးကြပါဘူး။ ဥပမာ Jellyfish တွေဟာ Immortal ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။
ဒီအကောင်တွေဆီက အသက်မကြီးစေတဲ့ DNA ကိုယူပြီး လူနဲ့ပေါင်းလိုက်ရင်…

ပညာရှင်အချို့ကတော့ လူတွေ နှစ်ထောင်ချီအသက်ရှည်မှာကို Skeptical ဖြစ်ကြပါတယ်။ ဖြစ်လည်းဖြစ်ထိုက်ပါတယ်။ ကျော်လွှားရမယ့် အခက်အခဲတွေက အများကြီးပါ။

အနာဂတ်မှာ Immortal မဖြစ်နိုင်ရင်တောင်မှ လူတွေမှာ ဖြစ်နေတဲ့ရောဂါတော်တော်များများကို ဒီနည်းနဲ့ ရှောင်လွှဲနိုင်မယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ Infection တွေ၊ ကင်ဆာတွေကို မြန်မြန်သတ်နိုင်မယ့် ကိုယ်ခံအားဖြစ်လာအောင် Modified လုပ်မယ်… Junk Food တွေကြိုက်သလောက်စားပြီး ဝမလာတဲ့ Metabolism မျိုးရအောင် ပြောင်းလဲမယ်… အခြားဂြိုလ်တွေပေါ်မှာ အသက်ရှင်နိုင်မယ့် လူသားတွေဖြစ်လာအောင် လုပ်ပေးမယ်… Possibilities တွေအများကြီးပါ။

ဒါပေမယ့် Ethical ပြဿနာတွေရှိပါတယ်။ ဒါတွေကို စာရှည်မှာ ကြောက်လို့ဆက်မပြောတော့ပါဘူး။

Supersoldier တွေဖြစ်လာဖို့ကလည်း သီအိုရီအရဖြစ်နိုင်ပါတယ်။ Captain America လို Super-soldier Serum ထိုးပြီး သန်မာလာတာမျိုးဟာ တကယ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာဟာ မကောင်းတဲ့သူတွေ လက်ထဲရောက်သွားရင်… ဆိုတဲ့မေးခွန်းကို မေးလာရပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ CRISPR ဟာ Perfect မဖြစ်သေးပါဘူး။ ပညာရှင်တွေက ဆက်ပြီးလေ့လာနေကြပါတယ်။ သူတို့သိတာဟာ Tip of the iceberg ပဲရှိသေးတာပါ။ ဒီတော့ အရမ်းစွတ်တိုးပြီး လုပ်ချင်တာတွေ မလုပ်ရဲကြသေးပါဘူး။
အခုအချိန်မှာတော့ ရောဂါပိုးမွှားတွေကင်းစင်တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာဖို့ကိုပဲ မျှော်လင့်မိပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Design a site like this with WordPress.com
Get started